Thursday, July 27, 2017

နိုင်ငံတော်နဲ့ ဘာသာရေး

Written By ဘုန်းထက် (၂၁/၄/၂၀၁၆)

ဒီတစ်ခေါက်အတွက် အဓိကထား ဆွေးနွေးချင်းတာကတော့
အရှေ့တောင်အာရှနိုင်ငံ အများစု သို့မဟုတ် အားလုံးနီးပါးမှာ
ရှိနေတဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ဆက်နွှယ်မှုပဲ ဖြစ်ပါတယ်။
ဒီဆက်နွှယ်မှုနှစ်ခုကို အင်စတီကျူးရှင်ဆိုင်ရာနဲ့ နိုင်ငံရေး
 အကျိုးအမြတ်ဆိုင်ရာ ဆိုတဲ့ အချက်နှစ်ချက်ပေါ် အခြေခံပြီး
တင်ပြပေးပါမယ်။

အရှေ့တောင်အာရှ နိုင်ငံအများစုမှာ ဘာသာရေးအရ မဟုတ်ဘဲ
 နိုင်ငံရေးအရ ဘာသာရေးဆိုင်ရာ ရောယှက်မှု အများအပြား
ဖြစ်ပေါ်နေတာကို တွေ့ရတယ်။ ဒီရောယှက်မှုတွေကလည်း
သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရ တည်ရှိလာခဲ့တာ ဖြစ်ကြသလို
တစ်ဖက်ကလည်း နိုင်ငံရေးဆိုင်ရာ ကိုယ်ကျိုးစီးပွား အစုအဖွဲ့တွေရဲ့
အကျိုးစီးပွားတွေ၊ အာဏာခိုင်မြဲလိုတာတွေကြောင့် ရည်ရွယ်
ချက်ရှိရှိ ရောယှက်ထားတာတွေလည်း ပါဝင်ကြတယ်။ ခေတ်သစ်
နိုင်ငံတော် (modern state)ရဲ့ လက္ခဏာတစ်ရပ်ဖြစ်တဲ့ လောကီ
နိုင်ငံတော် (Secular state) ဖြစ်ဖို့ကို သွားဖို့အတွက် နိုင်ငံရေးနဲ့
ဘာသာရေး တသီးတခြား မရှိသရွေ့က ဒီလောကီနိုင်ငံတော်ကို
တည်ဆောက်နိုင်ဖို့ရာ အလှမ်းဝေးနေဦးမှာ ဖြစ်တယ်။

နောက်ပြီး ဒီဒေသတွင်း နိုင်ငံတွေမှာ ဘာသာရေးက လူမျိုးတစ်မျိုး
မျိုးကြောင့် ဖြစ်စေ၊ ယဉ်ကျေးမှုတစ်ခုခု ကြောင့်ဖြစ်စေ နိုင်ငံရေးမှာ
ဦးစားပေးစဉ်းစားရတဲ့ အမှတ်လက္ခဏာတစ်ခု အဖြစ်လည်း ပါဝင်
နေကြတာ တွေ့ရတယ်။ ဒီအခါမှာ အစိုးရက နိုင်ငံတွင်း အများစု
ကိုးကွယ်တဲ့ ဘာသာရေးတစ်ခုကို တိုက်ရိုက်အရဖြစ်စေ (ဥပမာ
ဖွဲ့စည်းပုံမှာ တစ်ဘာသာအတွက် ပြဌာန်းပေးတာမျိုး၊ ဒါမှမဟုတ်
သွယ်ဝိုက်၍ ဖြစ်စေ ဥပမာ ဘာသာရေးတစ်ခုတည်းကိုပဲ အသား
ပေးမြှင့်တင်တာမျိုးတွေ လုပ်တာ တွေ့ရပါတယ်။ ဒါတွေရဲ့
နောက်ဆက် တွဲတွေကတော့ နိုင်ငံတွင်း မတူညီတဲ့ ဘာသာ
တွေကြားမှာ အထူးသဖြင့် အခွင့်ထူးခံရတဲ့ ဘာသာနဲ့ ခွဲခြား
ခံရတဲ့ နိုင်ငံတွင်း ကိုးကွယ်သူ နည်းတဲ့ ဘာသာတွေကြားမှာ
ပဋိပက္ခတွေဖြစ်လာတတ်ကြစမြဲ ဖြစ်တယ်။ ဒီလို ပဋိပက္ခတွေဟာ
ဘယ်နိုင်ငံမှာမဆို ပုံစံသုံးမျိုးအတွင်း မှာပဲ ဖြစ်ပေါ်ကြတယ်။
ပထမတစ်ခုက ဘာသာတူအချင်းချင်းကြား ဥပမာ- ထေရ၀ါဒနဲ့
မဟာယာန ဗုဒ္ဓဘာသာမျိုး၊ ဒုတိယတစ်ခုက အများစု ကိုးကွယ်
တဲ့ဘာသာနဲ့ ကျန်ဘာသာတွေကြားမှာ ဖြစ်တဲ့ပုံစံနဲ့ နောက်ဆုံးက
ဘာသာရေးကို နိုင်ငံရေးနဲ့ မရောနှောထားသော်လည်း
ဘာသာရေးကို နိုင်ငံတော်ရဲ့ အတားအဆီးတစ်ခုအနေနဲ့
မြင်တာမျိုးဆိုပြီး သုံးမျိုးတွေ့ရတယ်။

