Sunday, June 15, 2014

အလင်းတော်လှန်ရေး

Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/article/item/561-al












“ရွာမှာ လျှပ်စစ်မီးရတော့ နွားတွေတောင် ထမင်းရည်ငတ်ကုန်ပြီ”

လျှပ်စစ်မီးကြောင့် လူနေမှုပုံစံ ပြောင်းလဲသွားခြင်းကို ရိုးရှင်းစွာ နားလည်အောင် ပြောပြသူ မှာ ရေနံချောင်းမြို့နယ် ပင်းဘုရားကုန်းရွာသား ကိုပိုင်စိုးဦး ဖြစ်သည်။ ရွာတွင် လျှပ်စစ်မီး
ရပြီးနောက်ပိုင်း မိသားစုအများစု ထမင်းပေါင်းအိုးများကို အသုံးပြုလာခြင်းကို သူက ဆိုလိုခြင်း
ဖြစ်သည်။

ယခင်က ထမင်းဟင်း ချက်ရန်အတွက် ထင်းမီးကို အားကိုးအားထား ပြုရသည်။ ထင်းကို
ပတ်ဝန်းကျင် အနီးအနားရှိ ရွာတချို့မှ အထမ်းသမားများက လာရောင်းတတ်သည်။ ထင်းမီးဖြင့် ထမင်းချက်သောအခါက ထမင်းရည်ရသည်။ ယင်းထမင်းရည်ကို မြေအိုးတစ်လုံးထဲ၌ ငှဲ့ထားပြီ
နွားစာ၊ ဝက်စာအတွက် ပြန်သုံးရသည်။ မကြာသေးမီက ပင်းဘုရားကုန်းရွာတွင် လျှပ်စစ်မီး
ရပြီးနောက်ပိုင်း လူနေမှုပုံစံမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထမင်းချက်ရန်အတွက် လူအများစုမှာ လျှပ်စစ်အသုံးပြုရသော ထမင်းပေါင်းအိုးများကို ဝယ်သုံး လာကြသည်။ ယင်းပေါင်းအိုးဖြင့် ထမင်းချက်သူ များလာသဖြင့် ထမင်းရည် မရတော့။ သို့အတွ က် နွားများပင် ထမင်းရည် ငတ်ကုန်ပြီဟု ကိုပိုင်စိုးဦးက ပြောပြခြင်း ဖြစ်သည်။

ချက်ပြုတ်ရေးအတွက် ထင်းကို အားထားရန် မလိုတော့သဖြင့် အကျိုးဆက်အားဖြင့် သစ်ပင် သစ်တော ပြုန်းတီးမှု နည်းပါးလာစရာ ရှိခြင်းပင်။ ပုံမှန်အားဖြင့် အနီးအနားဝန်းကျင် ရွာတချို့မှ
မနက်ခင်း ရွာဈေးတန်းသို့ လာရောင်းသည့် ထင်းအထမ်းသမားများကိုပင် မတွေ့ရတော့ပါ။ ယ
ခင်က ရွာထဲသို့ လှည့်လည် ရောင်းချသော ထင်းအထမ်းသမားများကိုလည်း မမြင်ရတော့ပါ။ လျှပ်စစ်မီးသည် ထင်းအထမ်းသမားတို့၏ ထမင်းအိုးကို ရိုက်ခွဲလိုက်သော်လည်း သစ်ပင်အချို့၏ အသက်ကိုမူ ကယ်တင်လိုက်သည်။

