Written By ဥာဏ်မျိုးအောင်
အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းကို ဂျီးဇပ်၊ မဟတ္တမဂန္ဒီ၊
မာတင်လူသာကင်းတို့ ကျင့်သုံးခဲ့ပါ တယ်။ အကြမ်းမဖက်ရေး
နည်းကို အမြင်နှစ်မျိုးနဲ့ မြင်ကြတယ်။ ထောက်ခံသူတွေကျပြန်တော့
ဒီနည်း ဟာ ကမ္ဘာ့ပြဿနာ အားလုံးကို ဖြေရှင်းပေးနိုင်တဲ့ နည်း
လမ်းကြီးသဖွယ် ပြောဆိုကြတယ်။ ကန့်ကွက် သူတွေ ကျပြန်တော့
ဖိနှိပ်မှုတွေ ရှိတဲ့အချိန်အခါမှာ ဒီနည်းလမ်းကို သုံးတာဟာ အချည်း
အနှီးပဲ၊ အ ကြမ်းဖက်မှုကသာ အဓိက အာဏာဖြစ်တယ်လို့
မြင်ကြတယ်။ အကြမ်းမဖက်ရေး လှုပ်ရှားမှုကို အလွန် အကျူး
အမွှန်းမတင်သင့်သလို အထင်လဲ မသေးသင့်ပါဘူး။ ဒါကြောင့်
မူရင်း သုတေသန ပညာရှင် ဟာ အကြမ်းမဖက်ရေး နည်းလမ်း
ကြောင့် နိုင်ငံရေး အပြောင်းအလဲကို ဖော်ဆောင်နိုင်တဲ့ နိုင်ငံတွေ
ကိုရော၊ အကြမ်းမဖက်ရေး နည်းလမ်းကို သုံးပေမယ့် ကျဆုံးသွားရတဲ့
နိုင်ငံတွေကိုပါ တစ်ခုချင်း အ လိုက် လေ့လာရေးသားထားပါတယ်။
အောင်မြင်မှု ရသွားတဲ့ နိုင်ငံတွေမှာ တောင်အာဖရိက၊ ဖိလစ်ပိုင် ၊
နေပါလ်၊ ထိုင်းနိုင်ငံတို့ ပါပြီး ကျဆုံးသွားတဲ့ နိုင်ငံတွေမှာ တရုတ်နိုင်ငံနဲ့
ဗမာနိုင်ငံ ပါပါတယ်။ ဒီစာမှာ တော့ တရုတ်နဲ့ ဗမာအကြောင်း ယှဉ်တွဲ
သုံးသပ်ချက်ကိုပဲ အကျဉ်းယူ ပြန်ဆိုထားပါတယ်။ မူရင်းစာကို
Unarmed Insurrections; People Power Movements in
Nondemocracies By Kurt Schockမှာ ဖတ်နိုင်ပါတယ်။ မူရင်း
ကျမ်းပြုစုသူဟာ အကြမ်းမဖက်ရေး လှုပ်ရှားမှုရဲ့ “ကိုယ်ကျင့်
တရားပိုင်းဆိုင်ရာ သက်ရောက် စွဲဆောင်နိုင်စွမ်း”ထက်
“နိုင်ငံရေး နည်းနာတစ်ရပ်”အဖြစ် ရှုမြင်သုံးသပ်ထားကြောင်း
ဆိုပါတယ်။
(၁)
ဖိနှိပ်မှုတွေ ရင်ဆိုင်ရတဲ့အခါ ဘယ်လှုပ်ရှားမှုမဆို ကြံ့ကြံ့ခံ
ရပ်တည်ဖို့ မလွယ်လှပါဘူး။ ဗမာနိုင်ငံက ဆန္ဒပြသူတွေဟာ
အကြမ်းမဖက်ရေး နည်းလမ်းပေါင်းစုံကို သုံးခဲ့ပေမယ့်
(အစိုးရကို ဆန့်ကျင်ဆန္ဒပြ) ခုခံမှုကို တစ်စုတစည်းတည်း
ပေါင်းစည်းပေးမယ့် “တစ်နိုင်ငံလုံးဆိုင်ရာ ဗဟိုအဖွဲ့ အစည်း
တစ်ခု” မရှိတာ၊ စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်စွမ်း
မရှိတာတွေဟာ လူထုလှုပ်ရှားမှု ကျဆုံး သွားရခြင်းရဲ့
အကြောင်းတရား တစ်ချို့ပဲ ဖြစ်ပါတယ်။
သြဂုတ်လကုန်ခါနီးလောက်မှာ စစ်တပ်တွေ မြို့ပေါ်က
ပြန်ဆုတ်သွားတော့ ကျောင်းသားတွေ၊ ဘုန်းကြီးတွေ၊
ပညာရှင်တွေ၊ အလုပ်သမားတွေ၊ ပြည်သူ့ဝန်ထမ်းတွေ
ဖွဲ့စည်းထူထောင်တဲ့ အသင်းအ ဖွဲ့တွေ တစ်နိုင်ငံလုံးက
မြို့ပေါ်တွေမှာ အနှံ့အပြား ပေါ်ပေါက်လာတယ်။ ရန်ကုန်၊
မန္တလေးနဲ့ တခြားမြို့ ကြီးတွေမှာ တက္ကသိုလ် ကျောင်းသား
တွေ၊ ဘုန်းကြီးတွေ ဦးဆောင်ဖွဲ့စည်းတဲ့ ဒေသဆိုင်ရာ
သပိတ် ကော်မတီတွေ ပေါ်ပေါက်လာတယ်။ ဒီကော်မတီတွေက
လုံခြုံရေး၊ အစားအသောက် ဖြန့်ဖြူးရေး၊ ဒေသတွင်း
တည်ငြိမ်ရေး၊ အကြမ်းမဖက်ရေး စည်းကမ်း လိုက်
နာရေးကို တာဝန်ယူ ဆောင်ရွက်တယ်။
(အစိုးရကို ဆန့်ကျင်) ဆန္ဒပြစိန်ခေါ်တာကို ကျောင်း
သားတွေက ဦးဆောင်ပါတယ်။ ကိုမိုးသီးဇွန်နဲ့
ကိုမင်းကိုနိုင်တို့ ဦးဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂဟာ အဓိကကျတဲ့ ကျောင်းသား
အဖွဲ့အစည်း ဖြစ်ပါတယ်။ တခြား ကျောင်းသားသမဂ္ဂ
အဖွဲ့အစည်းတွေလဲ သက်ဆိုင်ရာ တက္ကသိုလ်
ပုရ၀ဏ်တွေထဲမှာ လှုပ်ရှားဆောင်ရွက်တာတွေ
ရှိပါတယ်။ ဒါပေမယ့် ဒီကျောင်းသား အဖွဲ့အစည်းတွေ
ဟာ တစ်ဖွဲ့ခြင်းအလိုက် သီးခြားစီ လှုပ်ရှားနေကြတာပါ။
အားလုံး တစ်စုတစ်စည်းတည်း ပူးပေါင်း ဆောင်ရွက်မှုမျိုး
မရှိပါဘူး။ စနစ်တကျစုဖွဲ့မှု မရှိတာ၊ ဂိုဏ်းဂဏကွဲတာ၊
အများသဘောတူ လေးစား ရတဲ့ ကျောင်းသားခေါင်းဆောင်
တစ်ယောက် မရှိတာ၊ စနစ်တကျ စုဖွဲ့ထားတဲ့ (အစိုးရ)
လုံခြုံရေးအင် အားစုကို ဦးဆောင် တိုက်ခိုက်နိုင်မယ့်
အဖွဲ့အစည်းတစ်ခု မရှိတာတွေကြောင့် ကျောင်းသား
လှုပ်ရှားမှု အောင်မြင်ရေးကို အဟန့်အတားတွေ
ဖြစ်စေခဲ့ပါတယ် (မြမောင် ၁၉၉၂)။
ကျောင်းသားတွေဟာ တခြားသော လူထူလူတန်းစား
