Sunday, June 1, 2014

တစ်ကျော့ပြန် သစ်သားဆုံဆီ

Written by  ဉာဏ်မျိုးအောင်

နီစွေးပြောင်လက်သော သစ်သားပွတ်လုံးတိုင် နှစ်ချောင်းသည် သစ်သားဆုံတစ်ခုစီတွင် စိုက်ဆင်းပြီး အားပါးတရ ပွတ်လည်နေသည်။ ပွတ်လုံးတိုင်နှင့်ဆုံများ ပွတ်တိုက်မှုကြောင့် တကျွီကျွီ မြည်သောအသံမှာ ခပ်စီစီ။ တဘုတ်ဘုတ် မြည်သံ ခပ်အုပ်အုပ် ထွက်ပေါ်နေသောနေရာကို ကြည့်လိုက်ရာ ဆယ့်လေးကောင် ဝပ်ခန့် ရှိသော မော်တာစက် တစ်လုံးကို တွေ့ရသည်။ ထိုအခါမှ ပွတ်လုံးတိုင်နှင့်ဆုံများကို အလိုအလျော က် လည်ပတ်အောင် မောင်းနှင်နေသည့် လက်သည်ကို တွေ့ရတော့သည်။

ယင်းမှာ မြန်မာနိုင်ငံ၏ ခေတ်အပြောင်းအလဲနှင့် အတူ အညာဒေသ၌ တစ်ကျော့ပြန် ခေတ်စား လာသော မိရိုးဖလာသစ်သားဆုံဆီ လုပ်ငန်းေ လးပင် ဖြစ်သည်။ မိရိုးဖလာလုပ်ငန်းဆိုသော်လ ည်း လုပ်ငန်း လည်ပတ်ပုံမှာ ရှေးယခင်နည်းတူ တစ်သဝေမတိမ်း ထပ်တူကျသောပုံစံမျိုးတော့ မဟုတ်ပေ။ ခေတ်နှင့်အညီ ပြောင်းလဲမှု ရှိသည်။ ထင်သာမြင်သာ အရှိဆုံး အပြောင်းအလဲမှာ ရှေး ယခင်က ဆုံဆီကြိတ်ရန် နွားနှင့်ဖက်ရုန်းရသော စနစ်မှ ယခုအခါ မော်တာနှင့် လည်သောစနစ် သို့ ပြောင်းလဲကျင့်သုံးလာခြင်း ဖြစ်သည်။

“မြင်းနဲ့ ကြိတ်တာလည်း ရှိတယ်။ တိရစ္ဆာန်ကတော့ သူပြေးမှ လည်မယ်လေ။ ဒါကြောင့် စက်နဲ့လည်တဲ့ ပုံစံ ပြောင်းသွားတာ” ဟု ဆီဆုံ တပ်ဆင်ပေးသူ ဦးဝင်းမောင်က ဆိုသည်။

သစ်သားဆုံ တပ်ဆင်ရာတွင် ယောက်ျားတစ်ဖက်စာခန့် ရှိပြီး အလယ်ဗဟို ဖောက်ထွင်းထားသော ကုက္ကိုသား ဆုံနှစ်လုံး၏ အောက်ခြေတွင် မော်တာစက်နှင့် ချိတ်ဆက်ထားသော ပူလီနှင့်စက်ပိုင်းဆိုင်ရာ တို့ကို တပ်ဆင်ရသည်။ ဆုံနှစ်ခုထဲတွင်မူ ဗလကောင်းသော ယောက်ျားသား၏ လက်မောင်းလုံးခန့် တုတ်သည့် သစ်သား တစ်ချောင်းစီ (ကျည်ပွေ့ဟုလည်း ခေါ်သည်) ထိုးစိုက်ထားပြီး ယင်းသစ် သားချောင်း နှစ်ချောင်း၏ လည်ပတ် လှုပ်ရှားမှုကို ဘောင်းဟုခေါ်သော သစ်သားတန်းတစ်ခုစီက ထိန်းထားသည်။

မော်တာစက်မောင်းနှင် လိုက်သောအခါ သစ်သားဆုံတို့က ဝိုင်းကြီး ပတ်ပတ်လည်၊ ကျည်ပွေ့နှစ်ချောင်းက သစ်သားဆုံ အတွင်းရှိ မြေပဲ သို့မဟုတ် နှမ်းစေ့တို့ကို ခပ်မှန်မှန် မွှေကြိတ်၊ ထိုမှတစ်ဆင့် ယိုစိမ့်ထွက် လာသော မြေပဲဆီ၊ နှမ်းဆီတို့ကို သစ်သားဆုံဘေးတွင် ချိတ်ဆွဲထားသော ဒန်ချိုင့်က ခံထားခြင်းဖြင့် ပဲဆီ၊ နှမ်းဆီ ထုတ်လုပ်ခြင်း ဖြစ်သည်။

