ဒီလအတွက် မကွေးဆေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ စာပေကော်မတီက
ထုတ်တဲ့ ဆေးမင်တံ စာစောင်ကို မိတ်ဆွေတွေ ဖတ်ရှုနိုင်ပါပြီ။ (စစ်) အာဏာရှင်
ဆန့်ကျင်တိုက်ဖျက်ရေးဟာ ကျနော်တို့ သမဂ္ဂရဲ့ မူတချက် ဖြစ်တာကြောင့်
ဒီစာစောင်မှာ အာဏာရှင် ဆန့်ကျင်ရေး အမြင်တွေ၊ အတွေးအခေါ်တွေကို
တွေ့ရမှာပါ။ အာဏာရှင် ဆန့်ကျင်တယ် ဆိုလို့ အာဏာရှင် စနစ်ဟာ စစ်တပ်၊
ရဲတပ်ဖွဲ့နဲ့ ဗြူရိုကရေစီလို ဖိနှိပ်ရေး ယန္တရားတွေ (Oppressive State Apparatuses) နဲ့ပဲ
ထူထောင်ထားတာ မဟုတ်ပါဘူး။ အာဏာရှင် စနစ်ကို လက်ခံလာအောင်၊
မတွန်းလှန်ဝံ့အောင်၊ အာဏာရှင် ဆန့်ကျင်သူတွေကို ပြည်သူတွေ ထင်မှတ်
မှားအောင် တခြားတဖက်ကလဲ စာပေ၊ အနုပညာ၊ ရုပ်ရှင်၊ ဂီတ၊ သတင်းမီဒီယာ၊
ကျောင်းပညာရေးနဲ့ ဘာသာရေးလို အိုင်ဒီယော်လဂျီ ယန္တရားတွေ (Ideological State
Apparatuses)တွေက တဆင့်လဲ လူထုကို ၀ါဒမှိုင်းတိုက် အိပ်ငွေ့ချထားတာပါ။
ခေတ်စကားနဲ့ ပြောရရင် “ဂျင်းထည့်”ထားကြတယ်ပေါ့ဗျာ။
ဒီဂျင်းတွေရဲ့ မခိုင်လုံပုံ၊ မှားယွင်းပုံကို အချက်အလက်၊ အထောက်အထား ခိုင်ခိုင်
လုံလုံနဲ့ ဂျင်းဖယ်ပေးရေးဟာ ကျနော်တို့ လုပ်ရမယ့် တာဝန်တွေထဲက
တရပ်လို့ ခံယူထားပါတယ်။ ဒီစာစောင်မှာ ပါတဲ့ ဂျင်းဖယ်ပေးတဲ့ ဆောင်းပါး
တပုဒ်ချင်း အလိုက် အကျဉ်း မိတ်ဆက်ပေးပါမယ်။ စာဖတ်သူ မိတ်ဆွေက
ကိုယ်ကြိုက်နှစ်သက်ရာ ဆောင်းပါးကို ကျော်ခွဖတ်ရှုနိုင်ပါတယ်။ ဆောင်းပါးရှင်
နီရိုကွန် ရေးထားတဲ့ “ဒေါ်စု အစိုးရကို မာ့စ်ဝါဒမျက်မှန် တပ်ကြည့်ခြင်း” ဆိုတဲ့
ဆောင်းပါးမှာ၊ လက်ရှိ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီလို့ ခေါ်ပြောနေကြပေမယ့်၊
မာ့စ်ဝါဒအမြင်က ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် အနှစ်သာရမှာတော့ စစ်အာ
ဏာရှင်နဲ့ ခရိုနီစီးပွားရေးသမား လက်တဆုပ်စာ လူတစုကပဲ နိုင်ငံရေး
အာဏာနဲ့ စီးပွားရေး အာဏာကို ချုပ်ကိုင်ထားကြောင်း၊ ဒေါ်စု အစိုးရဟာ
ဒီလူစုရဲ့ အကျိုးစီးပွားကို ဖီလာပြုပြီး ဘာမျှ မလုပ်ဝံ့ကြောင်း၊ လူများစု လူထု
အတွက် ကျန်းမာရေး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေလဲ သိသိသာသာ
