ပုံမှန်အားဖြင့် နေဖင်ထိုးမတတ် အိပ်တတ်ကြသော ကျွန်တော်တို့
ဆေးကျောင်းသားသူငယ်ချင်း များမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကမူ ဝေလီဝေလင်း
နှင်းမြူ မကွဲသေးချိန်မှာပင် အိပ်ရာထလေပြီ။ ဗုဒ္ဓခြေတော်ရာနှစ်ဆူရှိသော
မန်းရွှေစက်တော်ရာဘုရားပွဲကို နေမလင့်မီ ရောက်လိုသောကြောင့်သာ
ထူးထူးခြားခြား အိပ်ရာစောစော ထရခြင်း ဖြစ်သည်။ ကားရောက်နေပြီဆိုသော
အဖွဲ့ခေါင်းဆောင် ၏ ဆော်သြသံကြောင့် မျက်နှာကို ကပျာကယာ သစ်ရသည်။ အားလုံး
အဆင်သင့်တာနှင့် သူငယ်ချင်း မိန်းကလေး အဆောင်များသို့ ကားဖြင့်ပတ်ကာ
မိန်းကလေးများကို လိုက်လံ ခေါ်ရသည်။

မင်းဘူးမြို့ အဝင်တွင် ဂိတ်ကြေး ဆောင်ရသည်။ ဂိတ်ကို ဖြတ်သန်းလာသော ကျွန်တော်တို့ ကားမှာ မင်းဘူး-သရက်နှင့် မင်းဘူး-စကုလမ်းဆုံတွင် မင်းဘူး-စကုလမ်းကို ရွေးချယ်လိုက်သည်။ လမ်းတစ်လျှောက် ၌ မြို့ငယ်များတွင် တွေ့ရတတ်သော လက်ဖက်ရည်ဆိုင်လေးများ၊ ရုံးလုပ်ငန်း အဆောက်အအုံများ ကို တွေ့ရသည်။ မြို့အလွန်တွင် လမ်းဘေးရွာငယ်လေးများကို ဖြတ်မောင်းပြီးနောက် ယာပြင်များက တစ်ခွင်တစ်ပြင်။ အပူပိုင်းဒေသ ထုံးစံအတိုင်းပင် ခြောက်ခြောက်သွေ့သွေ့ ရှိလှသည်။ ဤခြောက်ြေ ခာက်သွေ့သွေ့ မြင်ကွင်းများ သည်ပင်လျှင် နွေဦးပေါက်တော့မည့် အညာအတွက် လွမ်းမောဖွယ် ရှုခင်းပေတည်း။
အတန်ကြာ မောင်းနှင်ပြီးလျှင် လက်နက်စက်ရုံ ရှိသည်ဟု သိရသော ပဒါန်း၊ မင်းဘူး၊ ရွှေစက်တော် လမ်းသုံးခွသို့ ရောက်သည်။ လမ်းသုံးခွ ဆုံရာ၌ ဆိုင်ငယ် တစ်ခုတွင်း ဝင်ကာ ပါစကဝမ်းမီးကို ထမင်း သုပ်နှင့် ငြှိမ်းရသည်။ စားသောက်ပြီး ခရီးဆက်လေရာ နာရီဝက်ခန့် မောင်းနှင်ပြီးလျှင် ပုသိမ်-မုံရွာ လမ်းပေါ်သို့ တက်သည်။ မန်းချောင်း တံတားကို ဖြတ်ရသည်။ ပုသိမ်-မုံရွာ လမ်းပေါ်မှ ခွဲထွက် သွားသော ရွှေစက်တော်လမ်းအတိုင်း တက်မောင်းသည်။
“တောမီးမရှို့ရ၊ သစ်တော ဥပဒေအရ အရေးယူခြင်း ခံရမည်” ဆိုသော လမ်းဘေးဆိုင်းဘုတ်လေး များကို တွေ့ရသည်။ လမ်းဘေးရှိ သစ်တောတွင် အများဆုံး တွေ့ရသည်မှာ အညာဒေသ၏ အပူဒဏ်ကို ခံနိုင်ရည် ရှိသော ပင်စည်မာ၊ အရိုးပြိုင်းပြိုင်းသစ်ပင်များပင်။ ရှားပင်၊ ယူကလစ်၊ ဒဟတ်ပင်၊ လက်ပံပင် တို့ကို အတွေ့ရ များသည်။ စိမ်းဖျော့ဖျော့နှင့် ဝါညက်ညက်အရွက်များ အုံနေသော ဝါးရုံတောတချို့လ ည်း ပေါက်ရောက်နေသည်။ သစ်တောတစ်ခွင်လုံးမှာ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တို့နှင့် လောင် စာတောကြီးပမာ ရှိလေရာ “မီးခြစ် တစ်ချက်တို့လျှင် မီးဟုန်းဟုန်းတောက်” မည့်အသွင် ဖြစ်လေသည်။ ဤတောမှာ ရွှေစက်တော်ဘေးမဲ့တောဟု အမည်တွင်သည်။
“ဟိုတုန်းက တောဝက်တွေ ရှိတယ်။ ဆိုင်ကယ်နဲ့ ဘုရားဖူးလာတဲ့အတွဲ တစ်တွဲတော့ တောဝက်ပက်လို့ တိုင်းဆေးရုံကြီး ရောက်လာဖူးတယ်လို့ ပြောတယ်” ဟု သူငယ်ချင်း ဖြစ်သူက ဆေးကျောင်းသား စီနီယာ အစ်ကိုတစ်ဦး၏ စကားကို ပြန်ပြောပြသည်။ တောဝက်တွေတော့ ရှိချင်မှ ရှိတော့မယ်၊ ယုန်တွေတော့ ရှိလောက်သေးတယ်လို့ တခြားတစ်ယောက်က စကားစလိုက်ရာ ယုန်သားက ချိုကြောင်း၊ တောရွာများတွင် ယုန်ရိုးကို သိမ်းထားတတ်ပြီး ဟင်းချိုချက်လျှင် အချိုမှုန့်အစား ယုန်ရိုးကို ထည့်ချက်တတ်ကြောင်း သူငယ်ချင်း တစ်ယောက်က ထောက်ခံပြောသည်။ ဘုရားပွဲတော်သို့ ထွက်လာသော ကျွန်တော်တို့ တစ်တွေမှာ သတ္တဝါများ၏ အသားကို စားကောင်းသောက်ဖွယ်ရာ ဋီကာချဲ့မိသည်ကို တွေးလျက် ပြုံးမိသည်။
ရွှေစက်တော် ဘုရားဝင်းတွင်းသို့ မဝင်မီ ရွှေသမင်ခြံကြီး တစ်ခုကို လမ်းဘေးတွင် တွေ့ရသည်။ “ရွှေသမင်တွေက ရွှေရောင်လည်း မပေါက်ဘူး” ဟု သူငယ်ချင်းတစ်ယောက်က ညည်းလေရာ “ကာတွန်း ရွှေသမင်မှ မဟုတ်တာ၊ ရွှေရောင်တောက်အောင်ဆို ကုလားရွှေ သုတ်ပေးဖို့ပဲ ရှိတယ်ဟ” လို့ ကျန်တစ်ယောက်က ထငေါ့လေသည်။ ရွှေသမင်ခြံ အပြင်ဘက်မှ မြင်တွေ့ရသလောက်မှာ ရွှေ သမင် ခြောက်ကောင်ခန့် ရှိမည်ဟု ခန့်မှန်းမိသည်။ နှစ်ကောင်ခန့်မှာ သက်ကြားအိုပြီထင်သည်။ ဦးချိုကားကားကြီးမှာ သစ်ပင် အကိုင်းအခက်ကြီးကို ဦးကင်းထက်တွင် ပန်ဆင်ထားသည့်နှယ် ရှိလှသည်။
သို့နှင့် ကားသည် ရွှေစက်တော် ဘုရားဝင်း ဂိတ်ဝသို့ ရောက်လေပြီ။ ဂိတ်ကြေး ကောက်သူများနှင့် အတူ ရဲတပ်သား နှစ်ယောက်ခန့် တွေ့ရသည်။ သူတို့က ကားပေါ်တွင် ပါလာသော အထုပ်များကို စေ့စေ့စပ်စပ် ကြည့်သည်။ ဤသို့ စေ့စေ့စပ်စပ် ကြည့်ခြင်းမှာ ရှေးလများ အတွင်းက မြန်မာနိုင်ငံအနှံ့ ဗုံးပေါက် ကွဲမှုများ ဖြစ်ထားခြင်းကြောင့်ဟု ထင်မိသည်။ အခြားသော သူငယ်ချင်းတစ်ဖွဲ့နှင့်တွေ့မှ ကျွန်တော့် အထင်မှားကြောင်း