Monday, August 10, 2015

လူကြီးအဆင့်မှာ လေ့လာခြင်း




Written by ဆွေသက်ဇော်

လူကြီး(adult) ဆိုတာဘာလဲ။ အသက်ကြီးတိုင်း လူကြီးဖြစ်ရောလား။ အသက်ဆိုရင်လည်း 
နှစ်မျိုးရှိပြန်တယ်။ မွေးသက္က ရာဇ်အရ တွက်ယူထားတဲ့ ဇီဝဆိုင်ရာပညတ်အသက်(chronological 
age) နဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုအသက် (mental age) ဆိုပြီး ဆိုက်ခေါ့လဂျီ မှာခွဲခြား
ထားတယ်။ အဲဒီတော့ ဘယ်အသက်နဲ့ ဆုံးဖြတ်မှာလဲ။ 

လူကြီးဖြစ်ခြင်းကို ဖွင့်ဆိုချက်တွေထဲက အဓိကကျတဲ့ လေးမျိုးလောက်ကိုပဲ ရေးပါမယ်။ ဇီဝဗေဒ 
ရှုထောင့်အရဆိုရင် လူတစ်ယောက်ဟာ မျိုးဆက်ပြန့်ပွားအောင် စွမ်းဆောင်နိုင်တဲ့ အရွယ်ရောက်ရင် လူကြီးဖြစ်ပြီ ပြောလို့ရတယ်။ ဥပဒေရှုထောင့်အရဆိုရင် ဥပဒေကပြဌာန်းထားတဲ့ မဲပေးနိုင်တဲ့အရွယ်၊ 
အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်မလိုဘဲ လက်ထပ်နိုင်တဲ့အရွယ် ရောက်ရင် လူကြီးဖြစ်ပြီလို့ ဆိုပါတယ်။ 
လူမှုရေးရှုထောင့်က ဆိုရင်တော့ လူမှုဝန်းကျင်မှာ လူကြီးတစ်ယောက်လိုမျိုး ပါဝင်ဆောင်ရွက်လို့ရရင် လူကြီးဖြစ်ပြီပြောလို့ရတယ်။ ဥပမာ အချိန်ပြည့် အလုပ်သမား တစ်ယောက်အဖြစ် အလုပ်လုပ်နိုင်တာ 
မျိုး။ စိတ်ပညာ ရှုထောင့်အရဆိုရင်တော့ ကိုယ့်ဘ၀ကို ကိုယ်ကိုတိုင် ဆုံးဖြတ်နိုင်စွမ်းရှိပြီး တာဝန်ယူနိုင်
မှုရှိရင် ကိုယ့်ဘ၀ကို ကိုယ်တိုင်ဦးဆောင်နိုင်စွမ်း ရှိရင် လူကြီးဖြစ်ပြီလို့ ဆိုပါတယ်။ ပြောရရင် 
“mental age” ကိုဦးစားပေးပါတယ်။

အခုကျွန်တော် ဆွေးနွေးမယ့် ပညာလေ့လာခြင်းကိစ္စမှာတော့ စိတ်ပညာရှုထောင့်အရ လူကြီးဖြစ်ခြင်း
ကို ဆိုလိုပါတယ်။ လူကြီးအဆင့်မှာ လေ့လာသင်ယူခြင်းဆိုင်ရာ သီးအရီကိုတော့ “Andragogy” လို့
ခေါ်ပါတယ်။ သီးအရီတစ်ခုကို ပုံပေါ် လာအောင် ရှင်းပြလို့ရအောင် “ပုံစံ” (model) ထုတ်ပေးရပါတယ်။ 
“Andragogical Model” အကြောင်းကို အခြေခံလောက် ဆွေးနွေးကြည့်ပါမယ်။

