Written by ဉာဏ်မျိုးအောင်
မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ရပြီလော။

သို့သော် ယင်းတရားစွဲဆို ဖမ်းဆီးမှုများနှင့် ပတ်သက်၍ အခြားရှုမြင်ချက် တစ်ခုလည်း ရှိပါသေးသည်။ ယင်းမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ထိုက်တန်သော သတင်းသမားများ ဖြစ်ရန် သတင်းသမားများကိုယ်တိုင်က သတင်းစာပညာကို တတ်ကျွမ်းပြီး ကျင့်ဝတ်နှင့်ညီသော ပရော်ဖက်ရှင်နယ်သတင်းသမားများ ဖြစ်ရန် အားထုတ်ရမည်ဆိုသော အယူအဆ ဖြစ်ပါသည်။ သို့ဖြစ်ရာ သတင်းသမားများ အနေနှင့် သတင်းစာပညာ တတ်ကျွမ်းပြီး ကျင့်ဝတ် လိုက်နာစောင့်ထိန်းမှု ရှိပါသလော။
အစိုးရနှင့် သတင်းသိပိုင်ခွင့်
ဒီမိုကရေစီစနစ်ကို ဖော်ဆောင် နေသည်ဟု ကြွေးကြော်နေသော အစိုးရလက်ထက်တွင် အစိုးရဌာန ဆိုင်ရာ သတင်းများကို ရယူရန်ခက်သည်ကို သတင်းသမားအားလုံး သိကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် ပြောကြားသည်။
“သတင်းတစ်ခု ရယူဖို့အတွက်ကို နယ်မှာရှိတဲ့ အစိုးရ အာဏာပိုင်တွေက နေပြီးတော့ ပူးပေါင်းဆောင် ရွက်မှု နည်းပါးတာကို တွေ့ရပါတယ်” ဟု ၎င်းးကဆိုသည်။
မကွေးမြို့ ဒေသခံ ရုပ်သံ သတင်းထောက် တစ်ဦးဖြစ်သူ ဦးမြင့်ဇော်ဦးကမူ အုပ်ချုပ်ရေး အာဏာပိုင် များအနေနှင့် ၎င်းတို့၏လုပ်ငန်း ဆောင်ရွက်မှုအပေါ် နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းမည့် သတင်းထောက် များကိုမူ သတင်းပေးလေ့ မရှိကြောင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပါကလည်း အစိုးရ၏လုပ်ဆောင် ချက်ကို စိစစ်မေးမြန်းမည့် သတင်းထောက်များကို ခေါ်ယူလေ့ မရှိကြောင်း ထုတ်ဖော်ပြောကြားသည်။
သတင်းသမားများ အစိုးရဌာနဆိုင်ရာ၏ သတင်းသိပိုင်ခွင့် အားနည်းသည်သာမက သတင်းမေးမြန်းရန် လာရောက်သော သတင်းထောက်ကို ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် တရားစွဲဆိုခြင်း ပင် ပြုလုပ်လာပြီ ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ၏ ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ မကွေးတိုင်းပညာရေးမှူးရုံးသို့ သတင်းသွားယူသူ ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက် ကိုဇော်ဖေ ကို အထက်ပါ ပြစ်မှုများဖြင့် ယခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ထောင်ချအပြစ်ပေးခဲ့သည်။
“အစိုးရ အဆောက်အအုံ ဆိုတာကတော့ အများပိုင် အဆောက်အအုံပါ။ ဒီထဲကို သွားရောက် သတင်းရယူ လို့ ပိုင်နက်ကျူးလွန်မှုနဲ့သာ တရားစွဲဆို နေမယ်ဆိုရင် ကျွန်တော်တို့ သတင်းရယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဦးဇော်သက်ထွေးက ဆိုသည်။
ပညာသင်ဆု သတင်းနှင့် ပတ်သက်၍ ဆောင်ရွက်ပုံကို သိရန်မှာ မကွေးမြို့ ပြည်သူများအတွက် အလွန်အရေးကြီးကြောင်း၊ အစိုးရ ဝန်ထမ်းများ သတင်းအချက်အလက် ပေးရန် မစိုးရိမ်သင့်ကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက် Mr.Angus Watson က အထက်ပါ အရေးယူမှုနှင့် ပတ်သက်၍ The Voice သို့ ပြောကြားသည်။
