Sunday, June 1, 2014

မြေလတ် ဘော်ဒါဆောင် ဈေးကွက်၏ အနာဂတ်လားရာ

Written by  ဉာဏ်မျိုးအောင်

တက္ကသိုလ် ကောလိပ်ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းဆောင်များ၌ ပြန်လည်နေထိုင်ခွင့် ပြုတော့မည်ဆိုသော ပညာရေးဝန်ကြီးဌာန၏ မူဝါဒသစ် နောက်ပိုင်း တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ဘော်ဒါဆောင် ငှားရမ်းခြင်း လုပ်ငန်းဖြင့် အဓိကစီးပွားရှာနေသော မကွေးမြို့တွင် ဘော်ဒါဆောင်ဈေးကွက် ပျောက်သွားေ တာ့မည်လောဟု ဘော်ဒါဆောင် လုပ်ငန်းရှင်များအကြား မေးခွန်း ထုတ်လာကြသည်။

ကောလိပ်နှင့် တက္ကသိုလ်များ ပေါင်း လျှင် ခြောက်ခုခန့်ရှိသော မကွေးမြို့ တွင် ဆေးတက္ကသိုလ်တစ်ခုတည်းသို့ ပညာလာသင်သည့် ကျောင်းသားဦးရေ
သည်ပင်လျှင် တစ်နှစ်လျှင် ခြောက်ရာခန့် ရှိသည်။ ကျန်တက္ကသိုလ် ကောလိပ်များ တွင် ပညာလာသင်သည့် ကျောင်းသား များနှင့် ပေါင်းလိုက်လျှင် ကျောင်း သား ကျောင်းသူ တစ်ထောင်ကျော်ခန့် မကွေးမြို့သို့ နှစ်စဉ် ဝင်လာမြဲ ဖြစ်ပြီး ယင်းကျောင်းသားများကို အဆောင် ငှားရမ်းခြင်းဖြင့် မကွေးမြို့ခံများသည် မီးခိုးတိတ် စက်ရုံငယ်များသဖွယ် ငွေရှာလွယ်ကြသည်။

သို့သော် ယခင်နှစ်က ဆေးသိပ္ပံဦးစီးဌာန၏ မူဝါဒ အသစ်အရ ဆေးတက္ကသိုလ် ဝင်ခွင့်များကို တင်းကျပ် လိုက်ပြီး နှစ်စဉ် ကျောင်းသား ခြောက်ရာခန့် ခေါ်ယူနေရာမှ ကျောင်းသား တစ်ရာခန့်သို့ လျှော့ချ ခေါ် ယူလိုက်သည့်အပြင် ယင်းကျောင်းသားများ အားလုံးနီးပါးကိုလည်း ကျောင်းဆောင်များတွင် နေရာစီ စဉ် ပေးလိုက်ရာ မကွေးမြို့ ဘော်ဒါဆောင် အငှားဈေးကွက် သိသိသာသာ အေးစက်သွားသည်။

“ကျွန်တော်တို့ ရွာသစ်ရပ်ကွက် ဘက်မှာဆို ဆေးသီးသန့်ထားတဲ့ အဆောင်တွေ အရင်တုန်းက အယောက် ၂၀ လောက် ထားပြီးရင် နေရာမရှိတော့ဘူး ပြောရတယ်။ အခုတော့ အလွန်ဆုံးရှိရင် ခုနစ်ယောက်၊ ရှစ်ေ ယာက် လောက်ပေါ့” ဟု တစ်နှစ်အတွင်း အဆောင်ငှားရမ်းခြင်း ထိုးကျသွားမှုနှင့် ပတ်သက်၍ ဘော်ဒါေ ဆာင်ပိုင်ရှင် ဦးကျော်စိန်ဝင်းက ဆိုသည်။