လျှပ်စစ်မီးမရသဖြင့် ရွာတစ်ရွာ၏ လူမှုစီးပွားရေးကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးခံနေရသော ရွာတစ်ရွာ
ကို နမူနာ ပြလိုပါသည်။ ယင်းရွာမှာ ပင်းဘုရားကုန်းရွာနှင့် အနည်းငယ်မျှသာ ဝေးသော ညောင်ပင် သာရွာ ဖြစ်သည်။ ယင်းရွာတွင် ထင်းအတွက် ဧရာဝတီမြစ်ကမ်းနား သစ်ပင်များ ခုတ်လှဲသဖြင့်
ရေကြီးခြင်း အကျိုးဆက်ကို ခံစားနေရသည်။ ကမ်းနားသစ်ပင်များ ပြုန်းတီးမှုကြောင့် ဧရာဝတီမြစ်
ရေနှင့် မိုးရွာသောအခါတွင် ပေါ်ပေါက်လာတတ်သည့် ရိုးရေတို့ ပူးပေါင်းကာ ရွာ၏ မြေအချို့ကို တိုက်စားသွားသည့် ဒဏ်ကို ခံနေကြရသည်။ သို့ဖြစ်ရာ လျှပ်စစ်မီး မရသော ပြဿနာကို ဖယောင်းတိုင်ထွန်း၍ ဖြေရှင်းရုံဖြင့် မပြေလည်နိုင်တော့ပါ။ အကျိုးဆက်များမှာ တသီကြီး ဖြစ်သည်။

“အခုကတော့ နွားစာကျင်းထဲ ရေဖြည့်ချင်ရင် ပိုက်ကလေး လှပ်လိုက်ရုံပဲ” ဟု ပင်းဘုရားကုန်းရွာသား ဦးဝကြီးက ရယ်ရယ်မောမော ဆိုသည်။

ယခင်က နွားများသောက်ရန် နွားစားကျင်း ခွက်ထဲသို့ ရေထမ်းဖြည့်ရသည်။ နွားစာကျင်းခွက်
အနံ့ဆိုး မထွက်ရန် ဆေးရကြောရသောရေ၊ နွားတွေ သောက်ဖို့ရေကို လက်နှိပ်တွင်းမှ အခေါက်
ခေါက်အခါခါ ထမ်းသယ်ရသည်။ ယခုနောက်ပိုင်းတွင် အချို့မှာ ကိုယ်ပိုင်တွင်းများ တူးလျက်
မော်တာဖြင့် ခုတ်မောင်းကြသည်။ နွားစာကျင်းခွက်တွင် ရေဖြည့်ရန်အတွက်လည်း ပိုက်သွယ် ထားပြီး ရေပိုက်ကို လှပ်ဖွင့်ရုံမျှဖြင့် ရေရနေပြီ ဖြစ်ကြောင်း ကိုဝကြီးက ရှင်းပြသည်။

နွားစာရေမျှသာမက လူများသောက်ရန်၊ သုံးရန်အတွက် ရေကိုလည်း တပင်တပန်း ခပ်ယူစရာ မလိုတော့ပါ။ ယခင်က ဆိုလျှင် ရွာကို လေးပိုင်း ပိုင်းပါက ရွာအရှေ့ပိုင်းတွင် လက်နှိပ်တွင်း တစ်တွင်း နှစ်တွင်းမျှသာ ရှိသည်။ လက်နှိပ်တွင်း ရှိသောအိမ်သို့ အခြားနီးစပ်ရာ အိမ်မှ လူများ က ရေလာခပ်ရသည်။ တစ်ခါတစ်ရံ ရေလာခပ်သူများ လွန်းသဖြင့် အလှည့်ကျ စောင့်ကြရသည် ။ ရေအလှည့်ကျ စောင့်ရင်း အမျိုးသမီးချင်း သန်းရှာပေးကြ၊ ကလေးတွေက ဆော့ကြ၊ ပုံပြင်ပြော သူ ပြောကြနှင့် စည်စည်ကားကား ရှိခဲ့သည်။ ယခုအခါတွင်မူ လက်နှိပ်တွင်းများ၌ ရေလာခပ်သူ နည်းသဖြင့် ခြောက်ကပ်ကပ် ဖြစ်နေသည်။