ဒီနေရာမှာ ဘာသာရေး အကြမ်းဖက်မှုလို့ အဓိပ္ပါယ်ဖွင့်ရာမှာ
Grimနဲ့ Inkeက ဘာသာရေးကို အကြောင်းပြုပြီးတော့ ရုပ်ပိုင်း
ဆိုင်ရာ သို့မဟုတ် ကာယပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှုလို့
ရေးသားဖွင့်ဆိုထားပါတယ် (physical abuse and physical
displacement due to religion)။ နောက်ထပ် အဓိပ္ပါယ်ဖွင့်
ဆိုချက်ကတော့ ဘာသာ ရေးဆိုင်ရာ အမှတ်လက္ခဏာတွေ၊
အဆောက်အအုံတွေကို ထိခိုက် ပျက်စီးစေမှုတွေအထိ
သက်ရောက်တယ်လို့ ဖွင့်ဆိုထားတယ်။ ဒီဘာသာရေးဆိုင်ရာ
ပဋိပက္ခတွေဟာ ဘာသာရေးအပေါ် အခြေခံလာတဲ့ အမျိုးသား
ရေးစိတ် ဓါတ်တွေ၊ ဘာသာရေးဆိုင်ရာ အစွန်းရောက်မှုတွေ၊
 နိုင်ငံတော်ရဲ့ နိုင်ငံတွင်း ဘာသာရေးတွေအပေါ် မညီမျှတဲ့
ကာကွယ်မှုတွေနဲ့ နောက်ပြီး အများဆုံး ကိုးကွယ်တဲ့ ဘာသာရေး
တစ်ခုကို နိုင်ငံရေးအရ ၀င်ရောက်ချယ်လှယ်မှုတွေ၊ ပါဝင်
ပတ်သက်မှုတွေ စတာတွေကြောင့် အဓိက ဖြစ်လာတတ်ကြတယ်။

နိုင်ငံရေးနဲ့ ဘာသာရေး ဆက်နွှယ်မှုမှာ ပထမတစ်ခုဖြစ်တဲ့ အင်စတီ
ကျူးရှင်းဆိုင်ရာ အချက်မှာ အဓိက ပါဝင်တဲ့ အချက်သုံးချက်ကတော့ -

(၁) နိုင်ငံတော်ဘာသာ ပြဌာန်းမှု (၂) statistဖြစ်မှု (၃) ဘာသာရေး
တစ်ခုကို အစိုးရ က အဆောက်အအုံအတွင်း သိမ်းသွင်းမှုတို့ပဲ ဖြစ်တယ်။