အလွှာက ထောက်ခံအားပေးမှုတွေကို တစ်စု တစ်စည်း
တည်း ပူးပေါင်းပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဆန္ဒပြလှုပ်ရှားမှုကို
ပူးပေါင်းပါဝင်လာသူတွေ မြင့် တက်လာတဲ့အခါ ညီညွှတ်တဲ့
ခေါင်းဆောင်မှုတစ်ခု မရှိတာဟာ ပြဿနာတစ်ခုပါ။ ဆန္ဒပြလှုပ်ရှားမှု တွေ ဆောင်ရွက်ဖို့ ကျောင်းသားတွေက
စတင်ဦးဆောင်တာမျိုး လုပ်နိုင်ခဲ့ပေမယ့် အုပ်ချုပ်ရေးယန္တရား
သစ်တစ်ခု ထူထောင်တာမျိုးတော့ မလုပ်နိုင်ပါဘူး (ခရစ္စတီး
နားဖင့် ၂၀၀၁၊ ၆၁)။ စက်တင်ဘာလ လောက်မှာတော့
“အထွေထွေသပိတ်ကော်မတီတွေ” ဖွဲ့စည်းပြီးတော့
နိုင်ငံလုံးဆိုင်ရာ ဗဟိုအဖွဲ့ အစည်းတစ်ခု ပေါ်ပေါက်ရေး
ကြိုးပမ်းဆောင်ရွက်တာမျိုးတစ်ခု ရှိပါတယ်။ အထွေထွေ
သပိတ်ကော် မတီက ကျောင်းသား၊ ဘုန်းကြီး၊ အလုပ်သမား၊
ပညာရှင်စတဲ့ အင်အားစုတွေ အားလုံးကို အတူတကွ
စုစည်းပေးဖို့ ကြိုးပမ်းဆောင်ရွက်တာပါ။
အထွေထွေသပိတ်ကော်မတီ ကိုယ်စားလှယ် တစ်ရာကျော်
လောက် ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးပါတယ်။ ဒါပေမယ့်
သယ်ယူပို့ဆောင်ရေးတွေ ရပ်တန့်နေတာ တစ်နိုင်ငံလုံး
အတိုင်းအတာ ချိတ်ဆက်ဆောင်ရွက်ဖို့ ခက်ခဲတာတွေကြောင့်
အထွေထွေသပိတ်ကော် မတီဟာ နိုင်ငံလုံးဆိုင်ရာ စုစည်း
ချိတ်ဆက်ထားတဲ့ ကွန်ယက်ကြီးအဖြစ် မပေါ်ပေါက်နိုင်ခဲ့ပါဘူး။
စက်တင်ဘာလ ဆယ်ရှစ်ရက်နေ့ စစ်တပ်က ဖြိုခွဲမှုတွေ မလုပ်ခင်
အထိ အားလုံးက အသိအမှတ်ပြုတဲ့ နိုင်ငံလုံးဆိုင်ရာ ခေါင်းဆောင်မှု
တစ်ခု မပေါ်ပေါက်သေးပါဘူး။ စက်တင်ဘာလ ၉ ရက်နေ့မှာတော့
ဦးနုက ၀န်ကြီးချုပ်အဖြစ် သူ ဦးဆောင်မယ့် ကြားဖြတ်အစိုးရတစ်ရပ်
ဖွဲ့စည်းထူလိုက်ကြောင်း ကြေညာချက် ထုတ်ပါတယ်။ ဒါပေမယ့်
သူလဲ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရအောင်တော့
မဆောင်ရွက်နိုင်ပါဘူး။ ဒီတော့ လူထုအားလုံးက ထောက်ခံတဲ့
ကြားဖြတ်အစိုးရတစ်ရပ် ဖြစ်ပေါ်ရေးအ တွက် စက်တင်ဘာ
၁၃ ရက်၊ ၁၄ ရက်မှာ အစည်းအဝေးတွေ လုပ်ပါတယ်။
ဒီအစည်းအဝေးတွေကို ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊
ဦးတင်ဦး၊ ဦးအောင်ကြီးနဲ့ ကျောင်းသားခေါင်းဆောင်တွေ
တက်ပါ တယ်။ ဦးနုက သူ့အစိုးရကို ထောက်ခံဖို့
တိုက်တွန်းပါတယ်။ တခြားသူတွေက လက်မခံပါဘူး။
နိုင်ငံရေး ခေါင်းဆောင်တွေက စင်ပြိုင်အစိုးရတစ်ရပ်
မဖွဲ့စည်းနိုင်တာ၊ ခေါင်းဆောင်မှု လစ်ဟာနေ တာတွေဟာ
အရေးကြီးဆုံးကာလမှာ စိန်ခေါ်မှုတွေ ဖြေရှင်းနိုင်ရေး
အတွက် ပြဿနာဖြစ်စေနိုင် ကြောင်း သဘောပေါက်တဲ့
အထွေထွေသပိတ်ကော်မတီက ကျောင်းသား တက်ကြွ
လှုပ်ရှားသူတွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက
စက်တင်ဘာလ ဆယ့်ရှစ်ရက်နေ့ နေ့လယ်မှာ
အစည်းအ ဝေးတစ်ခု ခေါ်ပါတယ်။ ဒီအစည်းအဝေးမှာ
သပိတ်ကော်မတီနဲ့ အလုပ်သမားသမဂ္ဂတွေ ပါဝင်တဲ့
စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းကြေညာဖို့ လုပ်ပါတယ်။
အဲဒီနေ့ နေ့လယ်မှာပဲ “နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု
တည်ဆောက်ရေးအဖွဲ့”က တစ်နိုင်ငံလုံးကို အကြမ်းဖက်
ထိန်းချုပ်လိုက်ပါတယ်။ ဒီလိုနဲ့ တောင်အာဖရိကနဲ့
ဖိလစ်ပိုင်က ပြည်သူ့အာဏာ လှုပ်ရှားမှုတွေ အောင်မြင်ရေးမှာ
အရေးပါတဲ့ ဒေသအလိုက်၊ နိုင်ငံလုံးဆိုင်ရာအလိုက် စင်ပြိုင်
အစိုးရ ဖွဲ့စည်းနိုင်ရေးနဲ့ စင်ပြိုင်အချုပ်အခြာ အာဏာ
(dual sovereignty) ဖန်တီးနိုင်ရေး အခွင့်အလမ်းဟာ
လက်လွတ်ခဲ့ရပါတယ် (စမစ် ၁၉၉၁၊ ၁၅)။
နိုဝင်ဘာလ ၅ ရက်နေ့ ထိုင်းနယ်စပ် အနီးက ကရင်
တပ်တွေ ထိန်းချုပ်ရာဒေသမှာ နိုင်ငံလုံးဆိုင်ရာ
ဗဟိုအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရေးအတွက်
နောက်ထပ်ကြိုးစားမှုတစ်ခု ရှိပါသေးတယ်။
အဖွဲ့အစည်း ဆယ့်ရှစ်ခုက ကိုယ်စားလှယ်တွေဟာ
“ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားတပ်ဦး
(ABSDF)” ဖွဲ့စည်းကြောင်း ကြေညာပါတယ်။ သီတင်းပတ်
အနည်းငယ်ကြာတဲ့အခါ ABSDFအပါအ၀င် အသင်းအဖွဲ့
