Written by ဉာဏ်မျိုးအောင်
ဘာသာပြန်စာပေအသင်း တစ်ကျော့ပြန်လာတော့မည်။ ဘာသာပြန် စာပေပျိုးခင်းကြီး ဖူးပွင့်တော့ မည်လော။

မြန်မာနိုင်ငံ၏ လူဦးရေသန်းခြောက်ဆယ်နှ င့် နှိုင်းစာပါက သတင်းစာဂျာနယ်ဖတ်သူ နည်းပါးသည်ဟု ဝေဖန်သူများ ရှိသလို ရသ စာပေ ရေးသားသူနှင့်ဖတ်သူများ လျော့ပါး လာပြီဟု ထောက်ပြသူတို့က ထောက်ပြကြသည်။ အထက်ပါ စာအမျိုးအစားတို့အတွက် စိုးရိမ်သည်ထက် ပိုမိုစိုးရိမ်စရာ ကောင်းသည်မှာ ဘာသာပြန်စာပေ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ပြဿနာ ပင် ဖြစ်ပါသည်။ ယင်းကဲ့သို့ မှေးမှိန်နေသော ဘာသာပြန်လုပ်ငန်းကို ပြန်လည် ထွန်းကားလာစေရန် ဘာသာပြန် စာပေအသင်းကို ပြန်လည် ဖွဲ့စည်းတော့မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
ဘာသာပြန်စာပေ အသင်းကြီးကို ပြန်လည် ထူထောင်ပြီးပါက မြန်မာ စာဖတ်ပရိသတ်အတွက် အကျိုးရှိစေမည့် နိုင်ငံတကာ စာပေတို့ကို မြန်မာဘာသာပြန်ဆို ပေးမည့်အပြင် မြန်မာဘာသာ၊ တိုင်းရင်းသား ဘာသာတို့ဖြင့် ရေးသားထားသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်များကိုလည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးမည်ဟု ၎င်းကဆိုသည်။
စာပေဗိမာန်၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်သော ၂၀၁၁-၂၀၁၂ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ ငါးနှစ်တာ စီမံကိန်းတွင်လည်း အထက်ပါအတိုင်း ထည့်သွင်း ရေးဆွဲထားကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ သို့ဖြစ်ရာ နိုင်ငံတကာစာပေတို့ကို မြန်မာဘာသာသို့ ပြန်ဆိုရန်နှ င့် မြန်မာဘာသာ၊ တိုင်းရင်းသား ဘာသာတို့ဖြင့် ရေးသားထားသောစာအုပ်တို့ကို အင်္ဂလိပ်ဘာသာသို့ ပြန် ဆိုရန် မည်သို့သော အခက်အခဲများ ရှိနိုင်ပါသနည်း။ မည်သို့သော ပြင်ဆင်မှုများ လုပ်သင့်ပါသနည်း၊ မေး ခွန်းထုတ်စရာ ရှိလာသည်။
၁။ ဘာသာပြန်စက်
ဘာသာပြန် လုပ်ငန်းအတွက် လတ်တလော ရင်ဆိုင်နိုင်ရဖွယ်ရှိသော ပြဿနာမှာ နိုင်ငံတကာစာပေ တို့ကို မြန်မာဘာသာသို့ ပြန်ဆိုရန် ဘာသာပြန် ကျွမ်းကျင်သူ ရှားပါးသောပြဿနာ ဖြစ်ကြောင်း ကိုယ်တိုင် ဘာသာပြန်စာအုပ်များ ရေးသား ထုတ်ဝေထားသည့် ပြည်သူ့ခေတ် အယ်ဒီတာချုပ် ဦးဖေမြင့်က ထောက်ပြ သည်။
ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်မူ နိုင်ငံခြား စာပေတိုက်ကြီးများက ထုတ်သည့် အင်္ဂလိပ်လို ရေးသား ထားသည့် စာအုပ်များနှင့် တစ်ပြိုင်တည်း မိခင်ဘာသာစကားသို့ ပြန်ပြီးသား စာအုပ်ကို ထုတ်ဝေနို င်ကြောင်း၊ ဘာသာပြန်ဆိုမှု၏ ၈၀ ရာခိုင်နှုန်းခန့်ကို ဆော့ဖ်ဝဲလ်နှင့် ပြန်ဆိုကြောင်း ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် သားဖြစ်သူ ဒေါက်တာ သန့်သော်ကောင်းတို့ ဂျပန်နိုင်ငံကို သွားရောက် လေ့လာစဉ် က တွေ့ခဲ့ရသည် တို့ကို တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်းက တစ်ဆ င့် ပြောပြသည်။
“စာမူစကတည်းက နိုင်ငံခြားက စာပေတိုက်ကြီးတွေနဲ့ ချိတ်ဆက်ထားတယ်။ ဂျပန်ဘာသာနဲ့ ထုတ်ဖို့ Copyright (မူပိုင်ခွင့်) ကို ဝယ်ထားတယ်။ သူကကြိုပြီးတော့ ပြန်တယ်။ သိပ်မကြာဘူး ဂျပန်လို ထွက်နို င်တယ်။ ယိုးဒယားမှာဆိုလည်း အဲဒီလိုပဲ” ဟု ဦးသော်ကောင်းက ဆိုသည်။
မြန်မာနိုင်ငံတွင်လည်း ဂျပန်နှင့် ထိုင်းနိုင်ငံနည်းတူ ဆော့လ်ဝဲလ်များဖြင့် ဘာသာပြန်ဆိုနိုင်ရန် ဦးခင်ညွန့် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်စဉ်က ကွန်ပျူတာသမား တချို့ကို ငွေကြေးထောက်ပံ့ပြီး တာဝန်ပေးခဲ့ သည်ဟု သိရကြောင်း၊ ၎င်းတို့၏ ပြောစကားအရ ၅၀ ရာခိုင်နှုန်းလောက်အထိ စက်ဖြင့် ပြန်ဆိုနိုင်သည်ဟု ဆိုကြောင်း ၎င်းကထုတ်ဖော် ပြောကြားသည်။
“အဓိက ခက်ခဲတာက အင်္ဂလိပ်ကနေ ဗမာ (ဘာသာပြန်တာ) က ပိုခက်တယ်တဲ့။ ဗမာကနေ အင်္ဂလိပ် ဘာသာ ပြန်တာတော့ ဒီလောက်မခက်ဘူး။ ဘာလို့လဲဆိုတော့ ဗမာမှာ စကားလုံးတွေ သိပ်ကြွယ်ဝလို့တဲ့။ ဆရာတို့က အသုံးအနှုန်းက နေရာနဲ့ လိုက်ပြီးတော့ ပြောင်းရတယ်။ ဆိုပါတော့ ဘုန်းကြီးတွေ ဘာတွေနဲ့ ပတ်သက်ရင် တစ်မျိုးပြောရတယ်။ ခံ့ခံ့ညားညား ပြောချင်တဲ့ အခါကျရင် စာလုံးကတစ်မျိုး။ အဲလို ရွေးဖို့ ကျတော့ ကွန်ပျူတာက မရဘူး” ဟု ဦးသော်ကောင်းက စက်ပိုင်းဆိုင်ရာအားနည်းချက်ကို ပြောပြသည်။
သို့သော်လည်း အင်္ဂလိပ်စကားလုံး တစ်လုံးအတွက် သက်ဆိုင်ရာ မြန်မာ စကားလုံးကို ရွေးချယ်ပေးထားပြီး ဘာသာစကား ကျွမ်းကျင်သော အယ်ဒီတာက သင့်တင့်လိုက်ဖက်သော စကားလုံးကို အချောကိုင် ပြုပြင်ေ ပးနိုင်ကြောင်း၊ ဂျပန်နိုင်ငံကဲ့သို့ စက်ဖြင့် ၇၀၊ ၈၀ ရာခိုင်နှုန်းလောက်အထိ ပြန်ဆိုနိုင်ပါက များစွာမြန်ဆန် သွားမည် ဖြစ်ကြောင်း ဦးသော်ကောင်းက စက်ပိုင်းဆိုင်ရာ အားနည်းချက်ကို လူအယ်ဒီတာက ပြင်ဆင်ေ ပးနိုင်မည့်နည်းကို ထောက်ပြသည်။
