Sunday, June 1, 2014

လွန်ခဲ့သော ဆယ်နှစ်တာကို ပြန်ကြည့်ခြင်း

Written by  ဘာသာပြန်-ဉာဏ်မျိုးအောင်

(လူစီရာ Lucia ကလောင်အမည်ခံထားသော ထိုစဉ်က အင်္ဂလိပ်စာဌာနမှူးတစ်ဦးဖြစ်သူ ဆရာမဒေါ်ယဉ်လဲ့လဲ့သွင်က ၂၀၁၁ ခုနှစ်တွင် ထုတ်ဝေသည့် မကွေးဆေးတက္ကသိုလ်၏ ဆယ်နှစ်ပြည့် နှစ်ပတ်လည်မဂ္ဂဇင်းတွင် Looking Back Over Ten Years ခေါင်းစဉ်ဖြင့် ရေး သားထားသော ဆောင်းပါးဖြစ်သည်။ ဆရာမ၏ ဆယ်နှစ်တာ ဖြတ်သန်းမှုဘဝသည်ပင်လျှင် ဆယ်နှစ်သားအရွယ် မကွေးဆေးတက္ကသိုလ်၏ ရုပ်ပုံလွှာဖြစ်ပြီး ယင်းရုပ်ပုံလွှာသည်ပင်လျှင် ထိုစဉ်က ပညာရေးစနစ်၏ သမိုင်းအပိုင်းအစဟု ဆိုချင်ပါသည်။)
မကွေးဆေးတက္ကသိုလ် ကျောင်းပရိဝုဏ်သစ်ထဲသို့ ကျွန်မ ပထမဆုံး ခြေချမိသည်မှာ လွန်ခဲ့သော ဆယ်နှစ်က ဖြစ်သည်။ ထိုစဉ်က မကွေးဆေးတက္ကသိုလ်ကို မကွေးဆေးသိပ္ပံဟု ခေါ်ပါသည် ။ ကျောင်းပရိဝုဏ် တစ်ခုလုံးကို မိုးကုပ်စက်ဝိုင်းအဆုံးတိုင် ဖြန့်ကြက်နေသော နှမ်းခင်းစိမ်းစိမ်းများက ဝန်းရံထားပါသည်။ တခြားသောမြို့များရှိ ဆေးသိပ္ပံများနှင့် မတူသည်မှာ ဟိုနားသည်နားတွင် တစ်ပင်ချင်းစီ ပေါက်နေသော ထန်းပင်များ၊ နှမ်းခင်းကျယ်ကြီးအတွင်း အုပ်စုလိုက် ပေါက်နေသော ထန်းပင်တို့ဖြင့် မကွေးဆေးတက္ကသိုလ်မှာ သဘာဝနှင့် အတော်နီးစပ်သည်ဟု ထင်ပါသည်။

ဂျူတီကုတ် ဝတ်ဆင်ထားသော ဆေးကျောင်းသားများ ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေသည့်နေရာ ကို  ကျောင်းပရိဝုဏ်အဖြစ် မြင်တွေ့ဖူးသော ကျွန်မမှာ (မကွေးဆေးတက္ကသိုလ် ပရိဝုဏ်မှာ ) မြင်ဖူးသမျှ ကျောင်းပရိဝုဏ်များနှင့် အတော်ခြားနားသော မြင်ကွင်းတစ်ခု ဖြစ်နေပါသည်။ သို့သော် သည်မြင်ကွင်းမှာ ကျွန်မကို ပျော်ရွှင်အောင် ဖမ်းစားနိုင်ပါသည်။ ကျွန်မမှာ ကျေးလက်ဝန်းကျင်နှင့် လုံးဝစိမ်းသော သူစိမ်းတစ်ယောက်တော့ မဟုတ်ပါ။ တပ်မတော်ဝန်ထမ်းတစ်ဦးဖြစ်သော ကျွန်မအဖေမှာ လူနေထူထပ်သော မြို့ကြီးများနှင့် အလှမ်းဝေးသည့် ဒေသတွင် တည်ဆောက်ထားသော တပ်ရ င်း တော်တော်များများကို ရွှေ့ပြောင်းရသောအခါ ကျွန်မတို့ကို သူနှင့်အတူ ခေါ်သွားဖူးပါသည်။

