Written by ဉာဏ်မျိုးအောင်
ဇာတိရွာကို မပြန်ဖြစ်တာ သုံးနှစ်လောက်ရှိပါပြီ။ ဒါပေမဲ့ စာရေးဆရာမောင်သိန်းဆိုင်ရေးတဲ့ ရေနံ့သာ ခင်ခင်ကြီးဝတ္ထုကိုလည်း ဖတ်ပြီးရော ပြန်ချင်စိတ်က ငယ်ထိပ်ထပေါက်ပါတယ်။ ရေနံ့သာခင်ခင်ကြီး ဝတ္ထုက အင်္ဂလိပ်အစိုးရခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်ကို နောက်ခံထားပြီး ရေနံချောင်းဒေသက ရေနံ တွင်းရိုးတွင်းစား မိသားစုနှစ်ခုရဲ့ အာဃာတအငြိုးအတေးတွေကို ဖော်ကျူးထားတဲ့ ဝတ္ထုပါ။ ဒီဝတ္ထုထဲ မှာ ရေနံချောင်းမြို့နဲ့ သုံးမိုင်လောက်ဝေးတဲ့ ကျွန်တော့်ဇာတိ ပင်းဘုရားကုန်းရွာလေးမှာ နှစ်စဉ်ကျင်းပ တတ်တဲ့ ပင်းဘုရားပွဲ အကြောင်းလည်း ပါပါတယ်။ အချိန်ကလည်း သီတင်းကျွတ်လဆိုတော့ ဘုရားပွဲ စနေပါပြီ။ ဒါနဲ့ပဲ ကောက်ကာငင်ကာ ထပြန်ခဲ့ပါတယ်။
ဧရာဝတီမြစ်ကိုတွေ့တော့ ဒီဒေသဒီအရပ်မှာ သူ့ကျေးဇူးတွေကို သတိရလာပါတယ်။ အရင်ကဆိုရင် မြစ်ေ ဘးနားက ရွာတွေနဲ့ ကျွန်းစုတွေအားလုံး ဧရာဝတီ မြစ်ကနေ သယ်လာတဲ့ နုန်းတင်မြေနုတွေအပေါ်မှာ ဧရာဝတီမြစ်ရေကို အမှီပြုပြီး ကြက်သွန်နီတွေ၊ ကောက်ပဲသီးနှံတွေ ဂန္ဓမာ၊ မေမြို့ပန်းမာလာအစုံ စိုက်ကြပျိုးကြ၊ သီးနှံဖွံ့လို့ ပန်းမာလာပွင့်ပြီဆိုရင် ရေနံ ချောင်းမြို့ကလေးပေါ် ဈေးတက်ရောင်းကြ နဲ့ မြစ်ဧရာနဲ့ လူတွေဟာ သဟဇာတမျှနေကြပါတယ်။
ဒီ ၂ နှစ် သုံးနှစ် အတွင်းမှာတော့ လူတွေနဲ့ မြစ်ဧရာကြားက မေတ္တာရည် ပါးကျဲလာပုံရပါတယ်။ မြစ် ဧရာက မြစ်ကြောင်းရွှေ့လာပါတယ်။ အရင်က ဟိုး အနောက်ဘက်ဆီမှာ ခင်ယဉ်ယဉ် စီးနေတဲ့မြစ်၊ အခုတော့ လူနေအိမ်ခြေတွေရှိတဲ့ ကမ်းပါးယံကို ဒေါသတကြီး လာခွေ့နေပါပြီ။ ညောင်ပင်သာရွာ ဘက်မှာဆိုရင် မိသားစုတော်တော်များများ မြစ်ဧရာဒေါသ မသင့်ရလေအောင် အိမ်တိုင်ချွတ်ပြီး ရှော င်ကြတိမ်းကြရပါတယ်။ ဒါပေမဲ့ ညောင်ပင်သာရွာနားက လှည်းလမ်းကလေးဆိုရင် ရေရိုးထိုးလိုက် တာ ပေသုံးဆယ်အနက်၊ ပေငါးဆယ်အကျယ်နဲ့ အရှည်ပေသုံးရာလောက် ဧရာမရေရိုးချောက်ကြီး ဖြစ် သွားပါတယ်။ လှည်းတွေတော့ လုံးဝမောင်းလို့ မရတော့ပါဘူး။ ဆိုင်ကယ်ကိုတော့ စွန့်စားမောင်းမယ် ဆိုရင် မောင်းလို့ရပါတယ်။
