Sunday, June 1, 2014

နွေအဖြေ ဘယ်မှာတွေ့

Written by  ဉာဏ်မျိုးအောင်

နွေရောက်သည်နှင့် ရေခက်ပြီ။ ဤကား အညာ။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ အုန်းတောရပ်ကွက် အပိုင်း (၄) နှင့် အပိုင်း (၅)တို့မှ လူဦးရေ ငါးရာကျော်ခန့် နေ့စဉ် ရေကောင်းကောင်း သောက်နိုင်ရန် မြို့နယ် စည်ပင်သာယာ ရေပေးဝေရေး ဌာနမှ ရေကို ရပ်ကွက်ပိုင် မီးသတ်ကားဖြင့် အနည်းဆုံး တစ်ရက်သုံးခေါက်ခန့် သယ်ယူရကြောင်း အုန်းတော (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆွေက ထုတ်ဖော်ပြောကြားသည်။

“ကျွန်တော်တို့ ရပ်ကွက် အနေအထားက စက်ကြီးတွေ ဘာတွေနဲ့ဖြင့် တူးမှ၊ သို့တည်းမဟုတ် ရေထွက် တဲ့နေရာက ကျွန်တော်တို့ဆီကို အရောက်ပို့နိုင်မှ အဆင်ပြေမှာပေါ့။ အဲဒီပြဿနာကို ရပ်ကွက်မီးသတ် ကားနဲ့ ဖြေရှင်းနေရတယ်” ဟု ၎င်းကဆိုသည်။

သုံးရေအတွက် အုန်းတောအပိုင်း (၄) ရပ်ကွက်မှ တစ်ဧကခွဲခန့် ကျယ်သည့် ကန်ရေကို ခပ်ယူသုံးစွဲကြေ ကြာင်း၊ ယခင်နှစ်က ကန်ရေ မသန့်ရှင်းမှုကြောင့် လူနှစ်ဦး၊ သုံးဦးခန့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့ပြီး နော က်ပိုင်း ရပ်ကွက်သူ ရပ်ကွက်သားများ အနေနှင့် ကန်ရေကို တိုက်ရိုက် ခပ်မယူရန် တားမြစ်လိုက်ကြောင်း၊ သမားရိုးကျ ရေစစ်နည်းဖြစ်သော မီးသွေး၊ ဖွဲပြာ၊ ကျောက်စရစ်တို့ဖြင့် အဆင့်ဆင့် ရေစစ်ထားသော ရေစစ် ကန်မှရေကို သယ်ယူစေကြောင်း ဦးမောင်မောင်ဆွေက ရှင်းပြသည်။

၎င်းတို့ ရပ်ကွက်တွင် ရေသန့်စနစ်ဖြင့် ရေသန့်ပေးသောကြောင့် ယခုနှစ်တွင် ဝမ်းရောဂါဖြစ်သူ မရှိသော် လည်း အပူပိုင်းရပ်ဝန်း အညာဒေသတွင် နွေနေပူပူ၌ မရှိ ရှိရာရေကို သောက်သုံးခြင်းကြောင့် ဝမ်းရောဂါ ခံစားရသော ဒေသအချို့ ရှိနေဆဲ ဖြစ်သည်။ မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ပုလဲရွာတွင် လူတစ်ရာေ ကျာ်ခန့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့သည်။ ကျန်းမာရေးဦးစီးဌာန၏ စစ်ဆေးချက်အရ ရေအိုင်သဖွယ် ရေေ သဖြစ်နေသော ချောင်းရေကို သောက်ခြင်းကြောင့် ဝမ်းရောဂါ ဖြစ်ပွားရကြောင်း နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြသည်။ ဤကား ရေခက်ခြင်း၊ ရေသန့်ရှားပါးခြင်း၏ အကျိုးဆက် ဖြစ်သည်။