ယင်းနည်းဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ကုန်ပိဿာချိန် ခြောက်ဆယ်ခန့် ကြိတ်ခွဲနိုင်ပြီး ဆီပိဿာ ချိန်သုံးဆယ်ခန့် နေ့စဉ် ထုတ်နိုင်ကြောင်း ဆုံဆရာ ဦးဝင်းမောင်က တွက်ပြသည်။ သို့သော် ယင်းသစ်သားတစ်စုံ ပိုင်ဆိုင်ရန်အတွက် သိန်းနှစ်ဆယ်ခန့်တော့ ရင်းနှီးရမည် ဖြစ်သည်။ သစ်သားဆုံ အဆင်သင့် ဖြစ်ပြီဆိုလျှင် ကြိတ်ခွဲရန် လိုအပ်သော ပဲ၊ နှမ်းစသော ကုန်ကြမ်းများ လိုအပ်သည်။ ယင်းမှာလည်း အခက်အခဲကြီးတော့ မဟုတ်။ ဆီကိုရေချိုး ဆေးရိုးမီးလှုံဆိုသော စကားပုံ၏ ဇာတိ လည်းဖြစ်၊ ဆီအိုးကြီး အမည်လည်း သမုတ် ခံထားရသော မကွေးဒေသတွင် မြေပဲနှင့် နှမ်းမှာ ရှာဖွေရ လွယ်သော ကုန်ကြမ်းများ ဖြစ်သည်။ သို့သော် ကုန်ကြမ်း ဝယ်ယူရာတွင် မူသတိထားရမည့် အချက်များ ကား ရှိသေးသည်။

နှစ်ဆယ့်ငါးပိဿာဆံ့ အိတ်များဖြင့် ထည့်ထားသော မြေပဲဆန်များကို အိတ်လိုက် ဝယ်ယူသောအခါ သတိထားရမည့် အချက်မှာ မှိုသန်းဆံများပင် ဖြစ်သည်။ ပုံမှန်အားဖြင့် ပတ္တမြားကဲ့သို့ နီသောအဆင်းရြှိ ပီး ပြည့်ဖောင်းသော မြေပဲဆန်များကြားတွင် ရှုံ့တွသော၊ မည်းပိန်သော လုံးတောင့်များ၊ အမှော်အဖျင်းများ ကြားညပ် ပါလာတတ်သည်။

ယင်းမှိုသန်းဆံများ ကြားညပ်ပါသော ပဲအိတ်များမှာ သာမန် သန့်ရှင်းသောလုံးဆံ အိတ်များထက် ဈေး ပိုချိုသည်။ လုံးဆံ တစ်ပိဿာ ငွေကျပ် ထောင့်လေးရာပေးရ လျှင် မှိုသန်းဆံ (ဆီဆံဟုလည်း ခေါ်သည်) တစ်ပိဿာလျှင် ထောင့်သုံးရာကျပ်သာ ပေးရသည်။ သို့ဖြစ်ရာ အချို့သောဆုံဆီလုပ်ငန်းရှင်များက အရင်းနည်းနည်းဖြင့် အမြတ်များများရှာရန် မှိုသန်းဆံကိုပင် တမင်တကာ ဝယ်ယူ ကြိတ်ခွဲတတ်သည်။

“ဒါတွေက (မှိုသန်းဆံတွေက) ဆီတော့ ထွက်တယ်။ လူတွေကိုတော့ ဥပဒ် ပေးနိုင်တယ်” ဟု မကွေးမြို့ ရှိ အောင်မြင့်မိုရ် သစ်သားဆုံ ဆီပိုင်ရှင် ဦးတိုးက ဆိုသည်။

မှိုသန်းဆံကို ဝယ်မကြိတ်ဘဲ လုံးဆံ သန့်သန့်ကိုသာ ဝယ်ကြိတ်မည် ဆိုလျှင်လည်း ယခုခေတ်ဆီဈေးနှင့် စရွေး မကိုက်လှသဖြင့် မှိုသန်းဆံကိုဝယ်၊ ပြီးမှ လုံးဆံသန့် သက်သက်ရအောင် ရွေးယူ၊ ကျန်တဲ့ မှိုသန်း ဆံတွေကိုတော့ တစ်ဆင့် ဝယ်သူထံ ပြန်ရောင်းသောနည်းဖြင့် လုပ်ငန်းလည် ပတ်ရကြောင်း ၎င်းက ရှင်းပြသည်။

