Friday, September 2, 2016

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ သဘောထား ထုတ်ပြန်ချက်


၁။ ကိုးကွယ်ယုံကြည်ရာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ရှိသော
မြန်မာနိုင်ငံတွင် ဘာသာမတူသူ၊ လူမျိုးမတူသူများသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုကြောင်း၊ နေထိုင်လျက် ရှိကြောင်း၊ နေထိုင်နိုင်
ကြောင်းကို ပြသသည့်အနေဖြင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှ
ဘာသာရေး အကြီး အကဲများနှင့် လူငယ်များ ပါဝင်သော ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတစ်ခုကို ပြုလုပ်ရခြင်း ဖြစ်သည်။

၂။ ကိုးကွယ် ယုံကြည်ရာ ဘာသာအားလုံးတွင် ဘုံတူညီသော အချက်တစ်ခုမှာ
လူကို လူလို မြင်တတ်သော ချစ်ခြင်းမေတ္တာတရား ဖြစ်ရာ ကိုးကွယ် ယုံကြည်ရာ
မတူသော ဘာသာဝင် အားလုံး သည် ယင်းဘုံတရားဓမ္မကို လက်ကိုင်ပြု၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည်ဟု ကျွန်ုပ်တို့ အားလုံးက ယုံကြည်ပါသည်။

၃။ ကိုးကွယ် ယုံကြည်ရာ ဘာသာ အားလုံးက အလေးအနက်
တန်ဖိုးထားသည့် ယင်းချစ်ခြင်းမေတ္တာ တရားသည် လူတစ်ဦးနှင့်
တစ်ဦး ဆက်ဆံရေးတွင် သည်းခံခြင်း ခန္တီတရား လက်ကိုင်ထား၍
ပဋိပက္ခ အရပ်ရပ် ဖြေရှင်းရေးကိုလည်း အားပေးသည်ဖြစ်ရာ
ယင်းတန်ဖိုးတို့ကို လက်ကိုင်ထားပါက ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်
ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာရေးအတွက် ယဉ်ကျေးမှုသစ်တစ်ရပ်
ထူထောင်နိုင်ရေးအတွက်ပါ အထောက်အကူ ပြုမည်ဟု ကျွန်ုပ်တို့
အားလုံးက လေးလေးနက်နက် ယုံကြည်ပါသည်။

၎။ လူဖြူဖြစ်စေ လူမည်းဖြစ်စေ လူဝါဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ
ဟိန္ဒူဘာသာဖြစ်စေ အစ္စလာမ် ဘာသာဖြစ်စေ ခရစ်ယာန် ဘာသာဖြစ်စေ၊
ကချင်ဖြစ်စေ ရှမ်းဖြစ်စေ ဗမာဖြစ်စေ မည်သို့သော လူမျိုးကိုမဆို
လူနှင့်လူချင်း ချစ်ခြင်းမေတ္တာတရားကို အခြေပြုကာ ဆက်ဆံလိုသော
လူသားဝါဒီ အားလုံးကို ကျွန်ုပ်တို့အားလုံးက ထောက်ခံ အားပေးပါမည်။
ယခု လမ်းလျှောက်ပွဲတွင်လည်း လူသား ၀ါဒီ အားလုံး ပါဝင်ပူးပေါင်း
ပေးကြပါရန် ကျွန်ုပ်တို့က မေတ္တာရပ်ခံအပ်ပါသည်။     
          
 ရန်ကုန် နိုင်ငံရေးသိပ္ပံ ကျောင်းသားများ
(Student Council)
(Yangon School of Political Science- YSPS)
            

No comments:

Post a Comment