Sunday, August 24, 2014

အီဘိုလာနှင့် ရွှေပြည်တော်အရေး

Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/article/item/2215-ebl

ယခင်က စစ်သည်အင်အား၊ လက်နက်အင်အားတို့ဖြင့်သာ နိုင်ငံတစ်နိုင်ငံကို ထိုးဖောက်ဝင်ရောက် ကျွန်ပြုနိုင်သည်။ ကျွန်အပြုခံ နိုင်ငံသားတို့မှာလည်း အမိနိုင်ငံ လွတ်လပ်ရေးအတွက် ၎င်းတို့ တိုက်ရမည့်၊ ခိုက်ရမည့် ရန်သူကို ရှင်းရှင်းလင်းလင်း သိနိုင်၊ မြင်နိုင်သည်။ ယခုတော့ ထိုသို့ မဟုတ်တော့ပါ။ တပ်သား တစ်ယောက်မှ မပါ။ လက်နက်ခဲယမ်း ဗလာနှင့် သာမန်မျက်စိဖြင့် မြင်နိုင်ရန် အဆများစွာ သေးမျှင်သော အီဘိုလာဗိုင်းရပ်စ်သည် အနောက်အာဖရိကနှင့် ဆူပါစစ်အင်အားကို ပိုင်ဆိုင်ထားသော အမေရိကန်ြ ပည်ထောင်စုကိုပါ ခြိမ်းခြောက်လျက် ရှိသည့်အပြင် အာရှတိုက်ကိုပါ ဖိမ့်ဖိမ့်တုန်လျက် ရှိစေသည်။


သိပ္ပံပညာတွင် အသစ်အသစ်တို့ကို တီထွင်နိုင်စွမ်းသော အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာပင်လျှင် ယင်းရန်သူတော် ဝင်လာမှာ စိုးရွံ့နေကြသည်။ ရန်သူတော်ကြီး ဝင်လာနိုင်ဖွယ်ရှိသော အပေါက်ဝ မှန်သမျှကို အကြားအလပ် မရှိရလေအောင် ကြိုးစားပိတ်ဆို့ နေကြသည်။ မှတ်သားဖွယ် အချက်မှာ သူတို့ဆီတွင်မူ အင်မတန်သေးမျှင်သော ယင်းရန်သူတော်ကို ကြည့်နိုင်၊ မြင်နိုင်သော စက်ကိရိယာ များ ပေါကြွယ်၏။ ယင်းစက်ကိရိယာများကို ကိုင်တွယ်တတ်၊ စမ်းသပ်တတ်သော ပညာရှိကဝိများ လည်း ပေါများ၏။ ယင်းကဝိများကို အဏုဇီဝဗေဒ ပညာရှင်များ (Microbiologists) ဟုလည်း ခေါ်တွင် သည်။

ကျွန်တော်တို့၏ ရွှေပြည်တော်ကြီးဆီတွင်ကော အဘယ်သို့ ရှိမည်နည်း။ နိုင်ငံတွင်းသို့ တစ်ကမ္ဘာလုံး ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသော ရန်သူတော်ပိုး ဝင်မလာနိုင်ရန် အဘယ်သို့ လုပ်ဆောင်ထားပါသနည်း။ သတင်းပလင်းများအရမူ ရွှေပြည်တော်ကြီး၏ လူဝင်မှုကြီးကြပ်ရေး ဂိတ်များတွင် ကြပ်ကြပ်မတ်မတ် စစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ တိုင်းနှင့် ပြည်နယ် ဆေးရုံများသို့လည်း ညွှန်ကြားချက်များ ထုတ်ပြန် ထားကြောင်း သိရ၏။ အခြားကမ္ဘာ့နိုင်ငံများ နည်းတူ ကျွန်တော်တို့ ရွှေပြည်တော်ကြီးက နိုးနိုးကြား ကြား ဆောင်ရွက်သော သတင်းပလင်းတို့ကို ဖတ်ရသည်မှာ စိတ်ချမ်းမြေ့ဖွယ် ကောင်းလှသည်။