လွန်ခဲ့သော ၂ နှစ်ခန့်ကဆိုလျှင် သတင်းသမားများ၏ သတင်းမေးမြန်းမှုကို ဖြေဆိုရန် ဝန်လေးနေသည် မှာ ပြည်ထောင်စုဝန်ကြီးများ ကိုယ်တိုင် ဖြစ်သည်။ ပြည်ထောင်စု ဝန်ကြီးများနှင့် သတင်းသမားများ၏ ဆက်ဆံရေးကို တည်ဆောက် ပေးခဲ့သည်မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဖြစ်သည် ။ နေပြည်တော်ရှိ အစိုးရရုံးအဆောက်အအုံတွင် ဌာနပေါင်းစုံမှ ပြည်ထောင်စုဝန်ကြီးများနှင့် သတင်း သမားများကို တွေ့ဆုံပေးပြီး မေးမြန်းသမျှကို ဖြေကြားစေခဲ့ပါသည်။ သို့သော် ယင်းအလေ့အကျင့်မှာ နယ်ဘက်ရှိ ဌာနဆိုင်ရာအစိုးရဝန်ထမ်းများနှင့်မူ စိမ်းနေဆဲ ဖြစ်သည်။
စာနယ်ဇင်းကောင်စီ (ယာယီ) ရေးဆွဲထားသည့် မီဒီယာ ဥပဒေထဲတွင်မူ သတင်းသမားများ သတင်းရ ယူခြင်းကို အစိုးရ ဌာဆိုင်ရာများက ငြင်းဆိုပိုင်ခွင့်မရှိ၊ သတင်းပေးရမည် ဆိုသောအချက်ကို ထည့်သွင်း ထားကြောင်း၊ နည်းဥပဒေ ရေးဆွဲပြီးပါက ယင်းအချက်မှာ အသက်ဝင်လာတော့မည် ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ထုတ်ဖော်ပြောကြားသည်။
သတင်းသမားနှင့် ကျင့်ဝတ်
“ကျွန်တော်တို့ ပုံမှန်စဉ်းစားလာတာက သတင်းလွတ်လပ်ခွင့်ဆိုတာ ပေးသူရှိမှ ရတယ်ဆိုတာမျိုး။ ကျွန်တော်ကတော့ သတင်းလွတ်လပ်ခွင့် ကိုယ့်ကိုပေးမယ့်သူရှိမှ ရတဲ့လူမျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် လုပ်ထားပါတယ်” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဆိုသည်။
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် ‘မြန်မာသတင်းလောကမှာ ကိုယ်တိုင်ထိန်းကျောင်း ဆောင် ရွက်ခြင်း အခန်းကဏ္ဍ’ ဆိုသော ခေါင်းစဉ်ဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ကိုယ်တိုင် ထိန်းကျောင်းဆောင်ရွက်ခြင်း (Self-regulation) တွင် သတင်းသမားကိုယ်တိုင်က သတင်းစာအတတ်ပညာနှင့် သတင်းစာအခြေခံအတတ်ပညာတို့ကို အမှန်တကယ် လေးစားလိုက်နာပါက အကာအကွယ်ရပြီးဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
“ကျွန်တော်တို့ သတင်းသမားတွေ ဌာနဆိုင်ရာသတင်းရင်းမြစ်တွေနဲ့ တွေ့တဲ့အခါမှာ ဘယ်လိုဆက်ဆံခံ ရတယ် ဆိုတာကို ကျွန်တော်တို့ ကြားနေရတယ်။ ကျွန်တော်တို့ကကော အဲလိုသွားတဲ့အခါမှာ သူတို့က ကိုယ့်ကို လိုလိုလားလားရှိအောင်၊ အူလှိုက်သည်းလှိုက်နဲ့ ယုံကြည်မှုရှိရှိ ချက်ချင်း မြင်လိုက်တာနဲ့ ပေးချင်ေ အာင် ကျွန်တော်တို့က ချဉ်းကပ်တာကော ဟုတ်ရဲ့လား” ဟု သတင်းသမားများကို ဦးကျော်မင်းဆွေ က မေးခွန်းထုတ်သည်။