သိရသည်။ အရက်ဘီယာ သယ်ဆောင်လာခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းသာ ဖြစ်သည်။ အရက်ပုလင်းနှင့် ဘီယာများကို ကတ္တူပုံးနှင့် သိသိသာသာ သယ်လာမိသော သူငယ်ချင်းများမှာ မှောင်ခို အရောင်းဆိုင်လေးများကို အပြေးအလွှား ရှာဝယ်ရသည်။ ကျွန်တော်တို့ အုပ်စုမှာမူ အဖွဲ့ခေါင်းဆောင်၏ အမြော်အမြင် ကြီးမှုကြောင့် အရက်၊ ဘီယာ ပုလင်းများကို ဖမ်းမမိချေ။
ရောက်ပြီ… ရွှေစက်တော်ကို ရောက်ပြီ။ ဝါးကြမ်းခင်း၊ သက်ငယ်မိုး၊ ထရံကာနှင့် ဆယ်ပေပတ်လည် တည်းခိုခန်းလေး များကို အတွဲလိုက် စီစီရီရီ တွေ့ရလေပြီ။ တည်းခိုခန်းများမှာ မန်းချောင်းဘေး တစ်လျှောက်တွင် ဆောက်ထားခြင်း ဖြစ်ရာ ရေမိုးချိုးရာတွင် အပေါ်စီးမှ နေရာရရန်အတွက် ချောင်း အထက်ရှိ တည်းခိုခန်း အတွဲများဆီသို့ ကားကို မောင်းလာသည်။ ဘုရားကွင်းပြင် တစ်ခွင်လုံးတွင် ကျော က်စရစ်ခဲများ ထူလှသဖြင့် ကားဘီးမှာ အတော်လေး ရုန်းယူရသည်။ တောင်စဉ် တောင်တန်းအသွယ်သွ ယ်ကြားမှ ကွေ့ကာဝိုက်ကာ စီးဆင်းလာသော မန်းချောင်းကြောင့် ဤမျှလောက် ကျောက်စရစ်ခဲ ပေါ ရခြင်း ဖြစ်မည်ဟု တွေးမိသည်။
“ညီလေးတို့ တဲကျောင်း ငှားဦးမလား။ ရေစပ်မှာ ရမယ်။ အခန်းသန့်တယ်” ဟု တည်းခိုခန်း ငှားရန် ကားဘေးမှ လိုက်စပ်နေသော လူနှစ်ဦးခန့် တွေ့ရသည်။ တည်းခိုခန်း အတွဲလေးများကို ဒေသအခေါ်အရ တဲကျောင်းဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ချောင်းအထက်နားသို့ ရောက်လျှင် တဲကျောင်းများကို လိုက်ကြ ည့်သည်။ ရေစပ်နှင့် ကပ်သော အခန်းများမှာ လူပြည့်နေသဖြင့် အတော်ရှာရသည်။ ရေစပ်နှင့် ဝေးသော အခန်းများမှာ တစ်သောင်းခွဲမျှသာ ရှိသော်လည်း ရေစပ်နှင့် ကပ်နေသော အခန်းများမှာမူ ဈေးမြော က်သည်။ အနည်းဆုံး သုံးသောင်းခွဲခန့် ရှိသည်။ ရေစပ်နှင့်လည်း နီးရမည်၊ ချောင်းအထက်လည်း ရောက် ရမည် ဆိုလျှင် တည်းခိုခန်း ဈေးမှာ ပိုလို့ကြီးသည်။
တဲကျောင်းများကို လိုက်ကြည့်ပြီးနောက် အခန်း နှစ်ခု ငှားလိုက်သည်။ ရေစပ်နှင့် ကပ်နေသော အခန်းကို ယောက်ျားလေးများ ပေါင်းနေပြီး အတွင်းပိုင်း အခန်းတွင်မူ မိန်းကလေးများကို နေရာချထား လိုက်သည်။ အခန်းတစ်ခုနှင့် တစ်ခုကို ဝါးထရံငယ်မျှသာ ခြားထားရာ တစ်ဖက်အသံကို တစ်ဖက်က အတိုင်းသား ကြားနေရသည်။ အမိုးမှာ သက်ငယ်ပါးပါးမျှ အုပ်ထားသည့်အပြင် ခေါင်ပင်ချုပ်မထားပေ။ မိုးသာရွာလျှင် လဟာပြင် ဒိုးယိုပေါက်နှင့် မခြားရေစီးပေလိမ့်မည်။ ဆောင်းကုန်လို့ နွေဦးပေါက်ေ တာ့မည်ဟု မိုးကို စိတ်ချထားလို့ မရပေ။ အစိုးမရသော မိုးကား ခပ်ဆိုးဆိုး ပေါက်ချလာတတ်သည် မဟုတ်လား။
