Sunday, June 1, 2014

မှော်ရုံတောသို့ တိုးဝင်ကြည့်စဉ်

Written by  ဉာဏ်မျိုးအောင်

ပတ်ဝန်းကျင် တစ်ခုလုံးရှိ အရောင်များမှာ သစ်သစ်လွင်လွင် မတောက်ပနိုင်ကြပါ။ အရောင်တိုင်း အရောင်တိုင်းမှာ ခပ်ညစ်ညစ်၊ ခပ်နွမ်းနွမ်းတော့ စွန်းထင်နေသည်သာ။ အနီဆိုလည်း အနီသစ်သစ် လွင်လွင် အရောင်မျိုးမဟုတ်၊ အနီညစ်ညစ်နွမ်းနွမ်း အရောင် ဖြစ်သည်။ အပြာလည်း ထို့အတူပင်၊ အပြာညစ်ညစ်။ အစိမ်းဆိုလည်း အစိမ်းညစ်ညစ်။ ယုတ်စွအဆုံး လူတွေသည်ပင်လျှင် မည်းမည်းညစ်ညစ်။ ဤကား မကွေးတိုင်း ဒေသကြီးတွင်ရှိသော ထန်းကိုင်း ရေနံမှော်ထွက် ရေနံချေးကြောင့် ထပ်တူညီနေေ သာ တစ်သွေးတစ်သံတည်းသောအရောင် ဖြစ်သည်။
‘ဂျုံး...ဂျုံး...ဂျက်...ဂျက်’ ဆိုသော သံစဉ်မှာ ယင်းရေနံမှော်၏ နှစ်ဆယ့်လေးနာရီပတ်လုံး ဂီတသံ ဖြစ်သည်။ ရေနံဆီနံ့ သင်းသင်းကို သယ်ဆောင် လာသောလေမှာ ယင်းဒေသ တစ်ခုလုံးကို လွှမ်းခြုံထားသော အမွှေးနံ့သာ ဖြစ်သည်။ အနီ၊ အပြာ၊ အစိမ်းရောင်မိုးကာစတို့ကို ဝါးတိုင် ထူထားသော ပိရမစ်ပုံတဲကလေးများမှာ ကျပ်ကျပ်ညပ်ညပ် ရှိလှသည်။ မြင်ကွင်းတစ်ခုလုံးမှာ ယခုနှစ်ဆယ့်တစ်ရာစု ခေတ်သစ်တွင် မြင်နေရသော မြင်ကွင်း ဖြစ် သည့်တိုင် ကျွန်တော့်စိတ်ထဲတွင်မူ ဆယ့်ရှစ်ရာစုနှောင်းပိုင်း ဆယ့်ကိုးရာစုဝန်းကျင်ခန့်က ရိုက်ကူး ထားသော မြန်မာနိုင်ငံ အလယ်ပိုင်း ရေနံချောင်းမြို့ရှိ လက်ယက် တွင်းတူး ရေနံမှော်ဓာတ်ပုံများကို ကြည့်နေရသလိုပင်။

“ရေနံလက်ယက်တွင်း တူးတာက တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံလောက်ပဲ ရှိတော့တာ။ ဒါကြောင့် ငါက ဓာတ်ပုံရိုက်ချင်တာ။ ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်ရင် ဒီပုံတွေကို ဓာတ်ပုံပြခန်း ဖွင့်ပြမယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဓာတ်ပုံဆရာ Shom က ကျွန်တော့်ကို ပြောပြသည်။ သူ့ကို မကွေးမြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဆုံခဲ့ဖူးသည်။ ထိုစဉ်က ရေနံချောင်းဘက်မှ ဓာတ်ပုံရိုက် ပြန်လာသော Shom မှာ ဓာတ်ပုံရိုက်ရသည်ကို ဘဝင်မကျ ဖြစ်နေပုံရသည်။ သူရိုက်ချင်သောပုံမှာ ရေနံကို လက် ယက်တွင်း တူးနေပုံ၊ ရေနံချောင်းတွင်မူ လက်ယက်တွင်းများ မရှိတော့။ အစိုးရ၏ငြိမ့်တွင်း (စက်တွင်း) များသာ ရှိတော့သည်။ ယခုထန်းကိုင်း ရေနံမှော်ရောက်တော့ သူနှင့် ပြန်ဆုံမိကြသည်။ သူက ဓာတ်ပုံကို အဖြူအမည်း (Black&White) ဖြင့်သာ ရိုက်ကူးရာ သူ့ဓာတ်ပုံ များသည်ပင်လျှင် ဆယ့်ကိုးရာစုဝန်းကျင် ခန့်က ရေနံချောင်း ရေနံမြေ၏ ဓာတ်ပုံများနှင့် တူသလိုလိုပင်။

