Written By ဥာဏ်မျိုးအောင်
ဒီဆောင်းပါးကို လီနင် ရေးသားထားတဲ့ Imperialism, the
Highest Stage of Capitalism ဆိုတဲ့ စာအုပ်က ကောက်နုတ်
ထားတာ ဖြစ်ပါတယ်။ အခုရာစုနှစ်မှာ ဂလိုဘယ်လိုက်ဇေးရှင်း တို့၊ ဈေးကွက်စီးပွားရေးစနစ်တို့အကြောင်း ပြောနေချိန်မှာ
ရပ်ရှား ကွန်မြူနစ် တစ်ယောက်ဖြစ်တဲ့ လီနင်ရဲ့ စာကို
ကောက်နုတ် ဘာသာပြန်တဲ့အတွက် အဆန်းလို့ ထင်ကောင်း
ထင်ပါလိမ့်မယ်။ အဓိက ပြန်ရတဲ့ အကြောင်းအရင်းက
ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လွတ်လပ်စွာကုန်သွယ်မှုလိုမျိုး
ကမ္ဘာ့ဈေးကွက်စီးပွားရေးစနစ်ဟာ ဆင်းရဲတဲ့ နိုင်ငံ တွေ
အတွက် ကောင်းကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်ကြောင်း၊
ဒီစနစ်ကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေအတွင်း ချမ်းသာတဲ့
နိုင်ငံတွေက ၀င် ရောက် ရင်းနှီးမြှုပ်နှံတာတွေ လုပ်လာမှာ
ဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်
လာမှာ ဖြစ်ကြောင်း၊ ဆင်းရဲတဲ့ နိုင်ငံက ကုန်ပစ္စည်းတွေကို
ချမ်းသာတဲ့ နိုင်ငံတွေဆီ တင်ပို့လာနိုင်မှာ ဖြစ်ကြောင်း၊ စသဖြင့်
ပညာရှင်နဲ့ သတင်းစာဆရာတချို့ဟာ အမျိုး မျိုး ချီးမွမ်းထောပနာပြု
ရေးသားနေတဲ့အတွက် ဖြစ်ပါတယ်။
ချမ်းသာတဲ့ နိုင်ငံကြီးတွေက ကုမ္ပဏီကြီးတွေ ဗမာနိုင်ငံတွင်း
ဝင်ရောက်ရင်း နှီးမြှုပ်နှံမယ်ဆိုတဲ့ သတင်းကို ကြားရင်ပဲ
သတင်းစာဆရာတချို့ဟာ အားရ၀မ်းသာ ရေးသားကြတယ်။
သတင်းစာမှာ စာလုံးအမည်းကြီး တွေနဲ့ ဖော်ပြတတ်ကြတယ်။
ဒီလို အမြင်တွေနဲ့ မတူတဲ့ တခြားရှုထောင့်ဘက်ကနေ
စဉ်းစားကြည့်ကြစေချင်တဲ့အတွက် အခုဆောင်းပါးကို
ရေးပါတယ်။ ခေတ်ကာလအရ တစ်ချို့သော အယူ
အဆတွေကို မွမ်းမံပြင်ဆင်ပြီး နားလည်သဘောပေါက်အောင်
လုပ်ချင်လုပ်ကြပါ။ လုံးဝ စွန့်ပယ်ပစ်ရမယ့် အယူအဆတော့
မဟုတ်ပါ။
၁။ အရင်း တင်ပို့မှု (The Export of Capital)
ခေတ်ဟောင်း အရင်းရှင်စနစ်မှာ လွတ်လပ်စွာ ပြိုင်ဆိုင်မှုတွေ
ရှိလာတဲ့အခါ ကုန်စည်တွေ တင်ပို့နိုင်မှု (Export of goods)ဟာ
အဓိက လက္ခဏာရပ် ဖြစ်ပါတယ်။ ခေတ်သစ် အရင်းရှင်
စနစ်မှာတော့ ဈေးကွက်လက်ဝါးကြီး အုပ်မှု (Monopolies)တွေ
ပေါ်ပေါက်လာတဲ့အခါ အရင်းတင်ပို့နိုင်မှုဟာ အဓိက
လက္ခဏာရပ် ဖြစ်လာပါတယ်။ အရင်းရှင်စနစ် (Capitalism)ဟာ
အမြင့်ဆုံးအဆင့်အထိ ကုန်ပစ္စည်း ထုတ်လုပ်မှု (commodity
production) ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ လုပ်အား(labor