ယင်းအပြင် ဆေးတက္ကသိုလ် ကျောင်းသားဦးရေ လျော့လိုက်သော အကျိုးအဆက် ခံစားနေရသော ဘော် ဒါဆောင် လုပ်ငန်းရှင်များအတွက် အဆောင်ငှား ဈေးကွက် ပြန်လည် စန်းပွင့်လာမည့် အခြေအနေမရှိပေ။ အကြောင်းမူကား၊ မကွေးဆေးတက္ကသိုလ်တွင် ကျောင်းသားဆောင်များ ဆောက်လုပ်လျက် ရှိပြီး နှစ်စ ဉ်အလိုက် တက္ကသိုလ် ဝင်ခွင့်ပြုသော အတန်းသားသစ် ၁၀၀ ခန့်ကို ယင်းအဆောင်များတွင် နေထိုင်ခွင့်ပြု ကာ နောက်ဆုံးတွင် အတန်းအသီးသီးရှိ ကျောင်းသားများ အားလုံး ကျောင်းဆောင်များတွင် နေနိုင် ရန် ဆောင်ရွက်သွားမည်ဟု မကွေးဆေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းမြတ်အေးက ထုတ်ပြန် ထားသည်။

ယင်းထုတ်ပြန်ချက်အရ နှစ်စဉ် ဆေးတက္ကသိုလ် ကျောင်းသားများကို ကျောင်းဆောင် စီစဉ်ပေးပါ က နောင်လေးနှစ်အတွင်း မြို့တွင်း၌ နေထိုင်သည့် ဆေးတက္ကသိုလ် ကျောင်းသား မရှိသလောက် ပါးရှားသွားမည် ဖြစ်သည်။ ထို့အပြင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဖြစ်သော မကွေးတက္ကသိုလ်တွင်လည်း ကျောင်း သားများကို ကျောင်းဆောင် ထားပေးရန် စီစဉ်လျက် ရှိကြောင်းအဝေးသင် ကျောင်းသူတစ်ဦးက ပြောပြ သည်။

မကွေးမြို့ စီးပွားရေးကို အဓိက မောင်းနှင်နေသည်မှာ ပဲနှမ်းရောင်းဝယ်သော လုပ်ငန်းရှင်အစု၊ အစိုးရ ဝန်ထမ်းအစုနှင့် တက္ကသိုလ် ကျောင်းသား အဆောင်ငှားသော အစုဟူ၍ ခွဲခြားနိုင်ပြီး အိမ်ထောင်စုပေါင်း ၁၅၀၀ ခန့်သည် အဆောင်ငှားရမ်းရသော ငွေကြေးကိုအမှီပြု စားသောက်နေရသူများ ဖြစ်ကြောင်း ဘော် ဒါဆောင် ပိုင်ရှင်များအသင်း အမှုဆောင် တာဝန်လည်း ယူထားသော ဦးကျော်စိန်ဝင်းက ခြုံငုံသုံးသပ်သ ည်။

မကွေးမြို့တွင် အဆောင်ငှားစရိတ်၊ စားသောက်စရိတ်နှင့် အထွေထွေ စရိတ်များအတွက် ကျောင်းသား တစ်ဦးသည် တစ်လလျှင် အနည်းဆုံး ပျှမ်းမျှတစ်သိန်းခန့် သုံးစွဲတတ်ရာ နှစ်စဉ် ဝင်ရောက်လာ သည့် ကျောင်းသား ထောင့်ငါးရာခန့်ကို ကျောင်းဆောင်များတွင် နေရာချထားပေးပါက အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများ ပိုက်ထုပ်လာသည့် လစဉ်ငွေ သိန်းထောင့် ငါးရာခန့် မကွေးဈေးကွက်မှ ထွက်ခွာသွားတော့မည် ဖြစ်သည်။

