Monday, August 10, 2015

ရှစ်လေးလုံး အမှတ်တရ သမိုင်းသုံးသပ်ချက်



Written by ဥာဏ်မျိုးအောင်

အတွေးအခေါ်တွေက အကောင်အထည် မရှိတဲ့ ဒြပ်မဲ့တွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် 
ဒြပ်မဲ့သဘောဆောင်တဲ့ ဒီအတွေး အခေါ်တွေကပဲ လူသားသမိုင်းကြီး တစ်ရပ်လုံးရဲ့ အပြောင်းအလဲတွေကို မောင်းနှင်ပေးနေတာ ဖြစ်ပါတယ်။ သမိုင်းဆိုတာ ဘာလဲလို့ 
မေးရင် သာမန်အားဖြင့် အတိတ်ကာလက ဖြစ်ရပ်တွေလို့ ဖြေကြပါလိမ့်မယ်။ ဒီလိုဆိုရင် 
ကျွန်တော်တို့တွေ နေ့ စဉ် သွားလာလှုပ်ရှားနေတာလဲ ဖြစ်ရပ်တွေပဲ၊ ဒါတွေကျ 
ဘာလို့ သမိုင်းမဖြစ်လဲလို့ မေးစရာရှိပါတယ်။ ဒီတော့ ဖြစ်ရပ်တစ်ခုဟာ သမိုင်း
ဝင်တယ်၊ မ၀င်ဘူးဆိုတာ ဘယ်လိုစံနဲ့ တိုင်းမလဲလို့ စဉ်းစားရပါတော့မယ်။ ကျွန်တော် 
လက်ခံတဲ့ အဓိကစံနှုန်းကတော့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားရခြင်းရဲ့ အကြောင်းတရား၊ ဖြစ်ရပ်ကို 
စေ့ဆော်နေတဲ့ အတွေးအခေါ်ပေါ်မှာ မူတည်ပြီး တော့ပဲ ဖြစ်ရပ်တစ်ခုကို သမိုင်းအဖြစ် 
မှတ်တမ်းတင်သင့်၊ မတင်သင့် အကဲဖြတ်ချင်ပါတယ်။ 

သမိုင်းကနေ သင်ခန်းစာ ယူတယ်ဆိုတာလဲ ဒီသဘောပါပဲ။ ဖြစ်ရပ်တွေ သက်သက်ကို 
ဖတ်ရှုမှတ်သားတာကို မဆိုလိုပါဘူး။ ဖြစ်ရပ်တွေရဲ့ အကြောင်းတရားနဲ့ သမိုင်းနောက်ခံ အတွေးအခေါ်ကို လေ့လာတာပဲ ဖြစ်ပါတယ်။ ဗမာနိုင်ငံရဲ့ အကြီးမားဆုံး သမိုင်းဖြစ်ရပ်
တွေထဲက သမိုင်းဖြစ်ရပ်ကြီး တစ်ခုကတော့ ရှစ်ဆယ့်ရှစ် အရေးတော်ပုံ သမိုင်းပါ။ ဒီသမိုင်းဖြစ်ရပ်ရဲ့ နောက်ခံအတွေးအခေါ်ကို ကြောက်ရွံ့တဲ့ စစ်အာဏာရှင်တွေကတော့ 
ဒီဖြစ်ရပ်ကို “လူထုအုံကြွမှု”ဆိုတဲ့ တံဆိပ်တပ်ပြီး သမိုင်းဖြစ်ရပ်ကနေ သာမန်ဖြစ်ရပ်တစ်ခု
အဆင့်ကို လျော့ချဖို့ ကြိုးစားခဲ့ကြပါတယ်။ 

ရှစ်ဆယ့်ရှစ် အရေးတော်ပုံဟာ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းအစိုးရကို ဆန့်ကျင်ပြီး ဒီမို
ကရေစီစနစ်ကို ထူထောင်ဖို့ ကြိုး ပမ်းခဲ့တဲ့ သမိုင်းဖြစ်ရပ်ကြီးတစ်ခုပါ။ ဒီအရေးတော်ပုံ မတိုင်မီ 
ဘုရင်စနစ်၊ စစ်အာဏာရှင်စနစ်၊ ကွန်မြူနစ်အာဏာရှင်စနစ်တွေကို တော်လှန်ပြီး ဒီမိုကရေ
စီစနစ် ပြောင်းလဲရေး ကြိုးပမ်းတဲ့ တော်လှန်ရေးတွေ လက်တင်အမေရိက၊ အရှေ့ဥရောပနဲ့ အရှေ့အာရှဘက်က နိုင်ငံတစ်ချို့မှာ ပေါ်ပေါက်နေပါပြီ။ ဒီဖြစ်ရပ်တွေကို မောင်းနှင်ပေးနေတာက 
လူတစ်ဦးတစ်ယောက်ကပဲ ဘုရားသခင်ပေး အာဏာ(Divine Right)အရ လူထုတစ်ရပ်လုံးကို 
အုပ်ချုပ်ခွင့်ရှိတယ်ဆိုတာမျိုး၊ လူတစ်စုကပဲ နိုင်ငံ တော်ကို စိတ်ကြိုက်ကြီးစိုးနိုင်တယ် ဆိုတာမျိုး၊ 
ပါတီတစ်ခုကပဲ လူထုရဲ့ကိစ္စအ၀၀ကို ဆုံးဖြတ်ချက် ချမှတ်ပေးပြီး စီမံခိုင်း စေနိုင်တယ်ဆိုတာမျိုး 
အယူအဆတွေကို ဆန့်ကျင်ပြီး ပေါ်ထွက်လာတဲ့ အတွေးအခေါ် တော်လှန်ရေးတွေပါ။ 