ဘာသာရပ်စုံနှင့် သုတရသ စာအုပ်မျိုးစုံကို ဘာသာပြန်ဆိုခဲ့သော ဆရာမြသန်းတင့်ကလည်း ဘာသာ ရပ်ဆိုင်ရာ စာအုပ်များကို စက်ဖြင့် ပြန်ဆိုနိုင်ဖွယ် ရှိသော်လည်း ဝတ္ထု၊ ကဗျာကဲ့သို့သော ရသစာအုပ် များကိုမူ စက်ဖြင့် ပြန်ဆိုရန် ခက်ခဲနိုင်ကြောင်း သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းတို့နှင့်အတူ စာပေ စကားဝိုင်းတစ်ခုတွင် ပြောဆိုဖူးကြောင်း သိရပါသည်။
ယခုအထိ စဉ်းစားထားသည်မှာ အင်္ဂလိပ် စာအုပ်များကို မြန်မာဘာသာ ပြန်ဆိုရေးနှင့် မြန်မာစာအုပ်များကို အင်္ဂလိပ်ဘာသာ ပြန်ဆိုရေးအတွက် စဉ်းစားထားချက်များသာ ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာ သာဖြင့် ရေးသားထားသော စာအုပ်များကို တိုင်းရင်းသားဘာသာမျိုးစုံ ပြန်ဆိုရေးနှင့် တိုင်းရင်းသား ဘာသာဖြင့် ရေးသားထားသော စာအုပ်များကို အင်္ဂလိပ်ဘာသာ ပြန်ဆိုရေး အတွက်မူ ပိုမိုခက်ခဲဖွယ် ရှိမည်လောဟု မေးခွန်းထုတ်စရာ ရှိပါသည်။
၂။ တိုင်းရင်းဒေသ ဘာသာပြန်စာပေ
မြန်မာဘာသာ ပြန်ဆိုခြင်းနည်းတူပင် တိုင်းရင်းသား ဘာသာပြန်လုပ်ငန်း အတွက်လည်း ဘာသာပြန် ကျွမ်းကျင်သူ ရှားပါးမှု ပြဿနာမှာ ရှိဆဲဖြစ်ပြီး ဘာသာပြန် လေ့ကျင့်သင်တန်းပေးကာ တိုင်းရင်းသား ဘာသာပြန် ကျွမ်းကျင်သူများကို မွေးထုတ်ပေးရမည် ဖြစ်ကြောင်း ပြည်သူ့ခေတ် အယ်ဒီတာချုပ် ဦးဖေမြင့် က အကြံပြုသည်။
နောက်ထပ် ရင်ဆိုင်ရဖွယ် ရှိသည့် အခက်အခဲတစ်ခုမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံရှိသော မြန်မာနိုင်ငံ တွင် တိုင်းရင်းသား ဘာသာစကားမျိုးစုံ ကွဲပြားနေသော ပြဿနာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ချင်းပြည်န ယ် ကဲ့သို့သော ပြည်နယ် တစ်ခုတည်းမှာပင် ဘုံဘာသာစကား မရှိဘဲ နယ်မြေဒေသအလိုက် ဘာသာစ ကား ကွဲပြားမှုများ ရှိကြောင်း ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဆလိုင်းဆယ်မြူ ရယ်က ထောက်ပြသည်။
“ချင်းပြည်နယ် မြောက်ပိုင်းမှာ တီးတိန်၊ ဟားခါး ဘာသာစကားနဲ့ ပြောတယ်။ တောင်ပိုင်းမှာကျ မတူပီ၊ မင်းတပ် စကားသုံးတယ်” ဟု ဆလိုင်းဆင်မြူရယ်က တိုင်းရင်းသား ဘာသာပြန်စာပေလုပ်ငန်း ထိရောက် အောင်မြင်ရေးအတွက် ဖြေရှင်းရမည့် အခက်အခဲတစ်ခုကို သာဓက ထုတ်ပြပါသည်။
