Written By ဥာဏ်မျိုးအောင်
(ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်နဲ့ပတ်သက်လို့ နိုဘယ်ဆုရ
စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်ရဲ့ အမြင်ကို အကျဉ်းချုပ်
တင်ပြaပးပါမယ်။ အကြောင်းကတော့ ပြည်တွင်း နိုင်ငံရေးတံခါး
အနည်းငယ် ဖွင့်ဟလိုက်တာနဲ့ နိုင်ငံဖြတ်ကျော် စီးပွားရေးလုပ်ငန်းတွေဟာ
ပြည်တွင်းကို ၀င်ရောက်လာတာတွေ ရှိပါတယ်။ ဒါတွေရဲ့ ကောင်းကျိုး
ဆိုးပြစ်ကို ကျနော်တို့တွေ သဘောပေါက်မှသာ ဂလိုဘယ်လိုက် ဇေးရှင်း
ဖြစ်စဉ်မှာ ကိုယ့်ပြည်တွင်း အကျိုးစီးပွားအတွက် စီမံခန့်ခွဲနိုင်မယ်လို့
ယုံကြည်ပါတယ်။ ဒီ့အတွက် အမြည်းပေးပါမယ်။ အပြည့် အစုံ ဖတ်လိုရင်
James Farganis ရေးသားတဲ့ Readings in Social Theoryစာအုပ်ကို
ရှာဖတ်ကြပါ။)
တချို့တွေကတော့ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization)ဖြစ်စဉ်က
လူတိုင်းအတွက်ရော နေရာတိုင်းအတွက်ပါ မမျှော်မှန်းနိုင် လောက်အောင်
ကြွယ်ဝချမ်းသာမှုတွေ ဆောင်ကျဉ်းလာမယ်လို့ မြင်ကြပါတယ်။ တချို့တွေ
ကျပြန်တော့ ဒီဖြစ်စဉ်ကြောင့်ပဲ ဇာတိမြေ ယဉ်ကျေးမှုတွေ ဖျက်ဆီးခံရတာမျိုး၊
ဆင်းရဲနွံ ပိုနစ်လာတာမျိုးတွေကဲ့သို့သော မပြောပြနိုင်လောက်အောင်
များပြားတဲ့ ပြဿနာတွေ တက်လာရတယ်လို့ မြင်ကြပါတယ်။ “နိုင်ငံအများစု”
မှာတော့ ဒီဖြစ်စဉ်ကြောင့် “လူနည်းစုက” အကျိုးအမြတ် တစ်ပုံတစ်ပင်
ရပေမယ့် “လူများစု”ကတော့ မပြောပလောက်တဲ့ အကျိုးအမြတ်လေးပဲ
ရပါတယ်။ နိုင်ငံတစ်ချို့မှာတော့ လူများစုကို အကျိုးအမြတ် ဖြစ်ထွန်းစေတာ
ရှိပါတယ်။ ဒီဖြစ်စဉ်တစ်ခုတည်းမှာပဲ ဘယ်လိုကြောင့် နိုင်ငံတစ်ခုနဲ့ တစ်ခုမှာ
ရလဒ်တွေ မတူရတာလဲ။
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို “အနည်းနဲ့ အများဆိုသလို” ကိုယ်ဘာသာ
စီမံခန့်ခွဲတဲ့ အရှေ့အာရှလို နိုင်ငံတွေမှာတော့ အကျိုး အမြတ်တွေ များများ
ရကြပါတယ်။ ဒီအကျိုးအမြတ်ကိုလဲ မျှမျှတတ ခွဲဝေနိုင်ကြပါတယ်။ ဂလို
ဘယ်စီးပွားရေးနဲ့ ချိတ်ဆက် လုပ်ဆောင် ရာမှာ ဒီနိုင်ငံတွေဟာ ကိုယ်
ဘာသာ ပဲ့ကိုင်နိုင်စွမ်းရှိကြပါတယ်။ ဒီနိုင်ငံတွေနဲ့ မတူတာကတော့
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေ
(International Monetary Fund-IMF) နဲ့ တခြားသော နိုင်ငံတကာ
စီးပွားရေး အဆောက်အအုံ (စကားချပ် - အဆောက်အဦး မဟုတ်ပါ။
အဆောက်အအုံ ဖြစ်ပါတယ်။ Institutionကို ဆိုလိုပါတယ်။)တွေရဲ့
စီမံခန့်ခွဲမှုတွေ အနည်းနဲ့ အများဆိုသလို ခံကြရတဲ့ နိုင်ငံတွေမှာတော့
အခြေအနေ သိပ်မကောင်းလှပါဘူး။ ပြဿနာကတော့ ဂလိုဘယ်
လိုက်ဇေးရှင်း ဖြစ်စဉ် မဟုတ်ပါဘူး။ ဘယ်လို စီမံခန့်ခွဲမှု လုပ်သလဲ
ဆိုတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာ ဘဏ္ဍာရေး အဆောက်အအုံ (Institutions)တွေက
“ဈေးကွက်အခြေခံ အစွန်းရောက်ဝါဒ” (Market Fundamentalism)
ကို သွတ်သွင်းဖို့ ကြိုးစားကြပါတယ်။ ဒါဟာ စီးပွားရေးအရလဲ မကောင်း
သလို နိုင်ငံရေးအရလဲ မကောင်းပါဘူး။ ဒီဝါဒရဲ့ အဓိက အခြေခံ
ယူဆချက်ကတော့ (လွတ်လပ်တဲ့) ဈေးကွက်စီးပွားရေးက အရာရာကို
ဖြေရှင်းပေးနိုင်တယ်ဆိုတဲ့ အယူအဆပါပဲ။ ဒါက ဖွံ့ဖြိုးဆဲနိုင်ငံ
(ဆင်းရဲသားနိုင်ငံတွေ) မပြောနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင်
အလုပ်မဖြစ်ပါဘူး။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဒီစီးပွား
ရေးမူဝါဒ တွေ (ကျင့်သုံးဖို့) တိုက်တွန်းပါတယ်။ ဒီလိုမျိုး ကျင့်သုံးစေ
ခိုင်းတာကြောင့် “ဒီမိုကရေစီ တည်ဆောက်စ နိုင်ငံတွေ” (Emerging
Democracies) ကို ချိနဲ့စေတာမျိုးတွေ ရှိပါတယ်။
ယေဘုယျ ပြောရမယ်ဆိုရင် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို
စီမံအုပ်ချုပ်တာကိုယ်၌က ဒီမိုကရက်တစ်နည်းလမ်း မကျပါဘူး။
ဒီလိုမျိုး စီမံမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ (အထူးသဖြင့် နိုင်ငံတွင်းက
ဆင်းရဲသားတွေ)ကို အကျိုးယုတ်စေတာတွေ ရှိပါတယ်။ နိုင်ငံတကာ
စီးပွားရေး အဆောက်အအုံတွေကို စီမံအုပ်ချုပ်ရာမှာ ဒီမိုကရေစီ
နည်းလမ်း မကျဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး၊ ကော်ပိုရိတ် စီးပွားရေး
လုပ်ငန်း တွေ ကိုယ်တိုင်က ဒါကို စီမံအုပ်ချုပ်နေတာ ဖြစ်ပြီးတော့
သူတို့တွေရဲ့ ဘဏ္ဍာရေး အကျိုးအမြတ်အတွက်ပဲ လုပ်ဆောင်
နေကြတယ်၊ ဒီအဆောက်အအုံတွေက “ဘုံအကျိုးစီးပွား (General
Interest)”အတွက် ဆောင်ရွက်အောင် အပြန်အလှန် ထိန်းကျောင်း
ပေးနိုင်တဲ့ တခြားသော ဒီမိုကရက်တစ် အထိန်းအထေတွေလဲ
မရှိဘူးလို့ စီအာတဲဆန္ဒပြသူတွေက (Seattle protesters စီအာ
တဲဆိုတာက အမေ ရိကန်က မြို့တစ်မြို့ ဖြစ်ပါတယ်)
ထောက်ပြကြပါတယ်။
၁။ အကျိုးဖြစ်ထွန်းမှုအပိုင်း
ကမ္ဘာနိုင်ငံတွေထဲမှာ အရှေ့အာရှက နိုင်ငံတွေဟာ စီးပွားရေးအရ
အလျင်မြန်ဆုံး တိုးတက်လာအောင် ဆင်းရဲမွဲတေမှုကို အများဆုံး
လျော့ချနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒီနိုင်ငံတွေမှာ
ဒါမျိုး လုပ်နိုင်တာဟာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကတစ်ဆင့်ပဲ
ဖြစ်ပါတယ်။ ဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ “ပို့ကုန်”မှာ အခြေခံ
ထားပါတယ်။ (ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကနေ အမြတ်ထုတ်
နိုင်တာကတော့) ကမ္ဘာ့ဈေးကွက်မှာ ပို့ကုန်တွေ တင်ပို့နိုင်တယ်၊
(ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့) နည်းပညာပိုင်းမှာ ကွာဟနေမှုကို လျော့ချစေနိုင်
ခဲ့ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြားမှာ ကွာဟမှုဟာ
ငွေကြေးအရင်းအနှီးနဲ့ တခြားသော အရင်းအမြစ်ပိုင်းမှာတင် မက ပါဘူး။
အသိပညာပိုင်းမှာပါ ကွာဟမှုတွေ ရှိပါတယ်။ ဒီကွာဟမှုကို လျော့
ချနိုင်ဖို့အတွက် နိုင်ငံ အချင်းချင်းကြား အသိပညာဖြတ်ကျော်
စီးဆင်းမှု (Globalization of Knowledge) ဖြစ်စဉ်ကနေ
အမြတ်ထုတ် နိုင်ခဲ့ပါတယ်။
အရှေ့အာရှဒေသတွင်းက နိုင်ငံတချို့က နိုင်ငံ ဖြတ်ကျော်
ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ (Multinational Companies)တွေကို
တံခါးဖွင့်ပေးခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်လာကြပါတယ်။ ကိုရီးယားနဲ့
ထိုင်ဝမ်လို တခြားသော နိုင်ငံတွေကတော့ ကိုယ်ပိုင်စီးပွားရေး
လုပ်ငန်းတွေကို ထူထောင်လုပ်ကိုင်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုး တက်
လာပါတယ်။ ဒီနေရာမှာ အဓိက ထူးခြားချက် ရှိပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်မှာ အောင်မြင်လာတဲ့ နိုင်ငံတွေ
ဟာ ပြောင်းလဲမှု အဆင့်ဆင့်ကို ကိုယ်ဘာသာ ဆုံးဖြတ်ပြ
ဌာန်းနိုင်ကြပါတယ်။ ဒီနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုး တက်လာတာနဲ့အမျှ
အကျိုးအမြတ်ကို မျှမျှတတ ခွဲဝေရေးကိုလဲ လုပ်ဆောင်နိုင်
ခဲ့ကြပါတယ်။ ဒီနိုင်ငံတွေဟာ “၀ါရှင်တန် ဘုံသဘောတူညီချက်
(Washington Consensus)” ရဲ့ အခြေခံယူဆချက်တွေကို
လက်မခံပါဘူး။ ဒီအချက်တွေကတော့ “အစိုးရ ပါဝင်လုပ်ဆောင်
မှုကို အနည်းဆုံးအဆင့်ထိ လျော့ချဖို့” (Minimalist role for
government)၊ “ဒရောသောပါး ပုဂ္ဂလိကပိုင်ပြုဖို့” (Privatization)၊
နဲ့ (ဘဏ္ဍာရေး စီးပွားရေးဆိုင်ရာ) “ဖြေလျော့ မှုတွေ အလျင်အမြန်
လုပ်ဆောင်ဖို့” (Liberalization)ပဲ ဖြစ်ပါတယ်။
အရှေ့အာရှက အစိုးရတွေဟာ စီးပွားရေးကို (အစိုးရကိုယ်တိုင်)
အဓိက တာဝန်ယူ စီမံခန့်ခွဲကြပါတယ်။ ကိုရီးယားအစိုးရ
တည်ထောင် ထားတဲ့ သံမဏိကုမ္ပဏီဆိုရင် ကမ္ဘာမှာ စွမ်းဆောင်မှု
အမြင့်ဆုံးကုမ္ပဏီတွေထဲမှာ ပါပါတယ်။ အမေရိကန်က ပုဂ္ဂလိကပိုင်
သံမဏီ ကုမ္ပဏီတွေထက်တောင် စွမ်းဆောင်ရည် ပိုကောင်း
ပါတယ် (ပုဂ္ဂလိကပိုင် ကုမ္ပဏီလို့ ဆိုရပေမင့် တကယ့်တကယ်ကျ
သူတို့လုပ်ငန်းတွေ ကို အကာအကွယ်ပြုနိုင်ဖို့ အစိုးရဆီက
အမတော်ကြေး ထောက်ပံ့မှုကို တရစပ် တောင်းနေကြတာပါ)။
(အရှေ့အာရှ နိုင်ငံတွေမှာ) ဘဏ္ဍာ ရေး ဈေးကွက်ကိုလဲ
ကျပ်ကျပ်မတ်မတ် ထိန်းကွပ်ထားကြပါတယ်။ ကျွန်တော့်
သုတေသနပြုချက်အရဆိုရင် ဒီလိုမျိုး ထိန်းကွပ်မှုတွေ ကြောင့်ပဲ
ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဌာနနဲ့
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့်