ယင်းလစဉ် သုံးငွေအနက် အဆောင်ငှားရမ်းခအဖြစ် ကျပ်တစ်သောင်းမှစ၍ ကျပ်နှစ်သောင်းအထိ ပေးေ ဆာင်ရလေ့ရှိရာ ကျောင်းသားတစ်ဦး၏ တစ်လ အဆောင်ငှားရမ်းခကို ကျပ်တစ်သောင်းခွဲ ပျမ်းမျှထား တွက်ချက်ပါက မကွေးမြို့ခံ ဘော်ဒါဆောင် လုပ်ငန်းရှင်များထံ ဝင်လာမည့် လစဉ်ဝင်ငွေ သိန်းနှစ်ရာကျော် ခန့် လက်လွှတ်ရတော့မည် ဖြစ်သည်။

“လောလောဆယ် ကျွန်တော် ကြားတာတော့ ဝိဇ္ဇာသိပ္ပံက လေးသောင်းခွဲ ကောက်တယ် ကြားတ ယ်။ နေစရိတ်ကော စားစရိတ်ကောပေါ့။ အဓိကတော့ ဘော်ဒါဆောင် သမားတွေပြီးရင် ထိခိုက်နစ်နာမှာ က ကျောင်းသားအများစု စားလို့ရအောင် လုပ်ထားတဲ့ တစ်ခါပြင် ဆိုင်တွေ၊ စားသောက် ဆိုင်တွေပါပဲ” ဟု ဦးကျော်စိန်ဝင်းက ဆိုသည်။

အဆောင်နေ ကျောင်းသား ထိုးကျ သွားသော်လည်း ဘော်ဒါဆောင်ပိုင်ရှင် များသည် ဘော်ဒါဆောင်လိုင်စင်တိုးရာ၌ ကုန်ကျသော ငွေကြေးနှုန်းထားမှာ မပြောင်းလဲချေ။ နှစ်စဉ် ဘော်ဒါဆောင် လိုင်စင် သက်တမ်းတိုးရန်အတွက် ရဲစခန်း၊ ရပ်ကွက်၊ ကျန်းမာရေးနှင့် မြို့နယ်အုပ် ချုပ်ရေးမှူး ထောက်ခံစာယူရန် ကျပ်လေးထောင်ခန့်၊ ဘော်ဒါဆောင် အသင်းရုံးလုပ်ငန်း လည်ပတ်နိုင်ရန် ကျပ်ရှစ်ထောင်နှင့် အကြမ်းဖျင်းအားဖြင့် လူခြောက်ယောက်နှင့် ၁၂ ယောက် ကြားလျှင် မြို့နယ်အခွန် ဦးစီးဌာနကို နှစ်စဉ်ကြေး ခုနစ်သောင်းခွဲခန့် ပေးဆောင်ရကြောင်း ဦးကျော်စိန်ဝင်းက အသေးစိတ် တွက်ပြသည်။
သို့ဖြစ်ရာ ကျောင်းသားများအားလုံး ကျောင်းဆောင်များသို့ ပြန်သွားပါက လစ်လပ်သော
အခန်းများကို မည်သို့အသုံးချမည်နည်းဟု ဘော်ဒါဆောင် လုပ်ငန်းရှင်များ ဦးနှောက်စားလာသည်။

“အလွယ်ကူဆုံး စဉ်းစားလို့ ရတာက စည်ပင်သာယာမှာ တည်းခိုခန်းလိုင်စင် လျှောက်လိုက်။ လျှော က်ပြီးတော့ တည်းခိုခန်း တစ်လုံးကို ဖွင့်မယ်” ဟု ဦးကျော်စိန်ဝင်းက ဆိုသည်။

တည်းခိုခန်းသို့ လူဝင်ရန် နယ်ဆင်းလာသော ကုမ္ပဏီများနှင့် ချိတ်ဆက်ထားနိုင်ပါက ယခင်က ကျောင်း သားတစ်ဦး ထားခ တစ်ရက်ကြေး ခုနစ်ရာခန့်မှ တည်းခိုခန်းကြေး ၁၅၀၀ ခန့်အထိ ကောက်ယူနိုင်ကြော င်း ဘော်ဒါဆောင် လုပ်ငန်းရှင် မိတ်ဆွေများနှင့် ဆွေးနွေးချက်ကို ၎င်းက တစ်ဆင့်ပြောပြသည်။

ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးသော၊ ပုဂံညောင်ဦးနှင့် နီးစပ်သော မကွေးမြို့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆောင်ရွက်မည်ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်ဖော် ပြောကြားထားရာ ယင်းခရီးသွား လုပ်ငန်းသစ်နှင့်အတူ ဝင်လာမည့် ခရီးသွားများကို တည်းခိုခန်း ငှားခြင်းဖြင့် ငွေရှာနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင်တစ်ဦးက မြေလတ်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ၌ ထောက်ပြထားသည်။

ဟိုတယ်ကြီးများ ဆောက်လုပ် ငှားရမ်းခြင်းထက် သန့်ရှင်းသပ်ရပ်သော တည်းခိုခန်း ငယ်များကို ငှားရမ်းခြင်းဖြင့် နိုင်ငံခြားသား ခရီးသွား ဖြစ်ပါက တစ်ခန်းလျှင် တစ်ရက်အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာနှင့် ၁၅ ဒေါ်လာအတွင်း ရရှိနိုင်ကြောင်း ၎င်းက ခန့်မှန်း တွက်ချက်ပြသည်။

ဘော်ဒါဆောင် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင့်ရှိန်ကမူ ဘော်ဒါဆောင်လုပ်ငန်း များ ပျောက်ကွယ် သွားပါက မကွေးတိုင်းဒေသကြီး အစိုးရ၏ ဝင်ငွေခွန် လျော့နည်းသွားမည်ဖြစ်ပြီး
ယခုနှစ် အတွင်းမှာပင် ဘော်ဒါဆောင် မှတ်ပုံတင်သူ အရေအတွက် ငါးရာခန့်မှ သုံးရာခန့်အထိ ကျဆင်းသွားသည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဘော်ဒါဆောင်ငှား ဈေးကွက် အေးစက်သွားသဖြင့် လက်ငင်း အကျိုးဆက်အဖြစ် မကွေးမြို့ခံများအတွက် စီးပွားရေး အခွင့်အလမ်းတစ်ခု ပျောက်ဆုံး သွားသော်လည်း ဆယ်ကျော် သက်အရွယ် တက္ကသိုလ် ကျောင်းသားများ အားလုံး ကျောင်းဆောင် အသီးသီး၌ အဆောင်မှူး ဆရာတစ်ဦးဦး၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိသွားခြင်းမှာ ကောင်းမွန်ပါကြောင်း ဦးကျော်စိန်ဝင်းက လိုလိုလားလား ပြောကြားသည်။

“ကျောင်းသားတွေ မြို့ထဲမှာ ပျံ့နေတဲ့ အခါကျတော့ အုပ်ချုပ်တဲ့လူတွေက တစ်သမတ်တည်း တစ်တန်း စားတည်း မဟုတ်ဘူးလေ။ နောက်ပြီးတော့ ဒီမှာ ဖွင့်စားတဲ့သူကလည်း ငွေရေးကြေးရေးကြောင့် ဖွင့်စား တာလေ။ ဆယ်ကျော်သက် အရွယ်နဲ့ ဆက်ဆံရေးတို့ ဘာတို့ဆိုတာ ဗဟုသုတ နည်းကြတာကိုးဗျ” ဟု ၎င်းကဆိုသည်။

