Wednesday, July 26, 2017

ဒီမိုကရက်တိုက်ဇေးရှင်း

Written By ဥာဏ်မျိုးအောင်

ဘာသာရပ်ထဲမှာ Democratizationကို ဖတ်ရတာ စိတ်မ၀င်စားဆုံး၊
အပျင်းဆုံးပဲ။ ဒါပေမင့် ဒီမှာတော့ ဒီအကြောင်းအရာကိုပဲ မကြားချင်
အဆုံး ပြောနေ၊ ရေးနေကြတော့ အနည်းအကျဉ်းလောက်တော့
ဖတ်ကြည့်ဖြစ်တယ်။ မနှစ်က ဆရာတယောက် ပြောတာ အမှတ်
ရတယ်။ ရှမစ်ထာနဲ့ တွေ့တော့ ဆရာက ရှမစ်ထာတို့ သုတေသနပြု
aရးသားထားတဲ့ စာအုပ်က ဗမာပြည်အတွက် စောင်းရေး ထားသလား
ထင်မှတ်ရကြောင်း ပြောပါတယ်။ Transitions from Authoritarian
Rule: Tentative Conclusions about Uncertain Democracies
(O’Donnell and Philippe C. Schmitter) စာအုပ်ကို ဖတ်ကြည့်တော့
ဗမာနိုင်ငံရေးမှာ ကပြမယ့် ပြဇာတ်အတွက် ကြိုရေးထားတဲ့
ဇာတ်ညွှန်းတပုဒ်လား အောက်မေ့ရတယ်။ အောက်က ကောက်နုတ်
ချက်တွေကို အမြည်းသဘော ဖတ်ကြည့်ပါခင်ဗျား။

*အာဏာရှင် အုပ်ချုပ်ရေးစနစ်ကနေ မသေချာ မရေရာတဲ့ “(အုပ်ချုပ်ပုံစနစ်)
တစုံတရာ”ဆီ ကူးပြောင်းမှုကို ရေးထားပါတယ်။ ယင်းတစုံ တရာဆိုတာ
အရည်အသွေး မပြည့်ဝတဲ့ နိုင်ငံရေးပိုင်း ဒီမိုကရေစီ (Political Democracy)
ဖြစ်နိုင်သလို အာဏာရှင် အုပ်ချုပ်ရေးပုံစံ သစ်တခုကို ပြန်လည်ထူထောင်တာ
သို့မဟုတ် ပိုပြီး တင်းကျပ်တဲ့ အာဏာရှင် အုပ်ချုပ်ရေး စနစ်တခုကို ထူထောင်
တာလဲ ဖြစ်နိုင်ပါ တယ်။

*ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အာဏာရှင် အုပ်ချုပ်ရေးသမားတွေဟာ
သူတို့ရဲ့ တရားဝင် ရပ်တည်နိုင်ရေးအတွက် အခုနေချိန်ခါမှာ အာဏာရှင်ပုံစံ
အုပ်ချုပ်မှုနဲ့ ဖိနှိပ်မှုတွေကို ကျင့်သုံးပြီးတော့ တဖက်ကလဲ အနာဂတ်ကာလမှာ
 ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်မှု ထွန်းကားရေးကို ကတိတွေ ပေးနေပါတယ်။
အဲဒါကိုက သူတို့ဟာ (ယာယီ) အကူးအပြောင်းကာလ အစိုးရသာ ဖြစ်တယ်
ဆိုတာ ပေါ်လွင်ပါတယ်။ ကမ္ဘာအနှံ့ ပြန့်နေတဲ့ ခေတ်ပြိုင် အတွေးအခေါ်
တွေနဲ့ ပြည်တွင်းက လူထုရဲ့ ပြည်သူဗဟိုပြု အချုပ်အခြာအာဏာ
(Popular Soverei-gnty) ရှိရေး တောင်းဆိုမှုတွေက အာဏာရှင်
အုပ်ချုပ်ရေးအပေါ် ပိုပြီး ကန့်သတ်မှုတွေ ဖြစ်လာစေပါတယ်။