အထုပ်အပိုးများ ချပြီးနောက် မန်းချောင်း ရေထဲသို့ ဆင်းဆော့ရန် ဘောင်းဘီတိုနှင့် အင်္ကျီတီရှပ်ကို လှဲဝတ်ကြသည်။ ခရီးရောက်စ ဖြစ်၍ ခဏတာ နားကြသည်။ အဖွဲ့ခေါင်းဆောင်က ထမင်းအငှား ချက်ပေးမည့် သူကို လိုက်ရှာသည်။ ဘုရားပွဲတော်တွင်းရှိ ထမင်းဆိုင်များမှာ ဈေးကြီးလှသဖြင့် ဟင်းကို မိန်းကလေးများက ချက်လာသည်။ ထမင်းအတွက်မူ ဆန်ယူလာပြီး ပွဲတော်တွင် ထမင်းတစ် အိုး ငွေတစ်ထောင်ခန့်ဖြင့် အငှားချက်ပေးသူများထံ ဆန်အပ်လိုက်သည်။ ထိုသို့ ကြိုတင် အပ်ထားမှသာ ရေစိမ်ပြီး ကုန်းပေါ် တက်လာတာနှင့် နေ့လယ်စာ ပူပူကို လွေးနိုင်ပေမည်။
အနားယူပြီးသော အခါ စိမ်းမြမြ မန်းချောင်း ရေထဲသို့ တစ်ယောက်ပြီး တစ်ယောက် ခုန်ဆင်းကြသည်။ မန်းချောင်းရေမှာ သာမန်ထက် အေးနေပါ့လား။ ချောင်းအနက်မှာ ဒူးလယ်ခါးလယ်မျှသာ ဖြစ်သည်။ ကမ်းပါးကွေ့ နေရာများတွင်မူ လူတစ်ရပ်ခန့် မြှုပ်ချင် မြှုပ်တတ်သည်။ ရေကြမ်းပြင်တွင် နင်းမိလေေ သာ နေရာတိုင်းမှာ ကျောက်စရစ်ခဲနှင့် မလွတ်ချေ။ တောင်ရိပ်တောရိပ် အလယ်လည်းဖြစ် ကျောက်စ ရစ်ခဲလေးများ ခင်းထားသော ရေကြမ်းပြင်လည်း ဖြစ်သော မန်းချောင်းသည် သာမန်ထက် ပိုအေးနေသ ည်မှာ မဆန်းချေ။
ယောက်ျားသားများ ဖြစ်သော ကျွန်တော်တို့က ရေထဲတွင် ဒိုင်ဗင် ပစ်သူပစ်၊ ကျွမ်းထိုးသူထိုး၊ ငုပ်သူငုပ်၊ ကူးသူကူးနှင့် ပျော်ပျော်ကြီး ဆော့ကစားနေသော်လည်း မိန်းကလေးများမှာ ခြေလွတ်လက်လွတ် ရဲရဲကြီး ကစားရဲဟန် မတူချေ။ ရေထဲတွင် လိုက်လံ ရောင်းချသော ဗောကွင်းသည်ထံမှ ရောင်စုံဘောကွ င်းလေးများကို ပထမဦးစွာ ဝယ်ယူကြသည်။ တစ်ကွင်းလျှင် ထောင့်ငါးရာ၊ ထောင့်ခုနစ်ရာခန့် ရှိသည်။ ယင်းရောင်စုံ ဘောကွင်းများကို ကိုယ်စီကိုယ်စီ ခါးတွင် စွပ်ပြီးမှသာ မိန်းကလေးများမှာ ယက်ကန်ယ က်ကန် ရေကစားနိုင်ရှာသည်။
