Wednesday, July 26, 2017

ဂလိုဘယ် အရင်းရှင်စနစ်အောက်က ဆင်းရဲသားနိုင်ငံတွေရဲ့ ကံကြမ္မာ

Written By ဥာဏ်မျိုးအောင်

နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေက ကမ္ဘာ့စီးပွားရေးကို
ဘယ်လို သက်ရောက်နိုင်စွမ်း ရှိသလဲဆိုတာကို အကျဉ်းချုပ်
ဆွေးနွေး ချင်ပါတယ်။ နယ်ချဲ့စနစ် အထူးသဖြင့် ကိုလိုနီစနစ်
အကြောင်းကို အရင် စပြောရအောင်။ ဒီစနစ်တွေရဲ့ အဓိက
ရည်ရွယ်ချက်က လက်အောက်ခံ ကိုလိုနီနယ်မြေတွေမှာ ဈေးကွက်
 ရှာဖို့၊ ကိုလိုနီနယ်မြေတွေရဲ့ ဓနဥစ္စာနဲ့ ကုန်ကြမ်းတွေကို
ယူဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီကာလမှာပဲ ကိုလိုနီနယ်မြေတွေဆီက
ရတဲ့ ရွှေငွေ အမြောက်အများကြောင့် ဥရောပနိုင်ငံတွေဟာ
ချမ်းသာကြွယ်ဝ လာတယ်။ ဥပမာ- အင်္ဂလန်နိုင်ငံနဲ့ ဟော်လန်
နိုင်ငံပါ။ ဥရောပတိုက်မှာ စက်မှုတော်လှန်ရေး ပေါ်ပေါက်နေတုန်း
အချိန်ကာလဖြစ်လေတော့ ကိုလိုနီနယ်မြေ တွေဆီက ရလာတဲ့
ဓနဥစ္စာတွေကို “အရင်းအနှီး(Capital)”အဖြစ် အသုံးချခြင်းအားဖြင့်
ဥရောပနိုင်ငံတွေဟာ ချမ်းသာသထက် ပိုချမ်း သာလာပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေဟာ ချမ်းသာတဲ့ နိုင်ငံတွေဆီကသာ “ရင်းနှီး
မြှုပ်နှံမှု(Investments)တွေ” ရလာမယ်ဆိုရင် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံတွေ
နည်းတူ ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ ဒုတိယကမ္ဘာစစ်ပြီးတဲ့
နောက်ပိုင်း ပညာရှင် တချို့ဟာ စဉ်းစားလာကြတယ်။ နိုင်ငံအနည်း
ကလွဲ လို့ သူတို့ ထင်တဲ့အတိုင်း လက်တွေ့မှာ ဖြစ်မလာပါဘူး။ ဒီလို
ဖြစ်ရခြင်းကို ရှင်းပြဖို့အတွက် Dependency Theory ပေါ်လာပါတယ်။
သဘောကတော့ ဆင်းရဲတဲ့နိုင်ငံတွေဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေရဲ့
စီးပွားရေးကို မှီခိုနေရတာကြောင့် ကိုယ့်စီးပွားရေး ကံကြမ္မာကို
ကိုယ်တိုင် ဖန်တီးနိုင်စွမ်း မရှိဘူးဆိုတာကို အဓိက ရှင်းပြတာ ဖြစ်ပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေက နိုင်ငံ့ထွက်ကုန် ဖြစ်တဲ့ ကုန်ကြမ်းတွေကို ချမ်းသာတဲ့
နိုင်ငံတွေဆီကို ရောင်းရတယ်။ ချမ်းသာတဲ့ နိုင်ငံတွေက ဒီကုန်ကြမ်းကိုပဲ
ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ်ပြီး ဆင်းရဲ တဲ့ နိုင်ငံတွေကို ပြန်ရောင်း
တယ်။ မော်တော်ကား၊ စစ်လက်နက်၊ အီလက်ထရောနစ် ပစ္စည်းလို
ကုန်ပစ္စည်းမျိုးတွေကိုလဲ ဆင်းရဲတဲ့ နိုင်ငံ တွေဟာ ချမ်းသာတဲ့ နိုင်ငံ
တွေဆီက ၀ယ်ယူရပါတယ်။

