Written by ဉာဏ်မျိုးအောင်
သတင်းကိစ္စနဲ့ ခရီးထွက်ရတာတွေထဲမှာ ပြီးခဲ့တဲ့နှစ်က ရခိုင်သွားရတဲ့ ခရီးကတော့ အမှတ်တရပါပဲ။ ရခိုင်မှာ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ပူပူလောလော ဖြစ်ထားပြီး ပြန်လည်တည်ငြိမ်ဖို့ ထိန်းသိမ်းနေချိန်မှာ လက်ရှိပကတိ အခြေအနေကို လာရောက် စစ်ဆေးတဲ့ မစ္စတာဗီဂျေနမ်ဘီး ယား နောက်ကို လိုက်ရတဲ့ခရီးပါ။ ဗီဂျေနမ်ဘီးယားဆိုတာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ကိုယ်စားလှယ်ပါ။

ပါဂျဲရိုးကားမှာ သတင်းသမား ငါးယောက်၊ ကားသမားပါဆို ခြောက်ယောက်စီးလာတာ ကျပ်ကလည်း ကျပ်၊ ညပ်ကလည်း ညပ်ပေ့။ ခေါင်းတင်ပြီး မှေးစက်လို့လည်း မရလေတော့ လမ်းတစ်လျှောက် အိပ်လို့မရ။ ဒီကြားထဲ ကိုယ့်ဆရာကားသမားက ရခိုင်ဘက်ကို တစ်ခေါက်ကယ်မျှ မမောင်းဖူးသူ ဖြစ်လေရာ သံလိုက် အိမ်မြှောင်အားကိုးပြီး ကိုလံဘတ် ရေကြောင်းခရီးဆန့်သလို သတင်းသမား အစ်ကိုတစ်ဦးက သူ့ဖုန်း အင်တာနက်ဖွင့်ပြီး ဂျီပီအက်စ်လေးအားကိုးနဲ့ ရခိုင်ခရီး ဆက်ခဲ့ရပါတယ်။
ညကိုးနာရီက မောင်းလာလိုက်တဲ့ကား ခဲပုပ်ရောင်က ကောင်းကင်က အနီအက်ကြောင်းလေး ကွဲထွက်ပြီး ရောင်နီတွေ ပျို့လာတော့ တောင်တန်းကြီးတွေကို တစ်ကွေ့တစ်ပတ် စတက်ေ နပြီ။ တောင်အတက်အဆင်းက တစ်လမ်းသွား ကားမျှသာ ဖြစ်ပြီး ဘေးဘီဝဲယာမှာက လျှိုကြီးေ တွ၊ ချောက်ကြီးတွေ၊ ကမ်းပါးကြီးတွေ။ ဒီကြားထဲ တောင်ပေါ်ကနေ လော်ရီကားကြီးတွေ ထိုးဆင်း လာရင် ရှောင်ရတိမ်းရတာလည်း ခက်ပါဘိ။ လမ်းတစ်လျှောက်မှာတော့ လမ်းခင်းဖို့ ကျောက်ခွဲနေတဲ့ လူတွေ တွေ့ရတယ်။ တစ်ခါတစ်ရံတော့ ယောက်ျား တစ်ဖက်စာကျယ်တဲ့ သံပိုက်လုံးကြီးတွေ တင်လာတဲ့ ကားတွေ တွေ့ရတယ်။
မနက် ရှင်းရှင်းလင်းတော့ ကျန်းမာရေးအတွက် ကားခဏ ရပ်တန့်ပေးတယ်။ ကားပေါ်ကနေအဆင်း ကမ်းပါးစပ်ကနေ မျှော်ကြည့်လိုက်တော့ တောင်ထိပ်တွေမှာ မျဉ်းပြိုင် သွယ်ထားတဲ့ သံပိုက်လုံးကြီးတွေ မှိုင်းမှိုင်းပြပြ တောင်တန်းဘက်ဆီအထိ ခရီးဆန့်နေတယ်။

ဓာတ်ပုံလေးဘာလေး အမှတ်တရ ရိုက်ပြီးတာနဲ့ ခရီးထပ်ဆက်တယ်။ ကားပေါ်မှာ အိပ်မရတဲ့အဆုံး ဝါရင့်သက်ကြီး သတင်းသမားကြီးများက အရွှန်းစဖောက်ပြီး ဟာသနှောလာတယ်။ ကားပေါ် မှာလည်း ယောက်ျားသားတွေချည်းဆိုတော့ ယောက်ျားချင်း အမွေလက်ဆင့်ကမ်း သင်ကြားအပ်တဲ့ ပညာတွေကို သက်ကြီးစကား သက်ငယ်ကြားဆိုသလို ကရားရေလွှတ် တတွတ်တွတ် လက်ချာ စပေးပါတယ်။ အခုထိ ဦးနှောက်ထဲမှာ စွဲနေတာတော့ သတင်းထောက် အချင်းချင်း မကြိုက်လေနဲ့တဲ့။ သတင်းထောက်ဆိုတာ လိမ်ညာရ ခက်လေတော့ သတင်းထောက် အမျိုးသမီးကြိုက်ရင် ကျောင်းဆရာမ ယူထားရသလိုပဲတဲ့။ ဘယ်တော့မှ လွတ်လပ်တယ်လို့ မရှိဘူးတဲ့။ အဲဒါတော့ အသေအချာ အမှတ်သညာ ထားမိပါတယ်။
