Thursday, July 27, 2017

စစ်ကိုင်းကျောင်းသား ကျောင်းထုတ်ခံရမှုနဲ့ အစိုးရကို ဝေဖန်ချက်

Written By ဥာဏ်မျိုးအောင်

၁။ လူ့အခွင့်အရေးနဲ့ အခြေခံ ဥပဒေ

စစ်ကိုင်း ပညာရေးကောလိပ်မှာ ကျောင်းသားထု အခွင့်အရေး
ချိုးဖောက်ခံနေရကြောင်း စစ်ကိုင်း ပညာရေး ကောလိပ် ဒုတိယနှစ်
ကျောင်းသား ကိုဇော်ရဲထွဋ်က ဧပြီ ၂၆ ရက်မှာ ဆန္ဒဖော်ထုတ်ခဲ့တယ်။
ဒီလို ဆန္ဒဖော်ထုတ်လို့ အာဏာရှင် အကျင့်ဟောင်းတွေ မပြင်နိုင်သေးတဲ့
အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်။

ဒါ့အပြင် ကိုဇော်ရဲထွဋ်ဟာ နိုင်ငံရေး ဆူပူမှုဆိုင်ရာ ပြစ်မှုကျူးလွန်ကြောင်း
အကြောင်းပြပြီး ကျောင်းအုပ် ဒေါ်နီနီသင်းက မေ ၁၈မှာ ကျောင်းထုတ်ပယ်
တာလဲ ခံခဲ့ရတယ်။ ဆန္ဒဖော်ထုတ်လို့ အာဏာပိုင်တွေ ဖမ်းဆီးတာခံရတယ်လို့
သတင်းကြား ကတည်းကတိုင် လူ့အခွင့်အရေးအရ ဒါဟာ မဖြစ်သင့်ကြောင်း
ရေးခဲ့ပါတယ်။

အခြေခံဥပဒေတရပ် ရေးဆွဲတဲ့အခါ အခြေခံ နားလည်ထားရမယ့် အချက်တွေ
ရှိတယ်။ အဲဒီထဲက အချက် တချက်ကတော့ လူသားတိုင်းမှာ ဘယ်သူ တဦးတ
ယောက်ကမှ တားမြစ်ချိုးဖျက်လို့ မရတဲ့ လူသား အခွင့်အရေးတွေ ရှိတယ်။
ဒီအခွင့်အရေးတွေထဲက လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ဆိုတာ အရေးပါဆုံး
တချက်ပဲ။ ဒါကြောင့် အမေရိကန် အခြေခံဥပဒေမှာ ကွန်ဂရက်ဟာ
လွတ်လပ်ခွင့်ကို ပိတ်ပင်တားစီးရာ ကျတဲ့ ဘယ်လို ဥပဒေမျိုးကိုမှ မပြဌာန်း
ရဆိုတဲ့ ပြင်ဆင်ချက်တခု ထည့်ထားတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင်
လူသားတယောက်က သူရဲ့ လွတ်လပ်ခွင့်ကို ကျင့်သုံးတာဟာ ဘယ်
ဥပဒေကြီးထဲမှာ ရေးထားလို့၊ ဘယ်အစိုးရက အသိအမှတ်ပြုလို့မှ
ကျင့်သုံးပိုင်ခွင့် ရှိတယ်လို့ မဆိုလိုဘူး။ ဥပဒေထဲမှာ ရေးထားထား
မထားထား၊ အစိုးရက အသိအမှတ် ပြုပြု မပြုပြု လူသားတိုင်းဟာ
ကိုယ့်အခွင့်အရေးကို ကျင့်သုံးပိုင်ခွင့် ရှိတယ်။

