Tuesday, June 3, 2014

သမိုင်းတွင် ကျန်ရစ်ခဲ့တော့မည့် အသံချဲ့စက်သံသုံးသံ

Written by ဥာဏ်မျိုးအောင် Credit to www.thevoicemyanmar.com

လွန်ခဲ့သော သုံးနှစ်ခန့်က ရွာတစ်ရွာတွင် ရွာသားတွေ နားစွင့် နားထောင်ရသော အသံချဲ့စက်သံ သုံးသံရှိသည်။ တစ်သံ မှာ ကျေးရွာတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျား ဆိုသော ပဏာမပျိုး
သံဖြင့် ဟစ်လေ့ရှိသော ရွာလူကြီး၏ အသံချဲ့စက်သံ။ နောက်တစ်သံမှာ ဒေါ်.....ခင်ဗျာ မလေးရှားက ဖုန်းလာနေပါတယ်ဆိုသော ဖုန်းရုံကလာသည့် အသံချဲ့စက်သံ ဖြစ်သည်။ နောက်ဆုံး အသံတစ်သံမှာ ကျေးရွာတွင်းရှိ ဗီဒီယိုချစ် ပရိသတ်အပေါင်းတို့ခင်ဗျာဆိုသော ဗီဒီယိုရုံမှလာသည့် အသံချဲ့စက်သံ ဖြစ်သည်။

ဤအသံ သုံးသံဟစ်ရန် အသံချဲ့စက်မှ ဟဲလို လော်တက်စီ ဝမ်း၊ တူး၊ သရီး၊ ဆိုသော မိုက်စမ်းသံ ကြားသည်နှင့် ရွာသားအားလုံးမှာ လုပ်လက်စ အလုပ်ကို ရပ်ထားကြသည်။ စကားပြောနေစဉ် ဖြစ်ပါ ကလည်း ခေတ္တနှုတ်ဆိတ်နေကြသည်။ ကျေးရွာလူကြီး၏ အသံဖြစ်ပါက ကျေးရွာလူကြီး ဘာတွေပြော
သလဲ ဆိုတာကို သိရအောင် နားထောင်ကြရသည်။

ကျေးရွာလူကြီးကလည်း မနက်ဖြန် မနက်တွင် ကျေးရွာဆေးပေးခန်း၌ ပိုလီယိုကာကွယ်ဆေး အခမဲ့ တိုက်ကျွေးမည်၊ မိဘများအနေနှင့် မိမိကလေးကို ခေါ်ဆောင်လာပါ ဆိုတာမျိုး ၊ နွေကာလတွင် မူ ကျေးရွာတွင်းရှိ နေအိမ်တိုင်းတွင် ချက်ပြုတ်ပြီးပါက မီးကြွင်းမီးစတို့ကို ငြှိမ်းသတ်ကြပါရန် ဆိုတာမျိုးကို တစ်ရွာလုံးသိအောင် အသံချဲ့စက်မှပင် သတင်းထုတ်ပြန်လေ့ ရှိသည်။ အသံချဲ့စက်သည်ပင် ရွာလူကြီးနှင့် ရွာသားများကြား ပေါင်းကူးဆက်သွယ်ပေးသည့် အသံလွှင့်မီဒီယာတစ်မျိုး ဖြစ်သည်။

ရွာသားတွေ အာရုံစိုက်ရသည့် နောက်တစ်သံမှာ ဖုန်းရုံက လာသည့် အသံဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်ခန့်အထိ ရွာများတွင် နယ်ဝေးဆယ်သွယ်ရေးကိရိယာတစ်မျိုး ဖြစ်သော ဖုန်းမှာ များများစားစား မရှိလှပါ။ ရွာတွင် အတော်အသင့် ချမ်းသာသော လူကုံထံတစ်ဦးဦး ဝယ်ထားသည့် ဖုန်းကိုသာ ရွာဘုံပိုင် ဖုန်းအဖြစ် အခကြေးငွေပေးကာ အသုံးပြုကြရသည်။ ယင်းဖုန်းပိုင်ရှင်မှာလည်း ငွေကြေး မြိုးမြိုးမြက်မြက် ရသဖြင့် အဝင်ဖုန်း ဆိုပါက သက်ဆိုင်ရာ ရွာသူရွာသား၏ နာမည်ကို အသံချဲ့စက်ဖြင့် ဟစ်ပေးရသည် ။ ဒေါ်....ခင်ဗျား မလေးရှားက ခင်ဗျားသားဆီက ဖုန်းလာနေပါတယ် ဆိုတာမျိုး။

