Sunday, June 1, 2014

သင်္ကြန်အလှ

Written by  ဉာဏ်မျိုးအောင်

သင်္ကြန်ဆိုသောစကားကို ကြားသည်နှင့် ခုနောက်ပိုင်းတွင် အကောင်းမြင်မှုတွေ နည်းလာကြသည်။ စိတ်လွတ်လက်လွတ်နှင့် အလွန်အကျူး ပျော်သောပွဲဟုပင် အချို့က အဆိုးမြင်လာကြသည်။ အရှက် အကြောက်တရားကို ခေတ္တဘေးချိတ်ကာ အဖော်အချွတ်ပွဲဟုလည်း အချို့က ပစ်ပစ်ခါခါ ပြောပါသည်။ အချို့ကတော့ ယမကာပွဲဟု သမုတ်ပြန်သည်။ ထိုသို့ ဝေဖန်စရာများကြားမှပင် သည်နှစ်သင်္ကြန်တွင်း၌ သင်္ကြန်၏ အလှတရားအချို့ကို ကျွန်တော့်အဖို့ မြင်ခွင့်ကြုံခဲ့ရသည်။ သို့သော် ထူးခြားချက်တစ်ခုမှာ ဤအလှတရားအားလုံးကို မြို့ကြီးပြကြီး မဟုတ်သော ကျေးလက်တောရွာတွင် တွေ့မြင်ခဲ့ရခြင်း ဖြစ် ပါသည်။

၁။ ရေလိုအေး၍ ပန်းလိုမွှေး


“ကျေးရွာတွင်းရှိ မှီတင်းနေထိုင်ကြကုန်သော သက်ကြီး အဘိုးအဘွားများ ခင်ဗျား။ မနက်ဖြန်မနက် မ......၏ အိမ်သို့ ခေါင်းလျှော်ရေချိုး ကြွရောက်ပေးကြပါရန် နှိုးဆော်အပ်ပါသည် ခင်ဗျား” ဟု ဦးအုန်းမောင်က လော်စပီကာမပါ မိုက်ခွက်အားမကိုးမပါဘဲ ပါရမီအခံအရ ပါလာသော အသံသြကြီးဖြင့် ရွာလမ်းပတ်ကာ အသံဟစ်သည်။ ကျေးရွာဓလေ့အရ အိမ်တစ်အိမ်တွင် အလှူအတန်း ရှိပါက ယင်းကဲ့သို့ လိုက်လံဆော်သြ တတ်ပြီး ယင်းကို “ဗျို့ထိုး” သည်ဟု ခေါ်ကြသည်။

သင်္ကြန်ကာလတွင် ရေနံချောင်းမြို့နယ် ပင်းဘုရားကုန်း ရွာကလေး၌ ငွေမလိုသော အလှူအတန်း တစ်ခုကို တွေ့ရတတ်သည်။ ယင်းမှာ ချိုးရေအလှူပင် ဖြစ်သည်။ သက်ကြီး အဘိုးအဘွားများကို ချိုးရေ အလှူပေးလိုသော သူသည် မိမိအိမ်ရှေ့တွင် နီးစပ်ရာအိမ်များမှ ခေတ္တငှားယူထားသော စဥ့်အိုးကြီးတွေ ဆယ်လုံး၊ ဆယ့်ငါးလုံးခန့် စီတန်းထားရသည်။ ညနေစောင်းတွင် ကျေးလက် လူငယ်မောင်မယ်တို့က လက်နှိပ်တွင်းမှ ရေကို ရေပုံးနှစ်ပုံးကို ထမ်းပိုးလျှိုထမ်းသူထမ်း၊ ခေါင်းရွက်သယ်သူက သယ်ကြပြီး စဥ့်အိုးများတွင် ရေဖြည့်ထားကြရသည်။ ယင်းညနေစောင်းမှာပင် အသံသြဇာ ကောင်းသော လူကြီးတစ်ယောက်က မနက်ဖြန်မနက် တွင် ခေါင်းလျှော် ရေချိုး ကြွရောက်ပေးပါရန် ရွာရိုးပတ်ကာ နှိုးဆော်ရသည်။

