Sunday, June 1, 2014

နေဝင်ပန်းချီကားဆီ တိုးဝင်ကြည့်စဉ်

  • Written by  ဉာဏ်မျိုးအောင်
နေလုံးနီနီခေါင်းထိုးရာ မှိုင်းမှိုင်းပျပျ တောင်စဉ်တန်း။ သည်သဘာဝပန်းချီကားကို အလယ် ပိုင်း မြေပြန့်ဒေသကနေ ငယ်ငယ်တုန်းကတိုင် နေ့စဉ်လို တခုတ်တရ စောင့်ကြည့်ရတတ် သည်။ နေလုံးနီစူးစူး၏ အရောင်အကျနှင့်အတူ လိုက်ပါပြောင်းလဲတတ်သော တိမ်နီလက်လက်... နီရင့်ရင့်... နီစွေးစွေး... နီမှိုင်းမှိုင်းတို့၏ အလှကို ပါရမီဖြည့် ပေးနေသည့် တောင်တန်းပြာလဲ့လဲ့ ...ပြာရင့်ရင့်... ပြာညိုညို...ပြာမှိုင်းမှိုင်းတို့မှာ အလယ်ပိုင်း မြေပြန့်သားတွေအတွက် မရိုးနိုင်သော ချစ်စဖွယ်ရှုမျှော်ခင်းတစ်ခု ဖြစ်ပါသည်။ သည်ရခိုင်ရိုးမ တောင်တန်းတွေဆီ ငယ်ငယ်ကတိုင် အကြိမ်ကြိမ် စိတ်ကူးယဉ် ရွက်လွှင့်ဖူးပါသည်။ သို့သော် . . . ။

အခုတော့ ကလေးဘဝ စိတ်ကူးတွေကို လက်တွေ့ အကောင်အထည် ဖော်နို င်ပါတော့မည်။ ကျွန်တော် အပါအဝင် လူနှစ်ယောက်ကို ကျောပိုးထားသော ဆိုင်ကယ်လေးမှာ တောင်တန်းပြာ ထိပ်ဦးဆီ ရောက်ရေးအတွက် တောင်ပတ်လမ်းကို အမောတကော ပြေးတက်နေပြီ ဖြစ်သည်။ သည်ငဖဲ-အမ်း တောင်တက်လမ်းမှာ စပရိန်လို ကွေးကွေးကောက်ကောက် အကွေ့၊ အတက်၊ အဆင်းများ ထူထပ်လှပါသည်။ သည်လမ်းတွင် မောင်းမည် ဆိုပါက ဆိုင်ကယ်ဖြစ်ဖြစ် ကားဖြစ်ဖြစ် ဘရိတ်ကောင်းဖို အထူးလိုအပ်ပါသည်။ နို့မဟုတ်လျှင် လမ်းဘေးရှိ ချောက်ကမ်းပါးနက်ဆီသို့ ဝေါခနဲ ပြေးဆင်းသွားမည် မှာ သေချာသည်။

ဤလမ်းတစ်လျှောက်ရှိ သစ်ပင်တောအုပ်များမှာ မန်းကြိုးဝိုင်း သစ်တောအတွင်း ပါဝင်သည်။ သစ်တောဝိုင်းအတွင်း ကျွန်း၊ ပျဉ်းကတိုးနှင့် အင်ကြင်းစသော သစ်မာပင်များ ပေါက်လျက်ရှိသည်။ လမ်းဘေးရှိ တောင်ကမ်းပါးယံစောင်းတွင်မူ ငှက်ပျောအုပ်တချို့ကို တွေ့ရသည်။ အချို့မှာ တောင်ေ ပ်ါဒေသခံများ စိုက်ထားခြင်း ဖြစ်သော်လည်း အချို့မှာ အလေ့ကျ ပေါက်ရောက်နေသည့် ငှက်ပျော ရိုင်း တောကြီးများ ဖြစ်ပါသည်။ ဝါးရုံပင်စုစုများကိုလည်း တွေ့ရတတ်သည်။ တောင်တက်လမ်းအတိုင်း ဂရုတစိုက် ပတ်တက်နေစဉ်မှာပင် ရှေးခပ်လှမ်းလှမ်းတွင် မီးခိုးငွေ့တလူလူ အူတက်နေသည်ကို မြင်ရ ပါသည်။