လူတွေနဲ့ သဟဇာမျှနေတဲ့ မြစ်ကြီး ဒီသုံးလေးနှစ်အတွင်းမှာ ဒေါသတကြီး ဖောက်ပြန်သွားတာ မြစ်ဧရာမှာ အပြစ်မရှိဘူး၊ လူတွေကြောင့်လို့ အသိတချို့က ဧရာဝတီမြစ်ကြီးဘက်က ရှေ့နေ လိုက်ပေးကြပါတယ်။ ဟုတ်ကောင်းလည်း ဟုတ်နိုင်ပါတယ်။ လူနေရွာတွေနဲ့ မြစ်ဧရာကြားမှာ ပိုင်းခြားထားတဲ့ နယ်ခြားမျဉ်း လည်း ဖြစ်၊ ခံတပ်လည်းဖြစ်တဲ့ ကန္တာရပင်နဲ့ ရှားပင်တွေဟာ လူတွေကြောင့် ပြုန်းတီးသွားပါပြီ။ ဒါကလည်း သံသရာ ကွင်းဆက်ကို လိုက်မယ်ဆိုရင်တော့ လူတွေ သစ်ပင် ဘာလို့ခုတ်၊ ထင်းလိုလို့ခုတ်၊ ထင်းဘာလို့လို၊ လျှပ်စစ်မီး မရှိလို့လို၊ လျှပ်စစ်မီးဘာလို့မရှိ...စသဖြင့် မဆုံးနိုင်တဲ့ အကြောင်းတရားတွေကို တွေ့ပါလိမ့်မယ်။ ကွယ်မှိန်နေတဲ့ အကြောင်းတရားတွေနောက်ထား ထင်ရှားတဲ့ အကျိုးတရားကတော့ ကျွန်းပေါ်ကရွာေ တွ တော်တော် များများ ရေမြုပ်သွားပါတယ်။ ဒေသခံတွေ ပြောပြတာတော့ ရွာငါးရွာလောက် ပျောက်သွား တယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်စီးလာလိုက်တာ ဖောင်းကတော၊ ထိန်ချောင်း၊ ရွာသစ်ကလေးနဲ့ ညောင်ပင်သာရွာလည်း ဖြတ် ပြီးရော ဇာတိရွာပင်းဘုရားကုန်းကို ရောက် ပါတယ်။ ရွာမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေ ဘာမှ မတွေ့ ရပါဘူး။ စိတ်ထဲမှာတော့ လူတွေ၊ အိမ်တွေက အရောင်အသွေး ပိုမှိန်သွားတယ်လို့ ခံစားရပါတယ်။ ဒါလည်းဖြစ်နိုင်ပါတယ်။ တစ်ရွာလုံးက ပတ္တမြားအသွေး လိုနီတဲ့ ကြက်သွန်နီကို အဓိကထား စိုက်ပျိုးပြီး တစ်ရွာလုံးရဲ့ ဆင်းရဲချမ်းသာ ကြွယ်ဝမှု ကလည်း ဒီကြက်သွန်နီ ဈေးပေါ်မှာ မူတည်နေတာကိုး။ ကြက်သွန် နီကလည်း ၂၀၀၄ ခုနှစ်ကတိုင် ဈေးမကောင်းလိုက်တာ ဒီနှစ်ဈေး ကောင်းနိုး နောင်နှစ်ဈေးကောင်းနိုး နဲ့ ငွေတိုးယူပြီး စိုက်လိုက်ပျိုးလိုက်ရတာ အဆုံးတော့ ရွာသူရွာသားတွေအားလုံး ဆယ်နှစ်စာလောက် အကြွေးနဲ့ငွေတိုး အထုပ်အပိုးကြီးသာ ကြွယ်ဝလာတယ်။ ကြက်သွန်နီဈေး ကတော့ ဒုံရင်းပါပဲ။
ရွာကလေးရဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ရန်ကုန်မှာ အိမ်ဖော်သွားလုပ်သူလုပ်၊ နေပြည်တော် မှာ ဆောက်လုပ်ရေး သွားလုပ်သူကလုပ်၊ မလေးရှားကို ပြေးသူပြေး၊ ထိုင်းဘက်ကို ထွက်သူထွက်နဲ့ ရွာကလေးမှာ သမီးပျို သားပျိုတွေ ဆိတ်သုဉ်းနေပါတယ်။ ဒါပေမဲ့ ဘုရားပွဲတော် ရက်မှာတော့ သူတို့ေ တွအားလုံး ပြန်လာ တတ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းရဲ့ မိသားစုထမင်းဝိုင်းလေး မြိုင်မြိုင်ဆိုင်ဆိုင် ပြန်ဖြစ် တဲ့နေ့ဆိုပါတော့။ အိမ်မှာတော့ နေပြည်တော်မှာ အလုပ်လုပ်နေတဲ့ ညီအလတ် ရယ်၊ ရေနံချောင်း မှာ ကျောင်းသွားတက်နေတဲ့ ညီအငယ်ရယ်၊ ကျွန်တော်ရယ် ပြန်ဆုံပါတယ်။ တခြားမိသားစုတွေလည်း အသီးသီး ပြန်လာကြတဲ့ မိသားစုဝင် တွေနဲ့ ညနေခင်း ထမင်းဝိုင်းကလေး စိုပြည်ကြည်နူးဖွယ် ဖြစ်နေပါ တယ်။
မိသားစုတွေ ပြန်ဆုံစည်းကြတဲ့အခါမှာ ကြည်နူးစရာတွေ ရှိသလို ရွာဓလေ့တစ်ခုဖြစ်တဲ့ အတင်း အဖျင်း လေးတွေကလည်း မကင်းပေဘူးပေါ့။ ဟိုသူငယ်မ ငယ်ငယ်က နှပ်ချေးတွဲလောင်းလေးနဲ့ အခုများတော့ စကပ်တိုတို ပျံ့တံတံနှံ့တန့်တန့် ကလက်တက်တက်နဲ့၊ ဟိုသူငယ်တော့ ကြည့်ပါဦး ဆံပင်နီကြောင်ကြောင်ကြီးတွေ ထောင်ထားလိုက်တာ သူတို့ကတော့ ခေတ်ပေါ် ကိုရီးယားကေ ဆိုပဲအေ၊ တို့များတော့ ရွာလယ်ကြက်ဝိုင်းက တိုက်ကြက်မွေးကြီးတွေပဲ မြင်ယောင်မိတယ်... စသဖြင့် အဘွားကြီးေ တွချင်း တီးတိုး အတင်းဆိုတတ်ကြ ပါတယ်။ ငါ့သားကြီး ငါ့သမီးကြီးကတော့ အမေအတွက်ဆိုပြီး ငွေဘ ယ်လောက် ကန်တော့တယ်၊ သူ့အဖေ အတွက်ဆိုပြီး ဘာကန်တော့တယ် ညာကန်တော့တယ်... စသဖြင့် မိဘအချင်းချင်း ဝါကြွားကြပါတယ်။ အတင်းဆိုဆို အကြွားပိုပို ရှိပါစေလေ။ သူတို့ခမျာ တစ်နှစ်လုံးမှာမှ ဒီလလေးတစ်လမှာပဲ အသစ်အဆန်း တွေကြုံကြဆုံကြရတာကိုး။