နှစ်ကာလများသည် နောက်ပြန်ဆုတ်သွားပြီး ကျွန်မကို ငယ်စဉ်ဘဝဆီ ပြန်လည် ပစ်လွှင့်လိုက်သည်ဟု ထင်မိပါသည်။ မြို့ကြီးများတွင် တွေ့ရခဲလှသော ရောင်စုံပန်းများနှင့် စိမ်းလန်းသော သစ်ပင်ရိုင်းများက ကျွန်မစိတ်ကို ဆွဲဆောင်ထားကြောင်း ကျွန်မ သဘောပေါက်ပြီးနောက် ကျွန်မ၏ သဘာဝ ချစ်စိတ်မှာ ယင်းကျေးလက် ဝန်းကျင်မှာပင်  မွေးဖွားလာတော့သည်။ ကျောင်းသို့ သွားသည့်လမ်းတွင် ပုံသဏ္ဌာန် ဆန်းဆန်းပြားပြားဖြင့် သစ်ရွက်များရှိသော ချုံပုတ်စိမ်းများ၏ နှစ်လိုဖွယ်ရာကို ခံစားနိုင်သည်မှာ ကျွန်မအတွက် အခွင့်ထူးကြီး တစ်ခုဖြစ်ပါသည်။ ပန်းများကို ခူးပြီး ကျွန်မဆံကေသာတွင် စိတ်တိုင်းကျ မပန်ဆင်ဘဲ မနေနိုင်အောင်ပင်။ (တချို့ပန်းများမှာ လှပပြီး ဆွဲဆောင်မှု ရှိသလောက် အဆိပ်ရှိသည်ကိုမူ ထိုစဉ်က မသိပါ။) တစ်ခါတွင် အဆိပ်ရှိသော ပန်းတစ်ပွင့်ကို ပန်မိသည့်အတွက် ဆရာမက ကျွန်မကို ဆူပါသည်။ ကျွန်မ ခေါင်းပေါ်တွင် သေစေတတ်သည့် ပင့်ကူတစ်ကောင် ရောက်နေသလို ပန်းပွင့်ကို ချက်ချင်းဆွဲယူ လွှင့်ပစ်လိုက်ရပါသည်။ ချုံပုတ်များကြားတွင် ပျံသန်းနေသော၊ သစ်ပင်များပေါ်တွင် နားနေသော ချစ်ခင် စုံမက်ဖွယ် ကောင်းသည့် ငှက်မျိုးစုံကို ကြည့်ရင်း အချိန်ဖြုန်းတတ်လာရာ ကျွန်မတွင် ငှက်ကြည့်အကျင့်လည်း စွဲကပ်လာပါသည်။ မြက်ပင်ရှည်များထဲသို့ လမ်းဖြတ်လျှောက်ပြီး လတ်ဆတ်သော ရနံ့များနှင့် ပြည့်ဝသော လေကို ရှူရှိုက်ရသည်ကို ကျွန်မနှစ်သက်ပါသည်။

သည်မြန်မာနိုင်ငံ အထက်ပိုင်းဒေသကို ကျွန်မ တစ်ခါမျှ မရောက်ဖူးပါ။ ပြီးတော့ ကျွန်မ ကြားထားသမျှ မနှစ်မြို့ဖွယ်ရာ ရာသီဥတုနှင့် ပတ်သက်၍ ကျွန်မ စိုးရိမ် ပူပန်ခဲ့ပါသည်။ ရုံးခန်းအပြင်ဘက်ကို ထွက်သည့်အချိန်မှာ စာသင်ခန်းများ၏ အမိုးပေါ်တွင် နေရောင်တောက်နေသော သွပ်ပြားများက အလွန်တောက်ပသော နေရောင်ခြည်ကို အလင်းပြန်နေကြောင်း ကျွန်မ သတိထားမိပါသည်။ ပြီးတော့ သည်အလင်းရောင်က ကျွန်မ မျက်စိများကို ကျိန်းစပ်စေပါသည်။ မိုးကောင်ကင်မှာ မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို အပြာကြည်ကြည်နှင့် တောက်ပစွာ ဖြန့်ကြက်ထားပါသည်။ မြေပြင်တွင် အရိပ်ရသစ်ပင်မရှိ၊ ပန်းပင်မရှိ၊ သစ်ပင်မရှိ၊ နှမ်းပင်များသာ ရှိသည်။ တစ်ခါတစ်ရံ ကျောင်းပရိဝုဏ်အတွင်း သွားလာနေသော နွားတစ်ကောင်၊ နှစ်ကောင် ရှိပါသည်။ နေ့လယ်ခင်း လက်ချာပြီးပါက ပလက်ဖောင်း ပူပူပေါ်တွင် လေးလံသော ခြေထောက်ဖြင့် ခြေလှမ်းများမှာ နှေးကွေးလျက် ရှိသည်။ ပထမ တစ်နှစ်တာ ကာလအတွင်း ကျွန်မသည် ရန်ကုန်သို့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ပြန်ပါသည်။ တနင်္လာနေ့ နံနက်တွင်မူ မျက်တွင်းများ ခွက်ဝင်နေပြီး ဖြူဖပ်ဖြူရော်မျက်နှာနှင့် ပြန်လာရပါသည်။