ကျွန်တော်တို့ သတင်းသမားများမှာ ရေနံမှော်ဘေးရှိ ကုန်းမြင့်တစ်ခုပေါ်တွင် ဆောက်ထားသော တဲငယ်ထဲတွင် ခဏနားနေရသည်။ ရေနံမှော် အတွင်းသို့ လိုက်လံပြသပေးမည့် မှော်လုပ်သား တစ်ယောက်ကို စောင့်ရင်း နားနေရခြင်း ဖြစ်သည်။ တဲငယ်ထဲတွင် လက်တောက်ခုံ (ဇယ်ခုံ) တစ်ခုရှိသည်။ ဆယ်ကျော် သက်စွန်းစွန်း ကလေးငယ် သုံးယောက်က လက်တောက်ခုံတွင် ဇယ်တောက် နေကြသည်။ သူတို့လည်း မည်းမည်းညစ်ညစ်ပင်။ တစ်ခါတစ်ရံ လှန်ကြည့်လိုက်သော မျက်လုံးမှ မျက်သားဖြူဖြူ၊ တစ်ခါတစ်ရံ ပြုံးပျော်လိုက်သော မျက်နှာမှ သွားဖြူဖြူလေးတွေလောက်သာ တောက်တောက်ပြော င်ပြောင် ရှိသည်။ သူတို့၏အလုပ်မှာ ရေနံကောက်သင်းကောက်ခြင်း ဖြစ်သည်။

“ပဝါပိုင်းလောက်ရှိတဲ့ အဝတ်စလေးနဲ့ တွင်းဘေးက မြေကြီးပေါ်မှာ တင်ကျန်နေတဲ့ ရေနံလေးတွေကို မိန်းကလေးများ တို့ပတ်တို့ ပေးသလို တို့တို့ပြီး စုပ်ယူရတာ။ ပြီးတော့မှ ပါလာတဲ့ ဘူးလေးထဲ ညှစ် ထည့်ရတာပေါ့” ဟု ကျွန်တော်တို့နှင့် ခင်မင်သွားသော ရေနံမှော်လုပ်သားကို ဆံရှည်က ဇာတ်သံပါပါဖြင့် ရှင်းပြသည်။

သူက ဘဝစုံသူ ဖြစ်သည်။ ငယ်ငယ်က သူတို့ရွာတွင် ပြုလုပ်သော အဆိုပြိုင်ပွဲ၌ ဆုရပြီး နောက်ပိုင်း အနုပညာတွင် စိတ်ဝင်စားကာ ရွာသို့လာရောက် ကပြသည့် မင်းသားသိန်းဇော် ဇာတ်နောက်သို့ လိုက်သွားဖူးသည်။ ဇာတ်ထဲတွင် လူကြမ်းအဖြစ် သရုပ်ဆောင်ရသလို ပညာရှိမှူးကြီးမတ်ကြီး အနေနှင့်လည်း ဖျော်ဖြေခဲ့ရဖူးသည်။ ထို့နောက်ပိုင်း ဇာတ်ထဲကထွက်ကာ ထိုင်းနိုင်ငံဘက်သို့ အလုပ် သွားလုပ်လိုက်သေးသည်။ တရားမဝင် အောက်လမ်းမှ သွားရောက် လုပ်ကိုင်ခြင်းဖြစ်ရာ ထိုင်းရဲများ၏ အဖမ်းအဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည်။ သို့နှင့် ရေနံမှော်များတွင် ခြေချမိရာ ယခုတိုင် မှော်၏ ဖမ်းစားခြင်းကို ခံထားရသူ ဖြစ်သည်။