power)ကိုယ်တိုင်ကလဲ ကုန်ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။
ပြည်တွင်း ကုန်ပစ္စည်းဖလှယ်မှု၊ နိုင်ငံတကာ ကုန်ပစ္စည်း
ဖလှယ်မှုတွေ ဖွံ့ဖြိုးတိုးတက်လာမှုဟာ အရင်းရှင်စနစ်ရဲ့
ထူးခြားတဲ့ ၀ိသေသလက္ခဏာရပ် ဖြစ်ပါတယ်။ လုပ်ငန်း
တစ်ခုချင်းစီ၊ စက်မှုလုပ်ငန်းတစ်ခုချင်းစီ၊ နိုင်ငံတစ်ခုချင်းစီရဲ့
ဖွံ့ဖြိုးတိုးတက်မှုမှာ မညီမျှမှုတွေ ရှိနေတာဟာ အရင်းရှင်စနစ်ရဲ့
သဘာဝါပါပဲ။
အင်္ဂလန်နိုင်ငံက တခြားနိုင်ငံတွေထက်အရင် အရင်းရှင်နိုင်ငံ
ဖြစ်လာတာပါ။ ဆယ့်ကိုးရာစု နှစ်လယ်လောက်မှာ
လွတ်လပ်စွာ ကုန်သွယ်မှု(Free Trade)ကို ကျင့်သုံးခဲ့တဲ့
အတွက် နိုင်ငံထုတ် ကုန်ပစ္စည်းတွေကို ကမ္ဘာ့တစ်ဝှမ်းက
နိုင်ငံတွေဆီ တင်ပို့ပြီး၊ အလဲအလှယ်အနေနဲ့ ကုန်ကြမ်းတွေကို
ပြန်ယူတာတွေ လုပ်ပါတယ်။ ဆယ့်ကိုးရာစု ကုန်ခါနီးလောက်
မှာတော့ ဒီလိုမျိုး လက်ဝါး ကြီးအုပ်လို့ မရတော့ပါဘူး။
တခြားနိုင်ငံတွေကလဲ အကောက် အခွန်တံတိုင်း
(Tariff walls)တွေ ကာရန်ခြင်းအားဖြင့် သီးခြားအရင်း
ရှင်နိုင်ငံသစ်တွေအဖြစ် ပေါ်ပေါက်လာပါတယ်။ နှစ်ဆယ်
ရာစုနှစ်မှာ ရေဆူမှတ်ကို ရောက်လာချိန်မှာတော့
လက်ဝါးကြီးအုပ်မှု ပုံစံသစ် တမျိုး ပေါ်လာပါတယ်။
ပထမအချက်- လက်ဝါးကြီးအုပ် အရင်းရှင်နိုင်ငံ
အားလုံးဟာ ဖွံ့ဖြိုးတိုးတက်ပြီး အရင်းရှင်နိုင်ငံတွေ
အဖြစ် ပူးပေါင်းလာတယ်။ ဒုတိယအချက်- အရင်း
စုစည်းမှု (accumulation of capital ဆိုလိုချင်တာ
ကတော့ ငွေကြေးဥစ္စာတွေ အပုံကြီး စုဆောင်း
ထားနိုင်မှုကို ပြောချင်တာပါ) အားကောင်းတဲ့ နိုင်ငံ
အနည်းငယ်ကပဲ လက်ဝါး ကြီးအုပ် အနေအထားကို
ရယူထားနိုင်တယ်။ ဒီတော့ ငွေကြေးအရင်းဟာ
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပဲ တောင်ပုံရာပုံ ဖြစ်လောက်
အောင် ပုံနေတော့တယ်။
ဒီအရင်းရှင်စနစ်က လယ်ယာစိုက်ပျိုးရေးကို တိုးတက်
စေတယ်၊ လူထုရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်
နိုင်တယ်ဆိုရင် အခုလို ဓနဥစ္စာတွေ တောင်ပုံရာပုံ
စုဆောင်းထားမှုအကြောင်းကို ပြောနေမှာ မဟုတ်ပါဘူး။
အခုတော့ နည်းပညာ တိုးတက်မှုတွေ ရှိလာပေမယ့်
လယ်ယာဏ္ဍဟာ စက်မှုလုပ်ငန်းနောက်မှာ နောက်ကျ
ကျန်ခဲ့ သလို လူထုဟာလဲ ဆင်းဆင်းရဲရဲနဲ့ မဖူမလုံ
အသက်မွေးနေရတယ်။ မညီ မျှတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ
စုတ်ပြတ်နေတဲ့ အခြေအနေတွေကို လူထု ကြုံနေရတာဟာ
