Written by ဥာဏ်မျိုးအောင်
စစ်ဘက်က အရာရှိတွေကို အရပ်ဘက်က ကျန်းမာရေးဝန်ကြီးဌာနဆီ ပြောင်းခန့်မယ့်
အစိုးရရဲ့ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ဆေးလောကသားတွေက ဖဲကြိုးနက်
ဝတ်ပြီး ပြီးခဲ့တဲ့အပတ်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနေရာမှာ စစ် ဘက်ကလူတွေကို
အရပ်ဘက် အုပ်ချုပ်ရေးထဲ ထည့်တဲ့အစဉ်အလာ ဘယ်လို ဖြစ်ပေါ်လာသလဲနဲ့ စစ်ဘက်က
လူတွေကို အရပ်ဘက် အုပ်ချုပ်ရေးထဲ ဘာကြောင့် တာဝန်ပေးရတာလဲဆိုတဲ့
အချက်တွေကို ကျွန်တော် ဆွေးနွေးသွားပါမယ်။
စစ်ဘက်က လူတွေကို အရပ်ဘက် ပြောင်းပေးတဲ့ အစဉ်အလာက ၁၉၆၂
နောက်ပိုင်း
စစ်အစိုးရ အာဏာသိမ်းပြီးတဲ့ နောက်မှ ဖြစ်ပေါ်လာတာပါ။ လွတ်လပ်ပြီးကာစ ပါလီမန်
ဒီမိုကရေစီခေတ်မှာတော့
အင်္ဂလိပ်အစိုးရဆီက အမွေဆက်ခံခဲ့တဲ့ ဗျူရိုကရေစီစနစ်ကို
အနည်းငယ် ပြုပြင်ပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။
ကိုလိုနီအစိုးရဲ့ အုပ်ချုပ်ရေးယန္တရား ဆိုပေမယ့်
အုပ်ချုပ်ပုံအဆင့်ဆင့်ဟာ ရိုးရှင်းကျစ်လစ်ပြီး
အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ သင်ကြား
ထားတဲ့ အုပ်ချုပ်ရေးသမား (ဗျူရိုကရက်)တွေနဲ့
လည်ပတ်နေတဲ့ ထက်မြက်ထိရောက်တဲ့
အုပ်ချုပ်ရေးစနစ် ဖြစ်ပါတယ်။ Indian Civil
Service(ICS) သို့ Burma Civil Service(BCS)
လို့ခေါ်တဲ့ ပဋိညာဉ်ခံဝန်ထမ်းတွေဟာ အုပ်ချုပ်ရေးယန္တရားကို
အဓိက မောင်းနှင်ပေးတဲ့
ယာဉ်မောင်းတွေ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးသမား(ဗျူရိုကရက်)တွေ
ဖြစ်ပါတယ်။
အင်္ဂလိပ်ခေတ်ကတော့ ICSရာထူးအတွက် သတ်မှတ်ထားတဲ့ ၀င်ခွင့်အမှတ်
ပြည့်မှီတဲ့
တက္ကသိုလ်ဝိဇ္ဇာသိပ္ပံဘွဲ့ရတွေ ၀င် ခွင့်စာမေးပွဲ ၀င်ဖြေလို့ ရပါတယ်။ ၀င်ခွင့်စာမေးပွဲမှာ
မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနဲ့ အင်္ဂလိပ်ရာဇ၀င်၊ အိန္ဒိ ယရာဇ၀င်၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးသီအိုရီနဲ့
နိုင်ငံရေးသိပ္ပံပညာရပ်တွေနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို
ရေးဖြေလဲ ဖြေရပါတယ်။
နှုတ်ဖြေလဲ အစစ်ခံရပါတယ်။ ၀င်ခွင့်အောင်တဲ့ သူတွေက
အောက်စဖို့ဒ်နဲ့
ကမ်းဘရစ်တက္ကသိုလ်တွေက ကောလိပ်တစ်ခုအောက်မှာ ရာဇ၀င်ပညာ၊ ဥပဒေပညာ၊
မြင်းစီးအတတ်စတာတွေကို သင်ယူရပါတယ်။ ဗမာနိုင်ငံကို ပြန်ရောက်တဲ့အခါ
သူတို့တွေဟာ
အုပ်ချုပ်ရေးစနစ်ရဲ့ မြို့နယ်အဆင့်မှာ အလုပ်သင်အဖြစ် အရင်ရှိပြီးသား
အုပ်ချုပ်ရေးအရာရှိတွေနဲ့ အတူတွဲလုပ်ရင်း သင်ယူရပါတယ်။ ဒီနည်းနဲ့ပဲ အောက်ခြေကနေ
အထက်ကို လုပ်သက်အလိုက် ရာထူးတိုးသွားတာပါ။
အုပ်ချုပ်ရေးယန္တရားကိုလဲ
