Written by ဉာဏ်မျိုးအောင်

လွတ်လပ်ရေးရပြီးစ အချိန်တွင် ပညာမင်းကြီး တာဝန်ထမ်းဆောင်ခဲ့သော ဖခင်ဖြစ်သူ ဦးကောင်းမှာ စာအလွန်ဖတ်သူ ဖြစ်ပြီး အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ရေးသားထားသော စာအုပ်စာတမ်းများကိုလည်း ဝယ်ယူ စုဆောင်းတတ်သောအလေ့ရှိရာ သားဖြစ်သူကိုသော်ကောင်းအတွက် သင်ယူလေ့လာစရာများ စုဆောင်းထားသည့် စာပေဗိမာန်တစ်ခုကား ရေကန်အသင့် ကြာအသင့်ပင် ဖြစ်သည်။ စာပေဗိမာန် အသင့်ရှိနေသော်လည်း စာရတနာသိုက်တူးဆွလိုစိတ်ကို ကလေးငယ်ကိုသော်ကောင်း၏ ရင်တွင်း ၌ မွေးမြူပေးဖို့ကား လိုအပ်သေးသည်။ သို့ဖြစ်ရာ လန်ဒန်တက္ကသိုလ်တွင် ပညာရေး မဟာဝိဇ္ဇာဘွဲ့ ယူထားသော ဦးကောင်းမှာ ပညာသင်ကြားရေးစနစ်ကို ကောင်းစွာ နားလည်သူ ဖြစ်လေရာ အစပိုင်း၌ ကလေးငယ်များ နားဝင်နိုင်လောက်သော ကဗျာလေးများကို ကိုသော်ကောင်းအား ရွတ်ဆိုပြတတ်သည်။
ပတ်ဝန်းကျင်ကောင်းနှင့် လက်ဦး ဆရာကောင်း အသင့်ရှိသော ကိုသော်ကောင်းအတွက် ကံကောင်း သည်လည်း ပြောနိုင်၊ ကံဆိုးသည်လည်း ပြောနိုင်သော အားနည်းချက်တစ်ခု ရှိသည်။ ယင်းမှာ ငယ်စဉ် ကပင် အဆစ်မြစ်ရောင်ရောဂါ ခံစားနေရခြင်း ဖြစ်သည်။ ကံကောင်းသည်ဟုဆိုသည်မှာ ယင်းဝေဒနာေ ကြာင့် အိပ်ရာတွင်း၌ အချိန်တိုင်းနီးပါး လဲလျောင်းနေရသော ကိုသော်ကောင်းမှာ စာဖတ်ခြင်း၌ ပိုမိုအား သန်လာခြင်း ဖြစ်သည်။ ကံဆိုးသည်ဟု ဆိုနိုင်သည်မှာ ယင်းဝေဒနာကြောင့် သတ္တမတန်း ပထမနှစ်ဝက် အထိ စာသင်ကျောင်း၌ သက်တူရွယ်တူများနှင့်အတူ စာသွားရောက် မသင်ယူနိုင်ဘဲ အိမ်သို့ လာရောက် သင်ကြားပေးသည့် ဆရာ၊ ဆရာမများနှင့်သာ နှစ်ပါးသွားခဲ့ရခြင်း ဖြစ်သည်။
“တစ်ခါတလေကျရင် တစ်နှစ်လုံးလုံး လမ်းမလျှောက်နိုင်ဘူး။ အိပ်ရာထဲ လှဲနေရတာတွေ ရှိတယ်။ အဲဒါဆို ရင် စာပဲဖတ်တာပေါ့” ဟု ဦးသော်ကောင်းက ငယ်ကြောင်းပြန်သည်။
စာဖတ်ဝါသနာပျိုးစ ကာလတွင် ငါးရာ့ငါးဆယ့် ဇာတ်ဝတ္ထုများ၊ သမိုင်းပုံပြင်လေးများနှင့် ဖခင်ဖြစ်သူ ဦးကောင်း ပြုစုထားသော Poetry for Pleasure ကဲ့သို့သော အင်္ဂလိပ်ကဗျာများ၊ ဖတ်ရလွယ်ကူသော ဗမာကဗျာများကို စတင်ဖတ်ရှုသည်။ စာဖတ်သက်အနည်းငယ် ရင့်လာသောအခါ ထိုခေတ်ကာလက နာမည်ကျော် စာရေးဆရာကြီးများ ဖြစ်သည့် ရွှေဥဒေါင်း၊ ပီမိုးနင်းတို့၏ စုံထောက်ဝတ္ထုများ၊ ခေတ်ပေါ် ဝတ္ထုများကို တစ်ဆင့်တက် ဖတ်လာသည်။ စာဖတ်အားကောင်းမှု၊ အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ လာသင်ေ ပးသော ဆရာ ဆရာမများ၏ သင်ကြားပေးမှု၊ ဂျပ်ဆင်ကောလိပ်ကျောင်းဆင်း ဖြစ်သောမိခင်၏ သွန်သင် မှုတို့ကြောင့် သတ္တမတန်း ဒုတိယနှစ်ဝက်ကို ပြန်လည် ဖွင့်လှစ်သောအခါ ပထမဆုံး ကျောင်းစတက်သော ကိုသော်ကောင်းအတွက် စာသင်ကြားရေးတွင် အခက်အခဲမရှိဘဲ လွယ်ကူစွာ လိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
၁၉၄၇ ခုနှစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တစ်နှစ်အတွင်း လွတ်လပ်ရေး အရယူမည်ဆိုသော လှုပ်ရှားမှုနှင့်အတူ ကိုသော်ကောင်းအဖို့ ခေတ်သစ်ပညာရေး အားကောင်းသော ဗြိတိန် နိုင်ငံသို့ သွားရောက်ရမည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာသည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်က ဗြိတိန်အစိုးရ၏ လက်အောက်ခံ ကိုလိုနီနိုင်ငံဘဝသို့ ကျရောက်ပြီးစဉ် ကပင် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံတစ်ခုအနေနှင့် အခြားသော နိုင်ငံများနှင့် သံတမန်ဆက် ဆံရေး ထူထောင်ခွင့် ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စကားအတိုင်း တစ်နှစ်အတွင်း လွတ်လပ်ေ ရးရပါက သံတမန် ဆက်ဆံရေး ထူထောင်ရာ၌ အဆင်သင့်ဖြစ်ရန် ဗြိတိန်နိုင်ငံဆိုင်ရာဗမာသံရုံး ဖွင့်လှစ်နို င်ရေးအတွက် ကြိုတင်စီစဉ်ထားရန် ပညာမင်းကြီး ဦးကောင်းကို ဗြိတိန်နိုင်ငံသို့ စေလွှတ်ခဲ့သည်။ သို့နှင့် မိသားစုလိုက် ဗြိတိန်သို့ ရွှေ့ခဲ့ရသည်။
ဗြိတိန်တွင် ဦးကောင်းတို့ မိသားစုသည် လန်ဒန်မြို့ ဆင်ခြေဖုံး ရပ်ကွက်လေးတွင် နေထိုင်သည်။ ယင်းဒေ သတွင်ရှိသော ပြည်သူ့စာကြည့်တိုက်သို့ ဦးကောင်းက သားဖြစ်သူကိုသော်ကောင်းကို ခေါ် ဆောင်သွား ကာ စာကြည့်တိုက်တွင် မှတ်ပုံတင်ထားပေးကာ ကလေးစာပေများ ရေးသားသော စာရေးဆရာကြီးများကို ဖခင်ဖြစ်သူ ဦးကောင်းက လမ်းညွှန်ပေးသည်ဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် မိမိကြိုက်နှစ်သက်ရာ စာအုပ်များကိုလည်း ရွေးချယ် ဖတ်ရှုခဲ့သည်ဟု ဆိုသည်။
“ငယ်ငယ်တုန်းကတော့ ဆာရိုက်ဒါဟတ်ဂတ်လို စာရေးဆရာတွေရေးတဲ့ အာဖရိက တောနက်ထဲက စွန့်စား ခန်းတွေ ကြိုက်တယ်” ဟု ငယ်စဉ်ကပင် အင်္ဂလိပ်ဝတ္ထုများ ဖတ်ရှုနိုင်နေပြီဖြစ်သော ဦးသော်ကောင်းက လန်ဒန်ဘဝကို ပြောပြသည်။