ညနေစောင်းတော့ ဘုရားပွဲဈေးတန်းဘက်ကို ထွက်လာခဲ့ပါတယ်။ ပင်းဘုရားဆိုတာက လည်း ပထမမြန်မာနိုင်ငံတော်ကို တည်ထော င်ခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာကို အုတ်မြစ်ချေ ပးခဲ့တဲ့ အနော်ရထာမင်းကြီး တည်ထားတာ ပါ။ အနော်ရထာ ကြည်ညိုလေးစားရတဲ့ ရှင်အရဟံမထေရ်ရဲ့ သြဝါဒကြောင့် အနော်ရ ထာမင်းကိုယ်တိုင် သထုံဘက်ကို ပိဋကတ် သုံးပုံ သွားပင့်ပြီး ဧရာဝတီမြစ်ရေကြောင်း ကနေ ဖောင်တော်စီးပြီး ပြန်လာပါတယ်။
အခု ပင်းဘုရားတည်ထားတဲ့ နေရာရောက်တော့ ဖောင်တော်ဦး ဆိုက်ပါတယ်။ ဘုရင်နဲ့ အတူပါလာတဲ့ ဆင်ဖြူတော်လည်း ဘုရားတည်ရမယ့် နဂုတ္တမတောင်ထိပ်မှာ တက်ဝပ်ပါတယ်။ ဒီလိုနဲ့ ဘုရား တည်မ ယ်လုပ်တော့ နဂုတ္တမတောင်ရဲ့မြောက်ဘက် ပင်းချောင်းတစ်ဖက်ကမ်းမှာ အုတ်ဖုတ်ပြီး အုတ်တွေကို လက်ဆင့်ကမ်း သယ်ကြပါတယ်။ ဒီအချိန်မှာပဲ ချောင်းရေဟာ တရမန်းကြမ်းစီးဆင်းလာတော့ ဘုရားတည် မပျက်ရလေအောင် အနော်ရထာမင်းက အရိန္ဒမာလှံကို အဓိဋ္ဌာန်ပြုပြီး ချောင်းရေတွေကို လှံနဲ့ချိန်ရွယ် လိုက်တယ် ဆိုရင်ပဲ အလိပ်လိုက်အလိပ်လိုက် အထက်ကိုဆန်တက်သွားတယ်လို့ ရာဇဝင်စာအုပ်တွေမှာ ဖတ်မှတ်ဖူးပါတယ်။ ဒီလိုနဲ့ပဲ စကြာလှံပြကနေ တစ်စတစ်စ အခေါ်ရွေ့ လျောလာပြီး ပင်းစက္ကလံပဘုရားလို့ ဘွဲ့တော်တွင်ပါ တယ်။
အညာဘုရားပွဲတွေမှာ အညာမုန့်သင်္ကေတ တစ်မျိုးစီနဲ့ နာမည်ကျော်ပါတယ်။ သေခဲလှဘုရားပွဲဆိုရင် မရွေးမုန့်နာမည်ကြီးပါတယ်။ ပင်းဘုရားပွဲကတော့ ကရေကရာမုန့်နဲ့ တွဲဖက်ထင်ရှားပါတယ်။ ဒီလိုနဲ့ ကရေကရာဈေးတန်းကို ရောက်သွားတော့ “ကရေကရာ ရွှေညာကမုန့်မျိုး၊ ပေါက်ပေါက်ကယ် ချိုပါလှ၊ အုန်းယိုကသိုး” ဆိုတဲ့ စာပြောင်လေးကို သတိရမိ ပါတယ်။ ပေါက်ပေါက်ချိုတဲ့ အရသာမှာ အုန်းယိုရဲ့ အရသာ ထပ်တိုးလာတယ်ဆိုတာကို “အုန်းယိုကတိုး” လို့မဆိုပဲ အုန်းယိုကသိုးလို့ စာပြောင်ချိုးလိုက်တာပါ။
ကရေကရာရောင်းတဲ့ ဈေးသည်တွေ အားလုံးက ဒေသခံရွာသူတွေပါပဲ။ ကျန်တာတွေကတော့ ဆယ့်နှစ် ပွဲ ဈေးသည်တွေ နွားနဲ့လယ်ယာသုံး ပစ္စည်းဆိုင်၊ ကလေး ဆော့စရာသေနတ်နဲ့ကားဆိုင်၊ ကျေးလက် လုံမပျို တွေအတွက် ရွှေရည်စိမ် လက်စွပ်ဆွဲကြိုးနဲ့ ပလက်တီနမ် ဆိုင်တွေ ခင်းကျင်းထားပါတယ်။