အထက်က ထိန်းကွပ်မှုတွေကို ဖယ်ရှားပေးရတဲ့အခါမှသာ
ဒီနိုင်ငံတွေဟာ ပြဿနာ စကြုံရတော့တာပါပဲ။
၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ ခုနှစ်တွေအတွင်းမှာ အရှေ့အာရှ ဒေသတွင်း
စီးပွားရေးဟာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာရုံတင်မကဘူး
အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်မှု ရှိပါတယ်။
၁၉၉၇-၁၉၉၈ စီးပွားရေးအကျပ်အတည်းရဲ့ ရိုက်ခတ်မှု ခံရတဲ့
နိုင်ငံနှစ်နိုင်ငံ ဆိုရင် ယခင်ဆယ်စုနှစ် သုံးခုအတွင်းမှာ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု တစ်နှစ်ကလေးတောင် လျော့ပါးသွားတာမျိုး
မရှိပါဘူး။ တစ်နှစ်လား မှာ နိုင်ငံနှစ်နိုင်ငံက အမေရိကန်နဲ့
တခြားသော ဖွံ့ဖြိုးချမ်းသာပြီးနိုင်ငံတွေထက် စီးပွားရေးစွမ်း
ဆောင်ရည် ပိုကောင်းခဲ့ဖူးပါတယ်။ ၁၉၉၀ ခုနှစ်မှာ အရှေ့အာ
ရှနိုင်ငံတွေ ကြုံခဲ့ရတဲ့ အရှေ့အာရှ စီးပွားရေး အကျပ်အတည်းကို
ဖြစ်စေတဲ့ တစ်ခုတည်းသော အဓိက အချက်ကတော့ ဘဏ္ဍာရေးနဲ့
ငွေကြေး ဈေးကွက်ကို ဒရောသောပါး ဖြေလျော့မှုတွေ (Rapid
liberalization of financial and capital markets) ကြောင့်ပဲ
ဖြစ်ပါတယ်။ တိုတိုပြောရရင် အရှေ့အာရှနိုင်ငံတွေ ဂလိုဘယ်
လိုက်ဇေးရှင်း ဖြစ်စဉ်ကနေ အကျိုးအမြတ် ဖြစ်ထွန်းလာတယ်ဆို
တာ ဒီဖြစ်စဉ်ကို သူတို့ အကျိုးအမြတ်အတွက် သူတို့ကိုယ်တိုင်
စီမံခန့်ခွဲနိုင်လို့ ဖြစ်ပါတယ်။ ပြင်ပဖိအားပေးမှု (မူဝါဒ သွတ်သွင်း
ခံရမှု)တွေ ကြုံရတဲ့အခါမှာတော့ သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း
မရှိတဲ့ ပြဿနာတွေနဲ့ ကြုံရပါတော့တယ်။
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် အကျိုးအမြတ် တစ်ပုံတစ်ပင်
ရနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာဆိုရင် နိုင်ငံဖြတ်ကျော် အသိ
ပညာစီးဆင်းမှုတွေကြောင့် ကျန်းမာရေးအဆင့်အတန်း
တိုးတက်မှုတွေ ဖြစ်ပေါ်စေပါတယ် ။ တခြားအကျိုး ဖြစ်ထွန်းမှုတွေလဲ
ရှိပါတယ်။ ဒီကနေ့ခေတ်မှာဆိုရင် ကမ္ဘာလုံးဆိုင်ရာ လူ့မှုအဖွဲ့
အစည်း (Globalized Civil Society ဒီအဖွဲ့တွေမှာ နိုင်ငံပေါင်းစုံက
တက်ကြွလှုပ်ရှားသူ တွေ၊ နိုင်ငံပေါင်းစုံက လှုမှုအဖွဲ့အစည်းတွေ
ပူးပေါင်းလုပ်ဆောင်ကြပါတယ်) တွေ ပေါ်ပေါက်လာစပြုပါပြီ။
ဒီအဖွဲ့အစည်းတွေကြောင့် မြေမြှုပ်မိုင်း ပိတ်ပင်တားစီးရေး
သဘောတူညီချက်၊ ဆင်းရဲသားနိုင်ငံတွေရဲ့ အကြွေးတွေ လျော် ပစ်ရေးလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေမှာ အောင်မြင်စပြုပါပြီ။
ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက် ဆန္ဒဖော်ထုတ်မှုတွေပင်လျှင်
ဂလိုဘယ်လိုက်ဇေး ရှင်းဖြစ်စဉ် မရှိဘဲ ပေါ်ပေါက်မလာ နိုင်ပါဘူး။
၂။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အမှောင်ဘက်ခြမ်း
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် ဆိုးကျိုးသက်ရောက်မှုတွေလဲ
ရှိပါတယ်။ ဒီလိုမျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်ရ ခြင်းတဲ့ အကြောင်း
တရားကိုတော့ နိုင်ငံတကာ ဘဏ္ဍာရေး အဆောက်အအုံတွေ
(အထူးသဖြင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့)က တိုက်တွန်း
ဖော်ဆောင် ခိုင်းတဲ့ စီးပွားရေး မူဝါဒအစိတ်အပိုင်းတွေကို ကြည့်ခြင်း
အားဖြင့် သိနိုင်ပါတယ်။ အဆိုးဝါးဆုံးကတော့ ဘဏ္ဍာရေး နဲ့ ငွေကြေးဈေးကွက် ဖြေလျော့မှုကြောင့် ပေါ်ပေါက်လာရပါ
တယ်။ ဒါက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒုက္ခကြီးကြီး ပေးပါတယ်။
(အထက်က) ဖြေလျော့မှုတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ
နိုင်ငံထဲကို ဒလဟော သွန်ဝင်လာတဲ့ ဆူလွယ်နပ်လွယ်
ငွေအရင်း (Hot money)တွေရဲ့ သားကောင် ဖြစ်ရပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်က ရုတ်တရက် ပြောင်းလဲသွားလို့
ရင်းနှီးငွေတွေကို (နိုင်ငံထဲက) ပြန် ထုတ်ယူသွားတဲ့အခါ
သက်ဆိုင်ရာ နိုင်ငံ ကတော့ စီးပွားရေးယိမ်းယိုင် ပျက်စီးမှုမှာ
နစ်ကျန်နေရစ်ခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ ဒီနိုင်ငံတွေက
