Written By ဥာဏ်မျိုးအောင်
(John Rawls ရေးသားတဲ့ A Theory of Justice စာအုပ်မူရင်းကို
မဖတ်ရသေးခင် စာအုပ်ပါ အကြောင်းအရာတချို့ကို မိတ်ဆက်လို့
သဘောထားပြီး အကျဉ်းမျှ တင်ပြပါရစေ။ အောက်ပါ ဆောင်းပါးကို
Dr. Phil Parvinနဲ့ Dr. Clare Chambersတို့ ရေးသားတဲ့ Political
Philosophy, A complete introduction စာအုပ်မှ ကောက်နုတ်
ဘာသာပြန်ပါတယ်။ လူများစု သုခရရေး ပဓာန၀ါဒ Utilitarianismနဲ့ ပတ်သက်လို့ ရောလ်စ်ရဲ့ ဝေဖန်ချက်တွေကိုတော့ ချန်လပ်ထားခဲ့ပါတယ်။
မူရင်းအပြည့်အစုံကို ရှာဖတ်နိုင်ပါ တယ်။)
၁။ အ၀ိဇ္ဇာ ပုဝါ (Veil of Ignorance)
တရားမျှတမှု (Justice)က ဘာလဲဆိုတဲ့ အချက်ကို ကျွန်တော်တို့တွေ
ဘယ်လို ဖော်ထုတ်ကြမလဲ။ ရောလ်စ်ကတော့ မူလအခြေအနေ
(Original position)လို့ ခေါ်တဲ့ အနုမာန မှန်းဆချက် အခြေအနေ
တစ်ခု (Hypothetical situation) ကို စိတ်ကူးကြည့်ခိုင်းပါတယ်။
ကျွန်တော်တို့ စဉ်းစားလို့ ရတာကတော့ မူလအခြေ အနေဆိုတာ
လူ့အဖွဲ့အစည်းရယ်လို့ မရှိသေးခင် အနေအထားတစ်ရပ် ဖြစ်ပါတယ်။
ဒီမူလအနေအထားမှာ ရှိတဲ့ လူတွေဟာ လူ့အဖွဲ့အစည်းမှာ ရှိအပ်တဲ့
တရားမျှတမှုရဲ့ မူတွေဟာ ဘာတွေ ဖြစ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့
အတွက် အတူတကွ စုရုံးကြရပါတယ်။ တစ်နည်းဆိုရရင် သူတို့တွေဟာ
ကမ္ဘာဦးအခြေအနေ (State of Nature) မှာ လူမှုစည်းမျဉ်းစည်းကမ်း
တွေဟာ ဘယ်အချက်တွေ ဖြစ်သင့်ကြောင်း ဆုံးဖြတ်ရမယ့် ပဋိညာဉ်
ချုပ်ဆိုသူတွေ (Contractors)ရဲ့ အနေအထားနဲ့ ဆင်တူပါတယ်။
သူတို့တွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ နေထိုင် ကြရမယ်ဆိုတာ
ကိုတော့ သိထားကြပါတယ်။ ဒါကြောင့်မို့ လူ့အဖွဲ့အစည်းကို ဘယ်လို
ဖွဲ့စည်းထူထောင်သင့်သလဲဆိုတာကို စဉ်းစားဖို့ မလိုတော့ပါဘူး။
သူတို့ စဉ်းစားနေတာက ဘယ်လို တရားမျှတရေး မူတွေကို ဖက်
တွယ်သင့်သလဲ ဆိုတာပါပဲ။
တရားမျှတရေး မူတွေ “သင့်တင့်မျှတမှုရှိရေး (fair)”အတွက် မူလ
