Thursday, July 27, 2017

လူမှုလှုပ်ရှားမှုရဲ့ ဘ၀စက်ဝန်း

Written By ဥာဏ်မျိုးအောင်

လူမှုလှုပ်ရှားမှု (Social movement)ဆိုတာ နိုင်ငံရေးဆိုင်ရာ
အပြောင်းအလဲတစ်ခု (Political change)ကို ထောက်ခံဖို့
aသ်ာလည်း ကောင်း၊ ဒါမှမဟုတ် မပြောင်းလဲအောင် ပိတ်ပင်
တားဆီးဖို့ သော်လည်းကောင်း လူအများ စုပေါင်းပါဝင်တဲ့
လှုပ်ရှားမှု (Collective action)ကို ခေါ်ဆိုပါတယ်။ သမိုင်း
တစ်လျှောက်မှာ လူမှုလှုပ်ရှားမှုတွေ တော်တော်များများ
 ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ လူ့အဖွဲ့အစည်းကို
ထူးထူးခြားခြား ပြောင်းလဲစေခဲ့တယ်။ လူမှုလှုပ်ရှားမှု တချို့က
လက်ရှိ ရှိရင်းစွဲစနစ်ကို ဖြိုဖျက်ပြီး အသစ်တစ်ဖန် ပြောင်းလဲချင်တဲ့
“တော်လှန်ရေးဆန်ဆန် (Revolutionary)” လှုပ်ရှားမှုတွေ
ဖြစ်တယ်။ တစ်ချို့ကတော့ ရှိရင်းစွဲ စနစ်ရဲ့ဘောင်ထဲမှာပဲ
“ပြုပြင်ပြောင်းလဲမှုတွေ (Reform)” လုပ်ချင်တာ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းထဲမှာ ပြောင်းလဲမှုတွေကို ဆန့်ကျင်ချင်တဲ့
“ရှေးရိုးစွဲဆန် ဆန် (Conservative)” လှုပ်ရှားမှုတွေလဲ ရှိပါတယ်။

လူမှုလှုပ်ရှားမှုတွေမှာ လှုပ်ရှားမှု “အတိုင်းအတာ(Scope)”မှာလဲ
ကွာခြားမှုတွေတော့ ရှိတယ်။ တစ်ချို့က ဒေသတွင်း မူဝါဒ အပြောင်း
အလဲတွေလောက်ပဲ လုပ်ချင်တာဖြစ်ပြီးတော့ တစ်ချို့ကတော့
 နိုင်ငံတကာ အတိုင်းအတာအထိ မူဝါဒပုံဖော်မှုတွေ လုပ်ချင်တာ
ဖြစ်တယ် ။ ဘယ်လိုပဲ ကွာခြားမှုတွေ ရှိနေပါစေ၊ လူမှုလှုပ်ရှားမှု
ဘ၀စက်ဝန်း (Life cycle of social movement)မှာ တူညီတဲ့
အချက်တွေ ရှိကြော င်း လူမှုသိပ္ပံ ပညာရှင်တွေက သုံးသပ်ပြပါ
တယ်။ လူမှုလှုပ်ရှားမှုတွေက လူ့အဖွဲ့အစည်းတွင်းမှာ
ထူးခြားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ် စေတာကြောင့်
ဒီလှုပ်ရှားမှုတွေဟာ ဘယ်လို ပေါ်ပေါက်လာသလဲ၊
ဘယ်လိုလူတွေ ပါဝင်ကြသလဲ၊ ဘယ်လို အောင်မြင်သွား
သလဲ၊ ဘယ်လို ကျရှုံးသွားရသလဲဆိုတာကို ပညာရှင်တွေက
အချိန်အများကြီး ပေးပြီးတော့ သဘောပေါက်အောင်
လုပ်ခဲ့ကြပါတယ်။ သူတို့ တွေ သဘောပေါက်လာတာက
ဒီလှုပ်ရှားမှုတွေက ဖြစ်ချင်တဲ့အချိန် ကောက်ဖြစ်တာ
 မဟုတ်ဘူး၊ ဒီလှုပ်ရှားမှုတွေ ပေါ်ပေါက်ဖို့က “ရင်းမြစ်
(resources)”တွေ လိုတယ်။ ဒီလှုပ်ရှားမှုတွေ ဖြတ်သန်း
ရမယ့် “အဆင့်တွေ(stages)” အများကြီး ရှိတယ်။

