Friday, September 2, 2016

နိုင်ငံရေး သိပ္ပံ ဆိုတာ

Written by ဥာဏ်မျိုးအောင်

နိုင်ငံရေး သိပ္ပံဆိုတာ “နိုင်ငံတော် အကြောင်း သိပ္ပံနည်းကျ
လေ့လာမှု” လို့ အဓိပ္ပါယ်ရပါတယ်။ လူသားတွေ ဖွဲ့စည်း
ထူထောင်တဲ့ အသင်းအပင်းတွေ အကြောင်း၊ အစိုးရတွေ
ဖွဲ့စည်းမှုအကြောင်း၊ အစိုးရတွေရဲ့ လုပ်ငန်း တာဝန်တွေ
အကြောင်း၊ ဥပဒေပြုရေးနဲ့ ဥပဒေ သက်ဝင်ရေး လုပ်ဆောင်မှု
အကြောင်း၊ နိုင်ငံတစ်ခုနဲ့ တစ်ခု ဆက်ဆံရေးအကြောင်းတွေကို
လေ့လာပါတယ်။ ဒါ့အပြင် နိုင်ငံတော် ဥပဒေတွေအရ လူအချင်းချင်းကြား
ဆက်ဆံရေး၊ လူတစ်ဦးချင်း သို့မဟုတ် လူတစ်စုတစ်ဖွဲ့နဲ့ အစိုးရကြား
ဆက်ဆံရေး၊ နိုင်ငံတော် အာဏာနဲ့ တစ်ဦးချင်း လွတ်လပ်ခွင့်အကြား ချိန်ညှိရေးလို ပြဿနာတွေကိုလဲ လေ့လာပါတယ်။

သိပ္ပံဘာသာ ဟုတ်ရဲ့လား- နိုင်ငံရေး သိပ္ပံဘာသာရပ်ဟာ
တကယ်ကော သိပ္ပံဘာသာ ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ
ရှိပါတယ်။ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို သိပ္ပံစာရင်း သွင်းထားပေမယ့်
သဘာဝ သိပ္ပံဘာသာရပ် တွေဖြစ်တဲ့ နက္ခတ္တဗေဒ၊ ဓါတုဗေဒ၊
သတ္တဗေဒနဲ့ ရုက္ခဗေဒလိုမျိုး သိပ္ပံဘာသာရပ်တွေနဲ့ မတူပါဘူး။
သဘာဝ သိပ္ပံ ဘာသာရပ်တွေမှာ ဓါတ်ခွဲခန်းတွေ၊ စမ်းသပ်မှုတွေ
ကတဆင့် “တိကျမှန်ကန်မှု”ကို သက်သေပြလို့ ရပါ တယ်။ နိုင်ငံရေး
သိပ္ပံဘာသာရပ်ကတော့ အဲသလို တိတိကျကျ၊ ယတိပြတ်အဖြေမျိုး
မပေးနိုင်ပါဘူး။ ဒီ့အတွက် သိပ္ပံဘာသာရပ် မဟုတ်ဘူးလို့ ဆိုချင်လဲ
ဆိုနိုင်ပါတယ်။ ဒါပေမယ့် “သိပ္ပံ” ဆိုတာကို ဘာသာရပ်တစ်ခုနဲ့ ပတ်
သက်လို့ “စနစ်တကျ” စူးစမ်းလေ့လာမှု၊ ခွဲခြမ်းစိတ်ဖြာ အမျိုးအစားခွဲခြားမှု
ကတစ်ဆင့် ရရှိလာတဲ့ အသိပညာ ရပ်လို့ အဓိပ္ပါယ်ဖွင့်ရင်တော့
နိုင်ငံရေး သိပ္ပံဘာသာရပ်ကို သိပ္ပံဘာသာရပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။
စနစ်တကျ လေ့လာမှုတွေကတဆင့် ယေဘုယျ ဥပဒေသတွေ
ထုတ်ယူနိုင်ပါတယ်။ ဒီဥပဒေသတွေကိုပဲ နိုင်ငံရေး ပြဿနာတွေ
ဖြေရှင်းရာမှာ လက်တွေ့ သုံးနိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေး သိပ္ပံဟာ
သိပ္ပံဘာသာရပ် စာရင်း ၀င်ပါတယ်။

လူမှုသိပ္ပံနဲ့ ဆက်နွှယ်မှု- လူဟာ ပေါင်းသင်း ဆက်ဆံတတ်တဲ့
သတ္တ၀ါ ဖြစ်တယ်။ လူသားရဲ့ လူမှုလုပ်ငန်း ဆောင်တာ အားလုံးကို
အပိုင်းလိုက် ခွဲလေ့လာတာလဲ ရှိတယ်။ တစ်စုတပေါင်းတည်း
လေ့လာတာလဲ ရှိပါ တယ်။ လူမှုသိပ္ပံ ဘာသာရပ်ကတော့
လူမှုဘ၀နဲ့ သက်ဆိုင်သမျှ အချက်အလက်၊ ဥပဒေသအားလုံးကို
တစ်စု တစ်စည်းတည်း လေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။
လူမှုဆက်ဆံရေးကို လေ့လာတဲ့အခါမှာလဲ ကုန်သွယ်မှု ဆက်ဆံရေး၊
ဘာသာရေးဆိုင်ရာ ဆက်နွှယ်မှုကနေ မိသားစုတစ်စုအတွင်း
ဆက်ဆံရေးအထိ လေ့လာတာမျိုး ပါ။ နိုင်ငံရေး သိပ္ပံကတော့
လူမှုဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တဲ့ လူသားရဲ့
နိုင်ငံရေးဘ၀ကိုပဲ အထူးပြု ဇောင်းပေးလေ့လာတဲ့ သိပ္ပံဘာသာရပ်
ဖြစ်ပါတယ်။ ဘာသာရပ်နှစ်ခုကြားမှာ အပြန်အလှန်အကျိုးပြုတာမျိုး
ရှိပါတယ်။ နိုင်ငံရေး သိပ္ပံဘာသာရပ်ကြောင့် နိုင်ငံတော်တွေ
ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ငန်းဆောင်ရွက်ပုံတွေ လိုမျိုး အချက်
အလက်တွေ သိရှိလာသလို လူမှုသိပ္ပံ ဘာသာရပ်ကြောင့် လူဟာ
နိုင်ငံရေးသတ္တ၀ါ ဘယ်လို ဖြစ် လာရတာလဲ၊ နိုင်ငံရေးဆိုင်ရာ
အဆောက်အအုံတွေရဲ့ မူလဇာစ်မြစ်က ဘာတွေလဲ ဆိုတာကို
သိရှိလာရပါ တယ်။