မနေ့ည ကိုးနာရီက ထွက်လာတဲ့ကား စစ်တွေမြို့ကို နောက်နေ့ ကိုးနာရီခန့်မှာ ရောက်သွားပါတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာ မြို့တစ်မြို့လုံးက တိတ်ဆိတ်နေပါတယ်။ ဆူးကပ် ကြိုးတားပြီး မီးလှုံရင်း ကင်းစောင့်နေတဲ့ တပ်သားတွေသာ တွေ့ရပါတယ်။ လူဆိုတာဝေးလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးေ တာင် မတွေ့ရဘူးလို့ ပြောရမလိုပါ။ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းကစလို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကိုး။
လူမရှိတာက ကိစ္စမရှိ၊ ပြဿနာက ဗိုက်ဆာတာ။ အစာကြေတဲ့ လမ်းကို နာရီပေါင်းများစွာ ဖြတ် လာပြီး တော့မှ ဗိုက်ဆာလို့ ရှာကြည့်တော့ ဆိုင်တွေအားလုံး ပိတ်ထားပြီ။ ဒီကြားထဲမှာ အစီအစ ဉ် ကောင်းလေတော့ ဘွတ်ကင် လုပ်ထားတဲ့ တည်းခိုခန်းမှာ လူဦးရေနဲ့ အခန်းမလောက်င ဖြစ်ပြီး ညသန်းခေါင်မှာ နေစရာလိုက်ရှာရပြန်တယ်။ နောက်ဆုံးတော့ နေအိမ်လေးတစ်လုံးမှာ စတည်းချပြီး ထမင်းဆိုင် ပတ်ရှာရတယ်။
ဆိုင်မတွေ့တဲ့အဆုံး တံခါးရွက်လေး ခပ်ဟဟ ဖွင့်ထားတဲ့ အိမ်ထဲဝင်ပြီး ထမင်းချက်ပေးဖို့ တောင်းေ တာင်းပန်ပန် ပြောရတယ်။ သူတို့ကလည်း ချက်တော့ ပေးနိုင်တယ်၊ ကျွန်တော်တို့တည်းတဲ့ နေရာကိုတော့ လာမပို့ဝံ့ဘူး ပြောလို့ တပ်သားတွေကို အကျိုးအကြောင်း ကျွန်တော်တို့ ပြောထားခဲ့ပါ့မယ်။ မကြောက်ပါနဲ့ လာပို့ပေးပါဆိုပြီး ထပ်တောင်းပန်ရ ပြန်တယ်။ ဒီလိုနဲ့ စားသောက်ပြီးတော့ ခေါင်းအုံးပေါ် ခေါင်းချလိုက် တာနဲ့ ဆင်နင်းလို့မနိုးဆိုရအောင် အိပ်ပျော်သွားပါတယ်။

လူစုံတက်စုံ အားလုံးရောက်တော့ စစ်စိမ်းရောင် ရဟတ်ယာဉ်ပေါ် တက်ကြတယ်။ ဂျုံးဂျုံးဂျက် ဂျက် မြည်သံနဲ့အတူ တစ်စစီ ပြုတ်ထွက်တော့မယ့်အတိုင်း တုန်ခါနေတဲ့ ရဟတ်ယာဉ်က လှပ်ခနဲ မြေပေါ်က ကြွတက်လာတယ်။ နောက်တော့ တစ်စထက်တစ်စ မြင့်တက်လာလိုက်တာ ရဟတ်ယာဉ် မှန်ဝကနေအောက်ကို ငုံ့ကြည့်လိုက်တော့ အစိမ်းရောင်နု၊ အဝါရောင်နု စပါးခင်းတွေက စပါးခင်း သက်နုသက်ရင့် အလိုက် အကွက်လိုက် အကွက်လိုက်။ စပါးခင်းတွေက တစ်နံတစ်လျား ကျယ်ပြောပြီး လူနေအိမ်ခြေက မရှိသလောက် ရှားတယ်။ ဒီလောက်ကျယ်တဲ့ စပါးခင်းကြီးတွေကို အလုပ်လုပ်မယ့် သူတွေ ရှိမှ ရှိရဲ့လားလို့ စဉ်းစားမိတယ်။