“ရေခဲရေ သောက်မလား။ ရေခဲရေ ဝယ်လို့ရတယ်” ဟု ယင်းရွာသူ ဒေါ်လှလှမြင့်က ဆိုသည်။

ရေခဲရေ ဆိုသည်နှင့် မြို့သူမြို့သားများအတွက် မထူးခြားလှသော်လည်း ဘုရားကုန်းရွာအတွက်မူ ထူးခြားသည်။ လွန်ခဲ့သော တစ်နှစ်ခန့်အထိ ဤရွာတွင် ရေခဲရေ သောက်လိုပါသည်ဟု သွားပြော
ပါက လျှပ်စစ်မီးရှိသော ကျေးရွာဆေးပေးခန်းနှင့် ဘုန်းကြီးကျောင်းတို့ဆီ လက်ညှိုး ညွှန်ပေလိမ့်မည်။ ရွာထဲတွင် ရေခဲရေ မရနိုင်ပါ။ အလယ်ပိုင်းဒေသ၏ ထုံးစံအတိုင်း ပူလွန်းသဖြင့် အအေးစာတစ်ခုကို စားလိုပါကလည်း ရေခဲချောင်း ရောင်းသူကိုသာ မျှော်ရသည်။

ယခုအခါတွင် လျှပ်စစ်မီး၏ အကျိုးဆက်ကြောင့် ရွာတွင်းရှိ အိမ်အချို့နှင့် ဈေးဆိုင်အချို့မှာ ရေခဲသေ တ္တာများကို ဝယ်ယူထားကြသည်။ ယင်းရေခဲသေတ္တာတွင် အချိုရေ၊ ရေသန့်ဘူးတို့ကို ထည့်ရောင်းကြ
သည်။ အချို့ဆိုလျှင် ယင်းရေခဲသေတ္တာနှင့်ပင် လုပ်ငန်းတစ်ခုအဖြစ် ငွေရှာကြသေးသည်။ ရေခဲရေ တစ်ဘူးကို ငါးဆယ်ကျပ်ဖြင့် အိမ်အရောက် ရောင်းချကြပြီး ရေဘူးကိုမူ ပြန်ပေးရကြောင်း ယင်းရွာသူ တစ်ဦးက ပြောဆိုသည်။

လျှပ်စစ်မီးရပြီးနောက်ပိုင်း လျှပ်စစ်မီးဖြင့် အသုံးပြုရသော ထမင်းပေါင်းအိုး၊ ရေခဲသေတ္တာတို့ကို ရွာလူအများစု ဝယ်သုံးလာသလို လူအများ၏ လက်ဝယ်တွင် ပျံ့နှံ့နေသော နောက်ထပ် ပစ္စည်း
တစ်မျိုးမှာ အီးဗီဒီစက်များ ဖြစ်သည်။

“လက်ပ်တော့လေး ပြင်ရဦးမယ်။ စက်က ပျက်မှာပေါ့၊ သူတို့ (သူ့သားသမီးနှင့် မြေးများ) ဇာတ် ကားခွေတွေချည်း ကြည့်နေတာကိုး။ မနက်တိုင်း တရားခွေ နားထောင်ဖို့ဟာကို ဖွင့်လို့ မရတော့
ဘူး” ဟု အသက်ခုနစ်ဆယ်ကျော်ခန့် အဘွားအို ဒေါ်တင်ငွေက မကျေမခြမ်းသံဖြင့် ပြောဆိုသည်။

ရွာတွင် အီးဗီဒီ စက်ကလေးကို လက်ပ်တော့ဟု ထင်မှတ်ခေါ်ကြသည်။ လျှပ်စစ်မီးနှင့်အတူ ရွာတွင် အီးဗီဒီစက်များ မှိုလိုပေါက်လာသည်။ ယခင်က အိမ်နီးနားချင်းတို့ထံမှ ပျံ့လွင့်လာတတ်သော ရေဒီ
ယိုသံ၊ ကက်ဆက်သံကို ယခုအခါတွင် မိမိကြိုက်သည့် စီဒီပြားကို ထည့်ဖွင့်နိုင်သော အီးဗီဒီ စက်သံ
တွေက အစားထိုးလာသည်။ ဇာတ်ကားသံ၊ အငြိမ့်သံ၊ တရားသံ၊ သီချင်းသံ စသဖြင့် အသံမျိုးစုံတို့မှာ ရွာ၏ လေလှိုင်းတွင် စီးမျောနေသည်။ ယင်းမှတစ်ဆင့် အခြားသော နိုင်ငံများ၏ လူနေမှုပုံစံနှင့် ယဉ်ကျေးမှုတို့ကို သိလာ၊ မြင်လာကြသည်။