မနုဿဗေဒနဲ့ ဆက်နွှယ်မှု- မနုဿဗေဒ ဘာသာရပ်က လူသားတွေရဲ့
ရုပ်သွင်လက္ခဏာ၊ သမိုင်းဆိုင်ရာနဲ့ ပထ ၀ီအရ ဖြန့်ကျက်တည်ရှိမှု၊
လူမျိုးရေးအရ ကွဲပြားခြားနားမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ တိုးတက်ဖြစ်
ထွန်းမှုလိုမျိုးတွေ ကို လေ့လာပါတယ်။ သမိုင်းခေတ်ဦး လူသားတွေရဲ့
အတွေးအခေါ်၊ ဓလေ့ထုံးတမ်းနဲ့ အဖွဲ့အစည်းပုံစံတွေကို မနုဿဗေဒ ပညာရပ်အရ လေ့လာခြင်းအားဖြင့် နိုင်ငံတော်တွေ ပေါ်ထွန်းလာပုံ
ဇာစ်မြစ်နဲ့ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်တွေ၊ နိုင်ငံရေးဆိုင်ရာ
အဆောက်အအုံတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာပုံကို သိရှိလာပါတယ်။

သမိုင်းနဲ့ ဆက်နွှယ်မှု- သမိုင်းဆိုတာ အတိတ်ကာလတုန်းက ဖြစ်ပျက်
ခဲ့တဲ့ ဖြစ်ရပ်တွေ၊ အကြောင်းတရားတွေ၊ နှီးနွှယ်ဆက်စပ်မှုတွေကို
မှတ်တမ်းတင်ထားတာပါ။ နိုင်ငံရေး သိပ္ပံပညာရှင်တွေက သမိုင်းကို
 နိုင်ငံရေး သိပ္ပံဘာ သာရပ် လေ့လာရေးမှာ အသုံးချစရာ ကုန်ကြမ်း
အဖြစ် မြင်တတ်ကြပါတယ်။ သမိုင်းပညာရှင်တွေကျပြန်တော့ နိုင်ငံရေး
သိပ္ပံဆိုတာ သမိုင်းဘာသာရပ်က ဆင်းသက်လာရတာလို့ မြင်တတ်
ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ် ခုလုံးက အပြန်အလှန်အကျိုးပြု
နေကြပါတယ်။ နိုင်ငံရေးဆိုင်ရာ အဆောက်အအုံတွေ ဘယ်လိုမျိုး
ဖြစ်ထွန်းတိုး တက်လာရသလဲ ဆိုတာမျိုးကို သမိုင်းနောက်ခံထား
လေ့လာမှပဲ သဘောပေါက်နိုင်ပါတယ်။ သမိုင်းအချက်အ လက်တွေကို ရွေးထုတ်ပြီး ရှေ့နောက်ညီညွှတ်အောင် ပေါင်း
စပ်ပေးခြင်းအားဖြင့် နိုင်ငံရေး သိပ္ပံဘာသာရပ်ရဲ့ ဥပဒေသတွေ၊
နိယာမ အကြောင်းတရားတွေကို ဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ပါမောက္ခတစ်ယောက် ပြောတာက- နိုင်ငံရေး သိပ္ပံဆိုတာ သမိုင်းရဲ့
အသီးအပွင့်ပဲ။ သမိုင်းဆိုတာ နိုင်ငံရေး သိပ္ပံရဲ့ ရေသောက်မြစ်ပဲ။

ဘောဂဗေဒနဲ့ ဆက်နွှယ်မှု- နိုင်ငံရေး ဘောဂဗေဒ ဘာသာရပ်က
နိုင်ငံတစ်နိုင်ငံကို ချမ်းသာကြွယ်ဝအောင်၊ အင် အားတောင့်တင်း
လာအောင်၊ အခွန်ငွေရအောင် ဘယ်လို နည်းလမ်းတွေ
ကျင့်သုံးသင့်သလဲ ဆိုတာကို လေ့ လာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့
တရားဥပဒေတွေဆိုရင် ပစ္စည်းဥစ္စာပိုင်ခွင့်၊ စာချုပ်စာတမ်းနဲ့ ကော်ပို ရိတ်လိုမျိုး ပြဿနာရပ်တွေကို ဖြေရှင်းပေးရသလို နိုင်ငံတကာ
ဆက်ဆံရေးမှာဆိုရင် ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဟာ
အရေးကြီးပါတယ်။ အခွန်ကောက်ခံမှု၊ ငွေကြေးနဲ့ အစိုးရ စက်ရုံလိုမျိုး လေ့လာတာဟာ နိုင်ငံရေး ဘောဂဗေဒနဲ့ရော
နိုင်ငံရေးသိပ္ပံနဲ့ပါ စပ်ဆိုင်တဲ့ နယ်ပယ်တွေ ဖြစ်ပါတယ်။
ဘောဂဗေဒ ဘာသာရပ်ကတော့ ဒါဟာ ဓနဥစ္စာနဲ့ ပတ်သက်လို့
လူတွေရဲ့ ပြုမှုဆောင်ရွက်ပုံတွေထဲကမှ အစိတ်အပိုင်းတစ်ခုအဖြစ်
သဘောထားပါတယ်။ နိုင်ငံ ရေး သိပ္ပံဘာသာရပ်ကတော့ ဒါကို
အစိုးရ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာတစ်ခုလို့
သဘောထားပါတယ်။

စိတ်ပညာနဲ့ ဆက်နွှယ်မှု- ခေတ်သစ် နိုင်ငံရေးသိပ္ပံ စာရေးဆရာ
တွေဟာ နိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်တွေကို စိတ် ပညာဆိုင်ရာ
ဥပဒေသတွေ သုံးပြီးတော့ ရှင်းပြတာမျိုး လုပ်လာပါတယ်။
နိုင်ငံတော်တွေ ဒီမိုကရက်တစ် ဆန်လာတာနဲ့အမျှ ပြည်သူလူထုရဲ့
အမြင်ဟာ နိုင်ငံတော်အပေါ် လွှမ်းမိုးလာပါတယ်။ ၀ါဒဖြန့်ချိန်ရေး
နည်းမျိုးစုံနဲ့ ပြည်သူလူထုအမြင်ကို လွှမ်းမိုးပုံဖော်ဖို့ ကြိုးစားတာမျိုးတွေ
ဟာ လေ့လာစရာ ဖြစ်လာပါတယ်။