တောင်တွင်းကြီးမြို့နှင့် မိုင်အနည်းငယ်ခန့်ဝေးသော သစ်ရာကောက်ရွာတွင်မူ စက်ရေတွင်းမှ ရေခပ်ယူပြီး ခါစတွင် ပူနေပြီး ခဏကြာမှ ရေအေးသွားကြောင်း၊ ယင်းရေဖြင့် ထမင်းချက်ပါက ဆန်ဝါကြောင်း၊ ရေ၏ အရသာမှာလည်း အနည်းငယ် ငန်ချင်ကြောင်း၊ သို့ဖြစ်ရာ ယင်းရေကို သောက်နိုင်အောင်၊ သုံးနိုင်အောင် လုပ်ပေးစေလိုကြောင်း ရွာသူရွာသားများက ကျေးလက်ရေ ရရှိရေး တာဝန်ရှိသည့် မွေးမြူရေး၊ ရေလုပ်င န်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်ကို တင်ပြဖူးသည်။

“ဒါပေမဲ့ ရေကို ဒီရေဘူးထဲက ရေလောက် သန့်သွားတဲ့ ထိအောင်တော့ လုပ်လို့မရဘူး။ ဒါလုပ်ရင်တော့ စနစ်ဆိုတာ ရှိတယ်။ ရေသန့်ရတဲ့ စနစ်ထိ ဆိုရင်တော့ မြောက်မြားစွာ အရင်းအနှီးလိုတယ်။ ဒါ ပြန်ေ ရာင်းစားပြီးတော့မှ ပိုက်ဆံရတော့မှ ဒီစနစ်ကို တပ်လို့ရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သူ့လက်ထဲတွင် ကိုင်ထားသည့် ရေသန့် စက်ရုံထုတ် ရေသန့်ဘူး တစ်ဘူးကို ရွာသားများဘက်သို့ ဝှေ့ ယမ်းပြရင်း ပြောသည်။

ယခင်နှစ်များက သောက်သုံးရေ ဖူလုံရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ဆယ်နှစ်စီမံကိန်း ဆောင်ရွက်ခဲ့ကြောင်း၊ ပထမအဆင့် အနေနှင့် သောက်သုံးရေ လုံးဝမရှိသော နေရာနှင့် မလုံလောက်သော နေရာများ၊ ဒုတိယအဆင့် အနေနှင့် သန့်ရှင်းသော သောက်သုံးရေ မရရှိသည့် နေရာများတွင် အဓိကထား ဆောင်ရွက်ပေးရာ တစ်နိုင်ငံလုံး ရှိ ကျေးရွာပေါင်း ခြောက်သောင်းလေးထောင်ကျော်တွင် တစ်ရွာတစ်တွင်း ရေပေးနိုင်ပြီ ဖြစ်ကြောင်း ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်း ပြောကြားသည်။

“အဲဒါကနေ ကျေးရွာတစ်ရွာမှာ ရေတစ်တွင်း၊ မလုံလောက်ရင် နှစ်တွင်း၊ နှစ်တွင်း မလုံလောက်ရင် သုံးတွင်း။ အဲဒီ စီမံကိန်းကို ကျွန်တော်တို့ ကာလတို ငါးနှစ်စီမံကိန်းနဲ့ ရေပေးရေး လုပ်ငန်းတွေ ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်” ဟု ယင်းညွှန်ကြားရေးမှူးချုပ်က ဆက်လက် ပြောဆိုသည်။

နိုင်ငံတကာ၏ ထောက်ပံ့မှုကြောင့် ပေတစ်ထောင့် ငါးရာခန့်အထိ တူးနိုင်သော တွင်းအနက်တူးစက်များ ကိုလည်း လက်ခံရရှိထားကြောင်း ဝန်ကြီးအုန်းမြင့်က ဖြည့်စွက် ပြောကြားသည်။

ယခင်အစိုးရ လက်ထက်ကလည်း ကျေးလက် ရေရရှိရေးအတွက် ဂျပန်နိုင်ငံမှ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ကဲ့သို့ အဖွဲ့အစည်းများက ကူညီဖူးသည်။ အချို့နေရာတွင် မူ နိုင်ငံရေး အခြေအနေကြောင့် ရပ်တန့်ထားခဲ့ရသော စီမံကိန်း အချို့ကို ယခုထက်တိုင် ပြန်လည် အကောင်အထည် မဖော်သေးပေ။