တစ်လှည့်စီလာသည့် ဧည့်ဆရာများနှင့် သုံးလကြာလောက် သင်ကြားပြီးနောက် ကျောင်းသားများမှာ ပုံမှန် အင်္ဂလိပ်စာဆရာက သင်ကြားပေးခြင်းကို နှစ်သက်ကြသည်။ အင်္ဂလိပ်ဘာသာ အခက်အခဲများနှင့် ပတ်သက်၍ ကျောင်းသားများက ဌာနတွင်းသို့ လာရောက် အကူအညီတောင်းချိန်တွင် နှစ်ပတ်လောက်သာ လာသင်သည့် ဧည့်ဆရာများမှာ အမြဲလိုလို မရှိတော့ပါ။ ကျွန်မအံ့သြရသည်မှာ ကျောင်းသားများမှာ အဆောင်နေတာ၊ စာသင်ကြားရတာ၊ စားသောက်ရတာ ပြီးတော့ သူတို့မိဘတွေကို တိုင်ပင်သလိုမျိုး၊ မိဘမေတ္တာကို ငတ်မွတ်သလိုမျိုး လူမှုဆက်ဆံရေး ကိစ္စများအထိ ပြဿနာအားလုံးကို ဆရာမတွေနှ င့် ပြောဆိုရတာကို သူတို့တွေက ကျေနပ်နှစ်သက်ကြခြင်း ဖြစ်သည်။ ကျွန်မတို့ တည်းခိုဆောင်တွေဆီ လာလည်တာမျိုး သို့မဟုတ် ကျွန်မတို့ကို သူတို့တည်းခိုဆောင်ဆီ အလည်ခေါ်သွားတာမျိုး သို့မဟု တ် မြသလွန်ဘုရားကို အတူသွားကြဖို့ ပြောတာမျိုးဖြင့် ကျောင်းသားများသည် သူတို့သံယောဇဉ်ကို ထုတ်ဖော်ပြတတ်သည်။ မိခင်တစ်ယောက်၏ ချစ်ခင်ယုယမှုမျိုးဖြင့် ကျွန်မ ပြန်လာချိန်တွင် သူတို့တွေမှာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူများ ဖြစ်နေကြသည်။ ဆောင်းရာသီ နံနက်ခင်းတစ်ခုကို ကျွန်မ ဘယ်တော့ မှ မေ့မည်မဟုတ်ပါ။ အနွေးထည်တွေ ဝတ်လာသော ကျွန်မသည် ဌာနတံခါးဝသို့ ရောက်သောအခါ ကျွန်မ၏ ကျောင်းသားကလေးများမှာ အဆင်သင့် ရောက်နေကြပြီ ဖြစ်သည်။ သူတို့၏ ချိုသာလှသော အသံများဖြင့် “ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ” ဟု အော်ဆိုလျက် သူတို့တွေက နှင်းဆီနီပန်း တစ်စ ည်းဖြင့် ကျွန်မကို အံ့အားသင့်သွားစေပါသည်။ ကျွန်မမွေးနေ့ကို သူတို့တွေ ဘယ်လိုလုပ် သိသွားပါလိမ့်။ သူတို့တွေ၏ နွေးထွေးသော မေတ္တာကြောင့် အိမ်လွမ်းစိတ်နှင့် အထီးကျန်ဆန်မှု ခံစားချက်ကို မောင်း ထုတ်နိုင်ခဲ့ပါသည်။

