Sunday, June 1, 2014

မိုးမျှော်တောင်သူ

Written by  ဉာဏ်မျိုးအောင်

“အရင်က လွှတ်တော်သတင်းပဲ နားထောင်တာ အခုမိုးလေဝသသတင်းပဲ နားထောင်နေရတယ်” ဟု ပြောလာသူမှာ မကွေးမြို့နယ် ဆားတိုင်ကန်ရွာမှ တောင်သူ ဦးပေါက်စ ဖြစ်သည်။

ယာကွင်းပြင်များနှင့် ကပ်လျက်ရှိသော ဆားတိုင်ကန်ကျေးရွာတွင် ပဲနှမ်းတို့ကို အဓိကထား စိုက်ပျိုးသော တောင်သူများ နေထိုင်ကြသည်။ စိုက်ပျိုးရေအတွက် မိုးကိုသာ အားထားရခြင်း ဖြစ်သည်။ ယခင်နှစ်များက ဧပြီလကုန်ခါနီးနှင့် မေလဆန်းလောက်တွင် မိုးရွာတတ်သည်။ သို့ဖြစ်ရာ ဧပြီလ ကုန်ခါနီးလောက်တွင် ယာခင်းပြင်၌ ထွန်ရေး မှုန့်မှုန့်ခြေလျက် ပဲနှမ်းတို့ကို ကြိုတင်ပက်ကြဲထားရသည်။ ဤလုပ်ငန်းစဉ်မှာ နှစ်စဉ် လုပ်ငန်းဆောင်တာလည်း ဖြစ်သည်။ သို့သော် ယခုနှစ်တွင် တောင်သူမျှော်ေ သာမိုးမှာ မေလကုန်ခါနီးလောက်အထိပင် ပေါ်မလာ။

“အဘတို့က လှည်းနွား မရှိဘူးကွာ။ လှည်းနွားမရှိတော့ မိုးရွာမှ ပြန်ကြဲရမယ်ဆိုရင် မကြဲနိုင်တော့ဘူးကွ။ အဲဒါကြောင့် လူတွေက ကြိုကြိုကြဲကြတာ” ဟု တောင်သူ ဦးပေါက်စက ဆိုသည်။

တောင်သူ မျှော်သောမိုးမှာ လုံးဝချည်း မရွာခြင်းတော့ မဟုတ်ပါ။ အခါသင်္ကြန်ရှေ့ပိုင်းတွင် မိုးဦး ရွာလိုက်သေးသည်။ သို့သော် မြေစွတ်ရုံသာ။ ယခင်နှစ်များနည်းတူပင် ဧပြီလကုန်နှင့် မေလ အစပိုင်းတွင်လည်း မိုးရွာသည်။ သို့သော် ဤမိုးမှာလည်း ခပ်ဖြောက်ဖြောက်မျှသာ။ သို့ဖြစ်ရာ မိုးမှာ မရွာမဟုတ်၊ ရွာပါသည်။ သို့သော် စိုက်ရေပျိုးရေ အတွက်မူ လုံလောက်သော မိုးမဟုတ်ပါချေ။
စိုက်ရေပျိုးရေ လုံလောက်အောင် မိုးမရွာသော်လည်း တောင်သူများမှာ လက်လွန်ပြီးချေပြီ။ စိုက်ချိန်သီးချိန် နောက်မကျရအောင်နှင့် မိုးရွာမှထွန်ရေးငင်နေလျှင် တခြားယာသမားများနှင့် အပြိုင် အလုပ်သမား လုနေရမည် စိုးသဖြင့် ယခင်နှစ်များတွင် ရွာသွန်းတတ်သော မိုးကျချိန်ကို တွက်ချက်ကာ ပဲနှမ်းတို့ကို ကြိုတင် ပက်ကြဲထားပြီးနေပြီ ဖြစ်သည်။ ယင်းကဲ့သို့ အသီးအနှံ ကြဲထားပြီး ဖြစ်ရာ မိုးလုံးလုံး မရွာလိုက မရွာနိုင်သည်၊ ကိစ္စမရှိပါ။ ရက်အနည်းငယ် နောက်ကျမှ မိုးဖြိုင်ဖြိုင် ရွာလိုကလည်း ရွာနိုင်သည်။ သို့သော် အသီးအနှံ ကြဲပြီးချိန်တွင် စလုံးစခု (ဟိုမရောက် ဒီမရောက်) လာရွာသော မိုးကိုမူ တောင်သူများ က မလိုလားကြောင်း ဦးပေါက်စက ရှင်းပြသည်။