သို့သော် ဆေးပညာသင် ကျောင်းသားတစ်ယောက် အနေနှင့် မတောက်တခေါက် ပညာအားကိုး ပြီး ရွှေဉာဏ်တော် စူးရောက်မိပါသည်။ ကျွန်တော်တို့ ရွှေပြည်တော်ကြီးတွင် ရန်သူတော်ပိုးကို ကြည့်နိုင်၊ မြင်နိုင်သော စက်ကိရိယာများ ပေါများပါသလော။ ယင်းစက်ကိရိယာများကို ကိုယ်တွယ်
တတ်၊ စမ်းသပ်တတ်သော အဏုဇီဝ ကဝိများကော ပေါများပါသလော။ ကျွန်တော်သိသလောက်
နတ္ထိဟု ဆိုရမလောက်ပင် ဖြစ်သည်။ ထင်ရှားသော သာဓကတချို့ကို ပြပါမည်။

ကျွန်တော် မြင်ဖူးတွေ့ဖူးသမျှသော တိုင်းနှင့် ပြည်နယ် ဆေးရုံများတွင် အဏုဇီဝဗေဒဌာနဟု သီးသန့်မရှိချေ။ အဏုဇီဝ ဌာနသာ ရှိပါက ဆေးရုံရောက်လာသော လူနာတစ်ယောက်ကို အပြင်ပန်း စမ်းသပ်စစ်ဆေးမှုများ လုပ်သည့်အပြင် သံသယဖြစ်ဖွယ် ရှိသော ရောဂါပိုး ဝင်နေသည်ဟု ထင်ပါက လူနာ၏ အသားစ၊ ဆီး၊ ဝမ်းနှင့် ပြည်တို့ကို အဏုဇီဝ ကဝိများက စစ်ဆေးနိုင်သည်။ လူနာ၏ အသား စနှင့် ပြည်စသဖြင့်တို့တွင် နေထိုင်နိုင်ဖွယ်ရှိသော ရောဂါပိုး တစ်ကောင်ကို သူကြိုက်တတ်သော ဓာတ်စာကျွေး (Media) ပြီး မွေးမြူ (Culture) နိုင်သည်။ ရောဂါပိုးအလိုက် ဆိုးဆေး (Staining Method) ဖြင့် ခွဲခြားသည်လည်း ရှိသည်။ ယင်းအပြင် ရောဂါပိုး အမျိုးမျိုးအလိုက် အဏုဇီဝမှန်ပြောင်း အမျိုးမျိုးဖြင့် ကြည့်ရသည်။ သို့မှသာ မြင်နိုင်၊ တွေ့နိုင်၏။

အဏုဇီဝဌာန၏ ဓာတ်ခွဲခန်းများကိုလည်း သီးသန့်ထားရသည်။ ယင်းဓာတ်ခွဲခန်းတွင်းသို့ သာမန်လူတို့ ဝင်ခွင့်မပေးရပါ။ သာမန်မျက်စိဖြင့် မမြင်နိုင်၊ မတွေ့နိုင်သော ရောဂါပိုးများကို စမ်းသပ်ရာ အခန်းတွင်းတွင် သာမန်လူများကို ဝင်ခွင့်ပေးပါက ရောဂါကူးစက် ခံရနိုင်ဖွယ်ရှိသည်။ ယင်းအပြင် ဓာတ်ခွဲခန်းကို သန့်သန့် ရှင်းရှင်း ထားရသည်။ အဏုဇီဝဗေဒ ကဝိများပင်လျှင် ဓာတ်ခွဲခန်းတွင်းသို့ မဝင်ခင် အစားအသောက်၊ အင်္ကျီစသည်တို့ကို အပြင်တွင် ထားခဲ့ရသည်။ လက်ကို ပိုးသတ်ဆေးဖြင့် အသေအချာ ဆေးကြောပြီးမှ ပိုးသတ်ထားသော ဓာတ်ခွဲခန်းသုံး အဝတ်ကိုဝတ်ကာ ဝင်ရသည်။ သုံးစွဲပြီးသော ဓာတ်ခွဲခန်းသုံး ပစ္စည်း ပစ္စယများကိုလည်း ခဏခဏ ပိုးသတ်ပေးရသည်။ တစ်ခါတစ်ရံ အဏုဇီဝ ပိုးများကို ရှာဖွေဖော်ထုတ်သော အဏုဇီဝ ကဝိများပင်လျှင် အဏုဇီဝပိုးတို့၏ သားကောင် ဖြစ်သွားတတ်သည်။