တိုင်းရင်းသား ဘာသာမျိုးစုံဖြင့် ဘာသာပြန်ဆိုရေးအတွက် လက်တွေ့ကျကျ စဉ်းစားမည်ဆိုပါက ထုတ်ဝေရေး အခက်အခဲကိုလည်း ကြုံတွေ့နိုင်ဖွယ် ရှိပါသည်။ မြန်မာစကားကို ရုံးသုံးဘာ သာစကားအဖြစ် အသုံးပြုပြီး မြန်မာဘာသာ စကားကိုသာ အများစု ပြောဆိုကြသော မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာ မှ မြန်မာဘာသာသို့ ပြန်ဆိုထားသော စာအုပ်များကိုပင် ဝယ်ယူဖတ်ရှုသော စာဖတ်ပရိသတ် နည်းပါးလျက် ရှိရာ တိုင်းရင်းသား ဘာသာပြန်ဆိုထားသော စာအုပ်များကို လေ့လာဖတ်ရှုမည့် ပရိသတ်မှာ အလွန်ကျ ဉ်းမြောင်းသော အကန့်အသတ်ဖြင့်သာ ရှိလိမ့်မည်။ သို့ဖြစ်ရာ တိုင်းရင်းသား ဘာသာမျိုးစုံဖြင့် စာအုပ်စာ တမ်းများ ထုတ်ဝေရန် ပုဂ္ဂလိက စာအုပ်ထုတ်ဝေရေး လုပ်ငန်းရှင်များအတွက် မက်လုံး မရှိသလောက် ပင် ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။
ပြည်သူ့ခေတ် အယ်ဒီတာချုပ် ဦးဖေမြင့်ကမူ တိုင်းရင်းသား ဘာသာမျိုးစုံဖြင့် ဘာသာပြန်ဆိုထားသော စာအုပ်စာတမ်းများကို ထုတ်ဝေရန် ပုဂ္ဂလိက ထုတ်ဝေရေး လုပ်ငန်းရှင်များက တာဝန်မယူနိုင်ပါက ဗဟို အစိုးရ သို့မဟုတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့က ဘာသာပြန် စာပေလုပ်ငန်းအတွက် ငွေကြေး စိုက်ထုတ်ကာ လုပ်ဆောင်သင့်ကြောင်း အကြံပြုသည်။
အထက်ပါ အခက်အခဲများ ရှိသော်လည်း တိုင်းရင်းသား ဘာသာမျိုးစုံဖြင့် သာဘာသာပြန်ဆိုနိုင်ပါက မြန် မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်ဝေသော ဥပဒေများ၊ သုတရသ စာအုပ်များကို တိုင်းရင်းသားများ အနေနှင့် ဘာသာစကား၏ ကန့်သတ်ချက် မရှိတော့ဘဲ လေ့လာနိုင်မည် ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်း လင်းပြောကြားသည်။
ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယက ဒေါက်တာစိုင်းစံအိုက်ကမူ တိုင်းရင်းသား ဘာသာမျိုး စုံဖြင့် ရေးသားထားသော စာအုပ်များကို အင်္ဂလိပ် ဘာသာသို့ ပြန်ဆို ထုတ်ဝေနိုင်ပါက နိုင်ငံတကာ ပညာရှင်များ အနေနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုတို့ကို အလွယ်တကူ လေ့လာနိုင်မည် ဖြစ်ေ ကြာင်း တိုင်းရင်းဒေသ ဘာသာပြန်လုပ်ငန်း၏ အရေးကြီးပုံကို ထောက်ခံပြောကြားသည်။