ညံ့ဖျင်းတဲ့ စီးပွားရေးမူဝါဒ တွေကို ကျင့်သုံးတာကြောင့်
အပြစ်ပေးခံရတာလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က
ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစီးပွားရေးပျက်ကပ်က နိုင်ငံ တစ်ခုကနေ နောက်ထပ် နိုင်ငံတစ်ခုကို ပြန့်နှံ့သွားတဲ့အခါ
ဟိုတုန်းက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က အမှတ်ကောင်း
ပေးပြီးတော့ ထင်ကြေးပေးထားတဲ့ နိုင်ငံတွေပါ ပါဝင်လာပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ မကြာခဏ ပြောတာ ကတော့ ငွေကြေးဈေးကွက်ကြောင့် ပေါ်ပေါက်လာတဲ့
စည်းမျဉ်းစည်းကမ်းတွေ ဟာ အရေးကြီးတယ် ဆိုတာပါပဲ။
ဒီလိုပြောဆိုရာမှာ အမိအဖတစ်ယောက်က သားသမီးကို
ပြောသလိုမျိုး ပြောတာတွေ ရှိပါတယ်။ ငွေကြေးဈေးကွက်ကို
စီမံလည်ပတ်စေနိုင်တဲ့ မြောက်ပိုင်းက ငါတို့ဟာ၊ စနစ်
အခြေကျနေပြီဖြစ်တဲ့ ငါတို့ဟာ အသိဆုံး ဖြစ်တယ် ငါတို့
ပြောတဲ့အတိုင်းသာ လုပ်၊ မင်းတို့ ကြီးပွား လိမ့်မယ်လို့ ပြောပုံ
ဆိုပေါက်ဟာ ဟိုးခေတ်ဟောင်းက ကိုလိုနီအရှင်သခင်းကြီးတွေရဲ့
စိတ်ထားကို ပုံစံသစ် သုံးပြီးတော့ ဖော်ပြတာပါပဲ။ မောက်မာ
ထောင်လွှားမှုက အစော်ကားခံရသလိုပါပဲ။ ဒီအနေအထားက
အတော်လေး ဒီမိုကရေ စီနည်းလမ်း မကျတာပါ။ ဒီမိုကရေစီ
ကိုယ်၌က လုံလောက်တဲ့ စည်းကမ်းရှိမှုကို မပေါ်ပေါက်စေနိုင်ဘူး
လို့ သဘောသက်ရောက်စေတဲ့ ယူဆချက်မှာ အခြေခံပြောနေတာပါ.....................။
ငွေကြေးဈေးကွက်ကို ဖြေလျော့လိုက်တာဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ
မဖြစ်ထွန်းလာစေပါဘူး။ ညတွင်းချင်း ၀င်လာလိုက်၊ ထွက်သွားလိုက်
လုပ်နေတဲ့ ငွေကြေးအရင်းတွေနဲ့ ဘယ်လို စက်ရုံမျိုးတွေ
ထောင်နိုင်ပါ့မလဲ။ ဘယ်လို အလုပ်အကိုင်မျိုးတွေ ဖန်တီးနိုင်ပါ့မလဲ။
ပိုတောင် ဆိုးဝါးသွားစေပါတယ်။ (ဆင်းရဲတဲ့ နိုင်ငံက ချမ်းသာ
တဲ့ နိုင်ငံဆီက) ကာလတို ငွေချေးတဲ့အခါ ချေးလိုတဲ့ ငွေကြေး
အရေအတွက်နဲ့ ညီမျှ တဲ့ အရန်ငွေ (Reserve)ကို ဖယ်ချန်ထား
ရပါတယ်။ ဆိုတော့ ဆင်းရဲတဲ့ နိုင်ငံက လုပ်ငန်းတစ်ခုက
အမေရိကန် နိုင်ငံမှာရှိတဲ့ ဘဏ်တစ်ခု ဆီက ငွေသန်းတစ်ရာကို
နှစ်ဆယ်တိုးနဲ့ ကာလတို ချေးယူတဲ့အခါ (ဆင်းရဲသားနိုင်ငံက)
အစိုးရက အလားတူ ငွေအရေအတွက် (သန်းတစ်ရာ)ကို
ဖယ်ချန်ထားပြီး အရန်ငွေအဖြစ် ဆောင်ထားရပါတယ်။
တကယ်တော့ ဒီနိုင်ငံဟာ အမေရိကန်ဆီက ငွေသန်း တစ်ရာကို ချေးယူပြီးတော့ နောက်ထပ် ငွေသန်းတစ်ရာကို
အမေရိကန်ကို ပြန်ချေးပေးတာပါပဲ။ ဒါပေမယ့် ဒီနိုင်ငံ
ချေးယူတုန်းကတော့ နှစ်ဆယ်ရာ ခိုင်နှုန်းထိ အတိုးကြီးကြီး
ပေးရပေမယ့် သူက ပြန်ချေးပေးတော့ လေးရာခိုင်နှုန်းလောက်မျှ
အတိုးငွေလေးပဲ ရပါတယ်။
ဒါဟာ အမေရိ ကန်အတွက်တော့ အတော်ကြီး ကောင်းပေမယ့်
ဆင်းရဲသား နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကူပေးနိုင်ဖို့
ဆိုတာတော့ ခဲယဉ်းပါတယ်။ တကယ်ဆို ဒီငွေတွေကို
ရွာလမ်းတွေ ဖောက်တာ၊ ကျောင်းဆောက်တာ၊ ကျန်းမာရေး
ဆေးခန်းတွေ ဆောက်တာတွေမှာ သုံးနိုင်ပါတယ်။
ဒီမူဝါဒတွေရဲ့ ရှေ့နောက်မဆီလျော်မှုကို ထိုင်းနိုင်ငံမှာ မြင်နိုင်
ပါတယ်။ အဲဒီမှာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကပဲ လူ
အမှန်တကယ် မနေတဲ့ ရုံးခန်းဆောက်လုပ်ရေးတွေမှာ
ရင်းနှီးမြှုပ်မှုတွေ ပေါ်ပေါက်လာစေပါတယ်။ ရင်းမြစ်တွေ
အမှန်တကယ် လိုအပ်နေတဲ့ ပညာရေးနဲ့ သယ်ယူပို့ဆောင်ရေးလို
ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပျက်လပ်နေစေ
ပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ အမေရိကန်
ဘဏ္ဍာရေးဌာန အဆင်ပြေနေသမျှတော့ အိမ်ခြံမြေကစားမှုမှာ
ရင်းနှီးမြှုပ်နှံသူတွေကို ဘဏ်ငွေချေးပေးတာကို ထိုင်း
အစိုးရက တင်းကျပ် ထားနိုင် ပါတယ်။ နှစ်ပေါင်းနှစ်ရာအတွင်း
အရင်းရှင်စနစ် အတက်အကျ သံသရာကို ဖြစ်စဉ်တာမှာ
ဒီလိုမျိုး ငွေချေးပေးမှု က တစ်စိတ် တစ်ပိုင်းအဖြစ်
ပါဝင်ပါတယ်။ ထိုင်းအစိုးရကတော့ ရှားရှားပါးပါး
ငွေကြေးရင်းနှီးမြှုပ်နှံမှုကို အလုပ်အကိုင်တွေ တိုးတက်
ဖန်တီးပေး နိုင်ရေးအတွက် သုံးချင်ပါတယ်။ ဒါပေမယ့်
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ပြောတာက