မနက်ရောက်သည်နှင့် သင်္ကြန်ကာလအတွင်း ဘုန်းကြီးကျောင်းသို့ သွားကာ ဥပုသ်ယူကြမည့် အဘိုးအဘွားများက ရေလာချိုးကြသည်။ ရေအလှူပေးသူ အိမ်ရှင်အချို့ကမူ ခေါင်းလျှော် ရေပါ အဆင်သင့် ထားပေးတတ်ကြသည်။ ခေါင်းလျှော်ပြီးလို့ ရေမိုးချိုးပြီးပါက သက်ကြီးအဘွားတို့ကို စံပယ် သို့မဟုတ် ခရေပန်းတွေ သီထားသော ပန်းကုံး တစ်ကုံးလောက်လည်း ပေးလိုက်သေးသည်။ ရေလိုအေး၍ ပန်းလိုမွှေးကြပါစေဟုလည်း အဘွားတို့က အလှူနှင့် လိုက်ဖက်စွာ ဆုပေးတတ်ကြသည်။

ပုံမှန်ဆိုပါက အပူပိုင်းဇုန် ဖြစ်သော အညာဘက်တွင် ရေမိုးချိုးလိုပါက လက်နှိပ်တွင်းမှ ရေကို ထမ်းပိုး သယ်ယူကြရသည်။ လက်နှိပ်တွင်းက အိမ်နှင့်ဝေးလျှင် ဝေးသလို ရေထမ်းရသည်မှ မသက် သာလှပါ။ တချို့ အဘိုးအဘွားများမှာ အသက်အရွယ်လည်း ကြီးရင့်လှပြီဖြစ်ရာ ကိုယ်တိုင် သယ်ယူခြင်း မပြုနိုင်။ သို့ဖြစ်ရာ ခေါင်းလျှော်ရေချိုး အလှူပေးသည့် ဓလေ့ကို မည်သည့်အချိန်က မည်သို့ စတင်ခဲ့သည်ကို မသိရသည့်တိုင်၊ ဤဓလေ့မှာ အခါတွင်းကာလ၌ သန့်သန့်ပြန့်ပြန့်ဖြင့် ဥပုသ်သီတင်း စောင့်သွား လိုကြသည့် သက်ကြီး အဘိုးအဘွားတို့၏ လိုအပ်ချက်ကို ကွက်လပ်ဖြည့်ပေးသော ဓလေ့တစ်ခု ဖြစ်သည် ဟု ဆိုချင်ပါသည်။

၂။ အလှပေါ် အလှဆင့်


“အဘိုးအဘွားတို့ကို ကာယကံ၊ ဝစီကံ၊ မနောကံဖြင့် ပြစ်မှားမိသည် ရှိသော် ခွင့်လွှတ်ပေးပါရန် ကျွန်တော် ကျွန်မတို့က…”။ ရင့်ရော်သော ရော်ရွက်ဝါတွေနှင့်တူသည် သက်ကြီး အဘိုးအဘွားများ တန်းစီထိုင်နေ သည့် ခုံတန်းရှေ့တွင် မြစိမ်းစိုစို သစ်ရွက်တွေနှင့်တူသည့် လူငယ်မောင်မယ် တစ်စုက ပုဆစ်တုပ် ထိုင်ကာ ရှိခိုးနေကြသည်။

ဤမြင်ကွင်းလေးကို ကျောက်တန်းမြို့နယ် မြကိုင်း ကျေးရွာကလေးတွင် တွေ့ခွင့်ရခဲ့ပါသည်။ ရွှေရည်လူးသော အလှနှင့် မြရည်လူးသော အလှနှစ်ခု ပေါင်းဖက်ထားသည့် မြင်ကွင်းဟုလည်း ဆိုချင်ပါသည်။
သင်္ကြန်နှစ်ဆန်း တစ်ရက်နေ့ ညနေစောင်းတွင် ပြုလုပ်လေ့ရှိသော သက်ကြီး ပူဇော်ပွဲကလေး ဖြစ်ပါသ ည်။