မီးခိုးအူနေသော နေရာနှင့် အနီးဆုံးသို့ ရောက်သောအခါ တောမီးလောင် နေသည်ကို တွေ့ရပါသည်။ မီးမှာ သာမန်မြက်ခြောက်ပင် များကိုသာ လောင်ကျွမ်းနေခြင်း မဟုတ်ပေ။ သစ်ပင်ကြီး များကိုပါ မီးစားနေသည်။ အနီးနားတွင်တွေ့ရသော မြေလတ်တောင်ပေါ် ရွာကလေးမှ ဒေသခံအချို့ ကို မေးမြန်းကြည့်တော့မှ တောမီးများ ယင်းကဲ့သို့ မကြာခဏ လောင်တတ်ကြောင်း၊ ကားသမားနှင့် ခရီးသွားတချို့ ဆေးလိပ်မီးကို အမှတ်တမဲ့ လွင့်ပစ်ခဲ့ရာမှ မီးစတင်လောင်တတ်ကြောင်း ပြောပြပါသည်။

“တောင်ပေါ်မှာက တအားလေထန်တယ်လေ” ဟု တောင်ပေါ်လေနှင့် သာမန်ဆေးလိပ်မီးဆုံမိရာ မှ တောမီး လောင်တတ်သည်ကို မြေလတ်ရွာသူ မစီစီဝင်းက ချင်းသံဝဲဝဲဖြင့် ရှင်းပြပါသည်။ ဖြစ်နိုင်ခြေ ရှိသည်ဟု ယုံကြည်ရပါသည်။ အဘယ်ကြောင့်ဆိုသော် လမ်းတစ်လျှောက်ရှိ လမ်းဘေးဝဲယာတွင်လည်း မီးလောင်ပြင် မည်းမည်းများကို ခဏခဏ တွေ့ခဲ့ရသောကြောင့် ဖြစ်ပါသည်။ တစ်နေရာတွင်မူ လမ်းဘေး မြက်ခြောက်ရိုင်းများကို စွဲလောင်နေသော မီးမှာ တောလယ်ရှိ ဝါးရုံပင်ခြောက်များဆီ ကူးစက်ကာ တဗြင်းဗြင်း တဗြောင်းဗြောင်း လောင်ကျွမ်းနေသည်ကို အပြန်ခရီး၌ တွေ့ခဲ့ရပါသေးသည်။

တောင်ပတ်လမ်း တစ်လျှောက်တွင်မူ ကျောက်သယ်၊ မြေတူး၊ မြေညှိလုပ်နေကြသော လမ်းလုပ်သား၊ လမ်းအလုပ်သမများကို တွေ့ရပါသည်။ တချို့မှာ လမ်းမြေခင်းနေကြသော်လည်း အများစုမှာ အထက်တောင်ကမ်းပါးယံကို ကျောက်ပတ်ကာဖို့ ကြိုးစားနေကြခြင်း ဖြစ်ပါသည်။ ကျောက်သား နံရံပတ်လည် ကာဖို့လုပ်နေသော အထက် တောင်ကမ်းပါးယံ၏ အကျယ်ပေတစ်ရာ ပတ်လည်တွင်မူ ဝါးတစ်ပင် မြက်တစ်ပင်မျှပင် မတွေ့ရပါ။ ဤမျှစိမ်းလန်းသော တောနှင့်တောင်တွင် ပြောင်ပြော င်ရှင်းရှင်းကြီး ပြေးနေသော မြေသားဝါဝါလမ်းကား အဘယ်ကြောင့် ဖြစ်ပေါ်နေပါသနည်း။ အိပ်ရာဝင် ပုံပြင်များထဲက နဂါးဆင်းသော လမ်းပေလော။ 