ဒီတော်လှန်ရေးတွေနဲ့အတူ ဒွန်တွဲပါလာတဲ့ အတွေးအခေါ်ကတော့ လူသားတစ်ယောက်ဟာ 
သူ့ဘ၀အတွက် သူသာလျှင် ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေ ချပိုင်ခွင့်ရှိတယ်ဆိုတဲ့ ပုဂ္ဂလ
လွတ်လပ်မှု (Individual Freedom)ဆိုတဲ့ အယူအဆမျိုး၊ ပုံမှန်ရွေးကောက်ပွဲတွေကနေ လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကသာ တရားဝင်အုပ်ချုပ်ခွင့် အာဏာ 
(Legitimacy) ရှိတယ်ဆိုတဲ့ အယူအဆမျိုးတွေ ပါပဲ။ ဗမာနိုင်ငံရဲ့ လူထုတစ်ရပ်လုံးကလဲ 
စစ်အာဏာရှင်အစိုးရရဲ့ အုပ်ချုပ် မှုအာဏာဟာ တရားမ၀င်ကြောင်း ရှစ်ဆယ့်ရှစ် အရေး
တော်ပုံမှာ စိန်ခေါ်လိုက်ပါတယ်။ 

ဒီလို တရားမ၀င်မှုကို စိန်ခေါ်ရာမှာ ပုံစံနှစ်မျိုးပေါ်ထွက်လာပါတယ်။ တစ်ခုကတော့ ဦးအောင်ကြီး၊ 
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးတို့ပါတဲ့ အဖွဲ့ရဲ့ ကြားဖြတ်အစိုးရ တောင်းဆိုရေးမူပါ။ နောက်
တစ်ခုကတော့ ပါလီမန်ခေတ် ၀န်ကြီးချုပ်ဟောင်း ဦးနုပါတဲ့ အဖွဲ့ရဲ့ စင်ပြိုင်အစိုးရမူပါ။ စကားလုံး
အားဖြင့် ကွဲပြားနေပေမယ့် အနှစ်သာရကတော့ အုပ်ချုပ်ရေးအာဏာကို တရားမ၀င်အစိုးရ ဆီကနေ လွှဲပြောင်းယူဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် “အောင်၊ စု၊ တင်”အဖွဲ့က ဦးနုရဲ့ စင်ပြိုင်အစိုးရ ဖွဲ့ပြီး 
တိုက်မယ့်မူကို ငြင်းဆိုပြီး ကြားဖြတ်အစိုးရဖွဲ့ပေးဖို့ပဲ ဒေါက်တာမောင်မောင်အစိုးရဆီက ဆက်
လက်တောင်းဆိုခဲ့ပါတယ်။ သမ္မတ ဒေါက်တာမောင်မောင်က ကြားဖြတ်အစိုးရ ဖွဲ့ပေးဖို့ 
သဘောမတူပဲ သုံးလအတွင်း ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတာကိုပဲ ထုတ်ပြန်ခဲ့ပါတယ်။ 
 
ဒီနေရာမှာ သမိုင်းကို ပြန်သုံးသပ် ကြည့်ချင်ပါတယ်။ အစိုးရတစ်ရပ်ရဲ့ တရားမ၀င်မှုကို ဆန့်ကျင်
တာနဲ့ မူဝါဒတစ်ခုကို ဆန့်ကျင်တာကို ပိုင်းခြားစဉ်းစားချင်ပါတယ်။ လူထုကို ကိုယ်စားပြုမှု တာဝန်ခံ
မှုရှိတဲ့ လွှတ်တော်တွေ ရှိတဲ့ ဒီမိုကရေစီစနစ်မှာတော့ အစိုးရရဲ့ မူဝါဒတစ်ခု၊ ဥပဒေတစ်ခုကို လူထုက မကြိုက်ရင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်ပြီး အစိုးရကို ဖိအားပေးလို့ ရပါတယ်။ ဒီဆန္ဒဖော်ထုတ်ပွဲ
တွေက အစိုးရ ပြောင်းလဲရေး မဟုတ်ပါဘူး၊ လူထုက မနှစ်သက်တဲ့ မူဝါဒတစ်ခုကို ပြောင်းလဲလိုရုံ
သက်သက်ပါ။ ဒီနေရာမှာ မတူခြားနားတာက အစိုးရတစ်ရပ်ရဲ့ အုပ်ချုပ်မှုအာဏာ တစ်ခုလုံးရဲ့ 
တရားဝင်မှုကို စိန်ခေါ်တာပါ။ အစိုးရတစ်ရပ်ဟာ လူထုဆန္ဒ မပါဘဲ အုပ်ချုပ်နေလို့ တရားဝင် 
အုပ်ချုပ်ခွင့်အာဏာ မရှိဘူးလို့ စိန်ခေါ်တော့မယ်ဆိုရင်တော့ မူတစ်ခုသက်သက် ပြောင်းလဲရေး 
မဟုတ်တော့ပါဘူး၊ အစိုးရပြောင်းလဲရေး တစ်နည်းအားဖြင့် အစိုးရကို တော်လှန်ရေး 
သဘောဆောင်လာပါပြီ။