ရွာလူထုအနေနှင့် လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများကို အသုံးများလာသည်ကို သတိပြုမိသော လူ
တချို့က စီးပွားရေးလုပ်ငန်းသစ်အချို့ကို ထူထောင်ရန် ကြိုးစားလာကြသည်။ ငွေကြေးအရင်းအနှီး အတန်အသင့် ရှိသော လူအချို့ကမူ ရွာတွင် လျှပ်စစ်နှင့် ဆက်စပ်သော ပစ္စည်းများကို ရောင်းရန် ပြော သံကြားကြောင်း၊ နောင်အချိန်တွင် ဖုန်းအသုံးပြုသူများပါ ရှိလာနိုင်သဖြင့် ဖုန်းပစ္စည်းများပါ တွဲရောင်းရန် စိတ်ကူးကြောင်း ရွာသူတစ်ဦးက ပြောဆိုသည်။

“လမ်းမီးတိုင်ကြီးတွေ စိုက်ထားပြီး မီးမလာသေးတုန်းကဆိုရင် ဓာတ်တိုင်ပေါ်တက်ပြီး မီးခွက်ထွန်းဖို့ လုပ်ထားတာလား၊ ဖယောင်းတိုင်ထွန်းဖို့ လုပ်ထားတာလား ဝေဖန်ခံရတယ်။ မီးရဖို့ တော်တော်လေး ကြိုးပမ်းလိုက်ရတယ်” ဟု ရွာမီးလင်းရေးတွင် ပါဝင် ဆောင်ရွက်သူတစ်ဦးက ဆိုသည်။

ယခုအခါတွင် တစ်ရွာလုံးရှိ လမ်းများတွင် တစ်ညလုံး မီးပေးထားသည်ကို တွေ့ရသည် ။ လျှပ်စစ်ရှော့ ခ် ဖြစ်ပါက မိန်း အတင်၊ အချလုပ်ရန် ရွာသားတစ်ဦးကို တာဝန်ပေးထားကြောင်း ၎င်းက ဆက်ပြော ဆိုသည်။

“ငယ်ငယ်တုန်းက အဖေနဲ့အတူ ညပိုင်း ကမ္ဘာ့ဖလားဘောလုံးပွဲ သွားကြည့်ရင် လက်နှိပ်ဓာတ်မီးလေး ယူသွားရတယ်။ တစ်ခါလား ဘောလုံးပွဲကြည့် အပြန်လမ်းမှာ မြွေပွေးကြီး တွေ့တယ်။ လက်နှိပ်ဓာတ်မီး ပါလာလို့ တော်သေးတယ်။ နို့မဟုတ်ရင် မမြင်ရဘူး။ တက်နင်းမိမှာ” ဟု ကိုပိုင်စိုးဦးက သူ့အတွေ့အကြုံ ကို ပြန်ပြောပြသည်။

ယင်းမှာ လွန်ခဲ့သောနှစ်များတွင် ကြုံလေ့ကြုံထ ရှိသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ယခုအခါတွင် လမ်းမီးရောင်ကြောင့် ညပိုင်း သွားရေးလာရေးအတွက် မမြင်မစမ်း ဖြစ်စရာ မရှိတော့ပါ။ နေ့ဘက်ကဲ့
သို့ပင် လင်းလင်းရှင်းရှင်း သွားလာနိုင်ပြီ ဖြစ်သည်။