တစ်ခါတစ်ရံ သတင်းသမားများ အနေနှင့် ‘ငါ သတင်းထောက်ကွ’ ဆိုပြီး ခြိမ်းခြောက်ကာ သတင်းယူ တာမျိုးနှင့် ပိုမိုပြီး အခွင့်အရေးယူတာမျိုးတို့ကို တွေ့ရကြောင်း၊ အစိုးရ အရာရှိကြီး တစ်ယောက်ထံ သတင်းသွားယူသော သတင်းသမား အနေနှင့် မိမိကိုယ်နေဟန်ထားနှင့် အပြုအမူတို့ကို သတိထားသင့်ပြီး အန္တရာယ် ပြုနိုင်သော ဥပဒေများကိုလည်း ကျေညက်အောင် နားလည် ထားသင့်ကြောင်း ဦးဇော်သက်ထွေးက အကြံပြုသည်။
ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက် ကိုဇော်ဖေ၏ တရားစွဲဆို ထောင်ချခံရသောကိစ္စတွင် တရားလိုဖြစ်သော လက်ထောက်တိုင်းပညာရေးမှူး ဦးမောင်ငွေက ဖြစ်ပျက်ပုံကို ဟန်ပန်အမူအရြာ ဖင့် ပြန်လုပ်ပြချက်အရ သတင်းထောက်ကိုဇော်ဖေသည် သတင်းယူရန် ခွင့်တောင်းရိုး မှန်သော်လည်း သတင်းမီဒီယာ၏ မေးမြန်းချက်ကို ဖြေကိုဖြေရမည်ဆိုသော ပုံစံမျိုးဖြင့် ဝင်မေးပုံရကြောင်း မကွေးဒေသခံ သတင်းထောက် ဦးမြင့်ဇော်ဦးက သုံးသပ်ပြောကြားသည်။
ပုံမှန်အားဖြင့် မီဒီယာများသည် အင်တာဗျူးနှင့် သတင်းအချက်အလက် မှတ်တမ်းများ ရယူရာတွင် ခြိမ်းခြောက်ခြင်း၊ မဖွယ်မရာ ပြုလုပ်ခြင်းနှင့် အတင်းအကျပ် ဖိအားပေး ဆောင်ရွက်ခြင်း မပြုရဟု ယခုနှစ်အတွင်း ထုတ်ပြန်ထားသော စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သတင်းမီဒီယာကျင့်ဝတ် တွင် ရေးသားထားသည်။
သတင်းသမားများ အနေနှင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေကို လိုက်နာရသည့် နိုင်ငံသားများ ဖြစ်ကြောင်း၊ သတင်းလိုက်နေခြင်း ဖြစ်သည့်အတွက် ယာဉ်စည်းကမ်း ဖောက်ဖျက်ခြင်းမှအစ အခြားသူများ ပိုင်ဆိုင် သည့် မြေယာ အဆောက်အအုံ အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် ကန့်သတ်ထားသော အများပြည်သူများနှင့်သက်ဆိုင်သည့် နေရာများသို့ ဝင်ရောက်ခြင်းကို တရားစွဲဆိုခံရမည် မဟုတ်ဟု မထင်မှတ်သင့်ကြောင်း Indochina MediaMemorial Foundation (IMMF) က ဖြန့်ဝေသည့် အခြေခံများ အလွန် အဆင့်မြင့်သတင်းစာပညာလက်စွဲစာအုပ်တွင် သတိပေးထားသည်။
သတင်းသမားအချို့၏ အကျင့်ပျက်မှု
“တစ်ကြိမ်တုန်းကတော့ ကညန(ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန) ရဲ့ ဆိုင်ကယ်လိုင်စင်နဲ့ ပတ်သက်လို့ သတင်းရေးဖူးတယ်။ ရေးတော့ (ဌာနဆိုင်ရာ အရာရှိက) ခဏလာပါဦးဆို ခေါ်တယ် ။ ခေါ်တော့ လွယ်အိတ်ထဲကို စာအိတ်တစ်အိတ် ထည့်ပေးလိုက်တယ်။ ဘာမှန်းမသိလိုက်ဘူး။ ကြည့် လိုက်တော့ ငွေတစ်သောင်း ဖြစ်နေတယ်။ ငွေတစ်သောင်း ကျွန်တော် မယူနိုင်ဘူး ဆိုပြီးတော့ လှမ်းငြင်းတော့ မဟုတ်ပါဘူး၊ ဒါ ကျွန်တော်တို့ ပေးနေကျပါလို့ ပြောတယ်” ဟု ဦးမြင့်ဇော်ဦးက သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။
အစိုးရဌာနဆိုင်ရာ ကောင်းသတင်းတစ်ပုဒ်ပုဒ်ကို ရေးသားပါက သက်ဆိုင်ရာအရာရှိထံ မျက်နှာလို မျက်နှာရလုပ်ကာ ငွေကြေးတောင်းခံခြင်းနှင့် အခြားအခွင့်ထူး ရယူခြင်းများ ရှိကြောင်း၊ ဒေသခံအချို့က လယ်မြေ၊ ယာမြေသိမ်းမှုကဲ့သို့ နစ်နာချက်များကို သတင်းရယူရန် အကြောင်းကြားပါက ဆိုင်ကယ်ဆီ ဖိုးပေးမှ၊ ထမင်းကျွေးမှ သတင်းလာယူမည်ဆိုသော သတင်းထောက်များလည်း ရှိကြောင်း၊ သတင်းကို အကြောင်းပြု၍ ယင်းကဲ့သို့ ငွေညှစ်ခြင်းမှာ သက်ဆိုင်ရာသတင်းတိုက်များက နယ်သတင်းထောက်များကို ပံ့ပိုးမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
