Monday, August 24, 2015
လူကြီးအဆင့်မှာ လေ့လာခြင်း(၂)
Written by ဆွေသက်ဇော်
အရင်အပတ်က ဆောင်းပါးမှာ လူကြီးတစ်ယောက်ဟာ ကိုယ်လေ့လာမယ့်အရာကို ဘာ့ကြောင့် 
လေ့လာရသလဲလို့ သိဖို့ လိုအပ်ခြင်း(the need to know) အကြောင်းကို အကျဉ်းမျှ ဆွေးနွေး
ခဲ့ပြီးပါပြီ။ အဲဒီလိုသိမှာသာ လေ့လာဖို့ အတွက် အ ဆင်သင့်ဖြစ်မှု(Readiness to learn) ရှိပါတယ်။ 
လေ့လာသူမှာ “the need to know” ဖြစ်ပေါ်လာအောင် သူတို့ ကြုံတွေ့ ရတဲ့ “ဘ၀အခြေအနေ” 
(life situations) တွေက ဖန်တီးပေးပါတယ်။ ကိုယ်ကိုတိုင် အူမကြီးကင်ဆာ ဖြစ်နေတဲ့ 
ဆေးကျောင်းသား တစ်ယောက်ဟာ အူမကြီးကင်ဆာအကြောင်းကို အူမကြီးကင်ဆာ မဖြစ်တဲ့သူထက် 
ပိုသိချင်တယ်။ ဒါဟာ သူကြုံတွေ့ရတဲ့ ဘ၀အခြေအနေက “the need to know” ကိုဖန်တီးပေး
လိုက်ခြင်းပဲ။ ဒါ့ကြောင့် လေ့လာသူတစ်ဦး ချင်းစီ ဟာ ကိုယ်ကြုံတွေ့ရတဲ့ ဘ၀အခြေအနေကိုလိုက်ပြီး 
လေ့လာဖို့ အဆင်သင့်ဖြစ်မှု ကွာခြားသွားပါ တယ်။အဲဒီလို တစ်ဦးချင်း စီလိုက် အဆင်သင့်ဖြစ်မှု 
ကွာခြားသွားတာကို ပံ့ပိုးကူညီသူ(facilitator) က သိအောင် အားထုတ်ရပါမယ်။
လေ့လာဖို့အတွက်အဆင်သင့်ဖြစ်မှု ရှိအောင် လေ့လာသူဟာ “facilitator” ဆီက ပံ့ပိုးပေးမှု 
အဓိက လိုအပ်ချက် နှစ်ခုရှိပါ တယ်။ “direction” နဲ့ “support” ပါ။ “direction” ဆိုတာ ကတော့ လေ့လာသူဟာ လေ့လာခြင်း ဖြစ်စဉ်အတွင်းမှာ facilitator ရဲ့ အကူအညီကို လိုအပ်ခြင်းပဲ။ 
ဥပမာ ကိုယ်လေ့လာတဲ့ ဘာသာရပ်နဲ့ ဆိုင်တဲ့ ဘယ်စာအုပ်တွေကို ဘယ်လို ချဉ်းကပ် ဖတ်သင့်
တယ်ဆိုတဲ့ အကြံပေးမှု ရယူတာမျိုး။ ကိုယ်လေ့လာတဲ့ ဘာသာရပ်မှာ အရည်အသွေး ပြည့်ဝအောင် 
“facilitator” ရဲ့ အကူအညီကို ရယူခြင်းဖြင့် မှီခိုနေရခြင်းပဲ။ အရည်အသွေးပြည့်ဝမှု မြင့်မားလာတာနဲ့ 
မှီခိုမှု လျော့နည်းလာမယ်။ ကိုယ်လေ့လာနေတဲ့ ဘာသာရပ်ကိုလည်း လွတ်လပ်စွာ ကိုယ်တိုင်ဦးဆောင် 
လေ့လာနိုင်မယ်။ “support” ဆိုတာက တော့ (ဒီနေရာမှာ) လေ့လာသူက “facilitator” ဆီကနေ 
“စိတ်ခံစားမှုဆိုင်ရာ အားပေးကူညီမှု” လိုအပ်ခြင်းကို ဆိုလိုပါ တယ်။ လေ့လာသူတစ်ဦးချင်းစီဟာ 
လေ့လာခြင်းဖြစ်စဉ် အတွင်း “စိတ်ပြင်းပြစွာ နှစ်မြှုပ်ထားမှု” (commitment) ရှိတာ ခြင်းလည်း 