လုပ်နိုင်မှာ မဟုတ်ကြောင်းကို သုံးသပ်ထားပါတယ်။ ဆောင်းပါးရှင် ၀တုတ်ရဲ့ “ကားလ်မာ့စ်နဲ့
ဘာသာရေးမှိုင်း” ဆိုတဲ့ စာမှာတော့၊ အစိုးရ အဆက်ဆက်ဟာ ကွန်မြူ
နစ်ဆိုရင် ဓမ္မန္တရာယ်ကြီးလို့ အပေါစား ၀ါဒဖြန့်ခဲ့တာဟာ မူရင်း မာ့စ်ရဲ့ အရေး
အသားတွေကို တလွဲတချော် အဓိပ္ပါယ်ကောက်ပြီး ဂျင်းထည့်ထားတာ
ဖြစ်ကြောင်းကို မူရင်း မာ့စ်ရဲ့ အရေးအသားတွေကို ကိုးကားပြီးတော့ ဖွင့်ဆို
ထားပါတယ်။ ဒီစာကို “ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ဘာသာရေးမူဝါဒ” ဆိုတဲ့
ဘာသာပြန် စာနဲ့ တိုက်ယူဖတ်ရှုနိုင်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မူအရ
ဆိုရင်၊ ကိုးကွယ် ယုံကြည်မှုဟာ အစိုးရက ၀င်မစွက်ဖက်သင့်တဲ့ တဦးချင်းကိစ္စ
ဖြစ်တယ်လို့ တဦးချင်း လွတ်လပ်ခွင့် (Individual Autonomy) ကို အာမခံ
ပေးထားသလို၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းပဲ ဖြစ်ဖြစ်၊ ခရစ်ရှန် သာသနာ
ပြုကျောင်းပဲ ဖြစ်ဖြစ် ဘာသာရေးကို လွတ်လွတ်လပ်လပ် သင်ကြားခွင့် ပြုမည်
ဖြစ်ကြောင်း အစုအဖွဲ့ လွတ်လပ်ခွင့် (Group Autonomy) ကိုလဲ လက်ခံထားတာကို
တွေ့နိုင်ပါတယ်။ ဒါပေမယ့် အစိုးရ ပညာရေးမှာ ဘာသာရေးကို ထည့်သွင်း
သင်ကြားတာတော့ လက်မခံကြောင်း ပါတီမူ ချထားတာဟာ အခုခေတ် ပြောနေကြတဲ့
ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်ရေး ဆိုတဲ့ Secular Stateကို ဆိုလိုတာပါပဲ။
ကွန်မြူနစ်ပါတီရဲ့ ဘာသာရေး မူဝါဒဟာ အာဏာရှိခဲ့/ရှိဆဲ အစိုးရအဆက်
ဆက်ဟာ ဘာသာရေးကို ဗန်းပြပြီး လူထုထောက်ခံမှု ရအောင်မင်းသား
ခေါင်းဆောင်းပြခဲ့တာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို ယှဉ်ကြည့်နိုင်
ပါတယ်။ ဒီကွန်မြူနစ်တွေရဲ့ ဘာသာရေးဟာ ဘိန်းပဲ ဆိုတဲ့ ဖွင့်ဆိုချက်ဟာ
ပညာရပ်ဆိုင်ရာ လေ့လာချက်အရဆိုရင် မှားယွင်း အဓိပ္ပါယ်ကောက် ထားတာ ဖြစ်ကြောင်းကိုတော့ ဆောင်းပါးရှင်း ၀တုတ်ရဲ့ စာနဲ့ တိုက်
ကြည့်ပါ။ ဆောင်းပါးရှင် ဥာဏ်အောင်ရဲ့ “ဗမာပါလီမန် အစိုးရရဲ့ ကွန်မြူနစ်
ဆန့်ကျင်ရေး ၀ါဒဖြန့်ပုံနဲ့ အမေရိကန် ပါဝင်မှု” ဆိုတဲ့ စာမှာတော့၊ စစ်အေးကာလမှာ