ကျွန်မအခန်းထဲကို တံခါးအောက်ကနေ မြွေဝင်သွားတာ မြင်လိုက်ရတယ်ဟု တခြားလူတွေက ကျွန်မကို သတိပေးသံ ကြားရချိန်မှာ ကြောက်စရာ အကောင်းဆုံး အခိုက်အတန့် ကာလတစ်ခု ဖြစ်ပါသည်။ မြွေကို ကျွန်မမျက်စိဖြင့် တပ်အပ် မမြင်ရသည့်တိုင် မြွေဆိုသော စကားလုံးကို ကြားသောအခါတိုင်း ကျွန်မမှာ ကျောချမ်းရသည်။ ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင် တစ်နေရာရာမှာ ပုန်းအောင်းနေနိုင်တဲ့ အခန်းထဲကို ကျွန်မ ဝင်သွားတာ မရဲတင်းလွန်းပေဘူးလား။ ကျွန်မအိမ်နီးချင်းများက အပြေးအလွှား လာပြီး ခြောက်လန့်သံပေးကာ ကြမ်းပြင်နှင့် အိပ်ရာခုတင်တို့ကို ဟိုနားဒီနား ရိုက်ပုတ်၍ ကူညီကြပါသည်။ သို့သော် အချည်းအနှီးသာ။ ယင်းသတ္တဝါကို ဘယ်နေရာမှ ရှာမတွေ့ပါ။ တခြားအခန်း ဘက် ကူးသွားတာ ဖြစ်မယ်ဟု သူတို့က သုံးသပ်ကြသည့်တိုင် ကြောက်အား မပြေသေးပါ။ ကျွန်မ အိပ်ရာခုတင်ပေါ်က စောင်နှင့် ခေါင်းအုံးများကြားတွင် သည်သတ္တဝါ ဝင်နေသည်ဟု စဉ်းစားမိပြီး ကျွန်မဒူးခေါင်းမှာ အားပျော့ယိုင်လဲချင်သလို ခံစားရပါသည်။ ထိုနေ့ညက ကျွန်မ အပေါင်းအသင်း တစ်ယောက်က ကျွန်မအိပ်ရာတွင် အတူလာအိပ်ပေးရန် ကမ်းလှမ်းသောအခါ ကျေးဇူးတင် ဝမ်းမြောက်စွာ လက်ခံလိုက်ပါသည်။

တစ်ညလုံး နိုးမနေရအောင် အိပ်ဆေးတွေ သောက်ထားသော်လည်း အိပ်ပျော်နေစဉ် မသက်သာ ဖွယ်ရာ ခြောက်အိပ်မက်ဆိုး၏ ခြောက်လန့်ခြင်းကို ခံရပါသည်။ ထိုနေ့ ညသန်းခေါင်ယံ အချိန်တွင် ပထမတော့ ကျွန်မအိပ်မက်ထဲကဟု ထင်မိသော ကြောက်လန့်တကြား အော်သံတစ်ခုက ကျွန်မ မျက်လုံးများကို ရုတ်တရက် အလန့်တကြား ပြူးကျယ်သွားစေပါသည်။ မြွေ…မြွေ…ကျွန်မ အခန်းေ ထာင့်မှာ၊။ သည်အသံမှာ ကျွန်မ၏ ဘေးခန်းမှဖြစ်ရာ ဘာဖြစ်တာလဲသိရအောင် ကျွန်မတို့တွေ အိပ်ရာပေါ်က ခုန်ဆင်းပြီး အပြင်ဘက်ကို ပြေးထွက်လာကြသည်။ ထိုအခန်းနီးချင်းတွေက တံခါးပေါက်ကို တွန်းဖွင့်ပြီး ကြောက်လန့်တကြား ပြေးထွက်လာကာ အကူအညီ အော်တောင်းကြသည်။ တစ်မိနစ်အတွင်း မှာပင် အစောင့်တစ်ယောက် တုတ်တစ်ချောင်းနှင့် ရောက်လာပြီး တခြားသူတွေက မြွေကို အသေရိုက် သတ်နေစဉ် ခေါင်းက ကိုင်ဖမ်းလိုက်ပါသည်။