ဗမာနိုင်ငံမှာတော့ အခြေခံဥပဒေကြီးထဲမှာ ရေးထားလို့၊ အစိုးရက
အသိအမှတ်ပြုပေးလို့ ဒီလွတ်လပ်ခွင့်တွေကို ကျင့်သုံးပိုင်ခွင့် ရှိသယောင်
ထင်နေကြသူတွေ ရှိတယ်။ ဒါဟာ ဘာနဲ့ တူသလဲဆိုရင် ကျုပ်တို့
ခင်ဗျားတို့မှာ ရှိပြီးသား ပစ္စည်းတခုကို သူတို့ ပေးလို့ ရတာပါလို့
ပြောနေတာပဲ။ ဒါ့အပြင် ဗမာနိုင်ငံက ခြေဥအစိမ်းမှာ ရေးထားတဲ့ နိုင်ငံသား အခွင့်အရေး ပြဌာန်းချက်ရဲ့ ရှေ့မှာ “တည်ဆဲ ဥပဒေများနဲ့ မဆန့်ကျင်ပါက
ကျင့်သုံးပိုင်ခွင့်ရှိတယ်” ဆိုတဲ့ စာလေး ခံထားတယ်။ အခြေခံဥပဒေဟာ
ဥပဒေအားလုံးရဲ့ အထက်က ပင်မဥပဒေ Parent Law ဖြစ်ရမယ်၊ တည်ဆဲ
ဥပဒေတခုဟာ အခြေခံ ဥပဒေပါ ပြဌာန်းချက်နဲ့ ဆန့်ကျင်ရင် အခြေခံ
ဥပဒေပါ ပြဌာန်းချက်ဟာ အတည်ဖြစ်တယ် ဆိုတာ အခြေခံ ဥပဒေ
ဆိုင်ရာ ဘာသာရပ်ကို အခြေခံ လေ့လာထားသူတိုင်း သိတယ်။
ဗမာနိုင်ငံက အခြေခံ ဥပဒေမှာတော့ တည်ဆဲဥပဒေက အခြေခံ
ဥပဒေအထက် ရောက်နေတယ်။ ဒါဟာ နိုင်ငံသား အခွင့်အရေးဆိုတာ
ကျားသနားမှ နွားချမ်းသာမယ် ဆိုတာကို ပြတယ်။ လွတ်လပ်ခွင့်
အတွက် ဘာအာမခံချက်မှ မရှိဘူး။

၂။ ကျောင်းသားနဲ့ နိုင်ငံရေး

ကိုဇော်ရဲထွဋ်အမှု ဖြစ်တုန်းကရော၊ ဒီ့အရင် ကျောင်းသားတွေ
ဆန္ဒဖော်ထုတ်တာ၊ တောင်းဆိုတာတွေ လုပ်တဲ့အခါမှာပါ
ကျောင်းသားဟာ ကျောင်းစာပဲ လုပ်ရမယ်၊ ကျောင်းသား သမဂ္ဂ
ဖွဲ့ထားရင်လဲ ဒီသမဂ္ဂဟာ ကျောင်းတွင်း ကိစ္စပဲ လုပ်ရမယ်လို့ ကျဉ်းမြောင်းတဲ့
အမြင်နဲ့ ရေးသားတဲ့ စာတွေကို လူမှုကွန်ရက်တွေမှာ ဖတ်ရပါတယ်။
ဒီလို အမြင်တွေကို ခဏခဏ ကြားနေ၊ ဖတ်နေရလို့ ရှည်ရှည်ဝေးဝေး
သိပ်ပြီးတော့ မတုန့်ပြန်ချင်တော့ဘူး။ အများစုက ကိုယ်ပြောတဲ့ စကားဟာ
ရှေ့နောက် ညီရဲ့လား ဆိုတာတောင် မစဉ်းစားဘဲ ရေးနေပြောနေကြတာပါ။

ဒီတော့ အခြေခံ ယုတ္တိဗေဒအရ နည်းနည်းပဲ ပြောမယ်။ မပြောခင်၊
အရင်ဆုံး မေးချင်တာက နိုင်ငံ/ လူသားတိုင်းဟာ နိုင်ငံ/လူသား အခွင့်
အရေးကို ကျင့်သုံးပိုင်ခွင့် ရှိတယ်ဆိုတာ မိတ်ဆွေ လက်ခံပါသလားလို့
မေးချင်တယ်။ လက်မခံဘူး ဆိုရင်တော့လဲ ဆက်ပြောစရာ စကားမရှိဘူး။
ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ်တောင် ဂုဏ်သိက္ခာရှိတဲ့ လူသား
တယောက်လို့ မြင်မထားရင် ဘာအခွင့်အရေး၊ ဘာလွတ်လပ်ခွင့်မှ ဒီလူနဲ့
ဆွေးနွေးနေစရာ မကြောင်း မရှိဘူး။ လက်ခံတယ် ဆိုရင်-