အင်္ဂလန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံဟာ ဒီနည်းအားဖြင့် ချမ်းသာလာကြ
ပါတယ်။ ဒီအနေအထားကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ဆင်းရဲ
မြဲဖြစ်ပြီး ချမ်းသာပြီးသား နိုင်ငံတွေကတော့ ပိုချမ်းသာလာပါတယ်။
အခုခေတ်မှာ နိုင်ငံတကာ စီးပွားရေးဟာ နိုင်ငံအချင်းချင်း စီးပွားရေး
ဆက်ဆံမှုကို အခြေခံထားတဲ့ ကမ္ဘာ့စနစ် ဖြစ်လာပါပြီ။ ဟိုအရင်ကလို
ကိုလိုနီစနစ်နဲ့ နယ်ချဲ့စနစ်တွေတောင် ကျင့်သုံးစရာ မလိုတော့ပါဘူး။
ကိုလိုနီ ဗြူရိုကရေစီ ယန္တရားတွေနဲ့ ကျူးကျော်စစ် ဆင်နွှဲမှုတွေလဲ
လုပ်စရာ မလိုတော့ပါဘူး။ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့
နည်းပညာတွေ တိုးတက်လာတာကြောင့် လက်ရှိစီးပွားရေး
စနစ်သစ်ဟာ ပိုပြီး ထိထိရောက်ရောက် လည်ပတ်လာနိုင်
ပါတယ်။ ဒီနည်းပညာတွေကြောင့်ပဲ အောက်ခြေအလွှာက ဓနဥစ္စာ
တွေဟာ အထက်အလွှာဆီ လာစုလာပြီး၊ အစွန်းအဖျားဒေသက
ဓန ဥစ္စာတွေဟာ ဗဟိုချက်မှာ လာစုလာစေတဲ့အပြင် လူအများစု
ဆီကနေ လူနည်းစုဆီ လာစုစေပါတယ်။

ဒီသဘောတရားကို အသုံးချပြီးတော့ပဲ နိုင်ငံတစ်နိုင်ငံတွင်း
စီးပွားရေးကို လေ့လာနိုင်ပါတယ်။ ကျေးလက်ဒေသနဲ့ မြို့ငယ်လေး
တွေဆီက ဓနဥစ္စာတွေဟာ အဓိက မြို့ကြီးပြကြီးတွေမှာ လာစု
နေတာကို တွေ့ပါလိမ့်မယ်။ ဂျပန်မှာဆို အဓိက စီးပွားရေး ဗဟိုချက်
မဖြစ်တဲ့ တိုကျို၊ အင်္ဂလန်မှာဆို လန်ဒန်၊ အမေရိကန်မှာဆို
နယူးယောက်မြို့ ကြီးတွေမှာ လာစုနေပါတယ်။ ဒီသဘောကို
ပညာရှင်တစ်ယောက်က “ပြည်တွင်း ကိုလိုနီစနစ်(Internal
Colonialism)” လို့ ခေါ်ပါတယ်။ ဒီပညာရှင်က အင်္ဂလန်နိုင်ငံကို
လေ့လာကြည့်တဲ့အခါ အိုင်ယာလန်၊ စကော့တလန်၊ ဝေးလ်စ်
ပြည်နယ်ဘက်က ဓနဥစ္စာတွေဟာ လန်ဒန်ဆီ စီးဝင်နေတာကို
သတိထားမိတယ်။ ဆိုတော့ အင်္ဂလန်နိုင်ငံ တွင်းမှာကိုပဲ ဓနဥစ္စာတွေ
စုစီးနေတဲ့ လန်ဒန်ဟာ တခြားဒေသတွေကို “လူမှုရေး လွှမ်းမိုးမှု
(Social Domination)” ရှိနေတယ်။