(၁) နိုင်ငံတော်ဘာသာပြဌာန်းမှု

ဒါကတော့ အစိုးရက ဘာသာရေးတစ်ခုကို နိုင်ငံတော်ဘာသာအဖြစ်
ဥပဒေသဘောအရ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင် ပြဌာန်း
ပေးလိုက်ခြင်း ဖြစ်စဉ်တစ်ခု ဖြစ်တယ်။ အဲဒီနောက်မှာ ပြဌာန်းပေးတဲ့ ဘာသာရေးတစ်ခုအ ပေါ်အခွင့်ထူးတွေ ထောက်ပံ့တာ၊ တခြားဘာ
သာနဲ့ ယှဉ်ရင် မညီမျှတဲ့ ကာကွယ်ရေးတွေ ပေးတာမျိုး ရှိတယ်။
နောက်တစ်ဆင့် တက်လာတဲ့အခါ အဲဒီအခွင့်ထူးခံ ဘာသာရေးက ဥပဒေပိုင်းဆိုင်ရာ ပေါ်လစီပိုင်းဆိုင်ရာတွေအထိ တိုက်ရိုက်ဖြစ်စေ၊
သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်လာတာတွေအထိ ဖြစ်လာတယ်။ ဥပမာ-
မြန်မာနိုင်ငံမှာ မဘသ အဖွဲ့အစည်းတွေက လွှတ်တော်မှာ အမျိုး
ဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေတွေ ပြဌာန်းပေးဖို့
ဖိအား ပေးတာမျိုး ဖြစ်တယ်။ နောက်ဆုံးအဆင့်ကတော့ နိုင်ငံတော်
ဥပဒေကို ဘာသာရေးဆိုင်ရာ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့
တိုင်းတာပြီး အလုံးစုံနီးပါး ပြဌာန်းလိုက်တာမျိုး ဖြစ်တယ်။ ဒါမျိုးကို
အစ္စလာမ်ဘာသာ အများစု ကိုးကွယ်တဲ့ နိုင်ငံ တော်တော်များများမှာ
အဓိက တွေ့ရတတ်ပါတယ်။

(၂) Statist ဖြစ်မှု

ဒီလို နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းတွေကို အရှေ့တောင်အာရှ
မှာဆိုရင် စင်ကာပူ၊ လာအို၊ ဗီယက်နမ်လို နိုင်ငံမျိုးမှာ တွေ့ရတတ်
တယ်။ စင်ကာပူကလွဲရင် ကျန်နှစ်နိုင်ငံနဲ့ တခြားသော ကွန်မြူနစ်
နိုင်ငံတွေမှာ ဒီပုံစံမျိုး တွေ့ရပါတယ်။ ဘာသာရေးကို နိုင်ငံရေးကနေ
သိသိသာသာ ခွဲထုတ်ပစ်ပြီးနောက်မှာ ဘာသာရေးတွေကို အစိုးရ
ကိုယ်တိုင် ဖိနှိပ်တဲ့အထိ လုပ်တတ်ကြတယ်။ အကြောင်းကတော့
အာဏာပိုင်တွေရဲ့ စိတ်ထဲမှာ ဘာသာရေးက သူတို့ ကိုင်ထားတဲ့
အာဏာကို တစ်ချိန်ချိန်မှာ စိန်ခေါ်လာကောင်း လာနိုင်တယ်လို့
ကြိုတွက်ထားကြလို့ပါ။ နောက်ပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို
လည်း မှားယွင်းတဲ့ အတွေးအခေါ် ဒါမှမဟုတ် နိုင်ငံတော်
ဆန့်ကျင်မှု (anti-state)တစ်ခုအနေနဲ့ သတ်မှတ်ကြပါတယ်။

(၃) ဘာသာရေးတစ်ခုကို အစိုးရဆောက်အအုံအတွင်း သိမ်းသွင်းမှု

ဒီအချက်က နိုင်ငံဘာသာပြဌာန်း ရလောက်တဲ့အထိ မဟုတ်ပေမယ်လို့
နိုင်ငံရေမှာ ပါဝင်လာနိုင်လောက်တဲ့အထိ အခွင့်အရေး ပေးထားတဲ့
သဘောတွေပါ ရှိနေတယ်။ နောက်ပြီး အစိုးရရဲ့ ဗြူရိုကရေစီယန္တရားမှာ
အများစု ကိုးကွယ်တဲ့ ဘာသာရေးတစ်ခုကိုပဲ ဦးစားပေးပြီး
နေရာပေးတာတွေ ဖွဲ့စည်းပုံမှာ ဘာသာရေးတစ်ခုကို အထွဋ်
အထိပ်အနေနဲ့ ပြဌာန်းပေးတာမျိုးတွေအထိ ပါဝင်ပါတယ်။ ဥပမာ
အင်ဒိုနီးရှား ဖွဲ့စည်းပုံမှာ နိုင်ငံတော်က ဘုရားတစ်ဆူတည်းအောက်မှာ
တည်ရှိတယ်ဆိုတာမျိုးတွေပါ။

