Sunday, June 15, 2014

ဗိဿနိုးမြို့ဟောင်းဆီ သွားလည်စဉ်

Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/society/item/547-pt

မုခ်ဝတွင် တံခါးစောင့်နှစ်ယောက်က လှံရှည်ကြီးတစ်စင်းစီ ကိုင်လျက် မားမားမတ်မတ် ရပ်စောင့်နေကြပါသည်။ သူတို့သာ သက်ရှိများ ဖြစ်လျှင် သူတို့ယဉ်ကျေးမှုအရ ကျွန်တော်တို့ လက်မောင်းကို ကိုင်လျက် ဦးညွှတ် အရိုအသေပေးကောင်း ပေးပေလိမ့်မည်။ အခုတော့
ကျောက်ရုပ် သက်သက်မျှသာ ဖြစ်သော သူတို့တွေမှာ မတုန်မလှုပ်၊ ငြိမ်ချက်သား ကောင်း
လှသည်။

သူတို့ ဘေးတစ်ဖက်ရှိ နံရံပေါ်တွင် ဝိုင်းဝိုင်းစက်စက် အဝိုင်းကြီး နှစ်လုံးမှာ ပန်းပွင့်ကြီးများနှယ်။ ယင်းအဝိုင်းကြီးထဲတွင် အင်္ဂတေအရုပ်စုံများကို တွေ့ရသည်။ အိမ်မွန်၊ ခရုသင်း၊ ဝရဇိန်၊ မွန်းတည့်နေ၊ နေအရုဏ်၊ ပလုတ်တုတ်နှင့် ထိုင်ခုံ။ သင်္ကေတတစ်ခုချင်းစီတွင် သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်သာ။ ခရုသင်းဆိုလျှင် ကောင်းမြတ်သောအချိန် ကြေညာခြင်းကို ကိုယ်စားပြုသလို ဝရဇိန် ဆိုလျှင်လည်း မကောင်းသူကို ဆုံးမခြင်းဆိုသော အဓိပ္ပာယ်ကို ဆောင်သည်။

ဤကား ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်သည်။

မုခ်ဝမှ အတွင်းပိုင်းသို့ ရောက်ရန် ဆိုင်ကယ်နှင့်ပင် အတော်သွားယူရသည်။ ပထမဆုံး စတွေ့
ရသည်မှာ တံတားတစ်စင်း၏ဘေးမှ အုတ်နီရိုးတန်းများ ဖြစ်သည်။ ဘာအဆောက်အအုံပါလိမ့်။ ဆိုင်ကယ်ကို ခဏရပ်ပြီး ဆင်းကြည့်မိသည်။ ကုန်းအမှတ် (၃၆)၊ မြို့ဝင်ပေါက်ဟု ရေးထားေ သာ ကျောက်စာတစ်ခုကို ဖတ်ရသည်။ ထိုအခါမှ ယခင်မြို့ဟောင်း၏ မြို့ဝင်ပေါက်စစ်စစ်မှာ သည်နေရာမှာပါလားဟု သိရသည်။ တူးဖော်ထားသည်မှာ မကြာသေးပါ။ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်ဝန်းကျင်ကမှ တူးဖော်ထားခြင်း ဖြစ်သည်။

ဆိုင်ကယ် ဆက်မောင်းလာခဲ့သည်။ မြို့ဟောင်း၏ အတွင်းပိုင်းသို့ ရောက်ရန် လမ်းဘယ်ဘက်သို့ ချိုးကွေ့ပြီး တစ်မိုင်ခန့် သွားရသေးသည်။ သို့နှင့် နန်းတော်ရာကုန်းသို့ ရောက်သည်။ အုတ်နီရိုး
တန်းများ၊ အုတ်နီရိုးအပုံများကို တွေ့ရသည်။ အုတ်မြစ်ချထားသော ပုံစံမှာ လေးထောင့်ကျကျ ဖြစ်
သည် ။ ဘေးတစ်ဖက် တစ်ချက်တွင်မူ ကန္တာရပင် အချို့နှင့် တမာပင်အချို့သာ ရှိသည်။ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းမှာ မြို့ဟောင်း၏ အုတ်ရိုးပုံကိုငေးလျက် အဆောက်အဦးမှာ ဘယ်လိုပုံပန်း
သဏ္ဌာန် ရှိမည်၊ ပျူလူမျိုးတို့ သမိုင်းမှာ မည်သို့မည်ပုံ စသဖြင့် ရှင်းပြမည့်သူရှိရင် ကောင်းမှာပဲ ဟု ပြောမိသည်။