အမေရိကန်အစိုးရက ဗမာအစိုးရနဲ့ ကွန်မြူနစ်တွေရဲ့ လှုပ်ရှားမှုတွေကို
စောင့်ကြည့်ခဲ့ကြောင်း စီအိုင်အေ အစီရင်ခံစာ အထောက်အထားတွေကို
ကိုးကားပြီးတော့ ရေးထားပါတယ်။ ဒီစာမှာပဲ၊ ဦးနုအစိုးရ လက်ထက်မှာ
ဟောလိဝုဒ်နဲ့ အမေရိကန် သံရုံးတို့ ပူးပေါင်းပြီးတော့ ဦးနုရဲ့ “လူထု အောင်သံ” ပြဇာတ်ကို
ကွန်မြူနစ်ဆန့်ကျင်ရေး ရုပ်ရှင်အဖြစ် ရိုက်ကူးပြီး တနိုင်ငံလုံး၊ တကမ္ဘာလုးံ
ပတ်ပြခဲ့တာ ကို ရေးထားပါတယ်။ သခင်ဘသောင်းရဲ့ ခြေလေးချောင်းတော်လှန်ရေး
စာအုပ်ကိုလဲ ကွန်မြူနစ်ဆန့်ကျင်ရေး ၀ါဒဖြန့် စာအုပ်အဖြစ် အမေရိကန် သံရုံးက
ထုတ်ဝေပေးခဲ့ပုံနဲ့၊ စစ်တပ်ရဲ့ စိတ်ဓါတ် စစ်ဆင်ရေး ဌာနက မြ၀တီ မဂ္ဂဇင်း
ထုတ်ပြီးတော့ ကွန်မြူနစ် ဆန့်ကျင်ရေး ၀ါဒဖြန့်ခဲ့တာကိုလဲ ဖတ်ရှုရမှာပါ။
ဆောင်းပါးရှင် မောင်မှန်ရဲ့ “အန်နာခစ်ဇင် မိတ်ဆက်” စာမှာတော့၊ ဗမာတွေ
အသိများတဲ့ “မင်းမဲ့ဝါဒီ ခေါ် အန်နာခစ်” ဆိုတာ အစိုးရသာ မရှိလျှင် တယောက်ကို
တေယောက် ခုတ်ဟယ်၊ ထစ်ဟယ်နဲ့ အစိုးရတွေ ၀ါဒဖြန့်သလို လူကြမ်းလူရိုင်း
ဝါဒ မဟုတ်ကြောင်းကို ဖတ်ရှုရပါလိမ့်မယ်။ ဆောင်းပါးရှင် နိုင်မင်းရဲ့ “တော်လှန်ရေး(၁)”
ဆိုတဲ့ ဆောင်းပါးမှာတော့၊ အနောက်နိုင်ငံမှာ သိပ္ပံ ပညာတိုးတက် ဖြစ်ထွန်း
လာတာနဲ့ အမျှ ကမ္ဘာဟာ လောကရဲ့ အလည်မှာ ရှိတယ်၊ နေက ကမ္ဘာကို
ပတ်လည်နေတယ်၊ လူက တခြားတိရစ္ဆာန်တွေနဲ့စာရင် မြင့်မြတ်တယ်လို့ လူတွေ
ယုံကြည်ခဲ့တဲ့ အယူအဆတွေကို နောက်ပိုင်း အသစ်တွေ့ရှိချက်တွေ ဖြစ်တဲ့
နေကသာ လောက အလယ်မှာ ရှိတယ်၊ ကမ္ဘာက နေကို ပတ်လည်နေတယ်၊
လူဟာလဲ တခြား တိရစ္ဆာန်တွေနဲ့ ကွာခြားလှတာမဟုတ်ဘူး ဆိုတာတွေနဲ့
အစားထိုးလာပြီး လူတွေ အသိအမြင် ပြောင်းလဲလာကြောင်း၊ ဗမာမှာတော့ ဘီစီ
သုံးလေးရာစု ပျူခေတ်လောက်ကတိုင် အိန္ဒိယဘက်က ရထားတဲ့ ဗုဒ္ဓဘာသာ
အခြေပြု အမြင်တွေဟာ ကနေ့ခေတ်တိုင် ရှိနေသေးလို့ ဗမာမှာတော့ အသိပညာ
တော်လှန်ရေးသစ် မပေါ်ထွန်းသေးကြောင်း ယှဉ်ရေးထားပါတယ်။
မောင်လူတင်ရဲ့ “ကျောင်းသား နိုင်ငံရေး” ဆောင်းပါးမှာ ဆိုရင်လဲ၊ တချို့
ကျောင်းသားတွေဟာ ဒေါ်စု အစိုးရ တက်လာလို့ ငြိမ်နေချင်ကြကြောင်း၊