၁၉၈၆ ဝန်းကျင်ခန့်တွင် တောင်တွင်းကြီးမြို့ ရေပေးဝေရေးအတွက် အုန်းတောရပ်ကွက်ရှိ နေရာအချို့ တွင် JICA အဖွဲ့က လေးလက်မ ပိုက်လုံးတချို့နှင့် ရေငုတ်များ တပ်ဆင်ပေးကြောင်း၊ ၁၉၈၈ ခုနှစ်တွင်မူ ရှစ်လေးလုံး အရေးတော်ပုံကြောင့် ယင်းစီမံကိန်း ရပ်တန့်ထားသည်မှာ ယခုထက်တိုင် ဖြစ်ကြောင်း ဦးမောင်မောင်ဆွေက ထုတ်ဖော်ပြောကြားသည်။

“ရေပေးဝေမှု စီမံကိန်းကလည်း မြို့လယ်ကောင်လောက်မှာပဲ ရပြီးတော့ ကျွန်တော်တို့ ရပ်ကွက် အနေအထားနဲ့ ပြောရင် အပိုင်းငါးပိုင်း ရှိတယ်။ အိမ်ခြေက တစ်ထောင့်နဲ့ငါးကျော် ရှိတယ်ပေါ့။ စည်ပင်ရေရတာက အိမ်ခြေတစ်ရာ့ ခြောက်ဆယ်လောက်ပဲ ရတယ်” ဟု ဦးမောင်မောင်ဆွေက ဆိုသည်။

နှစ်စဉ် ရေအခက်အခဲ ကြုံနေရသော တောင်တွင်းကြီးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေရှည်ရေရရှိရေးအ တွက် ယင်းရေပေးဝေစနစ်ကို ပြန်လည် အသက်သွင်းပါက ပိုအဆင်ပြေကြောင်း ၎င်းက အကြံပြုသည်။

နောက်တစ်ချက်မှာ မြို့နယ်အချို့တွင်မူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသုံးငွေများကို သောက်သုံးရေ ရရှိရေးထက် လမ်းပိုင်းဆိုင်ရာ ပြုပြင်ဆောက်လုပ်မှုတွင် ပိုမိုသုံးစွဲနေသည်ကို တွေ့ရသည်။ ယင်းအတွက် အကောင်းဆုံး နမူနာမှာ မကွေးမြို့နယ် ဖြစ်သည်။

ယခင်နှစ်ကုန်ပိုင်း စာရင်းများအရ မကွေးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကျပ် ၃၄၈၃ ဒသမ ၁ သိန်းသုံးစွဲရာ အင်ပင်ကန်ရွာတွင် စက်ရေတွင်းတူးရန် သိန်းနှစ်ရာကို သုံးသည်မှအပ ကျန်ငွေများကို လမ်းတံတားပိုင်း ဆိုင်ရာအတွက် အသုံးပြုခဲ့ကြောင်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထော က်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးညိုဝင်းမောင်က ပြောကြားသည်။

ယင်းကဲ့သို့ သောက်သုံးရေ ရရှိရေးအတွက် ငွေကြေး အနည်းငယ်သာ သုံးစွဲသည်မှာ မကွေးမြို့နယ် တွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ အဆင်ပြေနေသောကြောင့် မဟုတ်ပေ။ နတ်မောက်မြို့နယ် ဘက်သို့ သွားသည့် လမ်းဘေးတစ်လျှောက်ရှိ ရွာတချို့တွင် သောက်ရေအတွက် စိမ့်စမ်းတွင်းများသို့ တကူးတက အချိန်ယူသွားကာ ခပ်ယူရသလို သုံးရေအတွက် ရွာသားများ ကိုယ်တိုင် ကန်တူးကာ မိုးရေစုထား ရသည်များမှာ ယခုတိုင် ရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသုံး စရိတ်များကို သုံးစွဲရာတွင် ဦးစားပေးကဏ္ဍနှင့်  ဦးစားပေး အစီအစဉ်တို့ကို စနစ်တကျ ချမှတ်ဆောင်ရွက် သင့်သည်ဟု ဆိုရပါမည်။