ကျွန်တော်တို့ စောင့်နေသူ ရောက်သည်နှင့် မိုးကာညစ်ညစ်တို့ လွှမ်းခြုံထားသော ရေနံမှော်တွင်းသို့ စတင်ဝင်ရောက်သည်။ ပိရမစ်ပုံ တဲငယ်လေးများ အကြားတွင် လူတစ်ကိုယ်သွားစာ ချန်ထားသော လမ်းကြားလေးသို့ ဝင်လိုက်သည်နှင့် ခပ်ဝေးဝေးတုန်းက ခပ်သင်းသင်းသာ အနံ့ရသော ရေနံဆီနံ့မှာ မွှန်ထူနေအောင် လေထုကိုလွှမ်းမိုးထားသည်။ ရေနံထုတ်ရန် လည်ပတ်နေသော တရုတ်နိုင်ငံထု တ် မြင်းကောင်ရေ နှစ်ဆယ့်ငါးကောင် အားရှိသော စက်ဘေးမှ ဖြတ်သန်းသွားတိုင်း သာမန်လေထက် ပိုပူသော အပူလှိုင်းတစ်ခုမှာ ခြေသလုံးသားကို ခပ်ပြင်းပြင်း လာရိုက်သည်။

စက်မောင်းနေသူတို့မှာ သမာဓိထူထောင် နေသူတို့နှင့်ပင် တူတော့သည်။ ကြိုးတပ်ထားသော ပိုက်ကို စက်အားဖြင့် မောင်းကာ မြေအောက်သို့ ဂရုတစိုက်ချသည်။ ကြိုးတွင် အမှတ်အသားပြုကာ ထုံးထားသော ကြိုးထုံးအမှတ်ကို ရောက်သည်နှင့် ကရောင်း (ကြိုးခွေပတ်ထားသောစက်) တွင်ရှိသော မောင်း (ဘရိ တ်ဟုဆိုက ဆိုနိုင်မည်) ကို ခြေသလုံးသားဖြင့် ဖိထားလိုက်သည်။ ထို့နောက်ကြိုးကို ပြန်ရစ်ပြီး ပိုက်ကို အပေါ်သို့ ဆွဲတင်သည်။ အောက်ခြေ ပိုက်ဝကို လက်ဖြင့်အသာ အုပ်ယူသည်။ ရေနံအနည်း ငယ်နှင့်ရောနေသော ရေတို့ကို မြေကြီးပေါ်သို့ ညှစ်ထုတ်လိုက်သေးသည်။ ပြီးတော့မှ ရေနံထည့်သော ပလတ်စတစ်ပုံးဝါထဲသို့ ရေနံများကို သွန်ချလိုက်သည်။ ဤလုပ်ငန်းစဉ်မှာ ရေနံမှော်လုပ်သား တစ်ယောက်အဖို့ ပုတီးစိပ်သူ တစ်ယောက်ပမာ တစ်သမတ်တည်း လုပ်ဆောင်နေရသော အလုပ်ဖြစ် သည်။

တစ်နေရာတွင်မူ ရေနံခပ်ပုံမှာ ဆန်းသည်။ ကြိုးတပ်ထားသော ပိုက်ကို အောက်သို့ တဖြည်းဖြည်းချသည်။ ပိုက်အောက်ချပြီးသည်နှင့် လူနှစ်ယောက်ခန့်က ကြိုးကိုခပ်ဝေးဝေးသို့ ဒုန်းစိုင်းပြေးကာ ဆွဲတော့သည်။ ကျန်တစ်ယောက်ကမူ အပေါ်သို့ တက်လာသောပိုက်ကို မယူပြီး ရေနံများကို ပုံးဝါထဲသို့ ညှစ်ထည့်သည်။ သူတို့ရေနံတွင်းမှာ ရေနံထွက် သိပ်မကောင်းတော့သဖြင့် ငွေကုန်ကြေးကျများသော စက်အားကို အသုံးတော့ဘဲ လူအားဖြင့် သုံးရက်တစ်ခါ လာခပ်ယူခြင်း ဖြစ်သည်။