မတူကြပါဘူး။ ကိုယ့်ရဲ့လေ့လာနိုင်မှု စွမ်းရည်အပေါ် “စိတ်ချယုံကြည်မှု” (confidence) ရှိတာခြင်းလည်း 
မတူကြပါဘူး။ “commitment” ပြင်းပြတဲ့သူတွေ၊”confidence” မြင့်မားတဲ့သူတွေ အတွက်ကတော့ 
“facilitator” ရဲ့ “support” ကိုသိပ်မလိုအပ်လှပါဘူး။ “commitment” လည်းမပြင်းပြ၊ “confidence” လည်းသိပ်မရှိတဲ့ လေ့လာသူတွေကို  “facilitator” ကစိတ်ခံစားမှုဆိုင်ရာ အားပေးကူညီမှု ပေးဖို့ 
အင်မတန် လိုအပ်လှ ပါတယ်။ အဲဒီလို လေ့လာသူတစ်ဦးချင်း စီရဲ့ ဘ၀အခြေအနေတွေ၊ ပံ့ပိုးပေး
ဖို့အတွက် မတူညီတဲ့ လိုအပ်ချက်တွေကို “facilitator” က သိအောင် အားထုတ်ပြီး ဆောင်ရွက်ပါမှ  
လေ့လာသူတိုင်းမှာ အဆင်သင့်ဖြစ်မှု ရှိနေပါမယ်။(Pratt,1988)
အထက်မှာ ဆွေးနွေးခဲ့သလို လေ့လာသူကြုံတွေ့ရတဲ့ ဘ၀အခြေအနေတွေက လေ့လာဖို့ 
အဆင်သင့်ဖြစ်မှုကို လွှမ်းမိုး ထားပါတယ်။ ဒါ့ကြောင့်မို့ လူကြီးအဆင့်မှာ ဘာသာရပ်ဗဟိုပြု 
လေ့လာခြင်းထက် လက်တွေ့ဘ၀ကို ဗဟိုပြု ချဉ်း ကပ် လေ့လာတဲ့ “Life-Centered Orientation 
to Learning” က မယှဉ်သာအောင် အကျိုးများ ထိရောက်လှပါတယ်။ ဥပမာ တစ်ခု ပေးကြည့်
ပါမယ်။ မေးခိုင်ရောဂါပိုး အကြောင်း လေ့လာကြမယ်ဆိုပါစို့။ အစဉ်အလာ ဘာသာရပ် ဗဟိုပြု 
သင်ကြား နည်းမှာတော့ တစ်ခါမှ မတွေ့မြင်ဖူးတဲ့ မေးခိုင်ရောဂါပိုး အကြောင်းရေးထားတာတွေကို 
ဘာမှန်းမသိဘဲ ပျင်းရိငြိငွေ့ဖွယ် ဖတ်ရမယ်။ တကယ်လို့သာ လေ့လာသူဟာ မေးခိုင်ပိုးဝင်လို့ သေသွားတဲ့ လူတစ်ယောက်ကိုဖြစ်ဖြစ်၊ တရစ္ဆာန်တစ် ကောင်ကို ဖြစ်ဖြစ် တွေ့ကြုံဖူးမယ်ဆိုရင် လေ့လာဖို့
အတွက် အဆင်သင့်ဖြစ်နေမယ်။ ဒါပေမယ့် လေ့လာမယ့်အကြောင်း အရာတိုင်းကို လေ့လာသူတိုင်း က တွေ့ကြုံဖူးဖို့ဆိုတာ ပြောသလောက် မလွယ်လှပါဘူး။ အဲဒီအခါ “facilitator” အနေနဲ့ 
လေ့လာသူတွေ မတွေ့ကြုံဖူးတာကို တကယ်တွေ့ကြုံရသလို ဖြစ်အောင် အခြေအနေတွေ ဖန်တီးပေး 
ရပါမယ် “Simulations”။ Field Trip ထွက်တာမျိုး၊ တကယ့်ဖြစ်ရပ်တွေကို လေ့လာပြီး ရေးထားတဲ့ 
“Case-Based Textbook” တွေနဲ့ လေ့လာ သူတွေကို ရင်းနှီးစေတာမျိုး။ အဲဒီအခါမှာ လေ့လာ သူတွေအတွက် မေးခိုင်ရောဂါပိုးဆိုတာ စာအုပ်ထဲက စကားလုံးတွေသာ မဟုတ်တော့။ သူတို့ရဲ့ဘ၀မှာ ကြုံတွေ့ရနိုင်တယ်ဆိုတာ “တကယ်လေးလေးနက်နက်” သိလာတယ်။ မေးခိုင်ရောဂါပိုး လိုမျိုး မျက်စိနဲ့ 