ရွာမှ ထွက်ခွာကာ အလုပ်အကိုင်ပေါသော ရန်ကုန်ကဲ့သို့ မြို့ကြီးများနှင့် မလေးရှားကဲ့သို့ နိုင်ငံများသို့ အလုပ်သွားလုပ်သူ ရွာသူရွာသားများအနေနှင့် မိမိဆွေမျိုးသားချင်းဆီ ဆက်သွယ်လိုပါက ယင်းဘုံပိုင် ဖုန်းကိုပင် မှတ်သားခေါ်ဆိုရသည်။ သို့ဖြစ်ရာ ယင်းရွာဘုံပိုင်ဖုန်းသည်ပင် ရပ်ဝေးရောက် ကျေးရွာ သူ ကျေးရွာသားများနှင့် ဇာတိရပ်ရွာက ဆွေမျိုးဉာတိများအကြား ပေါင်းကူး ဆက်သွယ်ပေးသော တစ်ခုတည်းသော ဆက်သွယ်ရေး ကိရိယာတစ်ခု ဖြစ်သည်။

ကျေးရွာသားများ နားစွင့်ရသည့် နောက်ဆုံး အသံတစ်သံမှာ ညနေစောင်း အချိန်လောက်တွင် လွင့်ပျံလာတတ်သည့် ဗီဒီယိုရုံမှ အသံချဲ့စက်သံ ဖြစ်သည်။ ကျေးရွာများတွင် အမောအပန်းဖြေအဖြစ် ကြည့်ရှုစရာ ဗီဒီယိုများများစားစား မရှိပါ။ ဖုန်းကဲ့သို့ပင် ကျေးရွာလူကုံထံတစ်ဦးဦး ဝယ်ယူထားသည့် ဗီဒီယိုကို ရွာဘုံပိုင်အဖြစ် အခကြေးငွေပေးကာ ကြည့်ကြရသည်။ ဗီဒီယိုရုံ ပိုင်ရှင်ကလည်း ငွေကြေး အမြတ်အစွန်း ရသဖြင့် မြို့ပေါ်တက်ကာ ဇာတ်ကားခွေများ ငှားရမ်းပြီး ပြသလေ့ ရှိသည်။

ဇာတ်ကားကောင်း၊ မကောင်းကို ဆုံးဖြတ်နိုင်ရန်အတွက်မူ ဗီဒီယိုရုံမှ ကြေညာသူ၏ အသံချဲ့စက်သံကို နားစွင့်ရသည်။ ဇာတ်ကားကောင်းပါက တစ်နေကုန် အလုပ်ပန်းထားသော ရွာသူရွာသားတို့မှာ အပန်းဖြေ အဖြစ် ဗီဒီယို သွားကြည့်ကြသည်။ ဇာတ်ကားကို စိတ်ဝင်စားအောင် ဗီဒီယို ကြေညာသူကလည်း ကျေးရွာ တွင်းရှိ ဗီဒီယိုချစ်ပရိသတ်အပေါင်းတို့ ခင်ဗျာ၊ ယနေ့ည တင်ဆက်ပြသမှာကတော့ အကယ်ဒမီမင်းသားေ ချာလေး... ၊ ဆိုတာမျိုး ဖွဲ့ဖွဲ့နွဲ့နွဲ့ ကြေညာပေးရသည်။ ဤဘုံပိုင် ဗီဒီယိုရုံကလေးသည်ပင် ကျေးရွာသူ ရွာသားအားလုံး၏ အပန်းဖြေရာ ရုံကလေးလည်း ဖြစ်သည်။