အရင်းရှင် ကုန်ထုတ်လုပ်မှုပုံစံ (capitalist mode of
production)ရဲ့ အခြေခံအကျဆုံး အကြောင်းတရား
ဖြစ်တယ်။ အရင်းရှင်စနစ်က ဒီအတိုင်း စခန်းသွားနေ
သရွေ့တော့ ငွေပိုတွေ (surplus capital အလွန်အကျူး
ဓနဥစ္စာ စုဆောင်းထားနိုင်မှုကြောင့် ပိုနေတဲ့ အရင်းတွေကို
ဆိုလိုတာပါ) လူထုရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာ
ရေးအတွက် ဘယ်တော့မှ သုံးမှာ မဟုတ်ဘူး။ ဒီလို
သုံးမယ်ဆိုရင် အရင်းရှင်တွေ ရမယ့် အမြတ်အစွန်းတွေ
(profits) လျော့ပါးသွားမှာကိုး။ ဒီတော့ ဒီအရင်းတွေကို
ဖွံ့ဖြိုးမှု နောက်ကျ ကျန်ရစ်တဲ့ နိုင်ငံတွေဆီ အရင်းအဖြစ်
တင်ပို့ခြင်းအားဖြင့် (၀င်ရောက် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့်)
မြတ်သထက် မြတ်အောင်၊ အမြတ်အစွန်းရသထက်
ရလာအောင် အသုံးပြုကြလိ့မ်မယ်။ ဒီလိုမျိုး ဖွံ့ ဖြိုးမှု
နောက်ကျတဲ့ နိုင်ငံတွေ(backward countries)မှာက
အရင်းအနှီးမြှုပ်နှံနိုင်မှုကလဲ မရှိသလောက် ရှားပါး၊
မြေယာတန်ဖိုးကလဲ အင်မတန်မှာ သက်သာပြန်၊
လုပ်ခလစာကလဲ နိမ့်ပါးပြန်ဆိုတော့ အမြတ်အစွန်း ပိုရတာပေါ့။
၂။ အရင်းရှင်နိုင်ငံတွေရဲ့ ကမ္ဘာဝေပုံခွဲမှု (Division of World Among Capitalist Combines)
အရင်းရှင် နိုင်ငံတွေချင်း ပူးပေါင်းလာတဲ့အခါ အရင်းရှင်
နိုင်ငံတွေဟာ တခြား နိုင်ငံတစ်ခုရဲ့ ပြည်တွင်းဈေးကွက်
တစ်ခုလုံးကို သူတို့ အချင်းချင်းကြားမှာ ဝေစုခွဲလာတယ်။
ဒီနိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေ အပေါ်မှာလဲ အနည်းနဲ့အများ
ဆိုသလို ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်လာကြတယ်။ အရင်းရှင်စနစ်မှာက ပြည်တွင်းဈေးကွက်က နိုင်ငံတကာ
ဈေးကွက်နဲ့လည်း ချိတ်ဆက်ထားတာကိုး။ ဒီတော့ အရင်း
အနှီးတင်ပို့နိုင်မှု (ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတွေမှာ
သွားရောက်ရင်းနှီးမြှုပ်နှံနိုင်မှု) တိုးတက်လာလေ၊
အချင်းချင်း ပူးပေါင်းထားကြတဲ့ လက်ဝါကြီးအုပ်
အရင်းရှင်နိုင်ငံကြီးတွေရဲ့ သြဇာစက်(spheres of
influence) ပိုကျယ်ပြန့်လာလေ၊ သူတို့တွေကြားမှာ
နိုင်ငံတကာ သဘောတူညီချက်တွေ ရယူတာမျိုး
နိုင်ငံတကာ လက်ဝါးကြီးအုပ် စီးပွားရေးပုံစံကို
ပုံဖော်လာတာမျိုးတွေဆီ ဦးတည်သွားလေ ဖြစ်လာ
တာဟာ သဘာဝပါပဲ။
အရင်းရှင်နိုင်ငံတွေက အခုလို ကမ္ဘာကို ဝေပုံကျပိုင်း
ခွဲဝေမှုဟာ တစ်စုံတစ်ရာသော မကောင်းစိတ်ကြောင့်