“ရေနံထွက်အားက သိပ်မဟုတ်ချင်တော့ဘူး။ အထွက်ကျလာတယ်။ တချို့တွင်းတွေဆို ကန်းကုန်ပြီ (ရေနံလုံးဝမထွက်တော့) လေ။ ဟိုမှာကြည့်ပါလား” ဟု ကြိုးဆွဲသော လူငယ်တစ်ယောက်က ရွှံ့မြေကွက်လပ် တစ်ခုကို လက်ညှိုးညွှန်ပြသည်။ ဟုတ်ပေသည်။ မြေကွက်လပ်တွင် ယခင်ရေနံတွင်း ငုပ်ဟောင်းများက ထိုးထိုးထောင်ထောင်၊ မည်းမည်းပြောင်ပြောင် အစွန့်ပစ်ခံထားရသည်။

ဓာတ်ပုံရိုက်ရင်း လမ်းဆက်လျှောက်လာရာ ရေနံမှော်လုပ်သားများ အနားယူချိန် ညနေစောင်းသို့ပင် ရောက်ချေပြီ။ တစ်နေရာတွင် မိုးကာကြီးကြီးကို ဝါးနံရံ ပတ်လည်ရိုက်ကာ ကန်သဖွယ် လုပ်ထားသည်ကို တွေ့ရသည်။ မိန်းကလေး၊ ယောက်ျားကလေး အားလုံးမှာ ယင်းမိုးကာကန်တွင်းမှ ရေကို ခပ်ယူလျက် အဝတ် ဖွပ်၊ ခေါင်းလျှော်၊ ရေချိုးလုပ်နေကြသည်။ ရေတစ်ခါချိုးခ နှစ်ရာကျပ် ပေးရသည်ဟု ရေချိုးနေသူ တစ်ယောက်က ပြောပြသည်။ သည်နေရာကား ရေမထွက်၊ ရေနံသာထွက်သော ခြောက်သယောင်း ကွင်းပြင်ကြီး မဟုတ်လော။ တကူးတက ပိုက်ဖြင့် သွယ်ယူထားရသောရေမှာ အဖိုးတန်ပစ္စည်း ဖြစ်နေ သည်မှာ အဆန်းတော့ မဟုတ်ချေ။

တစ်ညနေလုံး ပတ်ပြီးနောက် ဝမ်းဟာလာသည်။ သို့နှင့် နီးစပ်ရာ ထမင်းဆိုင်တစ်ခုတွင် ဝင်ထိုင် ဖြစ်သည်။ ထမင်းဆိုင်ရှင်နှင့် မိတ်ဖွဲ့ကာ စကားပြော ဖြစ်သည်။ ဆိုင်ရှင်မှာ စန္ဒကူးနံ့သာ ကျောင်းတော်ရာဒေသ မှ ဖြစ်ကြသည်။ ကိုယ့်ရပ်ရွာ ကိုယ့်ဒေသနှင့်စာလျှင် ရေနံမှော်မှာ ငွေရှာရ ပိုလွယ်ကြောင်း၊ ဈေးလည်း ရော င်းကောင်းကြောင်း ဆိုင်ရှင်ဦးလေးက ရှင်းပြသည်။ မှော်လုပ်သားတို့မှာ နှစ်ဆယ့်လေးနာရီပတ်လုံး အလုပ်ကြမ်းလုပ်နေရသူများဖြစ်ရာ ညနေပိုင်း နားနေချိန်တွင် စားရုံသာမဟုတ်၊ သောက်လိုကြသေးသည်။ ထို့ကြောင့် ယမကာလေးပါ ညှပ်ရောင်းရသည်ဟုလည်း ၎င်းက ရှင်းပြသည်။