*ယခင် အုပ်ချုပ်သူတွေဟာ အမာသမားနဲ့ အပျော့သမားဆိုပြီး အုပ်စုနှစ်ခု
ဖြစ်လာတတ်ပါတယ်။ အမာအုပ်စုမှာလဲ အုပ်စုငယ်တွေမျိုးစုံ ပါဝင်ပါတယ်။
အမာအုပ်စုဘက်က တချို့တွေဟာ အာဏာရှင် အုပ်ချုပ်ရေးကို သူတို့
အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် လက်ခံထား သူတွေ ဖြစ်ပြီး
တချို့တွေကတော့ ဒီမိုကရေစီစနစ်ကို အူထဲအသည်းထဲကကို ငြင်းဆို
လက်မခံသူတွေပါ။ အချိန်ကာလကို လိုက်လို့ (အမာအုပ်စုက) အခွင့်အရေး
သမားတွေကို (အတိုက်အခံဘက် ပါလာအောင်) ၀ယ်ဖို့ စဉ်းစားဆုံးဖြတ်
ရတာဟာ နိုင်ငံရေးစနစ် ကူးပြောင်းမှုရဲ့ လုပ်ငန်း တစ်ရပ်ပါပဲ။

*အပျော့သမား အုပ်စုဟာ သူတို့တွေ အခုနေခါ အရေးပါတဲ့ နေရာတွေကို
ပိုင်ဆိုင်ထားတဲ့ အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ရေရှည် တရားဝင်ဖို့
အတွက်ဆိုရင် အတိုက်အခံ အုပ်စုဘက်က (အာဏာရှင် အုပ်ချုပ်သူတွေနဲ့
ညှိနှိုင်းလိုတဲ့ သဘောထားရှိတဲ့) အလယ်အလတ် ၀ါဒီတွေနဲ့ နိုင်ငံတကာ
အမြင်မှာ လက်ခံနိုင်လောက်တဲ့ လွတ်လပ်ခွင့်တွေ ခွင့်ပြုပြီးတော့
ရွေးကောက်ပွဲကနေ တရားဝင်မှုကို ဆက်လက် ရယူနိုင်ဖို့ပါ။ ဒီအပျော့
သမား အစုမှာလဲ လူမျိုးစုံ ပါပါတယ်။ တချို့တွေက အာဏာရှင်
အုပ်ချုပ်ရေးကနေ သူတို့ လိုချင်တာတွေ ရပြီးလို့ ပုဂ္ဂလိက (ပိုင်ဆိုင်
မှုတွေကို) နှစ်သက်ခံစားမှုပဲ လုပ်နေချင်သူတွေ ဖြစ်ပါတယ်။
တချို့တွေကတော့ လွတ်လပ်မှုကို အကန့်အသတ်နဲ့ ခွင့်ပြု ပြီးတော့
လက်ရှိရာထူးနဲ့ အခွင့်ထူးခံ အနေအထားတွေကို ဆက်လက်
ကာကွယ်ချင်သူတွေ ဖြစ်ပါတယ်။ တချို့တွေကတော့ အသစ်ဖြစ်
ထွန်းလာမယ့် အုပ်ချုပ်ရေးမှာ ရွေးကောက်တင်မြှောက်ခံ
ရာထူးတွေကို လိုလားလို့ ဖြစ်ပါတယ်။

*စနစ်အကူးအပြောင်းကာလမှာ အာဏာပြန်သိမ်းမှာ ကြောက်တဲ့
ကြောက်ရွံ့မှုတွေ ရှိပါတယ်။ ဒါက ယုံတမ်း စကားသက်သက် မဟုတ်
ပါဘူး။ ပဋိပက္ခတွေနဲ့ မသေချာမှုတွေ ပြင်းထန်လာတဲ့အခါမှာ နိုင်ငံရေး
ဒီမိုကရေစီကနေ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးထဲ ထိုးကျသွားမှာ
ကြောက်တဲ့ အမာအုပ်စုတွေက တချိန်က ရွှေထီးဆောင်း ကာလ
တွေဖြစ်တဲ့ ငြိမ်ဝပ်ပိပြားရေး၊ လူမှုအေးချမ်း တည်ငြိမ်ရေးနဲ့ အမိန့်ကို
ရိုသေလေးစားရေးတွေ ပြန်လှည့်ဖို့ အစွမ်းကုန် လုပ်တတ်ကြပါတယ်။