မမြင်နိုင်တဲ့ အရာတွေကို လက်တွေ့ဘ၀မှာ ပြန်သုံးလို့ရတဲ့အထိ ထဲထဲဝင်ဝင် လေ့လာဖို့ဆိုရင် 
“facilitator” နဲ့ လေ့လာသူနှစ်ဦးတည်း ရှိရုံနဲ့တင် မရတော့ပါဘူး။ မေးခိုင်ရောဂါပိုးကို မျက်စိနဲ့ 
မမြင်နိုင်ပေမယ့် မြင်နိုင်တဲ့ ကိရိယာတွေ ရှိနေပါပြီ။ ဒါတွေကို လေ့လာသူတွေ အသုံးချလေ့လာနိုင်ပါမှ 
တကယ့်လက်တွေ့ ဘ၀မှာ ပြန်သုံးနိုင်မှာပါ။ 
လေ့လာသူအနေနဲ့ လေ့လာမယ့် အကြောင်းအရာကို ကိုယ်တိုင်တွေ့ကြုံပြီးသွားရင် ဒါမှမဟုတ် 
တကယ့်လက်တွေ့ဘ၀လို ဖန်တီးထားတဲ့ “simulations” မှာ တွေ့ကြုံပြီးသွားရင် သူတို့ကြုံတွေ့ရတဲ့ 
အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကျွမ်း ကျင်ပညာရှင်၊ စာအုပ် အစရှိတဲ့ ပညာရပ်ဆိုင်ရာ အရင်း
အမြစ်တွေဆီက လိုအပ်တာကို ရယူမယ်။ အဲဒီလို တစ်ဦးချင်းစီက ရှာဖွေလေ့လာပြီးသွားရင် အုပ်စု
ငယ်လေးတွေဖွဲ့ပြီး ဆွေးနွေး အဖြေရှာကြမယ်။ လေ့လာသူတွေကို “facilitator” ကဘေးကနေ ပံ့ပိုးပေးရမယ်။ ဆွေးနွေးပေးရမယ်။ လေ့လာသူတွေဟာ ကြုံတွေ့ရတဲ့ အခြေအနေကို ကြောင်း
ကျိုးဆီလျော်စွာ ခြုံငုံသုံးသပ်ပြီး ယေဘုယျသဘောတရား အယူအဆ “abstact concepts” တွေ 
ဖော်ထုတ်လာ နိုင်မယ်။ အဲဒီလို ဖော်ထုတ်လို့ရလာတဲ့ အယူအဆတွေကို တကယ့်လက်တွေ့မှာ 
အခြေအနေကို ဗဟိုပြုလေ့လာခြင်းဖြင့် ပညာရပ်ဆိုင်ရာ တိုးတက် မှုတွေရှိလာမယ်။ ပညာရပ်တွေကို 
တကယ်ပြန်သုံးလို့ ရလာမယ်။
ကလေးဘ၀မှာတော့ အတန်းထဲမှာ အဆင့်တစ်ရဖို့၊ ဆရာကပေးတဲ့ ဆုလေးတွေရဖို့ အစရှိတဲ့ ပြင်ပစေ့ဆော်အားတွေ ကြောင့် လေ့လာသူဟာ လေ့လာချင်စိတ်ပြင်းပြ လာတယ်။ 
လူကြီးအဆင့်မှာတော့ အလုပ်အကိုင်ကောင်းကောင်းရဖို့၊ ရာထူးတိုး လစာတိုးဖို့၊ နာမည်နောက်မှာ 
အမြီးရှည်ရှည်တပ်နိုင်ဖို့ အစရှိတဲ့ ပြင်ပစေ့ဆော်အားတွေကြောင့် လေ့လာဖို့ စေ့ဆော်မှု ဖြစ်ပေမယ့် အကျိုးကျေးဇူးနည်းလှပါတယ်။ ကိုယ့်ဘ၀မှာ ကြုံတွေ့ရမယ့် ပြနာတွေကို တကယ်ဖြေရှင်းပေး နိုင် မယ့် လေ့လာခြင်းမျိုးကပဲ ပြင်းပြတဲ့ စေ့ဆော်အားကို ဖြစ်စေပါတယ်။ ကိုယ့်စိတ်တွင်း ဆုလာဘ်တွေ 
(internal payoffs) ဖြစ်တဲ့ မိမိကိုယ်မိမိ တန်ဖိုးထားတဲ့ စိတ်ခံစားမှု မြင့်မားခြင်း (high self-esteem)၊ ကိုယ့်စိတ်လိုအင် ပြည့်ဝတဲ့ အတွက် ကျေနပ်မှုရှိုခြင်း (satisfaction) အစရှိတဲ့ စိတ်တွင်းစေ့ဆော်အား 