လူကြီးတစ်ယောက်ဖြစ်ဖို့ အတွက်ဆိုရင် ရင့်ကျက်မှု (maturity) ရှိရပါမယ်။ ရင့်ကျက်မှုရှိခြင်းရဲ့ 
အဓိကလက္ခဏာကတော့ မှီခိုခြင်းကနေ ကိုယ်ကိုတိုင်ဦးဆောင်နိုင်စွမ်းရှိခြင်းဆီ ပြောင်းလဲ 
တိုးတက်လာခြင်းပဲ။ ပိုပိုပြီး ရင့်ကျက်လာတဲ့ လူကြီးတစ်ယောက်ဟာ တစ်စုံတစ်ခုကို လေ့လာ
တော့မယ်ဆိုရင် “ငါ ဒီဟာကိုဘာ့ကြောင့် လေ့လာဖို့လိုအပ်တာလဲ (the need to know)၊ လေ့
လာလိုက်ရင် ဘယ်လိုအကျိုးကျေးဇူးရမလဲ၊ မလေ့လာရင် ဘာတွေဖြစ်လာမလဲ” စသဖြင့် သူ့လက် 
တွေ့ဘ၀နဲ့ ချိတ်ဆက်စဉ်းစားလေ့ရှိတယ်။(Tough,1979)။ အဲဒီအတွက် လေ့လာသူလူကြီးတွေဟာ သူတို့လေ့လာခြင်း ဖြစ်စဉ်တစ်ခုလုံးကို စီစဉ်ရေးဆွဲရာ၊ ဆုံးဖြတ်ချက်ချမှတ်ရာ၊ အကောင်အထည်ဖော်
ရာမှာ ပူးပေါင်းပါဝင်ရမယ် (Collaborative Planning Process)။ ပညာရေးဥပဒေ ရေးဆွဲရာအထိ 
ပါဝင်ခွင့်ရှိရမယ်။ အဲဒီလိုပါဝင်ခွင့်ရတဲ့အတွက် လေ့လာသူအနေနဲ့ “ငါဟာ သူများ ပြဌာန်းထားတာကို ဘာမှန်းမသိလိုက်လုပ်ပေးနေရသူ မဟုတ်ဘဲ လွတ်လပ်စွာ လေ့လာသူ (independent learner) 
ဖြစ်ပါလား” ဆိုတဲ့ “self-concept” ဖွံ့ဖြိုးလာတော့တယ်။

လေ့လာသူတွေမှာ “the need to know” ကိုပိုသိလာဖို့၊ လွတ်လပ်တဲ့လေ့လာသူတစ်ယောက် 
အဖြစ်မိမိကိုယ်ကို ရှုမြင်တဲ့ (self-concept) ပိုပြီးဖွံ့ဖြိုးလာဖို့ “facilitator” လို့ခေါ်တဲ့ ပံ့ပိုးကူညီသူရဲ့ 
အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ လူကြီးအဆင့်မှာတော့ ဆရာဟာ “teacher” ဆိုတဲ့ သင်ကြားပေးသူအခန်းကဏ္ဍကနေ ပံ့ပိုးကူညီသူ “facilitator” အဖြစ် ပြောင်းရပါမယ်။ အဲဒီလို 
“self-concept” ဖွံ့ဖြိုးရေးမှာ အသေးအမွှားလို့ ထင်ရတဲ့ ကိစ္စလေးတွေကလည်း ကြီးမားတဲ့ 
အဟန့်အတားကို ဖြစ်စေပါတယ်။ တက္ကသိုလ် ကျောင်းသားတစ်ယောက်ကို ဆရာက “သား သား” 
နဲ့ခေါ်တာမျိုး၊ ဆရာ ၀င်လာတာနဲ့ မတ်တပ်ရပ် လက်ပိုက်ခိုင်းတာမျိုး။ အဲဒီလို မှီခိုခြင်းအားပေးတဲ့ 
အပြုအမူနဲ့ ရင့်ကျက်မှုကြားမှာ စိတ်တွင်းပဋိ ပက္ခ (internal conflict) ဖြစ်လာတယ်။ facilitatorဟာ 
လေ့လာသူတစ်ဦးချင်းစီရဲ့ စိတ်သဘာဝကွာခြားပုံကို သိအောင် အားထုတ်ရပါမယ်။ စိတ်ပညာရှင် 
“Rotter” ရဲ့သုတေသနအရဆိုရင် တချို့လူတွေကပြင်ပက လွှမ်းမိုးထိန်းချုပ်ခြင်းကို တိမ်းညွှတ်တယ် 
(External Locus of Control)။ တချို့က ပြင်ပက ဘယ်လိုဖိအားပေး လွှမ်းမိုးပေမယ့် ကိုယ့်အတွင်းစိတ် 
ရဲ့ သြဇာကိုပဲ နာခံတယ် (Internal Locus of Control)။ ဘယ်လိုပဲဖြစ်ဖြစ်  “Facilitator” အနေနဲ့
ကတော့ လေ့လာသူတစ်ဦးချင်းစီမှာ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်း (Personal Autonomy) 
ဖွံ့ဖြိုးလာအောင် အတတ်နိုင်ဆုံး ကူညီ ပေးရမယ်။ အဲဒီလို ဖွံ့ဖြိုးလာမှသာ လေ့လာသူအနေနဲ့ 
ကိုယ်တိုင်ဦးဆောင်လေ့လာခြင်း (self-directed learning) ကိုဆောင်ရွက်နိုင်မယ်။