သတင်းသမားအချို့၏ အကျင့်ပျက်ခြစားမှု ပြဿနာမှာ ယခုခေတ်မှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ၁၉၆၀ ပြည့်နှစ် ဝန်းကျင်တွင် အမှုပွဲစားများကို အရေးယူသောအခါ သတင်းထောက်များ ပါဝင်သည် ကို တွေ့ရကြောင်း၊ အချို့အရပ်လူကြီးများက သတင်းထောက်အချို့သည် သတင်းနှင့် ခေါင်းပုံဖြတ်ခြင်း၊ သတင်းနှင့် ငွေညှစ်ခြင်းတို့ ရှိကြောင်း တော်လှန်ရေး အစိုးရလက်ထက် ပြန်ကြားရေး တာဝန်ခံဗိုလ်မှူး ကြီးစောမြင့်က ပြောကြားခဲ့ဖူးသည်။
၁၉၉၀ ပြည့်နှစ်ပိုင်းတွင်လည်း မဂ္ဂဇင်း လောကသားများသည် ကုမ္ပဏီများ၏ ကုန်ပစ္စည်းတစ်ခု ခုကို ဈေးကွက်တင်မည့် သတင်းစာရှင်းလင်းပွဲများ၌ ကံစမ်းမဲများ ဖွင့်လှစ်ကံစမ်းစေရာ အားနာနာနှင့် ကံစမ်းမဲ နှိုက်ခဲ့ရသည်များ ရှိကြောင်း၊ စာနယ်ဇင်းသမားအချို့ကမူ ပစ္စည်းဖြစ်စေ၊ ငွေကြေးဖြစ်စေ၊ ဝန်ဆောင်မှုဖြစ်စေ တစ်ခုခုကို မဂ္ဂဇင်းတိုက်သို့ ပေးကမ်းလာသူများအတွက် ရေးသားဆောင်ရွက်ပေးမှု များ တွေ့ရကြောင်း ထိုစဉ်က အယ်ဒီတာများနှင့် တွေ့ဆုံစစ်တမ်း ကောက်ယူပြီး ဦးတင်မောင်သန်း က ရေးသားဖူးသည်။
စာနယ်ဇင်းဆရာများသည် မည်ကဲ့သို့သော တံစိုးလက်ဆောင်မျိုးကိုမျှ ခံယူခြင်း မပြုရဟု ၁၉၆၁ ခုနှစ်က ထုတ်ပြန်သည့် စာနယ်ဇင်းကောင်စီ၏ စာနယ်ဇင်း ကျင့်ဝတ်တွင် ဖော်ပြထားသလို ယခုနှစ်တွင် ထုတ်ပြန်ထားသော စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သတင်းမီဒီယာ ကျင့်ဝတ်တွင်လည်း သတင်းမီဒီယာ လုပ်ငန်းမှ ပရော်ဖက်ရှင်နယ်ဆောင်ရွက်ကြသူများသည် အခကြေးငွေ၊ တံစိုးလက်ဆောင်၊ အကျိုးခံစားခွင့် သို့မဟုတ် စီးပွားရေးကြော်ငြာများ ထည့်သွင်းမှုနှင့် အခြားစီးပွားရေး အကျိုးရလဒ်များကို အခြေခံပြီး သြဇာလွှမ်းမိုးခံခြင်း မရှိစေရန် ရှောင်ကြဉ်ရမည်ဟု ရေးဆွဲထားသည်။
သို့ဖြစ်ရာ သတင်းသမားအချို့၏ အရည်အသွေး မြှင့်တင်ရေး၊ အကျင့်ဝတ် မြှင့်တင်ရေးနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်သင့်သနည်းဆိုသော မေးခွန်းမှာ မေးစရာ ဖြစ်လာသည်။
သတင်းစာသင်ကျောင်း
“သတင်းသမားတွေဟာ တကယ်ကို စနစ်တကျ ထူထောင်ထားတဲ့ Journalism School တွေက ဆင်းသက်လာတာ မဟုတ်ပါဘူး။ အဲတော့ ဒီလူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးမယ့် သင်တန်းတွေ တိုင်းပြည်ထဲမှာ ပေါ်ထွန်းလာဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါတွေ အားလုံးကိုလည်း စံချိန်မီတဲ့ အဆင့်အတန်းတွေရှိဖို့ Capacity Building ကို မြှင့်တင်ပေးဖို့ ဆိုတာလည်း ကျွန်တော်တို့ စိတ်ကူးရပါ တယ်။ နောက်တစ်ခု သတင်းမီဒီယာ ကျင့်ဝတ် မြှင့်တင်နိုင်မယ့် သင်တန်းဆရာတွေ ကျွန်တော်တို့ ပေါ် ထွက်လာအောင် လုပ်ရပါမယ်” ဟု ဦးဇော်သက်ထွေးက ဆိုသည်။