ရွာဘုရားပွဲမှာ ပွဲစစချင်းနှစ်ညကို ဗလာဇာတ် ဆိုပြီး ကပြလေ့ရှိပါတယ်။ ဗလာဇာတ်ဆိုတာ ရုံဝင်ကြေးေ ပးစရာ မလိုဘဲ အခမဲ့ကြည့်လို့ရတဲ့ ဇာတ်ပါ။ ဒီအတွက် ဘုရားလူကြီးတွေက ဘုရားရန်ပုံငွေထဲကနေ စိုက်ထုတ်ကျခံပါတယ်။ နောက်ပိုင်းကပြတဲ့ဇာတ်တွေကတော့ ကန်ထရိုက်နဲ့ ဇာတ်သမားတွေနဲ့ နှစ်ဦး သဘောတူ ငှားရမ်းကပြတာ ဖြစ်ပြီး ရုံဝင်ကြေးပေးမှသာ ကြည့်လို့ရပါတယ်။
ကျွန်တော်ရောက်တဲ့နေ့မှာ ဗလာဇာတ်က ကပြီးသွားပါပြီ။ နောက်ကပြမယ့်ဇာတ်က စေတနာဇာတ် ဆိုလား ကပြရမယ့်အလှည့်။ ဇာတ်ကန်ထရိုက်လူကြီးမင်း ကံဆိုးချင်တော့ အညာမိုးက အငြိုးနဲ့ရွာ
ပါတယ်။ ရွာနီးချုပ်စပ်ကလူတွေ လာဖို့မပြောနဲ့ ဘုရားပွဲကျင်းပတဲ့ အိမ်ရှင်ရွာက လူတွေတောင် အိမ်တွင်းပုန်း နေကြပါတယ်။ အညာသူအညာသားက အအေးကြောက်တယ်လေ။ ပူချင်သလောက်ပူစမ်း ပုံမှန်အလုပ်မပြတ်ပေမဲ့ နည်းနည်းလေးအေးပြီဆိုရင်တော့ အိမ်တွင်းအောင်း နေတတ်တာ အညာရဲ့ အထာ။
ဒီခေတ်ကြီးထဲမှာ နည်းပညာတွေ ဘယ်လောက် မြင့်မြင့် အညာရောက်တုန်းရောက်ခိုက် ဇာတ်ပွဲတော့ ကြည့်ရမယ်လို့ အားခဲထားတယ်။ ဒီတော့လည်း ညဘက်ရောက်တော့ ကျွန်တော့်မှာ ဖင်တကြွကြွ နားတစွင့်စွင့်။ ပဏာမပတ်ပျိုးနဲ့ ဆိုင်းသံမောင်းသံလေးများ ကြားရမလားပေါ့။ နောက်တော့ တိတ်လွန်း အားကြီးတာနဲ့ ထီးကလေးဆွဲပြီး ဇာတ်ရုံဘက်ကို ထွက်လာခဲ့တယ်။ ဇာတ်ရုံဝမှာ လူရှင်းနေတယ်။ ရုံလက် မှတ် ရောင်းတဲ့နေရာမှာ လူရိပ်လူယောင်မတွေ့ရဘူး။ ဇာတ်ရုံထဲဝင်လိုက်တော့မှ ရုံဝမှာလူကြီးသုံးယောက် ထိုင်နေတယ်။ ဇာတ်ကန်ထရိုက်တွေ ထင်ပါတယ်။ ဒီည ကမှာလားလို့ ကျွန်တော်ကမေးတော့ ဦးကြီးတစ်ေ ယာက် မျက်စိပျက်မျက်နှာပျက်နဲ့ မကြားဟန်ဆောင်ပြီး တစ်ဖက်လှည့်သွားတယ်။ တစ်ယောက်ကတော့ ချီတုံ ချတုံလေသံနဲ့ ကမှာပါလို့ ပြန်ဖြေတယ်။