ဤနေရာတွင် ပုဂံယဉ်ကျေးမှု နယ်မြေမှ ကလေးမျိုးတွေရှိလျှင် ကောင်းမည်ဟုလည်း စဉ်းစားမိသည်။ ပုဂံယဉ်ကျေးမှု နယ်မြေမှ ကလေးငယ်များမှာ ပုဂံဘုရား သမိုင်းနှင့် ပုဂံခေတ် သူရဲကောင်းတို့၏ သမိုင်းကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာလုံးဖြင့် အရည်ကျို သောက်ထားသူများ ဖြစ်သည်။ သူတို့ကိုသာ ပါးစပ်ဟခွင့် ပေးလိုက်ပါက ကရားရေလွှတ် တတွတ်တွတ်နှင့် မထစ်မငေါ့ ပြောပြနိုင်သည်။ ဤဗိဿနိုး ယဉ်ကျေးမှု နယ်မြေတွင်မူ ပုဂံကလေးများ မရှိပေ။ ယဉ်ကျေးမှု နယ်မြေကို လာသူများအဖို့ ဗိဿနိုးမြို့ ဟောင်းအကြောင်းကို ဖတ်မှတ်ထားခြင်း မရှိပါက အုတ်နီရိုးပုံတို့ကို ကြည့်၍ ပြန်ရုံသာ ရှိပေမည်။

နန်းတော်ရာမှ ထွက်လာပြီး ဆိုင်းဘုတ် လမ်းညွှန်အတိုင်း ဆိုင်ကယ်မောင်းလာရာ ဘာသာရေးနှ င့် ကျောင်းသင်္ခမ်း အဆောက်အအုံတို့ကို တူးဖော်ထားသော နေရာသို့ ရောက်သည်။ ထိုအဆောက် အအုံနှစ်ခု၏ အုတ်ရိုးမှာ တူးဖော်ထားသည့် ရှေးဟောင်း အုတ်ရိုးများအနက် အမြင့်ဆုံး ဖြစ်သည်။ ယင်းအုတ်ရိုး မြင့်မြင့်များက ယခင်အုတ်ရိုးများထက် အဆောက်အအုံ ပုံသဏ္ဌာန်ကို ပိုပြီး ပေါ်လွင်ေ စပါသည်။ သို့ဖြစ်ရာ ဘာသာရေး အဆောက်အအုံပုံကိုမူ ဖြစ်တန်စွမ်း အဆောက်အအုံပုံ တစ်ပုံဆွဲ လျက် ပြထားသည်ကို တွေ့ရပါသည်။

၂၀၁၁ ခုနှစ်လောက်က ဤနေရာသို့ တစ်ခါရောက်ဖူးပါသည်။ ထိုစဉ်က ဘာသာရေး အဆောက် အအုံဘေးနှင့် အုတ်ရိုးတွင်းရှိ မြေကွက်လပ်နေရာ အချို့တွင် နွားများ၊ ဆိတ်များ မြက်စားနေသည် ကို တွေ့ခဲ့ရပါသည်။ ယခုအခေါက်တွင်လည်း ဆိတ်ကျောင်းနေသော အမျိုးသမီးတစ်ဦးကို တွေ့ရ
ပါသည်။ ယဉ်ကျေးမှုဇုန်များကို ရေရှည်ထိန်းသိမ်းရာတွင် ယင်းကဲ့သို့ လက်လွတ်စပယ် ပစ်ထားခြင်းမှာ မဖြစ်ထိုက်ဟု ထင်ပါသည်။ ယဉ်ကျေးမှု ဇုန်စီမံခန့်ခွဲ သူများ၏ ရုံးမှာလည်း ရှေးဟောင်းယဉ်ကျေးမှု
နယ်မြေ အဝင်တံခါးဝ နားလောက်တွင် ရှိသဖြင့် တူးဖော်ထားသော ကုန်းမြေများနှင့် အတော်ဝေးပါ
သည်။ ယဉ်ကျေးမှု အဆောက်အအုံဟောင်းတို့ကို စောင့်ကြပ် ကြည့်ရှုနိုင်စွမ်းမှာ အားနည်းနိုင်စရာ ရှိပါသည်။