အဆို (၁) နိုင်ငံသားတိုင်းသည် နိုင်ငံသားအခွင့်အရေးကို ကျင့်သုံးပိုင်ခွင့် ရှိသည်။
အဆို (၂) ကျောင်းသားသည် နိုင်ငံသား ဖြစ်သည်။
ထို့ကြောင့်(၃) ကျောင်းသားသည် နိုင်ငံသားအခွင့်အရေးကို ကျင့်သုံးပိုင်ခွင့် ရှိသည်။

ရှင်းရှင်းလေး တွေးရင် ဘာမှ အငြင်းပွားနေစရာ မရှိဘူး။ အာဏာရှင်တွေ ၀ါဒမှိုင်းကို ဖောက်မထွက် နိုင်ရင်သာ ကျောင်းသားဟာ ကျောင်းစာပဲ လုပ်ရမယ်၊ ကျောင်းသားဟာ နိုင်ငံရေး ကင်းရှင်းရမယ် ဆိုတဲ့ ၀ါဒရေစီးကြောမှာ ပက်လက်မြောနေမှာပဲ။ ကျောင်းပုရ၀ဏ်ထဲမှာမို့ နိုင်ငံသားအခွင့်အရေးကို ရုပ်သိမ်းလို့ မရဘူး။ ကျောင်းတွင်းနဲ့ ကျောင်းပြင် ခြံစည်းရိုးခြားတာနဲ့ ခင်ဗျားရဲ့ နိုင်ငံသား
အခွင့်အရေးကို ကျင့်သုံးခွင့်ရှိ မရှိဟာ ဘာဆိုင်သလဲ။

ကျောင်းဟာ အကျဉ်းထောင် မဟုတ်ဘူးဆိုတာ သိထားဖို့ပဲ။ ကျောင်းပုရ၀ဏ်ထဲမှာ
နိုင်ငံသား အခွင့်အရေးပါ လွတ်လပ်ခွင့်တွေကို ကျင့်သုံးခွင့် မရှိဘူး ဆိုတာဟာ
ကျောင်းကို အကျဉ်းထောင် လုပ်ချင်သူတွေရဲ့ စကားပဲ။ ကျောင်းသားကို ထောင်သား
လုပ်ချင်သူတွေရဲ့ စကားပဲ။ ဒီဝါဒမှိုင်းကို ကျုပ်တို့ အားလုံးရဲ့ အတွင်းစိတ်မှာရော၊
ပြင်ပမှာပါ တိုက်ဖျက်ပစ်ဖို့ လိုတယ်။

၃။ ဘွားဒေါ်အစိုးရနဲ့ အာဏာရှင်မိတ္တူ

တကယ်ဆို ကျောင်းစည်းကမ်း ဆိုတာတွေဟာ အရင် စစ်အာဏာရှင်တွေ
စိတ်ကြိုက်ရေးခဲ့တာတွေပဲ။ ဒါကို ဥပဒေတခုအနေနဲ့ ပြဌာန်းထားတာ မဟုတ်လို့၊
အစိုးရသာ ဆန္ဒရှိမယ်ဆိုရင် ဘာလွှတ်တော်ကနေမှ ပြင်နေရမယ့် ဥပဒေမျိုး မဟုတ်ဘူး။ နှုတ်မိန့်တခုတည်းနဲ့ ပယ်ဖျက်လို့ ရတဲ့ စည်းကမ်းအဟောင်းအမျဉ်း
တွေပဲ။ ပညာရေးဌာနက စစ်တပ်လက်အောက်မှာ မဟုတ်လို့ ဘွားဒေါ်အစိုးရနဲ့
လော်ဘီတွေလဲ အစိုးရရဲ့ လုပ်ရပ်ကို ကာကွယ်နေလို့ မရဘူး။ အစိုးရကိုယ်တိုင်
ပင်လျှင် ဘာစေတနာမှ မရှိလို့ ခုလို ဖြစ်ရပ်တွေ ပေါ်ပေါက်နေတာပဲ။ ကျောင်းသား
တင်မကဘူး၊ လယ်သမား အလုပ်သမားတွေလဲ ကိုယ့်အခွင့်အရေးအတွက်
တောင်းဆိုတာမှာ ဖမ်းဆီးထောင်ချခံရတယ်။ အစိုးရက လူထုလူတန်းစား အသီးသီးရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးဖို့နေသာသာ၊ အစိုးရ
ငွေကြေးစိုက်ထုတ် သုံးစွဲစရာ မလိုတဲ့၊ အခြေခံနိုင်ငံသား အခွင့်အရေးကိုတောင်
မကာကွယ်ပေးနိုင်ဘူး။ အရင် စစ်အစိုးရ လက်ထက်ကအတိုင်း မတရား
ဖမ်းဆီးထောင်ချတာတွေ ရှိနေတုန်းပဲ။