မှန်ပါသည်။ နဂါးဆင်းသော လမ်းဖြစ်ပါသည်။ ဤမြေသား ဝါဝါအောက်ရှိ ပေါက်ပြားနှစ်ချက် ပေါက်ခန့် (ဒေသခံများ အဆိုအရ) အနက်တွင် မိုင်ပေါင်းထောင်ချီ ပြေးနေသော နဂါးကြီး နှစ်ကောင် ရှိပါသည်။ နဂါးကြီး ကိန်းအောင်းရာနေရာမှာ ပထဝီ မြေလွှာပါးပါး အောက်တွင်သာ ဖြစ်သဖြင့် အခန့်မသင့်ပါက နဂါးမီးလျှံထတောက်မည့် အန္တရာယ်ကိုလည်း တောင်ပေါ်ရွာတစ်လျှောက်ရှိ ဒေသခံများအဖို့ စိုးထိတ်နေရသည်ဟု ဆိုပါသည်။ ယင်းနဂါးကြီးကား အရှေ့အလယ်ပိုင်းဒေသမှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို မျိုယူလာပြီး ကျွန်ုပ်တို့၏ အိမ်နီးချင်း တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးနေသော သံပိုက်လိုင်း မည်းမည်းကြီး နှစ်သွယ် ဖြစ်ပါသည်။

“ဂက်စ်တွေဘာတွေ ပေါက်တယ် ဆိုလို့ရှိရင် ကျွန်မတို့က ဘယ်ကို ပြေးရမှာတုံး။ တောင်ပေါ်မှာ မီးက ထင်းမီးပဲသုံးတာ။ လျှပ်စစ်မီးမှ မရှိတာ” ဟု တောင်ပေါ် စားသောက်ဆိုင်ပိုင်ရှင် ချင်းအမျိုးသမီး တစ်ဦးက ညည်းညည်းညူညူ ပြောပြပါသည်။

ယင်းတောင်ပေါ်တွင် တောင်ပေါ်ရွာ ဆယ်အုပ်စု ရှိပါသည်။ အများစုမှာ အရှိုးချင်းလူမျိုးတွေ ဖြစ်သည်။ သူတို့အားလုံးမှာ ကော်ဖီ၊ ကမ္ဗလာ၊ သံပရာ၊ ငှက်ပျောစသော ခြံထွက်သီးနှံပင်များ စိုက်ပျိုးငွေ ရှာကြသည်။ ယခင်က အတည်တကျ စိုက်ပျိုးခြင်း မရှိဘဲ တွေ့ရာတော များကိုသာ မကြာခဏ ရှင်းလင်းစိုက်ပျိုးကြသ ည်ဟု ဆိုပါသည်။ ယခုနောက်ပိုင်းတွင် တောပြုန်းတီးမှုများကို ကာကွယ်လိုသဖြင့် မြေကွက်တစ်ခုတွင် အတည်တကျ စိုက်ပျိုးသော အမြဲတမ်းတောင်ယာစနစ်နှင့်အညီ စိုက်ပျိုးကြပါသည်။ ကမ္ဗလာနှင့် သံပရာမှာ သီးညှပ်အဖြစ် စိုက်ပျိုးသော်လည်း ကော်ဖီပင်များမှာမူ အသီးခူးနိုင်သည်အထိ သုံးနှစ်သုံးမိုး စိတ်ရှည် လက်ရှည် ပြုစုပျိုးထောင် ကြရပါသည်။

ယခုတော့ သူတို့တွေ ချွေးဒီးဒီးစီးအောင် ပြုစုထားရသော ငှက်ပျောပင်နှင့် ကော်ဖီပင်တို့မှာ နဂါးကြီးကို လမ်းဖယ် ပေးလိုက်ရလေပြီ။ ချင်းမိသားစု အသီးသီးမှာ ဤငှက်ပျောနှင့် ကော်ဖီပင်များမှာပင် မိမိတို့ချင်း ကလေးငယ်များ၏ အနာဂတ်ကို မြှုပ်နှံထားခြင်း ဖြစ်လေရာ နဂါးကြီးအတွက် ချင်းကလေးများ၏ အနာဂတ်ကို မြှုပ်နှံသဂြုင်္ိဟ် လိုက်ရသည်ဟု ဆိုပါကလည်း မှားမည်မထင်ပါ။ နဂါးလမ်းဖြတ်သည့် အဖိုးအခအဖြစ် ပေးလျော်သော လျော်ကြေးမှာ သူတို့၏ ရေရှည်ဘဝ ရပ်တည်ရေးအတွက် မည်မျှ အာမခံနိုင်ပါမည်နည်း။ ယင်းလျော်ကြေးမှာပင် ဈေးဆစ်ခံရမှု၊ ခွဲခြားပေးအပ်မှုနှင့် ရ၊ မရ မသေချာ မရေရာမှုများနှင့် အတိပြီးလျက် ပင်ရှိသေးသည် မဟုတ်ပါလား။