သို့ဖြစ်ရာ လူနာတစ်ယောက်မှ နောက်လူနာများကို ရောဂါပိုး မကူးစက်ရန် ဆေးရုံကြမ်းခင်းနှင့် လူနာ ခုတင်တို့ကိုပင် မှန်မှန်ကန်ကန် ပိုးသတ်ဆေး (Disinfectant) ဖြင့် သန့်ရှင်းမှုများ မလုပ်နိုင်၊ မကိုင်နို င်သေးသော တိုင်းနှင့် ပြည်နယ်ဆေးရုံများတွင် အဘယ်နည်းဖြင့် အီဘိုလာ ရန်သူတော်ကြီးကို ကာကွ ယ်မည်နည်း။ ကူးစက်မြန်သော ရောဂါပိုး ရှိသူများကို သီးသန့်ခွဲထား (Isolated) ရန် အခန်းကောင်း၊ အခန်းသန့်များ ဆေးရုံတိုင်းတွင် မရှိသေးသော ရွှေပြည်တော်ကြီးတွင် အဘယ်နည်းဖြင့် အီဘိုလာ ရန်သူတော်ကြီးကို နှိပ်ကွပ်မည်နည်း။ ဤကား ခေတ်မီ ပစ္စည်းပစ္စယနှင့် ဘဏ္ဍာရေးပိုင်း ချို့တဲ့ရှာေ သာ ပြဿနာဖြစ်၏။

သို့ဆိုလျှင် အဏုဇီဝ ပညာရှိကဝိများကော ရှိပါသလော။ အဏုဇီဝ ပညာရပ်ကိုရော သင်ကြားပေး ပါသလော။ သင်ကား သင်၏၊ မတတ်ဟု ဖြေမှသာ အရိုးသားဆုံး အဖြေဖြစ်ပေလိမ့်မည်။ ဆေးတက္က သိုလ်များတွင် အဏုဇီဝ ဘာသာရပ် (Microbiology) ကို ဘာသာရပ်တစ်ခု အနေဖြင့် သင်ကြားပေး ပါသည်။ သို့သော် ရွှေပြည်တော်ကြီး၏ ထုံးစံအတိုင်းပင် အရာရာကို ပကတိပင်ကို ဉာဏ်အားကိုးဖြင့် သာလျှင် တွေးခေါ်မြော်မြင်စေ၏။ လက်တွေ့ကား မလုပ်ခိုင်းပေ။ လက်တွေ့ လုပ်ရန်အတွက်လည်း ငွေ ကုန်ကြေးကျ များနိုင်သဖြင့် ပညာရေးနှင့် ပတ်သက်လျှင် ကပ်စေးနှဲသော အစိုးရအဖို့ စိတ်ဝင်စားမှု
မရှိနိုင်။