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်က လူမနေတဲ့
ရုံးခန်းဆောက်လုပ်ရေးတွေ ဆောက်မယ်ပြောရင်
ဆောက်ပစေပေါ့၊ ဈေးကွက်က အစိုးရ ဗြူရိုကရက်တွေထက်
ပိုသိတယ်၊ အစိုးရ ဗြူရိုကရက်တွေကမှ ကျောင်းတွေ
စက်ရုံတွေ ဆောက်ဖို့ ဆိုတာမျိုး အလွဲလွဲ အမှားမှာ
တွေးချင် တွေးနေဦးမယ်တဲ့။
ငွေကြေးဈေးကွက်ကို ဖြေလျော့ပေးလိုက်ပြီ ဆိုတာနဲ့
တစ်ပြိုင်နက်တည်းမှာပဲ နေ့မြင်ညပျောက် ပြောင်းလဲလွယ်မှု
(Volatility နေ့ချင်းညချင်း ငွေကြေးအရင်းတွေ ၀င်လာလိုက်၊
ထွက်သွားလိုက် ဖြစ်နေတာ) ပေါ်ပေါက်လာတယ်။ ဒီပြောင်းလဲ
လွယ်မှုက ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပြီး ဆင်းရဲမွဲတေမှုကို
ပိုဆိုးဝါးစေပါတယ်။ နိုင်ငံတွင်းကို ၀င်ရောက် ရင်းနှီးမြှုပ်နှံလို
သူတွေအတွက်လဲ စွန့်စားရဖို့ အန္တရာယ်များတဲ့အတွက်
ပုံမှန်ထက် အကျိုးအမြ တ်ရစေမယ့် အာမခံချက်မျိုးတွေကို
ရင်းနှီးမြှုပ်နှံသူတွေဘက်က တောင်းဆိုလာတတ် ပါတယ်။
နေ့မြင်ညပျောက် ပြောင်းလဲလွယ်မှုကြောင့် စီးပွားရေး
ပျက်ကပ် ဖြစ်နိုင်ချေလဲ များပါတယ်။ ဒီလိုမျိုး စီးပွားရေး
ကျဆင်းမှုဒဏ် ကို ခါးစည်းခံရတာကတော့ ဆင်းရဲသား
တွေပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင်မှ လူမှုလုံခြုံရေး
အာမခံချက်တွေဟာ အားနည်းပါတယ် သို့မဟုတ်
မရှိသလောက်ပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ လူမှုလုံခြုံရေး
အာမခံချက်တွေ ဟာ အဓိကကဏ္ဍတွေအဖြစ် တည်ရှိပါတယ်။
လုံလောက်တဲ့ လူမှုလုံခြုံရေး အစီအမံတွေ မရှိဘဲ ငွေကြေး
ဈေးကွက် ဖြေလျော့မှုကြောင့် ပေါ်ပေါက်လာတဲ့ စီးပွားရေးပျက်ကပ်ဟာ
ဆင်းရဲမွဲတေမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဘတ်ဂျက် သုံးစွဲမှုမှာ
စည်းကမ်းတကျ ရှိရေး၊ ရင်းနှီးမြှုပ်နှံသူတွေကို အာမခံချက်ရှိရေး
ဆိုတဲ့ အမည်တွေ သုံးပြီးတော့ (အစိုးရရဲ့) ဘဏ္ဍာရေး အသုံးစရိတ်ကို
မဖြစ်မနေ လျော့ချဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က
တောင်းဆိုပါတယ်။
ရလဒ်ကတော့ နဂိုကတည်းက ယဲ့ယဲ့မျှသာ ရှိတဲ့ လူမှုလုံခြုံရေး
အာမခံချက်တွေရဲ့ အသုံးစရိတ်တွေ ဖြတ်တောက်ခံရပါတယ်။
ပိုဆိုးတာကတော့ ငွေကြေးဈေးကွက်ရဲ့ စည်းမျဉ်းဥပဒေသ
(Discipline of the capital market)အရ ငွေကြေးအရင်းအနှီးကို
အခွန် ကောက်ရင် ငွေကြေးရင်းနှီးမြှုပ်နှံသူတွေ (နိုင်ငံထဲက)
ထွက်သွားလိမ့်မယ်ဆိုတဲ့ အယူအဆကြီးပါပဲ။ ဒီတော့ နိုင်ငံတကာ
ငွေကြေးရန်ပုံ ငွေအဖွဲ့ရဲ့ စည်းမျဉ်းဥပဒေသကြီးအရ အခွန်ငွေ
တိုးဆောင်ရမယ့် ၀န်ထုပ်ဝန်ပိုးဟာ ဆင်းရဲသားတွေနဲ့ လူလတ်
တန်းစားတွေရဲ့ ပခုံးထက် ကို ကျရောက်လာပါတယ်။
ဒီတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ကယ်တင်မှုကြောင့်
သူဌေးတွေ (ရင်းနှီးမြှုပ်နှံသူတွေ) ကတော့ အခြေအနေကောင်းတဲ့
အချိန်မှာ သက်ဆိုင်ရာ နိုင်ငံတွင်းကနေ ရင်းနှီးငွေတွေ ထုတ်ယူ
သွားနိုင်ပါတယ် (အခြေအနေကောင်းတဲ့ အချိန် ကတော့ ငွေကြေး
လဲလှယ်နှုန်း တန်ဖိုးတက်နေချိန်မျိုးပါ)။ ချေးငွေအကြွေးတွေ ပြန်ပေးဖို့
ဝန်ထုပ်ဝန်ပိုးကတော့ (ဆင်းရဲသား) အလုပ်သ မားတွေဆီ
ချန်ထားရစ်ခဲ့ပါတယ်……………….။
ဒါပေမယ့် ကုန်သွယ်ရေး လွတ်လပ်မှု (Trade Liberalization)ကို
အဆီအငေါ်တည့်အောင် ဖော်ဆောင်ရင်တော့ မက်လောက်စရာ
ရှိပေမယ့် ဒီမူဝါဒကို ကျင့်သုံးဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က
တိုက်တွန်းပုံကဖြင့် ပြဿနာ ပိုတက်နိုင်ပါတယ်။ (ဒီစီးပွားရေး မူဝါဒရဲ့)
အခြေခံယုတ္တိဗေဒကတော့ ရိုးရှင်းပါတယ်။ ကုန်သွယ်ရေး လွတ်လပ်မှု
ဆိုတာ ထိရောက်မှု မရှိတဲ့၊ အကာအကွယ် ယူထားတဲ့ ကဏ္ဍက
အရင်းအမြစ်တွေကို ပိုပြီးတော့ ထိရောက်မှုရှိတဲ့ ပို့ကုန်ကဏ္ဍတွေဆီ
ရွေ့ပြောင်းနိုင်ဖို့အတွက် ရည်ရွယ်ပုံရပါတယ်။ ပြဿနာက အလုပ်
အကိုင်သစ် ဖန်တီးနိုင်ရေးက နောက်မှ၊ အရင်ဆုံး ကြုံရတာက
အလုပ်အကိုင်တွေ ပျက်စီးသွားတာပါပဲ။ ရလဒ်ကတော့ အလုပ်
လက်မဲ့နဲ့ ဆင်းရဲမွဲတေမှုပါပဲ။ ဒါပေမယ့် နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့ရှဲ့Structural Adjustment Pro- grams (ဒီပရိုဂရမ်က