နှစ်ဆယ့်နှစ်ဖွဲ့က ကိုယ်စားလှယ်တွေ စုပေါင်းပြီးတော့
“ဗမာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက် တစ် မဟာမိတ်
(Democratic Alliance of Burma-DAB)”အဖွဲ့
တစ်ခုကို ဖွဲ့စည်းပါတယ် (စမစ် ၁၉၉၁၊ ၁၇)။
ဒါပေမယ်လို့ DABဟာ ဗမာပြည်တွင်းက တက်ကြွ
လှုပ်ရှားသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မှု
နည်းတာကြောင့် အစိုးရဆန့်ကျင်မှုတွေ ပေါင်းစည်း
ပေးရေးအတွက် ဆောင်ရွက်ပေးနိုင်တာမျိုး သိပ်မ
ရှိလှပါဘူး။ နှစ်နှစ်လောက်အကြာ ၁၉၉၀ ခုနှစ်
ဒီဇင်ဘာလ ဆယ့်ရှစ်ရက်နေ့မှာ အာဏာသိမ်းအစိုးရက
ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုတဲ့အခါ
“ပြည်ပရောက် ညွှန့်ပေါင်းအစိုးရတစ်ရပ် (NCGUB)”ကို
စင်ပြိုင်အစိုးရအဖြစ် ကရင်တပ်တွေ ထိန်းချုပ်ရာ
မာနယ်ပလောဒေသမှာ ဒေါက်တာ စိန်ဝင်းက
ဦးဆောင်ထူထောင်ပါတယ်။ အဲဒီအချိန်မှာ လူထူ
လှုပ်ရှားမှုက ပြိုကွဲနေပါပြီ။ ညွှန့်ပေါင်းအစိုး ရက
ဗမာပြည်တွင်း စင်ပြိုင်အစိုးရအဖြစ် ဆောင်ရွက်
နိုင်တာထက် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့
ထောက်ခံမှု ရရှိရေးကို ပိုဆောင်ရွက်နိုင်ပါတယ်။
စစ်အာဏာသိမ်း အစိုးရ တက်တော့ ကျောင်းသား
အတော်များများက လက်နက်ကိုင် တော်လှန်ရေး လုပ်ဖို့
ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နယ်စပ်ဘက်တွေဆီ
တိမ်းရှောင်ကြပါတယ်။ စစ်အာဏာ ရှင် အစိုးရက သူရဲ့
အားသာချက်ဟာ အကြမ်းဖက်နိုင်မှု ဆိုတာကို သဘော
ပေါက်ပါတယ်။ မြို့ပေါ် ဆန္ဒပြမှုတွေက ထွက်ခွာသွားတဲ့
ကျောင်းသားတွေကတော့ သူတို့ရဲ့ အားသာချက်ဟာ
အကြမ်းမဖက် ရေး နည်းလမ်းဆိုတာကို သတိမထားမိပါဘူး။
တက္ကသိုလ်တွေကို ပိတ်ထားတာ၊ ဦးဆောင် လှုပ်ရှားသူ
ကျောင်းသားတွေကို ရှာဖွေဖမ်းဆီး နှိပ်စက်တာတွေကြောင့်
ပြည်သူ့စစ် ဆင်နွှဲဖို့အတွက် ပြည်သူ့ အာဏာ လှုပ်ရှားမှုကို
စွန့်ခွာသွားတာကို နားလည်ပါတယ်။ ဒါပေမယ့် အကျိုး
အဆက်က အစိုးရကို ဆန့်ကျင်ပြီးတော့ ကြံ့ကြံ့ခံ ခုခံနိုင်
စွမ်းရည် နိမ့်ကျသွားပါတယ်။ လူထုလှုပ်ရှားမှုကတစ်ဆင့်
တောင်းဆိုနိုင်စွမ်းရည်လဲ လျော့ကျသွားပါတယ်။ ဒီတော့
အစိုးရက အသာစီး အနေအထား ရသွားပါတယ်။
(၂)
ထောင့်ကိုးရာ ရှစ်ဆယ့်ကိုးခုနှစ် ဧပြီလ ဆယ့်ရှစ်ရက်နေ့မှာ
ဘေဂျင်းတက္ကသိုလ်က ကျောင်းသား တွေဟာ လွတ်လပ်တဲ့
ကျောင်းသားအသင်းအဖွဲ့တစ်ခုကို ထူထောင်ကြတယ်။
ဒီနောက်ပိုင်း သိပ်မ ကြာပါဘူး၊ ဘေဂျင်းတစ်မြို့လုံးက
ကျောင်းသားတွေ ပါတဲ့ “လွတ်လပ်တဲ့ ဘေဂျင်းကျောင်းသားများ
ဖက်ဒရေးရှင်း”ကို ဖွဲ့စည်းတယ်။ တခြားတက္ကသိုလ်က
ကျောင်းသားတွေလဲ ကိုယ့်ကျောင်းအလိုက် လွတ်လပ်တဲ့
ကျောင်းသားသမဂ္ဂတွေကို ထူထောင်ကြတယ်။ အသင်းအဖွဲ့တွေ
များလာတာနဲ့အမျှ အစိတ်စိတ်အမွှာမွှာ ပိုဖြစ်လာတယ်။
အစိုးရကို တောင်းဆိုမယ့် အချက်တွေ၊ အစိုးရနဲ့ ညှိနှိုင်း
ရေးတွေကို တာဝန်ယူဖို့အတွက် မေလ ငါးရက်နေ့မှာ
ကောလိပ်ကျောင်းသားများ ကိုယ်စားလှယ်အသင်းကို
ဖွဲ့စည်းတယ်။ မေလ ၁၃ ရက်နေ့မှာ အစာငတ်ခံ သပိတ်
စတော့ အစာငတ်ခံ သပိတ်မှောက်သူများ ကိုယ်စား
လှယ်အသင်းတစ်ခုကို ဖွဲ့စည်းတယ်။ ဒီလှုပ်ရှားမှုတွေကို
ဗျူဟာကျကျ ပူးပေါင်းဆောင်ရွက် တာထက် အချင်းချင်း
ပြိုင်ဆိုင်နေတာနဲ့ အဆုံးသတ်သွားတယ်။
ကျောင်းသား အသင်းအဖွဲ့တွေတင် ပေါ်ပေါက်လာတာ
မဟုတ်ဘူး၊ နိုင်ငံရေးအရ ရည်မှန်းချက်ကြီးတဲ့ သဘော
ထားအမြင် အမျိုးမျိုး ရှိတဲ့ ကျောင်းသားတွေလဲ ပေါ်လာ
တယ်။ ဒီကျောင်းသားတွေက ကျောင်းသားလှုပ်ရှားမှု
အသင်းတွေထဲမှာဖြစ်စေ၊ အသင်းပြင်ပမှာ ဖြစ်စေ
ကိုယ်ပိုင်လှုပ်ရှားမှုတွေ လုပ် ကြတယ်။ ကျောင်းသား
လှုပ်ရှားမှု ရှည်ကြာလာတဲ့နဲ့အမျှ အစိတ်စိတ်အမွှာမွှာ
ပိုကွဲလာတယ်၊ တစ်စုတ စည်းတည်း ပူးပေါင်းဆောင်ရွက်မှု
မရှိဘူး။ တရုတ်နိုင်ငံရေး ပြဿနာတွေကို အသေးစိတ်
နားလည်ပြီး ကျောင်းသားလှုပ်ရှားမှုရဲ့ ပန်းတိုင်ကို
သဘောပေါက်တဲ့ ကျောင်းသားတွေဟာ အစွန်းရောက်
တောင်းဆိုချက်တွေ၊ အစွန်းရောက် လှုပ်ရှားမှုတွေ