လက်တွေ့မှာတော့ ပညာရေး လွတ်လပ်ခွင့်တွေဟာ ထူးထူးခြားခြား မရ
သေးကြောင်း၊ ကျောင်းသားတွေဟာ နိုင်ငံရေး ဆက်လုပ်ရဦးမှာ ဖြစ်ကြောင်းကို
တင်ပြထားပါတယ်။ ဆောင်းပါးရှင် သက်ဆုရဲ့ “ရယ်ဒီကယ် ဟယ်လင်ကဲလာ”
ဆောင်းပါးမှာတော့၊ ဗမာ ကျောင်းသုံးစာအုပ်နဲ့ အမေရိကန်တွေ ဖျောက်ထားတဲ့
ဟယ်လင်ကဲလာရဲ့ အရေးပါတဲ့ အကြောင်းတွေကို ဖော်ထုတ်ပြထားပါတယ်။
ဟယ်လင်ဟာ မျက်မမြင်၊ နားမကြား မသန်စွမ်း အမျိုးသမီးတဦး ဖြစ်ပေမယ့်
အမေရိကမှာ ပေါ်ပေါက်နေတဲ့ အလုပ်သမား လှုပ်ရှားမှုတွေ၊ လူဖြူ လူမည်း ခွဲခြားမှု
တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေမှာ
တက်တက်ကြွကြွ အားပေးထောက်ခံသူ ဖြစ်တယ် ဆိုတာပါပဲ။ ရုပ်ရှင်ကဏ္ဍမှာ
ဆောင်းပါးရှင် ရုပ်ရှင်မေက “ကွန်မြူနစ် ပြဇာတ်ရေးဆရာ ဒေါ်တန်ထရမ်ဘို”
ခေါင်းစဉ်နဲ့ ထရမ်ဘို အဖြစ်မှန်အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ညွှန်းထားပါတယ်။
လွတ်လပ်ခွင့်ကို မြတ်နိုးတယ် ဆိုတဲ့ အမေရိကမှာ နာမည်ကျော် ဟောလိဝုဒ်
ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်တွေဟာ ကွန်မြူနစ် ဖြစ်ခြင်းကြောင့် ထောင်ချ
အပြစ်ပေးခံခဲ့ရတာကို ကြည့်ရှုရမှာပါ။
ရုပ်ရှင်မေရဲ့ “Wonder Woman နဲ့ ဟောလိဝုဒ် ၀ါဒဖြန့်ချိရေး” ရုပ်ရှင်သုးံသပ်
ချက်မှာတော့ အမေရိကန် ကာကွယ်ရေး ဌာန၊ စီအိုင်အေနဲ့ အမျိုးသား လုံခြုံရေး
ဌာနတွေဟာ ဟောလိဝုဒ် ဇာတ်ညွှန်းတွေကို ပြင်ရေးခိုင်းတာ၊ဇာတ်လမ်း
ခေါင်းစဉ်တွေ ပြင်ခိုင်းတာ၊ ပြင်မပေးရင် ပင်တဂွန်က ပစ္စည်းငှားမပေးလို့
ဇာတ်ကားရိုက်မရတဲ့ အကြောင်း၊ ဇာတ်လမ်းတွေထဲမှာလဲ လူသားချင်း
စာနာထောက်ထားမှု အရေခြုံပြီးတော့ စစ်ရေးအရ ရန်လို ကျူးကျော် စွက်ဖက်
လိုတဲ့ ၀ါဒကို မသိမသာ လူတွေ လက်ခံလာအောင် ထည့်သွင်းထားကြောင်း
ရုပ်ရှင်မေက ရေးထားပါတယ်။ ကဗျာအနေနဲ့ ကဗျာဆရာ မွန်းအိမ်ခဏ်းရဲ့
“ရုပ်ရှင်”ကဗျာကို ဖတ်ရှုရမှာပါ။ ဒါကတော့ ဒီလအတွက် ဆောင်းပါးတွေ
အကြောင်း မိတ်ဆက်ပါ။ စာဖတ်ပရိသတ်တွေ နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။
စာပေကော်မတီ တာဝန်ခံ၊
မကွေးဆေးတက္ကသိုလ်
ကျောင်းသားများသမဂ္ဂ။
No comments:
Post a Comment