ဒီနေရာမှာ ဘရာဇီးက “ခရစ်တစ်ကယ် ပညာရေး”ပညာရှင် ပေါလို့ ဖရေရယ်ရဲ့
စကားကို သတိရတယ်။ သူကသမိုင်းကို ဖြစ်တန်ချေအနေနဲ့ မြင်တယ်။ ဗမာနိုင်ငံ နောက်ခံထားပြီးတော့ ပြောရမယ်ဆို ရင်တော့ ဘာပဲလုပ်လုပ်
မထူးပါဘူးကွာ၊ စစ်အာဏာရှင်ကို ဖြိုလို့ မရပါဘူးကွာလို့ အညံ့ခံရေး အမြင်နဲ့
သမိုင်းကို မြင်သူလဲ ရှိတယ်။ စစ်အာဏာရှင် စနစ်ဟာ အဓမ္မစနစ် ဖြစ်လို့
မလွဲမသွေ ပြိုလဲရမယ်၊ ငါတို့ လိုလားတဲ့ ညီရင်း အကိုပမာ သာတူညီမျှ လူ့အဖွဲ့
အစည်းဟာ မလွဲမသွေ ဖြစ်ထွန်းလာလိမ့်မယ်လို့ သမိုင်းကို အပြဌာန်းခံသဘော
မြင်သူတွေလဲ ရှိတယ်။ ပေါလို့ ဖရေရယ်က နှစ်ခုလုံးကို လက်မခံဘူး။
သမိုင်းကို ဖြစ်တန်ချေလို့ပဲ မြင်တယ်။

သမိုင်းမှာ ဖိနှိပ်မှု၊ အမြတ်ထုတ်မှု၊ မတရားမှုတွေဆိုတာ လူသားမဆန်မှု
Dehumanizationတွေပဲ။ ဒီလူသားမဆန်မှုမှာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံဆိုတာ
ရှိတယ်။ အဖိနှိပ်ခံဟာ ဒီလူမှုအဆောက်အအုံတွင်း ပဋိပက္ခတွေကို ဆွေးနွေး
ဝေဖန်ပြီးတော့ ဆင်ခြင်ရမယ်။ ဒီဆင်ခြင်မှုက ရလာတာတွေကို လွတ်မြောက်ရေး
တိုက်ပွဲအသွင် လက်တွေ့ လုပ်ဆောင်ရမယ်။ ဒီနေရာမှာ သတိထားရမှာက
အဖိနှိပ်ခံရသူတွေရဲ့ အတွေးအခေါ်ဟာ ဖိနှိပ်သူတွေရဲ့ လူမှုပုံသွင်းမှု ခံထားရတာ
ရှိတယ်။ ဒါကြောင့် တခါတရံမှာ ဖိနှိပ်သူတွေဟာ လွတ်မြောက်ရေး အတွက်
တိုက်ပွဲဝင်ရင်း ကိုယ်တိုင် ဖိနှိပ်သူတွေ ဖြစ်လာတတ်တယ်။ ဒါဟာ အာဏာရှင်
(သို့) ဖိနှိပ်သူ စရိုက်ကို ပုံတူးကူးတာပဲ။ ဘွားဒေါ်အစိုးရရဲ့ လုပ်ရပ်တွေဟာလဲ အရင်
အာဏာရှင်တွေရဲ့ စရိုက်ကို ပုံတူးကူးနေသလား အောက်မေ့ရအောင် ဖိနှိပ်
ဖမ်းဆီးထောင်ချတာတွေ လုပ်နေတုန်းပဲ။ အကယ်၍ ဘွားဒေါ်အစိုးရဟာ
စစ်အာဏာရှင်တွေ ထူးခတ်ကျုံးသွင်းတာ ခံနေရပြီး စစ်အာဏာရှင်တွေနည်းတူ
ဖိနှိပ်သူ ဖြစ်လာရင်တော့ အဖိနှိပ်ခံတွေရဲ့ လွတ်မြောက်ရေး၊ လူသားဆန်တဲ့
လူ့အဖွဲ့အစည်း ထူထောင်နိုင်ရေးကို လိုလားသူတိုင်း ဖိနှိပ်သူအားလုံး ကို ဗြောင်ဝဖန်ရမယ်။ ဝေဖန်သုံးသပ်ချက်တွေကိုလဲ လက်တွေ့
တိုက်ပွဲအသွင် ပြောင်းလဲပစ်ရလိမ့်မယ်။ ဗိုလ်ချုပ် သမီးမို့ပါ ဘာမို့ပါလို့
အဆင်ခြင်မဲ့ အကြောင်းပြ ချက်တွေနဲ့ လူတွေ နစ်နာခံစားရသမျှကို ကြိတ်ခံ
ခိုင်းတာဟာ မဖြစ်သင့်ဘူး။ အခုခေတ်ဟာ အရင် ပဒေသရာဇ်ရှင်ဘုရင်တွေ ခေတ်ကလို
သွေးသားအရ အာဏာအရိုက်အရာ ဆက်ခံနေတဲ့ ခေတ်မဟုတ်ဘူး။ ဘယ်သူ့
သွေးသားမို့ ဆိုတာ အရေးမပါတော့ဘူး။ အဖိနှိပ်ခံတွေနဲ့ လူသားဆန်တဲ့
လူ့အဖွဲ့အစည်း ထူထောင်းရေးကို သစ္စာဖောက်ပြီး ဖိနှိပ်သူနဲ့ ပူးပေါင်းသူတိုင်းကို ဘယ်သူ့ သွေးသားပဲဖြစ်ဖြစ် ဆန့်ကျင်ရလိမ့်မယ်။

