Written by မြတ်ကိုကို
ဤလူ့ဘောင် လောကရှိ မည်သို့သော လူမှုအသိုင်းအ၀န်းဖြစ်စေ၊
လူပုဂ္ဂိုလ်တစ်ဦးချင်းသည်သာ အစစ်အမှန် တည်ရှိသော ပကတိ
တည်ရှိမှုဖြစ်၍ အစုအဖွဲ့ မှန်သမျှတို့သည် ထိုပကတိ တည်ရှိသော
လူတစ်ဦးချင်းတို့၏ အစုအပေါင်း မည်ကာ သက်သက်မျှ ဖြစ်သည်။
မည်သို့သော သဘာဝမျိုးဖြင့် အမည် မှည့်ခေါ်စေကာမူ အစုအဖွဲ့တို့သည်
စစ်မှန်ထူးခြားသော အနက်အဓိပ္ပါယ်ဟူ၍ မရှိဘဲ ပညတ် အမည်သက်သက်
မျှသာ ဖြစ်သည်။
လွတ်လပ်မှု
လွတ်လပ်မှုဟူသည် လူသားဟူသော ပညတ်အမည်တွင် တစ်ပါတည်း
ကိန်းဝပ်နေသော အရာဖြစ်၍ အသက်နှင့် ထပ်တူ တန်ဖိုးရှိသော အရာ
ဖြစ်သည်။ အသက်ကို ရုပ်သိမ်းပါက လူသား၏ ဖြစ်တည်မှု မရှိသကဲ့သို့
လွတ်လပ်မှု ရုပ်သိမ်းခံရသော လူသားသည် သာမန် သက်ရှိသာဖြစ်၍
လူသားဟု ခေါ်ဆို ၍ မရနိုင်ပေ။ လွတ်လပ်မှု ဟူသည် လူသားဟု သမုတ်အပ်သော အမည်နာမကို ဖြစ်စေသည့် ဂုဏ်အ ရည်အသွေးများအနက်မှ တစ်ခု ဖြစ်သည်။
ကိုယ်ပိုင်ပြဌာန်းခွင့် အာဏာ
လူတစ်ဦးချင်းသည် မိမိကိုယ်ပိုင် တစ်သီးပုဂ္ဂလဘ၀၏ အရှင်သခင် ဖြစ်၍
တစ်သီးပုဂ္ဂလ နယ်ပယ် အတွင်းမှ ကိစ္စအ၀၀တို့သည် အာဏာကို
လူတစ်ဦးချင်းထံမှ အငှားရယူ သုံးစွဲလျက်ရှိသော အစိုးရတို့၏
အာဏာစက်မှ အခါခပ်သိမ်း ကင်းလွတ်သည်။
လူတစ်ဦးချင်းသည် မိမိတို့ ဘ၀ကို ရှင်သန်ဖြတ်သန်းရာတွင် မိမိကြိုက်နှစ်
သက်သော ကျင့်ဝတ်အမြင် အတိုင်း အစိုးရ အပါအ၀င် မည်သူတစ်ဦး
တစ်ယောက်၏ စွက်ဖက်ချုပ်ကိုင်မှု မခံရဘဲ မိမိနှစ်သက်သည့်
ဘ၀လူနေမှုပုံစံကို တည်ဆောက်နိုင်ရန် အာဏာ အပြည့်အ၀ ရှိသည်။
မိမိ၏ အကျိုးစီးပွား အတွက် ကောင်းခြင်း ဆိုးခြင်းကို အသိဆုံးဖြစ်သော
မိမိကိုယ်တိုင်က မိမိဘ၀ ကိစ္စအ၀၀ကို ဆုံးဖြတ် စီမံပိုင်ခွင့် ရှိမှသာလျှင်
ကျွန်ပြုခံရခြင်းကဲ့သို့ ဘ၀မျိုးမှ ကင်းလွတ်မည် ဖြစ်သည်။ မိမိ၏ ဘ၀လူနေမှု ပုံစံကို ရွေးချယ်တည်ဆောက်ရာတွင် မိမိသာလျှင် အရှင်သခင်ဖြစ်၍