အနေအထားမှာ ရှိတဲ့ လူတွေကို သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း၊
တခြားသူတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း အချက်အလက်တချို့
ပေးမသိရဘူးလို့ ရောလ်စ်က သတ်မှတ်ထားပါတယ်။ အချက်အလက်
တချို့ကို ဒီလိုမျိုး ပေးမသိတာ ( Deprivation of knowledge)ကို
(ရောလ်စ်က) အ၀ိဇ္ဇာပုဝါ ဖုံးတယ် (Veil of Ignorance) လို့ ခေါ်
ပါတယ်။ အ၀ိဇ္ဇာပုဝါ ဖုံးခြင်းအားဖြင့် ရောလ်စ် ပေးမသိစေချင်တဲ့
အချက်သုံးချက် ရှိပါတယ်။
၁။ လူမှုအဆင့်အတန်း (Social Status)- လူ့အဖွဲ့အစည်းတွင်းမှာ
နေထိုင်ရတဲ့အခါ လူတစ်ယောက်ဟာ ချမ်းသာမှာလား ဆင်းရဲမှာလား၊
သူကောင်းမျိုးလား အလုပ်သမား လူတန်းစားကလား၊ ခေါင်းဆောင်
ဖြစ်မှာလား အစေခံ ဖြစ်မှာလားဆိုတာကို မူလအနေအထားမှာ
မသိပါဘူး။ အလုပ်တစ်ခု ရရင်လဲ ဒီအလုပ်ဟာ (လူအများ)
အားကျစရာကောင်းတဲ့ အလုပ်လား၊ အထင်အမြင်သေးချင်စရာ
ကောင်းတဲ့ အလုပ်လား၊ ထိပ်ဆုံးမှာလား အောက်ဆုံးအဆင့်မှာလား
ဆိုတာကို (မူလအနေအထားမှာ) လူတစ်ယောက်ဟာ မသိပါဘူး။
၂။ အရည်အချင်း (Talent)- လူတစ်ယောက်ဟာ လူ့အဖွဲ့အစည်းတွင်း
ရောက်ရှိသွားတဲ့အခါမှာ လူတော် ဖြစ်မှာလား လူညံ့ဖြစ်မှာလား၊
သန်စွမ်းသူ ဖြစ်မှလား အားအင်ချိနဲ့သူ ဖြစ်မှာလား၊ ဒါမှမဟုတ်
ဘယ်လို အလုပ်မျိုးမှာ ကျွမ်းကျင် ပိုင်နိုင်မှု ရှိမလဲ ဆိုတာတွေကို
မသိပါဘူး။
၃။ ကောင်းမြတ်မှု အယူအဆ (Conception of the good)-
(စကားချပ်- ဒီနေရာမှာ သုံးတဲ့ the goodကို ကောင်းမြတ်မှုလို့
စကားဖလှယ်ပါရစေ။ ကောင်းမြတ်မှု ဆိုတာမှာ ကိုယ်ကျင့်တရား
အရ ဘယ်လို စံနှုန်းတွေကို ကျင့်သုံးသင့်တယ်၊ ဘယ်လို ဘ၀မျိုးကို
ကျင့်ဝတ် သိက္ခာ ရှိတဲ့ ဘ၀အဖြစ် မှတ်ယူနေထိုင်အပ်တယ်ဆိုတာကို
လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ခံယူထားပုံပါပဲ။) ကောင်းမြတ်မှုနဲ့
ပတ်သက်လို့ လူတစ်ယောက်ရဲ့ ယူဆပုံဆိုတာ ဘယ်လိုမျိုး