“အဘတို့ ကြဲပြီးတာ ဆယ်ရက်လောက် ရှိပြီ။ မိုးမရွာရင် ကိစ္စမရှိဘူး။ မိုးရွာရင်သာ စိုစိုလေးရွာဖို့ လိုတာ။ ဟိုစလုံးစခုနဲ့ မနူးမနပ် လာရွာမှ အပေါ်ယံ စိုတဲ့နေရာက ပေါက်၊ မစိုတဲ့နေရာက မပေါက်။ အဲလိုဖြစ် မှာသာ ကြောက်တာ။ ရွာရင်သာ လေးလက်မ၊ ငါးလက်မလောက် စိုအောင် ရွာလိုက်ရင် အိုကေတယ်” ဟု တောင်သူ ဦးပေါက်စက ပြောဆိုသည်။

“အခု ပေါက်တော့ ပေါက်နေတယ်။ အပြင်ထိ ရှည်အောင် မထွက်ဘဲ အတွင်းမှာတင် ငုပ်ပြီးတော့ နေတယ်။ အဲဒီအကွက်တွေက ပြန်ဖျက်ရမယ့် သဘော ရောက်သွားတယ်။ ကနေ့ညနေမျိုး၊ မနက်ဖြန်မျိုး မိုးရွာလိုက် ရင်တော့ အပင်တွေက ပြန်ထွက်လာမှာပေါ့” ဟု ညောင်ပင်ကျေးရွာအုပ်စု ကုန်းကြီးရွာသား ဦးလှစိုး က ဖြည့်စွက်ပြောသည်။

ရှေ့ပိုင်းကာလများတွင် ခပ်စွတ်စွတ် ရွာလိုက်သော မိုးကြောင့် ယာခင်းအချို့တွင် သီးနှံအညွန့် အညှောက်တို့ ထွက်ပြူစ ပြုလေပြီ။ သို့သော် မိုးမှာ နောက်တစ်ကြိမ် ပြန်ပေါ်မလာ။ ရွာပြီ ဆိုပါကလည်း ခရီးသွားဟန်လွှဲ ဖြတ်ပြေးရုံမျှသာ။ သို့နှင့် ချစ်ချစ်တောက် ပူသော နွေနေရှိန်အောက်တွင် ယာမြေ မှာ ခြောက်လိုက်လာသည်။ အောက်ခြေမြေသား ခြောက်လိုက်လာသည့်အပြင် အပေါ်ယံ မြေသားမှာ လည်း ခပ်တင်းတင်း ဖြစ်လာသည်။ ထွက်စပြူစသီးနှံပင်တို့မှာလည်း သေကျေ ပျက်စီးရတော့သည်။

သီးနှံခင်းပျက်စီးသွားသော တောင်သူတို့မှာ မိုးကျချိန်တွင် ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးစေ့ကို ဝယ်ရပြန်သည်။ မိုးအဝင် နောက်ကျသည့်အပြင် ဈေးကောင်းလည်း မရသော မြေပဲကိုမူ စိုက်သူပျိုးသူ ရှားလာသည်။ နှမ်းကိုသာ အများစု စိုက်ကြသည်။ နှမ်းမျိုးစေ့ တစ်တင်းမှာ ခြောက်သောင်း ဝန်းကျင်ခန့် ရှိသည်ဟု တောင်သူ ဦးလှစိုးက ပြောပြသည်။