ကတဆင့် ထောက်ခံမှု ရလာတဲ့ ကျောင်းသားတွေရဲ့
ကြဉ်ထုတ်ခြင်းကို ခံရတယ်။ ကျောင်းသား အုပ်စုတွေကြား
မှာလဲ ပဋိပက္ခတွေ ပြင်းထန်လာတယ်။ ဥပမာ မေလ ၁၉ ရက်နေ့မှာ ဘေဂျင်းတက္ကသိုလ်က ကျောင်းသာတွေဟာ
တိန်အန်မင်ရင်ပြင်မှာ အသံလွှင့် ဌာနတစ်ခု ဆောက်တယ်။
နောက်တစ်နေ့မှာပဲ ချင်ဟွာတက္ကသိုလ်က ကျောင်းသားတွေက
အသံလွှင့် ရုံကြီးတစ်ခု ထပ်ဆောက်တယ်။ အသံလွှင့်ရုံဌာန
နှစ်ခုလုံးက အမြင်သဘောထား မတူတဲ့ ကြေညာချက်တွေ၊
အမိန့်ညွှန်ကြားချက်တွေကို တစ်ချိန်တည်းမှာပဲ တစ်ပြိုင်နက်
တည်း ထုတ်လွှင့်ကြေညာ ကြတယ်။
ကောလိပ်ကျောင်းသားများ ကိုယ်စားလှယ်အသင်းနဲ့
ဘေဂျင်းတက္ကသိုလ် ကျောင်းသားများ ဖက်ဒရေး ရှင်းတို့
ကိုယ်စားပြုတဲ့ ကျောင်းသားလှုပ်ရှားမှုက ပိုပြီးစုစည်းစုဖွဲ့မှု
အားကောင်းပေမယ့် ကျောင်းသား လှုပ်ရှားမှုတစ်ခုလုံးကို
စုစည်းဦးဆောင်မှုမျိုးတော့ မလုပ်နိုင်ဘူး။ သူတို့နဲ့ အစာငတ်ခံ
သပိတ်မှောက် ကျောင်းသားတွေကြားမှာ (လှုပ်ရှားမှုရဲ့)
နည်းဗျူဟာနဲ့ ပန်းတိုင်တွေနဲ့ ပတ်သက်လို့ သဘောထား
အမြင် မတူကြဘူး။ မေလ ဆယ့်ရှစ်ရက်နေ့မှာ
ကျောင်းသားခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူ
တော်တော်များများက အစာငတ်ခံ သပိတ်ကို ရပ်စေချင်ကြ
တယ်။ မာရှယ်လော ထုတ်ပြန်ဖို့အတွက် အစိုးရကို
အကြောင်းပြချက် ပေးလိုက်တာမျိုး မဖြစ်စေချင်ကြဘူး။
အစာငတ်ခံ သပိတ် ရပ်သင့်၊ မရပ် သင့်ဆိုတာကို
ကျောင်းသားအုပ်စုတွေကြားမှာ အပြင်းအထန် ငြင်း
ခုံကြတယ်။ အစာငတ်ခံ သပိတ်မှာ လဲ နှစ်မျိုး ထပ်ကွဲ
သေးတယ်။ ပထမ တစ်မျိုးက အစာငတ်ခံ သပိတ်ကို
နိုင်ငံနည်းဗျူဟာ တစ်ခုအဖြစ် လုပ်လိုသူတွေ ဖြစ်တယ်။
သူတို့က လူထုလှုပ်ရှားမှု ပိုအားကောင်းလာဖို့နဲ့
တရုတ်-ရုရှားအစည်းအဝေး တက်ဖို့ ဘေဂျင်းကို
ဂိုဘာချော့ လာလည်တုန်း နိုင်ငံတကာ မီဒီယာတွေရဲ့
အာရုံစိုက်မှု ရအောင် လုပ် ချင်တာ ဖြစ်တယ်။ ဒုတိယ
ပုံစံတစ်မျိုးက သူတို့ရဲ့ တောင်းဆိုချက်တွေကို
အစိုးရက လိုက်လျောလာ တဲ့အထိ အစာငတ်ခံ
သပိတ်မှောက်လိုသူတွေ ဖြစ်တယ်။ သေဘာထားေ
ပျာ့ပြောင်းပြီး အစိုးရနဲ့ ညှိနှိုင်းချက်တွေကနေ
ရသမျှတောင်းဆိုချက်ကို လက်ဆုပ်လက်ကိုင်
ယူချင်တဲ့ ကျောင်းသားတွေကို သစ္စာဖောက်လို့
မြင်ကြတယ်။ ကြဉ်ထုတ် ခံရတယ်။ အစာငတ်ခံ သပိတ်
စတော့ ဒုတိယပုံစံ ခေါင်းဆောင်မှုရဲ့ ဦးဆောင်မှုက
အသားစီးရသွားတယ်။ သူတို့တွေဟာ ဘေဂျင်းမြို့ပြင်က အသစ် ရောက်လာတဲ့ ကျောင်းသားတွေရဲ့ ထောက်ခံမှုကို
ရတယ်။
မေလကုန်ခါနီးမှာ ဗဟိုအဖွဲ့အစည်းတစ်ခုအဖြစ် ဖက်ဒရေးရှင်း
တစ်ခုကို ဖွဲ့စည်းကြသေးတယ်။ ဒုတိယ ပုံစံ အစာငတ်ခံ
သပိတ်ခေါင်းဆောင်တွေလဲ ပါတဲ့ ဒီဖက်ဒရေးရှင်းက
တိန်အန်မင်ရင်ပြင် သပိတ်ကို အဆုံးသတ်ဖို့ ကြေညာ
တဲ့အခါ အစိုးရနဲ့ ကျောင်းသားတွေ တစ်ဖက်ကိုတစ်ဖက်
ကျဉ်းထဲကျပ်တည်း အနေအထားက ထွက်ပေါက်ရသွား
ခါနီးပြီ။ ဒါပေမယ့် မကြာခင်မှာပဲ ဒုတိယပုံစံ သပိတ်
ခေါင်းဆောင် တွေက စိတ်ပြောင်းပြီးတော့ ဖက်ဒရေး
ရှင်းကနေ နုတ်ထွက်ကြောင်း ကြေညာတယ်။ တိန်အန်မင်
သပိတ်ကို အဆုံးသတ်ဖို့ ဘေဂျင်းတက္ကသိုလ်က
ကျောင်းသားခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို
ဘေဂျင်းမြို့ပြင်က ကျောင်းသားတွေက လက်မခံဘူး။
ဒီအချက်တွေကြောင့် အစိုးရနဲ့ ထိပ်တိုက်တိုး ရေးအထိ
ဦးတည်သွားတယ်။
အုပ်စုကွဲအသီးသီးကို စုစည်းပေးဖို့အတွက် ဗဟိုအဖွဲ့အစည်း
တစ်ခု ပေါ်ပေါက်ရေး ကြိုးစားမှုတွေ ရှိပေ မယ့် ဘယ်အဖွဲ့ကမှ
ကျောင်းသားအများစုရဲ့ ထောက်ခံမှု မရခဲ့ဘူး။ အားလုံး
အသိအမှတ်ပြု လက်ခံ တဲ့ ဗဟိုအဖွဲ့အစည်းတစ်ခု ရှိရင်
အများသဘောတူ တောင်းဆိုချက်တွေကို ဆွေးနွေးအတည်ပြု
တာ၊ ရည်မှန်းချက် အောင်မြင်ရေးအတွက် ဗျူဟာကျကျ
တောင်းဆိုတာ၊ ရသမျှ တောင်းဆိုချက်ကို လက်
ဆုပ်လက်ကိုင် ယူထားတာမျိုး လုပ်နိုင်ပါတယ်။
လုံလောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက်