“တော်ရာမှာ သွားနေရမယ့်ဘဝပါ... အချစ်ရေ မောင်နဲ့လိုက်ဦးမလား...” သံစဉ်စာသား တစ်စွန်း တစ်စက နားစည်ကို လာရိုက်သည်။ ပျော့အောင် ကြိုးစားဆိုနေသည့်တိုင် မာကြမ်းသောလေသံ ငွေ့ငွေ့ ပါသော ဆောင်းဘောက် (Sound Box) အငယ်လေးမှ ထွက်ပေါ်လာသည့် သံစဉ်မှာ အချိုသာကြီး မဟုတ်သော်လည်း အဆိုးကြီး မဆိုးလှပါ။ အသံလာရာကို ကြည့်လိုက်တော့ ကျွန်တော်တို့နှင့် မလှမ်းမကမ်းတွင် ထိုင်နေသော ရေနံမှော်လုပ်သား လူငယ်တစ်စုကို တွေ့ရသည်။ သူတို့တွေမှာ  မိမိဒေသတွင် လယ်ယာလုပ်ငန်း အဆင်မပြေလို့သာ ငွေရှာရလွယ်သော ရေနံမှော်သ လာရောက် လုပ်ကိုင်နေရခြင်း ဖြစ်သည်။ သီချင်းစာသားကား အပျော်သက်သက် ဆိုနေခြင်းမှ ဟုတ်ပါ၏လော။ ဘဝအမောကို သီချင်းစာသားဖြင့် ရင်ဖွင့်နေသည်လား မပြောတတ်။

ထမင်းဆိုင်တွင် ထမင်းစားပြီးနောက် လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လက်ဖက်ရည် သွားသောက်သည်။ ဆိုင်ထဲတွင် လူတွေအပြည့်။ ဘောလုံးပွဲ ကြည့်နေကြသည်။ လက်ဖက်ရည်ဆိုင်တွင် မှော်လုပ်သား တစ်ယောက်၊ နှစ်ယောက်နှင့် မိတ်ဖွဲ့ကာ စကားပြော ဖြစ်သည်။ ညပိုင်း အတော်ညဥ့်နက်လာအောင် လက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်း စကားပြောပြီးနောက် ကျွန်တော်တို့၏ ရေနံမှော် လမ်းညွှန်ကြီးနှင့်အတူ သူ့တဲငယ်လေးသို့ ပြန်လာအိပ်ကြသည်။ တဲရှေ့တည့်တည့်တွင် ရေနံတူးနေသော စက်တစ်လုံး မောင်း ထားသည်။ ခပ်ဝေးဝေးတွင်ရှိသော တဲငယ် များမှလည်း ရေနံစက်မောင်းသံများမှာ ညဥ့်နက်သည်တိုင် မရပ်မနား အသံထွက်နေဆဲ ဖြစ်သည်။

အိပ်ရာထဲသို့ လဲလျောင်းစတွင် သည်လောက် ဆူညံနေသော စက်သံတွေနှင့် အိပ်လို့ပျော်မည် မဟုတ်ဟု တွေးမိသည်။ မကြာပါချေ၊ တစ်နေကုန် လမ်းလျှောက်ထားသဖြင့် တောင့်တင်းနေသော ခြေ လက်ကြွက်သားတို့ အားပျော့သွားချိန်တွင် ဆူညံလှသော စက်သံတို့မှာလည်း ခပ်ညှင်းညှင်း သီဆိုချော့ သိပ်နေသော သားချော့တေး အဖြစ်သို့ ပြောင်းသွားသည်။ သို့နှင့် ‘ဂျုံးဂျုံးဂျက်ဂျက်’ စက်သံကို နားထောင် ဖူးသမျှထဲတွင် အချိုသာဆုံး ဂီတသံစဉ် ထင်မှတ်လျက် ဆင်နင်းမနိုး အိပ်ပျော် သွားလေတော့သည်။  

ဥာဏ်မျိုးအောင်    

No comments:

Post a Comment