စိုက်ချိန်သီးချိန် နောက်ကျသည့်အပြင် မိုးလည်း သိပ်မကောင်းလှသဖြင့် ယခုနှစ်တွင် နှမ်းအထွက်နှုန်း ကျဆင်းနိုင်သည်ဟု ၎င်းက သုံးသပ်သည်။

“အနည်းဆုံး ငါးတင်းလောက်တော့ ကွာသွားနိုင်တယ်။ တစ်ဧကကို နှစ်ဆယ် ထွက်မယ့်လူက ဆယ့်ငါးပေါ့။ ဆယ့်ငါး ထွက်မယ့်လူက တစ်ဆယ်ပေါ့” ဟု တောင်သူ ဦးလှစိုးက တွက်ပြသည်။

နှမ်းအထွက်နှုန်း ကျနိုင်သဖြင့် သီးနှံပေါ်ချိန်တွင် နှမ်းတစ်တင်းလျှင် ခြောက်သောင်းကျပ်ခန့် ဝယ်ဈေးရှိ မှသာ စိုက်စရိတ်၊ ပျိုးစရိတ်အတွက် ကုန်ကျစရိတ် အရင်းအနှီးကို ပြန်ရနိုင်ကြောင်း ၎င်းက ဆက်ပြော သည်။
မကွေးတိုင်းဒေသကြီး အတွင်းရှိ ယာသမားများ၏ နှမ်းအထွက်နှုန်း ကျဆင်းမှုကြောင့် လာမည့်နှစ်တွင် ပြည်ပသို့ နှမ်းတင်ပို့သည့် ဈေးကွက်နှင့် နှမ်းကို တန်းဖိုးမြင့်ကုန်စည်အဖြစ် ပြောင်းလဲ ထုတ်လုပ်သော ဆီလုပ်ငန်းတို့မှာလည်း ထိခိုက်မှုရှိနိုင်သည်။ အကြောင်းမှာ ဧရာဝတီတိုင်းကို မြန်မာနိုင် ငံ၏ ဆန်အိုးကြီးဟု တင်စားခေါ်ဆိုသလို မကွေးတိုင်းသည်လည်း မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်သောေ ကြာင့် ဖြစ်သည်။

အဘယ်ကြောင့် ဤကဲ့သို့ နှမ်းအထွက်နှုန်း ကျဆင်းလာရပါသနည်း။ အလွယ်ကူဆုံး အဖြေမှာ အပူပိုင်းဇုန် ဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွင် မိုးနည်းလာသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် အပူပိုင်းဇုန်တွင် အဘယ်ကြောင့် မိုးနည်းရပါသနည်း။ နှစ်စဉ် နှစ်တိုင်း ဤကဲ့သို့ ဖြစ်နေမည်လော၊ စဉ်းစား စရာ ဖြစ်လာပါသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကမူ မြန်မာနိုင်ငံ၏ သယံဇာတ တစ်ခုဖြစ်သော မုတ်သုံရာသီဥတုမှာ ရှားပါးလာပြီ ဖြစ်ကြောင်း ပြောဆိုသည်။ ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် မုတ်သုံရာသီဥတု ပြောင်းလဲလာရာ မြန်မာနိုင်ငံတွင်လည်း မုတ်သုံ အဝင်နောက်ကျပြီး မုတ်သုံ ထွက်ခွာရက်မှာ ပိုစောလာကြောင်း၊ မိုးရွာသွန်းရက်မှာလည်း ရက်ပေါင်း ၄၀ ခန့် လျော့ပါးလာကြောင်း သူက ထောက်ပြသည်။