ကမ္ဘာ ပတ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို
အာမခံချက်ရှိဖို့ ပုံဖော်ထားတာပါ)ကြောင့် အလုပ်အကိုင်
ဖန်တီးရေး မဖြစ်နိုင်တော့ ပါဘူး။ ဒီပရိုဂရမ်အရ ငွေကြေး
ဖောင်းပွမှု ပြဿနာကို ဖြေရှင်းနိုင်ရေးဆိုတဲ့ တစ်ဖက်စောင်း
အမြင်နဲ့တင် ဘဏ်တိုးနှုန်းတွေကို မြှင့်တင်စေ ပါတယ်။
တခါတရံမှာတော့ ဒီစိုးရိမ်ချက်က ကောင်းပေမယ့် အစွန်းရောက်
တာတွေလဲ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆိုရင်
ဘဏ်တိုးနှုန်းလေး နည်းနည်း တိုးလိုက်တာနဲ့ ရင်းနှီးမြှုပ်နှံ
သူတွေကို နောက်တွန့်သွားမှာ စိုးရိမ်ကြတယ်။ ရင်းနှီးမြှုပ်နှံချင်စရာ
သိပ်မ ကောင်းလှတဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး ဘဏ်တိုးနှုန်း မြှင့်တင်တဲ့
မူဝါဒကို ကျင့်သုံးဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က တိုက်တွန်းပါတယ်။
ဘဏ်တိုးနှုန်း မြင့်တယ်ဆိုတာ အလုပ်အကိုင်နဲ့ စီးပွားရေး
လုပ်ငန်းသစ်တွေ မဖန်တီးဘူးဆိုတဲ့ သဘောပါပဲ။ အမှန်
တကယ် ကြုံရတာက ကုန်သွယ်ရေး ဖြေလျော့မှုကြောင့်
ကုန်ထုတ်နှုန်းလျော့ကျနေတဲ့ လုပ်ငန်းက အလုပ်သမား
တွေဟာ ကုန်ထုတ်နှုန်း တိုးတက်တဲ့ လုပ်ငန်းတွေဆီ
ပြောင်းလုပ်နိုင်တာမျိုး မဟုတ်ဘဲ ကုန်ထုတ်နှုန်း နိမ့်ကျနေတဲ့
လုပ်ငန်းက အလုပ်သမားတွေဟာ အလုပ် လက်မဲ့နဲ့ ကြုံရ
ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်တာထက်
ဆင်းရဲမွဲတေမှုကို ပိုဆိုးဝါးစေပါတယ်။ ပိုဆိုးတဲ့ကိစ္စကတော့
မမျှတတဲ့ ကုန်သွယ်ရေး ဖြေလျော့မှုတွေကြောင့်
ဆင်းရဲသား နိုင်ငံတွေဟာ (အစိုးရ အထောက်အပံ့
ဝါ အမတော်ကြေး ရထားတဲ့) အမေရိကန်နဲ့ ဥရောပ
ဘက်က လယ်သမားတွေနဲ့ ယှဉ်ပြိုင်ရပါတော့တယ်……။
၃။ အတွေးအခေါ်ဝါဒမှတစ်ဆင့် အုပ်ချုပ်မှု
စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အမေရိကန်မှာ
ဘယ်လိုမျိုး ချမှတ်သလဲနဲ့ နိုင်ငံတကာ စီးပွားရေး
အဆောက်အအုံတွေမှာ ဘယ်လိုမျိုး ချမှတ်သလဲဆိုတဲ့
ခြားနားချက်ကို စဉ်းစားကြည့်ပါ။ အမေရိကန်မှာတော့
အုပ်ချုပ်ရေးယန္တရားအတွင်းက စီးပွားရေးဆုံးဖြတ်ချက်တွေကို
နိုင်ငံတော် စီးပွားရေးကောင်စီက အဓိက ချမှတ်ပါတယ်။
ဒီကောင်စီမှာ လေဘာအတွင်းရေးမှူး၊ ကုန်သွယ်ရေး
အတွင်းရေး မှူး၊ စီးပွားရေးအကြံပေး ကောင်စီဥက္ကဌ၊
ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူး၊ လက်ဝါးကြီးအုပ်မှု
တိုက်ဖျက်ရေးအတွက်ဆိုရင် လက်ထောက် ရှေ့နေချုပ်နဲ့
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
ဘဏ္ဍာရေး ဌာနက မဲတစ်မဲပဲ ပေးခွင့် ရှိပါတယ် ။ တခါတရံ
ဌာနဆိုင်ရာ အဆိုဟာ ကန့်ကွက်မဲများလို့ ရှုံးနိမ့်တာမျိုး
ရှိပါတယ်။ ဒီအရာရှိ အရာခံ အားလုံးဟာ လွှတ်တော်နဲ့
ဒီမိုကရက် တစ် မဲဆန္ဒရှင်တွေကို တာဝန်ခံဖြေရှင်းရတဲ့
အုပ်ချုပ်ရေးယန္တားရဲ့ အစိတ်အပိုင်းတခုပါပဲ။ ဒါပေမယ့်
နိုင်ငံတကာ စီးပွားရေးနယ်ပယ်မှာ တော့ ဘဏ္ဍာရေးဆိုင်ရာ
အသိုင်းအ၀ိုင်းက အသံတွေကိုပဲ နားထောင်ကြပါတယ်။ နိုင်ငံ
တကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဘဏ္ဍာရေး ၀န်ကြီးတွေနဲ့
ဗဟိုဘဏ် အုပ်ချုပ်ရေးတာဝန်ခံတွေဆီ အစီရင်ခံရပါတယ်။
ဒီအဖွဲ့ရဲ့ အဓိက အစီအစဉ်တစ်ရပ်ကတော့ ဗဟိုဘက်တွေကို
ပိုပြီး လွတ်လပ်ဖို့ (ဒီမိုကရေစီနည်း သိပ်မကျဖို့)ပဲ ဖြစ်ပါတယ်။
ဒီအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ကြောင့်
ကျမှုတွေကိုပဲ ဖြေရှင်းပေးနေတယ်ဆိုရင် ဒါဟာ မထူးခြားပါဘူး။
ဥပမာ- ဆပ်ဖို့ကျန်တဲ့ ကြွေးမြီတွေ ပြန်ရရေးလိုမျိုး။ ဒါပေမယ့်
ဒီမဖွဲ့ရဲ့ မူဝါဒတွေဟာ လူတိုင်းရဲ့ ဘ၀ကို သက်ရောက်နိုင်စွမ်း
ရှိပါတယ်။ တင်းကျပ်တဲ့ ငွေကြေးဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ
မူဝါဒတွေကို ကျင့်သုံးဖို့ နိုင်ငံတ ကာ ငွေကြေးရန်ပုံငွေအဖွဲ့က
ဖိအားပေးပါတယ်။ ငွေကြေးဖောင်းပွနဲ့ အလုပ်လက်မဲ့ ပြဿနာ
နှစ်ရပ်မှာ ဘယ်ဟာကို ဦးစားပေးရမလဲ သုံးသပ်တဲ့အခါ
အလုပ်အကိုင် ဖန်တီးရေးထက် ငွေကြေးဖောင်းပွမှု ဖြေရှင်းနိုင်ရေးကို
ပိုဇောင်းပေးပါတယ်။