ဘေးပတ်လည်တွင်လည်း ရေကစားနေသော ကလေးငယ်၊ လူငယ်လူရွယ်၊ မိန်းမကြီး မိန်းမပျို၊ စုံတွဲ အလျှိုလျှို။ ကလေးငယ်များကား ရေထဲတွင် ဘောလုံး လုတမ်း၊ ပုတ်တမ်း ကစားနေကြသည်။ မိန်းမကြီးနှင့် လူကြီးများမှာမူ အရွယ်အရ ဣနြေ္ဒဆောင်လျက် ခပ်ငြိမ်ငြိမ် ရေချိုးနေကြသည်။ စုံတွဲများမှာ တစ်ယောက် ကို တစ်ယောက် ခေါင်းလျှော်ပေး ဆပ်ပြာတိုက်ပေးနှင့် ကယုကယင် ချစ်ခင်ကြင်နာ ပြနေကြသည်။ သဘောကောင်းရှာသော မန်းချောင်းမှာကား အသက်အရွယ် မရွေး၊ ကျားမ မရွေးဘဲ လူတိုင်း၏ ပြုသ မျှ နုသမျှကို သည်းခံရှာသည်။
မန်းချောင်း၏ ရေနက်ပိုင်း နေရာများတွင်မူ ရေကစားခွင့် မပြုဘဲ အန္တရာယ်ရှိသော နေရာအဖြစ် အမှတ်အသား ပြကာ ကန့်သတ်ထားတတ်သည်။ အမှတ်အသား ပြမထားသော်လည်း တချို့ နေရာများတွင်မူ ရေနက်ပိုင်း ဖြစ်ချင် ဖြစ်နေတတ်သည်။ ကျွန်တော်တို့ အဖွဲ့သည် အုပ်စုလိုက် အထက်မှ အောက်သို့ စုန်ဆင်းလာကြရာ ကမ်းပါးကွေ့ တစ်နေရာတွင် ရေသည် တစ်စတစ်စ နက်လာပြီး ရေအောက်ကြမ်းပြင်နှင့် အောက်ခြေလွတ် သွားလေသည်။ ခေါင်းပင် မြုပ်သွားလေ ရာ ရေမကူးတတ်သဖြင့် ရေပြင်ပေါ် ပေါ်လာရန် အတင်း ကန်တက်ရသည်။ မိန်းကလေးများ၏ ဗောကွ င်းကို ကိုင်လိုက်လာသူ များမှာ နက်လို့ နက်မှန်းမသိ၊ နောက်ကလူ မြုပ်လို့မြုပ်မှန်း မသိပေ။ လေးကြိမ်ေ လာက် ခုန်တက်ပြီးမှသာ ဗောကွင်းကို ဖမ်းဆွဲနိုင်တော့သည်။
“ငါတို့ မြုပ်တဲ့ကွေ့နားမှာ လူနှစ်ယောက် သေသွားတယ်” ဟု အဝတ်အစား လဲပြီးခါစ ကျွန်တော်တို့ အဖွဲ့ထံ သူငယ်ချင်း တစ်ယောက်က သတင်းပါးသည်။ သေသွားသော လူငယ် ရေနစ်မြုပ်နေစဉ် ထိုနား၌ အခြားသော လူများ ရှိသော်လည်း ရေတကယ် နစ်သည်ဟု မထင်၊ စနောက် နေသည်ဟု ထင်မှတ်ေ နကြသည်။ တကယ်နစ်မှန်း သိသောအခါ ရေကူးတတ်သူကို လိုက်ရှာနေရသေးသည်။ သို့ဖြင့် ရောက် စနေ့မှာပင် လူနှစ်ယောက် စားသွားသော မန်းချောင်းမှာ ထင်သလောက် သဘောမကောင်းလှေ ချ။ နောက်တစ်ရက်တွင်မူ ထိုနေရာ တစ်ဝိုက်ကို ဝါးလုံးတန်းထိုး ကာထားသည်ကို တွေ့ရသည်။
ညပိုင်းတွင် အောက်စက်တော်ရာသို့ ထွက်လာကြသည်။ ခြေတော်ရာ အနီးရှိ နဂါးဘုရားတွင် နွားနို့နှင့် သစ်သီးသစ်ဥ ရောင်းချသူ၊ ဆက်ကပ်သူ၊ ငွေယူလျက် ဆုတောင်းစာ တိုင်ပေးသူများကို တွေ့ရ သည်။ ခြေတော်ရာတွင်း၌မူ မိန်းကလေးများကို မတွေ့ရ။ ဝင်ခွင့် မပြုဟု သိရသည်။ ခြေတော်ရာထိပ်၌ ပုတီးစိပ်နေသော ဆရာတော် တစ်ပါးကို တွေ့ရသည်။ တည်တည်ငြိမ်ငြိမ် ပုတီးစိပ်ဟန် ပြုနေသော ဆရာတော်မှာ တစ်ခါတစ်ရံ ခါးကုန်းပြီး ခြေတော်ရာကို ဦးခေါင်းပြောင်နှင့် တိုက်လေသည်။ ဆရာတော်ကို မြင်ပြီးနောက် ကျွန်တော် ကြည့်ဖူးသော အိန္ဒိယဇာတ်ကား “အိုးမိုင်ဂေါ့” ကိုသာ သတိရမိတော့သည်။