ပြုမူနေထိုင်သင့်တယ် ဆိုတာနဲ့ ပတ်သက်လို့ သူရဲ့ စိတ်ကူးစံတွေ၊
ယုံကြည်ချက်တွေပဲ ဖြစ်ပါတယ်။ (လူ့အဖွဲ့အစည်းအတွင်း ရောက်ရှိ
သွားတဲ့အခါမှာ) လူတစ်ယောက်ဟာ ကောင်းမြတ်မှုကို ဘယ်လိုမျိုး
လက်ခံယူဆမလဲ ဆိုတာကို (မူလအနေအထားမှာ) မသိထားပါဘူး။
အ၀ိဇ္ဇာပုဝါကို ဖယ်လိုက်တာနဲ့ ကိုယ်လက်ခံထားတဲ့ ကောင်းမြတ်မှုဟာ
ဘယ်လို ဖြစ်မလဲဆိုတာကို လူတစ်ယောက်ဟာ ကြိုသိမထားပါဘူး။
သင့်တင့်မျှတမှုစံတွေ (Fairness) ရှိဖို့အတွက် အ၀ိဇ္ဇာပုဝါကို
ဘယ်လိုကြောင့် လိုအပ်တာလဲ။ လူတွေဟာ သူတို့ရဲ့ အခြေ
အနေတွေ (လူမှုအဆင့်အတန်း၊ အရည်အချင်း၊ ကောင်းမြတ်မှု
စံတွေ)ကို မသိထားတဲ့ အခြေအနေမျိုးမှာ တရားမျှတတဲ့ မူတွေကို
ပိုပြီးတော့ ရွေးချယ်နိုင်စရာ ရှိတယ်ဆိုတဲ့ စိတ်ကူးကြောင့်ပါပဲ။
ဥပမာ လူနှစ်ယောက်နဲ့ ကိတ်မုန့်တစ်လုံး ရှိတယ်လို့ စဉ်းစား
ကြည့်စမ်းပါ။ လူတစ်ယောက်စီတိုင်းဟာ ကိတ်မုန့် တစ်ပိုင်းစီ
ရမယ်။ ပြီးတော့ လူနှစ်ယောက်လုံးဟာ တတ်နိုင်သမျှ အများဆုံး
လိုချင်ကြတယ်။ ဒီအခြေအနေမျိုးမှာ ကိတ်မုန့်ကို သင့်တင့်မျှတမှု
အရှိဆုံး ခွဲဝေပေးနိုင်ရေး နည်းလမ်းကတော့ တစ်ယောက်ကို
ကိတ်မုန့် လှီးခိုင်းရင် တခြားတစ်ယောက်ကို ကိတ်မုန့်အပိုင်း
နှစ်ခုထဲက သူ့စိတ်ကြိုက်တစ်ပိုင်းကို (ပထမဆုံး) ရွေးယူခွင့်
ပြုဖို့ပါပဲ။ ကိတ်မုန့်ကို ပထမဆုံး ရွေးရသူက အကြီးဆုံးအပိုင်းကို
ရွေးယူလိမ့်မယ်ဆိုတာကို ကိတ်မုန့်လှီးရတဲ့ တစ်ယောက်က
သိထားတယ်။ ဒီတော့ ကိတ်မုန့်ကို တတ်နိုင်သမျှ အညီအမျှ
လှီးနိုင်မှ၊ မျှမျှတတ ထက်ခြမ်းခွဲနိုင်မှ သူ့အတွက် အကျိုးရှိမယ်
ဆိုတာကို ကိတ်မုန့်လှီးရသူက သဘောပေါက် တယ်။ ကိတ်မုန့်
လှီးသူဟာ ဘယ်အပိုင်းကို သူရမလဲ ဆိုတာကို မသိတဲ့အတွက်
သင့်တင့်မျှတမှု အရှိဆုံး လှီးပါတယ်။ တကယ်လို့ ဘယ်အပိုင်းကို
သူရမယ် ဆိုတာကို သိထားရင် သူ့အပိုင်းကို ကြီးအောင်
လှီးပေမပေါ့။
အ၀ိဇ္ဇာပုဝါကို ရောလ်စ် ဖန်တီးထားရခြင်းဟာလဲ အထက်ပါ
စိတ်ကူးမျိုးကြောင့်ပါပဲ။ ကိုယ် ဘယ်လိုလူမျိုး ဖြစ်မယ်ဆိုတာကို