သို့နှင့် လန်ဒန်တွင် သံရုံး အဆောက်အအုံ ငှားရမ်းခြင်း၊ ဝန်ထမ်းအချို့ ငှားရမ်းခြင်းတို့ကို လုပ်ဆောင်ပြီးေ နာက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်ကြီး ရောက်လာသည်။ သို့သော် အင်္ဂလန်တွင် ပညာသင်ကြားခဲ့ပြီး အင်္ဂလန်အကြောင်း ပိုနားလည်သော ဦးကောင်းကို ၂ နှစ်ခန့် အတူတွဲလုပ်ပါရန် ယင်းသံအမတ်ကြီးက မေတ္တာရပ်ခံသဖြင့် ကိုသော်ကောင်းတို့ မိသားစုသည် အင်္ဂလန်တွင် ၁၉၅၀ခုနှစ် အထိ သုံးနှစ်ကြာ နေထိုင်ခဲ့သည်။
ယင်းသုံးနှစ်တာ ကာလအတွင်း ကိုသော်ကောင်းကို အခြေခံဘာသာရပ်များဖြစ်သော ပထဝီ၊ သမိုင်း၊ သင်္ချာနှင့် အင်္ဂလိပ်စာများ သင်ကြားပေးမည့် ကိန်းဘရစ်တက္ကသိုလ်မှ ဆရာဖြစ်သင်တန်း အောင်ထားေ သာ အင်္ဂလန် အမျိုးသမီးတစ်ဦးကို ဆရာမအဖြစ် ငှားထားပေးသည်။ သို့ဖြစ်ရာ အသက်၁၃ နှစ်၊ ၁၅ အရွယ်ခန့်ကပင် အင်္ဂလိပ် လူမျိုးနှင့် အင်္ဂလိပ်စာ သင်ကြားခဲ့ရသည့် အကျိုးဆက်အဖြစ် နောင်တွင် အင်္ဂလိပ်လို အရေးအသားအထူးကျွမ်းကျင်သည်ဟု ချီးမွမ်းခံရသည်။
လန်ဒန်တွင် သုံးနှစ်သုံးမိုး နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး တက္ကသိုလ်ဝင်တန်းစာမေး ပွဲ အောင်သောအခါ ထိုစဉ်က အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် ရန်ကုန်တက္က သိုလ်တွင် ပညာဆက်လက်သင်ယူသည်။ အင်္ဂလိပ်စာ အခြေခံကောင်းသော ကိုသော်ကောင်းကို အင်္ဂလိပ်စာဂုဏ်ထူးတန်း တက်သင့်သည်ဟု အင်္ဂလိပ်စာဂုဏ်ထူးနှင့် အောင်မြင်ထားသော ဖခင်ဦးကောင်း က အကြံပြုလေရာ ကိုသော်ကောင်းသည် အင်္ဂလိပ်စာ ဂုဏ်ထူးတန်းသို့ တက်ရောက်ခဲ့ပြီး အင်္ဂလိပ်စာ ဂုဏ်ထူးဘွဲ့ကို ပထမအဆင့်မှ အောင်မြင်ခဲ့သည်။
ကိုသော်ကောင်း တက္ကသိုလ် ကျောင်းသားဘဝမှာပင် ဖခင်ဦးကောင်းသည် ဝန်ကြီးချုပ် ဦးနု၏ တာဝ န်ပေးချက်အရ အိန္ဒိယနိုင်ငံသို့ သွားရောက်စဉ် ကားမတော်တဆထိခိုက်မှုကြောင့် ကွယ်လွန်သွားသည်။ ဦးကောင်း မကွယ်လွန်မီက ၎င်းနှင့် အင်္ဂလန်တွင် ခြောက်လခန့် အတူနေထိုင်ဖူးပြီး အလွန်ရင်းနှီးသော မိတ်ဆွေ ဦးသိန်းဟန် (ဆရာဇော်ဂျီ) ထံ ကိုသော်ကောင်းကို အပ်နှံထားခဲ့ပြီး ဖြစ်သည်။
ဦးသိန်းဟန်သည် အင်္ဂလိပ်စာနှင့် မြန်မာစာနှစ်မျိုးလုံး၌ မဟာဝိဇ္ဇာတန်းအထိ အောင်မြင်ထားပြီး လန်ဒန်မြို့တွင် စာကြည့်တိုက်ပညာရပ်ကို ဆည်းပူးထားသူ ဖြစ်သည့်အပြင် ခေတ်စမ်းစာပေအရေး အသားသစ်ကို ဦးဆောင်ခဲ့ကာ ဇော်ဂျီ ကလောင်အမည်ဖြင့် ထင်ရှားကျော်ကြားသော ကဗျာဆရာ၊ ဘာသာပြန်ဆရာကြီးတစ်ဦးလည်း ဖြစ်သည်။
သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန်ထမ်းဆောင်နေသော ဦးသိန်းဟန်၏ လက်အောက်တွင် ကိုသော်ကောင်းသည် လက်ထောက်စာကြည့်တိုက်မှူးအဖြစ် အလုပ်လုပ်ခဲ့ရာ ပညာရသည့်အပြင် လွန်စွာလေးစား အတုယူခဲ့ရသည်ဟု ဆိုသည်။ စာကြည့်တိုက်အတွက် ဝယ်ယူ စုဆောင်းထားသော လစဉ်ထွက် စာအုပ်များအနက် ဖတ်ရှုသင့်သော စာအုပ်များကို ဦးသိန်းဟန်က လမ်းညွှန် အကြံပြုတတ်ပြီး နေ့လယ်တိုင်း ၎င်းလက်ဖက်ရည်သောက်စဉ် ကိုသော်ကောင်းကို ခေါ်ယူပြီး စာကြောင်းပေကြောင်း ဆွေးနွေးတတ်သည်ဟု ဆိုသည်။
“သူက အရမ်းတော်ပါတယ်။ သူနဲ့ကြာကြာ နေတော့လည်း သူရဲ့Character (စရိုက်) ပေါ့ဗျာ။ သဘော ကျတယ်လေ။ သဘောကျတော့ အတုယူတယ်” ဟု ဆက်ဆံရေး အထူးပြေပြစ်သည်ဟု ချီးမွမ်းခံရတ တ်သော ဦးသော်ကောင်းက ဆိုသည်။
ဦးသိန်းဟန် ကိုယ်တိုင်ပင်လျှင် လောဘမရှိ၊ ဒေါသမရှိဘဲ ဆက်ဆံရေး ပြေပြစ်ကာ အောက်လက် ငယ်သားများကို ဆုံးမလိုပါက ယင်းကဲ့သို့ နောက်တစ်ကြိမ် မလုပ်ဆောင်ပါရန် ဖြောင်းဖြောင်းဖျဖျ အေးေ အးဆေးဆေး ခေါ်ယူပြောတတ်ကြောင်း ဦးသော်ကောင်းက ၎င်းဆရာ၏ နေထိုင်ဟန်ကို တစ်ဆင့်ပြောပြ သည်။ နောက်ပိုင်းတွင် ဦးသိန်းဟန်နည်းတူ ကိုသော်ကောင်းသည်လည်း အင်္ဂလန်တွင် စာကြည့်တိုက် ပညာတော်သင်အဖြစ် သွားရောက် သင်ယူခဲ့သည်။ ယင်းနောက်ပိုင်း ဦးသိန်းဟန် အငြိမ်းစား ယူသောအခါ တက္ကသိုလ်စနစ်သစ် ပညာရေးအရ တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရ သည်။
စာကြည့်တိုက်မှူး တာဝန်ယူပြီးနောက် စာအုပ်များကို လိုက်လံ အလှူခံရာ ဂျာနယ်ကျော် မမလေးကဲ့ သို့သော အလှူရှင်များထံမှ စာအုပ်များ ရရှိခဲ့သည်။ ထို့အပြင် အဖွဲ့များ အသီးသီး ဖွဲ့စည်းပြီး ဘုန်းတော်ကြီးများတွင် တွေ့ရတတ်သည့် ပေပုရပိုက်များကို လိုက်လံ အလှူခံစေသည်။ သို့နှင့် စာကြည့် တိုက်တွင် ရှားပါး ပေပုရပိုက်များကိုလည်း အတော်စုံလင်အောင် စုဆောင်းနိုင်ခဲ့သည်ဟုဆိုသည်။
“အဓိကကတော့ ပုံနှိပ်စာ မဖြစ်သေးတဲ့ ပေကို ရွေးပါတယ်။ ဒီပေက ပျက်စီးသွားတာပဲ ဖြစ်ဖြစ် ၊ ပျောက်သွားတာပဲ ဖြစ်ဖြစ် ဒီပေက ဆရာတို့စာမှာ မကျန်တော့ဘူး။ အဲတော့ အဲဒါမျိုးတွေကို ဆရာတို့ လိုက်စုတယ်” ဟု ဦးသော်ကောင်းက ပေပုရပိုက်စာများကို သဲသဲမဲမဲ လိုက်လံစုဆောင်းရသည့် ရည်ရွယ် ချက်ကို ထုတ်ဖော် ပြောကြားသည်။