ခြေတော်ရာ ဘေးပတ်လည်တွင်မူ ရွှေသင်္ကန်း ဆက်ကပ်သူ၊ ငွေလှူသူများနှင့် အပြည့် ။ ရွှေသင်္ကန်းထူထူနှင့် ငွေစက္ကူရွက်တို့ကြောင့် ခြေတော်ရာမှာ ရုပ်လုံး မထွက်ချေ။ ဗုဒ္ဓ၏ခြေတော်ရာ အစစ်၊ အတုဆိုသော အငြင်းပွားဖွယ်ကိစ္စကို ဘေးထားကာ ခြေတော်ရာကို အစစ်ဟုသာ ယူဆပါက ခြေတော်ရာကို ရွှေသင်္ကန်း ကပ်ခြင်းမှာ ပုဂံဘုရားများကို ရွှေထီးတင်သည်နှင့် မခြားဟု တွေးမိပါသည်။ ပုဂံဘုရားများမှာ ရွှေထီးတင်ထားသောကြောင့် မူလဗိသုကာ
လက်ရာမှ ရွေလျောကာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း မဝင်ဟု သိမှတ်ရပါသည်။ သို့ကြောင့် ခြေတော်ရာကိုသာ မူရင်းအတိုင်း ထားရှိပါက ဗုဒ္ဓ၏ တစ်ရာ့ရှစ်ပါးသော စက်လက္ခဏာတို့ကို အထင်အရှား တွေ့မည်နိုင်မည် မဟုတ်လား။
ခြေတော်ရာ ပြင်ပတွင် ဆီမီးတိုင်များ အတန်းလိုက် အတန်းလိုက် ထွန်းညှိ ပူဇော်ထားသည် ။ ခြေတော်ရာဘေးရှိ လမ်းအတိုင်း တောင်ပေါ်သို့တက်သွားလျှင် နတ်ရေကန် ရောက်သည်။ လမ်းတစ်လျှောက်တွင် “လမ်းပြင်ဖို့ပါ အစ်ကိုကြီး အစ်မကြီးတို့ရာ၊ အလှူငွေလေး ထည့်ခဲ့ကြပါ။ မိန်းမချောချော ရပါစေ” စသဖြင့် တစာစာရွတ်လျက် ဖလားလိုက်ခံနေသော ကလေးငယ်များကို တွေ့ ရသည်။ အဘိုးကြီး အဘွားကြီးများလည်း ပါသည်။ နတ်ရေကန်တွင် သိကြားမင်းနတ်ရုပ်၏ ခရုသင်းမှ တစိမ့်စိမ့် ထွက်လာသော ရေကို ခွက်ခံသောက်နေသူများ ရှိသည်။ လက်ဆောင် သယ်လိုသူများက ဘူးဝယ်ပြီးမှ ထည့်ယူနိုင်သည်။
ဤသို့နှင့် တစ်ည ကုန်ဆုံးပြီးနောက် နောက်တစ်ရက် မနက်တွင် အထက်စက်တော်ရာသို့ တက် သည်။ စောင်းတန်း တစ်လျှောက်တွင် အင်္ကျီအထည်ရောင်းသူ၊ လက်ဆောင်ပစ္စည်း ရောင်းသူ၊ ရှားပါး သစ်မြစ်သစ်ဥ ရောင်းသူ၊ ကျားရိုးစသော တောတိရစ္ဆာန်တို့၏ ခန္ဓာကိုယ်အစိတ်အပိုင်း ရောင်း ချသူ၊ ဗေဒင် ဟောသူတို့နှင့် အပြည့်။ အထက်စက်တော်ရာတွင်လည်း အောက်စက်တော်ရာ နည်းတူပင် ခြေတော်ရာကို ငုံတည်ထားသော ဘုရားလေးကို ရွှေချသူများနှင့်အပြည့်။ အထက်စ က်တော်ရာပေါ်မှာ လှမ်းမျှော်ကြည့်လိုက်လျှင် အောက်တွင် ရှိသော ဘုရားကွင်းပြင် တစ်ခုလုံး ကို မြင်ရသည်။