လျှပ်စစ်မီးသည် ကျေးရွာလူထု၏ ယခင်လူနေမှုဘဝကို ပုံစံသစ် သွန်းလောင်းနေပြီ ဖြစ်သည်။ သို့သော် မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးကို လက်လှမ်းမမီသေးသော ကျေးရွာ အမြောက်အမြား ကျန်ရှိပါသေးသည်။ ဘုရားကုန်းရွာနှင့် အနီးနားတစ်ဝိုက်ရှိ ရွာများမှာပင် ညအမှောင်ကို ဖယောင်း
တိုင် မီးရောင်ဖြင့် ဖြတ်သန်းနေရဆဲ ဖြစ်သည်။

ကျေးရွာလူထု၏ လူနေမှုပုံစံကို မြို့ပြလူနေမှုပုံစံ ပြောင်းလဲရေးအတွက်မူ လျှပ်စစ်မီးမှာ ကျေးရွာ
တိုင်း လက်လှမ်းမီသင့်သော လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ထမင်းတစ်အိုးချက်ဖို့ ထင်းရှာရ ၊ ရေသောက်ဖို့ ရေထမ်းရ၊ ညပိုင်း မီးလင်းဖို့ ဖယောင်းတိုင် ဝယ်ရ၊ ရွာထဲသွားဖို့လာဖို့ ဓာတ်မီး
ဝယ်ရ စသော အသက်ရှင်နေထိုင်မှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အချိန်ကုန်ြ ခင်းနှင့် ငွေကုန်ကြေးကျများခြင်းတို့ကိုလည်း လျှပ်စစ်မီးက ကုန်ကျစရိတ် အနည်းအကျဉ်းဖြင့် ဖြေ ရှင်းနိုင်ပါသည်။

လျှပ်စစ်မီးရသဖြင့် အီးဗီဒီစက်အပြင် ဖုန်းကဲ့သို့သော ခေတ်ပေါ် အီလက်ထရွန်နစ် ပစ္စည်းများကို ရွာသူရွာသား အများစု တဖြည်းဖြည်း လက်လှမ်းမီလာ သဖြင့် ယခင်က ရွာရေးရပ်ရေးနှင့်သာ စဉ်းစားမြော်မြင်မှုကို ကန့်သတ်ထားသော ရွာသူရွာသားတို့ကို ယခင်ထက် ပိုမိုကျယ်ပြန့်သော နိုင် ငံ့ရေးရာတို့တွင် စိတ်ပါဝင်စားလာရန် ပြောင်းလဲလာနိုင်စရာ ရှိပါသည်။ ဆိုလိုသည်မှာ လျှပ်စစ်မီး
သည် ရွာနေလူထု၏ လူနေမှုပုံစံသာမက တွေးခေါ်မြော်မြင်မှု ပုံစံကိုပါ ပြောင်းလဲစေနိုင်ပါသည်။

သို့ဖြစ်ရာ လျှပ်စစ်မီးသည် ကျေးရွာလူထု၏ လူနေမှုပုံစံနှင့် တွေးခေါ်မြော်မြင်မှု ပုံစံတို့ကို တော် လှန်ရေးဆန်ဆန် မြန်ဆန်စွာ ပြောင်းလဲနိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော အခြေခံလိုအပ်ချက် တစ်ခု ဖြစ်ပါသည်။ ကျေးရွာများ လျှပ်စစ်မီးရရှိရေးကို အလင်း တော်လှန်ရေးဟု တင်စားမည်ဆိုပါက အလင်း တော်လှန်ရေးကို ပင်းဘုရားကုန်း ရွာကဲ့သို့ တစ်ရွာနှစ်ရွာတွင်သာ လုပ်နေရုံဖြင့် မလုံလောက်ပါ။ တစ်နိုင်ငံလုံးရှိ ကျေးရွာတိုင်း မီးလင်းရေးအတွက် အလင်း တော်လှန်ရေးကို နိုင်ငံအနှံ့ ဆင်နွှဲရမည်
ဟုသာ ...။

ဉာဏ်မျိုးအောင်

No comments:

Post a Comment