ယင်းကုန်းမြေမှ ဆိုင်ကယ်ကို လာလမ်းအတိုင်း ပြန်မောင်းလာခဲ့သည်။ ပထမဆုံး ချိုးကွေ့လာ
ခဲ့သော လမ်းမပေါ်သို့ ရောက်မှ လမ်းမအတိုင်း ဆိုင်ကယ်ကို မောင်းလာခဲ့သည်။ ဘုရားတစ် ဆူကို တွေ့ရသည်။ ရွှေရောင်တော်ဘုရားဟု သိရပါသည်။ ဘုရားပေါ်တွင် ဈေးသည်အချို့နှင့် စကားပြော ဖြစ်သည်။ ယဉ်ကျေးမှုဇုန်သို့လာသူ အနည်းအကျဉ်းသာ ရှိသဖြင့် ဈေးမှာ ရောင်းအေ
ကာင်းကြီး မဟုတ်လှဟု ပြောပြပါသည်။
 “ဟိုတစ်လောက ကားတွေနဲ့ လူကြီးတွေ လာကြတယ်။ ယူနက်စကို (UNESCO) က ဆိုလား ပဲ ပြောသံကြားတယ်။ ဝန်ထမ်းတွေလည်း ထပ်တိုးမယ်လို့တော့ ကြားတာပဲ” ဟု ဈေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။

ဈေးသည် အမျိုးသမီး၏စကားမှာ ဟုတ်လောက်ပါသည်။ ဗိဿနိုးယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့
ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရန်အတွက် အစိုးရက ကြိုးစားနေသည်။ သည့်အတွက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့မှ တာဝန်ရှိသူအချို့ လာရောက် ကြည့်ရှုပုံရပါသည်။

ဘုရားရင်ပြင်တော်ပေါ်တွင် လှည့်ပတ်ကြည့်ရှုရာ မျှော်စင်မည်းကြီး တစ်ခုပေါ်၌ စည်တော်ကြီး
တစ်လုံးကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ထိုအခါမှ ဗိဿနိုး ယဉ်ကျေးမှု နယ်မြေတွင်
မပျက်မကွက် ကြည့်သွားသင့်သော အရာတစ်ခုကို သတိရတော့သည်။ ယင်းမှာ ရန်ပယ်ချောင်ြး
ဖစ်သည်။
ယခုစည်တော်မှာ ဘုရားရင်ပြင်တော်မှ စည်တော် ဖြစ်သော်လည်း ရန်ပယ်ချောင်းနှင့် ဆက်စပ်နေသော သိကြားမင်း ဆက်သသည့် အတုလ စည်တော်ကို သတိရစေပါသည်။ ပန်ထွာဘုရင်မ လက်ထက်က ရန်သူများ လာရောက် တိုက်ခိုက်လျှင် ယင်းအတုလ စည်တော်ကိုသာ တီးလိုက်ပါက ရန်ပယ်ချောင်းမှာ ချောင်းရေကြီးလာပြီး ရန်သူတို့ အလွယ်တကူ မဝင်ရောက်နိုင်တော့ဟု ဖတ်ရပါသည်။ သမိုင်း အစစ်အမှန် ဟုတ်ကောင်းမှ ဟုတ်နိုင်သော်လည်း ဝတ္ထုသဖွယ် ဖတ်လို့တော့ ကောင်းသည်သာ။