သို့သော်လည်း မှိုသန်းဆံများကိုပါ တစ်ပါတည်း ထိုးကြိတ်လိုက်လျှင် ဆီထွက်လည်းတိုး၊ နှမ်းဖတ်ထွ က်လည်း တိုးလာတတ်သည်။ နှမ်းဖတ်ဆိုသည်မှာ သစ်သားဆုံ အတွင်းပဲ၊ နှမ်းများ ထည့်ကြိတ်သောအခါ ဆီအားလုံး ညှစ်ထုတ်ပြီး အဆုံးတွင် ကျန်နေခဲ့သော ပဲဖတ်၊ နှမ်းဖတ်များကို ခေါ်ဆိုခြင်း ဖြစ်သည်။ နှမ်းဖ တ်သည်လည်း ရောင်းတမ်းဝင် ပစ္စည်းတစ်မျိုးဖြစ်ပြီး နွားအသားတိုးရန်အတွက် ဝယ်ကျွေးသော လယ်ယာ လုပ်သားများကို နှမ်းဖတ် တစ်ခွေလျှင် အနိမ့်ဆုံး ကျပ်ရှစ်ရာဈေးဖြင့် ပြန်ရောင်းနိုင်သည်။

ဆီတစ်ပိဿာ ကျပ်လေးထောင် ဈေးပေါက်သော ယနေ့ကာလတွင် ထောင့်သုံးရာကျပ် ပေးဝယ်ရသော ပဲတစ်ပိဿာကို ကြိတ်ခွဲပါက ဆီလေးဆယ် ကျပ်သားရမည် ဖြစ်ပြီး စက်လည်ပတ်ရန် လိုအပ်သည့် မီတာ ခနှင့် အလုပ်သမားခ ပေါင်းထည့်လိုက်လျှင် အရင်းမျှသာရမည် ဖြစ်သော်လည်း အပိုထွက်လာသော နှမ်းဖ တ်က အမြတ်ဖြစ်ကြောင်း ဦးတိုးက ခရေစေ့တွင်းကျ တွက်ပြသည်။

“လုပ်မှ လုပ်ရင်တော့ စေတနာနဲ့ လုပ်တယ်။ နှစ်ဆယ့်ငါးပိဿာ အိတ်ကို သန့်လိုက်ရင် ဒီကောင် (မှိုသန်း ဆံ) က နှစ်ပိဿာခွဲလောက် အညံ့ထွက်လာတယ်။ နောက်တော့ ကုန်ကြမ်း ထုတ်တဲ့သူနဲ့ ညှိလိုက်တယ်။ ခင်ဗျားတို့ အပြီးအစီး သန့်ပေးနိုင်လား။ အပြီးအစီး သန့်ပေးတာကို မကြိုက်ရင် ပြန်ပို့မယ်လို့ ပြောထား တယ်” ဟု ကျန်းမာရေး အာမခံချက်ရှိသော ပဲဆီသန့် ဖြစ်ရန် ကြိုးပမ်းထားပုံကို ၎င်းက ပြောပြသည်။

နောက်ထပ်ကုန်ကြမ်းတစ်မျိုး ဖြစ်သော နှမ်းတွင်မူ နှမ်းအဖြူနှင့် နှမ်းအနက်များကို ပြည်ပတင်ပို့ရပြီး နှမ်း
အနီများသာ ကြိတ်ခွဲနိုင်ကြောင်း၊ သို့သော်လည်း နှမ်းဈေးမှာ မြောက်လှသဖြင့် တွက်ခြေ မကိုက်လှရာ ဝယ်ယူကြိတ်ခွဲခြင်း နည်းပါးလှကြောင်း ဦးတိုးက ဆိုလေသည်။

