Written By ဥာဏ်မျိုးအောင်
၁။ အစိုးရ ပေါ်ပေါက်လာပုံ
ဒီမှာ အဓိက တင်ပြချင်တာက အစိုးရတွေ ပေါ်ပေါက်လာပုံကို
ဗမာဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုမျိုး တွေးခေါ် လက်ခံထားသလဲ
ဆိုတာပါပဲ။ အထူးသဖြင့် ဗမာဗုဒ္ဓဘာသာဝင်တွေ ကိုးကားတတ်ကြ
တာက ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တွေထဲက မဟာသမတမင်း
ပေါ်ပေါက်လာပုံပါပဲ။ ရှေးခေတ် ဗမာသမိုင်းဆရာတွေကလဲ
ဗမာသမိုင်းကို မရေးသားခင် ပထမဆုံးအခန်းမှာ မဟာသမတမင်း
ပေါ်ပေါက်လာပုံကို အဦးဆုံး ရေးသားတတ်ကြပါတယ်။ ဒီနည်း
အားဖြင့် ဗမာဗုဒ္ဓဘာသာဝင်တွေဟာ မဟာသမတမင်း ပေါ်ပေါက်
လာပုံကို ကိုးကားပြီးတော့ အစိုးရ ပေါ်ပေါက်လာပုံကို နားလည်
လက်ခံထားတတ်ကြပါတယ်။
မဟာသမတမင်း မပေါ်ပေါက်ခင် ကမ္ဘာဦးလူသားတွေရဲ့ ဘ၀ကို ဗုဒ္ဓစာပေကျမ်းဂန်တွေမှာ ရေးသားပြကြတယ်။ ကမ္ဘာဦးလူသားတွေ
ဟာ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောက်ပကြတယ်။ ဘာအစား
အစာမှ စားသောက်စရာ မလိုဘဲ စိတ္တပီတိနဲ့ပဲ အာဟာရဖြစ်ကြတယ်။
သူတို့မှာ လောဘ၊ ဒေါသ ကင်းရှင်းကြတယ်။ အဲဒီကာလက ကမ္ဘာ့
မြေဆီလွှာဟာ ထူးထူးထွေထွေ ပြုပြင်စရာ မလိုဘဲ အရန်သင့်
ကော်ယူစားသောက်နိုင်တဲ့ ရသာထူးတဲ့ မြေဆီလွှာဖြစ်တယ်။
ဒီမြေဆီလွှာရဲ့ အရသာကို ကမ္ဘာဦးလူသားတွေက မြည်းစမ်းကြည့်ကြ
တယ်။ ဒီနောက်မှာတော့ ရသာတဏှာကြောင့် ကမ္ဘာဦးလူသားတွေရဲ့
ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ကွယ်ကုန်ကြတယ်။ နောက်ပိုင်းမှာ
မြေဆီလွှာကုန်တော့ သလေးစပါးခင်းတွေ ပေါ်လာတယ်။ အစပိုင်းမှာ
ကိုယ်စားသုံးဖို့ လိုအပ်သလောက်ပဲ ယူငင်စားသုံးကြတယ်။
ဒီ့နောက်မှာတော့ သလေးစပါးကို လိုအပ်တာထက် ပိုယူပြီး သိုလှောင်
တာတွေ ပေါ်ပေါက်လာတယ်။ ဒါကြောင့် မို့ နယ်နမိတ် သတ်မှတ်
ပြီးတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ဖန်တီးလာရတယ်။ ဒီနည်းအားဖြင့်
အရင်ဘုံပိုင်ပစ္စည်းကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ပုဂ္ဂလိကပိုင်ပစ္စည်း
အဖြစ် စတင်သတ်မှတ်လာကြတယ်။ ဒီ့ပြင် ကိုယ်ပိုင်ပစ္စည်း
မဟုတ်တာကို ခိုးယူမှုတွေ ပေါ်ပေါက်လာတယ်။ နောက်ဆုံးမှာတော့
လူတယောက်နဲ့ တယောက် ပဋိပက္ခဖြစ်တာကို ဖြေရှင်းပေးဖို့အတွက်
“ရုပ်ရည်ခန့်ညားတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့” လူတယောက်ကို
မင်းအဖြစ် တင်မြှောက်ကြတယ်။ ပထမဆုံး မင်းဖြစ်လာသူရဲ့
အမည်ဟာ “မဟာသမတ” ဖြစ်တယ်။ ဒါဟာ မဟာသမတမင်း
ပေါ်ပေါက်လာပုံ အကျဉ်းချုပ် ဖြစ်ပါတယ်။