တစ်နည်းပြောရရင်တော့ လူမှုလှုပ်ရှားမှုတွေဆိုတာ
မူဝါဒတစ်ခု သို့မဟုတ် အုပ်ချုပ်ပုံစနစ်တစ်ခုကို
ချက်ချင်းကြီး သဘောမကျ ဖြစ်ပြီး တော့ လူထု
လှုပ်ရှားမှု (Mass movements)တွေ ကောက်လုပ်၊
လက်ရှိ အာဏာတည် ဆောက်ထားမှုကို မြေလှန်
ပစ်နိုင်စွမ်းရှိတဲ့ “အယူ အဆပိုင်းဆိုင်ရာ ရှေ့နောက်
ညီညွှတ်တဲ့ အိုင်ဒီအိုလဂျီ (coherent ideology)”တွေ
ပါဝင်တဲ့ လှုပ်ရှားမှုမျိုးတော့ မဟုတ်ဘူး။ တကယ်တော့
လူမှုလှုပ်ရှားမှုတွေဟာ အဆင့်လေးဆင့်ကို ဖြတ်သန်းရတယ်။

၁။ ပေါ်ပေါက်လာမှု (Emergence)
၂။ ပေါင်းစည်းလာမှု (Coalescence)
၃။ ဗြူရိုကရေစီပုံစံ တည်ဆောက်လာမှု (Bureaucratization)
၎။ လှုပ်ရှားမှု ရပ်တန့်မှု(Decline) ။ Declineဆိုတဲ့ စကားလုံးက
အဖျက်သဘောဆောင်နေပေမယ့် ဒီနေရာမှာတော့ အဖျက်သဘော
မျိုး၊ အောင်မြင်မှု မရှိတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကျဆုံးမှု
အဆင့်ဟာ အကြောင်းအမျိုးမျိုး ကြောင့် ဖြတ်သန်းရနိုင်တယ်။
အဲဒါ တွေကတော့-

*အောင်မြင်မှု (Success)
*အဖွဲ့အစည်းဆိုင်ရာ ကျဆုံးမှု (Organizational failure)
*ကျုံးသွင်းခံရမှု (Co-optation)
*ဖိနှိပ်မှု (Repression) သို့မဟုတ်
*စနစ်အတွင်း အခိုင်အမာ ပူးပေါင်းသွားမှု (Establishment within mainstream society)

အဆင့်(၁) ပေါ်ပေါက်လာမှု

ဒီအဆင့်အတွင်းမှာ လူမှုလှုပ်ရှားမှုတွေဟာ အစပျိုးဆဲ
အနေအထားမှာပဲ ရှိသေးတယ်။ စနစ်တကျ လှုပ်ရှားနေတဲ့
အဖွဲ့အစည်းဆိုတာ ကလဲ တစ်ဖွဲ့မှ မရှိသေးတဲ့ အခြေအနေမျိုး၊
ရှိခဲ့ရင်လဲ အဖွဲ့သေးသေးလေးတွေလောက်ပဲ ရှိသေးတယ်။
မကျေနပ်ချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေနိုင်တယ်။
လူမှုလှုပ်ရှားမှုတွေ လုပ်ခဲ့ရင် ပါဝင်နိုင်ချေရှိတဲ့ လူတွေဟာ
မူဝါဒတစ်ခု သို့မဟုတ် လူမှုအခြေအနေ တစ်ခုခုနဲ့
ပတ်သက်လို့ မကျေနပ်ချက်တွေတော့ ရှိနေပြီ။ ဒါပေမဲ့
ဘယ်လို လှုပ်ရှားမှုမျိုးကိုမှတော့ မလုပ်ကြသေးဘူး။
လုပ်ခဲ့ရင်လဲ “အစု အဖွဲ့လိုက် လှုပ်ရှားမှု (collective action)”
ထက် “တစ်ဦးချင်းလှုပ်ရှားမှု (individual)”တွေ ဖြစ်နိုင်ချေ
ပိုများတယ်။ လူတစ်ယောက်က သူ မကျေမနပ် ဖြစ်နေ
တာတွေကို သူ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို
 ပြောပြကောင်း ပြောပြလိမ့် မယ်။ ဒေသတွင်း
သတင်းစာတွေနဲ့ ကိုယ်စားလှယ် အမတ်တွေဆီ
စာရေးကောင်း ရေးလိမ့်မယ်။ ဒါ့အပြင် ဆိုးဝါးလာတဲ့
အခြေအနေတွေကို သတင်းစာတွေမှာ အဆိုးမြင်
ဖော်ပြမှုဟာ တစတစ တိုးလာချင် လာလိမ့်မယ် ။