ယခုအခါတွင် ယင်းအသံချဲ့စက် သံသုံးသံအနက် နှစ်သံမှာ သိပ်မကြားရတော့ချေ။ ကျန်တစ်သံမှာ
လည်း မကြာမီမှာပင် ပျောက်ကွယ်တော့မည်ဟု ခန့်မှန်းရသည်။ သိပ်မကြားရတော့သော အသံနှစ်သံမှာ ဗီဒီယိုရုံမှ ဇာတ်ကားကြေညာသံနှင့် ဖုန်းရုံမှ ဖုန်းခေါ်ဆိုပေးသံတို့ ဖြစ်သည်။ ပျောက်ကွယ်အံ့ဟု ခန့်မှန်း ရသည်မှာ ရွာလူကြီး၏ သတင်းထုတ်ပြန်သံ ဖြစ်သည်။ အဘယ်ကြောင့်နည်း။

“၂၀၁၀ လောက်ကနေ စပြီးတော့ ဗီဒီယိုပြတာ အခက်အခဲ ဖြစ်သွားတာ။ အဲဒီနောက်ပိုင်းမှာ ဖလက်ြ ပားတွေကလည်း ပေါ်လာပြီလေ။ ရွာထဲမှာလည်း ဖလက်ပြားတွေက တစ်အိမ်ကို တစ်လုံးနီးပါးလောက် ရှိနေတော့ ဗီဒီယိုပြတာ သိပ်အဆင်မပြေဘူး” ဟု ကုန်းကြီးရွာသား ဗီဒီယိုရုံ ဖွင့်လှစ်ထားသူ ကိုညိုဝင်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ်တွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း အီလက်ထရွန်နစ်ပစ္စည်း အမယ်စုံ ဈေး ကွက်တွင်းသို့ စီးဝင်လာသည်။ အချို့ အီလက်ထရွန်နစ်ပစ္စည်းတို့မှာ ကျေးရွာလူထု၏ ဝင်ငွေဖြင့် လက်လှမ်းမီသည့် ပစ္စည်းများဖြစ်ရာ ကျေးရွာလူထုအတွင်း အီလက်ထရွန်နစ်ပစ္စည်းအချို့ ပျံ့နှံ့လာ
သည်။ ဤအထဲတွင် ဖလက်ပြားဟု ကိုညိုဝင်း မြန်မာမှု ပြုထားသော EVD စက်များလည်း ပါဝင်သ ည်။ ခွေထည့်သည့် စက်နှင့် ဖန်သားပြင်ကို ပူးတွဲထားသည့် ဤစက်ကိုပင် ရွာသူရွာသားတချို့က လက်တော့ပ်ဟု ထင်မှတ်ကြသည်။ ယင်းစက်မှာ အရွယ်အစားအလိုက် ကျပ်ငါးသောင်းမှ တစ်သိ န်းကျော်အထိ ဈေးအမျိုးမျိုး ရှိသည်။

“ဗီဒီယို ဇာတ်ကားပြရင် တစ်ယောက်ကို ၅၀ တောင်းတယ်။ အရင်တုန်းက တစ်လ တစ်လကို နှစ်သိန်း၊ သုံးသိန်းလောက်တော့ ကိုယ့်အတွက် ကျန်တာပေါ့။ အခုကတော့ အရင်းကို မနည်းရအောင် ရှာရတယ်” ဟု ကိုညိုဝင်းက ညည်းညူသံစွက်၍ ပြောဆိုသည်။

မိသားစုတစ်စုတွင် ဖလက်ပြား တစ်လုံးခန့် ပိုင်နေပြီဖြစ်ရာ ရွာသူရွာသားအားလုံး စုပေါင်းကြည့်ရသည့် ဗီဒီယိုရုံသို့ လာသူတွေ ပါးသွားသည်။ လူငယ်ကာလသား အချို့သာ သီချင်းဆိုရန်အတွက် လာေ တာ့ကြောင်း ၎င်းက ရှင်းပြသည်။ ယခင်က ကျေးရွာလူကုံထံတစ်ဦးသာ ပိုင်ဆိုင်နိုင်သော ပစ္စည်းတစ်ခုမှာ ယခုအခါတွင် ကျေးရွာလူထုအတွင်း ပျံ့နှံ့နေပြီ ဖြစ်သည်။ ဤကား ဗီဒီယိုဇာတ်ကား ကြေညာသံ သိပ်မကြားရတော့ခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်ပေသည်။