ဒီတော့ မဟာသမတမင်း ပေါ်ပေါက်လာပုံကို အခြေပြုပြီးတော့
ဗမာဗုဒ္ဓဘာသာဝင်တွေက “လူတွေရဲ့ လောဘ၊ ဒေါသကြောင့်
မင်း(အစိုးရ) ပေါ်ပေါက်လာရတယ်။ မင်း(အစိုးရ)ဟာ ကိုယ်ကျင့်
တရား ကောင်းမွန်ရမယ်။ ဒါ့အပြင် အဲဒီမင်း(အစိုးရ)ဟာ
လူတွေရဲ့ ကိုယ်ကျင့်တရားကို ထိန်းကျောင်းပေးရမယ့်
တာဝန်ရှိတယ်”လို့ မှတ်ယူထားကြပါတယ်။ ဒါဟာ
ကိုယ်ကျင့်တရားကို အခြေခံပြီး ယူဆထားတဲ့ အစိုးရ
ပေါ်ထွန်းလာပုံ သီအိုရီဖြစ်ပါတယ် (Morality-based Theory
of the State)။ အရှေ့တိုင်းနိုင်ငံတွေထဲက ထူးခြားတဲ့
အယူအဆတစ်ရပ် ဆိုပါတော့။
၂။ ခေတ်သစ်အစိုးရ
ဗမာဗုဒ္ဓဘာသာဝင်တွေဟာ “အစိုးရ ပေါ်ထွန်းလာရခြင်း
အကြောင်းတရားနဲ့ အစိုးရရဲ့တာဝန်ကို” ဘယ်လို တွေးခေါ်
လက်ခံထားသလဲ ဆိုတာကို တင်ပြခဲ့ပြီးပါပြီ။ ဒီအယူအဆကို
အခြေခံလို့ “အစိုးရဟာ လူတွေရဲ့ ကိုယ်ကျင့်တရား ပျက်စီးမှု
ကြောင့် ပေါ်ပေါက်လာရတယ်။ အစိုးရဟာ လူတွေရဲ့ ကိုယ်ကျင့်
တရားကို ထိန်းကျောင်းပေးရမယ့် တာဝန်ရှိတယ်” ဆိုတဲ့
တွေးခေါ်ပုံဟာ လက်ရှိ ခေတ်သစ်အစိုးရ (အချိန်ကာလအရ
“ခေတ်သစ်” ဆိုတဲ့ စကားရပ်ကို သုံးပါတယ်။ အုပ်ချုပ်မှု
ပုံစံကို ရည်ညွှန်းလိုရင်း မဟုတ်ပါဘူး) လက်ထက်မှာလဲ
လက်ခံထားသူတွေ ရှိနေတုန်းပဲဆိုတာကို အခုအခန်းမှာ
တင်ပြချင်ပါတယ်။
သိပ်မကြာလှသေးတဲ့ ကိစ္စတရပ်ကတော့ သင်္ကြန်မတိုင်ခင်က
မန္တလေးတိုင်းဒေသကြီး အစိုးရရဲ့ ထုတ်ပြန်ချက်ပါပဲ။ သင်္ကြန်
တွင်းမှာ သရုပ်ပျက် ၀တ်စားဆင်ယင်သူတွေကို အစိုးရက
အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အစိုးရက
နိုင်ငံသားတွေကို ကိုယ်ကျင့် တရားအရ ထိန်းကျောင်းရမယ့်
တာဝန်ရှိတယ်လို့ ယူဆထားတာ ပေါ်လွင်ပါတယ် (တကယ်တော့
ကိုယ်ကျင့်တရား ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ နှုန်းစံဟာ
အ၀တ်အစားကို ကြည့်ပြီးတော့ ဆုံးဖြတ်နိုင်လောက်အောင်
လွယ်ကူတဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ အနောက်တိုင်း ဒဿနမှာ
ကိုယ်ကျင့်တရား ဒဿန “Moral Philosophy” ဆိုတာ စနစ်တကျ
သင်ကြားရတဲ့ ပညာရပ်တခု ဖြစ်ပါ တယ်)။ လိုရင်းကို ပြန်ကောက်
ရရင်တော့ မန္တလေးတိုင်းဒေသကြီး အစိုးရရဲ့ ထုတ်ပြန်ချက်ကို
ထောက်ခံကြသူတွေလဲ မနည်းမနှော ရှိနေတာ တွေ့ရပါတယ်။
ဒါ့အပြင် အရင်သိန်းစိန် အစိုးရလက်ထက်မှာလဲ အလားတူ ဖြစ်ရပ်တွေ
အမြောက်အများ တွေ့ရပါလိမ့်မယ်။ ညှို့မဂ္ဂဇင်းကို ထုတ်ဝေ သူတွေက
ကျန်းမာရေး ပညာပေးမဂ္ဂဇင်းလို့ ယူဆထုတ်ဝေပေမယ့် အစိုးရကတော့