လုပ်တာတော့ မဟုတ်ပါဘူး။ ဓနဥစ္စာ စုပုံနေမှုကိုယ်တိုင်ကပဲ
အမြတ်အစွန်းရဖို့ဆိုရင် လက်ဝါးကြီးအုပ် စီးပွားရေးပုံစံတွေ
ကျင့်သုံးဖို့ သူတို့ကို တွန်းပို့နေတာ ဖြစ်ပါ တယ်။ ဒီလို
လက်ဝါးကြီးအုပ်ခွဲဝေမှုဟာ သူတို့ပိုင်တဲ့ “အရင်း” အချိုး
အစားအလိုက်၊ သူတို့ရဲ့ “အင်အား”အတိုင်းအတာအလိုက်
ခွဲဝေကြ တာပါ။ အင်အားဆိုတာမှာ စီးပွားရေး နဲ့ နိုင်ငံရေးဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်မှုအလိုက် ကွာခြားမှုတွေ ရှိပါတယ်။
ခေတ်သစ်အရင်းရှင်စနစ်က ကျွန်တော်တို့ကို ဘယ်လိုမျိုး
အချက်တွေကို သဘောပေါက်နားလည်စေသလဲ ဆိုရင်၊
ကမ္ဘာကို စီးပွားရေး အရ ဝေပုံကျခွဲဝေမှုမှာ အခြေခံလို့
အရင်းရှင် မဟာမိတ်နိုင်ငံတွေအချင်းချင်းကြားမှာ
ဆက်ဆံရေးတွေ တည်ဆောက်လာတယ်။ ဒါနဲ့
တပြိုင်နက်တည်းမှာပဲ၊ ကိုလိုနီနယ်တွေ ရရှိရေးနဲ့
စီးပွားရေး နယ်နမိတ် ရရှိရေးအတွက် ကမ္ဘာမြေ
နယ်နမိတ်ကို ဝေပုံကျခွဲဝေလာတယ်။ ဒီနည်းအားဖြင့်
နိုင်ငံရေး မဟာမိတ်ဖွဲ့မှု၊ အစိုးရချင်းကြား ဆက်ဆံရေး
တည်ဆောက်မှုတွေ ပေါ်ပေါက်လာတယ်။
၃။ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့်ဟာ နယ်ချဲ့စနစ်
ဒီတော့ အနှစ်ချုပ်ကြရအောင်။ နယ်ချဲ့စနစ်(Imperialism)ဟာ
အရင်းရှင်စနစ်ရဲ့ အခြေခံလက္ခဏာရပ်တွေ ဖွံ့ ဖြိုးတိုးတက်
လာမှု၊ တဆက်တစပ်တည်း တိုးတက်လာမှုကြောင့်
ပေါ်ပေါက်လာတာပါ။ အရင်းရှင်စနစ်ရဲ့ အခြေ ခံလက္ခဏာ
ရပ်တွေဟာ ဆန့်ကျင်ဘက် အနေအထားတွေဆီ ကူးပြောင်း
သွားချိန်မှာ၊ တစ်နည်းအားဖြင့် အရင်း ရှင်စနစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု
အမြင့်ဆုံးအနေအထားတစ်ခုကို ရောက်လာတဲ့အချိန်မှာ
အရင်းရှင်စနစ်ကနေ အရင်းရှင် နယ်ချဲ့စနစ်ကို ကူးပြောင်း
သွားတာ ဖြစ်ပါတယ်။ စီးပွားရေးအရဆိုရင် နယ်ချဲ့ စနစ်ကို
ပြောင်းလဲလာချိန်မှာ “အရင်းရှင်တွေကြား လွတ်လပ်စွာ
ပြိုင်ဆိုင်မှု”ကို “အရင်းရှင် လက်ဝါးကြီးအုပ်မှုစနစ်”နဲ့
အစားထိုးလာ တယ် ။ လွတ်လပ်စွာ ပြိုင်ဆိုင်မှု
(Free competition)ဟာ အရင်းရှင်စနစ်ရဲ့
အခြေခံကျတဲ့ ၀ိသေသလက္ခဏာရပ်ပဲ။ လက်ဝါးကြီးအုပ်မှု
ဆိုတာကတော့ လွတ်လပ်စွာ ပြိုင်ဆိုင်မှုရဲ့ ဆန့်ကျင်ဘက် မဟုတ်လား။
လွတ်လပ်စွာ ပြိုင်ဆိုင်မှုကနေ လက်ဝါးကြီးအုပ်မှုဆီကို
အသွင်ပြောင်းသွားတာဟာ ကျွန်တော်တို့ မျက်စိရှေ့မှာတင်
ဖြစ်ပျက်နေတာ မဟုတ်လား။ အငယ်စား စက်မှု လုပ်ငန်းတွေကို