လူကြီးတစ်ယောက်ဖြစ်ခြင်းနဲ့အတူ တစ်သားတည်း တွဲပါလာတာကတော့ အတွေ့အကြုံပဲ။ 
လူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ပစ်ပယ်ပြီး ပညာပေးမယ်ဆိုရင်တော့ လူကြီးအဆင့်မှာ 
အဆင်မပြေတော့ပါဘူး။ မတူညီတဲ့ယဉ်ကျေးမှုနဲ့ ဘာသာရေးနောက်ခံ မတူညီတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ 
အကြောင်းတရားတွေ၊ မတူညီတဲ့ မျိုးရိုးဗီဇတွေနဲ့ နှစ်ပေါင်း ကြာရှည် ထိတွေ့လာတဲ့ လူကြီးအဆင့်မှာ 
ပုဂ္ဂိုလ်တစ်ဦးချင်း ကွာခြားချက်တွေက ပိုမိုများပြားလာတယ်။ အဲဒီအတွက် အကြောင်းအရာတစ်ခု ကို လေ့လာတဲ့ နေရာမှာကိုပဲ မျှော်မှန်းချက်တွေ၊ ချဉ်းကပ်ပုံတွေဟာ အမျိုးမျိုး ကွဲပြားသွားတော့တယ်။ 
ဒါ့ကြောင့် “Facilitator” အနေနဲ့ “Individuality” ကိုအထူးအာရုံစိုက်ဖို့ လိုလာပါတယ်။ မြန်မာပြည်မှာက 
ကျောင်းသားက သုံးရာ၊ ဆရာက တစ်ယောက် ဆိုတော့ “Individuality” ကိုအာရုံစိုက်ဖို့ မဖြစ်နိုင်သလောက်ပဲ။ ကျောင်းသားငါးယောက် ဆရာ တစ်ယောက် ဆိုရင်တော့ အင်မတန်ကောင်းတဲ့ 
အခြေအနေပေါ့။