ကမ္ဘာ့နိုင်ငံတွေကြား မညီမျှကို ရှင်းပြဖို့အတွက် ပညာရှင်တယောက်က
 နိုင်ငံတွေကို အုပ်စုသုံးစု ခွဲပြီးတော့ ရှင်း ပြတယ်။ ချမ်းသာတဲ့
စက်မှုနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန်၊ ဂျာမနီနဲ့
အမေရိကန်လို နိုင်ငံတွေကို “ဗဟိုချက်နိုင်ငံတွေ(the core)” လို့
သတ်မှတ်တယ်။ ဒီနိုင်ငံတွေ ၀န်းကျင်မှာပဲ “အစွန်အဖျား မကျတကျ
နိုင်ငံတွေ (the semiperiphery)” ရှိတယ်။ ဒီနိုင်ငံတွေက ဥရော
ပမြောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးအားဖြင့် ချိတ်ဆက်
ထားတယ်။ ဥပမာအားဖြင့် ပိုလန်၊ စပိန်နဲ့ အီတလီလို နိုင်ငံတွေပေါ့။
ဒီနိုင်ငံတွေဟာ တစတစနဲ့ ဗဟိုချက်နိုင်ငံတွေရဲ့ စီးပွားရေးထဲမှာ
ပေါင်းစည်းဖို့ ကြိုးစားနေကြတယ်။ ကိုလိုနီစနစ် ပေါ်ပေါက်လာတဲ့အ
ခါမှာ ကမ္ဘာ့တစ်ဝှမ်းက ဒေသတွေဟာ “အစွန်အဖျားဒေသ(the
periphery)”အဖြစ် သတ်မှတ်တယ်။ ဒီနိုင်ငံတွေဟာ ဗဟိုချက်နိုင်ငံ
တွေဆီကို ကောက်ပဲသီးနှံတွေ၊ ကုန်ကြမ်းတွေ ရောင်းရတယ်။
စီးပွားရေးအားဖြင့်လဲ ဗဟိုချက်နိုင်ငံတွေကို မှီခိုနေရတယ်။ ဖွံ့ဖြိုး
တိုးတက်မှုမှာလဲ ပြောပလောက်အောင် တိုးတက်မှု မရှိဘူး။

ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဈေးကွက်တွေ ပေါ်ပေါက်လာဖို့ ချမ်းသာတဲ့
နိုင်ငံတွေက အစိုးရတွေနဲ့ နိုင်ငံတကာဘဏ်တွေက ဆင်းရဲတဲ့ နိုင်ငံက
အစိုးရတွေကို ငွေတွေ အများကြီး ချေးကြတယ်။ ငွေကို ချေးတာလဲ
ရှိတယ်။ နိုင်ငံခြားထောက်ပံ့ ကူညီမှုပုံစံနဲ့ ပေးတာလဲ ရှိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီပိုက်ဆံအများစုကို အခြေခံအဆောက်အအုံ ဖြစ်တဲ့
လေယာဉ်ကွင်းတွေ၊ ဆိပ်ကမ်းတွေနဲ့ ကြယ်ငါးပွင့် ဟိုတယ်တွေ
ဆောက်ဖို့မှာ သုံးကြတယ်။ ဒီလိုဆောက်လုပ်ရာမှာ လိုအပ်တဲ့
ပစ္စည်းပစ္စယတွေနဲ့ ၀န်ဆောင်မှုတွေကို လှူဒါန်းသူဖြစ်တဲ့ ချမ်းသာတဲ့
 နိုင်ငံတွေဆီက ပြန်ဝယ်ကြရတာပါ။ ဒီနည်းအားဖြင့် ဆင်းရဲတဲ့
နိုင်ငံတွေ အများစုဟာ အကြွေးတွေ တင်လာတယ်။ ဒီကြွေးမြီရဲ့
တိုးငွေကို ပြန်ဆပ်ဖို့တောင် သူတို့ဆီမှာ ငွေအလုံအလောက်
မရှိတော့ဘူး။ နိုင်ငံခြားဆီ ကုန်ပစ္စည်းတင်ပို့မှုကနေလဲ လုံလောက်တဲ့
အခွန်ငွေ မရတာမျိုး ကြုံကြရတယ်။ ဒီတော့ အကြွေးနွံနစ်နေတဲ့
ဆင်းရဲတဲ့ နိုင်ငံတွေဟာ ခြိုးခြံချွေတာတဲ့ ဘဏ္ဍာရေး မူဝါဒတွေ
ကျင့်သုံးလာရတယ်။ ဒီမူဝါဒတွေကြောင့် ၀င်ငွေနည်းတဲ့ လူထုပဲ
အဓိက နစ်နာတယ်။ ပညာရေး၊ လူမှုဖူလုံရေးနဲ့ ကျန်းမာရေး
ပရိုဂရမ်တွေမှာ အစိုးရ အသုံးစရိတ်တွေ နည်းလာတဲ့အတွက်
ဆင်းရဲသားလူထုပဲ အဓိက နစ်နာတယ်။