ဒါတွေ လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နည်းဗျူဟာကြောင့်
လှုပ်ရှားမှုရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုလဲ အဟန့်အတားဖြစ်
စေပါတယ်။ ဆန္ဒဖော်ထုတ်တာ၊ ချီတက်တာမျိုး
စုစည်းနေမှုတွေ၊ အစာငတ်ခံ သပိတ်နဲ့ ထိုင်သပိတ်လိုမျိုး
အကြမ်းမဖက်ရေး လှုပ်ရှားမှုတွေဟာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်
ရတဲ့အခါ ကြံ့ ကြံ့ခံနိုင်စွမ်း သိပ်မရှိပါဘူး။ အစိုးရယန္တရားတွေနဲ့
ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်တဲ့ လူတွေဖြန့်ခွဲ
သပိတ်မှောက်နည်းက ဖိနှိပ်မှုတွေ ကြုံလာတဲ့အခါ ပိုပြီးတော့
ခံနိုင်ရည်ရှိစေပါတယ်။ တရုတ်မှာတော့ (တိန်အန်မင်)
နေရာတစ်ခုတည်းမှာ စုစည်းသပိတ်မှောက်တာ
ဖြစ်တာကြောင့် ဖိနှိပ်မှုတွေ ပြင်းထန် လာတဲ့အခါ
ကြံ့ကြံ့ခံနိုင်စွမ်း မရှိတော့ပါဘူး။
(၃)
စစ်အစိုးရအာဏာ မသိမ်းခင်မှာ အကြမ်းမဖက်တဲ့
နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒဖော်ထုတ်မှုတွေ ရှိခဲ့ပေမယ့်
စစ်အစိုးရ အာဏာသိမ်းမှု နောက်ပိုင်း ပါတီစုံရွေးကောက်ပွဲ
ကျင်းပပေးမယ်လို့ ကြေညာချက် ထုတ်ပြန်ပြီးနောက်မှာတော့
ဒီလိုမျိုး လှုပ်ရှားမှုတွေ အနည်းအကျဉ်းပဲ ရှိပါတော့တယ်။
ထောင့်ကိုးရာ ရှစ်ဆယ့် ကိုးခုနှစ် ဂျူလိုင်လ နှစ်ဆယ် ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်
ချခံရပါတယ်။ တခြား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ပါတီဝင်တွေလဲ အဖမ်းခံရပါတယ်။ ဒီလိုနဲ့ အတိုက်
အခံလှုပ်ရှားမှုတွေလဲ အားနည်းလာစေပါတယ်။ အစိုးရ
ယန္တရားတွေကို ဆန့်ကျင်သပိတ်မှောက်မှုမျိုး တွေထက်
နိုင်ငံရေးလက်ကမ်း စာစဉ် ဖြန့်ဝေတာ၊ လူထုအစည်း
အဝေးတွေ လုပ်တာမျိုး အာဏာဖီ ဆန်ရေးတွေလောက်ပဲ
လုပ်နိုင်ပါတော့တယ်။ စစ်တပ်က ရွေးကောက်ပွဲ ရလဒ်ကို
အသိအမှတ်ပြုလိမ့် မယ်ဆိုတဲ့ ယူဆချက်နဲ့ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲ
ဝင်ပြိုင်ပါတယ်။ ဒီတော့ အစိုးရ ထိန်းချုပ်ထားတဲ့ (ရွေးကောက်ပွဲ)
လမ်းကြောင်း တစ်ခုတည်းမှာ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ
အားလုံး ပါဝင်သွားခြင်းအားဖြင့် အကြမ်းမဖက် ဆန္ဒဖော်ထုတ်မှု
တွေကတစ်ဆင့် အစိုးရကို ဖိအားပေး တောင်းဆိုမှုတွေ
လုပ်နိုင်စွမ်း ကျဆင်းသွားပါတယ်။
အစိုးရကို ဖိအားပေး တောင်းဆိုနိုင်မှု အားနည်းတာဟာ
သက်ဆိုင်ရာ နိုင်ငံရဲ့ နောက်ခံအခင်းအကျင်း နဲ့လဲ ဆိုင်ပါတယ်။
စစ်တပ်ရဲ့ လွှမ်းမိုးကြီးစိုးမှုနဲ့ ပတ်သက်လို့ ထိပ်ပိုင်းခေါင်းဆောင်စု
အတွင်းမှာ သ ဘောထားကွဲတဲ့ အကွဲအပြဲမျိုး မရှိပါဘူး။ စစ်တပ်
အတွင်းမှာ ကွဲပြဲတာမျိုးလည်း မဖြစ်ပါဘူး။ အစိုးရ
ယန္တရားအတွင်းမှာ လုံလောက်တဲ့ သြဇာအာဏာရှိတဲ့
အင်အားစုမျိုးရဲ့ ထောက်ခံမှုလဲ မရှိပါဘူး။ စစ် အစိုးရကို
ဖိအားပေးနိုင်မယ့် နိုင်ငံတကာ ထောက်ခံမှုမျိုးလဲ မရှိပါဘူး။
ရှစ်ဆယ့်ရှစ် အရေးအခင်းမတိုင် ခင်ကတော့ စစ်တပ်တွင်း
ထိပ်ပိုင်းခေါင်းဆောင်တချို့က ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့
အုပ်ချုပ်ပုံကို စိန်ခေါ် တာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ၁၉၆၃မှာ
ဗိုလ်ချုပ်အောင်ကြီး၊ ၁၉၆၉မှာ တင်ဖေ၊ ၁၉၇၆မှာ
ဗိုလ်ချုပ်တင်ဦး တို့ဟာ စစ်တပ်တွင်းက အထုတ်ခံရတယ်။
၁၉၇၆မှာပဲ ဦးတင်ဦးကို လိုလားတဲ့ အငယ်တန်း အရာရှိ
ခုနှစ်ဦးဟာ ဗိုလ်ချုပ်နေ၀င်းကို လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့
စွပ်စွဲချက်နဲ့ အဖမ်းခံရတယ်။ နောက်တစ် နှစ်အတွင်း
လောက်မှာပဲ ဗိုလ်ချုပ်နေ၀င်းကို လုပ်ကြံဖို့ ကြံစည်တယ်
ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ့လမ်းစဉ် ဆိုရှယ်လစ်ပါတီဝင်
အရာရှိနှစ်ဦး အဖမ်းခံရတယ်။ စစ်တပ်အတွင်းမှာရော
အစိုးရယန္တရားအတွင်းမှာပါ ဦးတင်ဦး ထောက်ခံသူလို့
ဖြစ်တန်ချေရှိသူတွေကို ဖြုတ်ထုတ်ရှင်း လုပ်ခြင်းအားဖြင့်
နေ၀င်းဟာ သူ့ အာဏာကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