အစိုးရ၏ တောင်းဆိုအကျပ်ကိုင် ခြင်း၊ လူ့အဖွဲ့အစည်းမှ ယဉ်ကျေးမှု၊
ဘာသာရေး အမည်ခံ၍ လွှမ်းမိုးရန် ကြိုးစားခြင်းတို့သည် လူတစ်
ဦးချင်းကို ကျွန်ဇာတ်သွင်းရန် ကြိုးစားခြင်းမျှသာ ဖြစ်သည်။
အတွေးအခေါ်၊ ဘာသာရေးနှင့် အသိဥာဏ်ဆိုင်ရာ လွတ်လပ်ခွင့်
အစိုးရဟူသည် အများပြည်သူနှင့် ဆိုင်သော ကိစ္စကိုသာ
ဆောင်ရွက်ခွင့်ရှိသော နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သည့်အတွက
နိုင်ငံသားတိုင်း၏ တစ်သီးပုဂ္ဂလ ကိစ္စဖြစ်သော ဘာသာ၊ သာသနာ
အရေးကိစ္စတို့ သည် အစိုးရနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။
ထို့ပြင် ကောင်းခြင်း၊ မကောင်းခြင်း ကျင့်ဝတ်ဆိုင်ရာ လက်ခံရွေး
ချယ်မှုသည် နိုင်ငံသားတစ်ဦး၏ တစ်သီးပုဂ္ဂလ ရွေးချယ်မှု ဖြစ်သည်
နှင့်အညီ အစိုးရနှင့် လူ့အဖွဲ့အစည်းမှ မည်သည့် ကျင့်ဝတ်စည်းမျဉ်းက
ပိုမိုမြင့်မြတ်သည်ဟု ပြောဆိုခွင့် မရှိပေ။ ထို့ကြောင့် အစိုးရတို့သည်
နိုင်ငံတော်အတွင်း ဘာသာရေး ကိစ္စများ၌ ကြားနေခြင်းထက်ကို
လွန်၍ ဘာသာရေး ကိစ္စတို့၌ တစ်စိုးတစ်စိမျှ ပါဝင်ခြင်းငှာ မထိုက်ပေ။
အစိုးရဟူသည် အချုပ်အခြာအာဏာပိုင်ရှင် အစစ်အမှန်ဖြစ်သော
နိုင်ငံသား တစ်ဦးချင်း၏ ကျေနပ်ခွင့် ပြုချက်ဖြင့်သာ အုပ်ချုပ်ခွင့်
ရှိသည်ဖြစ်ရာ နိုင်ငံသားတို့၏ အချုပ်အခြာ အာဏာကို ရယူ၍
အုပ်ချုပ်နေ ရသော အစိုးရတို့မှာ နိုင်ငံသားတို့၏ လွတ်လပ်ခွင့်ကို
ပိတ်ပင်ခွင့် ရှိနေပါက ယုတ္တိမတန်သော အခွင့် အာဏာသာ
ဖြစ်ပေလိမ့်မည်။ အတွေးအခေါ်၊ ဘာသာရေးနှင့် အသိဥာဏ်ဆိုင်ရာ
နိုင်ငံသားတစ်ဦး ချင်း၏ လွတ်လပ်မှုသည် အစိုးရ ထိန်းချုပ်ပိုင်ခွင့်
မရှိသော အာဏာစက်အတွင်းမှ ရွေးချယ်မှု ဖြစ်သည် ။ လုပ်ပိုင်ခွင့်
မရှိသော အရာကို လုပ်ဆောင်နေခြင်းသည် အစိုးရ၏ မတရားသော
အာဏာကျင့်သုံးမှု လည်း ဖြစ်သည်။
14. 5. 2016
No comments:
Post a Comment