ကနေ့ခေတ်မှာဆိုရင် ချမ်းသာတဲ့ နိုင်ငံတွေ ပြည်တွင်းကို ၀င်ရောက်
ရင်းနှီးမြှုပ်နှံဖို့အတွက် ဆင်းရဲတဲ့ နိုင်ငံတွေက ချမ်းသာတဲ့ နိုင်ငံတွေဆီက
ချေးငွေတွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးကြရတယ်။
ချမ်းသာတဲ့ နိုင်ငံတွေဆီက နိုင်ငံတကာ ကော်ပို ရေးရှင်းကြီးတွေဟာလဲ
လုပ်အားခ ဈေးချိုသာတဲ့၊ ကုန်ကြမ်းတွေ အဆင်သင့် ရှိတဲ့ ဆင်းရဲတဲ့
နိုင်ငံထဲကို ၀င်ရောက်ရင်းနှီးမြှုပ်နှံကြတယ်။ တချို့သော လုပ်ငန်းခွင်
တွေမှာဆိုရင် ကလေးသူငယ်ကိုပါ လုပ်သားအဖြစ် အသုံးပြုတာတွေ
ရှိတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အလုပ် လက်မဲ့တွေ များတဲ့အတွက် လုပ်အားခကို နိုင်ငံတကာ ကော်ပိုးရေးရှင်းတွေ စိတ်ကြိုက် အနည်းဆုံးထိ
လျော့ချနိုင်ကြတယ်။ ဒါ့အပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ရလာဖို့
အတွက် ဆင်းရဲတဲ့နိုင်ငံတွေအချင်းချင်း အပြိုင်အဆိုင် စည်းမျဉ်း
စည်းကမ်းတွေ လျော့ချရ တယ်။ အခွန်နှုန်းထားတွေ လျော့ချတာ၊
ကာလ အတိုင်းအတာတစ်ခုအတွင်း အခွန် ကင်းလွတ်ခွင့်ပြုတာမျိုးတွေ
လုပ်လာရတယ်။ အကျိုးအဆက်ကတော့ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာမှာ
အလွန်အမင်း လျော့ချလာတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်
ပျက်စီးမှုတွေ ပေါ်ပေါက်လာရတယ်။ အခွန်နှုန်းထား လျော့ချရတဲ့
အတွက် ဆင်းရဲတဲ့နိုင်ငံတွေမှာ အစိုးရအခွန်ငွေဟာ နည်းပါးနေ
တတ်တယ်။ ဒီ့အတွက် အစိုးရ အသုံးစရိတ် ခြွေတာရေးမူဝါဒတွေ
ကျင့်သုံးတဲ့အခါ လူအများစု စံစားနေတဲ့ ပညာရေး၊ ကျန်းမာရေး
ဝန်ဆောင်မှုတွေ လျော့ပါးသွားရတယ်။ အစိုးရ အသုံးစရိတ်
မခြွေတာချင်လို့ ငွေကြေးရိုက်ထုတ်ပြီး ဖြေရှင်းပြန်ရင်လဲ ငွေကြေး
 ဖောင်းပွမှုတွေ ဖြစ်လာ တတ်တယ်။ အကျိုးအဆက်ကတော့
အောက်ခြေလူအများစုပဲ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံရတတ်ပြန်တယ်။

ဒါတွေကို ပြောနေတာက ဆင်းရဲတဲ့ နိုင်ငံတွေအနေနဲ့ တံခါးပိတ် စီးပွား
ရေးစနစ်ကို ကျင့်သုံးဖို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ ဂလို ဘယ်လိုက်
ဇေးရှင်း ဖြစ်စဉ်ကြောင့် ငွေကြေးနဲ့ ၀န်ဆောင်မှုတွေ ကမ္ဘာတစ်ဝှမ်းလုံးကို
လည်ပတ်စီးဆင်းတဲ့အခါ ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကြားမှာ
မညီမျှမှုတွေ ပေါ်ပေါက်လာတာကို အဓိက တင်ပြချင်တာပါ။ ဆင်းရဲတဲ့
 နိုင်ငံတွေအနေနဲ့ တံခါးပိတ်စီးပွား ရေးစနစ် ကျင့်သုံးစရာ မလိုဘဲ
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကနေ ဘယ်လိုမျိုး အကျိုးကျေးဇူး
ဖြစ်ထွန်းနိုင်သလဲဆိုတာကို နောက် စာစောင်တွေကျမှ ထပ်မံဆွေးနွေးပါမယ်။


(Sociology by ED Vaughanရဲ့ စာအုပ်ကနေ ကောက်နုတ်ထားပါတယ်။)

No comments:

Post a Comment