တစ်နိုင်ငံလုံးတွင် စာကြည့်တိုက်များ ပိုမိုများပြားလာသော်လည်း ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စာကြည့်တိုက်ပညာကို နိုင်ငံခြားပညာတော်သင် စေလွှတ်မှု ကျဆင်းသွားသဖြင့် ပြည်တွင်းမှာပင် တက္ကသိုလ်အဆင့် ဖွင့်လှစ် သင်ကြားနိုင်ရန် ထိုစဉ်က ဒုတိယ ပညာရေးဝန်ကြီး ဒေါက်တာညီညီက ခေါ် ယူအကြံပေးပြီး သင်ရိုးညွှန်းတမ်းအကြမ်း ရေးဆွဲရန်အတွက်လည်း ဦးသော်ကောင်းကိုပင် တာဝန်ပေး လိုက်သည်။ သို့နှင့် ဗြိတိန်နိုင်ငံတွင် သင်ကြားခဲ့ရသည့် စာကြည့်တိုက် ဘွဲ့လွန်ဒီပလိုမာသင်တန်းမှ သင်ကြားချက်များကို အခြေခံရေးဆွဲခဲ့ပြီး မြန်မာနိုင်ငံစာကြည့်တိုက်သမိုင်းနှင့် ပတ်သက်၍ ဆရာဖြစ်သူ ဦးသိန်းဟန်က ကူညီပေးခဲ့သည်။ သို့ဖြစ်ရာ စာကြည့်တိုက်ပညာကို ပြည်တွင်း၌ ပထမဆုံး သင်ကြားနိုင်ရန် ဦးသော်ကောင်း လက်ထက်တွင် စတင်လုပ်ဆောင်နိုင်ခဲ့ပြီး ယခုအချိန်တွင် မဟာဝိဇ္ဇာနှင့် ပါရဂူဘွဲ့များ အထိပင် ပေးအပ်နိုင်နေပြီ ဖြစ်သည်။
သို့သော် ၁၉၆၂ ခုနှစ်နောက်ပိုင်း စာကြည့်တိုက် ပညာတော်သင် စေလွှတ်မှု မရှိတော့ရာ ယခုနည်းပ ညာ ခေတ်နှင့်အတူ ပြောင်းလဲလာသော စာကြည့်တိုက်လုပ်ငန်းများကို နားလည်သဘောပေါက်ရန် အတွက် ပညာတော်သင်များ ပြန်လည် လွှတ်ပေး သင့်ကြောင်းလည်း ဦးသော်ကောင်းက မှတ်ချက်ပြု သည်။
ဦးသော်ကောင်းသည် ရှေးဟောင်း ပေပုရပိုက်များကို မပျောက်ပျက်အောင် လိုက်လံစုဆောင်းသည့် အပြင် မြန်မာစာ မြန်မာမှုနှင့်ပတ်သက်၍ ဆောင်းပါးနှင့် စာတမ်းအများအပြားကိုလည်း ကိုယ်တိုင် ရေး သားခဲ့လေရာ ဂျပန်နိုင်ငံကပေးအပ်ပြီး မြန်မာနိုင်ငံတွင် သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း တစ်ယောက်သာ ရဖူးသည့် ဖုကုအိုကအာရှဓလေ့ဆိုင်ရာဆုကိုလည်း ချီးမြှင့်ခံခဲ့ရသည့်အပြင် ပြည်တွင်း တွင်မူ တစ်သက်တာစာပေဆု ရရှိထားသည်။
ယင်းကဲ့သို့ စာကြည့်တိုက်ပညာ ပြန့်ပွားရေးနှင့် မြန်မာမှု မြန်မာစာပေဆိုင်ရာ စာတမ်းများရာကျော် ရေး သားပြုစုထားကာ စာကြည့်တိုက်မှူး တာဝန်မှ အငြိမ်းစားယူထားပြီ ဖြစ်သော်လည်း ယနေ့ ပညာရေးစနစ် အပြောင်းအလဲ လုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိသောအချိန်တွင် စာကြည့်တိုက်များကိုလည်း အီလက် ထရွန်နစ်စနစ်သို့ ပြောင်းလဲနိုင်ရန်အတွက် ကြိုးပမ်းဆဲ၊ ကြိုးပမ်းလျက်ပင် ရှိသေးသည်။