နဂါးလမ်းနှင့် လွတ်သော စိုက်ခင်းများတွင်လည်း ပုံမှန်ဂေဟဗေဒပုံစံ ပျက်ယွင်းသွားမှုကြောင့် စိုက်ပျိုး၍ မလွယ်လှ၊ အချို့နေရာများတွင် လုံးဝစိုက်ပျိုး မရတော့ပေ။ ယခင်က သစ်ပင်ဝါးပင်များကြောင့် မြေမ ပြိုရလေအောင် ထိန်းထားနိုင်သော်လည်း ယခုအခါ နဂါးလမ်းကြောင့် မိုးရွာသွန်းပါက မြေတိုက် စားမှု၊ မြေပြိုမှုများ ဖြစ်ပွားနိုင်သည်ဟု ဒေသခံများက ဆိုပါသည်။ အဆိုးဝါးဆုံးမှာ တောင်အောက်ခြေတွင် ပတ်လည် ကာရံလိုက်သော ကျောက်သားနံရံများ ဖြစ်ပါသည်။ ယင်းနံရံများမှာ မြေပြိုကျမှုကို ထိန်းထားနိုင်ရန် ရည်ရွယ်သော်လည်း လက်ရှိအချိန်တွင်မူ စိမ့်စမ်းရေ လမ်းကြောင်းများကို ပိတ်ဆို့ သွားသည်ကို တွေ့ရပါသည်။ ပုံမှန်အားဖြင့် တောင်ကျစမ်းရေကို မှီခိုစိုက်ပျိုးသော ခြံစိုက်ခင်းသမားများ အတွက် စိမ့်စမ်းရေ ပိတ်ဆို့သွားမှုကြောင့် စိုက်ပျိုးရေ ရရှိရေး အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ၎င်းတို့က ရှင်းပြပါသည်။

ယင်းကဲ့သို့ စီးပွားရေးဆိုင်ရာ စီမံကိန်းကြီး များကြောင့် ဂေဟဗေဒစနစ် ပျက်ယွင်းမှုများအပြင် တောင်မီးလောင်မှုများနှင့် လူတို့၏ အမဲလိုက် သတ်ဖြတ်မှုများကြောင့် ယခုနောက်ပိုင်းတွင် တောကောင်အချို့လည်း ရှားပါးလာသည်ဟု ဆိုပါသည်။ လွန်ခဲ့သော အနှစ်နှ စ်ဆယ်ခန့်က ဤရိုးမ တောင်တန်းကြီးပေါ်တွင် ချေ၊ ပြောင်၊ ဆတ်၊ တောဝက်၊ တောင်ဆိတ်တို့ရှိပြီး အတောင်ပါသော သတ္တဝါများထဲတွင်မူ ဒေါင်းကဲ့သို့ ရှားရှားပါးပါး အကောင်များပင် ရှိသည်ဟု မြေလတ်ရွာ သားကြီးတစ်ဦးက ဆိုပါသည်။ သို့သော် လူတို့၏ အစောင့်အရှောက် မဲ့မှုနှင့်အတူ ယခုနောက်ပိုင်းတွင် ယင်းသတ္တဝါများ မရှိသလောက် ရှားပါးသွားပြီ ဖြစ်ပါသည်။

ဆိုင်ကယ်လေးမှာ ပြေးရင်းလွှားရင်းနှင့်ပင် ငဖဲမြို့နယ်ထဲက ဂုတ္တကြီး ရွာကလေးကို ဖြတ်သန်းလာပြီ ဖြစ် သည်။ တောရိပ်တောင်ရိပ်ကို ဖြတ်သန်းလာသော ရေငွေ့ဓာတ်ပါဟန် ရှိသည့် တောင်ပေါ်လေမှာ စိမ့်စိမ့်အေးလှသည်။ နာရီဝက်ခန့် မောင်းပြီးနောက် ကျွန်တော်တို့ သွားရောက်လိုသည့် လင်းတဲ ဆိုသော တောင်ပေါ်ချင်းရွာလေးသို့ ရောက်လေပြီ။ တောင်ထိပ်ပိုင်း ကျလို့လားမသိ၊ မနက်ကပင် ပူလှသော မကွေး ရာသီဥတုကြောင့် လက်တိုအင်္ကျီသာ ဝတ်ဆင်ထားရာ လေအဝေ့နှင့်အတူ စိမ့်စိမ့်ချမ်းလှသော လင်းတဲရွာတွင်မူ လက်ရှည်အင်္ကျီကို ထုတ်ဝတ်ရတော့သည်။ နေမင်းမှာ ခါတိုင်းကဲ့သို့ အနောက်ဘက် မရောက်မီ တောင်ဘက်ရှိ တောင်ပြာတန်းမှာပင် ငုပ်လျှိုး ပျောက်ကွယ် သွားလေပြီ ။ စောစောစီးစီး နေစွယ်ကျိုးပြီကော။