ကျွန်မအံ့သြရသည်မှာ တက္ကသိုလ်မှာ ရန်ကုန်မြို့ထက် ငယ်သော မကွေးမြို့တွင် တည်ရှိသော်လည်း စာသင်ခန်းတစ်ခန်း၏ ခေတ်မီသော သွင်ပြင် လက္ခဏာရပ် အားလုံးကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။ ထိရောက်သော သင်ကြားမှု သင်ယူမှု အခြေအနေကို အထောက်အကူ ဖြစ်စေမည့် LCD ပရိုဂျက်တာများ၊ ကွန်ပျူတာများ၊ တီဗီများနှင့် ပန်ကာများကို နေရာတိုင်းတွင် ရနိုင်သည်။

မကွေးမှ ဆေးကျောင်းသားများမှာ ရန်ကုန်က ဆေးကျောင်းသားများ နည်းတူ ဉာဏ်ရည်ထက်မြက် သည်ကို တွေ့ရပါသည်။ သူတို့တွေမှာ ရိုးပလေး၊ ဂိမ်းများနှင့် အဖွဲ့ငယ်များတွင် ကောင်းစွာ ဆောင်ရွက်နို င်ကြောင်း သူတို့၏ အရည်အသွေးနှင့် စွမ်းရည်ကို ပြသနိုင်ခဲ့သည်။

စာသင်ခန်း အရွယ်အစား ကြီးလွန်းပြီး ကျောင်းသားနှင့် ဆရာ အချိုး မျှမျှတတ မရှိတာကြောင့် ကျောင်း သားအားလုံးကို စကားပြော စွမ်းရည်နှင့် ရှင်းလင်းတင်ပြမှုစွမ်းရည် (Presentation Skills) တိုးတက်ေ အာင် မစွမ်းဆောင်နိုင်သည့်တိုင် ကျောင်းသားတချို့ကိုမူ တစ်စုံတစ်ရာသော အတိုင်းအတာအထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ (အခန်းအေနှင့် ဘီတစ်ခန်းစီတွင် ကျောင်းသား နှစ်ရာ့ ငါးဆယ်စီ ရှိပါသည်။)

ဝန်ထမ်းအသစ်များ ရောက်လာသောအခါ အုပ်စုငယ်များဖြင့် စကားပြော လေ့ကျင့်မှုများ ဖန်တီးရန် ကြိုးစားခဲ့သည့်တိုင် စံနှုန်းအရမူ အုပ်စုငယ်များမှာ အရွယ်အစား ကြီးနေဆဲ ဖြစ်သည်။ စာသင်ခန်းနှင့် သင်ကြားရေး ဝန်ထမ်း (ဆရာ) အကန့်အသတ်အရ အတတ်နိုင်ဆုံး ပို၍ငယ်အောင် ဖွဲ့ထားသည့် အဖွဲ့များမှာ ကျောင်းသား ခြောက်ဆယ်ဝန်းကျင် ရှိပါသည်။

ကျောင်းသား ခြောက်ဆယ်မှာ အုပ်စုငယ်အတွက်၊ စာသင်ခန်းနှင့် ဆရာတစ်ယောက်အတွက် များလွန်းအား ကြီးပါသည်။ အီဒင်ဘာ့ဒ် (Edinburg) ရှိ ဆရာဖွံ့ဖြိုးရေး သင်တန်းတွင် ဆုံခဲ့သော ကျွန်မမိတ်ဆွေ တစ်ယောက်မှာ ဘာသာစကားသင် ဆရာတစ်ယောက်အနေနှင့် ကျွန်မစာသင်ခန်း အရွယ်အစားကို ကြားရသောအခါ အလန့်တကြား ဖြစ်သွားဖူးပါသည်။

ကျွန်မတို့မှာ ကျောင်းသားတစ်ဦးချင်းစီကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် မသင်ပေးနိုင်ေ သ်ာလည်း ပင်ကို အင်္ဂလိပ်စာအခြေခံ အကန့်အသတ်သာ ရှိပြီး ကျေးလက်ဒေသများမှ လာသော ကျောင်းသားများကို အခွင့်အလမ်းများနှင့် တကယ့် (အင်္ဂလိပ် စကားပြော) ပတ်ဝန်းကျင်မျိုး ပေးအပ်နိုင်ခဲ့ပါသည်။ ရလဒ်အဖြစ် အချို့သော ကျောင်းသားများမှာ သင်ရိုးကို စိတ်တိုင်းကျ အဆင့်သို့ မရောက်တော့ပါ။