အမျိုးသမီးဆောင်များ ရှေ့တွင် ညဥ့်နက် သန်းခေါင်ယံအထိ တက္ကသိုလ် ကျောင်းသားများ ဂစ်တာ လာတီးသည်ကို ရပ်ကွက် နေထိုင်သူများက ရဲစခန်းသို့ ဖုန်းဆက် တိုင်ကြားသော်လည်း ရဲအရာရှိများ မှာ ကျောင်းသားများနှင့် ထိပ်တိုက် မတွေ့လိုသဖြင့် လာရောက် ဖြေရှင်းပေးခြင်း မရှိကြောင်း၊ တစ်ခါတစ်ရံ ကျောင်းသားများနှင့် ရပ်ကွက် လူငယ်များ မူးယစ် ရန်ဖြစ်တတ်ကြောင်း မကွေးမြို့ခံများက ရှင်းပြသည်။

မိမိအဆောင်တွင် နေထိုင်သော ကျောင်းသားများကို အုပ်ချုပ်ရာ၌ လိုက်နာ ကျင့်သုံးရမည့် စည်း ကမ်းချက်များကို ဒေသခံ အာဏာပိုင်များက ဘော်ဒါဆောင် လုပ်ငန်းရှင်များကို ခေါ်ယူညှိနှိုင်း တတ်သော်လည်း လက်တွေ့တွင်မူ ယင်းစည်းကမ်းများမှာ ထိရောက်မှု မရှိကြောင်း ဘော်ဒါဆောင် လုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။

ပဲခူးမှ ကျောင်းလာတက်သော ကျောင်းသား တစ်ယောက်သည် ဘွဲ့ယူပြီးနောက် လက်တွေ့ဆင်းကာ အဆောင်သို့ ခဏပြန်လာတည်းစဉ် ပထမနှစ် ကတည်းကပင် အဆောင်နံရံ၌ ကပ်ထားသော အဆောင် ည်းကမ်းချက် များကို ဘွဲ့ရပြီးမှ ဖတ်ရှုနေသည်ကို တွေ့ရကြောင်း အဆောင်စည်းကမ်း များ ထိရောက်မှု မရှိပုံကို ဦးကျော်စိန်ဝင်းက ရယ်ပွဲဖွဲ့ ပြောဆိုသည်။

ယခင်က မြို့တွင်း၌ ပြန့်ကြဲနေသော တက္ကသိုလ် ကျောင်းသားများသည် အရက်ဝိုင်းဖွဲ့ခြင်း၊ ဖဲဝိုင်းထော င်ခြင်း၊ ဂိမ်းဆိုင်တွင် ညလုံးပေါက်ဆော့ခြင်း၊ မိန်းမလိုက်စားခြင်း၊ ရပ်ကွက်နေ လူငယ်များ၏ ရန်မူခြင်း ကို ပြန်လည် တုံ့ပြန်ခြင်းတို့ဖြင့် ပညာတတ်ပြီး ယဉ်ကျေးသော တက္ကသိုလ် ကျောင်းသား တစ်ယောက်၏ အမူအကျင့်များ ပျောက်ဆုံး နေတတ်ရာ တက္ကသိုလ် ကျောင်းသားများကို ကျောင်းဆောင်များတွင် ပြန် လည် ထားရှိပါက ယင်းပြဿနာများ ပြေလည်သွားမည် ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားများနှင့် မြို့ခံများက မှတ်ချက်ပြုကြသည်။

ကိုယ်တိုင် ဘော်ဒါဆောင်တစ်ခု ဖွင့်လှစ်ထားသော ဘော်ဒါဆောင် လုပ်ငန်းရှင်များအသင်း အမှုဆောင် ဦးကျော်စိန်ဝင်းကလည်း ယင်းအချက်ကို အောက်ပါအတိုင်း သဘောတူ ထောက်ခံသည်။ 

“ကောင်းပါတယ်၊ သူ့ကျောင်းနဲ့သူ ပြန်ရောက် သွားတာတော့ ကောင်းပါတယ်။ အပြင်မှာကျ ဒီအရွယ်တွေ ကလည်း အရမ်းထိန်းရလို့ ခက်တဲ့အရွယ်”

ဥာဏ်မျိုးအောင်

No comments:

Post a Comment