ကြည့်မယ်ဆိုရင် ဒေသန္တရအုပ်ချုပ်ရေးကို ကြပ်ကြပ်မတ်မတ်
ဆောင်ရွက်ထားတာ တွေ့နိုင်ပါ
တယ်။ အောက်ခြေအဆင့် ရွာလူကြီးကနေ မြို့ပိုင်၊
အရေးပိုင်၊ ခရိုင်ဝန်ဆိုပြီးတော့
အဆင့်ဆင့် ရှိပါတယ်။ ခရိုင်ဝန်က ဒေသန္တရအုပ်ချုပ်ရေးမှာ အဆင့်မြင့်ဆုံးအရာရှိ
ဖြစ်ပါတယ်။ မြို့ပိုင်အဆင့်ကနေ ခရိုင်ဝန်အထိ တာဝန်ဆောင်ရွက်
နေသူတွေဟာ
မိုးကျရွှေကိုယ် အုပ်ချုပ်ရေးသမားတွေ မဟုတ်ပါဘူး။ အထက်က ဆိုတဲ့အတိုင်း
အထွေထွေ
အုပ်ချုပ်ရေးအတတ် ပညာရပ်တွေ သင်ကြားထားပြီး လုပ်သက်ရင့်တဲ့ အုပ်ချုပ်ရေး
သမားတွေက
တာဝန်ယူထားတာ ဖြစ်ပါတယ်။
ဝန်ကြီးဌာနတွေမှာဆိုရင်လဲ
အဓိက အုပ်ချုပ်ရေးကို တာဝန်ယူဆောင်ရွက်ရတာက အတွင်းဝန်တွေ
ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲနိုင်လို့ ပါလီမန်အမတ်တွေ ဖြစ်လာမယ်။
ပါလီမန်မှာ
အင်အားအကြီးဆုံး ပါတီက အစိုးရဖွဲ့တဲ့အခါ နိုင်ငံရေးသမားတွေက ၀န်ကြီးတွေ
ဖြစ်လာပါတယ်။ နိုင်ငံရေးသမားဖြစ်တဲ့ ၀န်ကြီးတွေက မူဝါဒပိုင်းဆိုင်ရာလောက်ပဲ
တာဝန်ယူ ညွှန်ကြားရတာ ဖြစ်ပါတယ်။ ကျန်တဲ့အသေးစိတ် အုပ်ချုပ်ရေးဆိုင်ရာ
ကိစ္စရပ်တွေကိုတော့
ဝန်ကြီးဌာနတစ်ခုချင်းအောက်က အတွင်းဝန်တွေကပဲ တာဝန်ယူဆောင်ရွက်ရပါတယ်။
ရာထူးခန့် ထားရေးမှာ နိုင်ငံရေးသမားတွေက ကိုယ့်လူကို ခန့်တာမျိုး လုပ်မှာစိုးလို့
၁၉၄၇အခြေခံဥပဒေအရ
Union Public Service Commissionကို တာဝန်ပေးထားပါတယ်။
အထက်က
အုပ်ချုပ်ရေးစနစ်မှာ အဓိကအကျဆုံး နေရာတွေကတော့ ဒေသန္တရအုပ်ချုပ်ရေးမှာဆို
ခရိုင်ဝန်နေရာ
ဖြစ်ပြီး ၀န်ကြီးဌာနတွေမှာဆိုရင် အတွင်းဝန်နေရာဖြစ်တာကို တွေ့နိုင်ပါတယ်။
အာဏာသိမ်း စစ်အစိုးရလက်ထက်မှာတော့ စနစ်သစ် အုပ်ချုပ်ရေးဆိုပြီးတော့
အုပ်ချုပ်ရေးယန္တရား
အပြောင်းအလဲ လုပ်တဲ့အခါမှာ ခရိုင်ဝန်နေရာကို ဖျက်ပစ်လိုက်ပါတယ်။ အဲဒီအစား တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်လိုက် ဖွဲ့စည်းထားတဲ့
လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီဆိုပြီးတော့
အသစ်ဖွဲ့လိုက်ပါတယ်။
တိုင်းလုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီမှာ စစ်တိုင်းမှူးတွေကို ဥက္ကဌ
ခန့်ပါတယ်။
ခရိုင်အ ဆင့်လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကော်မတီတွေမှာ နယ်မြေတပ်ရင်းရဲ့ တပ်ရင်းမှူးကို
ဥက္ကဌ ခန့်ပါတယ်။ မြို့နယ်လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီမှာတော့
ဗိုလ်ကြီးအဆင့်ရှိသူကို
ဥက္ကဌ ခန့်ပါတယ်။
ဝန်ကြီးဌာနတွေမှာလဲ
အတွင်းဝန်ရာထူးကို ဖျက်သိမ်းလိုက်ပါတယ်။ အတွင်းဝန်နေရာကို
ဒု-၀န်ကြီးနေရာအဖြစ်
အမည် ပြောင်းလိုက်ပါတယ်။ အဲဒီ ဒု-၀န်ကြီးနေရာတွေကို တပ်မတော်က