မသိတဲ့အတွက် မူလအနေအထားမှာ ရှိတဲ့ လူတွေဟာ လူအမျိုး
မျိုးကြားမှာ သင့်တင့်မျှတမှု ရှိစေမယ့် တရားမျှတရေး မူတွေကိုေ
ရွေးချယ်ကြပါလိမ့်မယ်။ လူတစ်ယောက်ဟာ အထက်တန်းလွှာ
ဘာသာမဲ့ ၀ါဒီတစ်ဦး ဖြစ်မယ်လို့ သိထားမယ်ဆိုရင် တခြားသူ
တွေနဲ့ ယှဉ်ရင် အထက်တန်းလွှာ ဘာသာမဲ့ဝါဒီတွေဟာ အရင်း
အမြစ်တွေ၊ အခွင့်အရေးတွေ ပိုရစေမယ့် တရားမျှတရေး မူတွေကို
ရွေးချယ် ကောင်း ရွေးချယ်ပါလိမ့်မယ်။ ဒါကြောင့်မို့ အ၀ိဇ္ဇာပုဝါဟာ
လူတွေကို သူတို့တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပေးမသိစေတာ
ဖြစ်ပါ တယ်။ သိထားမယ်ဆိုရင် ကိုယ့်အတွက် ဦးစားပေး
စဉ်းစားတဲ့အခါ တရားမျှတရေး မူတွေဟာ ဘယ်လိုက်မူတွေ
ရှိနေပါလိမ့်မယ်။ ဒီလိုမျိုး ဘယ်လိုမှုတွေ ရှိနေရင် မူတွေဟာ
မျှတမှု ရှိမှာ မဟုတ်တော့ဘူး။ ဒီတော့ မျှတတဲ့ တရားမျှ
တမှုမူတွေ ပေါ်ပေါက်ရေးအတွက် (မူလအနေအထားမှာ ရှိတဲ့)
လူတွေဟာ သူတို့တွေရဲ့ ပုဂ္ဂလိက အနေထား မှန်တွေကို
သိမထားဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် မူလေအနေအထားကနေ တရားမျှတရေး မူတွေ
ထွက်ပေါ်လာဖို့ဆိုတာ တချို့သော လိုအပ်ချက်တွေ ရှိပါတယ်။
သင့်တင့်မျှ တမှု ရှိရေးကို ထိန်းထားနိုင်ဖို့ဆိုတာ လူတိုင်းက
ကိုယ်ကျိုးစီးပွားကို အခြေခံစဉ်းစားဖို့ လိုပါတယ်။ ဆိုလိုချင်တာ
ကတော့ လူတိုင်းဟာ တခြားသူတွေအတွက် မစဉ်းစားဘဲ
ကိုယ့်အတွက်ပဲ စဉ်းစားရမယ် ။ ဒါကြောင့်မို့ ရောလ်စ်က
အခြေအနေတစ်ချို့ကို ထပ်ဖြည့်ထား တယ်။ အဲဒါကတော့
လူတိုင်းဟာ ကိုယ်ကျိုးစီးပွားကို ကြည့်ရမယ် ဆိုတာရယ်၊
လူတိုင်းဟာ ကျိုးကြောင်းကျကျ စဉ်းစားဥာဏ်ရှိရမယ်
ဆိုတာရယ် ပါပဲ။ ဒီတော့ မူလအနေအထားမှာ ရှိတဲ့
လူတွေဟာ သူတို့အတွက် အကောင်းဆုံး ဖြစ်စေမယ့်
အနေအထားကို တွက်ချက် ပြီးတော့ ရွေးချယ်ကြပါလိမ့်မယ်။
ဒီနည်းအားဖြင့် ရွေးချယ်လိုက်တဲ့ မူတွေဟာ သင့်တင့်မျှတမှု ရှိပါလိမ့်မယ်။
ဒီနေရာမှာ အထူးသတိပြုသင့်တာက မူလအနေအထားမှာ