အထက်ပါ ဘာသာပြန်လုပ်ငန်း အခက်အခဲများအတွက် ပြင်ဆင်ထားပြီးပြီ ဆိုပါက လက်တွေ့အကောင် အထည် ဖော်ရာတွင် မည်သူတွေ တာဝန်ယူပြီး မည်ကဲ့သို့ လုပ်ဆောင်မည်နည်းဟု မေးခွန်းထုတ်စရာ ရှိလာပြန်သည်။
၃။ ဘာသာပြန်ဥပဒေ
စာပေဗိမာန်၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်သော ငါးနှစ်တာ စီမံကိန်းတွင်မူ စာပေဗိမာန်၏ ဖွဲ့စည်းပုံ ကို ပြင်ဆင်ပြီး တိုးချဲဖွဲ့စည်းမည် ဖြစ်ကြောင်း၊ ဘာသာပြန်စာပေများ ထုတ်ဝေရေးအတွက် ကနဦး လုပ်ငန်းစဉ် အနေနှင့်မူ အကြံပေးအဖွဲ့ကို ဖွဲ့စည်းမည် ဖြစ်ကြောင်း ရေးဆွဲထားသည်။ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ဘာသာပြန် လုပ်ငန်းများ မပြုလုပ်မီ ဘာသာပြန် လုပ်ငန်းအတွက် ဥပဒေကြမ်း တစ်ရပ်ကို ဆရာဦးသော်ကောင်း အပါအဝင် ပြည်တွင်းပြည်ပပညာရှင် များနှင့် ပူးပေါင်း ရေးဆွဲလျက်ရှိသည်ဟု ဆိုသည်။
ဘာသာပြန်လုပ်ငန်းနှင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ ပညာရှင်များ၊ စာပေပညာရှင် များနှင့် တိုင်ပင်ကာ ဘာသာပြန် လုပ်ငန်းအတွက် စာပေဗိမာန် ဥပဒေကြမ်းကို ရေးဆွဲပြီးပြီ ဖြစ်ကြောင်း ယင်းဥပဒေကြမ်း ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် ဆရာဦးသော်ကောင်းက ထုတ်ဖော် ပြောကြားသည်။
“အကြမ်းပြီးတော့ သူ့ကို (ဥပဒေကြမ်းကို) လွှတ်တော်တင်ရမယ်။ လွှတ်တော်တင်ပြီးတော့ အဲဒီ ဥပဒေနဲ့ ဆိုတော့ ပိုခိုင်မြဲတာပေါ့” ဟု ၎င်းကဆိုသည်။
ဥပဒေကြမ်းအရ ဘာသာပြန် စာပေအသင်းကို ဖွဲ့စည်းမည် ဆိုပါက ၁၉၆၂ ခုနှစ်မတိုင်မီ လွတ်လပ်ရေး ရပြီးစကာလတွင် ဖွဲ့စည်းခဲ့သော ဘာသာပြန်စာပေအသင်း ပုံစံနည်းတူပင် ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာေ ငွကို သုံးစွဲကာ အစိုးရက တည်ထောင်ပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ပြင်ပ ပညာရှင်တွေနဲ့ အဓိကထား ဖွဲ့စည်းမယ်။ ဒါပေမဲ့လည်း အစိုးရ ဝန်ကြီးဌာန (ပြန်ကြားရေးဝန်ကြီး ဌာန) လက်အောက်မှာ တိုက်ရိုက်ကတော့ မဟုတ်ဘူး။ ဝန်ကြီးဌာန ကိုယ်စားလှယ်တွေ၊ ဘာတွေပါလို့ေ တာ့ ရပါတယ်” ဟု ဝန်ကြီးဌာန၏ လွှမ်းမိုးမှုမခံဘဲ သီးခြား လွတ်လပ်သော အုပ်ချုပ်ရေးအဖွဲ့ ပုံစံဖြင့် ဖွဲစည်းမည်ကို ဦးသော်ကောင်းက ပြောပြသည်။