စဉ်းစားစရာတစ်ခုမှာ ယခင်က သောက်သုံးရေ ရရှိရေးအတွက် ရေတွင်းတူးဖော် ပေးခဲ့ပြီးသား ကျေးရွာ အချို့တွင် သောက်သုံး ရေရရှိရေး ဆောင်ရွက်ချက်များကို တစ်ဖန်ပြန်လည် ဆန်းစစ်ဖို့ ဖြစ်သည်။ မကွေးမြို့နယ် သစ်ရာကောက်ရွာနှင့် ညောင်ပင်ကျေးရွာအုပ်စု ကုန်းကြီးရွာတို့တွင် စက်ရေတွင်းနှင့် ရေေ လှာင်ကန် အချို့ရှိသော်လည်း နှစ်ကာလ ကြာမြင့်သည်နှင့်အမျှ တိုးပွားလာသော လူဦးရေ၏ ရေလိုအပ် ချက်ကို မဖြည့်ဆည်းပေးနိုင်သော ပြဿနာမျိုး ဖြစ်သည်။

၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်တစ်ဝိုက်တွင် ဆောက်လုပ်ထားသော ရေလှောင်ကန်များမှာ ယခု လက်ရှိ လူဦးရေ အနေအထားအရ သေးငယ်သွားပြီ ဖြစ်သည်။ စက်ရေတွင်းများ စက်ပိုင်းဆိုင်ရာ ချို့ယွင်းပါက ရွာသူရွာသားများ၏ ရေလိုအပ်ချက်ကို ရေလှောင်ကန်ရေဖြင့် ခေတ္တဖြည့်ဆည်းေ ပးရမည် ဖြစ်သည်။ သို့သော် ယခုအခါတွင် တိုးပွားလာသော လူဦးရေနှင့် အိမ်ထောင်စုတို့ကြောင့် စက်ချို့ယွင်းသော အခါတွင် ရေလှောင်ကန်ရေမှာ တစ်ရက်တာမျှပင် ရေအခက်အခဲ ပြဿနာကို ထိန်းမထားနိုင်ကြောင်း ကျေးရွာ တော်တော်များများမှ ရွာသူရွာသားများက ထုတ်ဖော်ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင်မူ တိုးပွားလာသော လူဦးရေကြောင့် ရေလှောင်ကန်ကို တိုးချဲ့ရန် စည်ပင်သာယာရေး ကော်မတီက ခေါ်ယူဆွေးနွေး ထားကြောင်း ချောက်မြို့ခံတစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသတွင် ရေရရှိရေး၊ ရေသန့်ရေး၊ ရောဂါတားဆီးရေး ၊ ရေေ လှာင်ကန် တိုးချဲ့ရေး၊ စီမံကိန်းဟောင်းများ ပြန်လည် အသက်သွင်းရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဘတ်ဂျက်သုံးစွဲမှု စနစ်ကျရေးတို့မှာ အနာဂတ်ကာလတွင် ပြည်သူများကို ရေရှည်တည်တံ့သော ရေအရင်း အမြစ် ထောက်ပံ့နိုင်ရေးအတွက် ပေါင်းစပ် စဉ်းစားသင့်သော ခေါင်းစဉ်များပင် ဖြစ်သည်။

မြို့ကြီး အချို့တွင်မူ မြို့ရေပေးဝေရေး စနစ်ထက် ကိုယ့်အားကိုယ်ကိုးကာ ရေစုပ်စက်ဖြင့် မောင်းသောရေ ကို မှီခိုအားထား နေရသည်ကိုလည်း သတိပြုသင့်သည်။ အနာဂတ်ကာလတွင် လူဦးရေဆတိုးပွား လာသည်နှင့်အမျှ မြို့ပြစီမံခန့်ခွဲမှုကို မဂ္ဂါစီးတီး (Mega Cities-မဟာမြို့ပြ) ပုံစံကြိုတင် စဉ်းစားကာ လုပ်ဆောင်သင့်သည်ဟု ဆိုရမည်ပင်။

ပူပြင်းလှသော နွေနေနှင့် ခပ်ဖြောက်ဖြောက်သာ ရွာသွန်းသော မိုးကြောင့် ရေချိုသယံဇာတ ပေါများပါသ ည်ဆိုသော မြန်မာနိုင်ငံတွင် ရေခက်ခဲရပါသည်ဟု အကြောင်းပြ ညည်းညူ မနေသင့်ပေ။ နွေနေကား ပူမြဲပူမည်၊ မိုးကား ပါးကောင်းပါးမည်။ သောက်သုံးရေရရှိရေးအတွက် အဓိက အဖြေမှာ စီမံခန့်ခွဲမှုတွင် ရှိသည်ဟုသာ ...။

ဥာဏ်မျိုးအောင်

No comments:

Post a Comment