၎။ ပြုပြင်ပြောင်းလဲရေးလား၊ တော်လှန်ရေးလား

ဘွားဒေါ်ကတော့ ပြုပြင်ပြောင်းလဲရေးပဲ လုပ်မယ်လို့ ပြီးခဲ့တဲ့ လေးနှစ်လောက်
ကတိုင် သူရဲ့ ဒီလှိုင်း စာစောင်မှာ ရေးခဲ့တယ်။ စစ်အာဏာရှင်တွေက
အတိုက်အခံကို ကျုံးသွင်းဖို့ ထူးဆင်ထားတဲ့ ၂၀၀၈ ခြေဥဘောင်ထဲကနေ
ပြုပြင်ပြောင်းလဲရေးကို ဘယ်အတိုင်းအတာအထိ လုပ်နိုင်မလဲ စောင့်ကြည်ခဲ့တယ်။
အခုတော့ စစ်ကိုင်းကျောင်းသား ဇော်ရဲထွဋ် အမှုကိုပဲ ကြည့်ပါ။ အစိုးရဟာ
အရင် ဗြူရိုကရေစီ ယန္တရားဟောင်းကြီးကို စီးပြီး လမ်းဟောင်းကြီးအတိုင်း တစိုက်မတ်မတ် မောင်းနှင်နေတုန်းပဲ။ ကိုယ့်အခွင့်အရေးအတွက် ငြိမ်းငြိမ်း
ချမ်းချမ်း ဆန္ဒဖော်ထုတ်တဲ့ အလုပ်သမား၊ လယ်သမားတွေလဲ ဖမ်းဆီး
ထောင်ချခံနေရတုန်းပဲ။ တခြားပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားရေး
ပြဿနာတွေလဲ ဘာမှ မယ်မယ်ရရ မဖြေရှင်းနိုင်သေးဘူး။ အစိုးရရဲ့ရက်တရာ
စီမံကိန်း သင်္ကြန်အမြောက် နောက်ပိုင်း လူထုရဲ့ လူနေမှုဘ၀ကို
ပြောင်းလဲအောင် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်သေးဘူး။ တိုင်းရင်းသား
လက်နက်ကိုင် ပဋိပက္ခကိုလဲ မဖြေရှင်းနိုင်သေးဘူး။ ဖြေရှင်းရေး ဖြစ်စဉ်မှာတောင်
အရင်အစိုးရရဲ့ လမ်းရိုးဟောင်းကြိး အတိုင်းပဲ။ ဘာမှ ထူးမခြားနားဘူး။ ၂၀၀၈ ခြေဥ
ပြင်ရေးအတွက် တနိုင်ငံလုံး လက်မှတ်ငါးသန်းလောက် ကောက်၊ ခြေဥပြင်မယ်
ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင် အာဏာရလာတဲ့ အစိုးရဟာ ခုထိ ခြေဥကို
မတို့ဝံ့၊ မထိဝံ့သေးဘူး။ ပညာရေး ပြောင်းလဲမှုတွေ လုပ်ပေးမယ်လို့ ကျောင်းသားတွေကို
ကတိပေးခဲ့တဲ့ ဘွားဒေါ်ဟာ ခုထိ ဘာမှ ပြောင်းလဲမပေးနိုင်ဘူး။ မဲလိမ်ယူသွားတာပဲ
ရှိ တယ်။ တရားဥပဒေ စိုးမိုးရေးတွေ ကြွေးကြော်ခဲ့တဲ့ ဘွားဒေါ် အစိုးရလက်ထက်မှာ
တရားလက်လွတ် ဖမ်းဆီးထောင်ချမှုတွေဟာ ရှိနေဆဲပဲ။ ဆိုတော့ ကျောင်းသား၊
အလုပ်သမား၊ လယ်သမား၊ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ကို ခုထိ ဘွားဒေါ် အစိုးရဟာ
လစ်လျူရှုမျက်ကွယ်ပြုနေဆဲပဲ။