ဒီအဆင့်မှာပဲ လူမှုလှုပ်ရှားမှုအဖွဲ့ (Social movement
organization)အတွင်း ဖြစ်ပေါ်နေပုံတွေကို ကြည့်ကြရ
အောင်။ ဒီအဖွဲ့တွေဟာ လူမှုလှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာဖို့၊
အောင်မြင်လာဖို့အတွက် လိုအပ်တဲ့ တာဝန်တွေကို
ဆောင်ရွက်နေတဲ့ အဖွဲ့တွေ ဖြစ်တယ်။ အဲတော့
ပထမအဆင့်မှာတော့ ဒီလိုအဖွဲ့နဲ့ ဒီအဖွဲ့ထဲက
အဖွဲ့ဝင်တွေဟာ “လှုံ့ဆော်သူ (Agitators)”
သဘောမျိုး လုပ်ကြတယ်။ ဒီလှုံ့ဆော်သူတွေဟာ
လူထုအတွင်းမှာ မကျေနပ်စရာ ကောင်းတဲ့ အခြေအနေကို
သိမြင်သဘောပေါက်လာအောင်(Consciousness)၊
မကျေနပ်ချက်တွေ အားကောင်းလာအောင်
လုပ်ဆောင်ကြတယ်။ အမေရိကန်မှာ Civil Rights
Movement မပေါ်ပေါက်ခင်ကတည်းကတိုင်
Student Non-violent Coordinating Committee
(SNCC) ဆိုတဲ့ အဖွဲ့လေးတွေ ရှိနေပြီ။ ဒီအဖွဲ့တွေက
လှုံ့ဆော်မှုတွေ လုပ်ပေးနေတယ်။ ဒါပေမဲ့ လူထုကိုတော့
စည်းရုံးစုဖွဲ့နိုင်စွမ်း မရှိသေးဘူး။

အဆင့်(၂) ပေါင်းစည်းလာမှု

ဒီအဆင့်မှာတော့ မကျေနပ်ချက်ဟာ ပိုမိုထင်ရှားလာပြီ။ ပထမ
အဆင့်မှာလို လူထုအတွင်းမှာ ကြိတ်ပုန်း ပျံ့နေတဲ့ မကျေနပ်
ချက်မျိုး မဟုတ်တော့ဘူး။ ဘာကို မကျေနပ်တာလဲ၊ ဒီ့အတွက်
ဘယ်သူ့မှာ တာဝန် ရှိသလဲ၊ ဘာတွေက ဒီမကျေနပ်ချက်ကို
 ဖြစ်စေသလဲဆိုတာ ကို သဘောပေါက်လာကြပြီ။ ဒီအနေ
အထားမှာ မတည်ငြိမ်မှု တွေက ဖုံးဖိထားလို့ရတဲ့၊ ဒေသ
တစ်ခုလေးမှာပဲ ကွက်ကွက်လေးဖြစ်နေတဲ့၊ လူတစ်စုလေးပဲ
သဘောပေါက်တဲ့ အနေအထားမျိုး မဟုတ်တော့ဘူး။
မကျေနပ်ချက်က ပွင့်ပွင့်လင်းလင်း ပေါ်လာပြီ၊ နေရာ
အနှံ့အပြား မှာ ဖြစ်ပေါ်နေပြီ၊ လူများစုကလဲ ဒါကို
 သဘောပေါက်လာပြီဆိုတဲ့ အနေအထားမျိုးပါ။