မြန်မာနိုင်ငံတွင် ဘာသာပြန်စာပေ၏ အခန်းကဏ္ဍမှာ စာပေဗိမာန်လက်ထက် ရာစုနှစ် ငါးခုတာကာလ အတွင်းတွင် ပျောက်ကွယ်လုအံ့ဆဲဆဲ ဖြစ်ခဲ့ရသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန၏ ငါးနှစ်တာ စီမံကိန်း သုံးသပ်ချက်တွင် ဝန်ခံထားသည်။
ပြန်လည် အသက်သွင်းတော့မည့် ဘာသာပြန် စာပေအသင်းအနေနှင့်လည်း ဘာသာပြန်လုပ်ငန်းကို မည်သို့သော အတိုင်းအတာအထိ လုပ်ဆောင်နိုင်မည်ကို စောင့်ကြည့်ရဦး မည် ဖြစ်သည်။ ဘာသာပြန် လုပ်ငန်းသည်ပင်လျှင် လူ့အဖွဲ့အစည်း တစ်ခုလုံ၏ ရှိရင်းစွဲ အတွေးအမြင်ဟောင်းများကို ခေတ်မီတိုးတ က်သော အယူအဆများဖြင့် အစားထိုး ပေးနိုင်ကြောင်းကို မြန်မာနိုင်ငံ၏ ဘာသာပြန်စာပေသမိုင်းကို ပြ န်ပြောင်းကြည့်က တွေ့နိုင်ပါသည်။
၎။ ဘာသာပြန်စာပေသမိုင်း
ရှေးယခင် ပဒေသရာဇ် ခေတ်များတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ် ဗုဒ္ဓ၏ ဇာတိလည်းဖြစ်သော အိန္ဒိယနိုင်ငံတွင် အခြေတည်ကာ ထွန်းကားခဲ့သော ဗုဒ္ဓယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ စာပေတို့ကို ပါဠိဘာသာ၊ သက္ကတဘာသာတို့မှ မြန်မာဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည်။ ဤဘာသာ ပြန်ဆိုခြင်း အကျိုး အဆက်ကြောင့်ပင် ယဉ်ကျေးမှုအရ အဆင့်အတန်းနိမ့်သော အရည်းကြီးဝါဒကိုစွန့်ကာ ပိုမိုကောင်းမွန်ပြီး ယဉ်ကျေးသော ဗုဒ္ဓအယူအဆတို့ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း စတင်သန္ဓေတည်စေနိုင်ခဲ့သည်။
အနောက်နိုင်ငံများနှင့် ကူးလူး ဆက်သွယ်မှု စိပ်လာသော မင်းတုန်းမင်း လက်ထက်တွင် ယောအတွင်းဝန် ဦးဖိုးလှိုင်သည် အင်္ဂလန်၏ စည်းမျဉ်းခံဘုရင် စနစ်ကိုတုပကာ ရာဇဓမ္မသင်္ဂဟကျမ်းကို ရေးသားပြီး နှစ်ေ ပါင်းများစွာ အမြစ်တွယ် တည်တံ့ခဲ့သော သက်ဦးဆံပိုင်ဘုရင်စနစ်ကို တော်လှန်ရန် ကြိုးပမ်းခဲ့ဖူးပါသည်။ ယင်းအပြင် ထိုခေတ်ကာလက အနောက်နိုင်ငံမှ ခေတ်မီပညာရပ်တို့ကို သင်ကြား၍ ပြန်လာသော ပညာသင်တို့ထံမှ တစ်ဆင့် ခေတ်မီ ပညာရပ်များကို လေ့လာကာ ယောအတွင်းဝန် ဦးဖိုးလှိုင်သည် မြန် မာ့ကြေးနန်း ရိုက်ကြားခြင်း အတတ်နှင့်ဆိုင်သော လိပိဒီပိကာကျမ်း၊ လူထုဆန္ဒကို အခြေခံသော ဒီမိုကေ ရစီနှင့် ပတ်သက်သည့် မဟာသမ္မတဝိနိစ္ဆယကျမ်း၊ ခန္ဓာဗေဒ ဘာသာရပ်နှင့်ဆိုင်သော ကာယာနုပဿနာ ကျမ်း စသဖြင့် ရေးသား ပြုစုခဲ့ပါသည်။ တိုက်ရိုက် ဘာသာပြန်ဆိုခြင်း မဟုတ်သည်တိုင် နိုင်ငံခြားဘာ သာဖြင့် ရေးထားသော ပညာရပ်ကို မြန်မာဘာသာဖြင့် ပြုစုနိုင်ခဲ့ခြင်း ဖြစ်သည်။