အင်္ဂလိပ်စာ အရေးအသား တိုးတက်ဖို့အတွက် ကျောင်းသားများမှာ အပတ်စဉ်တိုင်း (အင်္ဂလိပ် လို ရေးသားထားသော) ဒိုင်ယာရီမှတ်စုနှင့် အဆိုင်းမန့်များကို တင်ရပါသည်။ ကျောင်းသားတိုင်း ကျွန်မတို့ဌာနရှိ အင်္ဂလိပ်စာ အဖတ်စွမ်းရည်နှင့် နားထောင်စွမ်းရည် လေ့ကျင့်ခန်း (Reading and Audio Room-RAR) မှ (အင်္ဂလိပ်) ဝတ္ထုတစ်အုပ် သို့မဟုတ် ရီးဒါးဒိုင်ဂျက် တစ်စောင် (Reader’s Digest) ကို ငှားရပြီး လကုန်တိုင်း ယင်းစာအုပ်နှင့် ပတ်သက်၍ အနှစ်ချုပ် ရေးတင်ရပါသည်။ ဝတ္ထုများ၊ ရီးဒါးဒိုင်ဂျက် စာစောင်များ၊ ရည်ညွှန်းစာအုပ်များ၊ သင်ရိုးညွှန်းတမ်းများ၊ နိုင်ငံတကာ အင်္ဂလိပ်စာစာမေးပွဲ ပြင်ဆင် ရန်အတွက် တိပ်ခွေများနှင့် စီဒီချပ်များကို စာအုပ်စင်များပေါ်တွင် ဖြည့်ထားပေးသည့်အပြင် အင်္ဂလိပ်စာ နားထောင်မှုစွမ်းရည် လေ့ကျင့်ရာတွင် သုံးရန် ကက်ဆက်များ၊ နားကြပ်နှင့် တွဲထားသော ဒီဗီဒီစက်များဖြင့် RAR အခန်းကို ကျွန်မတို့ တည်ထောင်ထားသည်။

အင်္ဂလိပ်ဘာသာ စကားနှင့် ရင်းနှီးရန် CNN သတင်းနှင့် အခြားသော စိတ်ဝင်စားစရာ အစီအစဉ်များကို ကြည့်ရှုနိုင်ရန်အတွက် ဂြိုဟ်တုစလောင်း တစ်ခုကို ထည့်ထားသည်။ ကျွန်မ စိတ်ပျက်ရသည်မှာ စင်ပေါ်က စာအုပ်များနှင့် တိပ်ခွေများကို ကြည့်ဖို့ သို့မဟုတ် CNN သတင်း ထိုင်နားထောင်ဖို့ အခန်းထဲသို့ ဝင်လာသော ကျောင်းသား ဆယ်ယောက်လောက်က လွဲလျှင် ကျောင်းသားများမှာ ဖြတ်သွားဖြတ်လာ သို့မဟုတ် စောင်းငဲ့ကြည့်ရုံသာ ရှိခြင်းဖြစ်သည်။ သည်လိုနှင့် ဖိအားရှိမှသာ လူတွေက အလုပ်လုပ် တတ်ကြသည် ဆိုတာကို ကျွန်မ နားလည်လာပြီး RAR အခန်းမှ ဝတ္ထုအနှစ်ချုပ်ကို အဆိုင်းမန့် ရေးတ င်ရန် ကြေညာချက်များ ထုတ်ပြန်လိုက်သည်။ အောင်မြင်မှု ရပါသည်။

အခြားတစ်ဖက်တွင်မူ ပြဿနာတစ်ခု တက်လာတော့သည်။ ကျွန်မ၏ သင်ကြားရေး ဝန်ထမ်းများမှာ အမှားပြင်ဆင်ချက် ပြီးစီးအောင် ရက်သတ္တပတ်တိုင်း အဆိုင်းမန့် အစောင်ခြောက်ဆယ်နှင့် နပန်း လုံးရတော့သည်။ ယင်းမှာ သူတို့အတွက် အလွန်လေးလံသော အလုပ်ဝန်ထုပ်ကြီး ဖြစ်သည်။ သူတို့ စားပွဲခုံများပေါ်တွင် စာအုပ်ပုံကြီးကို ခပ်မြင့်မြင့် ပုံထားသည်။ အမှားပြင်ဆင်မှု သုံးသပ်ချက်ကို စာသင်ခန်းထဲတွင် ယေဘုယျ လုပ်နိုင်သော်လည်း ကျောင်းသားတစ်ဦးချင်းစီနှင့် ဆွေးနွေးခြင်းကိုမူ ကျွန်မတို့ လုပ်နိုင်စွမ်း မရှိပါ။ ကျွန်မ လုပ်ဖော်ကိုင်ဖက်များမှာ နှစ်လိုဖွယ် မျက်နှာသွင်ပြင်ဖြင့် စိတ်အားတက်ကြွမှုကို အမြဲထိန်းထားကြပြီး အလုပ်များသော ပျားများလို အလုပ်လုပ်ကြရသော်လည်း ကုလားထိုင်ကို ကျောမှီထားလျက် ပင်ပန်းနွမ်းနယ်နေဟန်ကို တစ်ခါမျှ မမြင်ရဖူးပါ။