ကျေးလက်လူငယ်များက သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက် ကော်မတီတစ်ခုကို ရှေးဦးစွာ ဖွဲ့ကြသည်။ ကော်မတီဝင်များထဲမှ အဖွဲ့ဝင်များက တစ်ဦးလျှင် တစ်သောင်းခွဲကျပ်စီ မတည်ငွေ ထည့်ကြ သည်။ ထို့နောက် ရွာထဲသို့ပတ်ကာ အလှူခံကြသေးသည်။ ဤငွေတို့ကို စုပေါင်းကာ သက်ကြီးများကို ကန်တော့ငွေအဖြစ် လှူကြခြင်း ဖြစ်သည်။ ၇၅ နှစ်အထက် သက်ကြီး အဘိုးအဘွားတို့ကို ပူဇော်ခံ စာရင်းသွင်းကြသည်။ ယခုနှစ်တွင် ကန်တော့ခံ အဘိုးအဘွား ၃၀ ကျော်ခန့် ရှိသည်ဟု ကော်မတီဝင် တို့က ပြောပြပါသည်။

လူငယ်တို့ ကန်တော့ချိုး ဆိုပြီးနောက် အဘိုးအဘွားများက ဆုံးမစကား ပြောရသည်။ ထိုထဲမှ အဘိုးတစ်ယောက်မှာ ကဗျာဆန်သော နုနုရွရွ စကားလုံးများကိုသုံးကာ ဆုံးမစကား ပြောသွားပါသည်။

“လူငယ်တွေက အရုဏ်တက် အလှလိုပါပဲ။ ပျိုနုတယ်၊ တက်ကြွတယ်။ လူကြီးတွေကတော့ ဆည်းဆာ အလှနဲ့ တူပါတယ်။ ဆည်းဆာအလှ ဆိုတာ တိမ်နီ၊ တိမ်ပန်း၊ တိမ်ခရမ်း၊ တိမ်မရမ်းလိုမျိုး သူနဲ့ နီးစပ်ရာ ဝန်းကျင် တစ်ခုလုံးကို လှစေပါတယ်။ ဒါကြောင့်မို့ နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့ ဒီအချိန် လို့ ပြောကြတာပေါ့။ သာမန်ရွက်ကြမ်းရေကျိုလှတဲ့ မိန်းကလေးတွေကိုတောင် ဆည်းဆာချိန်မှာ ပိုပြီးလှသွေး ကြွယ်စေပါတယ်။ ဒါကြောင့်မို့ လူကြီးတွေကို ဆည်းကပ် ပူဇော်တာဟာ လူကြီးတွေဆီက ဆည်းဆာအလှကို လူငယ်တွေဆီ ထုံ့ကူးတာလို့…”။

ရွှေရည်လူးသော အလှနှင့် မြရည်လူးသော အလှ၊ ဆည်းဆာအလှနှင့် အရုဏ်တက်အလှ၊ တည်ငြိမ် ခံ့ညားသော အလှနှင့် တက်ကြွနုပျိုသောအလှ။ အလှချင်း မတူသည့်တိုင် သူ့အလှနှင့်သူ လှနေသည်ကိုက အလှတရား ဖြစ်ပေရာ ဤသက်ကြီးပူဇော်ပွဲမှာ အလှပေါ် အလှဆင့်သော ပွဲကလေးဟု ဆိုရပေမည်။

၃။ ရောင်တော်ဖွင့်


နှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် နေသည် ရက်ရက်စက်စက် ပူနေသော်လည်း ရေ ချိုင့်၊ ရေပုံးကိုယ်စီ ကိုင်ကာ ထွက်လာကြသော မြကိုင်းရွာသားတို့မှာမူ တစ်ချက်ကလေးမျှ အပြုံးမ ပျက်ကြပါ။ သူတို့အားလုံးသည် ကျောက်တန်းမြို့နယ် မြကိုင်းရွာအရှေ့ဘက်တွင် ရှိသော မဟာသုဝဏ္ဏ ဘုရားရင်ပြင်တော်ပေါ်တွင် စုရုံးကြသည်။