*ဒီလို အာဏာသိမ်းမှာ ကြောက်ရွံ့မှုက အတောင်အလက်စုံတဲ့ (အရည်
အသွေးမှီ) ဒီမိုကရေစီစနစ်ကို တောင်းဆိုနေသူတွေကို ရွေးချယ်မှုဆိုင်ရာ
အခက်အခဲတွေ ဖြစ်စေတတ်ပါတယ်။ ဒီတော့ ရေရှည်မှာ ကိုယ့်ရဲ့ အဓိက
မဟာမိတ် ဖြစ်လာမယ့် အုပ်စုတွေက (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
ပညာရေး) ပြဿနာတွေကို နိုင်ငံရေးဘောင် သွတ်သွင်းပြီးတော့
လူမှုတက်ကြွလှုပ်ရှားမှုတွေ လုပ်လာတာကို တားမြစ်ဖို့ ဒါမှမဟုတ်
အားမပေးဖို့ လုပ်နိုင်ပါတယ် ။ သူတို့တွေ (တားမြစ်သူတွေ)က
(ဒီတက်ကြွလှုပ်ရှားမှုတွေက) အာဏာသိမ်းလိုသူတွေအတွက်
အကြောင်းပြချက်ကောင်း ဖြစ်သွားမှာ ကြောက်ကြပါတယ်။
တကယ်တော့ ဒီလိုမျိုး အလွန်အကျူး မျှော်ပြီး ကြောက်လို့
(တားမြစ်တာ အားမပေးတာ) လုပ်ရင်လဲ အာဏာသိမ်းရေး
ထောက်ခံနေသူတွေက အာဏာ မသိမ်းရဘဲနဲ့တောင် သူတို့
ရည်ရွယ်ချက် ပြည့်တာမျိုး ဖြစ်ပါလိမ့်မယ်။ စနစ်ကူးပြောင်းမှုဟာလဲ
(လွတ်လပ်ခွင့် အနည်းအကျဉ်း) ဖြေလျော့ရေးမှာတင် တန့်နေပြီး
အတိုက်အခံတွေကြားမှာ အကွဲအပြဲနဲ့ ပန်းတိုင်ေ၀၀ါးမှုတွေနဲ့
အဆုံးသတ်ရပါလိမ့်မယ်။

*ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် သွတ်သွင်းနိုင်ရင်တော့
(အတိုက်အခံဘက်က) အပျော့သမား အုပ်စုဟာ အမာသမား အုပ်စု
ဘက်က သစ္စာဖောက်လို့ စွပ်စွဲမှုဘေးက လွတ်ကင်းနိုင်ပြီး တိုင်းပြည်ကို
ဂုဏ်ယူထိုက်တဲ့ အနာဂတ်ဆီ ဦးဆောင်ပေးနိုင်တဲ့အတွက် သမိုင်းက
မှတ်တမ်းတင် ဂုဏ်ပြုပါလိမ့်မယ်။

*(အတိုက်အခံဘက်က) အပျော့သမားအုပ်စုဟာ ရာထူးကြီးပြီး
ပရော်ဖက်ရှင်နယ် ပီသသူ စစ်ဘက်အရာရှိတွေကို ရှာဖို့ လိုပါတယ်။
ဒီအရာရှိတွေက စနစ်အပြောင်းအလဲက တပ်အတွက် ကောင်းမွန်
စေတယ်လို့ ယုံကြည်တာကြောင့် စနစ်အပြောင်းအလဲကို ထောက်ခံ
နိုင်ပါတယ်။ အာဏာသိမ်းတာတွေ လုပ်ရင် (စနစ်အပြောင်းအလဲကို
ထောက်ခံတဲ့) တပ်အာင်အားစုရဲ့ အင်အားကို ဆန့်ကျင်တွန်းလှန်ပြီး
တော့မှ သိမ်းနိုင်တဲ့ အနေအထားမျိုး ဖြစ်ရပါမယ်။ ဒါဆိုရင် အာဏာ
သိမ်းရေးဟာ အောင်မြင်မယ် မအောင်မြင်မယ် မသေချာတဲ့ စွန့်စား
ရမှု ဖြစ်ပါလိမ့်မယ်။ တပ်ထဲမှာလဲ နိုင်တဲ့ မြင်းကို တက်စီးမယ့်
အခွင့်အရေးသမားတွေ ရှိပါတယ်။