တွေကသာ တကယ်ထိရောက်တဲ့ လေ့လာခြင်း ကို ပြုလုပ်စေပါတယ်။ ကလေးအဆင့်နဲ့ လူကြီးအဆင့်မှာ လေ့လာဖို့ စေ့ဆော်အား ကွဲပြားသွားရခြင်းနဲ့ ပတ်သက်ပြီး Wlodowski,1985 က 
အကြောင်းတရား လေးခုနဲ့ ရှင်းပြထားပါတယ်။ လူကြီးတွေဟာ အောင်မြင်တဲ့ လေ့လာသူ ဖြစ်ချင် တယ်။ လေ့လာခြင်းဖြစ်စဉ်အတွင်းမှာ သူတို့ကိုယ်တိုင် ပါဝင်ရွေးချယ်ခွင့် ရှိချင်တယ်။ သူတို့တန်ဖိုးထားတဲ့ အရာတွေကိုပဲ လေ့လာချင်တယ်။ လေ့လာခြင်းဟာ စိတ်ကျေနပ်ပျော်ရွှင်မှု ဖြစ်တာကိုပဲ လိုလားတယ် ။ လေ့လာသူတွေ စေ့ဆော်အား ကောင်းအောင် facilitator ကလည်း ပံ့ပိုးပေးရပါမယ်။  စေ့ဆော်အား 
ကောင်းစေတဲ့ “motivating facilitator” ဖြစ်ရ ပါမယ်။
Andragogical Model ပုံပေါ်လာအောင် လူကြီးအဆင့်မှာလေ့လာခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ 
အကျဉ်းမျှ ဆွေးနွေးခဲ့ပါတယ်။ လက်ရှိပညာရေးမှာ လေ့လာနေကြပုံကို နှိုင်းယှဉ်စဉ်းစား 
ချင့်ချိန်ဝေဖန်ကြည့် လို့ ရမည်ထင်ပါသည်။
စစ်ဗျူရိုကရေစီ
Written by ဥာဏ်မျိုးအောင်
စစ်ဘက်က အရာရှိတွေကို အရပ်ဘက်က ကျန်းမာရေးဝန်ကြီးဌာနဆီ ပြောင်းခန့်မယ့် 
အစိုးရရဲ့ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ဆေးလောကသားတွေက ဖဲကြိုးနက်
ဝတ်ပြီး ပြီးခဲ့တဲ့အပတ်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနေရာမှာ စစ် ဘက်ကလူတွေကို 
အရပ်ဘက် အုပ်ချုပ်ရေးထဲ ထည့်တဲ့အစဉ်အလာ ဘယ်လို ဖြစ်ပေါ်လာသလဲနဲ့ စစ်ဘက်က 
လူတွေကို အရပ်ဘက် အုပ်ချုပ်ရေးထဲ ဘာကြောင့် တာဝန်ပေးရတာလဲဆိုတဲ့ 
အချက်တွေကို ကျွန်တော် ဆွေးနွေးသွားပါမယ်။
စစ်ဘက်က လူတွေကို အရပ်ဘက် ပြောင်းပေးတဲ့ အစဉ်အလာက ၁၉၆၂ နောက်ပိုင်း 
စစ်အစိုးရ အာဏာသိမ်းပြီးတဲ့ နောက်မှ ဖြစ်ပေါ်လာတာပါ။ လွတ်လပ်ပြီးကာစ ပါလီမန်
ဒီမိုကရေစီခေတ်မှာတော့ အင်္ဂလိပ်အစိုးရဆီက အမွေဆက်ခံခဲ့တဲ့ ဗျူရိုကရေစီစနစ်ကို 
အနည်းငယ် ပြုပြင်ပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။ ကိုလိုနီအစိုးရဲ့ အုပ်ချုပ်ရေးယန္တရား ဆိုပေမယ့် 
အုပ်ချုပ်ပုံအဆင့်ဆင့်ဟာ ရိုးရှင်းကျစ်လစ်ပြီး အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ သင်ကြား