ငွေကြေးဈေးကွက်ကို ဖြေလျော့ရေးဆိုတဲ့ နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့ရဲ့ ရပ်တည်ရေးကို ပြန်စဉ်းစားကြည့်ပါ။ အထက်မှာ
ဆိုခဲ့တဲ့ အတိုင်း နိုင်ငံတွေကို ပိုပြီး စွန့်စားရနိုင်ချေများတဲ့
မူဝါဒစုတွေကို ကျင့်သုံးဖို့ ဒီအဖွဲ့က တိုက်တွန်းပါတယ်။
ဒီမူဝါဒတွေကြောင့် အခြေအနေ ကောင်းခဲ့တာတွေလဲ
ရှိတဲ့အကြောင့် ဒီအဖွဲ့က သက်သေအထောက်အထားတွေ
ပြနိုင်မှာပဲလို့ တွေးသူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ တကယ်တော့
အဲသလို သက်သေအထောက်အထား တစ်ခုမှ မရှိပါဘူး။
(ဒီမူတွေကြောင့်) ဖွံ့ဖြိုးတိုးတက်မှု ကြုံခဲ့ရရင်လဲ နည်းနည်းပါးပါး
တိုးတက်မှုပဲ ဖြစ်ပါလိမ့်မယ်။ (ငွေကြေးဈေးကွက်နဲ့
ကုန်သွယ်ရေး ဖြေလျော့မှု ဆိုတဲ့) အတွေးအခေါ်
အယူဝါဒကြောင့် ဘယ်လိုမျိုး ကောင်းကျိုးမှ မရှိဘူးဆိုတဲ့
အချက်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က လစ်လျူရှုခဲ့
တဲ့အပြင် ဆင်းရဲသားနိုင်ငံတွေအပေါ် တွန်းပို့ခံ ရတဲ့
ကုန်ကျစရိတ်ကြီးကိုလဲ မျက်စေ့မှောက်ခဲ့ပါတယ်။
၎။ မမျှတတဲ့ ကုန်သွယ်ရေး
ကုန်သွယ်ရေး ဖြေလျော့မှု မူဝါဒတွေကို မြောက်ပိုင်းနိုင်ငံတွေ
(အထူးသဖြင့် မြောက်ပိုင်းနိုင်ငံတွေက အထူးအကျိုးစီးပွား
အုပ်စုတွေ)က ချမှတ်ပါတယ်။ အကျိုးအဆက်ကတော့
အကျိုးအမြတ် အမြောက်အများကို ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံတွေက
ရရှိပြီးတော့၊ တစ်ချို့အခြေအနေ တွေမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ
ပိုဆိုးဝါးသွားတာကို ကြုံရပါ တယ်။ ကုန်သွယ်ရေးဆိုင်ရာ
ညှိနှိုင်းမှုတွေမှာ ၁၉၉၄ ခုနှစ် ဥရုဂွေးဆေးနွေးဝိုင်း အပြီးမှာ
ကမ္ဘာ့ဒေသအလိုက် အကျိုးအမြတ် ရရှိမှု၊ ဆုံးရှုံးမှုတွေကို
ကမ္ဘာ့ဘဏ်က တွက်ချက်ပါတယ်။ အမေရိကန်နဲ့ ဥရောပက
အကျိုး အမြတ် အမြောက်အများ ရပြီးတော့ ကမ္ဘာ့အဆင်းရဲဆုံး
ဒေသဖြစ်တဲ့ အာဖရိက ဒေသဘက်မှာတော့ နှစ်ရာခိုင်နှုန်းအထိ ဆုံးရှုံးမှုတွေ ပေါ်ပေါက်ခဲ့တာကို တွေ့ရပါတယ်။ ကုန်သွယ်ရေး
ဆိုင်ရာ ညှိနှိုင်းမှုတွေက တစ်ဆင့် (ရရှိလာတဲ့ သဘောတူ
ညီချက်တွေကြောင့်) စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေက ထုတ်ကုန်
တွေကို အာဖရိက ဈေးကွက်တွင်း တင်ပို့ခွင့် ဖွင့်ပေးလိုက်ပေးမယ့်
ဆင်းရဲသားနိုင်ငံတွေရဲ့ နှိုင်းရအားသာချက်ဖြစ်တဲ့
လယ်ယာထုတ်ကုန်တွေ တင်ပို့ခွင့်ကို တော့ အမေရိ
ကန်နဲ့ ဥရောပဈေးကွက်တွေက တံခါးဖွင့်မပေးပါဘူး။
ကုန်သွယ်ရေး သဘောတူညီချက်တွေက (ချမ်းသာတဲ့
နိုင်ငံတွေမှာ အစိုးရက) လယ်ယာလုပ်ငန်းတွေကို
အမတော်ကြေး (အခွင့်ကင်း လွတ်ခွင့် သို့မဟုတ်
ငွေကြေးထောက်ပံ့မှု) ထောက်ပံ့ပေးမှုကို မရပ်တန့်နိုင်
ပါဘူး။ ဒီ့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအဖို့ ယှဉ်ပြိုင်ရေးမှာ
အခက်ကြုံရပါတယ်။
၅။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု
စက်တင်ဘာ ၁၁ တိုက်ခိုက်မှုက ဂလိုဘယ်လိုက်ဇေးရှင်း
ဖြစ်စဉ်ရဲ့ ဆိုးဝါးတဲ့ အမှောင်ဘက်ပိုင်းကို အမေရိကန်
ပြည်တွင်းဆီ သယ်ဆောင်လာပါတယ်။ ကမ္ဘာ့အခင်းအကျင်းမှာ
အကြမ်းဖက်သမားတွေ နေရာရလာပါတယ်။ တစ်ကမ္ဘာလုံးက
နိုင်ငံတွေက ကမ္ဘာလုံးဆိုင်ရာ ရေရှည်ပြဿနာအဖြစ်
ရှုမြင်ထားတဲ့ ကမ္ဘာကြီး ပူနွေးလာမှု ပြဿနာကို
ဖြေရှင်းရေးဆိုတဲ့ နိုင်ငံတကာ သဘော တူညီချက်ကို
တစ်ကိုယ်တော် ဆန့်ကျင်ခဲ့တဲ့ အမေရိကန် သမတ
ဘုရှ်ဟာ (အခုတော့) အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့အတွက်
ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဖွဲ့ဖို့ တိုက်တွန်း နေပါတယ်။
အောင်မြင်မှု ရဖို့ဆိုရင် နိုင်ငံအားလုံးက တညီတညာတည်း
ပူးပေါင်းလုပ်ဆောင်မှု လိုအပ်တယ် ဆိုတာကို ဘုရှ်အစိုးရ
သဘောပေါက်လာပါတယ်။
အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ နည်းလမ်းတွေထဲက
တစ်ခုကတော့ သူတို့တွေရဲ့ ဘဏ္ဍာရေး အရင်းအမြစ်ကို
ဖြတ်တောက်ရမှာ ဖြစ်ကြောင့် အမေရိကန်အစိုးရ တွေ့ရှိ
လာပါတယ်။ အရှေ့အာရှ စီးပွားအကျပ်အတည်း ကြုံပြီး
ကတည်းကတိုင် တစ်ကမ္ဘာလုံး အာရုံစိုက် လာတာက
လျှို့ဝှက်တဲ့ နိုင်ငံရပ်ခြား ဘဏ်လုပ်ငန်းကြီးတွေပါပဲ။