ဤသို့ဖြင့် ဆေးကျောင်းသား တစ်သိုက်မှာ အဘယ်ဗက်တီးရီးယား (Bacteria) ကတော့ဖြင့် အဘယ် ပုံသဏ္ဌာန်မျိုး ကွေးကွေးကောက်ကောက်၊ ဖြောင့်ဖြောင့်၊ အဘယ်အကောင် ကတော့ဖြင့် ဘာကြိုက်သည် ညာကြိုက်သည် စသဖြင့် ကုန်းရုန်း မှတ်ရ၊ ကျက်ရ၏။ သင်သော ဆရာမ ကိုယ်တိုင်ပင်လျှင် အဏုဇီဝ အကောင်ပလောင်တို့၏ ပုံပန်းဟန်ပန်ကို အင်တာနက်မှယူကာ ပြသရုံပြသနိုင်ပြီး၊ စာတော်ဖတ်ရုံသာ ဖတ်နိုင်ရှာ၏။ သူတို့ကိုယ်တိုင်မှာလည်း မဟာဘွဲ့၊ ပါရဂူဘွဲ့ အဆင့်ဆင့်ကိုသာ ရယူခဲ့သော်လည်း ပညာရေး အသုံးစရိတ် အင်မတန် ကပ်စေးနှဲသော ရွှေပြည်တော် အစိုးရတို့ လက်ထက်တွင် ဘာမျှ မယ်မယ်ရရ လက်တွေ့ မလုပ်ခဲ့ရရှာ။ ယင်းကဲ့သို့ မုန့်လုံးစက္ကူကပ် ဖြစ်နေရာ ကျွန်တော်တို့ ရွှေပြည်တော်ကြီးတွင် သိပ္ပံပညာရပ် ထွန်းကားဖို့ကား အပေါစား ပြက်လုံးတစ်ခု ဖြစ်သည်။

ယင်းပြဿနာအရပ်ရပ်၊ ဇာတ်လမ်း အဖုံဖုံ ရှိနေစဉ် ဆိုင်းမဆင့် ဘုံမဆင့် အီဘိုလာ အရေးတော်ပုံ ပေါ် လာသည်။ ယခင်က ဘာသိဘာသာ နေနိုင်သော်လည်း တစ်ကမ္ဘာလုံး စိုးစိုးရွံ့ရွံ့ ဖြစ်ရသော ယခုအရေး တွင်ကား နိုင်ငံရေးစနစ် တံခါးဖွင့်စ နိုင်ငံတစ်နိုင်ငံ အနေနှင့် မသိလိုက် မသိဘာသာ နေလို့ မရတော့ပေ။ မည်သို့မည်ပုံ ညွှန်ကြားထားကြောင်း သတင်းပလင်းထောက်များကို ခေါ်ယူရှင်းရတော့သည်။ မကြာသေးမီ က ဖတ်ရသော သတင်းပလင်း တစ်ပုဒ်အရမူ ရိုးရိုးသားသား ဖွင့်ဟ ဝန်ခံထားသော သတင်းတစ်ပုဒ်ကို ဖတ်ရသည်။ ယင်းမှာ ရန်သူတော် အီဘိုလာကို ရွှေပြည်တော်ကြီးတွင် မစစ်ဆေးနိုင်ဆိုသော သတင်းဖြစ် သည်။

ရွှေပြည်တော်ကြီးတွင် အီဘိုလာဗိုင်းရပ်စ်ကို ရှာနိုင်ဖွေနိုင်သော စက်ပစ္စည်း ကိရိယာ မရှိသေးကြော င်း၊ ရွှေပြည်တော်ကြီးတွင် အီဘိုလာ ကူးစက်ခံရသည်ဟု သံသယရှိပါက အိန္ဒိယနိုင်ငံ ပူးနေသို့ လူနာ ၏ သွေးရည်ကြည်ကို ပေးပို့စစ်ဆေးမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်က Health Digest ဂျာနယ်တွင် ဝန်ခံထားသည်။ ရွှေနန်းကြော့ရှင်တို့ စံမြန်းသော ရွှေပြည်တော်ကြီး၏ အရေးကား ရင်လေးစရာ ကောင်းလှသည်။