ခေတ်သစ်ဘာသာပြန် စာပေသမိုင်း၏ အစကိုမူ ၁၈၅၂ ခုနှစ်က ထုတ်ဝေခဲ့သော အမေရိကန်ပြည်ဖွား ခရစ်ယာန် ဘုန်းတော်ကြီး Adoniran Judson ၏ အင်္ဂလိပ်-မြန်မာအဘိဓာန် ဖြစ်သည်ဟု သတ် မှတ်ကြသည်။ ၁၉ ရာစုအစောပိုင်း ကာလတွင် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက်ပိုင်း အင်္ဂလိပ် ဘာသာကို ရုံးသုံး ဘာသာစကားအဖြစ် ပြဋ္ဌာန်းခဲ့ရာ၊ နောက်ပိုင်းတွင် အင်္ဂလိပ်စာကို ကောင်းစွာ တတ်ကျွမ်းသော မြန်မာ ပညာတတ်များက အင်္ဂလိပ်လို ရေးသားထားသော ကမ္ဘာ့စာပေတို့ကို မြန်မာဘာ သာသို့ ပြန်ဆိုပေးခဲ့ကြသည်။ ၁၉၁၅ ခုနှစ်တွင် ဦးထွန်းငြိမ်း၏ အဘိဓာန်စာအုပ် ထွက်လာသလို အလက် ဇန္ဒားဒူးမား ရေးသားသည့် မွန်တီခရစ္စတို မြို့စားကြီး ဝတ္ထုကို အခြေခံကာ ဂျိမ်းစ်လှကျော်က ဘာသာပြန် အမှီး ဝတ္ထုတစ်ပုဒ်စတင် ရေးသားခဲ့သည်။

၁၉၄၇ခုနှစ် ဇွန်လ ၆ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီးကျင်းပသည့် မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေး အစည်းအဝေး အဖွင့်မိန့်ခွန်းတွင်လည်း “စာအုပ်များ ထုတ်ဝေရေးကိစ္စတွင် ကျယ်ပြန့်သော လူထုလက်သို့ ပေါက်ရောက်နိုင်သော ဘာသာပြန်စာပေများ ထုတ်ဝေရေးကို အာရုံပြုသင့်ကြသည်။ ဘာသာပြန်ဌာနကြီး တစ်ခုကို ကျွန်ုပ်တို့ ဖွင့်လှစ်သင့်ကြသည်” ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြော ကြားခဲ့သည်။ သို့နှင့်ယင်းနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ဘာသာပြန်စာပေအသင်းကို စတင်တည်ေ ထာင်ခဲ့ကြသည်။ ၁၉၅၂ ခုနှစ်တွင်မူ စာပေဗိမာန်ဟု အမည် ပြောင်းလဲခဲ့သည်။
ခေတ်အဆက်ဆက် နိုင်ငံရေး အပြောင်းအလဲများနှင့်အတူ စာပေဗိမာန်၏ ဘာသာပြန် လုပ်ငန်းမှာလည်း ကျဆင်းခဲ့ရသည်။ တစ်သီးပုဂ္ဂလိက ဘာသာပြန်ဆိုမှုများ ရှိသည်တိုင် ယေဘုယျအားဖြင့် အိမ်နီးချင်းနိုင်ငံ တချို့နှင့် နှိုင်းယှဉ်ပါက ဘာသာပြန်စာပေလုပ်ငန်းမှာ အပြိုင်းအရိုင်း မထွန်းကားနိုင်ခဲ့ပေ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖော်ဆောင်နေသော ယခုအစိုးရ လက်ထက်တွင်၊ နိုင်ငံရေးတံခါးဖွင့်မှုနှင့်အ တူ ခေတ်ပြိုင် နိုင်ငံတကာ နိုင်ငံရေးနှင့် ဘောဂဗေဒ အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့် ဘာသာပြန်ဆို လာသည့်တိုင် သိပ္ပံဝိဇ္ဇာ ပညာရပ်များ၊ ရသစာပေများနှင့် ပတ်သက်၍ အားနည်းနေဆဲဟု ထင်သည်။