အကျပ်အတည်း ကြုံပြီးကတည်းကတိုင် သတင်း
အချက်အလက် ရရှိရေး (ပွင့်လင်းမြင်သာမှု ရှိရေး)ဆိုတဲ့
အချက်ရဲ့ အရေးပါမှုကို အာရုံစိုက်လာကြပါတယ်။ ဒါဟာ
ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရည်ရွယ်တာ ဖြစ်ပါ တယ်။ နိုင်ငံတကာ
ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ နိုင်ငံရပ်ခြား ဘဏ်လုပ်ငန်း
ဗဟိုချက်တွေရဲ့ ပွင့်လင်းမြင်သာမှု မရှိတာကို နိုင်ငံတကာ
အသိုင်း အ၀ိုင်းက ဆွေးနွေးငြင်းခုံလာတဲ့အခါ အမေရိကန်
ဘဏ္ဍာရေးဌာနက လေသံပြောင်းလာပါတယ်။ ဒီလိုပြောင်း
လာတာက လန်ဒန်နဲ့ နယူး ယော့က ဘဏ်တွေထက် ဒီဘဏ်
တွေက ပိုပြီး ၀န်ဆောင်မှု ကောင်းလို့ မဟုတ်ပါဘူး။ လန်ဒန်နဲ့
နယူးယော့က ဘဏ်တွေ ကိုယ်တိုင်လဲ အဲဒီဘဏ်တွေမှာ
ဘီလီယံချီပြီးတော့ အပ်နှံထားပါတယ်။ အကြောင်းကတော့
ပွင့်လင်းမြင်သာမှု မရှိမှု (လျှို့ဝှက်မှု)ကြောင့် မကောင်းတဲ့
ရည်ရွယ်ချက်မျိုးစုံ အတွက် အသုံးချလို့ ရပါတယ်။ ဥပမာ
အခွန်ရှောင်တာမျိုး၊ ငွေကြေး ခ၀ါချတာမျိုး။ အမေရိကန်နဲ့
တခြားသော ဦးဆောင်ဦးရွက်ပြု နိုင်ငံတွေသာ ဆန္ဒရှိရင်
ဒီဘဏ္ဍာရေး အဆောက်အအုံတွေကို ညတွင်းချင်း
ပိတ်ပင်ပစ်တာမျိုး ဒါမှမဟုတ် နိုင်ငံတကာ နှုန်းစံတွေကို
လိုက်နာစေတာမျိုး လုပ်နိုင်ပါတယ်။ ဒီအတိုင်း ဆက်ရှိနေ
ရတဲ့အကြောင်းကတော့ ဒီအဆောက်အအုံတွေဟာ
ဘဏ္ဍာ ရေးဆိုင်ရာ အသိုင်းအ၀ိုင်းနဲ့ လူချမ်းသာတွေရဲ့
အကျိုးစီးပွားကို အထောက်အပံ့ ပြုနေဆဲမို့ ဖြစ်ပါတယ်။
စက်မှုဖွံ့ဖြိုးပြီး နိုင်ငံအစု (OECD) အဖွဲ့က ဒီအဆောက်
အအုံတွေရဲ့ လုပ်ဆောင်ချက် အတိုင်းအတာကို ကန့်သတ်ဖို့
သဘောတူညီချက်တစ်ခု ရေးဆွဲခဲ့ဖူးပေမယ့် အမေရိကန်က
တစ်ကိုယ်တော်တည်း ငြင်းဆန်ခဲ့ပါတယ်။ ပြန်ပြောင်း
တွေးကြည့်ရင်တော့ အတော်မိုက်မဲတာပဲ။ အဲဒီတုန်းကသာ
သဘောတူညီ ချက်ကို လက်ခံခဲ့ရင် အကြမ်းဖက်သမားတွေ
လက်ထဲဆီ စီးဝင်နေတဲ့ ငွေကြေးတွေကို ထိန်းချုပ်နိုင်မယ့်
လမ်းကြောင်းပေါ် ရောက်နေ ရော့မယ်။
စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နောက်ပိုင်း သတိပြုသင့်တဲ့
အချက်တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ အမေရိကန်
ပြည်ထောင်စုဟာ စီးပွားရေး ကျဆင်းမှုကို ကြုံနေရပါပြီ။
ဒီတိုက်ခိုက်မှုက စီးပွားရေး ကျဆင်းမှုကို ပိုဆိုးဝါးသွားစေပါ
တယ်။ ပြောလေ့ပြောထရှိတဲ့ စကား တစ်ခုကတော့၊ အမေရိကန်
နှာချေရင် မက္ကစီကို အအေးမိသတဲ့။ (အခုတော့)
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် အမေရိကန်
နှာချေတဲ့အခါ တစ်ကမ္ဘာလုံး နျူမိုးနီးယား ရပါတော့မယ်။
အခု အမေရိကန်မှာ တုပ်ကွေး ရောဂါရနေပြီ။ ဂလိုဘယ်
လိုက်ဇေးရှင်း ဖြစ်စဉ် ကာလမှာ အမေရိကန်ရဲ့ လွဲမှားတဲ့
မက်ခရိုစီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကြောင့်
(ထိရောက်တဲ့ စီးပွားရေး နှိုးဆွရေး မူဝါဒစု မရှိမှု)
ကမ္ဘာလုံးဆိုင်ရာ အကျိုးအဆက်တွေ ပေါ်ပေါက်လာပါတယ်။
ဒါပေမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့ရဲ့ သမားရိုးကျ
မူဝါဒကြီးတွေ ကို မကျေနပ်တဲ့ ဒေါသတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ
တစတစ ကြီးထွားလာပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ဖွံ့ဖြိုးပြီး
စက်မှုနိုင်ငံတွေကို ပြောလာတာကတော့- မင်းတို့တွေ စီးပွားရေး
ကျဆင်းတဲ့အခါ မှာတော့ ဘောဂဗေဒ သင်ရိုးမှာ ငါတို့အားလုံး
သင်ကြားထားတဲ့ Expansionary monetary and fiscal
policies တွေကို မင်းတို့ ကျင့်သုံးကြတယ်၊ ငါတို့ စီးပွားကျဆင်းမှု
ကြုံတဲ့အခါကျတော့ ဆန့်ကျင်ဘက် မူဝါဒတွေ ကျင့်သုံးခိုင်းတယ်၊
မင်းတို့အတွက်တော့ ဘဏ္ဍာရေး ပြတ်လပ်မှုက ကိစ္စမရှိပေမယ့်
ငါတို့အတွက်တော့ မခံစား နိုင်အောင်ပဲ၊ လိုအပ်တဲ့ ရန်ပုံငွေအတွက်
ဆိုပါစို့ သဘာဝ အရင်းအမြစ်လိုမျိုး ရောင်းစရာ ရှိတာကို
ဆက်ရောင်းတာကနေ ငွေရှာဖွေနိုင် ရင်တောင်မှ
ငါတို့အတွက်တော့ အဆင်မပြေဘူး။ ဒီတော့ ဆန့်ကျင်ဘက်
မူဝါဒတွေ ကျင့်သုံးမှုရဲ့ အကျိုးအဆက်ကြောင့် မညီမျှမှုရှိနေ
တယ်ဆိုတဲ့ သိစိတ်ဟာ ကနေ့ထိတိုင် လွှမ်းမိုးထားဆဲပါပဲ။

No comments:
Post a Comment