ရွှေပြည်တော်အရေးအတွက် ပို၍ ရင်လေးဖွယ်ကောင်းသော အချက်မှာ အနာဂတ်တွင် သိပ္ပံပညာ ထွန်းကားရေးအတွက် မျှော်မှန်းချက်၊ လုပ်ဆောင်ချက် တစိုးတစိမျှ မရှိခြင်းပင်။ သိပ္ပံပညာ ထွန်းကားရေး၏ အရာကား ငါတို့နှင့် သက်သက်ကင်းကင်းမျှ မဆိုင်သော၊ မတတ်နိုင်သော အလုပ်ဖြစ်သည်ဟု အောက် ကျနောက်ကျ စိတ်တို့ဖြင့် မှတ်ယူထားပုံရသည်။ ဘုန်းတော်ကြီးသင် ပညာရေးစနစ်သာ ရှိသော မင်းတုန်းခေတ်တွင် ကနောင်မင်းသားကြီးက ခေတ်မီအတတ်ပညာကို တတ်မြောက်သော အတတ် ပညာရှင်များ မွေးသည့်အပြင် လက်တွေ့လည်း စက်ရုံများ ကြိုးစားထူထောင်ကြောင်း သမိုင်းကို ဖတ်ရတိုင်း ရွှေပြည်တော် အစိုးရကိုယ်စား များစွာ အရှက်ရ၊ အားနာမိသည်။

ရွှေပြည်တော်အစိုးရကား ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးဟု လေလှိုင်းမှတစ်ဖုံ၊ သတင်းစာမှ တစ်သွယ် အကြိမ်ကြိမ်အဖန်ဖန် ကြွေးကြော်နေသော်လည်း ဝိဇ္ဇာလည်း မချွန်၊ သိပ္ပံလည်း မစွံသော
ဤရေ၊ ဤမြေတွင် အဘယ်နည်းဖြင့် ခေတ်မီနိုင်ငံတော် တည်ဆောက်မည်နည်း။ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးကား ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေဆဲပင် ဖြစ်သည်။

ရှေးက ပြဿနာတို့ မည်သို့ပင် ရှိခဲ့ပါစေ သိပ္ပံပညာ ထွန်းကားရေး ကွက်လပ်ကို ဖြည့်ဆည်းရန် တစ်ကမ္ဘာလုံး ဖိမ့်ဖိမ့်တုန် ကြောက်ရသော အီဘိုလာကား နှစ်ပေါင်းများစွာ အိပ်မောကျနေေ သာ ရွှေပြည်တော်ကြီးကို တပ်လှန့်၍ သွားလေပြီ။ “ထလော့ မြန်မာ၊ မြန်မာ ထလော့” ဟူ၏။

ဉာဏ်မျိုးအောင်


Sunday, August 17, 2014

မြန်မာသနပ်ခါးလား၊ ဂျပန်သနပ်ခါးလား

Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/article/item/2010-mmt

“ဟေမဝန်မြကြော၊ နံ့သာတောရင့်မှုန်၊ လှလိုက်တာ ပင်နပ်ခါး၊ ရှင်နတ်များ စိုက်ထားသည့်ပုံ၊
အရိုးက ကတိုးထုံသည်၊ အခိုးစုံ ပင်စည်လျှောက်ပါလို့၊ အခေါက် ကလေးတစ်ရာ၊ မွှေးတဲ့နံ့သာ” ဟု ရေးဖွဲ့ခဲ့သော ရှေးခေတ်စာဆိုတော် ဦးကြော့တို့ လက်ထက်မှသည် “ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာ ကောင်းလိုက်တာကွာ” ဟု ယခုခေတ်တိုင် မြန်မာတို့က သနပ်ခါးကို စာနုစာယဉ်ဖွဲ့သီကာ
ဆိုညည်းလို့ ကောင်းနေစဉ်မှာပင် သနပ်ခါးနှင့် ပတ်သက်၍ ကဗျာမစပ်၊ စာမသီဖူးသော ချယ်ရီပန်း
တောမှ ဂျပန်တို့က သနပ်ခါးကို ရိုးရာအလှကုန်အဖြစ် သတ်မှတ်ပေးရန် ယခုနှစ် ဖေဖော်ဝါရီလ ၅
ရက်နေ့တွင် ပြုလုပ်သော နိုင်ငံတကာမူပိုင်ခွင့်ဖိုရမ်တွင် မူပိုင်ခွင့် တင်လိုက်သည်။