ဂျာမနီ ဖရန့်ဖာတ် စကူးက လက်ဝဲသစ်တွေရဲ့ ဂုရုဟားဘတ်မာကူဇာက ပြုပြင်ပြောင်း လဲရေးနဲ့ တော်လှန်ရေး နည်းလမ်းနှစ်ခု အကြောင်း ပြောဖူးတယ်။ သူကတော့ ခေတ်နှောင်း  အရင်းရှင်စနစ်အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်မလား၊ တော်လှန်ပြောင်းလဲမလား ပြောတာပေါ့။ ဗမာမှာတော့ အာဏာရှင် စနစ်နဲ့ အာဏာရှင် အမှီပြု ရှင်သန်ကြီးထွားလာတဲ့ ခရိုနီစီးပွားရေးပေါ့။ မာကူဇာကတော့ လူတွေရဲ့ ဆင်းရဲဒုက္ခကို လျော့ပါးစေမယ့် ပြုပြင်ပြောင်းလဲရေးတိုင်းကို
လက်ခံကြောင်း၊ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေဟာ အာဏာရှိ လူတန်းစားရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ကန့်သတ်အမှတ်ကို ရောက်လာတဲ့အခါ ပြုပြင်ပြောင်းလဲလို့ မရတော့ကြောင်း၊ တော်လှန်ရေး လိုအပ်လာကြောင်း ပြောတယ်။ ဗမာနိုင်ငံမှာလဲ
ဘွားဒေါ်တို့ အုပ်စုဟာ စစ်အာဏာရှင်တွေရဲ့ ခြေဥဘောင်ထဲကနေ ပြုပြင် ပြောင်းလဲရေး လုပ်မယ်လို့ ကြွေးကြော် လုပ်ဆောင်နေတာကို စောင့်ကြည့်ခဲ့တယ်။ ခုတော့ အာဏာရှင်တွေရဲ့ အကျိုးစီးပွား ကန့်သတ်မှတ်ကို ရောက်အောင် ပြုပြင်ပြောင်းလဲရေး လုပ်နိုင်ဖို့ ဝေးစွ။ သာမည ပြုပြင်ပြောင်းလဲရေးလေးတွေတောင် ထူးထူး ခြားခြား လုပ်မပြနိုင်ဘူး။
ဆိုတော့ ဗမာနိုင်ငံမှာ စနစ်တွင်း ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နိုင်မယ့် အခြေ
အနေ နည်းပါတယ်။ အဖိနှိပ်ခံတွေ သိစိတ်နိုး ကြားပြီး သွေးစည်းလာတဲ့တနေ့
စနစ်ဟောင်းကို အမြစ်ကနေ လှန်ပစ်မယ့် တော်လှန်ပြောင်းလဲရေး ပေါ်ပေါက်
လာနိုင်ချေက များပါတယ်။

No comments:

Post a Comment