လင်းတဲရွာရှိ ချင်းမိသားစု အိမ်လေးတစ်အိမ်တွင် အထုပ်အပိုးများ ထားရစ်ခဲ့ပြီး ရွာတွင်းသို့ လျှောက် သွားသည်။ တကယ့်ရွာထဲသို့ ရောက်ဖို့အတွက် ကြခတ်ဝါးရုံ တောအုပ်အုပ်ဆိုင်းရှိသော တောင်ဆင်း လမ်းလေးအတိုင်း သွားရသည်။ တစ်နေရာအရောက်တွင် ချည်ကြိုးညိုညိုများဖြင့် တစ်စုံတစ်ခု ရက်နေသော ချင်းအဘွားအိုတစ်ဦးကို တွေ့ရသည်။ သို့နှင့် အဘွားအိုထံ ချဉ်းကပ်ပြီး စကားပြောဖြစ် ပါသည်။

“(ချည်) တစ်ခင်ကို ထောင့်ငါးရာ ပေးဝယ်ရတယ်။ ပဒါန်း (မြို့) မှာ ဝယ်တယ်လေ။ တဘက်တစ်ထည်ကို ငါးခင်လောက် သုံးရတယ်” ဟု အဘွားအိုက ဝဲတဲတဲ ဆိုပါသည်။ ရောင်းဖို့မဟုတ်၊ အိမ်သုံးအတွက် သာဟုလည်း ရှင်းပြပါသည်။ ရောင်းရင်ကော ထောင့်ငါးရာတန် ချည်ခင်ငါးလုံး သုံးထားရသော တဘက်စောင်မှာ ဈေးနှုန်းအရ မက်မောစရာ ရှိမည်လော၊ စဉ်းစားစရာပင်။

ချင်းဘွားဘွားနှင့် စကားပြောပြီးနောက် ရွာလမ်းအတိုင်း ဆက်လျှောက် လာခဲ့သည်။ ရွာလမ်း တစ်လျှောက် တွေ့ရသော မြင်ကွင်းကို ပြောပြလျှင် မိတ်ဆွေ ပြုံးမိပေလိမ့်မည်။ ခါးသိုင်းတဘက်ထဲတွင် ကလေးတစ်ယောက် ထည့်ထားသည့်အပြင် လက်တစ်ဖက် တစ်ချက်စီက နောက်ထပ် ကလေးငယ်များကို လက်ဆွဲလျက် လမ်းလျှောက်နေသော မိခင်များ၊ နို့စို့အရွယ် ကလေးလေးကို ချီပိုးထားသော ကိုးနှစ်သား အရွယ် ကလေးငယ်များ၊ စုစုရုံးဆော့ ကစားနေသော ကလေးအုပ်စုများကို ခဏခဏ တွေ့ရပါသည်။ သည်မြင်ကွင်းကို ကြည့်ပြီးသည် ချင်းရွာကလေး၏ အချမ်းသာ အကြွယ်ဝဆုံးကို မှန်းဆနိုင်စရာ ရှိပါသည်။

ကျန်းမာရေး ရှုထောင့်အရ စိတ်ဝင်စားသည်မှာ အမျိုးသမီးများ သားဆက်ခြား ပညာပေးသောသူများ ရှိ၊ မရှိပင်။ ကျွန်တော်တို့နှင့်အတူ လိုက်ပါလာသော ချင်းအစ်မကို မေးကြည့်တော့မှ သားဖွားဆရာမ တစ်ဦးသာ ရှိသည်ဟု သိရပါသည်။ ခရစ်ယာန်ဝါဒကို ယုံကြည်ကိုးကွယ်သော သူတို့အတွက်တော့ ကလေးများက ဘုရားသခင် ပေးသနားသော လက်ဆောင်များဟုသာ မှတ်ယူရပေတော့မည်။