စစ်ထောက်လမ်းရေး အကြီးအကဲ တင်ဦး (ဗိုလ်ချုပ်
တင်ဦးနဲ့ မဆိုင်)လဲ စစ်တပ်က ထုတ်ပြီး တစ်သက်တစ်ကျွန်း
ထောင်ဒဏ်ချမှတ်ခံရပါတယ်။ ဆိုတော့ ရှစ်လေးလုံး
အရေးတော်ပုံကာလမှာ အောက်ခြေအဆင့် တပ်သား
တွေလောက်ပဲ လာရောက်ပူးပေါင်းတာမျိုး ရှိပါတယ်။
ထိပ်ပိုင်း စစ်အရာရှိတွေရဲ့ ထောက်ခံမှုမျိုး မရပါဘူး။
သာမန် အရာရှိငယ် အများစုကလဲ လက်နက်မဲ့
ဆန္ဒပြသူတွေကို ပစ်ခတ်ရမယ့် အမိန့်ကို သစ္စာရှိရှိ
နာခံကြပါတယ်။ ဒီတော့ ရှစ်လေးလုံး ဒီမိုကရေစီ
လှုပ်ရှားမှုကာလတွင်းမှာ စစ်တပ်က စုစည်းညီညွှတ်မှု
ရှိနေပါတယ်။
ဒီမိုကရေစီရေး လှုပ်ရှားမှုကာလတွင်းမှာ သံဃာတစ်ချို့ရဲ့
ထောက်ခံမှုကိုတော့ ရခဲ့ပါတယ်။ ဒါပေမယ့် သံဃာစုကိုလဲ
နေ၀င်းက ထိန်းချုပ်ထားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။
ထောင့်ကိုးရာ ရှစ်ဆယ်ခုနှစ် လောက်မှာ နေ၀င်းအစိုးရနဲ့
သံဃာထုကြား ဆက်ဆံရေးဟာ ပြောင်းလဲလာပါတယ်။
အစိုးရ ကမက ထပြု ကျင်းပပေးတဲ့ သာသနာသန့်ရှင်း၊
တည်တံ့၊ ပြန့်ပွားရေး သံဃာ့အစည်းအဝေးတွေ လုပ်ပါတယ်။
ထောင့်ကိုးရာ ရှစ်ဆယ့်ငါးခုနှစ် ဒုတိယအကြိမ်မြောက်
အစည်းအဝေးနောက်ပိုင်း အစိုးရနဲ့ ရှေးရိုးစွဲ သံဃာတွေဟာ
သံဃာထုကို အတော်လေး ထိန်းချုပ်နိုင်စွမ်း ရှိသွားပါပြီ။
သံဃာထုအတွင်း ရှေးရိုးဆန် တဲ့ ခေါင်းဆောင်စုဟာ
စစ်တပ်ကို ပွင့်ပွင့်လင်းလင်း မဝေဖန်ပါဘူး။ နိုင်ငံရေး
လှုပ်ရှားမှုတွေမှာ ပါတဲ့ သံဃာတွေကိုတော့ အမြဲတမ်း
ဝေဖန်ပါတယ်။ ဒီတော့ သံဃာ အသင်းအဖွဲ့တွေဟာလဲ
အစိုးရ ထိန်းချုပ်မှုက မလွတ်ကင်းတာကြောင့် ဖိနှိပ်မှုတွေ
ကြုံလာတဲ့အခါ ဒီမိုကရေစီရေး လှုပ်ရှားမှု ထိန်း
ထားနိုင်အောင် ကူညီတာမျိုး မလုပ်နိုင်ပါဘူး။ ၁၉၉၀ခုနှစ်
ရွေးကောက်ခံ အစိုးရကို အာဏာလွှဲပေးဖို့ တောင်းဆိုတဲ့
ရဟန်းပျိုသမဂ္ဂမျိုး ဖွဲ့စည်းတာတော့ ရှိပါတယ် စစ်အစိုးရက
ဘုန်းကြီးကျောင်း တစ်ရာ ကျော်လောက်ကို ၀င်ရောက်
တိုက်ခိုက်တာ၊ သံဃာတွေကို သင်္ကန်းဝတ်လဲ၊ ဖမ်းဆီး
ထောင်ချ၊ နှိပ်စက် တာတွေ လုပ်ခဲ့ပါတယ်။ ဒီတော့
သံဃာတစ်ချို့ရဲ့ ထောက်ခံမှု ရခဲ့ပေမယ့် သံဃာ
အသင်းအဖွဲ့ရဲ့ ထိပ် ပိုင်းခေါင်းဆောင်မှုရဲ့ ထောက်ခံမှု
မရှိတာက တစ်ကြောင်း၊ အစိုးရက ဖိနှိပ်လိုတာက
တစ်ကြောင်း ကြောင့် သံဃာထုဟာလဲ ဖိလစ်ပိုင်က
ကတ်သလစ် ဘုရားရှိခိုးကျောင်းတော်လိုမျိုး၊ ထိုင်းနိုင်ငံက
သံဃာအဖွဲ့အစည်းတွေမျိုး အစိုးရအမှီအခို ကင်းတဲ့ သြဇာ၏
အာဏာရှိတဲ့ မဟာမိတ်မျိုး ဖြစ်မလာတော့ပါဘူး။
ဗမာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ နိုင်ငံခြားက သြဇာ
အာဏာရှိတဲ့ မဟာမိတ်တွေရဲ့ ထောက်ခံမှု မျိုးလဲ မရှိပါဘူး။
သမိုင်းကြောင်းအရ တခြား အရှေ့တောင်အာရှ နိုင်ငံတွေထက်
ဗမာနိုင်ငံဟာ ကမ္ဘာ နဲ့အဆက်ပြတ်ပြီး အထီးပိုကျန်ဆန်နေရစ်
ပါတယ်။ ၁၉၆၂ခုနှစ် အာဏာသိမ်းပြီးကတည်းကတိုင် တံခါး
ပိတ်ဝါဒကို ကျင့်သုံးပါတယ်။ နိုင်ငံခြားသာသနာပြုတွေ၊
ပညာရှင်တွေ၊ ဖောင်ဒေးရှင်းတွေကို နိုင်ငံတွင်းက နှင်ထုတ်ခဲ့
ပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုကာလတွင်းမှာ နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ရန်ကုန်မှာ ရုံးတစ်ခု ခဏလာဖွင့်
သေးပေမယ့် စက်တင်ဘာလမှာပဲ အပိတ်ခံလိုက်ရပါတယ်။
အစိုးရ သြဇာကင်းတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဟာလဲ
စစ်အာဏာသိမ်းပြီးနောက်ပိုင်းလောက်မှာ ပေါ် လာတာပါ။
အများစုက ထိုင်းနိုင်ငံ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စု
တို့မှာ ရှိတာကြောင့် ဗမာပြည် တွင်း လှုပ်ရှားမှုတွေနဲ့
ဆက်သွယ်ဆောင်ရွက်နိုင်စွမ်း အားနည်းပါတယ်။
စစ်အစိုးရအပေါ် ပြည်ပ နိုင်ငံတွေရဲ့ ဖိအားပေးနိုင်စွမ်းလဲ
မရှိခဲ့ပါဘူး။ ၁၉၆၂ အာဏာသိမ်းပြီးက တည်းကတိုင်း
စီးပွားရေး တံခါးပိတ်မူဝါဒနဲ့ နိုင်ငံခြားရေး ဘက်မလိုက်
မူဝါဒကို ကျင့်သုံးတာကြောင့် ပြည်ပနိုင်ငံတွေအပေါ်
မှီခိုမှု သိပ်မရှိပါဘူး။ ဒီတော့ ပြည်ပနိုင်ငံတွေအဖို့ စစ်
အစိုးရရဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေကို ရှုတ်ချတာ
ကလွဲလို့ ထိထိရောက်ရောက် ဖိအားပေး အရေးယူတာမျိုး
မလုပ်နိုင်ပါဘူး။ ဗမာနဲ့ အနောက်နိုင်ငံတွေကြားမှာ
ကူးလူးကုန်သွယ်မှု နည်းပါးတာလဲ ပါပါတယ်။ ဂျပန်က
အကူအညီ ထောက်ပံ့မှုတွေကို ယာယီရပ်ဆိုင်းခဲ့ပေမယ့်
စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေကြောင့် အနောက်နိုင်
ငံတွေရဲ့ စီးပွားရေး သပိတ်မှောက်မှုမှာတော့ မပါဝင်ခဲ့ပါဘူး။
ဒီကြားထဲ ထိုင်းအစိုးရက နယ်စပ် ဖြတ်ကျော်လာတဲ့ ဗမာ
အတိုက်အခံတွေကို ဖမ်းဆီးပြီးတော့ ဗမာနိုင် ငံတွင်း ပြန်ပို့ပါတယ်။
ဗမာနိုင်ငံတွင်း သစ်တောတွေမှာ သစ်ထုတ်လုပ်ခြင်းအားဖြင့်
ထိုင်းကော်ပိုရေး ရှင်းတွေဟာ ဗမာအစိုးရကို ၀င်ငွေအမြောက်
အများ ထောက်ပံ့ပေးနိုင်ပါတယ်။ ငါးမြှားခွင့်၊ ရေနံတူး
ဖော်ခွင့်၊ ကျောက်မြတ်ရတနာနဲ့ ခရီးသွားကဏ္ဍတွေမှာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ အကျိုးတူ ပူးပေါင်း
ဆောင်ရွက်မှုတွေကတစ်ဆင့် စစ်အစိုးရက အခွန်ငွေတွေ
ရနေပါတယ်။ ဒီအခွန်ငွေတွေနဲ့ ပါကစ္စတန်၊ စင်ကာပူနဲ့
တရုတ်ဘက်က စစ်လက်နက်တွေ ၀ယ်ယူနိုင်ပါတယ်။
၁၉၀၀ခုနှစ်မှာ တရုတ်က တစ်ဒဿ မ နှစ်ဘီလီယံဖိုး
ရှိတဲ့ စစ်လက်နက်တွေ ရောင်းပေးပါတယ်။ ဒီလက်နက်
တွေကို ဗမာပြည်သူလူထုကို ဖိနှိပ်ဖို့အတွက် ပြန်သုံးပါတယ်။
တရုတ်ကလဲ ဗမာစစ်အစိုးရကို နိုင်ငံတကာ မျက်နှာစာမှာ
အဓိက ထောက်ခံပေးသူ ဖြစ်လာပါတယ်။ ဒီနည်းအားဖြင့်
နိုင်ငံခြား တိုင်းပြည်တွေရဲ့ လူအခွင့်အရေး လေးစား
လိုက်နာရန် ဖိအားပေးမှုတွေကို ဆန့်ကျင်နေနိုင်ပါတယ်။
(၄)
တရုတ်မှာတော့ ကျောင်းသားလှုပ်ရှားမှုမှာ တခြားလူမှု
အင်အားစုတွေ ပါဝင်မှု နည်းတာကြောင့် အင် အားနည်းတာလဲ
ပါပါတယ်။ ပညာရှင်တွေ၊ သတင်းစာသမားတွေရဲ့
ထောက်ခံမှုကို ရခဲ့ပေမယ့် အလုပ်သမား၊ လယ်သမားတွေရဲ့
ထောက်ခံမှုကိုတော့ မရခဲ့ပါဘူး။ အလုပ်သမားတွေ အပေါ်
သဘောတရားရေး ထိန်းချုပ်မှုဟာ မော်စီတုန်းခေတ်ကလို
အားမကောင်းတော့ပေမယ့် အခြေခံ အလုပ်သမား
ယူနစ်တွေကတစ်ဆင့် အစိုးရက နိုင်ငံသားတွေကို
ထိန်းချုပ်ထားပါတယ်။ အလုပ်သမား အများစုက အ
လုပ်အကိုင်၊ လစာ၊ နေအိမ်၊ ကျန်းမာရေး စောင့်ရှောက်မှု
တွေအတွက် အစိုးပိုင် လုပ်ငန်း တွေရဲ့ အလုပ်အကိုင်အပေါ်
မှီခိုအားထားနေရပါတယ်။ အလုပ်အကိုင် ဆုံးရှုံးမှာ
ကြောက်ကြပါတယ်။ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်
လာတဲ့ အလုပ်သမားတွေဟာလဲ အသင်းအစုလိုက်
ပါလာတာမျိုး မဟုတ်ဘဲ တစ်ဦးချင်း ပါဝင်လာသူတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် မေလလယ်လောက်မှာ အစိုးရသတင်းစာတွေအပေါ်
ဆင်ဆာဖြတ်တောက်မှု ခဏတာ ရပ် တန့်သွားတုန်းကတော့
အလုပ်သမားယူနစ်တွေ ဦးဆောင်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်
လာပါတယ်။ အဲ ဒီကာလက လူထုလှုပ်ရှားမှုအပေါ် အစိုးရ
သတင်းစာတွေက အပြုသဘော ရေးသားတာတွေကြောင့်
အလုပ်သမားယူနစ်တွေကို တာဝန်ယူရတဲ့ အစိုးရ အရာရှိ
တွေကိုယ်တိုင် ပါဝင်လာပါတယ်။
ဒါပေမယ့် မေလ ၁၉ ရက်နေ့မှာ မာရှယ်လော ထုတ်တော့
အလုပ်သမား ဆန္ဒပြမှုတွေ ရပ်တန့်သွားပါတယ်။ ဘေ ဂျင်း
အလုပ်သမားများ ဖက်ဒရေးရှင်းဆိုပြီး မေလ ဆယ့်ရှစ်ရက်
လောက်မှာ အလုပ်သမား အဖွဲ့တစ်ခု ဖွဲ့တာ ရှိပေမယ့် ဒီအဖွဲ့က
စက်ရုံ အလုပ်ရုံတွေ အတွင်း ထွင်းဖောက် စည်းရုံးနိုင်စွမ်း
မရှိတာကြောင့် အလုပ်အားလုံး ရပ်တန့်ပြီး ဆန္ဒပြမှုတွေ
လုပ်အောင် စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ပါဘူး။
တရုတ်ကွန်မြူနစ်ပါတီရဲ့ တစ်ပါတီအုပ်ချုပ်မှုပုံစံ၊ စီးပွားရေး
မူဝါဒ၊ ကျောင်းသား လှုပ်ရှားမှုတွေနဲ့ ပတ် သက်လို့ ပါတီထိပ်ပိုင်း
ခေါင်းဆောင်စုအတွင်းမှာလဲ အမြင်သဘောထား ကွဲလွဲတာမျိုး
မရှိပါဘူး။ ဒီတော့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်စုအတွင်းမှာ