မကျေနပ်ချက်တွေကို ဖော်ထုတ်ရာမှာ အရင်ကလို တစ်ဦးစ
တစ်ယောက်စကပဲ လုပ်နေတာမျိုး မဟုတ်တော့ဘူး။
“စုဖွဲ့မှု(collective)” ပုံစံနဲ့ စလုပ်လာကြပြီ။ ပထမအဆင့်မှာ
လှုပ်ရှားနေတဲ့ တစ်ဦးချင်း တစ်ယောက်ချင်းစီကလဲ သူလိုပဲ
တစ်ကိုယ်တော် လှုပ်ရှားနေသူတွေ ကို အပြန်အလှန်
သတိထားမိလာကြပြီ။ ဒီအဆင့်မှာပဲ ခေါင်းဆောင်မှု
ပေါ်လာတယ်။ လူမှုလှုပ်ရှားမှု အောင်မြင်ဖို့အတွက်
မဟာဗျူဟာ တွေ စတင်ချမှတ်လာတယ်။ ဒီအဆင့်မှာပဲ
လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်လာနိုင်တယ်။ ဒီလှုပ်ရှား
မှုတွေက သူတို့ရဲ့ အင်အားနဲ့ သူတို့ ဘာကို လိုချင်သလဲ
ဆိုတာ ပြသဖို့အတွက် ဖြစ်တယ်။ အရေးကြီးဆုံး
အချက်ကတော့၊ ဒုတိယအဆင့်မှာ တကိုယ်တော်
လှုပ်ရှားမှုမျိုး မဟုတ်တော့ဘူးဆိုတာရယ်၊ အစုအဖွဲ့ပုံစံ
စုဖွဲ့လာနိုင်ပြီ ဆိုတာရယ်၊ သူတို့တွေမှာ မဟာဗျူဟာတွေ
စနစ်တကျ ရှိနေပြီဆိုတာရယ်ပါ။

အဆင့်(၃) ဗြူရိုကရေစီပုံစံ တည်ဆောက်လာမှု

ဒီအဆင့်မှာ အဖွဲ့အစည်းတွေဟာ အဆင့်ဆင့် ဖွဲ့စည်းလာနိုင်ပြီ။
တစ်ဖွဲ့နဲ့ တစ်ဖွဲ့လဲ မဟာမိတ်ဖွဲ့ပြီး မဟာဗျူဟာအရ လှုပ်ရှား
လာကြပြီ။ ဒုတိယအဆင့်က လှုပ်ရှားမှုတွေကြောင့် လူထုက
သူတို့ လှုပ်ရှားမှုတွေကို သတိထားမိလာကြပြီဆိုတော့
လူမှုလှုပ်ရှားမှု အဖွဲ့တွေအချင်း ချင်း မဟာဗျူဟာအရ
မဟာမိတ်ဖွဲ့ဖို့ လိုအပ်လာပြီ။ ဒီအဖွဲ့တွေက လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်လာဖို့အတွက် နေ့တဓူဝ
အလုပ်လုပ်ပေးမယ့်၊ ဒါနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့
ဝန်ထမ်းတွေ (staff persons)ကို အားကိုးဖို့ လိုလာ
လိမ့်မယ်။ ဒီအဆင့်မှာတော့ လှုပ်ရှားမှုက လူတွေကို
 နိုးကြားတက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်ပေါ်
မှာချည်းပဲ အားကိုးနေလို့ မရတော့ဘူး။ လူထု စုရုံးမှုတွေချည်းမှာပဲ
အားကိုးလို့ မရတော့ဘူး။ လူမှုလှုပ်ရှားမှု အဖွဲ့တွေရဲ့
တာဝန်တွေကို ဆက်လုပ်နိုင်ဖို့က လေ့ကျင့် သင်ကြားထားတဲ့
ဝန်ထမ်းတွေ (Trained staffs)ကို အားကိုးမှ ရလိမ့်မယ်။