ကျွန်မကိုယ်တိုင်လည်း ကျောင်းစာပြင်ပ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ရပြီး ကော်မတီ တော်တော် များများတွင် အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရပါသည်။ ကော်မတီများ မှာ ကျောင်းပရိဝုဏ် စိမ်းလန်းရေးကော်မတီ (Green Campus Committee) ကျောင်းစာကြည့်တို က် ကော်မတီ၊ ကြက်ခြေနီအသင်း၊ ဝန်ထမ်းသာယာဝပြောရေး ကော်မတီ၊ ပညာသင် ထောက်ပံ့ကြေးနှင့် ပညာသင်ဆု ဘုတ်အဖွဲ့နှင့် ဝတ်စားဆင်ယင်မှု ကြပ်မတ်ရေးကော်မတီ (Dress Code Committee) တို့ ဖြစ်သည်။ ဝတ်စားဆင်ယင်မှု ကြပ်မတ်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရစဉ်က အချိန်များကို ကျွန်မ သတိရမိပါသေးသည်။ အရှက်မလုံသော၊ မသင့်လျော်သော တီရှပ်အင်္ကျီနှင့် ဂျင်းဘောင်ဘီများကို ဝတ်ဆင်လာသော ကျောင်းသားများကို တွေ့ပါက ဒဏ်တပ်ရသည်။ ကျောင်းသားများ၏ အဝတ်အစား ကို စောင့်ကြည့်ရန် ကျွန်မတို့မှာ ရှစ်နာရီနှင့် ကိုးနာရီကြားတွင် ဘတ်စ်ကားဂိတ်၌ စောင့်ကြရသည်။

တစ်ခါတစ်ရံ သူတို့တွေမှာ ဒဏ်တပ်ခံရခြင်းမှ လွတ်အောင် ဘတ်စ်ကားပေါ်မှ ခုန်ဆင်းပြီး အပြေးပြိုင် ပွဲမှာလို အလျင်စလို ပြေးကြသည်။ တီရှပ်နှင့် ဂျင်းဘောင်းဘီကို သူတို့တွေ ဝတ်ဆင်လာတိုင်း ကျွန်မကို မြင်တာနှင့် ကျွန်မလာမည့် လမ်းမှ ရှောင်ပုန်းဖို့ ကြိုးစားကြသည်။ ဘွဲ့ရပြီးလို့ ဆေးကုသ ခွင့်လက်မှတ် အတွက် တက္ကသိုလ်သို့ သူတို့တွေ ပြန်လာကြသည့် အချိန်အထိ သူတို့တွင် ထိုခံစားချက် ရှိဆဲဖြစ်သည်။ “ဟေ့ကောင်တွေ …ပြေး…ပြေး…ပြေး…မင်းတို့ တီရှပ်ဝတ်လာလား.. ဂျင်းဝတ်လာ လား…ဆရာမလီ (Teacher Le) လာနေပြီ”