“အောက်ကရေ သယ်ပေးဦး၊ အပေါ်မှာ ရေပြတ်သွားပြီ” ဟု ဘုရားပလ္လင်ခုံနှင့် လုံးပတ်ဘေးမှ တစ်ဆင့် ဘုရားထီးတောင်အထိ ရေလက်ဆင့်ကမ်း သယ်ပေးနေသူတို့က တောင်းလိုက်ခြင်း ဖြစ်သည်။ သင်္ကြန် ကာလတွင် လူတွေ အချင်းချင်း ရေပက်ကြသလို ဘုရားကြီးကိုလည်း ရေပက်ပေးနေခြင်း ဖြစ်သည်ဟု ဆိုချင်ပါသည်။ သို့သော် ဘာသာရေး အသုံးအနှုန်းအရမူ ဘုရားရောင်တော် ဖွင့်သည်၊ ရေသပ္ပာယ်သည်ဟု သာ ဆိုရမည် ဖြစ်သည်။

“ကန်ရေ သွားထမ်းတုန်းဟ၊ ခဏစောင့်ဦး။ ခါတိုင်းနှစ်ဆို ဒီချိန် မိုးရွာတယ်ကွာ။ ဒီနှစ်တော့ ရေရှားတယ်” ဟု ဘုရားရင်ပြင်ခြေမှ လူတစ်ယောက်က အထက်ကလူတွေဆီ ညည်းညူသံ တစ်ဝက်ဖြင့် ပြန်အော်ပြော သည်။ ရောင်တော်ဖွင့်ရန်အတွက် အစပိုင်းတွင် မိုးတွင်းကာလက သိုမှီးထားသော မိုးရေကို သုံးကြေ သ်ာလည်း ရေမလုံလောက်သဖြင့် ရွာရှိ ရေကန်ကြီးတွေဆီက ကန်ရေကို ထမ်းပိုးသယ်ယူကြရသည်။ ကန်တွေမှာ ကြာတွေနှင့် အပြည့်ဖြစ်ရာ ယင်းကန်မှ သယ်ယူလာသော ရေကိုလည်း ကြာကန်ရေဟု အမည်ပေးချင်ပါသည်။ ဤကြာကန်ရေကို ထမ်းပိုးသယ်လာသူက သယ်ပြီးနောက် ရင်ပြင်ခြေက လူတွေက ပုံးငယ်လေးများထဲတွင် ခွဲထည့်ကာ ဘုရားအထက်ဘက် ထီးတော်တိုင်အောင် လက်ဆင့်ကမ်းပေးကြရ သည်။

စွန့်စွန့်စားစားနှင့် ဘုရားထီးတော်တိုင်အောင် တက်သွားသော ဆံပင်ရှည်ရှည်၊ အသားညိုညို၊ ပုဝိုင်းဝိုင်း လူငယ်က ရေပုံးထဲမှ ရေကိုခပ်ကာ ဘုရားကိုပက်လိုက်၊ လက်ထဲက ပဝါဖြူဖြူဖြင့် အသာအယာ ပွတ်တိုက်လိုက် လုပ်ကာ ရေသပ္ပာယ်ပေးပါသည်။ တစ်နှစ်ပတ်လုံး တင်ရှိနေသော ဖုန်မှုန့်ချေးတို့ မှာ ရေနှင့်အတူ လျှောဆင်းကာ ရွှေရောင်တော်သင်္ကန်းသည် နေရောင်အောက်၌ ပိုဝင်း၊ ပိုဝါလာ သည်။ ရေစင်သွန်းဖျန်း ဆေးကြောပြီးသဖြင့် အရောက်တလက်လက် တောက်ပနေသည့် စေတီေ တ်ာကြီးကို ငေးကြည့်ကာ ရွာသားတစ်ယောက်က ဤသို့ မှတ်ချက်စကား ဆိုပါသည်။

“လူတွေတောင် တစ်နေ့နှစ်ခါလောက် ရေချိုးသေးတာဗျာ၊ ဘုရားကြီး ရေသပ္ပာယ်ရတာက တစ်နှစ်မှ တစ်ခါတည်းရယ်။ နေပူတာကို မမှုနိုင်ပါဘူး။ ဒီနှစ်တော့ ရေနည်းနည်းရှားတော့ ရေသပ္ပာယ်ရတာ အားတောင်မရဘူး”