သို့နှင့် ရန်ပယ်ချောင်းဆိုတာ ဘယ်ဟာလဲဟု ဈေးသည် အမျိုးသမီးကြီးကိုပင် မေးစမ်းယူရ
သည်။ မကွေးမှ ကျွန်တော်တို့ ဆိုင်ကယ်စီးလာပါက ဗိဿနိုးမြို့ဟောင်းဘက်သို့ ရောက်ခါနီး တွင် ဖြတ်မောင်းလာရသော တံတားအောက်မှ ချောင်းမှာ ရန်ပယ်ချောင်း ဖြစ်ကြောင်း
သိရတော့သည်။ အပြန်ခရီးတွင်မှ ဆိုင်ကယ်ရပ်၍ ဂရုတစိုက် ကြည့်မိပါသည်။ ရန်ပယ်
ချောင်းမှာ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းများတွင် ဖတ်ရသလောက် ကြမ်းတမ်းခြင်း မရှိလှပါ။ ငြိမ်ငြိမ်သက်သက် စီးဆင်းနေပါသည်။ သဲသောင်ပေါ်နေသော နေရာအချို့တွင်မူ ကြက်သွန်
ခင်းအချို့ စိုက်ပျိုးထားပါသည်။

ဗိဿနိုး မြို့ဟောင်းမှ မထွက်ခင် ဗိဿနိုး ရှေးဟောင်း သုတေသနပြတိုက်ကို ဝင်ကြည့်ခဲ့ပါသေး
သည်။ ယခင်တစ်ခေါက် လာတုန်းကလည်း ဝင်ကြည့်ဖူးပါသည်။ သို့သော်လည်း မြို့ဟောင်း ကို ရောက်တိုင်း ပြတိုက်ကိုမူ ပုံမှန် ဝင်ကြည့်ချင်မိပါသည်။ ဝင်ကြည့်ရကျိုး နပ်ပါသည်။ ပြတိုက်မှာ အခင်းအကျင်း အချို့ကို ပြောင်းလဲထားပါသည်။ ကျွန်တော် ပထမအခေါက် ရောက်စဉ်က ပုဂံခေတ် ရှေးဟောင်းပစ္စည်း အချို့နှင့် ကျောက်ဖြစ်ရုပ်ကြွင်းတို့ကိုပါ ခင်းကျင်း ပြသထားသည်။ ယခုအခါတွင်မူ ယင်းပစ္စည်းများ မရှိတော့ပါ။ ပျူခေတ်နှင့် ဆက်စပ်သော ရှေးဟောင်းပစ္စည်း တို့
ကိုသာ သီးသန့် ခင်းကျင်းပြသထားပါသည်။

ခင်းကျင်းပြသ ထားသမျှထဲတွင် အကြိုက်ဆုံး ပစ္စည်းမှာ အရိုးအိုးများ ဖြစ်ပါသည်။ အရိုးအိုးများမှာ သပ်သပ်ရပ်ရပ် ရှိသည့်အပြင် အိုးလည်ရစ်နှင့် နှုတ်ခမ်းတို့တွင် ငှက်ရုပ်များနှင့် အလှအပတို့ကို ပုံဖော်ထားပါသည်။ ပျူတို့မှာ လူသေကို မီးသဂြုင်္ိဟ်၍ ပြာကို အိုးဖြင့် ထည့်ထားတတ်သည်ဟု ဖတ်ရသည်။ သာမန်လူတို့၏ပြာကို မြေအိုးဖြင့် ထည့်၍ ရှင်ဘုရင်၊ မိဖုရားတို့၏ ပြာကိုမူ ကျောက်အိုးဖြင့် ထည့်သည်ဟု ဆိုပါသည်။ ကျွန်တော် တွေ့ခဲ့ရသည်မှာ မြေအိုးများသာ ဖြစ်သည်။ ပြတိုက်ထဲတွင် ပြသထားသော
ရှေးဟောင်းပစ္စည်းများအနက် အများဆုံးမှာလည်း ယင်းအရိုးအိုးများသာ ဖြစ်သည်။ ပြတိုက်မှ ထွက် လာပြီးနောက် မြို့ဟောင်းတွင်း၌ ကြည့်ရှုစရာ ကုန်လေပြီ။

ဤကား ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်သည်။

ဉာဏ်မျိုးအောင်

No comments:

Post a Comment