*(အာဏာရှင် အုပ်ချုပ်သူဟောင်းတွေနဲ့ ညှိနှိုင်းပြီးတော့
ပဋိညာဉ်တရပ် ပြုရာမှာ အောင်မြင်ဖို့အတွက်) ခေါင်းဆောင်နဲ့
ခေါင်းဆောင်ရဲ့ နန်းတောင်စောင့် ဘော်ဒီဂတ်တွေဟာ အပျော့
အုပ်စုကို သစ္စာစောင့်ဖို့ လိုပြီး အရင်က ကိုယ့်မဟာမိတ်ဖြစ်တဲ့
 အမာသမားတွေကို ကစားကွင်းထဲနေ ထုတ်ပယ်ပစ်ရပါမယ်။
သက်ဆိုင်ရာ မဲဆန္ဒနယ်တွေကို ကိုယ်စားပြု ထိန်းနိုင်စွမ်းရှိတဲ့
ထင်ပေါ်သူတွေကို ရှာဖွေကာ စွမ်းရည်မြှင့်ပေးပြီး ပဋိညာဉ်မှာ
သဘောတူထားထဲ့ စည်းမျဉ်းတွေအရ နိုင်ငံရေး ကစားကွင်းမှာ
ပြိုင်မယ်ဆိုတာ ယုံကြည်အောင် လုပ်ရ ပါတယ်။ ပဋိညာဉ်မှာ
ပါတာတွေက မူဝါဒ ရွေးချယ်မှုတွေကို ကန့်သတ်ထားတာမျိုး၊
အကျိုးအမြတ်တွေကို အချိုးကျ ခွဲဝေတာမျိုး၊ ဆုံးဖြတ်ချက်
ချနိုင်ခွင့်နေရာမှာ (ပဋိညာဉ်) ပြင်ပက လူတွေ မရောက်လာအောင်
တင်းကျပ်ထားတာမျိုးတွေ ပါဝင်ပါတယ်။ ဒီလို သဘော တူတာတွေ
လုပ်ပြီးရင်တော့ (ပြဿနာတရပ်ရပ်ကို ဖြေရှင်းရာမှာ) စစ်တပ်
ပါဝင်စွက်ဖက်မှုနဲ့ လူထု တက်ကြွလှုပ်ရှားမှုလိုမျိုးတွေ မလုပ်ဖို့
သဘောတူပါတယ်။

*ပုဂ္ဂလိက လွတ်လပ်မှု ကူးလူးဆက်ဆံမှုနဲ့ ဈေးကွက် ချိတ်ဆက်မှု
အားကောင်းလာတာနဲ့အမျှ အရင်က ပဋိညာဉ်အရ သဘောတူညီချက်
ရယူထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်စုဟာ ကိုယ့်နောက်လိုက်တွေကို
ထိန်းထားဖို့ ခက်ခဲလာပါတယ်။ အသင်းအပင်း အဖွဲ့ဝင်တွေဟာ
ကိုယ်ပိုင် လွတ်လပ်ခွင့် ပြဌာန်းနိုင်ခွင့်ကို ပိုတောင်းဆို လာကြပါတယ်။
အုပ်စုအသစ်တွေလဲ ဖွဲ့စည်းလာကြပါလိမ့်မယ်။ ပဋိညာဉ် သဘော
တူချက်မှာ မပါတဲ့ ပါတီတွေ အင်အားကောင်းလာနိုင်ပြီး ပါလီမန်နဲ့
အစိုးရဖွဲ့ရေးကို အဖျက်သဘော စတင်လုပ်ဆောင် လာနိုင်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ ဟိုဘက် ဒီဘက် ထိပ်သီးခေါင်းဆောင်
တွေချင်း (ကွက်ကွက်လေး တွေ့ပြီး) သဘောတူထားမှုကို
ဆက်ထိန်းထားဖို့ ခက်ခဲလာပါတယ်။

*(ပဋိညာဉ်ပါ အဖွဲ့တွေရဲ့) အဖွဲ့ဝင်တချို့ဟာ ပဋိညာဉ် ပြင်ပက
လူတွေနဲ့ မဟာမိတ်ဖွဲ့တာ သူတို့နောက်လိုက် တွေကို တက်ကြွ
လှုပ်ရှားမှုမှာ ပါဝင်စေတာမျိုးတွေ ရှိနိုင်ပါတယ်။ တချို့တွေက
 အာဏာရှင် အုပ်ချုပ်ရေးသမားတွေ ကန့်သတ်ထားတဲ့ အကန့်
အသတ်တွေကို စတင် သွေးတိုးစမ်းလာပါတယ်။ နှစ်ကာလ
အတော်ကြာအောင် ပိတ်ပင်တားမြစ် ခံထားရပြီးမှ ဒီလိုမျိုး
အများပြည်သူသိ ထုတ်ဖော်ပြောဆို လာနိုင်ခြင်းဖြင့်
လူတွေရဲ့ ဘုံသဘောတူ စိတ်ကူးတွေ၊ အတွေးတွေကို
ရှာတွေ့လာပါတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်း တခုလုံးကို
တစတစ နိုင်ငံရေး ဘောင်ထဲ ပြန်လည်သွတ်သွင်းနိုင်ဖို့
အထောက်အကူ ပြုပါတယ်။ အရင်က နိုင်ငံရေးပါတီတွေ
ပြန်ပေါ်လာတာ အသစ်တွေ ပေါ်လာတာမျိုး၊ အရင်က
ပိတ်ပင် တားမြစ်ထားတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ
ရုတ်တရက် ပြန်ပေါ် လာတာမျိုး အသိပညာရှင် အတတ်
ပညာရှင် အသင်းအဖွဲ့တွေ ပြန်လည်ဖွဲ့စည်းပြီး အာဏာရှင်
အုပ်ချုပ်ရေးကို ဝေဖန်ထောက်ပြတာမျိုး၊ အနုပညာရှင်
ဂီတပညာရှင် ပြဇာတ် ဆရာ သရော်စာ ဆရာတွေကလဲ
သရော်ရေးသားပြတာမျိုးတွေ တစတစ အားကောင်းလာပြီး
(အာဏာရှင် အုပ်ချုပ်ရေးကိုဆို) ပြည့်ရှင် မင်းကြီး
ကိုယ်လုံးတီး ဖြစ်ကြောင်း စတင်ထင်ရှားလာပါတယ်။