အင်စတီကျူးရှင်းအ၇ ဘာသာရေးနဲ့ နိုင်ငံရေး ဆက်သွယ်မှုမှာ
ဘာသာရေးတစ်ခုကို အထူးအခွင့်အရေးတွေ ပေးထားတာကြောင့်
 နိုင်ငံတွင်း ဘာသာတွေကြား ပဋိပက္ခတွေ ဖြစ်လာနိုင်သလို
လူနည်းစု ကိုးကွယ်တဲ့ ဘာသာရေးတွေကိုပါ ဖယ်ကျဉ်ထားမှုတွေ
ဖိနှိပ်မှုတွေအထိပါ ဖြစ်လာနိုင်တယ်။ ဥပမာ- လာအိုနိုင်ငံမှာ
ခရစ်ယာန် ဘာသာကိုးကွယ်သူတွေကို အစိုးရ ရာထူးနေရတြွေမှာ
ခွဲခြားကြသလိုမျိုးတွေ ဖြစ်တယ်။

နောက်ခေါင်းစဉ်တစ်ခုဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာ ဆက်နွှယ်မှုမှာလည်း
အဓိက သုံးပိုင်း ခွဲမြင်နိုင်ပါတယ်။ (၁) Politicization of Religion (၂)
ဘာသာရေးတစ်ခုကို နိုင်ငံရေးလက္ခဏာတစ်ခုအဖြစ် စည်းရုံးသိမ်းသွင်းမှု
(၃) နိုင်ငံရေး ။

(၁) Politicization of Religion

ဒီအချက်က နောက်လာမယ့် ဒုတိယတစ်ချက်နဲ့ ဆက်နွှယ်မှု ရှိတယ်။
politicizationဖြစ်စဉ်အရ ဘာသာရေးကို နိုင်ငံရေး လက်ကိုင်တုတ်
တစ်ခုအနေနဲ့ အသုံးချခြင်း ဖြစ်တယ်။ ဒီလို အသုံးချခြင်းတွေဟာ
အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ နေရာတည်မြဲဖို့အတွက် အများစု
ကိုးကွယ်တဲ့ ဘာသာရေးတစ်ခုနဲ့ ပူးပေါင်းပြီး နိုင်ငံရေးဆိုင်ရာ
အကျိုးအမြတ် ရှာဖွေကြခြင်း ဖြစ်တယ်။ ဥပမာအားဖြင့် ရွေးကောက်
ပွဲမတိုင်မီ ဘာသာရေးတစ်ခုနဲ့ ပူးပေါင်းပြီး (အပေးအယူအားဖြင့်လည်း
ဖြစ်နိုင်သလို လွှမ်းမိုး ချယ်လှယ်ခြင်းအားဖြင့်လည်း ဖြစ်နိုင်) ထောက်ခံမှု
ရအောင် လုပ်ယူကြတယ်။ ဖိလစ်ပိုင်မှာ ကျောင်းတော်တွေကို
ဥပဒေတွေ ပေါ်လစီတွေအထိ လွှမ်းမိုင်းနိုင်တဲ့ အခွင့်အရေးမျိုး
ပေးထားကြတယ်။