လူမှုလှုပ်ရှားမှု တော်တော်များများက ဗြူရိုကရေစီပုံစံ တည်ဆောက်
လှုပ်ရှားဖို့ ပျက်ကွက်ကြတယ်။ လူမှုလှုပ် ရှားမှုမှာ ပါဝင်တဲ့ အဖွဲ့ဝင်
တွေရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းထားဖို့က ခက်ခဲတယ်။ တောက်လျှောက်
လူထုလှုပ်ရှားမှုတွေ လုပ်ဖို့ဆိုတာကျလဲ ပါဝင်လှုပ်ရှားသူတွေ
အတွက် အတော် အပန်းကြီးမယ့်ကိစ္စ။ အဲတော့ လူမှုလှုပ်ရှား
မှုတွေက စိတ်ပန်းလူပန်းနဲ့ ပြီးသွားတတ်တာတွေ ရှိတယ်။ ဗြူရို
ကရေစီပုံစံ တည်ဆောက်တယ်ဆိုတာက စိတ်အားထက်သန်တဲ့
volunteersတွေ မရနိုင်တဲ့အခါမျိုးမှာ လူမှုလှုပ်ရှားမှုအဖွဲ့မှာ
ခန့်ထားတဲ့ ၀န်ထမ်း တွေ (Paid staffs)နဲ့ အစားထိုး လှုပ်ရှားဖို့ ဖြစ်တယ်။

အဆင့်(၄) လှုပ်ရှားမှု ရပ်တန့်မှု

နောက်ဆုံးအဆင့်ကတော့ လှုပ်ရှားမှုရပ်တန့်မှု ဖြစ်တယ်။ လှုပ်ရှားမှု
ရပ်တန့်မှုဆိုတာ လူမှုလှုပ်ရှားမှုတွေ မအောင်မြင်ဘူးလို့ ဆိုလိုချင်
တာ မဟုတ်ဘူး။ လူမှုလှုပ်ရှားမှု ရပ်တန့်ရမှုမှာ အကြောင်းတရားငါးခု
ရှိတယ်။

၁။ ဖိနှိပ်မှု

အာဏာပိုင်တွေက လူမှုလှုပ်ရှားမှုကို ထိန်းချုပ်ဖို့၊ ဖျက်စီးဖို့
နည်းလမ်းတွေကို သုံးတာကို ဖိနှိပ်မှုလို့ ခေါ်တာပါ။ အစိုးရဘက်က
အခုလို ဖိနှိပ်မှုတွေ လုပ်တာဟာ မှန်ကန်ကြောင်း ပြောဆို
တတ်တယ်။ လူမှုလှုပ်ရှားမှု လုပ်သူတွေဘက်က ကြည့်ရင်တော့
ဒါဟာ တရားနည်း လမ်းမကျဘူးလို့ မြင်မှာပေါ့။ အစိုးရက
လူမှုလှုပ်ရှားမှုတွေကို တရားမ၀င်ကြောင်း ဥပဒေတွေထုတ်
တားမြစ်တာ၊ ပြည်တွင်း တည်ငြိမ် အေးချမ်းမှုကို အန္တရာယ်
ဖြစ်စေတယ်လို့ ကြေညာပြီး လှုပ်ရှားမှုလုပ်သူတွေကို
တိုက်ခိုက်တာတွေ လုပ်ပါလိမ့်မယ်။ ဒီလို ဖိနှိပ်မှုမျိုးကြောင့်
လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ ခက်ခဲသလို အဖွဲ့ဝင်သစ်တွေ
တိုးလာဖို့လဲ အခက်အခဲ ရှိတတ်ပါတယ်။