ဒါဟာ လူတွေရဲ့ ကိုယ်ကျင့်တရားကို ပျက်ပြားစေတဲ့ အရေးအသားတွေ
ပါနေတယ်ဆိုပြီးတော့ ပိတ်ပင်ခဲ့ဖူးပါတယ် (အာဏာရှင် အသွင်ပြောင်း
သိန်းစိန်အစိုးရ လက်ထက်မှာ အပိတ်ခံရတာ ဆိုတော့ ဒီလို အပိတ်ခံရ
တာဟာ အစိုးရကို အတိုက်အခံလုပ်တဲ့ အရေးအသားတွေကြောင့်လို့
ယူဆသူတွေ ရှိပါလိမ့်မယ်။ တကယ် တော့ မဂ္ဂဇင်းအတွင်းမှာ အစိုးရကို
အတိုက်အခံလုပ်တာမျိုး ဝေဖန်တာမျိုးတွေ မပါပါဘူး။ ဒီတော့ အစိုးရဟာ
သူ့ကို အတိုက်အခံ လုပ်လို့ မဂ္ဂဇင်းကို ပိတ်ပင်တာ မဟုတ်ဘဲ အစိုးရဟာ
နိုင်ငံသားတွေကို ကိုယ်ကျင့်တရားပိုင်းမှာ ထိန်းကျောင်းရမယ့် တာဝန်ရှိ
တယ်လို့ လက်ခံထားတဲ့အတွက် ပိတ်ပင်တယ်လို့ ယူဆနိုင်ပါတယ်။)
အလားတူ တခြားဖြစ်ရပ်တွေလဲ အမြောက်အများ ရှိခဲ့ဖူးပါတယ်။ ဥပမာ
ညစ်ညမ်းခွေတွေဆိုရင် အစိုးရက ဖမ်းဆီးတဲ့အတွက် ခိုးရောင်း ရတာမျိုး။
ဒီ့အပြင် စစ်အစိုးရအဆက်ဆက်ဟာ “မြန်မာ့ရိုးရာ၊ မြန်မာ့ယဉ်ကျေးမှု
မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”လို့ ဟစ်ကြွေးခဲ့ တာတွေဟာ နိုင်ငံသားတွေရဲ့ နေထိုင်ပြုမှု၊ ၀တ်စားဆင်ယင်ပုံတွေကို
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ၀င်ရောက်ထိန်း ကျောင်းနေတာ
ဖြစ်ပါတယ်။
အစိုးရဟာ နိုင်ငံသားတွေကို ကိုယ်ကျင့်တရားအရ ထိန်းကျောင်းရမယ့်
တာဝန်ရှိကြောင်း လက်ခံထားတဲ့ အထင်ရှားဆုံး အချက်ကို ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တွေ့နိုင်ပါတယ်။ အခြေခံဥပဒေရဲ့ နိုင်ငံ
သားအခွင့်အရေး အခန်းမှာ “ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ
ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်
အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်”လို့ အစချီ
ထားတဲ့ စာပိုဒ်တခု ပါပါတယ်။ တနည်း ပြန်တွေးကြည့်ရရင် ဒီစကား
ပိုဒ်ကို ထည့်ထားတာက အစိုးရက အတိုက်အခံတွေကို လိုသလို
ဖိနှိပ်ဖို့ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီ့အတွက် သုံးချင်
ရင်လဲ “နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း
သာယာရေး” ဆိုတဲ့ စကားပိုဒ်အရ အစိုးရအနေနဲ့ လိုသလို ဖိနှိပ်လို့
ရပါတယ်။ ထင်ရှားတဲ့အချက်ကတော့ အထိန်းအကျောင်း မရှိရင်
လွတ်လပ်မှုကြောင့် လူတွေ ကိုယ်ကျင့်တရား ပျက်ပြားလာမယ်၊
ဒါကို အစိုးရက ထိန်းကျောင်းပေးရမယ့် တာဝန်ရှိတယ်လို့
ယူဆထားတာပါပဲ။
ဒီတော့ မဟာသမတမင်း ပေါ်ပေါက်လာပုံကို အခြေခံပြီးတော့
“အစိုးရ ပေါ်ပေါက်လာရခြင်း အကြောင်းနဲ့ အစိုးရ တာဝန်”