ကျေးရွာလူထုအတွင်း ပျံ့နှံ့လာသော နောက်ထပ်ပစ္စည်းတစ်မျိုးမှာ လက်တစ်ဝါးစာပင် မရှိသော ပိစိကွေး မိုဘိုင်းလ်ဖုန်းများ ဖြစ်သည်။ ယခင်က သိန်းပေါင်းဆယ်ချီ ပေးရသော မိုဘိုင်းလ်ဖုန်းမှာ ယခုအခါတွင် မိမိဝင်ငွေအလျောက် အဖိုးနည်းနည်းဖြင့် ဝယ်ယူ ပိုင်ဆိုင်နိုင်ပြီ ဖြစ်သည်။ လတ်တလောကာလတွင်မူ ဆင်းမ်ကတ် ဈေးကြီးနေဆဲ ဖြစ်သဖြင့် ဆင်းမ်ကတ်ကို ဝယ်ယူထားခြင်း မရှိသော်လည်း တချို့ရွာသား များမှာ ဖုန်းခွံသက်သက်ကို ဝယ်ထားကြသည်။

ဤဖုန်းခွံဖြင့်ပင် သီချင်းနားထောင်ကြသည်။ ဗီဒီယိုဖိုင်တွေကို မျှဝေကြသည်။ ကြည့်ကြသည်။ ဂိမ်းဆော့ကြသည်။ ဆင်းမ်ကတ် ဝယ်နိုင်သော ရွာသားအချို့မှာမူ ဖုန်းပြောဆိုရုံ သက်သက်မျှသာ အသုံးမပြု။ အင်တာနက်ပါ ချိတ်ဆက်ပြီး သတင်းပလင်း ရှာဖွေ ဖတ်ရှုခြင်းနှင့် ခေတ်စားသော လူမှုကွန်ရက် ဖေ့စ်ဘုတ်လိုမျိုးကို သုံးစွဲလာကြသည်။ ဤသို့ဖြင့် ယခင်က လူအနည်းအကျဉ်းမျှသာ ပိုင်ဆိုင်သော ဆက်သွယ်ရေး ကိရိယာကို လူအများစု ပိုင်ဆိုင်လာကြပြီ ဖြစ်သည်။

အချို့ကျေးရွာသားများဆိုလျှင် ရေကြီးသဖြင့် အိမ်ပြောင်းရွှေ့ရသော သတင်းမျိုးကိုပင် မိမိဘာသာ ဓာတ်ပုံရိုက်ပြီး လူထုအတွင်း သတင်းထုတ်ပြန်နိုင်နေပြီ ဖြစ်သည်။ ယခင်က နိုင်ငံ့အရေးအရာတို့ ကို ကျေးရွာလူထု သိအောင် သတင်းစာဖတ်ဖို့၊ စာဖတ်ဖို့အတွက် စာကြည့်တိုက်ကဲ့သို့သော လုပ်ငန်း များကို နိုင်ငံပတ်ကာ လုပ်ခဲ့ကြရသည်။ ယခုခေတ်တွင်မူ ယင်းသို့ လုပ်ဆောင်ရန် မလိုတော့ချေ။ အင်တာနက်လိုင်း မြန်ဆန်ရေး၊ ဆက်သွယ်ရေး ကိရိယာများ ဈေးနှုန်းချိုသာရေးနှင့် မြန်ဆန်စေေ ရး၊ ခေတ်မီနည်းပညာကို ရွာသားတိုင်း အသုံးပြုတတ်ရေးကိုသာ အလေးထားရတော့မည်ဖြစ်သည်။

အထက်ပါအတိုင်း ဆောင်ရွက်ခြင်းဖြင့် အရပ်သားအစိုးရ အနေနှင့် နိုင်ငံတည်ဆောက်ရေး၏ လုပ်ငန်းဆောင်တာ တချို့ကို စရိတ်နည်းနည်းဖြင့် မြန်ဆန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ၁၈၈၆
ခုနှစ် ဝန်းကျင်ခန့်က မြန်မာနိုင်ငံကို သိမ်းပိုက်ထားသော အင်္ဂလိပ်အစိုးရဆိုလျှင် သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ်ကို ခေတ်သစ် အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးစဉ် အစပိုင်းကာလ၌ စီရင်စုရုံးစိုက်ရာ မို့နှင့် နယ်ပိုင်ရုံးစိုက်ရာ မြို့တို့တွင် စာတိုက်များ ဖွင့်လှစ်ခဲ့ရသည်။ သို့သော်လည်း ထိုစဉ်က စာပို့လုပ်ငန်းမှာ လုံခြုံစိတ်ချရခြင်း မရှိ၍ ချောစာအိတ်တို့ကို တပ်သား အစောင့်အရှောက်တို့ဖြင့် ပို့ခဲ့ရသည်ဟု ဖတ်ဖူးသည်။