ထားတဲ့ အုပ်ချုပ်ရေးသမား (ဗျူရိုကရက်)တွေနဲ့ လည်ပတ်နေတဲ့ ထက်မြက်ထိရောက်တဲ့ 
အုပ်ချုပ်ရေးစနစ် ဖြစ်ပါတယ်။ Indian Civil Service(ICS) သို့ Burma Civil Service(BCS)
လို့ခေါ်တဲ့ ပဋိညာဉ်ခံဝန်ထမ်းတွေဟာ အုပ်ချုပ်ရေးယန္တရားကို အဓိက မောင်းနှင်ပေးတဲ့ 
ယာဉ်မောင်းတွေ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးသမား(ဗျူရိုကရက်)တွေ ဖြစ်ပါတယ်။ 
အင်္ဂလိပ်ခေတ်ကတော့ ICSရာထူးအတွက် သတ်မှတ်ထားတဲ့ ၀င်ခွင့်အမှတ် ပြည့်မှီတဲ့ 
တက္ကသိုလ်ဝိဇ္ဇာသိပ္ပံဘွဲ့ရတွေ ၀င် ခွင့်စာမေးပွဲ ၀င်ဖြေလို့ ရပါတယ်။ ၀င်ခွင့်စာမေးပွဲမှာ
မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနဲ့ အင်္ဂလိပ်ရာဇ၀င်၊ အိန္ဒိ ယရာဇ၀င်၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးသီအိုရီနဲ့ နိုင်ငံရေးသိပ္ပံပညာရပ်တွေနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို 
ရေးဖြေလဲ ဖြေရပါတယ်။ နှုတ်ဖြေလဲ အစစ်ခံရပါတယ်။ ၀င်ခွင့်အောင်တဲ့ သူတွေက 
အောက်စဖို့ဒ်နဲ့ ကမ်းဘရစ်တက္ကသိုလ်တွေက ကောလိပ်တစ်ခုအောက်မှာ ရာဇ၀င်ပညာ၊ ဥပဒေပညာ၊ မြင်းစီးအတတ်စတာတွေကို သင်ယူရပါတယ်။ ဗမာနိုင်ငံကို ပြန်ရောက်တဲ့အခါ 
သူတို့တွေဟာ အုပ်ချုပ်ရေးစနစ်ရဲ့ မြို့နယ်အဆင့်မှာ အလုပ်သင်အဖြစ် အရင်ရှိပြီးသား 
အုပ်ချုပ်ရေးအရာရှိတွေနဲ့ အတူတွဲလုပ်ရင်း သင်ယူရပါတယ်။ ဒီနည်းနဲ့ပဲ အောက်ခြေကနေ 
အထက်ကို လုပ်သက်အလိုက် ရာထူးတိုးသွားတာပါ။ 
အုပ်ချုပ်ရေးယန္တရားကိုလဲ ကြည့်မယ်ဆိုရင် ဒေသန္တရအုပ်ချုပ်ရေးကို ကြပ်ကြပ်မတ်မတ် 
ဆောင်ရွက်ထားတာ တွေ့နိုင်ပါ တယ်။ အောက်ခြေအဆင့် ရွာလူကြီးကနေ မြို့ပိုင်၊ 
အရေးပိုင်၊ ခရိုင်ဝန်ဆိုပြီးတော့ အဆင့်ဆင့် ရှိပါတယ်။ ခရိုင်ဝန်က ဒေသန္တရအုပ်ချုပ်ရေးမှာ အဆင့်မြင့်ဆုံးအရာရှိ ဖြစ်ပါတယ်။ မြို့ပိုင်အဆင့်ကနေ ခရိုင်ဝန်အထိ တာဝန်ဆောင်ရွက်
နေသူတွေဟာ မိုးကျရွှေကိုယ် အုပ်ချုပ်ရေးသမားတွေ မဟုတ်ပါဘူး။ အထက်က ဆိုတဲ့အတိုင်း 
အထွေထွေ အုပ်ချုပ်ရေးအတတ် ပညာရပ်တွေ သင်ကြားထားပြီး လုပ်သက်ရင့်တဲ့ အုပ်ချုပ်ရေး
သမားတွေက တာဝန်ယူထားတာ ဖြစ်ပါတယ်။ 
ဝန်ကြီးဌာနတွေမှာဆိုရင်လဲ အဓိက အုပ်ချုပ်ရေးကို တာဝန်ယူဆောင်ရွက်ရတာက အတွင်းဝန်တွေ 
ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲနိုင်လို့ ပါလီမန်အမတ်တွေ ဖြစ်လာမယ်။ 
ပါလီမန်မှာ အင်အားအကြီးဆုံး ပါတီက အစိုးရဖွဲ့တဲ့အခါ နိုင်ငံရေးသမားတွေက ၀န်ကြီးတွေ ဖြစ်လာပါတယ်။ နိုင်ငံရေးသမားဖြစ်တဲ့ ၀န်ကြီးတွေက မူဝါဒပိုင်းဆိုင်ရာလောက်ပဲ 
တာဝန်ယူ ညွှန်ကြားရတာ ဖြစ်ပါတယ်။ ကျန်တဲ့အသေးစိတ် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုတော့ 
ဝန်ကြီးဌာနတစ်ခုချင်းအောက်က အတွင်းဝန်တွေကပဲ တာဝန်ယူဆောင်ရွက်ရပါတယ်။ ရာထူးခန့် ထားရေးမှာ နိုင်ငံရေးသမားတွေက ကိုယ့်လူကို ခန့်တာမျိုး လုပ်မှာစိုးလို့ ၁၉၄၇အခြေခံဥပဒေအရ 
Union Public Service Commissionကို တာဝန်ပေးထားပါတယ်။ 
အထက်က အုပ်ချုပ်ရေးစနစ်မှာ အဓိကအကျဆုံး နေရာတွေကတော့ ဒေသန္တရအုပ်ချုပ်ရေးမှာဆို 
ခရိုင်ဝန်နေရာ ဖြစ်ပြီး ၀န်ကြီးဌာနတွေမှာဆိုရင် အတွင်းဝန်နေရာဖြစ်တာကို တွေ့နိုင်ပါတယ်။ 
အာဏာသိမ်း စစ်အစိုးရလက်ထက်မှာတော့ စနစ်သစ် အုပ်ချုပ်ရေးဆိုပြီးတော့ အုပ်ချုပ်ရေးယန္တရား 
အပြောင်းအလဲ လုပ်တဲ့အခါမှာ ခရိုင်ဝန်နေရာကို ဖျက်ပစ်လိုက်ပါတယ်။ အဲဒီအစား တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်လိုက် ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီဆိုပြီးတော့ 
အသစ်ဖွဲ့လိုက်ပါတယ်။ တိုင်းလုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီမှာ စစ်တိုင်းမှူးတွေကို ဥက္ကဌ 
ခန့်ပါတယ်။ ခရိုင်အ ဆင့်လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကော်မတီတွေမှာ နယ်မြေတပ်ရင်းရဲ့ တပ်ရင်းမှူးကို 
ဥက္ကဌ ခန့်ပါတယ်။ မြို့နယ်လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီမှာတော့ ဗိုလ်ကြီးအဆင့်ရှိသူကို 
ဥက္ကဌ ခန့်ပါတယ်။ 
ဝန်ကြီးဌာနတွေမှာလဲ အတွင်းဝန်ရာထူးကို ဖျက်သိမ်းလိုက်ပါတယ်။ အတွင်းဝန်နေရာကို 
ဒု-၀န်ကြီးနေရာအဖြစ် အမည် ပြောင်းလိုက်ပါတယ်။ အဲဒီ ဒု-၀န်ကြီးနေရာတွေကို တပ်မတော်က 
စစ်တိုင်းမှူးတာဝန် ထမ်းဆောင်ပြီးသူတွေကို ခန့်အပ်ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် အရပ်ဘက် 
အုပ်ချုပ်ရေးအတတ်ပညာ နားမလည်သူ၊ အတွေ့အကြုံမရှိသူတွေက အရပ်ဘက်အုပ်ချုပ်ရေးရဲ့ 
ထိပ်ဆုံးနေရာတွေမှာ ယူထားတာကို တွေ့ရပါလိမ့်မယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေ 