“ကလေးက ကိုးယောက်ရှိတယ်။ မိသားစု အားလုံးပေါင်း ဆယ့်တစ်ယောက်ပေါ့” ဟု ကော်ဖီစေ့ထော င်းနေသော ချင်းတိုင်းရင်းသူ ဒေါ်လှမြင့်က ဆိုပါသည်။ ဘုရားသခင်က ဤချင်းရွာ ကလေးနှင့်ချင်းမိသား စုများ အပေါ်တွင် အထူးစေတနာထား ရက်ရောပေသည်တကား။ ချင်းအမျိုးသမီးကြီး ဒေါ်လှမြင့်ကတော့ ဗုစုခရုသားသမီး တစ်ပြုံတစ်မကြီးအတွက် ကိုယ်ပိုင်ကော်ဖီစေ့သာမက သူများ၏ ကော်ဖီစေ့ကိုပါ အငှားထောင်းပေးကာ ငွေပိုရှာနေရသည်ဟု ကော်ဖီစေ့ ထောင်းမပျက် မြိန့်မြိန့်ကြီးပြုံးကာ ရင်ဖွင့်ပါသည်။

ကော်ဖီပင် စိုက်ပျိုးရေးကိုသာ အဓိက အားထား လုပ်ကိုင်သည်ဟု ဆိုသဖြင့် ကော်ဖီပင် စိုက်ပျိုးရေးနှင့် ပတ်သက်၍ မေးမြန်းစူးစမ်း မိပါသည်။ သုံးနှစ်သုံးမိုး စိုက်ထားသော ကော်ဖီပင်မှ ကော်ဖီစေ့ ခူးပြီးနောက် အခြောက်လှမ်းရသည်။ ကော်ဖီစေ့ခြောက်ကို သစ်သားဆုံငယ် တစ်ခုတွင်ထည့်ကာ ရေနင်းမောင်းတံ ကဲ့သို့ လုပ်ထားသော ခြေနင်းမောင်းတံဖြင့်ထောင်းကာ အစေ့ခွံချွတ်ရသည်။ ကော်ဖီစေ့ကို မင်းဘူးနှ င့် ရေနံချောင်းဘက်ရှိ အဝယ်ဒိုင်များတွင် တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် သွားရောင်း ရသည်။ ကော်ဖီစေ့စိုက်ရာ ဒေသဖြစ်သော်လည်း သူတို့တွေမှာ ကော်ဖီစေ့ကို တခြားကုန်ချောပုံစံဖြင့် အသုံးမချတတ်ပါ။ ကော်ဖီ သောက်သုံးချင်လျှင်ပင် အသင့်ဖျော် အထုပ်များကိုသာ ဝယ်သောက်ရသည်ဟု ဆိုပါသည်။ ဖောင်စီးရင်း ရေငတ်သည်ဟုဆိုလိုက ဆိုနိုင်ကောင်းပါလိမ့်မည်။

ရွာလမ်းတစ်လျှောက်တွင် တွေ့မြင်ရသလောက်၊ ချင်းအမျိုးသမီးအများစုမှာ တဘက်ညိုညိုတွေကို ခေါ င်းပေါင်း ထားတတ်ကြသည်။ ယဉ်ကျေးမှုအရပေလော၊ ရာသီဥတုမှာ အမြဲလို အေးနေသောကြောင့် ပေေ လာမသိ။ အများစုမှာ ထဘီအညိုရောင်နှင့် အပြာနုရောင် သို့မဟုတ် အစိမ်းပုပ်ရောင် ရင်ဖုံးအင်္ကျီလေးတွေ ဝတ်တတ်ကြပါသည်။ အချို့သော ချင်းအဘွားများ၏နားတွင်မူ မဟူရာ ကျောက်နက်ကို ငွေသားကွပ်ထား သည့် နားဆွဲကြီးများ ပန်ဆင်ထားတတ်သေးသည်။  လည်ပင်းတွင်မူ စပါးစေ့ထောက် တစ်ဝက်ခန့် ရှိသော ငွေသားလုံးလေးများ အတန်းလိုက်ပါသော ငွေဆွဲကြိုးများ ဆွဲထားတတ်သည်ကို တွေ့ရပါသည်။ အထက်ပါ ရိုးရာဝတ်စုံ တစ်စုံလုံးစာမှာ သုံးသောင်းခွဲခန့် ရှိသည်ဟု သိရသဖြင့် အမှတ်တရ ဝယ်ယူလိုသော ကျွန်တော်တို့မှာ လက်တွန့် ခဲ့ကြရသည်။