ချစ်ချစ်တောက် ပူသောနေ၊ တလက်လက် တောက်ပသောရွှေ၊ အေးမြသော ကြာကန်ရေ၊ ပီတိဖြာေ ဝသော အပြုံး။ ဤသည်ပင်လျှင် ကျွန်တော်တွေ့ခွင့်ရသော သကြန်၏ အလှတစ်ပါးဟု ဆိုချင်ပါသည်။

၎။ ရေဖလားနှင့် ပိတောက်ကို စွန့်သူ


ဟိုတုန်းက သူတယုတယ ခေါင်းလျှော်ပေးရ၊ ခေါင်းလိမ်းဆီ လူးပေးရ၊ ဆံသပေးရသော ဆံကေသာနုနု တို့မှာ သူ့ရှေ့တွင်ရှိသော ပိတ်ဖြူပေါ်တွင် အရစ်လိုက်အခွေလိုက် ကျဆင်းလျက်ရှိသည်။ ဟိုယခင်က ဘိုကေပုံ အမျိုးမျိုး ပုံသွင်းပေးကာ အမျိုးသမီးတို့၏ အာရုံကို ဆွဲဆောင်စေခဲ့သော ယင်းဆံကေသာတို့မှာ သူ့ဦးခေါင်းကို စွန့်ခွာသွားပြီ ဖြစ်သည်။ တကယ်တော့ ဆံကေသာတွေက သူ့ကို စွန့်ခွာသွားတာ မဟုတ်ပါ။ သူကသာ ဆံကေသာတွေကို မက်မောတွယ်တာမှု မရှိတော့ဘဲ စွန့်ခွာစေခြင်း ဖြစ်သည်။ သူဆိုသည်မှာ ရဟန်းလောင်းလျာ ကိုဇော်ပင် ဖြစ်သည်။

“ခေါင်းက အပူတွေ တရှိန်းရှိန်း ထွက်နေတယ်ဟ။ ကိလေသာတွေ ကန်ထွက်နေတာ ထင်တယ်” ဟု အသစ်စက်စက် ကတုံးလေးကို ပွတ်ကာ ကိုဇော်က ခပ်နောက်နောက် ပြောသည်။ သင်္ကြန်ကာလတွင် သာမန်လူကြီး လူငယ်များကဲ့သို့ ရေကစား ပျော်ပါးခြင်းကို ရှောင်ကြဉ်ကာ ဒုလ္လဘရဟန်း လာဝတ်ခြင်း ဖြစ်သည်။ သင်္ကြန်၏ သင်္ကေတမှာ ပိတောက်ဆိုပါက ရဟန်းဘဝ၏ သင်္ကေတမှာ စိပ်ပုတီး ဖြစ်ပါသည်။ ဆိုတော့၊ ပိတောက်ကို ပစ်၍ ပုတီးကို ချစ်ခြင်းဟု ဆိုရပေမည်။

သင်္ကြန်ကာလတွင် ဒုလ္လဘရဟန်းဝတ်ခြင်း အလေ့မှာ မြန်မာတို့၏ ဓလေ့တစ်ခု ဖြစ်သည်။ ရဟန်းကိုပင် ဝိသေသ အထူးပြုထားသည်မှာ ဒုလ္လဘဆိုသော စကားဖြစ်ပါသည်။ ဒုလ္လဘဆိုသည်မှာ ရခဲသောဘဝဟု အဓိပ္ပာယ်ရကြောင်း ကျောင်းထိုင်ဆရာတော်ကြီးက ရှင်းပြပါသည်။ ဆိုတော့၊ ရခဲလှသော ရဟန်းဘဝပေါ့။ ဤသို့ ညွှန်းရသည်မှာ ဗုဒ္ဓဘာသာကို အုတ်မြစ်ချပေးသူ မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ရန် ဘဝပေါင်းများစွာ ပါရမီဖြည့် ကျင့်ခဲ့ရသော်လည်း ရဟန်းဘဝကို လက်ဆယ်ချောင်း ပြည့်အောင် မရခဲ့သောကြောင့် ရဟန်းဘဝကို ရခဲလှသည်ဟု ဆိုခြင်းဖြစ်ပါသည်။