“မျောက်စာ ဝယ်ဦးမလား အစ်ကို၊ တစ်ထုပ်မှ တစ်ရာပါ” ဟု ပြောလျက် ခရမ်းချဉ်သီး သုံးလုံး ပါသော မြောက်စာထုပ် လိုက်ရောင်းနေသူများ ရှိသည်။ တောင်ခြေကမ်းပါးယံတွင်မူ သစ်ခြောက်ရောင် အမွေးအမျှင်များဖြင့် မျောက်ကလေးများ ရှိသည်။ ပေါင်မုန့်ချပ်ကြီးကို ကိုက်ဖဲ့နေသော မျောက်၊ ခရမ်းချဉ်သီး ဝါးနေသော မျောက်၊ ငှက်ပျောသီး လုနေသော မျောက်တို့၏ အချင်းချင်း မာန်ဖီသံဖြင့် ရှိလှရာ “မင်းတို့ အမျိုးတွေ” ဟု မျောက်စာ ကြွေးရင်း သူငယ်ချင်းများ စနောက်ကြသည်။

ကျောက်ဘီလူးသို့ ရောက်သောအခါ မောင်မင်းကြီးသား ကျောက်ဘီလူးမှာ ခြေကားယား လက် ကားယား ဖြင့် မာဆတ် ဝင်လျက် ရှိသည်။ မြေကြီးတွင် ကပ်လျက် ထုထားသော ကျောက်ဘီလူး ရုပ်တုကို နှိပ်နယ် ပေးနေသူများ တွေ့ရသည်။ ဘီလူးဘေးတွင် လူတစ်ဦးက မိုက်ကိုင်ကာ ထိုင်လျက် ယုံယုံကြည်ကြည်လုပ်၊ ယုံယုံကြည်လုပ်ဟု ဆော်သြပေးနေသည်။ လက်ကမ်း စာစဉ်အရ ဤဘီလူးမှာ အိပ်မက်ပေးလျက် ကျောက်ခဲအသွင် ပုံကြမ်း ပေါ်လာသည်ကို ပုံချော သွင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆန်းလှပေသည် တကားဟုပင် ရေရွတ် ရတော့သည်။
တစ်ညအိပ်ပြီး နှစ်ရက် ပတ်လိုက်သောကြောင့် ရွှေစက်တော်တစ်ခွင် ပြဲပြဲစင်အောင် ရောက်ခဲ့သည်။ ကျွန်တော်တို့ကဲ့သို့ပင် လာရောက် လည်ပတ်ကြသူများဖြင့် စည်စည်ကားကား ရှိလှသည်။ အထူးသဖြင့် မန္တလေး၊ ရန်ကုန်မြို့တို့မှ လာရောက်သူများနှင့် မကွေးဒေသ တစ်ဝိုက်မှ လာရောက်ကြသူများ ဖြစ်သည်။ သို့သော် မည်သို့သော နိုင်ငံခြား ခရီးသည်ကိုမျှ မတွေ့ရပေ။ ရွှေသမင်များ ရှိသော သဘာဝဘေး မဲ့တောကြောင့် ဂေဟအခြေပြု ခရီးသွား၊ ဗုဒ္ဓကိုးကွယ်မှုနှင့် နတ်ကိုးကွယ်ယုံကြည်မှုတို့ကို မျက်ဝါး ထင်ထင် တွေ့မြင်နိုင်သောကြောင့် ယဉ်ကျေးမှု အခြေပြု ခရီးသွားများကို ဆွဲဆောင်နိုင်ဖွယ်ရာရှိသော ဤမန်းရွှေစက်တော် ဘုရားပွဲသို့ လည်ပတ်နိုင်ကြောင်းကို မကွေးဒေသနှင့် မဝေးလှသော ပုဂံခရီးသွား ဇုန်လာ ခရီးသွားများကိုသာ သတင်းစကားပါးနိုင်လျှင် ရွှေစက်တော်သည် ဆယ့်နှစ်ရာသီပွဲ စည်ပေလိမ့် မည်ဟု တွေးမိပါသည်။
ဥာဏ်မျိုးအောင်
No comments:
Post a Comment