အထက်က ဆက်နွှယ်မှုတွေဟာ ဥပမာအချို့ပဲ ဖြစ်ပါတယ်။
တခြားသော ကိုယ်ကျင့်တရား ပညာလိုမျိုး တခြားသော ဘာသာ
ရပ်တွေနဲ့ ဆက်နွှယ်မှုတွေလဲ အများကြီး ကျန်ပါသေးတယ်။ ဒါဟာ
 နိုင်ငံရေးသိပ္ပံ မိတ်ဆက်ပါ။

လစ်ဘရယ် ကြေညာစာတမ်း အကျယ်

Written by ဥာဏ်မျိုးအောင်

၁။ ငါတို့ဟာ အရှင်သခင်

ငါတို့ ကိုယ်တိုင်သာလျှင် ငါတို့ဘ၀ရဲ့ အရှင်သခင် ဖြစ်တယ်။
ငါတို့ ဘ၀ကံကြမ္မာကို ငါတို့ ကိုယ်တိုင်သာလျှင် ပြဌာန်းပိုင်ခွင့်
ရှိတယ်။ ငါတို့ ကိုယ်ခန္ဓာကို ပိုင်စိုးသူဟာ ငါတို့ ကိုယ်တိုင်သာ
ဖြစ်တယ်။ ဒါကြောင့် ငါတို့ ခန္ဓာအင်အား၊ စိတ်အင်အားကို
စိုက်ထုတ်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ပစ္စည်းဥစ္စာ (၀ါ) လုပ်အား
ရလဒ်ရဲ့ ပိုင်ရှင်အစစ်ဟာ ငါတို့ ကိုယ်တိုင်ပဲ ဖြစ်တယ်။ တိုတို
ပြောရရင် ငါတို့ဟာ ငါတို့ အသက်ခန္ဓာ၊ ငါတို့ လုပ်အား ထွက်ကုန်
ဖြစ်တဲ့ ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ထိုက်တဲ့ လွတ်လပ်တဲ့ လူသားတွေ
ဖြစ်တယ်။

ဒါဟာ လူသားတိုင်းရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်။ အစၥလာမ္ဘာသာ
ဝင်ဖြစ်စေ ခရစ်ယာန် ဖြစ်စေ ဗုဒ္ဓဘာသာဖြစ်စေ၊ လူမည်းဖြစ်စေ
လူဖြူဖြစ်စေ လူဝါဖြစ်စေ၊ ဗမာဖြစ်စေ ကချင်ဖြစ်စေ ရှမ်းဖြစ်စေ၊
ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ လူသားတိုင်းဟာ ကိုယ့်ခန္ဓာ၊
ကိုယ့်ဥစ္စာ၊ ကိုယ်ကံ ကြမ္မာရဲ့ ပိုင်ရှင်အစစ် ဖြစ်တယ်။ ငါတို့သာလျှင်
ပိုင်ရှင်အစစ် ဖြစ်တဲ့အတွက် ငါတို့ခန္ဓာ၊ ငါတို့ ဥစ္စာ၊ ငါတို့ ကံကြမ္မာကို
ထိခိုက်အောင်၊ ပျက်စီးအောင်၊ ထိန်းချုပ်ကန့်သတ်အောင်
လုပ်ဆောင်သူ မှန်သမျှဟာ ငါတို့ ရန်သူ ဖြစ်တယ်။ အလားတူ
ငါတို့ ကိုယ်တိုင်လဲ တပါးသူရဲ့ ခန္ဓာ၊ ဥစ္စာ၊ ကံကြမ္မာကို မထိပါး၊
မနှောက်ယှက်ဖို့ဟာ ငါတို့ လူသားဝါဒီအားလုံး လိုက်နာ
စောင့်စည်းရမယ့် တရားဓမ္မ ဖြစ်တယ်။

၂။ ဘုံကျွန်လူစု

ငါတို့ ခန္ဓာ၊ ငါတို့ ဥစ္စာ၊ ငါတို့ ကံကြမ္မာကို ကာကွယ်ထိန်းသိမ်း
ပေးဖို့အတွက် ငါတို့ အား လုံး လက်ခံသဘောတူတဲ့
ဘုံကျွန်တစ်စုကို ရွေးချယ်ခဲ့ကြတယ်။ ဒီဘုံကျွန်တစ်စုဟာ
အစိုးရလူစုပဲ ဖြစ်တယ်။ ငါတို့ တင်မြှောက်ထားတဲ့ ဘုံကျွန်
အစိုးရဟာ ငါတို့ တစ်ဦးချင်း ရဲ့ ခန္ဓာကိုယ်ကို ဘေးပြုလာသူ
မှန်သမျှကို ထိုက်သင့်သလို အပြစ်ပေးရမယ့် တာဝန် ရှိတယ်၊
ငါတို့ တစ်ဦးချင်းရဲ့ ဥစ္စာကို ထိပါးလာသူ မှန်သမျှကို ထိုက်သင့်သလို
အရေး ယူရမယ့် တာဝန်ရှိတယ်၊ ငါတို့ တစ်ဦးချင်းရဲ့ ဘ၀ကံကြမ္မာ
ရွေးချယ်ပိုင်ခွင့်ကို ကန့် သတ်လာသူ မှန်သမျှကို ထိုက်သင့်သလို
ဒဏ်ခတ်ရမယ့် တာဝန် ရှိတယ်။ အချုပ်ပြော ရရင် ဘုံကျွန်အစိုးရဟာ
အရှင်သခင် ဖြစ်တဲ့ ငါတို့ကို သစ္စာစောင့်သိရမယ့် တာဝန် ရှိတယ်။