ယူဆတွေး ခေါ်ချက်တွေကို အခုခေတ်ထိ လက်ခံထားသူတွေ
ရှိနေဆဲပဲဆိုတာပါပဲ။ နောက်အခန်းမှာ ဆက်ဆွေးနွေးချင်တာ
ကတော့ “အစိုးရဟာ နိုင်ငံသားတွေကို ကိုယ်ကျင့်တရားအရ
ထိန်းကျောင်းမှုတွေ လုပ်တာဟာ လစ်ဘရယ်ဝါဒနဲ့ ကိုက်ညီ
သလား” ဆိုတာပါပဲ။
၃။ လစ်ဘရယ်ဝါဒ
လစ်ဘရယ်ဝါဒအရ အစိုးရဟာ နိုင်ငံသားတွေရဲ့ ကိုးကွယ်ယုံကြည်မှု
အပါအ၀င် ကိုယ်ကျင့်တရားနှုန်းစံတွေနဲ့ ပတ်သက်ရင် ကြားနေရ
မယ်လို့ ဆိုပါတယ်။ “အကောင်းဆုံး ဘ၀နေထိုင်နည်း (the best
way to live)”တစ်ခုကို အစိုးရက တရားသေလက်ခံပြီးတော့
နိုင်ငံသားတိုင်း လိုက်နာခိုင်းရင် ဒါဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို
ပိတ်ပင်တာ ဖြစ်တယ်လို့ လစ်ဘရယ်တွေက ယူဆကြတယ်။ တခြားသူ
တဦးရဲ့ အခွင့်အရေးတွေကို မထိပါးသရွေ့ လူသားတဦးချင်းစီတိုင်းဟာ
ကိုယ့်စိတ်ကြိုက် ကိုယ်ကျင့်တရားနှုန်းစံတွေအရ လွတ်လွတ်လပ်လပ်
နေထိုင်ခွင့်ရှိသင့်တယ်လို့ လစ်ဘရယ်တွေက ဆိုကြပါတယ်။
ဆိုတော့ကား အစိုးရက နိုင်ငံသားတွေကို ကိုယ်ကျင့်တရားအရ
ထိန်းကျောင်းမှုတွေ လုပ်နေတာဟာ လစ်ဘရယ်ဝါဒနဲ့ ကိုက်ညီမှု
မရှိပါဘူး။ အစိုးရက “စံတစ်ခု”ကို အသေဆုပ်ကိုင်ပြီး ကိုယ်ကျင့်
တရားအရ ထိန်းကျောင်းမှုတွေ လုပ်တာဟာ နိုင်ငံသားတွေရဲ့
ရွေးချယ်ခွင့်ကို ပိတ်ပင်ရာ ကျပါတယ်။ စံအဟောင်းအမျဉ်းတွေကို
ထာဝရ အမှန်တရားတခုလို ဆုပ်ကိုင်ထားတဲ့အတွက် ခေတ်သစ်
လူ့အဖွဲ့အစည်းတွင်းမှာ “ခေတ်သစ်နဲ့ ကိုက်ညီတဲ့ ကိုယ်ကျင့်တရား
စံနှုန်းသစ်တွေ စဉ်းစားတွေးခေါ်လာတာ၊ ဆွေးနွေးငြင်းခုံလာတာ
တွေ မပေါ်ပေါက်နိုင်ပါဘူး။ ဒီ့အတွက် ကိုယ်ကျင့်တရား ဒဿန
ပိုင်းဆိုင်ရာ အယူအဆတွေမှာ တိုးတက်မှုတွေ ရှိမလာနိုင်တော့
ပါဘူး။ ပိုဆိုးတာကတော့ အစဉ်အလာတန်ဖိုး အဟောင်းအမျဉ်း
တွေကို တရားသေဖက်တွယ်ထားတဲ့ လူ့အဖွဲ့အစည်းမှာ ခေတ်သစ်
အုပ်ချုပ်ရေး နဲ့ လစ်ဘရယ် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ဖို့
ဆိုတာ ခက်ခဲပါတယ်။”
အချုပ်ဆိုရရင်တော့ လူ့အဖွဲ့အစည်းတခုကို လွှမ်းမိုးထားတဲ့
ကိုယ်ကျင့်တရားစံနှုန်းတွေ (အာဏာရှင်စနစ်ကို အားပေးတဲ့
နှုန်းစံတွေ သို့မဟုတ် လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အားပေးတဲ့
နှုန်းစံတွေ)ဟာ “မြေဆီလွှာ” ဖြစ်တယ်။ အုပ်ချုပ်ရေး ပုံစံတရပ်
(အာဏာရှင် သို့မဟုတ် လစ်ဘရယ် ဒီမိုကရေစီ)ဟာ “မျိုးစေ့”
ဖြစ်တယ်။ သေချာတာကတော့ “အာဏာရှင် မြေဆီလွှာမှာ
လစ်ဘရယ် ဒီမိုကရေစီ အပင် မဖြစ်ထွန်းနိုင်ဘူး” ဆိုတာပါပဲ။

No comments:
Post a Comment