ယင်းချင်းရွာကလေးတွင် တစ်ည အိပ်စက်ခဲ့ပြီးနောက် နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် တောင်ေ အာက်သို့ ပြန်ဆင်းလာသည်။ အတက် ခက်သလောက် အဆင်းတွင်မူ ဆိုင်ကယ် စက်ရှိန်သတ်ကာ အသာကလေး ထိန်းဆင်းလာရုံ ဖြစ်ရာ တောင်ဆင်း သွက်လှပါသည်။ တစ်နာရီခွဲခန့် မောင်းနှင်ပြီးသော အခါ မြေပြန့်သို့ ရောက်လေပြီ။  ချင်းရွာကလေးနှင့်အတူ လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသော တောမီးခိုး အူအူတွေ၊ တောင်ကမ်းပါးယံ ကျောက်သားနံရံ ဆောက်နေသူတွေ၊ ငှက်ပျောတောနှင့် ကော်ဖီစိုက် ခင်းတွေ၊ မြွေလိမ် မြွေကောက် တရုတ်ပြည်သို့ ခရီးနှင်နေသော နဂါးကြီး နှစ်ကောင်တို့မှာ အတော်ေ ဝးဝေးတွင် ကျန်ရစ်ခဲ့ပါပြီ။ မျှော်ကြည့်လိုက်လျှင် တစ်ခွင်တပြင်လုံးကို လွှမ်းခြုံထားသော မှိုင်းမှိုင်းပျ ပျ တောင်စဉ်တန်းသာ မြင်ရပါတော့သည်။

သို့သော် ရိုးမပြန်ခရီးတွင် မတင်မကျ ပုစ္ဆာတစ်ပုဒ်မှာ ရင်ထဲတွင် ပဲ့တင်ထပ်လျက် ပါလာသည်။ နောင်ဆယ်နှစ် ကြာလျှင်ကော အလယ်ပိုင်း မြေပြန့်သားတွေအတွက် ရခိုင် ရိုးမတောင်တန်းတွေက တောင်ပြာတန်း အလှနှင့် နေလုံးနီ ပန်းချီကားတို့ကို ဝင့်ဝင့်ကြွားကြွား ပြသနိုင်ပါဦးမည်လော။ ဂေဟဗေဒစနစ် ပြောင်းလဲမှုများကြောင့် သဘာဝနေဝင်ပ န်းချီကား တစ်ချပ်မှာ သမိုင်းတွင် အမှန်တကယ်ပင် နေဝင်သွားတော့မည်လော။ လောချင်း ထပ်နေသော ယင်းပုစ္ဆာမှာ ကျွန်တော့်ရင်တွင် မတင်မကျ ဖြစ်နေသော ပုစ္ဆာ တစ်ပုဒ်၊ ရိုးမပြန်ခရီး၏ ပဟေဠိတစ်ပုဒ် ပင် ဖြစ်ပါသည်။

နိုင်ငံရေး၊ စီးပွားရေးစသော အဘက်ဘက်က ပုစ္ဆာများကို အဖြေထုတ်ရန် ကျန်ရှိနေသေးသော မြန် မာနိုင်ငံတွင်မူ ရိုးမတောင်တန်းပြာ၏ အကူအညီတောင်းသံ၊ အသနားခံသံကို ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိသော ခေါင်းဆောင်များ ကြားကောင်းမှ ကြားပါလိမ့်မည်။ သို့ဖြစ်ရာ ရှေးလာမည့် ကံကြမ္မာဆိုးတွေကို ရှောင်ဖယ်နိုင်ဖို့အတွက် ကာယကံရှင် ရိုးမတောင်တန်းပြာတွေကိုယ် တိုင် ဆွေးဆွေးနင့်နင့် ဆုတောင်းနေရုံမှတစ်ပါး . . .။

ဥာဏ်မျိုးအောင်

No comments:

Post a Comment