ငါတို့ ခန္ဓာ ဥစ္စာ ကံကြမ္မာကို ကာကွယ်ပေးသူ ဘုံကျွန်လူစုကို ငါတို့
တစ်ဦးချင်းရဲ့ ပိုင် ဆိုင်မှု ဥစ္စာစုကနေ စံစားခွင့်တချို့ ပေးကမ်းထောက်ပံ့
ပေးကြတယ်။ ငါတို့ အရှင်သခင် လူစုရဲ့ ပြင်ပက ရန်သူမှန်သမျှရဲ့
ဘေးရန်မှုလာသမျှကို ထိထိရောက်ရောက် တန်ပြန် ကာကွယ်
ပေးနိုင်ဖို့အတွက် လက်နက်တချို့ တပ်ဆင်ပေးကြတယ်။ အစပိုင်းမှာ
ဘုံကျွန် အစိုးရဟာ ငါတို့အတွက် အမှုတော် ထမ်းပေးကြတယ်။
နောက်ပိုင်းမှာတော့ ငါတို့အရှင် သခင် လူစုရဲ့ ယုံကြည်မှုကို
ဘုံကျွန်လူစုက အလွဲသုံးစားလုပ်၊ အမြတ်ထုတ်လာတယ်။ ငါတို့
အရှင်သခင်စု ပိုင်တဲ့ ဥစ္စာကို ဘုံကျွန်လူစုဟာ သွားရေယိုလာတဲ့အခါ
ငါတို့ တပ် ဆင်ပေးထားတဲ့ လက်နက်အားကိုးနဲ့ ငါတို့ အရှင်သခင်စုကို
ရန်မူတိုက်ခိုက်လာတတ် တယ်။

သာဓက ပြုရရင် ငါတို့ အိုးအိမ်၊ ၀န်းခြံကို စောင့်ကြည့်ဖို့အတွက်
အိမ်ကြီးရှင်သခင် ငါတို့ ဟာ ခြံစောင့် ခွေးကို မွေးခဲ့ကြတယ်။ ငါတို့
ကျွေးတာစားပြီး အကောင်ထွား၊ အစွယ်ပွား လာတဲ့ ခြံစောင့်ခွေးဟာ
အစွယ်အားကိုးပြီးတော့ မာန်တက်လာတတ်တယ်။ နဂိုက ခြံ စောင့်
တာဝန် သတ်မှတ်ထားတဲ့ ခွေးဟာ သူ့ကိုယ်သူ ကေသရာဇာ ခြင်္သေမင်း
အထင် ရောက်လာတတ်တယ်။ ဒီအခါမှာ ကျွန်ခွေးက ထမင်းရှင်
အိမ်ကြီးရှင် ငါတို့လက်ကို ပြန် ကိုက်တတ်တယ်။ လိုရင်း ပြောရရင်
ငါတို့ အရှင်သခင်စု တင်မြှောက်ထားတဲ့ ဘုံကျွန် အစိုးရဟာ ငါတို့
အမှုတော် ထမ်းဖို့အတွက် လိုအပ်ချက်ကြောင့် တင်မြှောက်ထားရတာ
ဖြစ်တယ်။ ကျွန်ခွေးက ထမင်းရှင် အိမ်ကြီးရှင် လက်ကို ပြန်ကိုက်တဲ့
အဖြစ်မျိုး မဖြစ်လို ရင် ငါတို့ အရှင် သခင်စုဟာ ဘုံကျွန် အစိုးရကို
တရံမလပ် သတိကပ်ပြီးတော့ စောင့် ကြည့်ရမယ့် တာဝန် ရှိတယ်။
မဟုတ်ရင် ငါတို့ ခန္ဓာ ဥစ္စာ ကံကြမ္မာ တည်မြဲရေးဟာ အခြိမ်းခြောက်ခံ
ရနိုင်တယ် ဆိုတာကို ငါတို့ အရှင်သခင်စု သတိကပ်အပ်တယ်။

၃။ ပုဂ္ဂလိက လွတ်လပ်ခွင့်

ငါတို့ အရှင်သခင်စု ခွင့်ပြုထားတဲ့ ဘုံကျွန် လူစုရဲ့ လုပ်ပိုင်ခွင့် အာဏာမှာ
အကန့်အ သတ် ရှိတယ်။ ဘုံကျွန်စုရဲ့ တာဝန်ဟာ ပထမ- ငါတို့ ခန္ဓာ၊
ဒုတိယ- ငါတို့ ဥစ္စာ၊ တတိ ယ- ငါတို့ ကံကြမ္မာပြဌာန်းခွင့်ကို အကာ
အကွယ် ပြုပေးဖို့သာ ဖြစ်တယ်။ ဒါပေမယ့် ဘုံ ကျွန်လူစုဟာ အာဏာ
လုပ်ပိုင်ခွင့်ကို တိုးချဲ့ပြီးတော့ အာဏာရှင်စနစ်ကို ထူထောင်လို တဲ့အခါ
ငါတို့ အရှင်သခင်စုကို မရင့်ကျက်သေးတဲ့ ကလေးသူငယ်လို၊
ကျိုးကြောင်းကျ ကျ စဉ်းစားနိုင်စွမ်း မရှိတဲ့ သူရူးလို ဆက်ဆံလာ
တတ်တယ်။ ငါတို့ ကောင်းကျိုးအတွက် လို့ အကြောင်းပြချက်ပေးပြီး
ဘယ်ဟာကို ယုံကြည်ထိုက်တယ်၊ ဘယ်လို ယဉ်ကျေးမှုကို
ထိန်းသိမ်းရမယ်၊ ဘယ်လိုမျိုး နေထိုင်ပြုမူရမယ် စသဖြင့်
အမိန့်ထုတ်ပြဌာန်းကာ ဘုံကျွ န်လူစုဟာ သူတို့ကိုယ် သူတို့
အမိအဖအရာ မှတ်ယူပြီး ငါတို့ အရှင်သခင်စုကို သူငယ် နှပ်စားသဖွယ်
ဆက်ဆံလာတတ်တယ်။ ဒါဟာ ငါတို့ ဘ၀ကံကြမ္မာကို ငါတို့ကိုယ်တိုင်
ပြဌာန်းနိုင်ခွင့် (၀ါ) ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချုပ်ခြယ်ကန့်သတ်မှုပဲ ဖြစ်တယ်။