ယင်းဆုံဆီများ ကျန်းမာရေး အာမခံချက်ရှိ၊ မရှိမှာလည်း လတ်တလော အခြေအနေအရ လုပ်ငန်းရှင် ၏ စေတနာသာ အဓိက ဖြစ်နေသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ဓာတ်ခွဲစမ်း သပ်နိုင်သော စက်များမှာ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင်သာ ရှိပြီး နယ်အရောက်ဆင်းပြီး ဓာတ်ခွဲစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် ညီညွှတ်သော အထောက်အထားများ ထုတ်ပေးခြင်းတို့ မရှိကြောင်း မကွေးဆုံဆီ လုပ်ငန်းရှင်များက တညီတညွတ်တည်း ပြောကြားသည်။ “လိုအပ်ရင် မှတ်ပုံတင်ချင်ပါတယ်။ လာစစ်ပါ” ဟု ဆုံဆီလုပ်ငန်းရှင် ဦးတိုးက လိုလိုလားလား ဖိတ်ခေါ်သည်။

ဆေးဝါး မှတ်ပုံတင် မရှိသော်ငြားလည်း စက်ရုံကြီး များ၌ ထုတ်လုပ်သော ပဲဆီ၊ နှမ်းဆီများတွင် သဘာဝဆီဓာတ်အပြင် စက်ရုံသုံး သံသတ္တု ဓာတ်များ ပါဝင်သွားနိုင်ပြီး သစ်သားဆုံဆီသည် သဘာဝပဲနှမ်းတို့၏ ဂုဏ်သတ္တိကို ထိန်းထားနိုင်ေ ကြာင်း မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း မကွေးမြို့နယ် ဥက္ကဋ္ဌ ဦးဟိဏ်းထက်က သဘာဝ သစ်သားဆုံဆီဘက်မှ ထောက်ခံသည်။

“သစ်သားဆုံနဲ့ ကြိတ်တာ သဘာဝ အကျဆုံးပါ” ဟု ၎င်းက မှတ်ချက်ပြုသည်။

ယင်းဆုံဆီများကို ယခုလက်ရှိ ကာလတွင် ရန်ကုန်ရှိ မိတ်ဆွေ အသိအကျွမ်းများနှင့် ဒေသခံလက်လီ လက်ကား ရောင်းဝယ်သူများကိုသာ ရောင်းချပေးနေသည်။ စားအုန်းဆီများ မသန့်ရှင်းသဖြင့် ဆီဖိုး ဘီးယား ပြဿနာ ကြုံဆုံခဲ့သောအချိန်မှာပင် ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် နေရာဝင်မယူနိုင်။ သို့သော် ကျန်းမာရေးအာမခံချက်ရှိသော ပဲဆီ၊ နှမ်းဆီစစ်စစ်ကိုသာ နှစ်သက်သော အိမ်ရှင်မများကမူ တစ်စတစ်စ တိုးတက် ဝယ်ယူလာရာ ဆီဆုံလုပ်ငန်းသည် မကွေးဒေသတွင် အတွဲ ၈၀ ခန့်အထိ တိုးပွား လာကြောင်း ဆုံဆရာ ဦးဝင်းမောင်က ဆိုသည်။

ယင်းဆုံဆီ လုပ်ငန်းများမှာ မကွေးတွင်သာမက မန္တလေးနှင့် စစ်ကိုင်းဒေသ များတွင်လည်း ရှိကြောင်း ၎င်းကဖြည့်စွက် ပြောဆိုသည်။

ရှေးယခင်ကဆိုလျှင် တောရွာများ၌ နွားဖြင့်ရုန်းသော ကိုယ်ပိုင် ဆုံများတွင် မိမိယာခင်းထွက် ပဲနှမ်းများကို ကြိတ်ခွဲကာ စဥ့်အိုးကြီးများတွင် ထည့်လှောင်ထားပြီး တစ်နှစ်စာအတွက် ဆီကို ဖူလုံအောင် သိမ်းထားလေ့ ရှိကြောင်း အသက် ၆၀ ကျော်အရွယ် ကျေးလက်သူ အမျိုးသမီးကြီးတစ်ဦး ပြောပြသည်။

တချို့တောသူတောင်သား များမှာလည်း နွားလှည်းဖြင့် တင်ပြီး မြို့သို့တက်ကာ ရောင်းဝယ် ဖောက် ကားလေ့ ရှိသည်။ အင်္ဂလိပ်အစိုးရ လက်ထက်က ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ကြီး ဒေါ်စုက မြို့ပေါ်တက်ပြီး ဆီများရောင်းလေ့ ရှိကြောင်း သမိုင်းစာအုပ်များတွင် ဖတ်ရသည်။ အမှန်တော့ ဆီသမိုင်းကို မြေလှန်ကြည့်လျှင် အညာဒေသထွက် ဆီမှာ ရှေးဘုရင်လက်ထက်ကဆိုလျှင် ဘုရင့်ထံ ဆက်သရသည် အထိပင် သမိုင်းရှိခဲ့သည်။ ပုဂံမင်းတစ်ပါး လက်ထက်တွင် အညာဒေသ ပုံတောင် ပုံညာတောင်ခြေတွင် နေထိုင်သော အမျိုးသမီးတစ်ဦးကို ဘုရင့်ထံ ဆီတော် ဆက်စေသည်ဟု မှတ် သားဖူးသည်။