သတင်းစာနယ်ထဲသို့ ဝင်ရောက် လာလိုသူများကို သတင်းစာ ဆရာများနှင့် သတင်းစာတိုက် ပိုင်ရှင်များ၏ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့တစ်ခုက လိုအပ်သော ပညာနှင့် အလေ့အကျင့်ကို သင်ကြား ဖြည့် စွမ်းပေးရမည် ဖြစ်ကြောင်း ဒေါ်ခင်မျိုးချစ်က ၎င်း၏သတင်းစာလောက စာအုပ်တွင် ရေးသားအကြံပြုသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန် သတင်းစာဆရာများ ကြိုးပမ်းနေသည့် သတင်းစာပညာ သင်တန်းကျောင်းနှင့် ဆင်တူမည်ဟု ထင်ပါသည်။
“နောက်တစ်ခုက သတင်းမီဒီယာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီးတော့ ကျင့်ဝတ်နဲ့ဆိုင်တဲ့ ဆုတွေကို ကျွန်တော်တို့က ပေးဖို့လိုတယ်။ ကျင့်ဝတ်ကို လိုက်နာ ထိန်းသိမ်းတဲ့ မီဒီယာတွေ၊ သတင်းသမားတွေကို ဆုချသင့်တယ် ထင်တယ်” ဟု ဦးဇော်သက်ထွေးက သတင်းစာကျင့်ဝတ် မြှင့်တင်ရေးအတွက် နည်းလမ်း တစ်ခုကို ပြောသည်။
လွတ်လပ်သောနိုင်ငံ၏ အနာဂတ်
သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အမှန်တကယ် အာမခံနိုင်ရန် နိုင်ငံတော် အစိုးရကလည်း သတင်းရ ယူခွင့်ကို အပြည့်အဝ ပေးသင့်ပြီး သတင်းသမားများကလည်း သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းရ ယူမည် ဆိုပါက ပြည်သူလူထုထံသို့ ချောချောမွေ့မွေ့ သတင်းပို့နိုင်မည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက မှတ်ချက်ပြုသည်။
သို့ဖြစ်ရာ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ၌ အစိုးရနှင့် သတင်းသမားတို့ အပြန်အလှန် တာဝန်ယူမှု၊ ကျင့်ဝတ်စောင့်ထိန်းမှု အရေးပါပုံကို အောက်ပါ စကားစုဖြင့် အဆုံးသတ်လိုပါသည်။
“သတင်းစာကောင်းတို့၌ မိတ်ဆွေ မရှိ၊ ရန်သူမရှိပါ။ စာနယ်ဇင်းကို ထိန်းချုပ်ထားသော အစိုးရမှာ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ နိဂုံးကို ဖြစ်စေနိုင်သည်။ မိမိ၏ ပုံနှိပ်ထုတ်ဝေမှုအတွက် တာဝန်ယူမှု မရှိသော သတင်းစာ တစ်စောင်မှာလည်း လွတ်လပ်သော နိုင်ငံတစ်နိုင်ငံကို နိဂုံးကမ္ပတ်-အဆုံးသတ်ေ စနိုင်သည်။
ဥာဏ်မျိုးအောင်
ကိုးကား-
၁။ သတင်းမီဒီယာကျင့်ဝတ် (မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ-ယာယီ)
၂။ သတင်းစာလောက (ဒေါ်ခင်မျိုးချစ်)
၃။ သတင်းစာပညာ (ဟံသာဝတီ ဦးဝင်းတင် တည်းဖြတ်)
၎။ ကျွန်ပညာရေး၊ သခင်ပညာရေးနှင့် ယခင်အစိုးရပိတ်ခဲ့သော ဆောင်းပါးများ (တင်မောင်သန်း)
၅။ အခြေခံများ အလွန်အဆင့်မြင့် သတင်းစာပညာလက်စွဲ (Jeff Hodson & Graham Watts)
၆။ The Newspaper: Its Place In a Democracy By Duane Bradley
၇။ DVB သတင်းထောက် ကိုဇော်ဖေ အမှုစီရင်ချက်
No comments:
Post a Comment