တော်လှန်ရေးဆိုတာ တည်ဆဲအစိုးရ ကျင့်သုံးနေတဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ (ဥပဒေပြု 
အုပ်ချုပ်ရေးအာဏာ)ကို လူထုလိုလားတဲ့ အဖွဲ့တစ်ဖွဲ့ဆီ လွှဲပြောင်းရယူဖို့ ကြိုးစားတာပါ။ ဒီအဖွဲ့ က တော်လှန်ရေးကာလအတွင်းမှာပဲ မြို့တစ် မြို့၊ ရပ်ကွက်တစ်ခုကို သိမ်းပိုက်နိုင်လာပြီး ယခင်
အစိုးရရဲ့ အုပ်ချုပ်ရေးကိစ္စတွေကို တာဝန်ယူနိုင်လာတာမျိုးတွေ ရှိပါတယ်။ ဒီအဆင့်မှာ ကျင့်သုံးနေတဲ့ 
တော်လှန်ရေးအင်အားစုရဲ့ အာဏာကို De facto(actual) Sovereigntyလို့ ခေါ်ပါတယ်။ တော်လှန်
ရေးအင်အားစုက တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးတော့ ယခင်အစိုးရရဲ့ အာဏာတစ်ရပ်လုံးကို 
ကျင့်သုံးနိုင်ပြီဆိုရင်တော့ De jure(legal) Sovereigntyကို ပိုင်ပြီလို့ ဆိုနိုင်ပါတယ်။ သေချာတာ
ကတော့ အချုပ်အခြာအာဏာတစ်ခုကို ယခင်အစိုးရဆီကနေ လွှဲပြောင်းယူဖို့၊ လက်တွေ့ကျင့်သုံးနိုင်
ဖို့ဆိုရင် အဖွဲ့တစ်ဖွဲ့(Determinate Body) လိုအပ်ပါတယ်။ 

ရှစ်ဆယ့်ရှစ် အရေးတော်ပုံကို ပြန်ကြည့်မယ်ဆိုရင် မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို 
သပိတ်ကော်မတီတွေက ရယူထားနိုင်နေပါပြီ။ လူထုကလဲ စစ်အာဏာရှင်အစိုးရရဲ့ အာဏာဟာ 
တရားမ၀င်ဘူးဆိုတာ လက်ခံနေပါပြီ။ ဒီလိုအချိန် မှာ ကိုယ်က တရားမ၀င်ဘူးလို့ လက်ခံထားတဲ့ 
အစိုးရဆီကနေ ကြားဖြတ်အစိုးရ ဖွဲ့ပေးဖို့ “အောင်၊ စု၊ တင်”အဖွဲ့က တောင်းခံနေခဲ့တာပါ။ 
တကယ်တော့ ကြားဖြတ်အစိုးရပဲခေါ်ခေါ် စင်ပြိုင်အစိုးရပဲဆိုဆို အနှစ်သာရကတော့ အတူတူပါပဲ။ 
ကိုယ်က တရားမ၀င်ဘူးလို့ ယူဆထားတဲ့ စစ်အာဏာရှင်အစိုးရဆီက အချုပ်အခြာ အာဏာကို 
လူထုက လက်ခံတဲ့ အဖွဲ့တစ်ဖွဲ့ဆီ လွှဲပြောင်းရယူ ကျင့်သုံးနိုင်ဖို့ပါပဲ။ ဒီလို ယူနိုင်ဖို့အတွက် တည်ဆဲအစိုးရက တော်လှန်ရေးအင်အားစုတွေ တောင်းဆိုတာကို မပေးရင် တော်လှန်ရေးအင်
အားစုတွေက ကိုယ်တိုင် ဖွဲ့စည်းရယူတာမျိုး လုပ်ရမှာပါ။ ဒါဟာ နောက်မျိုး ဆက်တွေဖြစ်တဲ့ 
ကျွန်တော်တို့တွေ မှတ်သားရမယ့် ရှစ်ဆယ့်ရှစ် အရေးတော်ပုံရဲ့ သမိုင်းသင်ခန်းစာ ဖြစ်ပါတယ်။ 

Ref-(1) Political Science By Raymond Garfield Gettell 
(2) The Spirit of Democracy By Larry Diamond 
(3) နွေတစ်ညမှ အစပြု (အောင်ဒင်)

No comments:

Post a Comment