ယင်းကဲ့သို့ သမိုင်းအစဉ်အလာ ကြီးခဲ့သော ဆုံဆီမှာ လတ်တလော အနေအထားအရ ဈေးကွက် မကျယ်ပြန့် သေးသော်လည်း ဆုံဆီ လုပ်ငန်းများကတော့ တစ်ခေတ် ဆန်းသစ်လာပြီ ဖြစ်သည်။ ပိုမိုကောင်းမွန်သော အချက်မှာ တိမ်ကောနေသော မိသားစုပိုင် စီးပွားရေး လုပ်ငန်းများ နိုင်ငံ ၏ ခေတ်အပြောင်းအလဲနှင့်အတူ ပြန်လည် ပေါ်ထွန်းလာခြင်းပင် ဖြစ်သည်။

နိုင်ငံတစ်ခု၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုသည်မှာ လူတစ်ဦးချင်း ဖွံ့ဖြိုး တိုးတက်မှု၊ မိသားစု တစ်ခုချင်း ဖွံ့ဖြိုး တိုးတက်မှု၊ တိုင်းနှင့် ပြည်နယ်အလိုက် ဒေသတစ်ခုချင်း ဖွံ့ဖြိုး တိုးတက်မှုတို့ဖြင့် တည်ဆောက် ထားခြင်း ဖြစ်လေရာ မိသားစုပိုင် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေးကို အစိုးရအနေနှင့် အားပေးကူညီ ပေးနိုင်ပါက နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ခြင်းပင် ဖြစ် ကြောင်း ဖွံ့ဖြိုးရေး ပညာရှင်များက သုံးသပ်ပြသည်။

သို့သော် လက်ရှိ အခြေအနေအထိတော့ ဆီဆုံ လုပ်ငန်းများကို တရားဝင် မှတ်ပုံတင် ထုတ်ပေးခြင်း မရှိသည့်အပြင် ဆီဆုံ လုပ်ငန်းရှင် များမှာလည်း တကွဲတပြားစီ ကိုယ့်နည်း ကိုယ့်ဟန်သုံး လည်ပတ်လျက် ရှိရာ လုပ်ငန်းတူ အချင်းချင်း အတွေ့အကြုံ မျှဝေမှု နည်းပါးကြောင်း ဦးတိုးက ညည်းညူသည်။

“ဆုံဆီအသင်းအဖွဲ့လေး ဖြစ်စေချင်တယ်ဗျာ” ဟုလည်း ၎င်း၏ဆန္ဒကို ဖွင့်ဟသည်။

ဆုံဆီလုပ်ငန်းရှင် ဦးတိုးက ၎င်း၏ဆန္ဒကို ထိုသို့ ပြောဆိုနေစဉ်မှာပင် ရှင်ဘုရင်နှင့် မိုးနည်းတူ အစိုးမရေ သာ လျှပ်စစ်မီးသည် ဖျတ်ခနဲ ပြတ်သွားသည်။ မီးသည် တစ်ခါတစ်ရံ ညလုံးပေါက် ပြတ်တတ်လေရာ မီးအလာကို စောင့်နေ၍ မရပေ။ အကောင်းဆုံးနည်းမှာ တစ်ဂါလန် ငွေကျပ်ထောင့်လေးရာ ပေးရသော ဒီဇယ်ဆီဝယ်ပြီး စက်မောင်းဖို့သာ ဖြစ်သည်။ သို့သော် ဒီဇယ်ဖိုးအတွက် အရင်း ထပ်စိုက်ရသည် ဆိုပြီး ဈေးကွက် ပေါက်ဈေးထက် ဆီဈေးကို တိုးမြှင့်ခြင်း မပြုနိုင်သဖြင့် ယင်းအပိုဆောင်း ကုန်ကျေ ငွအတွက် ကိုယ်ပိုင်အမြတ် အနည်းအကျဉ်းထဲမှပင် ထပ်မံ ဖဲ့ခွဲပေးရဦးမည် ဖြစ်သည်။



ဥာဏ်မျိုးအောင်

No comments:

Post a Comment