တစ်နည်း ပြောရရင်၊ ယုံကြည်ကိုးကွယ်မှုတစ်ခု၊ ယဉ်ကျေးမှုတစ်ခု၊
ကျင့်ဝတ်စံနှုန်းတစ် ခုကို ဘုံကျွန်လူစုက အထူးအလေးပေး ကာကွယ်
ပေးခြင်းအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်နေတဲ့
ယုံကြည်ကိုးကွယ်မှု မတူသူ၊ လူမျိုးမတူသူ၊ ကျင့်ဝတ်စံနှုန်း အသီးသီးကို
လက်ခံကျင့်သုံးနေသူ ငါတို့ အရှင်သခင် လူစုကြားမှာ အချင်းချင်း မျက်
မာန်ပွား ရန်စောင်လာအောင်၊ ပဋိပက္ခနွံမှာ အချင်းချင်း ရန်လိုတိုက်
ခိုက်လာအောင် မြန်မာနိုင်ငံရဲ့ အာဏာရှင်အဆက်ဆက်က
ဖန်တီးလုပ်ဆောင်ခဲ့တယ်။ ဒီနည်းအားဖြင့် ငါတို့ အရှင်သခင်စု
အချင်းချင်းကြားမှာ စည်းလုံးမှု ပြိုကွဲပြီး စိတ်ဝမ်းကွဲလာတာကို
ဘုံကျွန်လူစုဟာ မဟာအခွင့်ကောင်းကြီး တစ်ခုအဖြစ် မှတ်ယူကာ
အာဏာရှင်သဖွယ် စိုးမိုးအုပ်ချုပ်လာတတ်တယ်။ ဒီတော့ ငါတို့
အရှင်သခင်လူစုရဲ့ အခက်ဟာ အာဏာရှင်ရူး ဘုံကျွန်လူစုရဲ့
အချက် ဖြစ်တယ် ဆိုတာ သတိပြုရမယ်။

ငါတို့ အရှင်သခင် တစ်ဦးချင်းစီတိုင်းဟာ ငါတို့ ဘ၀ကံကြမ္မာရဲ့
ပဲ့ကိုင်ရှင်အစစ်တွေ ဖြစ် တဲ့အတွက် ငါတို့ တစ်ဦးချင်းစီတိုင်းဟာ
ငါတို့ ကြိုက်နှစ်သက်ရာ ယုံကြည်ကိုးကွယ်မှု ကို ငါတို့ကိုယ်တိုင်
ရွေးချယ်ခွင့် ရှိတယ်။ ငါတို့ ကြိုက်နှစ်သက်ရာ ယဉ်ကျေးမှုကို ငါတို့
ဘာသာ ရွေးချယ်ခွင့် ရှိတယ်။ ငါတို့ ကြိုက်နှစ်သက်ရာ ကျင့်ဝတ်
စံနှုန်းတွေကို ငါတို့ဘာ သာ ကျင့်သုံးပိုင်ခွင့် ရှိတယ်။ ငါတို့
ကြိုက်နှစ်သက်ရာ ဘ၀နေထိုင်မှု ပုံစံကို ငါတို့ကိုယ် တိုင် စိတ်ကြိုက်
ရွေးချယ်နေထိုင်ခွင့် ရှိတယ်။ အထက်က အခွင့်အရေးတွေကို စံစားနိုင်
အောင် အကာအကွယ်ပြုပေးတဲ့ ကိုယ့်ဘ၀ ကံကြမ္မာကို ကိုယ်တိုင်
ပြဌာန်းခွင့် (၀ါ) ပုဂ္ဂ လိကလွတ်လပ်ခွင့်ဟာ ဘယ်အာဏာရှင်၊
ဘယ်စကြ်ာဝတေးမင်း၊ ဘယ်သိကြားမင်း၊ ဘယ်ဗြဟ္မာမင်းမှ
တားဆီးပိတ်ပင် ကန့်သတ်နိုင်ခွင့် မရှိတဲ့ အရာ ဖြစ်တယ်။
တပါးသူရဲ့ ခန္ဓာ ဥစ္စာနဲ့ ဘ၀ကံကြမ္မာပြဌာန်းခွင့်ကို မထိခိုက်သမျှ
ကာလပတ်လုံး ငါတို့အားလုံးဟာ ဒီလွတ်လပ်ခွင့်ကို အပြည့်အဝ
ကျင့်သုံးပိုင်ခွင့် ရှိတယ်။ အစပြန် ကောက်ရရင် ငါတို့ရဲ့
အရှင်သခင်ဟာ ငါတို့ပဲ ဖြစ်တယ်။

၎။ ရှင်သန်တဲ့ လူ့အဖွဲ့အစည်း

လူတစ်ဦးချင်းစီရဲ့ ကိုယ့်ဘ၀ ကံကြမ္မာကို ကိုယ်တိုင် ပြဌာန်းနိုင်ခွင့်
(၀ါ) ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အလေးဂရုပြုပြီး တန်ဖိုးထား
ကာကွယ်ပေးတဲ့ လူ့အဖွဲ့အစည်းတွေမှာ ရုပ်ပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ဖြစ်ထွန်းနေတာကို မျက်
မှောက်ခေတ် ကမ္ဘာက သက်သေပြတယ်။ ဘာသာရေး
အခြေပြု အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်း၊ အာ ဏာရှင်စနစ်
အခြေပြု အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ အဖက်ဖက်က
ဆုတ်ယုတ်မှု တွေသာ ရှိပြီး တိုးတက်မှုတွေ မရှိတာကို
တွေ့ရလိမ့်မယ်။ အဆိုးဆုံးကတော့ ဒီလူ့အဖွဲ့ အစည်းမှာ
နေထိုင်သူ လူသား (၀ါ) ပြည်သူလူထု (၀ါ) အရှင်သခင်အစုဟာ
အာဏာရှင် ဘုံကျွန်လူစုရဲ့ နှင်တံအောက်မှာ သိုးအုပ် နွားအုပ်လို
နေထိုင်နေကြရတယ်။