အကြီးစား စက်မှုလုပ်ငန်းတွေနဲ့ အစား ထိုးလာပြီး၊ အကြီးစား
စက်မှု လုပ်ငန်းတွေကို တော့ ပိုမို ကြီးမားတဲ့ စက်မှု
လုပ်ငန်းတွေနဲ့ အစားထိုးလာတယ်။ ဒီနည်းအားဖြင့်
တစတစနဲ့ ကုန်ထုတ်လုပ်မှုနဲ့ ငွေကြေးအရင်းဟာ
စုပုံလာပြီးတော့ လက်ဝါးကြီးအုပ်မှု ပေါ်ပေါက်လာတယ်။
လက်ဝါးကြီးအုပ်မှုဟာ အရင်းရှင်စနစ်ကနေ ပိုမိုအဆင့်မြင့်တဲ့
စနစ်တစ်ခုဆီ ကူးပြောင်းမှုပဲ။ နယ်ချဲ့စနစ်ကိုပဲ အတိုဆုံး
အဓိပ္ပါယ်ဖွင့်ပြရရင်တော့ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီး
အုပ်အဆင့် (monopoly stage of capitalism)ပဲ။
ဘဏ္ဍာရေး အရင်းမှာဆိုရင် ဘဏ်ကြီး အနည်းငယ်လောက်
ကပဲ လက်ဝါးကြီး အုပ်ထားတာ မဟုတ်လား။ ဒီဘဏ်တွေဟာ
ကုန်ထုတ်လုပ်မှု လုပ်ငန်းမှာ လက်ဝါးကြီးအုပ်ထားနိုင်တဲ့
လုပ်ငန်းစုတွေနဲ့ ပူးပေါင်းလာတယ်။ ကိုလိုနီမူဝါဒကလဲ
အရင်းရှင်နိုင်ငံ တွေ မသိမ်းပိုက်ရသေးတဲ့ နယ်မြေတွေကို
သိမ်းပိုက်ဖို့ ကြိုးစားတဲ့ ကိုလိုနီမူဝါဒကနေ အပြီးပိုင်
နယ်နမိတ် ခွဲဝေပြီးသား၊ ကမ္ဘာမြေ နယ်နမိတ်တစ်ခုလုံးကို
လက်ဝါးကြီးအုပ်ထားတဲ့ ကိုလိုနီမူဝါဒဘက်ကို ပြောင်းလဲသွားတယ်။
နယ်ချဲ့စနစ်ကို အောက်က လက္ခဏာရပ်တွေနဲ့ သတ်မှတ်ချင်ပါတယ်။
၁။ ကုန်ထုတ်လုပ်မှုနဲ့ ငွေကြေးအရင်းဟာ အတိုင်းအတာတစ်ခုအထိ
စုပြုံလာတဲ့အခါမှာ လက်ဝါးကြီးအုပ်မှုကို ဖန်တီးပေးလာတယ်။
၂။ ဘဏ်တွေရဲ့ ငွေကြေးအရင်းဟာ စက်မှုလုပ်ငန်းတွေရဲ့ ငွေကြေး
အရင်းနဲ့ ပေါင်းစည်းလာပြီး “လူအနည်းစုကပဲ ဘဏ္ဍာရေး လက်ဝါး
ကြီးအုပ်မှု(financial oligarchy)” ပေါ်ပေါက်လာတယ်။
၃။ (ခေတ်ဟောင်း အရင်းရှင်စနစ်နဲ့ မတူတော့တာက) ကုန်ပစ္စည်း
တင်ပို့နိုင်မှုထက် ငွေကြေးအရင်းအနှီး တင်ပို့နိုင်မှုဟာ အင်မတန်
အရေးကြီးလာတယ်။
၎။ သူတို့အချင်းချင်းကြားမှာ ကမ္ဘာကို ဝေပုံကျ ခွဲဝေထားတဲ့ နိုင်ငံတကာ
အရင်းရှင်တွေရဲ့ လက်ဝါးကြီးအုပ်ပုံစံတစ်ရပ် ပေါ်ပေါက် လာတယ်။
၅။ အရင်းရှင်နိုင်ငံကြီးတွေကြားမှာပဲ ကမ္ဘာတစ်ခုလုံးကို အဆုံးသတ်
နယ်မြေခွဲဝေပိုင်းခြားမှုတွေ လုပ်ပြီးသွားပြီ။
ဘဏ္ဍာရေး လက်ဝါးကြီးအုပ်မှုမှာဆိုရင် ကမ္ဘာနိုင်ငံတွေရဲ့ စီးပွားရေးမှာ
ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေတာကို ဖြေ ရှင်းပေးတာထက် ကွာဟမှုကို
ပိုကြီးလာစေတယ်။
(Conflict After the Cold War, Arguemnts on Causes of War and Peace By Richard K. Betts စာအုပ်ကနေ ကောက်နုတ်ထား ပါတယ်။)

No comments:
Post a Comment