ရွေးချယ်လိုက်တဲ့ မူတွေဟာ တစ်ကိုယ်ကောင်းဆန်မှု (selfishness)နဲ့
ပုဂ္ဂလိကဆန်မှု (individualism)ကို အခြေခံပြီးတော့ ရွေးချယ်
လိုက်တာတွေ မဟုတ်ပါဘူး။ အ၀ိဇ္ဇာပုဝါရဲ့ ဖုံးလွှမ်းမှုအောက်ကနေ
ရွေးချယ်ထားတာတွေပါ။ ကိုယ်ကျိုးစီးပွားအခြေခံတဲ့ ဆင်ခြင်
တုံတရားကို သုံးပြီးတော့ တရားမျှတရေးမူတွေကို စဉ်းစားခိုင်း
မယ်ဆိုရင် လူတိုင်းဟာ ကိုယ့်အတွက် အကျိုးအရှိဆုံး ဖြစ်မယ့်
မူတွေကို တစ်ကိုယ်ကောင်းဆန်ဆန် ရွေးချယ်ကြပါလိမ့်မယ်။
(အ၀ိဇ္ဇာပုဝါကြောင့် သာ မဟုတ်ရင်) အမျိုးသမီးတွေဟာ
အမျိုးသမီးတွေကို အထူးဦးစားပေးတဲ့ မူတွေကိုပဲ ရွေးပါ
လိမ့်မယ်။ အရပ်ရှည်သူတွေကလဲ အရပ် ရှည်သူတွေကို
အထူးဦးစားပေးတဲ့ မူတွေကိုပဲ ရွေးပါလိမ့်မယ်။ ဒါပေမယ့်
အ၀ိဇ္ဇာပုဝါ အုပ်ပြီးမှ ကိုယ်ကျိုး စီးပွား အခြေခံတဲ့ ဆင်ခြင်တုံ
တရားကိုပဲ သုံးခိုင်းမယ်ဆိုရင် ကျွန်တော်တို့တွေဟာ
တစ်ကိုယ်ကောင်းဆန်ဆန် စဉ်းစားတော့မှာ မဟုတ်ပါဘူး။
လူတစ်ယောက်ချင်းစီ တိုင်းရဲ့ ဖြစ်နိုင်ဖွယ်ရာ အနေအထားကို
စဉ်းစားလာပါ လိမ့်မယ်။ ဒီလိုမျိုး စဉ်းစားတာဟာ ကိုယ်ချင်းစာ
တရားရှိဖို့၊ ကြင်နာတတ်ဖို့၊ သင့် တင့်မျှတမှုရှိဖို့ကို အားပေးပါတယ်။
ဆိုတော့ကား သင့်တင့်မျှတတဲ့ ရလဒ်ပေါ်ပေါက်ဖို့ တချို့သတင်း
အချက် အလက်တွေကို ပေးမသိဖို့ လိုပါတယ်။ ဒါပေမယ်လို့ အ၀ိဇ္ဇာ
ပုဝါဟာ (လူတစ်ယောက်ရဲ့) အဆင့်အတန်း၊ အရည်အသွေးနဲ့
ကောင်းမြတ်မှု ခံယူချက်တွေကို ဘာကြောင့် ဖုံးကွယ်ထားသင့်
တာလဲ။ အကြောင်းကတော့ ရှင်းပါတယ်။ ဒီလို ဖုံးကွယ်ထားရတာက
လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု (freedom and equality)လိုမျိုး အဓိက
လစ်ဘရယ် တန်ဖိုးတွေကို ထင်ပေါ်စေချင်လို့ ဖြစ်ပါတယ်။ လူတစ်
ယောက်ဟာ လွတ်လပ်ပြီး တန်းတူညီမျှမှု ရှိတယ်ဆိုတာကို ပုံဖော်
ချင်လို့ ဖြစ်ပါတယ်။
(လူတစ်ယောက်ရဲ့) အရည်အသွေးနဲ့ အဆင့်အတန်းတွေကို ဖုံးကွယ်