ရှည်ရှည်ဝေးဝေး မငြင်းခုံလိုပါ၊ ယခုနှစ် အမျိုးသား စာပေဆုပေးပွဲတွင် ဘာသာပြန်စာပေဆု ရရှိသွားသော စာအုပ်ကိုသာ ကြည့်ပါဟု ဆိုချင်ပါသည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ်က လာရောက် အမှုထမ်းဖူးသော ဂျော့အော်ဝဲလ်၏ ဗမာပြည်နေ့ရက်များ (Burmese Days) စာအုပ်ကို ၂၀၁၂ ခုနှစ် အတွက် ဘာသာပြန် စာပေဆုအဖြစ် ရွေးချယ်ခဲ့သည်။ ဘာသာပြန်ကောင်းခြင်း၊ ဆိုးခြင်းကို ဝေဖန်လိုခြင်း မဟုတ်ပါ။ ပူပူလောလော ထွက်ရှိပြီး နိုင်ငံတကာတွင် ဆွေးနွေး ငြင်းခုံနေသည့် ခေတ်ပြိုင်စာအုပ်တို့ ကို လောလောလတ်လတ် ဘာသာပြန်ဆိုနိုင်ခြင်းမရှိ ဖြစ်နေသည်ကိုသာ ဤစာပေဆုက သက်သေ ခံကြောင်း ထောက်ပြလိုခြင်း ဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဘာသာပြန် လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လိုပါက လွတ်လပ်ရေး လှုပ်ရှားမှု ကာလနှင့် လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင် ဘာသာပြန်လုပ်ငန်း ထွန်းကားရေး ဆော်သြ တိုက်တွန်း ခဲ့ဖူးသော သခင်ဘသောင်း၏ စကားကိုသာ ပြန်လည် သတိပြုစေလိုပါသည်။
“အသီးနှံကောင်းများ စားသုံးလိုလျှင် အလေ့ကျပေါက်သော အပင်များကိုချည်း အားကိုးနေ၍ မဖြစ်သည့် နည်းတူ ဘာသာပြန် ကောင်းသူများကို ခိုင်းစေ အသုံးပြုလိုလျှင် အလေ့ကျ ပေါ်လာသော ဘာသာပြန်သူ တစ်ယောက်ကောင်း နှစ်ယောက်ကောင်းကိုသာ အားကိုး၍ မနေဘဲ ဝေဝေဆာဆာ ဖောဖောလှိုင်လှိုင် သီးမည့်၊ ပွင့်မည့် ဘာသာပြန် စိုက်ပျိုးခင်းကြီး တစ်ခုကို အချိန်မနှောင်းမီ တည်ထောင်ပေးရန် အချိန်တန် ပါပြီ” ဟု သခင်ဘသောင်းက အကြံပြုသည်။
ဘာသာပြန် စာပေအသင်းကား တစ်ကျော့ပြန်လာတော့မည်။ ဘာသာပြန် စာပေပျိုးခင်းကြီး ဖူးပွင့်တော့ မည်လော။
ဥာဏ်မျိုးအောင်
ကိုးကား -
၁။ ၁၉၆၉ခုနှစ် ဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲတွင် ဖတ်ကြားသည့် သခင်ဘသောင်းနှင့် ဦးထင်ဖတ် (မောင်ထင်)တို့၏ စာတမ်းများ
၂။ ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ
၃။ ဘာသာပြန်စာပေအသင်း လစဉ်စာစောင်၊ အတွဲ-၎
No comments:
Post a Comment