*မထင်မှတ်လောက်အောင် မြန်ဆန်ပြီး အရပ်ဘက် အဖွဲ့အစည်း
အများစု ပါဝင်တဲ့ ဒီအပြောင်းအလဲတွေဟာ ယခင် အာဏာရှင်
အုပ်ချုပ် သူဟောင်းတွေ အာဏာ ဆက်ထိန်းထားဖို့ ခက်ခဲ
လာစေပါတယ်။ အမာသမား အုပ်စုတွေအတွက်လဲ အာဏာ
သိမ်းဖို့အတွက် အကျိုးအ ဆက် ကြီးမားစေပါတယ်။ တချို့သော
စနစ်ကူးပြောင်းမှုတွေ မှာ အကူးအပြောင်းကာလရဲ့ အချိန်တခုမှာ
 လူ့အဖွဲ့အစည်းရဲ့ အလွှာပေါင်း စုံက အတူတကွ ပူးပေါင်းပြီတော့
လူထုအုံကြွမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ကုန်သွယ်ရေး
သမဂ္ဂတွေ၊ အခြေခံနင်းပြား လူထုလှုပ် ရှားမှုတွေ၊ ဘာသာရေး
အစုအဖွဲ့တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ အနုပညာ
ရှင်တွေ၊ စာရေး စာချီတွေ၊ လူ့အခွင့်အရေး သမားတွေ၊
အသက်မွေဝမ်းကြောင်း အသင်းအဖွဲ့တွေ အားလုံးဟာ
ဒီမိုကရေစီစနစ် ပြောင်းလဲရေးအတွက် အချင်းချင်း
ထောက်ခံကူညီပြီး လူထုတရပ်လုံးအသွင် ပေါင်းစည်း
လာပါတယ်။ ဒီလို ပေါ်ထွန်းလာတဲ့ တပ်ဦးက မည်ကာမတ္တ
ဖြေလျှော့မှုနဲ့ တစိတ်တပိုင်းလောက်သာ ဒီမိုကရေစီ
ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဖို့ အင်အားကောင်းကောင်းနဲ့ ဖိအားပေးလာပါတယ်။
ဒီလိုမျိုး အံ့သြဖွယ် ပေါင်းစည်းမှုဟာ အရင် အာဏာရှင်
အုပ်စုထဲက အပျော့သမားတွေကိုသာမက သူတို့နဲ့
မဟာမိတ်တပိုင်းဖြစ်တဲ့ (အတိုက် အခံဘက်က) အလယ်
အလတ်ဝါဒီတွေကိုလဲ စိုးရိမ်ကြောက်လန့်စေပါတယ်။

သူ့စာအုပ်ထဲမှာ ရေးထားတာတွေထဲကမှ တချို့သော
အပိုင်းတွေကို ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စား
သူများကတော့ မူရင်း စာအုပ်ကို ရှာပြီး အပြည့်အစုံ
ဖတ်နိုင်ပါကြောင်း၊ ဒီမိုကရက်တိုက်ဇေးရှင်း လေ့လာဖို့
ဝါသနာပါသူ မိတ်ဆွေသူငယ်ချင်းများလဲ ရှာဖတ်ဖို့
တိုက်တွန်းလိုပါကြောင်း…………………..မိတ်ဆွေအပေါင်း။

No comments:

Post a Comment