ဒါဆိုရင်တော့ ဇာတ်ပွဲကြည့်ရမှာပါလားဆိုပြီး အိမ်ပြန်လာတယ်။ တော်တော်လေးကြာတော့ ဆိုင်းသံလေး တခြိမ့်ခြိမ့်ကြားရတယ်။ ဆိုင်းသံကြားတာနဲ့ ချက်ချင်း ဇာတ်ရုံဘက် ထွက်လာခဲ့တယ်။ ဧည့်ခေါ်သံ ပေးတာ ထင်ပါတယ်။ ခဏလောက်တီးမှုတ်ပြီး လူထင်သလောက်မလာတော့ အားလုံး ဆိုင်းသံတိတ် နှဲသံပိတ်သွား တယ်။ အဲဒီညက ဇာတ်မကဖြစ်ပါဘူး။ သုံးရက် ကပြမယ့်ဇာတ် နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် သည်းနေလို့ ကန်ထရိုက်ရှုံးပြီး ပြန်စရာလမ်းစရိတ်ခက်လို့ သောင်တင်နေလိုက် ပါသေးတယ်။
ဇာတ်တွေနဲ့ပတ်သက်လို့ ဒေသခံတွေမှာ ယုံကြည်မှုလေးတွေ ရှိကြတယ်။ မိုးဝင်းဇာတ်မှာ လူရွှင်တော် လုပ်တဲ့ မိုးဒီတို့ မော့စ်တို့ ရွာမှာလာကတော့ "ပိုးတီပိုးကောင် အားလုံးကြိုက်တဲ့ ပိုးတီပိုးကောင်" ဆိုတဲ့ သီချင်းဆိုလိုက်တာ အဲဒီနှစ်မှာပဲ ကြက်သွန်ခင်း ထဲမှာ ပိုးတီစိမ်းကောင်တွေ လိုက်ကောက်လို့ မကုန်ေ အာင် ကြုံလိုက်ရတယ်လို့ အဘိုးအဘွားတွေက ပြောပြတယ်။ ဟော.. အလင်္ကာကျော်စွာ ရွှေမန်းဦးတင်ေ မာင်သား ဦးချမ်းသာငယ်ငယ်က ရွာမှာဇာတ် လာကတော့ အဲဒီနှစ်မှာပဲ ကြက်သွန်ဈေးကောင်းလိုက်တာ ရွာသူရွာသားတွေအားလုံး ရွှေတွဲလွဲ ငွေတွဲလွဲတဲ့၊ အလှူသံမစဲတဲ့။ တစ်နှစ်ကျပြန်တော့ ဘုရားလူကြီးများ က ဈေးသက်သာအောင်ဆိုပြီး အခြောက်ဇာတ်ကို ငှားသတဲ့။ အခြောက်ဇာတ်ရောက်တယ်ဆိုရင်ပဲ သည်း လိုက်တဲ့မိုး၊ လုံးဝ ဇာတ်မကနိုင်ရှာဘူးတဲ့။ ဒါတွေကတော့ ဇာတ်နဲ့ဇာတိသားတွေရဲ့ ယုံကြည်မှုတွေပေါ့။
ဒီလိုနဲ့ ရွာဘုရားပွဲ ဆယ့်ငါးရက်လောက် ကျင်းပ ပြီးတော့ ရွာကလေးကနေ ခွဲခွာခဲ့ရပြန်ပါတယ်။ အခြားေ သာ လူငယ်လူရွယ်တွေလည်း ကျွန်တော့်နည်းတူပါပဲ။ သားတွေသမီးတွေပြန်တော့ ရွာအပြန်လိုက်ပို့တဲ့ မိဘ တွေဆွေမျိုးဉာတိတွေကလည်း အုတ်အုတ်သဲသဲပါပဲ။ အဝေးပြေးကားတွေလည်း အဲဒီရက်ပိုင်းအတွင်း ကတော့ ထိုင်ခုံတွေပြည့်လွန်းလို့ ကြားခုံတွေပါ ရောင်းမလောက်အောင် စီးပွားဖြစ်ပါတယ်။ နောက်ဆုံးေ တာ့လည်း ရွာအလွမ်း ဓာတ်တငွေ့ငွေ့နဲ့ အဘွားစကားကို သတိရရင်း ကားစီးပြန်ခဲ့ ရပါတော့တယ်။
"ဘုရားပွဲလည်းပြီး နင်တို့တွေလည်း ပြန်တော့ ငါတို့ဆီမှာ ကျန်ခဲ့တာတော့ ဘုရားပွဲခင်းက ပလစ်စတ စ် တွေပါပဲ ငါ့မြေးရယ်" တဲ့။
ဥာဏ်မျိုးအောင်
No comments:
Post a Comment