(၂) ဒီဖြစ်စဉ်မှာ အစိုးရက ဘာသာရေးတစ်ခုကို ဖွဲ့စည်းပုံအရ တိုက်ရိုက်
အခွင့်ထူးပေးခြင်းသော်လည်းကောင်း၊ တခြား လုပ်ရိုးလုပ်စဉ် ပုံစံ ဥပမာ
- ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းအရ နေ့စဉ်ပုံမှန် ဖြစ်နေသယောင်ယောင်
မျက်နှာသာ ပေးထားခြင်းမျိုး ဖြစ်တယ်။ ဒီပုံစံက politicization ဖြစ်စဉ်
ထက်ပိုပြီး သိမ်မွေ့တယ်။ ဥပမာ- ဘရူးနိုင်းမှာ Malay Islamic Monarchy
ဆိုတဲ့ အိုင်ဒီအော်လိုဂျီနဲ့ မူဆလင် မဟုတ်သူတွေကို ဘာသာပေါင်းစုံမှာ
ခွဲခြားဆက် ဆံခြင်းမျိုး လုပ်ကြတယ်။ ဒီလို အတွေးအခေါ် တည်ဆောက်
ထားတာဟာလည်း နိုင်ငံရေးအာဏာကို တခြား ဘာသာဝင်တွေ
ထိပါးလာတဲ့ အခြေအနေမျိုးက ကာကွယ်ဖို့ဆိုတဲ့ သဘောမျိုး ဖြစ်တယ်။
နောက်ထပ် ထိုင်းမှာ ဆိုရင်လည်း “the Nation, the religion,
the king”ဆိုတဲ့ အိုင်ဒီအိုလိုဂျီတစ်ခု တည်ဆောက်ပြီး ဘာသာရေးနဲ့
နိုင်ငံရေး ရောယှက်ထားတယ်။ ဒီတော့ ဘာသာရေးတစ်ခုစီဟာ
နိုင်ငံတစ်ခုစီမှာ ရှိနေတဲ့ ယဉ်ကျေးမှုအရကို ခိုင်မာတဲ့ လက္ခဏာ
တစ်ခုအဖြစ် တည်ဆောက်ထားတာ တွေ့ရတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ
နေတဲ့ ဗမာတိုင်း ရင်းသားဆိုရင် ဗုဒ္ဓဘာသာလို့ တတွဲတည်း
မြင်လိုက် တာမျိုး ဖြစ်တယ်။

(၃) Politicization လုပ်ပြီးနောက်မှာ နိုင်ငံတော် ဘာသာပြဌာန်း
တယ်။ နောက်ပြီး တစ်ဆင့် ထပ်တက်လာတာကတော့ နိုင်ငံတွင်း
ဥပဒေတွေမှာ ဘာသာရေးနဲ့ နွှယ်တဲ့ ဥပဒေတွေ ပြဌာန်းတာတွေပဲ
ဖြစ်တယ်။ အများစု ကိုးကွယ်တဲ့ ဘာသာရေးရဲ့ ကိုယ်ကျင့်တရား
ဆိုင်ရာ သတ်မှတ်ချက်တွေ၊ ပေါ်လစီတွေ၊ ဥပဒေတွေ၊ ပညာ
ရေးတွေမှာ ထည့်သွင်းပစ်တယ်။ အကြောင်းကတော့ ဘာသာ
ရေးဆိုင်ရာ စည်းမျဉ်းတွေဟာ လူလုပ်ဥပဒေတွေထက် ပိုခိုင်
မာတယ်။ ဘုရား(သခင်)က တိုက်ရိုက် ချမှတ်ထားတဲ့အတွက်
ပိုတိကျတယ်ဆိုတာ တွေနဲ့ ဆင်ခြေပေးပြီး နိုင်ငံရေး အကျိုး
အမြတ် ရှာကြခြင်း ဖြစ်တယ်။

အချုပ်အားဖြင့် ပြောရရင် အထက်မှာ ဖော်ပြထားတဲ့ အချက်စု
စုပေါင်း ခြောက်ချက်နဲ့ ယှဉ်ပြီး ကိုယ့်နိုင်ငံဟာ ဘာသာရေး
လွတ်လပ်ခွင့် ရှိရဲ့လား၊ တန်းတူညီမျှမှု ရှိရဲ့လား၊ ဘာသာရေးနဲ့
 နိုင်ငံရေး ဘယ်အတိုင်းအတာအထိ ရောယှက်နေတာတွေကို
မေးမြန်းရင်း ဆွေးနွေးရင်း အဖြေရှာသင့်တယ်လို့ မြင်မိပါတယ်။


Ref: Keeping the Faith; A Study of Freedom of Thought, Conscience, and Religion in ASEAN

No comments:

Post a Comment