အာဏာရှင် ဘုံကျွန်လူစုရဲ့ နှင်တံအောက်မှာ ပြားပြားမှောက်နေရတဲ့
အရှင်သခင်လူစု ဟာ ကိုယ့်ဘ၀ ကံကြမ္မာကို ကိုယ်တိုင် ပြဌာန်းနိုင်ခွင့်
(၀ါ) ပုဂ္ဂလိက လွတ်လပ်ခွင့် မရှိ ဘူး။ အာဏာရှင် ဘုံကျွန်လူစု
ပစားပေး အထူးမြှောက်စားထားတဲ့ ယုံကြည် သက်ဝင်မှု၊
အတွေးအခေါ် အယူအဆ၊ ယဉ်ကျေးမှု၊ ကျင့်ဝတ်စံနှုန်းတွေသာ
လွှမ်းမိုးကြီးစိုးနေတယ်။ ပုဂ္ဂလိက လွတ်လပ်ခွင့် မရှိတဲ့ အရှင်သခင်
လူစုဟာ တရားသေ စံနှုန်းတွေရဲ့ အတင်း အကျပ် ချုပ်နှောင်မှု
ခံကြရတယ်။ အာဏာရှင် ပစားပေး မြှောက်စားထားတဲ့ စံနှုန်းတွေ
ကိုယ်တိုင်ပင်လျှင် အတွေးအခေါ် အသစ်၊ ကျင့်ဝတ်စံနှုန်း
အသစ်တွေရဲ့ စိန်ခေါ်ထိုး နှက်မှု မခံရတဲ့အခါ မွမ်းမံပြုပြင်မှု မရှိတဲ့
တရားသေ အတွေးအခေါ်၊ ကျင့်ဝတ် စံနှုန်း တစ်ခုအဖြစ်
သင်းသတ်ခြင်း ခံရတယ်။ အာဏာရှင်တွေ ပစားပေးထားတဲ့
အတွေးအခေါ်၊ ကျင့်ဝတ်စံနှုန်းတွေကို ယုံကြည် လက်ခံထားသူတွေ
ကိုယ်တိုင်ပင်လျှင် လက်ရှိယုံကြည်မှုကို စွန့်ပယ်ပြီးတော့
အယူအဆသစ်တစ်ခုကို ကူးပြောင်း လက်ခံလိုတဲ့အခါ ပုဂ္ဂလိက
လွတ်လပ်ခွင့် မရှိတဲ့ အတွက် တရားသေ စံနှုန်းတွေရဲ့
ချုပ်နှောင်ထားမှုက ရုန်းမထွက်နိုင် ဖြစ်တတ်တယ်။

ကိုယ့်ဘ၀ ကံကြမ္မာကို ကိုယ်တိုင် ပြဌာန်းပိုင်ခွင့် (၀ါ) ပုဂ္ဂလိက
လွတ်လပ်ခွင့် ရှိတဲ့ လူ့ အဖွဲ့အစည်းမှာ လူတိုင်းဟာ ကိုယ်ကြိုက်နှစ်သက်ရာ
အတွေးအခေါ် ကျင့်ဝတ်စံနှုန်းကို ကိုယ့်စိတ်ကြိုက် ရွေးချယ်လက်ခံနိုင်
တယ်။ လူ့အဖွဲ့အစည်းတွင်းမှာ ဘုံလက်ခံထားတဲ့ အမှန်တရား
တွေဟာလဲ အသစ်အသစ်သော အတွေးအခေါ်သစ်၊ ကျင့်ဝတ်
စံနှုန်းအသစ် တွေရဲ့ စိန်ခေါ်ထိုးနှက်မှုကို အမြဲတမ်း ရင်ဆိုင်
နေရတယ်။ အတွေးအခေါ်သစ်၊ ကျင့် ၀တ်စံနှုန်းသစ်တွေဟာ
လတ်တလော ကာလမှာ လူ့အဖွဲ့အစည်းအတွင်း ဘုံလက်
ခံထားတဲ့ အတွေးအခေါ်ကို ဖြိုလှဲပြီးတော့ အစားထိုးနိုင်တာလဲ
ရှိမယ်။ အစားမထိုးနိုင်တာလဲ ရှိမယ်။ အတွေးအခေါ်သစ်ဟာ
ဘုံလက်ခံထားတဲ့ နဂိုမူလ အတွေးအခေါ်ကို မဖြိုလှဲနိုင် တဲ့အခါ
နဂိုမူလ အတွေးအခေါ်ရဲ့ ခိုင်မာမှု၊ မှန်ကန်မှုဟာ ပိုမို တောက်ပ
လာလိမ့်မယ်။ ဒါမှမဟုတ် အတွေးအခေါ်သစ်က နဂိုမူလ အတွေး
အခေါ်ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်ကို ထိုးနှက်ပြီးတော့ ပိုမိုခိုင်
မာတဲ့၊ မှန်ကန်တဲ့ အတွေးအခေါ်သစ်ကို အစားထိုး မိတ်ဆက်
ပေးနိုင်ခဲ့ရင် လူ့အဖွဲ့အစည်းဟာ အမှန် တရားနဲ့ ပိုနီးစပ်တဲ့
အတွေးအခေါ်ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုကို တစ်ဆင့်ချင်း
တက်လှမ်းနိုင်ပေလိမ့်မယ်။ ဒီနည်းအားဖြင့် အတွေးအခေါ်
တိုးတက်မှုဟာ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုကို တွန်းတင်
ပေးလိမ့်မယ်။ တိုတိုပြောရရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ
တိုးတက်ဖြစ်ထွန်းမှု အားလုံးရဲ့ ပင်မရေသောက်မြစ်ဟာ
အရှင်သခင် အစုထဲက လူသားတစ်ဦးချင်းစီတိုင်းရဲ့ ကိုယ့်ဘဝ
ကံကြမ္မာကို ကိုယ်တိုင် ပြဌာန်းခွင့် (၀ါ) ပုဂ္ဂလိက လွတ်လပ်ခွင့်ပဲ
ဖြစ်တယ်။