နောက်ထပ် စိတ်ကျေနပ်စရာ တစ်ခုမှာ ကျောင်းပရိဝုဏ် ဝန်းကျင်တွင် စိုက်ပျိုးရန် သုံးသောင်းဖိုးလောက် တန်သော သစ်ပင်ပေါက်များနှင့် အပင်ကြီးများကို ဝယ်ရခြင်း ဖြစ်သည်။ ယခုအခါတွင် ထိုသစ်ပင်အား လုံးမှာ အရိပ်အာဝါသ ပေးရန်သာမက ကျောင်းသားများကို ငြိမ်းချမ်းမှုပေးရန် အတော်အသင့် အရွယ်ေ ရာက်နေပြီ ဖြစ်သည်။ ယခုဆိုလျှင် ကျောင်းပရိဝုဏ် တစ်ခုလုံးမှာ သစ်ပင်စိမ်းများ၊ ပန်းပွင့်များဖြင့် အရောင်မျိုး စုံစုံလင်လင်ရှိပြီး အချိန်ကြာမြင့်စွာ လက်ချာသင်ပြီးနောက် စာသင်ခန်း ပြင်ပသို့ ထွက်လာေ သာ ဆရာများနှင့် ကျောင်းသားများအတွက် စိတ်အပန်းဖြေစရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားနို င်ပြီ ဖြစ်သည်။ စာသင်ခန်းများဆီသို့ သွားသည့် ပလက်ဖောင်းမှာ လမ်းမလယ်သို့ လေးကိုင်းပုံစံညွှတ် ကျနေသော အရိပ်ရ တမာပင်တန်းကြီးများဖြင့် နတ်ဘုံနတ်နန်း တစ်ခုဟု ထင်ရပါသည်။ တမာပင် များမှာ နို့မလိုင်ရောင် ရှိသည့် ကြယ်ကလေးများ စုဝေးနေသည့်နှယ် သေးငယ်ပြီး ချစ်စဖွယ်ကောင်းသော ပန်းပွင့်များကို ရာသီချိန်တွင် ပွင့်ပေးကာ လေထဲတွင် အင်မတန် နှစ်လိုဖွယ်ရာရနံ့ဖြင့် ဖြည့်ဆည်းပေး ပါသည်။

ကျွန်မမှာ ကန်တီးမှ ကျောင်းဆောင်-စီ (Block-C) သို့ လမ်းလျှောက်သွားသောအခါ ရာသီဥတု ဘယ်လောက်ပင် ဆိုးဝါးစေကာမူ ပန်းရောင်၊ အဝါရောင်၊ အနီရောင်နှင့် မရမ်းရောင် ရှိသော တာရှည်ခံ ပန်းပွင့်များ တစ်နှစ်ပတ်လုံး ပွင့်နေပြီး အမြဲတမ်း တောက်ပ လတ်ဆတ်နေဟန်ရှိသည့် စက္ကူပန်းပင်ကြီး ကို ငေးမောရန် မကြာခဏ လှည့်ကြည့်ပါသည်။ သည်အပင်များက အကျပ်အတည်း အခက်အခဲ ကာလတွင် ကြုံတွေ့ရသော အရာတို့ကို သည်းခံရန် ကျွန်မကို စိတ်အားတက်ကြွစေပြီး ဘဝတွင် ရှင်သန်နေထိုင်ရန် နည်းလမ်းကိုလည်း လမ်းညွှန်ပေးပါသည်။

အဖြေလွှာများ၊ သင်ခန်းစာ အစီအစဉ်များ၊ အစည်းအဝေးများနှင့် ကျောင်းစာ ပြင်ပလှုပ်ရှားမှုတို့ဖြင့် အချိန်နှင့်အမျှ အလုပ်ရှုပ်နေသော တက္ကသိုလ်သစ်၏ လက်ဦးဆရာ တစ်ယောက်အနေနှင့် ကျွန်မ၏ဌာနကို တိုးတက်လာအောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသော ကျွန်မအဖို့ ငြီးငွေ့ဖွယ်ရာ အချိန်မရှိခဲ့ဖူးပါ။ ကျွန်မ၏ ဘဝတစ်ခုလုံးကို အလုပ်တွင်သာ တအားစူးစိုက်ထားရာ သုံးနာရီ ထိုးမှသာ နာရီကို တစ်ချက်ကြည့်ရန် သတိရသည်မှာ အမြဲလိုလိုပင်။ အများသောအားဖြင့် ညနေခင်းများမှာ လက်ချာများ၊ အစည်းအဝေးနှင့် ကော်မတီ တာဝန်များအတွက် ပြင်ဆင်ချိန် ဖြစ်သည်။
(စာရေးသူ၏ ခွင့်ပြုချက်ဖြင့် မူရင်းဆောင်းပါးမှ အချို့ကို ချန်လှပ် ဖော်ပြထားခြင်း ဖြစ်သည်။)

ဥာဏ်မျိုးအောင်

No comments:

Post a Comment