စစ်တိုင်းမှူးတာဝန်
ထမ်းဆောင်ပြီးသူတွေကို ခန့်အပ်ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် အရပ်ဘက်
အုပ်ချုပ်ရေးအတတ်ပညာ နားမလည်သူ၊ အတွေ့အကြုံမရှိသူတွေက အရပ်ဘက်အုပ်ချုပ်ရေးရဲ့
ထိပ်ဆုံးနေရာတွေမှာ ယူထားတာကို တွေ့ရပါလိမ့်မယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေ
အုပ်ချုပ်တော့လဲ အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲ သိပ်မထူးခြားပါဘူး။ ဒီအတိုင်းနီးပါး
အုပ်ချုပ်သွားတာကို တွေ့ရပါတယ်။
ဒီနေရာမှာ
စဉ်းစားသင့်တာက စစ်သားတွေကို အရပ်ဘက်ထဲ ဘာကြောင့် ထည့်ချင်ရတာလဲ
ဆိုတာပါ။
တိုတိုပြောရရင်တော့ အာဏာရှင် တည်မြဲရေးအတွက်ပါ။ အာဏာရှင်တစ်ယောက်
လောက်ကပဲ
ဒါမှမဟုတ် မိသားစုတစ်ခုလောက်ကပဲ အကျိုးအမြတ်တွေ စံစားနေရရင် အာဏာရှင်ကို
ထောက်ကန်ပေးထားတဲ့ စစ်တပ်ထဲမှာ မကျေနပ်မှုတွေ ပေါ်ပေါက်လာ နိုင်ပါတယ်။ နောက်တစ်ခုက
စစ်အရာရှိတစ်စုကပဲ တပ်ရဲ့ထိပ်ဆုံးနေရာတွေမှာ ထာဝရနီးပါး နေရာယူထားရင် နောက်တက်
လာမယ့် မျိုးဆက်သစ် စစ်သားတွေအတွက် ရာထူးတိုးတက်ဖို့
မျှော်လင့်ချက်မဲ့လာနိုင်ပါတယ်။
အဲဒီအခါလဲ မကျေနပ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီလိုဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို တစ်ချက်ခုတ် သုံးချက်ပြတ်
ဖြေရှင်းပေးနိုင်ဖို့ တပ်သားတွေကို အရပ်ဘက် ပို့ပေးရတာ ဖြစ်ပါတယ်။
ဒီတော့
စစ်တိုင်းမှူးတာဝန်ယူထားသူတွေက တာဝန်ထမ်းဆောင်ပြီးရင် ၀န်ကြီး၊ ဒု-၀န်ကြီးတွေ
ဖြစ်လာနိုင်တယ်။ တစ်ချို့ တွေက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တွေ
ဖြစ်လာနိုင်တယ်။
လစ်လပ်သွားတဲ့ သူတို့တွေရဲ့ ရာထူးနေရာတွေကို နောက်မျိုးဆက်
တပ်သားထဲက ရာထူးရယူနိုင်ခွင့်
ရှိသွားမယ်။ ဒီတော့ အာဏာရှင်စနစ်ရဲ့ စနစ်တကျ
အကျိုးအမြတ်ခွဲဝေပေးမှုကြောင့် စစ်တပ်တွင်းမှာလဲ
အာဏာရှင်ကို ပုန်ကန်ချင်သူ
နည်းသွားပါတယ်။ အာဏာရှင်တည်မြဲရေးက သူတို့ရဲ့ အကျိုးအမြတ်တွေနဲ့
တိုက်ရိုက်ချိတ်ဆက်နေတော့ အာဏာရှင်ကိုပဲ ဆက်လက်ကာကွယ်ပေးထားမှာပါ။ လိုရင်းပြော
ရရင်တော့ အာဏာရှင်စနစ် မပြိုသရွေ့ စစ်ဗျူရိုကရေစီကို မဖြိုနိုင်သလို
စစ်ဗျူရိုကရေစီကို မဖြိုသရွေ့
အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာ ဖြစ်ပါကြောင်း၊
ဖဲကြိုးနက်တွေကတော့ စစ်ဗျူရိုကရေစီရဲ့
အစိတ်အပိုင်းတစ်ခုကို ပထမဆုံး စတင် စိန်ခေါ်လိုက်ပြီဖြစ်ပါကြောင်း။ ။
References
၁။ Strong Soldiers and Failed Revolution
By Yoshihiro Nakanishi
၂။ ကျွန်တော် အိုင်စီအက်စ် (ဦးချမ်းသာ)
No comments:
Post a Comment