၅။ နိဂုံး

လူသားသမိုင်းဟာ ခေတ်အဆက်ဆက် ဖြစ်ပေါ်တိုးတက်မှုကို
ဖြတ်ကျော်ခဲ့ရတယ်။ ရှင် ဘုရင်ခေတ်မှာ ရှင်ဘုရင်တစ်ဦးတည်းသာ
လွတ်လပ်သူ ဖြစ်တယ်။ အာဏာရှင်ခေတ် မှာ အာဏာရှင်
လူတစ်စုသာ လွတ်လပ်ကြတယ်။ ကနေ့ခေတ်မှာတော့
အရှင်သခင်လူ အစုဟာ အဓမ္မသိမ်းပိုက်ခံထားရတဲ့ သူတို့ရဲ့ မူပိုင်လွတ်လပ်မှုအခွင့်အရေးကို ပြန်လည်ရယူဖို့ ရုန်းထလာကြပြီ။
သူတို့ အားလုံးရဲ့ ပန်းတိုင်ဟာ ရှင်ဘုရင်တစ်ပါးတည်း လွတ်လပ်မှု
မဟုတ်၊ အာဏာရှင် လူတစ်စုတည်း လွတ်လပ်ခွင့် မဟုတ်၊ လူသား
တစ်ဦးချင်းစီ တစ်ယောက်ချင်းစီတိုင်းရဲ့ ကိုယ့်ဘ၀ ကိုယ့်ကံကြမ္မာကို
ပြဌာန်းနိုင်ခွင့် (၀ါ) ပုဂ္ဂလိက လွတ်လပ်ခွင့်အတွက် ဖြစ်တယ်။ ဒီအသိအမြင်နိုးထမှု ရေစီးကြောင်းမှာ ရှေးရိုးစွဲဝါဒီတွေ၊ အယူသီး
တယူသန်သမားတွေ၊ အာဏာရှင်တွေရဲ့ ခေတ်ဟောင်း
အတွေးအခေါ်တွေ တိမ်ကောပျောက်ကွယ်တော့မယ်။
လူသားသမိုင်းဟာ လူသားဝါဒီ တွေဘက်မှာ ရှိတယ်။
လူသားဝါဒီတွေရဲ့ လွတ်လပ်မှု တော်လှန်ရေး အောင်ပါစေ။

၁၄. ၅. ၂၀၁၆

လစ်ဘရယ် ကြေညာစာတမ်း

Written by မြတ်ကိုကို

ဤလူ့ဘောင် လောကရှိ မည်သို့သော လူမှုအသိုင်းအ၀န်းဖြစ်စေ၊
လူပုဂ္ဂိုလ်တစ်ဦးချင်းသည်သာ အစစ်အမှန် တည်ရှိသော ပကတိ
တည်ရှိမှုဖြစ်၍ အစုအဖွဲ့ မှန်သမျှတို့သည် ထိုပကတိ တည်ရှိသော
လူတစ်ဦးချင်းတို့၏ အစုအပေါင်း မည်ကာ သက်သက်မျှ ဖြစ်သည်။
မည်သို့သော သဘာဝမျိုးဖြင့် အမည် မှည့်ခေါ်စေကာမူ အစုအဖွဲ့တို့သည်
စစ်မှန်ထူးခြားသော အနက်အဓိပ္ပါယ်ဟူ၍ မရှိဘဲ ပညတ် အမည်သက်သက်
မျှသာ ဖြစ်သည်။

လွတ်လပ်မှု

လွတ်လပ်မှုဟူသည် လူသားဟူသော ပညတ်အမည်တွင် တစ်ပါတည်း
ကိန်းဝပ်နေသော အရာဖြစ်၍ အသက်နှင့် ထပ်တူ တန်ဖိုးရှိသော အရာ
ဖြစ်သည်။ အသက်ကို ရုပ်သိမ်းပါက လူသား၏ ဖြစ်တည်မှု မရှိသကဲ့သို့
လွတ်လပ်မှု ရုပ်သိမ်းခံရသော လူသားသည် သာမန် သက်ရှိသာဖြစ်၍
လူသားဟု ခေါ်ဆို ၍ မရနိုင်ပေ။ လွတ်လပ်မှု ဟူသည် လူသားဟု သမုတ်အပ်သော အမည်နာမကို ဖြစ်စေသည့် ဂုဏ်အ ရည်အသွေးများအနက်မှ တစ်ခု ဖြစ်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့် အာဏာ

လူတစ်ဦးချင်းသည် မိမိကိုယ်ပိုင် တစ်သီးပုဂ္ဂလဘ၀၏ အရှင်သခင် ဖြစ်၍
တစ်သီးပုဂ္ဂလ နယ်ပယ် အတွင်းမှ ကိစ္စအ၀၀တို့သည် အာဏာကို
လူတစ်ဦးချင်းထံမှ အငှားရယူ သုံးစွဲလျက်ရှိသော အစိုးရတို့၏
အာဏာစက်မှ အခါခပ်သိမ်း ကင်းလွတ်သည်။

လူတစ်ဦးချင်းသည် မိမိတို့ ဘ၀ကို ရှင်သန်ဖြတ်သန်းရာတွင် မိမိကြိုက်နှစ်
သက်သော ကျင့်ဝတ်အမြင် အတိုင်း အစိုးရ အပါအ၀င် မည်သူတစ်ဦး
တစ်ယောက်၏ စွက်ဖက်ချုပ်ကိုင်မှု မခံရဘဲ မိမိနှစ်သက်သည့်
ဘ၀လူနေမှုပုံစံကို တည်ဆောက်နိုင်ရန် အာဏာ အပြည့်အ၀ ရှိသည်။
မိမိ၏ အကျိုးစီးပွား အတွက် ကောင်းခြင်း ဆိုးခြင်းကို အသိဆုံးဖြစ်သော
မိမိကိုယ်တိုင်က မိမိဘ၀ ကိစ္စအ၀၀ကို ဆုံးဖြတ် စီမံပိုင်ခွင့် ရှိမှသာလျှင်
ကျွန်ပြုခံရခြင်းကဲ့သို့ ဘ၀မျိုးမှ ကင်းလွတ်မည် ဖြစ်သည်။ မိမိ၏ ဘ၀လူနေမှု ပုံစံကို ရွေးချယ်တည်ဆောက်ရာတွင် မိမိသာလျှင် အရှင်သခင်ဖြစ်၍
အစိုးရ၏ တောင်းဆိုအကျပ်ကိုင် ခြင်း၊ လူ့အဖွဲ့အစည်းမှ ယဉ်ကျေးမှု၊
ဘာသာရေး အမည်ခံ၍ လွှမ်းမိုးရန် ကြိုးစားခြင်းတို့သည် လူတစ်
ဦးချင်းကို ကျွန်ဇာတ်သွင်းရန် ကြိုးစားခြင်းမျှသာ ဖြစ်သည်။