ထားခြင်းအားဖြင့် အ၀ိဇ္ဇာပုဝါဟာ တန်းတူညီမျှရေးကို ကာကွယ် ပေး
ထားပါတယ်။ ရောလ်စ် အလိုအရတော့ အရည်အသွေးနဲ့ အဆင့်
အတန်းတွေဆိုတာ တန်းတူမညီမျှမှု (Inequality)ဖြစ်ရခြင်းရဲ့
အဓိက ပုံစံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အရည်အသွေးဆိုတာ
လူ့အဖွဲ့အစည်းက တန်ဖိုးထားတဲ့ တစ်စုံတစ်ရာကို ရည်ညွှန်းပါတယ်။
ဥာဏ်ပညာ ထက်မြက်တာမျိုး၊ အင်အားသန်စွမ်းတာ သို့မဟုတ်
ဆိုတတ် ကတတ်တာ ဒါမှမဟုတ် စတော့ဈေးကွက်ကို ကစား
တတ်တဲ့ အရည်အချင်းမျိုးပါ။ တချို့လူတွေမှာ ရင်းမြစ်တွေ
သို့မဟုတ် အခွင့်အလမ်းတွေ ပိုများနေရတဲ့ အကြောင်းရင်း
တစ်ရပ်ကတော့ လူ့အဖွဲ့အ စည်းမှာ တန်ဖိုးထားခံရတဲ့ တချို့သော
အရာတွေကို လုပ်ဆောင်ရာမှာ သူတို့တွေက ပိုကျွမ်းကျင်ကြတဲ့
အတွက် ဖြစ်ပါတယ်။
အဆင့်အတန်းကတော့ တန်းတူမညီမျှမှု ဖြစ်ရခြင်းရဲ့ နောက်ထပ်
အဓိက အချက်တစ်ချက်ပါပဲ။ လူတန်းစားစနစ်မှာ လူတစ်ယောက်
ရောက်ရှိတဲ့ လူတန်းစား အနေအထားဟာ ပညာရေး၊ အလုပ်အကိုင်၊
နေစရာစတဲ့ အခွင့်အလမ်းတွေအပေါ်မှာ သက်ရောက်နိုင်စွမ်း
ရှိပါတယ်။ လိင် သို့မဟုတ် လူမျိုးရေး အခြေခံထားတဲ့ စနစ်မှာ
လူတစ်ယောက် ဖြစ်ရှိနေတဲ့ လိင် သို့မဟုတ် လူမျိုးအဆင့်
အတန်းက အလုပ်အကိုင် ဈေးကွက်မှာ သူရဲ့ အောင်မြင်မှု၊
တခြားသူက ဆက်ဆံပြောဆိုပုံနဲ့ ဘယ်လို ပြုမူနေထိုင်သင့်ပုံ
ဆိုတဲ့ အချက်တွေအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့်မို့
တရားမျှတရေး စနစ် ဖော်ဆောင်ရာမှာ (လူတစ်ယောက်ရဲ့)
အရည်အချင်းနဲ့ အဆင့်အတန်း တွေကို ရောလ်စ်က ပေးမ
သိစေချင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကောင်းမြတ်မှုကို ဘယ်လို ယူဆလက်ခံထားသလဲ
ဆိုတာကို မူလအနေအထားမှာ ဘာကြောင့် ပေးမသိခိုင်းတာလဲ။
အဓိက ရည်ရွယ်ချက်ကတော့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက်
ဖြစ်ပါတယ်။ လူတွေဟာ သူတို့ ဘယ်လို အချက်တွေကို ကောင်းမြတ်
မှုအဖြစ် လက်ခံထားတယ်ဆိုတာကို သိတဲ့ အနေအထားတစ်ရပ်ကို