ဆိုလိုသည်မှာ ထိုစဉ်က ဆက်သွယ်ရေး လုပ်ငန်းကို ခက်ခက်ခဲခဲ ထူထောင်ခဲ့ရခြင်းကို ယခုခေတ်နှင့် ယှဉ်ပြောလိုခြင်း ဖြစ်ပါသည်။ ယနေ့ခေတ်တွင် အင်တာနက် ဆက်သွယ်ရေးသာ ကောင်းမွန်လာပါက လူတစ်ဦးချင်းစီတွင် အီးမေးလ်ကဲ့သို့သော စာတိုက်ပုံးတစ်ပုံးစီ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ယင်းအတွက် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် တပ်သား အစောင့်အရှောက်တို့၏ လုပ်အား၊ ငွေကြေးနှင့် အချိန် ကို ချွေတာနိုင်ပြီး စက္ကန့်ပိုင်းအတွင်း ဆက်သွယ်နိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ယင်းမိုဘိုင်းဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး ဖွံ့ဖြိုးလာခြင်းသည်ပင် ရွာဖုန်းရုံမှ ဖုန်းခေါ်ဆိုသံ သိပ်မကြားရတော့ခြင်း၏ အကြောင်းအရင်း ဖြစ်ပေသည်။

ဆင်းမ်ကတ်နှင့် ဖုန်းပစ္စည်းများ ဈေးနှုန်းချိုလာစေခြင်း၊ အင်တာနက် ဆက်သွယ်ရေး မြန်ဆန်လာစေခြင်းနှ င့် ခေတ်မီနည်းပညာကို ရွာသူရွာသားများ တစတစ အသုံးပြုတတ်လာခြင်းတို့သည်ပင် နောင်အနာဂတ် တွင် ရွာလူကြီး၏ သတင်းထုတ်ပြန်သံကို ပျောက်ကွယ်စေနိုင်သည့် အလားအလာ တစ်ရပ်လည်း ဖြစ်ပေ သည်။ ရွာသားတိုင်းသာ ဖေ့စ်ဘုတ်ကဲ့သို့သော လူမှုကွန်ရက်ကို အသုံးပြုတတ်လာလျှင် ရွာလူကြီးအနေနှင့် အသံချဲ့စက်ကြီး တကြော်ကြော်ဖြင့် နားထင်ကြော ထောင်အောင် အော်ဟစ်နေရန် မလိုတော့ချေ။ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို လူမှုကွန်ရက် စာမျက်နှာတွင် တင်လိုက်ခြင်းဖြင့် ရွာသားအားလုံးကို သိရှိစေနိုင်သည် မဟုတ်ပါလား။

မကြာမီ ကာလမှာပင် ဝန်ဆောင်မှု ညံ့ဖျင်းသည့်အပြင် ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထား ခဲ့သော မြန်မာ့ဆက်သွယ်ရေးနှင့်အပြိုင် နိုင်ငံခြားဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီတို့က လုပ်ငန်းစတ င်တော့မည် ဖြစ်ရာ တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာဖွယ် ရှိသော မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်ဆက် သွယ်ရေးက ကျေးရွာလူထု၏ ယခင်ရှိရင်းစွဲ လူနေမှုပုံစံနှင့် ကျေးရွာအုပ်ချုပ်ပုံတို့ကို ပုံသစ်သွန်းလော င်းတော့မည် ဖြစ်သည်။ ကျေးရွာလူထု နားယဉ်ပါးနေပြီ ဖြစ်သော ဟဲလို လော်တက်စီ ဝမ်း၊ တူး၊ သရီးဆိုသော မိုက်စမ်းသံနှင့်အတူ အသံချဲ့စက်သံ သုံးသံမှာမူ သမိုင်းတွင် ကျန်ရစ်ခဲ့တော့မည် ဟူ၍သာ...။

ဉာဏ်မျိုးအောင်

No comments:

Post a Comment