အတွေးအခေါ်၊ ဘာသာရေးနှင့် အသိဥာဏ်ဆိုင်ရာ လွတ်လပ်ခွင့်

အစိုးရဟူသည် အများပြည်သူနှင့် ဆိုင်သော ကိစ္စကိုသာ
ဆောင်ရွက်ခွင့်ရှိသော နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သည့်အတွက
နိုင်ငံသားတိုင်း၏ တစ်သီးပုဂ္ဂလ ကိစ္စဖြစ်သော ဘာသာ၊ သာသနာ
အရေးကိစ္စတို့ သည် အစိုးရနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။
ထို့ပြင် ကောင်းခြင်း၊ မကောင်းခြင်း ကျင့်ဝတ်ဆိုင်ရာ လက်ခံရွေး
ချယ်မှုသည် နိုင်ငံသားတစ်ဦး၏ တစ်သီးပုဂ္ဂလ ရွေးချယ်မှု ဖြစ်သည်
နှင့်အညီ အစိုးရနှင့် လူ့အဖွဲ့အစည်းမှ မည်သည့် ကျင့်ဝတ်စည်းမျဉ်းက
ပိုမိုမြင့်မြတ်သည်ဟု ပြောဆိုခွင့် မရှိပေ။ ထို့ကြောင့် အစိုးရတို့သည်
 နိုင်ငံတော်အတွင်း ဘာသာရေး ကိစ္စများ၌ ကြားနေခြင်းထက်ကို
လွန်၍ ဘာသာရေး ကိစ္စတို့၌ တစ်စိုးတစ်စိမျှ ပါဝင်ခြင်းငှာ မထိုက်ပေ။

အစိုးရဟူသည် အချုပ်အခြာအာဏာပိုင်ရှင် အစစ်အမှန်ဖြစ်သော
 နိုင်ငံသား တစ်ဦးချင်း၏ ကျေနပ်ခွင့် ပြုချက်ဖြင့်သာ အုပ်ချုပ်ခွင့်
ရှိသည်ဖြစ်ရာ နိုင်ငံသားတို့၏ အချုပ်အခြာ အာဏာကို ရယူ၍
အုပ်ချုပ်နေ ရသော အစိုးရတို့မှာ နိုင်ငံသားတို့၏ လွတ်လပ်ခွင့်ကို
ပိတ်ပင်ခွင့် ရှိနေပါက ယုတ္တိမတန်သော အခွင့် အာဏာသာ
ဖြစ်ပေလိမ့်မည်။ အတွေးအခေါ်၊ ဘာသာရေးနှင့် အသိဥာဏ်ဆိုင်ရာ
 နိုင်ငံသားတစ်ဦး ချင်း၏ လွတ်လပ်မှုသည် အစိုးရ ထိန်းချုပ်ပိုင်ခွင့်
မရှိသော အာဏာစက်အတွင်းမှ ရွေးချယ်မှု ဖြစ်သည် ။ လုပ်ပိုင်ခွင့်
မရှိသော အရာကို လုပ်ဆောင်နေခြင်းသည် အစိုးရ၏ မတရားသော
အာဏာကျင့်သုံးမှု လည်း ဖြစ်သည်။

14. 5. 2016

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ သဘောထား ထုတ်ပြန်ချက်


၁။ ကိုးကွယ်ယုံကြည်ရာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ရှိသော
မြန်မာနိုင်ငံတွင် ဘာသာမတူသူ၊ လူမျိုးမတူသူများသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုကြောင်း၊ နေထိုင်လျက် ရှိကြောင်း၊ နေထိုင်နိုင်
ကြောင်းကို ပြသသည့်အနေဖြင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှ
ဘာသာရေး အကြီး အကဲများနှင့် လူငယ်များ ပါဝင်သော ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတစ်ခုကို ပြုလုပ်ရခြင်း ဖြစ်သည်။

၂။ ကိုးကွယ် ယုံကြည်ရာ ဘာသာအားလုံးတွင် ဘုံတူညီသော အချက်တစ်ခုမှာ
လူကို လူလို မြင်တတ်သော ချစ်ခြင်းမေတ္တာတရား ဖြစ်ရာ ကိုးကွယ် ယုံကြည်ရာ
မတူသော ဘာသာဝင် အားလုံး သည် ယင်းဘုံတရားဓမ္မကို လက်ကိုင်ပြု၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည်ဟု ကျွန်ုပ်တို့ အားလုံးက ယုံကြည်ပါသည်။

၃။ ကိုးကွယ် ယုံကြည်ရာ ဘာသာ အားလုံးက အလေးအနက်
တန်ဖိုးထားသည့် ယင်းချစ်ခြင်းမေတ္တာ တရားသည် လူတစ်ဦးနှင့်
တစ်ဦး ဆက်ဆံရေးတွင် သည်းခံခြင်း ခန္တီတရား လက်ကိုင်ထား၍
ပဋိပက္ခ အရပ်ရပ် ဖြေရှင်းရေးကိုလည်း အားပေးသည်ဖြစ်ရာ
ယင်းတန်ဖိုးတို့ကို လက်ကိုင်ထားပါက ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်
ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာရေးအတွက် ယဉ်ကျေးမှုသစ်တစ်ရပ်
ထူထောင်နိုင်ရေးအတွက်ပါ အထောက်အကူ ပြုမည်ဟု ကျွန်ုပ်တို့
အားလုံးက လေးလေးနက်နက် ယုံကြည်ပါသည်။

၎။ လူဖြူဖြစ်စေ လူမည်းဖြစ်စေ လူဝါဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ
ဟိန္ဒူဘာသာဖြစ်စေ အစ္စလာမ် ဘာသာဖြစ်စေ ခရစ်ယာန် ဘာသာဖြစ်စေ၊
ကချင်ဖြစ်စေ ရှမ်းဖြစ်စေ ဗမာဖြစ်စေ မည်သို့သော လူမျိုးကိုမဆို
လူနှင့်လူချင်း ချစ်ခြင်းမေတ္တာတရားကို အခြေပြုကာ ဆက်ဆံလိုသော
လူသားဝါဒီ အားလုံးကို ကျွန်ုပ်တို့အားလုံးက ထောက်ခံ အားပေးပါမည်။
ယခု လမ်းလျှောက်ပွဲတွင်လည်း လူသား ၀ါဒီ အားလုံး ပါဝင်ပူးပေါင်း
ပေးကြပါရန် ကျွန်ုပ်တို့က မေတ္တာရပ်ခံအပ်ပါသည်။     
          
 ရန်ကုန် နိုင်ငံရေးသိပ္ပံ ကျောင်းသားများ
(Student Council)
(Yangon School of Political Science- YSPS)