တခြားလူတွေက သင်္ကြန်ဆိုသည်မှာ ရေကစားပျော်ပါးရန် အားလပ်ရက်၊ အလုပ်နားရက်ဟု အဓိပ္ပာယ် ဖွင့်ကြသည်။ အသစ်စက်စက် ရဟန်းလေး ဉာဏဗလ (လူနာမည် ကိုဇော်) ကမူ သင်္ကြန်ဆိုသည်မှာ ဆိတ်ငြိမ်ခြင်းနှင့် စိတ်အေးချမ်းခြင်းကို ဖွေရှာချိန်ဟု အနက်ကောက်သည်။ သို့ဖြစ်ရာ အခြားလူေ တွ ရေကစားရန် ရေဖလား ကိုင်နေချိန်တွင် ရဟန်းပျို ဉာဏဗလမှာ သပိတ်မည်းကြီးကိုင်ကာ ဆွမ်းခံလျက် ရှိပါသည်။ တခြားလူတွေ မွှေးကြူသော ပိတောက်ရိပ်တွင် ခိုလှုံနေချိန်တွင်မူ ရဟန်းအရှင်ဉာဏဗလမှာ ဆိတ်ငြိမ်သော တရားရိပ်တွင် သတိကပ်လျက် ရှိပါသည်။ ယင်းကဲ့သို့ ဆံကေသာကို ပစ်ကတုံးကို ချစ်၊ ရေဖလားကို ပစ် သပိတ်ကို ချစ်၊ ပိတောက်ကိုပစ် ပုတီးကို ချစ်သော ဒုလ္လဘရဟန်း ဝတ်ခြင်းကိုလည်း သင်္ကြန်အလှတစ်ခုဟု မှတ်ယူမိပါသည်။

၅။ အလှတွေ ဘယ်မှာစု


အထက်ပါ မြင်ကွင်းအားလုံးမှာ တစ်ခုနှင့်တစ်ခု ခြားနားကြသည့်တိုင်၊ မြင်ကွင်းဖြစ်ပေါ်ရာမှာမူ တစ်ခုတည်း ဖြစ်သည်။ ယင်းမြင်ကွင်း အားလုံးမှာ ကျေးလက်တောရွာများတွင်သာ တွေ့ခဲ့ရခြင်း ဖြစ် ပါသည်။ မြို့ကြီးပြကြီးနှင့် နီးစပ်သော မိတ်ဆွေတစ်ချို့ကို သင်္ကြန်အကြောင်း မေးမြန်းစေ့ငုသော်လည်း ယင်းနှင့်ဆင်တူသော မြင်ကွင်းအလှမျိုးကို ပြောသံမကြားရပါ။ ဟဲဗီးမဏ္ဍပ်များတွင် ဂီတသံဆူဆူနှ င့် ပျော်ကြပုံ၊ ယမကာရစ်ကြပုံ၊ ရေပက်ကြပုံတွေလောက်သာ ပြောပြနိုင်ပါသည်။ သို့ဖြစ်ရာ မြို့ပြဆန် လာခြင်းသည်ပင်လျှင် မူရင်း အလှတရားတို့၊ ရှိရင်းစွဲ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ မှေးမှိန်လာစေသည့် အကြောင်းအရင်းပေလား တွေးဆမိပါသည်။

သို့သော်လည်း မြို့ပြသင်္ကြန်ကိုပင်လျှင် အလှစာရင်း သွင်းပါက ခပ်ကြမ်းကြမ်း၊ ခပ်မြူးမြူးအလှ ကို တောရိုင်းအလှဟု အမည်ပေးရမည်သာ။ ကျေးလက်တောရွာအလှကိုမူ ယဉ်သောအလှ၊ နုသော အလှဟု အမွှန်းတင်ရပေမည်။

ယဉ်သော နုသော အလှတို့ တောရိုင်းအလှကို ကြံ့ကြံ့ခံနိုင်၊ မခံနိုင်မှာမူ မသေချာသော ပုစ္ဆာတစ်ပုဒ်ဟုသာ ဆိုချင်ပါတော့သည်။

ဥာဏ်မျိုးအောင်

No comments:

Post a Comment