စိတ်ကူးကြည့်ပါ။ ရှစ်ဆယ်ရာခိုင်နှုန်းက အစွန်းရောက် ခရစ် ရှန်တွေ ဖြစ်ကြောင်း၊ နှစ်ဆယ်ရာခိုင်နှုန်းကတော့ ဘာသာမဲ့ဝါဒီ
သို့မဟုတ် တခြားဘာသာဝင်တွေ ဖြစ်ကြောင်း စိတ်ကူးကြည့်
စမ်းပါ။ တရားမျှတရေး မူတွေကို ဒီလူတွေ ဆုံးဖြတ်ရတဲ့အခါ
ခရစ်ရှန် လူများစုက သူတို့ ခရစ်ရှန်ဘာသာကို မဖြစ်မနေ
လိုက်နာကိုးကွယ်ရမယ့် တရားဝင် နိုင်ငံတော်ဘာသာအဖြစ်
ပြဌာန်းနိုင်ပါတယ်။ နိုင်ငံတော်ဟာ ခရစ်ရှန်ဘာသာ သင်ကြား
မှုကိုပဲ အထောက်အပံ့ ပြုသင့်တယ်၊ ခရစ်ရှန်ဘာ သာဝင်
မဟုတ်သူမှန်သမျှကို အပြစ်ပေးသင့်တယ်လို့ လူများစု
ခရစ်ရှန်တွေက ဆိုလာနိုင်ပါတယ်။ ဒီလိုမျိုး လူ့အဖွဲ့အစည်းမှာ
ဘာသာ ရေး လွတ်လပ်ခွင့်ဆိုတာ မရှိပါဘူး။ လူတွေဟာ
ကောင်းမြတ်မှုနဲ့ ပတ်သက်လို့ ယူဆလက်ခံထားပုံတွေကို
ကိုယ့်စိတ်ကြိုက် ရွေးချယ် တာမျိုး၊ ပြောင်းလဲလက်ခံ
တာမျိုး မလုပ်နိုင်တော့ပါဘူး။ ဒီလိုမျိုး လူ့အဖွဲ့အစည်းမှာ
ခရစ်ရှန်ဘာသာဝင် ဆိုသူတွေပင်လျှင် သူတို့ရဲ့ ယုံကြည်
သက်ဝင်မှုကို စွန့်ပယ်ချင်တဲ့အခါ စွန့်ပယ်နိုင်ခွင့် မရှိတဲ့
အတွက် လွတ်လပ်မှု မရှိကြပါဘူး။
လွတ်လပ်မှုမှာ အဓိကကျတဲ့ အချက်က ကောင်းမြတ်မှုနဲ့
ပတ်သက်လို့ လူတစ်ယောက်ရဲ့ ယူဆလက်ခံထားပုံကို
(သူ့စိတ်ကြိုက်) ရွေးချယ်တာ၊ ပြောင်းလဲတာ လုပ်နိုင်ဖို့
ဖြစ်ကြောင်း ရောလ်စ်က ဆိုပါတယ်။ (မူလအနေအထားမှာ
ရှိတဲ့) လူတွေဟာ (တစ်စုံတစ်ရာကို ကောင်းမြတ်မှုအဖြစ်
ဖက်တွယ်ထားတဲ့ အနေအထားကနေ) လွတ်လွတ်ကင်းကင်း
စဉ်းစားရွေးချယ်ခွင့် မပြုရင် တရားမျှတရေးမူတွေဟာ
လွတ်လပ်မှုကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့
(လူတစ်ယောက်ရဲ့) ကောင်းမြတ်မှု ယူဆလက်ခံပုံကို
အ၀ိဇ္ဇာပုဝါနဲ့ ဖုံးကွယ်ပေးထားရခြင်း ဖြစ်ပါတယ်။ မူလ
အနေအထားကို ဖန်တီးထားတာကတော့ လွတ်လပ်မှု၊
တန်းတူညီမျှမှုဆိုတဲ့ ကနဦး မူတွေ ကနေ တရားမျှတရေး
မူတွေဆီကို တစ်ဆင့်ခြင်း ရွေ့သွားနိုင်ဖို့အတွက် ဖြစ်ပါတယ်။

No comments:
Post a Comment