အထူးသဖြင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို အီလက်ထရွန်နစ် စနစ်သို့ ကူးပြောင်းနိုင်ရန် အမေရိကန်သူဌေးကြီး ဂျော့ဆိုးရပ်စ်၏ ဖောင်ဒေးရှင်းနှင့် လာမည့်နှစ် ဇန်နဝါရီလခန့်တွင် ပူးပေါင်း ဆောင်ရွက်တော့မည် ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များ အားလုံးကိုသာ အီလက် ထရွန်နစ်စနစ်သို့ ကူးပြောင်းနိုင်ပါက ပြည်တွင်းပြည်ပစာကြည့်တိုက်များအချင်းချင်း ချိတ်ဆက်ကာ စာအုပ်များ အပြန်အလှန်ဖလှယ်နိုင်မည်ဟု ဆိုသည်။ ယင်းအပြင် ယခင်သမားရိုးကျနည်းဟောင်းကြီြး ဖစ်သော စာအုပ်အငှားသွား၊ စာအုပ်အငှားပြန်လာအပ်နည်းကို မသုံးတော့ဘဲ လိုအပ်သော စာအုပ်ကို စာဖတ်သူထံ မိုဘိုင်းလ်မှတစ်ဆင့်ပေးပို့ခြင်း ကဲ့သို့သော နည်းလမ်းများ အသုံးပြုခြင်းဖြင့် စာအုပ်လာငှာြး ခင်း၊ လာအပ်ခြင်း ဒုက္ခအပေါင်းကို ကျော်လွှားနိုင်မည်ဟု ဆိုသည်။
သို့အတွက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် Fiber Optic ဆွဲရန် အကြံပြုထားပြီး ယခုလက်ရှိ အခြေအနေမှာ အင်တာနက် သုံးနိုင်သော်လည်း လိုင်းဆက်သွယ်မှု မကောင်းသဖြင့် အီလက်ထရွန်နစ် စနစ်ကို ပြောင်းလဲရန် အခက်ကြုံနေဆဲဖြစ်ကာ ဂျော့ဆိုးရော့စ် သူဌေးကြီး ဖောင်ဒေးရှင်း အနေနှင့်လည်း ကူညီထောက်ပံ့ပေးရေး စတင်ရန် ယင်းလိုင်း ဆက်သွယ်မှု ပြဿနာကို ဖြေရှင်းပြီးသည်အထိ စောင့် ဆိုင်းနေရသည်ဟု ဆိုသည်။
စင်ကာပူ နိုင်ငံကဲ့သို့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံထားသော စာကြည့်တိုက် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ရန်အတွက် စာကြည့်တိုက်မှူးဟောင်းကြီး ဦးသော်ကောင်းက ကြိုးပမ်းနေသော်လည်း အင်တာနက်လိုင်း နှေးကွေးမှုမှာ အဓိကအဟန့်အတားသ ဖွယ် ဖြစ်နေသည်။ သို့သော် နိုင်ငံရေးစနစ် အပြောင်းအလဲနှင့်အတူ နယ်ပယ်အသီးသီး၊ အဖွဲ့အစည်း အသီးသီးက ရုန်းထရန် ကြိုးစားလျက်ရှိရာ ဦးသော်ကောင်းလည်း ထိုနည်းတူစွာပင် မျှော်လင့်ချက်နှင့်အတူ ကြိုးပမ်းဆဲပင် ဖြစ်သည်။
“အိုင်တီပညာနဲ့ တစ်ပြည်လုံး Networking လုပ်ထားမယ်။ စာကြည့်တိုက် အားလုံးကလည်း တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားမယ်။ ဒီစာကြည့်တိုက်မှာ မရှိဘူးဆိုရင် နောက်စာကြည့်တိုက်က တောင်းလို့ရမယ်။ အဲဒီ ဘက်ကို ဦးတည်နေတာပေါ့” ဟု စာကြည့်တိုက်ပညာရှင်ကြီး ဦးသော်ကောင်းက ဆိုပါသည်။
ဥာဏ်မျိုးအောင်
No comments:
Post a Comment