၂။ ကျုံးသွင်းခံရမှု

လူမှုလှုပ်ရှားမှုအဖွဲ့တွေဟာ အာဏာမှန်သမျှ ဗဟိုက
စုကိုင်ထားတာကို အလွန်အမင်း မှီခိုနေရတာမျိုး၊ charismatic
leadershipကို တအား မှီခိုနေရတာမျိုးဆိုရင် ကျုံးသွင်းခံရမှုကနေ
လူမှုလှုပ်ရှားမှုတွေ ကျဆုံးသွားတတ်ပါတယ်။ လူမှုလှုပ်ရှားမှုကို
ဦးဆောင်နေတဲ့ ခေါင်းဆောင်က အာဏာပိုင်နဲ့ ပူးပေါင်းသွားပြီ
ဆိုရင်လဲ ကျုံးသွင်းခံရမှု ပေါ်ပေါက်တတ်ပါတယ်။ လူမှုလှုပ်ရှား
မှုတွေ ဦးတည်တိုက် ခိုက်ချင်တဲ့ အဖွဲ့အစည်းက သူတို့ဘောင်ထဲကို
ဝင်ပြီးတော့ ပြောင်းလဲဖို့ ကမ်းလှမ်းတာကို လက်ခံရင်လဲ
ကျုံးသွင်းခံရမှု ပေါ်လာရတယ်။ နောက်ပိုင်းမှာ လူမှုလှုပ်ရှားမှုတွေ
လုပ်တုန်းက တောင်းဆိုတဲ့ တန်ဖိုးတွေကို မေ့ပျောက်သွားပြီးတော့
အာဏာပိုင် အဖွဲ့အစည်းဘောင် ထဲက တန်ဖိုးတွေကို လက်ခံ
လိုက်တာမျိုး၊ အာဏာပိုင် အဖွဲ့အစည်းထဲမှာ ပေါင်းစည်းသွား တာမျိုး ဖြစ်တတ်တယ်။ ခေါင်းဆောင်တွေကို ငွေပေး အ၀ယ်ခံ
ရတာမျိုးတွေလဲ ရှိတတ်တယ်။

၃။ အောင်မြင်မှု

လူမှုလှုပ်ရှားမှုတွေ အားလုံးဟာ ဖိနှိပ်ခံရမှုတွေ၊ ကျုံးသွင်းခံရ
မှုတွေကြောင့် ကျဆုံးသွားတာမျိုး မဟုတ်ပါဘူး။ တချို့လှုပ်ရှားမှုတွေက
တော့ အောင်မြင်ပါတယ်။ ဦးတည်ချက် ပန်းတိုင် တိတိကျကျ
ချမှတ်ထားပြီး ဒေသဆိုင်ရာအတွက်ပဲ လုပ်တဲ့ လှုပ်ရှားမှု
သေးသေးလေး တွေက အောင်မြင်နိုင်ချေ ပိုများပါတယ်။
ဥပမာ- ဒေသတခုမှာ လေယာဉ်ကွင်း လာဆောက်တာကို
ကန့်ကွက်တာမျိုးပေါ့။ ဒါမှမဟုတ် တချို့တွေက ကိုယ်လိုချင်တဲ့
ပန်းတိုင်ကို ရောက်သွားလို့ လှုပ်ရှားမှုတွေ ရပ်သွားတာလဲ
ရှိတယ်။ ဥပမာ- အမျိုးသမီး မဲပေးခွင့်လှုပ်ရှား သူတွေလိုပေါ့။
မဲပေးခွင့် ပြုလိုက်တဲ့အခါမှာ သူတို့ တောင်းဆိုတိုက်ပွဲဝင်
တာတွေ အောင်မြင်သွားပြီ။