အုပ်ချုပ်တော့လဲ အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲ သိပ်မထူးခြားပါဘူး။ ဒီအတိုင်းနီးပါး 
အုပ်ချုပ်သွားတာကို တွေ့ရပါတယ်။
ဒီနေရာမှာ စဉ်းစားသင့်တာက စစ်သားတွေကို အရပ်ဘက်ထဲ ဘာကြောင့် ထည့်ချင်ရတာလဲ 
ဆိုတာပါ။ တိုတိုပြောရရင်တော့ အာဏာရှင် တည်မြဲရေးအတွက်ပါ။ အာဏာရှင်တစ်ယောက်
လောက်ကပဲ ဒါမှမဟုတ် မိသားစုတစ်ခုလောက်ကပဲ အကျိုးအမြတ်တွေ စံစားနေရရင် အာဏာရှင်ကို 
ထောက်ကန်ပေးထားတဲ့ စစ်တပ်ထဲမှာ မကျေနပ်မှုတွေ ပေါ်ပေါက်လာ နိုင်ပါတယ်။ နောက်တစ်ခုက 
စစ်အရာရှိတစ်စုကပဲ တပ်ရဲ့ထိပ်ဆုံးနေရာတွေမှာ ထာဝရနီးပါး နေရာယူထားရင် နောက်တက်
လာမယ့် မျိုးဆက်သစ် စစ်သားတွေအတွက် ရာထူးတိုးတက်ဖို့ မျှော်လင့်ချက်မဲ့လာနိုင်ပါတယ်။ 
အဲဒီအခါလဲ မကျေနပ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို တစ်ချက်ခုတ် သုံးချက်ပြတ် ဖြေရှင်းပေးနိုင်ဖို့ တပ်သားတွေကို အရပ်ဘက် ပို့ပေးရတာ ဖြစ်ပါတယ်။
ဒီတော့ စစ်တိုင်းမှူးတာဝန်ယူထားသူတွေက တာဝန်ထမ်းဆောင်ပြီးရင် ၀န်ကြီး၊ ဒု-၀န်ကြီးတွေ 
ဖြစ်လာနိုင်တယ်။ တစ်ချို့ တွေက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တွေ ဖြစ်လာနိုင်တယ်။ 
လစ်လပ်သွားတဲ့ သူတို့တွေရဲ့ ရာထူးနေရာတွေကို နောက်မျိုးဆက် တပ်သားထဲက ရာထူးရယူနိုင်ခွင့် 
ရှိသွားမယ်။ ဒီတော့ အာဏာရှင်စနစ်ရဲ့ စနစ်တကျ အကျိုးအမြတ်ခွဲဝေပေးမှုကြောင့် စစ်တပ်တွင်းမှာလဲ 
အာဏာရှင်ကို ပုန်ကန်ချင်သူ နည်းသွားပါတယ်။ အာဏာရှင်တည်မြဲရေးက သူတို့ရဲ့ အကျိုးအမြတ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေတော့ အာဏာရှင်ကိုပဲ ဆက်လက်ကာကွယ်ပေးထားမှာပါ။ လိုရင်းပြော 
ရရင်တော့ အာဏာရှင်စနစ် မပြိုသရွေ့ စစ်ဗျူရိုကရေစီကို မဖြိုနိုင်သလို စစ်ဗျူရိုကရေစီကို မဖြိုသရွေ့ 
အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာ ဖြစ်ပါကြောင်း၊ ဖဲကြိုးနက်တွေကတော့ စစ်ဗျူရိုကရေစီရဲ့ 
အစိတ်အပိုင်းတစ်ခုကို ပထမဆုံး စတင် စိန်ခေါ်လိုက်ပြီဖြစ်ပါကြောင်း။                            
References
၁။ Strong Soldiers and Failed Revolution By Yoshihiro Nakanishi 
၂။ ကျွန်တော် အိုင်စီအက်စ် (ဦးချမ်းသာ)