အတွေးနယ်ချဲ့နေတုန်းမှာပဲ ရဟတ်ယာဉ်က လယ်ကွင်းတစ်ခုထဲ ထိုးဆင်းလိုက်တယ် ။ အောက်ရောက်တော့ ကားတွေ အသင့်စောင့်နေတယ်။ ငါးမိနစ်လောက် ကားမောင်းပြီးတော့ ဒုက္ခသည်စခန်း စ်ခုကို ရောက်သွားတယ်။ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်း။ ဒုက္ခသည်စခန်းက လူအားလုံးကို သစ်ရိပ်အောက်မှာလာစုဖို့ ဗီဂျေကြီးက ပြောတော့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးေ ရး ကော်မရှင်က ဒေါက်တာကျော်ရင်လှိုင်က ဘာသာပြန်ပေးတယ်။
လူတွေအားလုံးစုံမှ ဒီမှာ ပဋိပက္ခတွေ တည်ငြိမ်အောင် လုပ်ဆောင်နေတာရယ်၊ အရင်တုန်းကလို လူ့အဖွဲ့အစည် နှစ်ရပ် အတူတူ ပြန်လည်ယှဉ်တွဲ နေထိုင်နိုင်ရေး လုပ်ဆောင်နေတယ် ဆိုတာတွေရယ်ကို ဗီဂျေကြီးက ပဏာမ ပျိုးလိုက်တယ်။ သူပြောပြီးတော့မှ လက်ရှိစခန်းမှာ ဘာအခက်အခဲ ရှိပါသလဲ ပွင့်ပွင့်လင်းလင်း ပြောကြပါလို့ တံခါးဖွင့် ပေးလိုက်တယ်။ ရခိုင်တိုင်းရင်းသားတွေက ဘာစကားသံမှ ထွက်မလာဘူး။ ဘာလိုလဲပြောလေ၊ အားလုံးသာ ပြောလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တိုက်တွန်းတော့မှ သူတို့ကလေးတွေ ကျောင်းသွားတဲ့အခါ မလုံခြုံကြောင်း၊ ရေရှည်မှာ မိမိဘာသာ ရပ်တည် စားသောက်နိုင်အောင် ကျွဲ၊ နွားများ ပြန်လည် လိုအပ်ကြောင်း တင်ပြပါတယ်။

စစ်တွေလေဆိပ် ရောက်တော့ အသင့်ပြင်ထားတဲ့ ကားတွေနဲ့ပဲ ဘင်္ဂါလီ ဒုက္ခသည်စခန်း တစ်ခုဖြစ်တဲ့ အုန်းတောကြီး ဒုက္ခသည် စခန်းဘက်ကို ထွက်လာခဲ့ ပြန်တယ်။ ဒုက္ခသည်တွေအတွက် ဆောက်ပေး ထားတဲ့ အိမ်တန်း ရှည်ကြီးတွေက သုံးလေးငါးလုံး အောက်မနည်း တွေ့ခဲ့ရတယ်။ သူတို့ဆီ ရောက်တယ် ဆိုရင်ပဲ ဝိုင်းလာလိုက်တဲ့ လူအုပ်ကြီး၊ ပွဲတော်ကြီးလား ကျနေတာပဲ။ ဘာလိုလဲ မေးလိုက်တာနဲ့ အိမ်သာ လိုတယ်၊ အိမ်တွေ ထပ်လိုတယ် ... စသဖြင့် တင်ပြကြပါတယ်။
အားလုံး ပြောဆိုပြီးလို့ ပြန်ဖို့ ကားပေါ်ရောက်တော့ စည်ပင် အရာရှိတစ်ဦးက ညည်းညူရှာတယ်။ လိုအပ်တဲ့ နေအိမ် အလုံအလောက်ကို သူတို့ ဆောက်ထားပေးကြောင်း၊ သို့ပေမယ့် နောက်ထပ်အိမ် သစ်ရဖို့ တဲအိမ်ရှည်ကြီးတွေကြားမှာ မိုးကာ မိုးအိမ်ငယ်လေး ထပ်ဆောက်နေကြောင်း၊ ဘယ်လောက် ဆောက်ပေးပေး မလောက်နိုင်ကြောင်း ညည်းညည်း ညူညူ ဆိုပါတယ်။
ဗီဂျေကြီးရဲ့ လှည့်လည် လေ့လာရေး ခရီးစဉ် ပြီးဆုံးတဲ့အခါ ကျွန်တော်တို့ခမျာ ကားပေါ်ပြန်တက်ရမှာ လန့်သလို ဖြစ်နေပါတယ်။ အလာတုန်းက ပေးထားတဲ့ နာကျင်ကိုက်ခဲ ဝေဒနာတွေက အခုထိ တသသ ခံစားနေရတုန်း။ ဒီလိုအခြေအနေမှာ နောက်ထပ် နှစ်ဆယ့်လေးနာရီလောက် ဒီကားကိုပဲ စီးရဦးမယ် ဆိုပြန်တော့ ရခိုင်အပြန် ကားပေါ် တက်လှမ်းရမယ့် ခြေလှမ်းတွေက ...။
ဉာဏ်မျိုးအောင်
No comments:
Post a Comment