၎။ ကျရှုံးမှု

ကျဆုံးမှုမှာ အကြောင်းအမျိုးမျိုး ဖြစ်နိုင်တယ်။ ဥပမာ- ဗီယက်နမ်
စစ်ပွဲကို ဆန့်ကျင်တဲ့ အမေရိကန်က ကျောင်းသားအဖွဲ့အစည်း
တစ်ခုကို လေ့လာကြည့်ရအောင်။ Student Democratic
Society(SDS)ဆိုတဲ့ အဖွဲ့အစည်း။ ဒီအဖွဲ့က အောင်မြင်မှုတွေ
ရလာတော့ အဖွဲ့ဝင်အင်အားသစ်တွေ ချက်ချင်းလက်ငင်း
တိုးလာတယ်။ ဒါပေမဲ့ အဖွဲ့ကို ဖွဲ့စည်းတည်ဆောက်ထားပုံက
အဖွဲ့ဝင်သစ်တွေ တိုးလာ တာကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း
မရှိတော့ဘူး။ ဒါ့ အပြင် ဆုံးဖြတ်ချက်ချခွင့်မှာ အားလုံး ပါဝင်
ခွင့်ပြုထားတယ်။ SDSအဖွဲ့တွင်းမှာပဲ ဂိုဏ်းဂဏ
တည်ဆောက်မှုတွေ ပေါ်ပေါက်လာတယ်။ ဆိုတော့
ဂိုဏ်းဂဏ တအား ကွဲနေချိန်မှာပဲ တဖက်ကလဲ ပိုဖိနှိပ်
လာတယ်။ ဒီလိုနဲ့ ကျရှုံးရတယ်။

ဆုံးဖြတ်ချက်ချခွင့်ကို ထိပ်ပိုင်းက ခေါင်းဆောင်မှု အစု
တစ်စုထဲမှာဆီ အပ်ထားရင်လဲ ပြဿနာ ရှိတယ်။ ခေါင်းဆောင်
စုထဲမှာပါတဲ့ လူတွေက ကိုယ့်အင်အား အခြေစိုက်ထားရတဲ့
 အောက်ခြေလူထုလှုပ်ရှားမှုတွေနဲ့ ကင်းကွာ သွားတတ်တယ်။
သူတို့တွေက အချင်းချင်း အိုင်ဒီအော်လဂျီတွေ တူနေတယ်၊
သဘောထားတွေ တူနေတယ်၊ ဆိုတော့ သူတို့အချင်းချင်း
သဘောထား ကွဲလွဲမှု မရှိသလောက်ပဲ။ အဲတော့ ထိပ်ပိုင်း
ခေါင်းဆောင်မှု အစုဟာ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့
ပကတိအရှိတရားတွေနဲ့ ကင်းကွာသွားတတ်တယ်။
ဒါကြောင့် လဲ ကျရှုံးမှု ကြုံရတတ်တယ်။

၅။ စနစ်အတွင်း အခိုင်အမာ ပူးပေါင်းသွားမှု

လူမှုလှုပ်ရှားမှုတွေ လိုချင်တဲ့ ရည်မှန်းချက်တွေ၊ အိုင်ဒီအော်
လဂျီတွေကို လက်ခံလိုက်ပြီဆိုရင်တော့ စနစ်အတွင်း
အခိုင်အမာ ပူးပေါင်း သွားတဲ့အတွက် လှုပ်ရှားမှုတွေ
ထပ်လုပ်စရာ မလိုတော့ဘူး။ ဥပမာ- အမေရိကန်မှာ
အလုပ်သမား လှုပ်ရှားမှုတွေ စလုပ်ခါစက အာဏာ
ပိုင်တွေရဲ့ ဖိနှိပ်မှု ခံရတယ်။ ဒါပေမဲ့ ကနေ့ခေတ်မှာတော့
အလုပ်သမား လှုပ်ရှားမှုတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေး
စနစ်ထဲမှာ ကောင်းကောင်း ပေါင်းစည်းမိသွားပြီ။
ဒါတွေကတော့ လူမှုလှုပ်ရှားမှုရဲ့ ဘ၀စက်ဝန်းပါပဲ။
အနာဂတ်ကာလမှာ ကျွန်တော်တို့တွေအားလုံး
လူမှုလှုပ်ရှားမှုတစ်ခု လုပ်တော့မယ် ဆိုရင်လဲ
ဒီထဲက အဆင့်အလိုက် ဘယ်လို ဗျူဟာတွေ
ချမှတ်ပြီး လုပ်ဆောင်မယ်ဆိုတာ စဉ်းစားဆွေးနွေးနိုင်ပါတယ်။

No comments:

Post a Comment