ယင်းအပြင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သော မုတ်သုံမုန်တိုင်းတို့ကြောင့် မိုးရရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသမှာ မိုးခေါင်သည့်ဒဏ်ခံလာရကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယခင်နှစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များနှင့် အတိုင်ပင်ခံ အကြံပေးပညာ ရှင်များ တွေ့ဆုံ ဆွေးနွေးပွဲတွင် အကြံပေး အဖွဲ့ဝင် တစ်ဦးဖြစ်သော ၎င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ရှားပါးသယံဇာတ ဖြစ်လာသော မုတ်သုံနှင့်အတူ မိုးကာလမှာလည်း ပြောင်းလဲလာပြီ ဖြစ်သည်။ သို့သော် တောင်သူများမှာ ယခင်နှစ်များတွင် ရွာတတ်သွန်းတတ်သော အချိန်၊ ယခင်နှစ်များတွင် စိုက်ရပျိုးရသည့် အချိန်ကိုသာ စိတ်ထဲတွင် စွဲမှတ်လျက် စိုက်ပျိုးနေကြတုန်း ဖြစ်သည်။ ယင်းပြဿနာကို သက်ဆိုင်ရာ အာဏာပိုင်တို့ကလည်း တစ်စုံတစ်ရာ ကြိုတင် အသိပေး၊ ပညာပေး ဟောပြောခြင်း လုံးဝမရှိချေ။ အကျိုးဆက်အားဖြင့် ကြိုတင် ကြဲထားသော မျိုးစေ့များ ပျက်စီးကာ နောက်ထပ် မျိုးစေ့ ထပ်ဝယ်ရခြင်း ကဲ့သို့သော အပိုကုန်ကျစရိတ်တို့ကို တောင်သူများ တစ်ဖန် ခါးစည်းခံရပြန်သည်။

အချို့သော တောင်သူများဆိုလျှင် မိုးလေဝသကို ခန့်မှန်းနိုင်ရန်အတွက် ရိုးရာအစဉ်အလာ ဖြစ်သော သင်္ကြန်စာကိုသာလျှင် ယုံကြည်ကိုးစားနေရဆဲ ဖြစ်သည်။ ဖုန်း၊ အင်တာနက်စသော ဆက်သွယ်ရေး ကိရိယာများမှတစ်ဆင့် မိုးလေဝသသတင်းကို အချိန်နှင့်တစ်ပြေးညီ သိခြင်း၊ ဈေးကွက်သတင်းများကို အမြဲမပြတ် သိရှိနေခြင်းစသော အကျိုးကျေးဇူးများကိုလည်း တောင်သူများအနေနှင့် ယခုတိုင် မခံစားရသေးပါ။ အဆင့်မြင့် နည်းပညာကို မကိုင်တွယ်တတ်ခြင်းနှင့် အင်တာနက်လိုင်း နှေးကွေးခြင်း ကဲ့သို့သော အဟန့်အတားများကား ရှိနေဆဲ ဖြစ်သည်။

ယင်းကဲ့သို့သော အချိန်တွင် သက်ဆိုင်ရာ အစိုးရဌာနများက တောင်သူများကို မိုးလေဝသ ပြောင်းလဲ လာပုံနှင့် စိုက်ပုံပျိုးပုံ လိုက်ပါပြောင်းလဲသင့်ပုံကို အသိပညာပေးခြင်း မရှိသေး။ ယင်း အကျိုးအဆက်အဖြစ် ရာသီဥတု ပြောင်းလဲမှုနှင့်အတူ တောင်သူများဘက်က စိုက်ပျိုးပုံ လိုက်ပါ မပြောင်းလဲနိုင်ပါက အထွက်နှု န်း လျော့ကျခြင်းနှင့် သီးနှံပျက်စီးခြင်းတို့အပြင် အပိုကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးကို တောင်သူများ ဆက် လက် ထမ်းပိုးထားရဦးမည် ဖြစ်သည်။

ဦးလှစိုးကမူ အခြားတောင်သူများနည်းတူ မိုးမျှော်ဆဲ။

“အခုကတော့ အပင်လုံးဝ မထွက်သေးဘူး။ မြေထဲမှာပဲ ငုပ်တုန်း ရှိသေးတယ်” ဟု သူက ဆိုလေသည်။

ဥာဏ်မျိုးအောင်

No comments:

Post a Comment