စည်းလုံးမြဲ စည်းလုံးနေပါတယ်။ ကျောင်းသား လှုပ်ရှားမှုအပေါ်
ပြည်ပရောက် တရုတ်တွေနဲ့ ဟောင်ကောင်ဘက်က တရုတ်တွေက
အကူအညီ အထောက်အပံ့ ပေးတာမျိုးတွေ ရှိခဲ့ပါတယ်။
ဒါပေမယ်လို့ အထက်က ပြောခဲ့သလိုပဲ ဒီအထောက်အပံ့
အရင်းအမြစ်တွေကို အဖွဲ့အစည်း အခိုင်အမာ ထူထောင်ရေး
အတွက် အသုံးအချခဲ့ကြပါဘူး။ အမေရိ ကန်ပြည်ထောင်စုရဲ့
တရုတ်အပေါ် ပိတ်ဆို့အရေးယူမှုဟာလဲ တရုတ်အစိုးရအပေါ်
အရေးပါတဲ့ သက် ရောက်မှုမျိုး မရှိခဲ့ပါဘူး။
#ဂျူလိုင်လနဲ့ စက်တင်ဘာလလောက်အတွင်းမှာ အစိုးရကို
ဝေဖန်တဲ့ သတင်းစာတွေ ပြန်ပေါ်လာ တယ်။ ရန်ကုန်တစ်မြို့
တည်းမှာပဲ သတင်းအစောင် လေးဆယ်လောက် ရှိတယ်။
သတင်းစာတွေ၊ မဂ္ဂ ဇင်းတွေက နိုင်ငံရေး ဝေဖန်မှုတွေ၊
လူထုကို စည်းရုံးဆော်သြမှုတွေအတွက် အထောက်အပံ့ဖြစ်ခဲ့
တယ်။ ကျောင်းသား ဗဟိုပြု လှုပ်ရှားမှုကနေ လူထုအခြေပြု
လှုပ်ရှားမှုအဖြစ် ပြောင်းလဲရေးမှာ သတင်းစာတွေက အရေးပါ
ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ သတင်းစာတွေ
အားလုံးကို ပိတ်ပင်လိုက်ပြီး အစိုးရပိုင် အစိုးရသတင်းစာကိုပဲ
ထုတ်ခွင့်ပြုပါတော့တယ်။ ဒီတော့ သတင်းအချက် အလက် ရဖို့
ခဲယဉ်းတာဟာ လှုပ်ရှားမှု ရေရှည်ထိန်းထားရေးအတွက်
အခက်အခဲ ဖြစ်စေပါတယ်။ တ ရုတ်မှာလဲ သတင်းစာတွေက
လူထုလှုပ်ရှားမှုအပေါ် အပြုသဘော ထောက်ခံရေးသားမှုတွေ
လုပ်တုန်းက လူထုပါဝင်မှု မြင့်တက်လာတာကို ပြောပြီး
ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်အစိုးရက
သတင်းစားတွေကို ပြန်လည် ထိန်းချုပ်လိုက်ပါတယ်။
လူထုလှုပ်ရှားမှုအပေါ် အကြမ်းဖက် ဖြေရှင်းတာနဲ့
ပတ်သက်လို့ ထိပ်ပိုင်း ခေါင်းဆောင်စုအတွင်း သဘောထား
ကွဲမှုတွေ ရှိတယ်လို့ ထင်ယောင်ထင်မှား သတင်းတွေဟာ
တရုတ်မှာရော၊ ဗမာပြည် လှုပ်ရှားမှုမှာပါ ရှိခဲ့ပါတယ်။ ဒီလို
သတင်းအမှားတွေကြောင့် လူအများစုက လူထုလှုပ်ရှားမှုမှာ
ပါဝင်ရဲ လာတာမျိုး၊ တောင်းဆိုချက်တွေ ကြီးလာတာမျိုး၊
ဗျူဟာပိုင်းဆိုင်ရာ စဉ်းစားမှု တွက်ချက်လွဲတာမျိုး တွေ
ရှိပါတယ်။ တကယ်တော့ ဗမာပြည်မှာရော၊ တရုတ်ပြည်မှာပါ
ထိပ်ပိုင်း ခေါင်းဆောင်စုအတွင်း အ မှန်တကယ် ကွဲပြဲတာမျိုး
မရှိခဲ့ပါဘူး။ တရုတ်မှာဆိုရင် ပါတီအထွေထွေ အတွင်းရေးမှူး
Zhao Ziyang က ကျောင်းသားလှုပ်ရှားမှုကို အပြုသဘော
ဆောင်တဲ့ မိန့်ခွန်းမျိုး အာရှဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးမှာ
ပြောတာဟာ သူရဲ့ နိုင်ငံရေး ရာထူးတိုးတက်ရေးအတွက်
အလောင်းအစား လုပ်ကြည့်တာသက် သက်ပါ။ မေလ ၂၀
ရက်နေ့ တရုတ်မှာ မာရှယ်လော ထုတ်ပြီး စစ်တပ်တွေ မြို့ထဲ
ဝင်ဖို့ လုပ်တာကို ဆန္ဒပြသူတွေက ပိတ်ဆို့ထားတဲ့အခါ
မေလ ၂၂ ရက်နေ့မှာ ပြန်ဆုတ်သွားပါတယ်။ ဗမာမှာလဲ
ဒေါက် တာမောင်မောင် အစိုးရ တက်တော့ စစ်တပ်တွေ
မြို့ပေါ်က ပြန်ဆုတ်သွားပါတယ်။ ဒီဖြစ်ရပ်တွေကို
အောင်မြင်မှုအဖြစ် ဆန္ဒဖော်ထုတ်သူတွေက ရှုမြင်ပါတယ်။
နောက်ဆုံးမှာတော့ အကြမ်းဖက်ဖိနှိပ် အဖြိုခွဲခံရပါတယ်။
နိဂုံး
ဗမာနိုင်ငံမှာရော တရုတ်နိုင်ငံမှာပါ အပြင်းအထန် အကြမ်းဖက်
ဖိနှိပ်မှုတွေကြောင့် အတိုက်အခံလှုပ် ရှားမှုတွေ နိဂုံးချုပ်ခဲ့ရပါတယ်။
ဒါပေမယ့် လက်နက်မဲ့ တော်လှန်ရေး အောင်မြင်မလား၊ ကျရှုံးမလား
ဆိုတာကို ဒီအကြောင်းတရား တစ်ခုတည်းက ပြဌာန်းပေးနိုင်တာ
မဟုတ်ပါဘူး။ လူထုလှုပ်ရှားမှုကို ထိ ထိရောက်ရောက် ဖိနှိပ်နိုင်တာဟာ
တခြားသော နိုင်ငံရေးဆိုင်ရာ နောက်ခံ အခင်းအကျင်းနဲ့၊ လူထု
လှုပ်ရှားမှု နည်းနာတွေအပေါ်လည်း မူတည်ပါသေးတယ်။ အများစု
ဘုံလက်ခံထားတဲ့ အချက်ကတော့ အကြမ်းမဖက်ရေး နည်းလမ်းတစ်ခု
အောင်မြင်ဖို့ ဆိုရင် ဒီမိုကရက်တစ် အခင်းအကျင်းတစ်ရပ် လိုတယ်
ဆိုတာပါပဲ။ ဗမာပြည်နဲ့ တရုတ်ပြည်က လူထုလှုပ်ရှားမှုတွေဟာ
အောင်မြင်မှုတွေ မရှိခဲ့ပေမယ့် အနာဂတ် နိုင်ငံရေးအကူးအပြောင်းမှာ
အထောက်အပံ့ ဖြစ်စေမယ့် အတိုက်အခံ အရပ်ဘက် အဖွဲ့
အစည်းတွေ တိုးတက်ဖြစ်ထွန်းရေးကို စတင်ပေါ်ပေါက်စေခဲ့ပါတယ်။

No comments:
Post a Comment