လေ့လာသူရဲ့အတွေ့အကြုံကို တန်ဖိုးထားရမယ် ဆိုပေမယ့် ရှိနှင့်ပြီးသား အတွေ့အကြုံတိုင်း ကတော့ လေ့လာခြင်းကို ကောင်းကျိုး မပေးပါဘူး။ မမွေးဖွားမီ အချိန်ကစလို့ လေ့လာရင်း အတွေ့
အကြုံတွေ စုဆောင်းမိလာတဲ့အခါ၊ မှတ်ဥာဏ်ထဲမှာ သိမ်းဆည်းမိလာတဲ့အခါမှာ လူတစ်ဦးချင်းစီရဲ့ 
စိတ်အတွင်းဝယ် အသိတရားဆိုင်ရာ အဆောက်အအုံ (mental schema) တွေကို အခိုင်အမာ 
တည်ဆောက်သွားတယ်။ အဘိဓမ္မာနဲ့နီးစပ်တဲ့ လူတစ်ယောက်ဟာ “ခံစားချက်ဆိုတာ နှလုံးသားက 
လာတယ်” ဆိုတဲ့ “schema” ရှိနှင့်ထားတယ်။ “Neuroscience” ကဦးနှောက်က အဓိကဦးဆောင်ပါတယ် 
ကွာ လို့ပြောလာရင် သူ့ရဲ့ရှိနှင့်ပြီးသား “schema” ကလက်မခံနိုင်တော့ဘူး။ ရှိနှင့်ပြီးသား အတွေ့
အကြုံတွေ၊ တည်ရှိပြီးသား တန်ဖိုးထားမှုတွေကိုပဲ ဖက်တွယ်ထားပြီး အသစ်အသစ်သော လေ့လာ
မှုတွေကိုလည်း အရင်ရှိနှင့်ပြီးသား “schema” အတိုင်း တုံ့ပြန်လေ့လာတာကို Chris Argyris(1982) 
နဲ့ Donald Schon(1987) တို့ကတော့ “Single- loop Learning” လို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ 
သူတို့ကပဲ “Double-loop Learning” ဆိုတာကို ပြောပြပါသေးတယ်။ အရင်ရှိနှင့်ပြီးသား “schema” ကိုတရားသေဖက်တွယ်ထားတာ မဟုတ်ဘဲ လိုအပ်ရင်လိုအပ်သလို “အခြေခံကျကျ” ပြောင်းလဲပြီး 
“schema” အသစ်ဖန်တီးတာမျိုးကို ပြောတာပါ။ ကမ္ဘာကြီးက ပြားတယ်၊ နေက ကမ္ဘာကို လှည့်ပတ်
နေတယ် ဆိုတဲ့ “schema” ရှိခဲ့ရင် ကမ္ဘာကြီးကလုံးတယ်၊ ကမ္ဘာက နေကို လှည့်ပတ် နေတယ်ဆိုပြီး 
“schema” အသစ် ဖန်တီးယူရတယ်။ နှစ်ပေါင်းများစွာ အုတ်မြစ်ခိုင်မာလာတဲ့ “schema” တွေကို 
အသစ်ဖန်တီးဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ တရားသေ၀ါဒသမား လေးတွေ မဖြစ်ဖို့ 
“Facilitator” က လေ့လာသူရဲ့စိတ်ကို ဖွင့်ပေးဖို့ ကြိုးစားရပါမယ်။ ဇွတ်အတင်း သွတ်သွင်းတာမျိုး 
မဟုတ်ဘဲ သူ့ဘာသာသူ “open-mindedness” ဖြစ်လာအောင် ပံ့ပိုးကူညီတာပဲ ဖြစ်ရမှာပါ။ လူကြီး
တစ်ယောက်ဟာ သူ့ရဲ့“Self-identity” ကို သူ့အတွေ့အကြုံတွေ၊ schemaတွေနဲ့ သတ်မှတ်
လာပါတယ်။ ဒါ့ကြောင့် “Facilitator” က လေ့လာသူရဲ့ ရှိနှင့်ပြီးသား အတွေ့အကြုံနဲ့ schema 
တွေကို အသိအမှတ် မပြုလိုက်ခြင်းဟာ သူ့ရဲ့အတွေ့အကြုံကို သာမက လူသားတစ်ယောက် အဖြစ်ကနေပါ ငြင်းပယ်ခံလိုက်ရခြင်းပဲ။  
(နောက်အပတ် ဆက်မည်)     

No comments:

Post a Comment