ခေတ်အဆက်ဆက် စာနုစာယဉ် ဖွဲ့သီခဲ့ရသော သနပ်ခါးမှာ မြန်မာ့ယဉ်ကျေးမှု အမှတ်အသား တစ်ခုပင် ဖြစ်လာသည်။ ယဉ်ကျေးမှု အမှတ်အသားတို့မှာ ယခင်က ကဗျာဖွဲ့၊ စာသီစရာမျှ သာ ဖြစ်သော်လည်း ယခုခေတ်တွင်မူ ယဉ်ကျေးမှုစီးပွားရေး ဖြစ်လာသည်။ အထင်ရှားဆုံး
သာဓကမှာ သနပ်ခါး ပါးကွက်ကြား လိမ်းထားသော မြန်မာမလေး၊ မြန်မာကလေးငယ်များ၏ ဓာတ်ပုံတို့မှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများ အလည်အပတ်လာရန် ဆွဲဆောင်နိုင်သော စီးပွားရေး ကြော်ငြာအဖြစ် အသုံးဝင်လာသည်။

သို့ဖြင့် ယဉ်ကျေးမှု အမှတ်အသားတို့ကို လုယူလာကြသည်။ ပဒေါင်လူမျိုးများကို ပြပွဲရုံသဖွယ်ပြ သပြီး နိုင်ငံခြားသားများထံမှ ငွေရှာနေသော ထိုင်းလူမျိုးတို့က မြန်မာနိုင်ငံ ကယားပြည်နယ်မှ ပဒေါင်လူမျိုးတို့ကို သူတို့လူမျိုးစု တစ်ခုအဖြစ် ကမ္ဘာသိ ပြောင်ပြောင်တင်းတင်း ကြော်ငြာလျက် လုယူသွားသည်။ ယခုလည်း ဂျပန်တို့က မြန်မာ့ သနပ်ခါးကို သနပ်ခါး ပေါင်ဒါအဖြစ် ပြုလုပ်ကာ
ဂျပန်ရိုးရာ အလှကုန်အဖြစ် မူပိုင်ခွင့်တင်ပြီး လုယူဖို့ ကြိုးစားလျက် ရှိသည်။ ယဉ်ကျေးမှု အမှတ် အသားတို့ကို ပြန်ဆယ်ယူနိုင်ရန် မြန်မာတို့ ဘာလုပ်သင့်သနည်း။

“ဈေးကွက် စီးပွားရေးစနစ်အရ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ အခါကျတော့ မူပိုင်ခွင့်က အရေးကြီးသွား
ပြီ။ ဂျပန်မှာ မူပိုင်ခွင့်တင်လိုက်တော့ သနပ်ခါးနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ဂျပန်နိုင်ငံကို ပို့မယ်ဆိုရင် သနပ်ခါးဆိုတဲ့ နာမည်ပါရင် ပြဿနာ ရှိလာမယ်။ သနပ်ခါးဆိုတာ မြန်မာနိုင်ငံမူပိုင် ဆိုတာကို နိုင် ငံတော်အဆင့် အဖွဲ့အစည်းတစ်ခုခုက အင်တာနေရှင်နယ်မှာ တင်ထားသင့်တယ်လို့ ထင်တယ်” ဟု မန္တလေးအခြေစိုက် အလှကုန် ထုတ်လုပ်ဖြန့်ချိနိုင်ရန် ကြိုးစားနေသူ တစ်ဦးဖြစ်သည့် ဒေါ်မေသူသန်း
ရှိန်က အကြံပြုသည်။

ယဉ်ကျေးမှု အမှတ်အသားတစ်ခုကို ပြန်ဆယ် ယူနိုင်ရန်အတွက် မူပိုင်ခွင့် တင်ရုံမျှဖြင့်လည်း မလုံေ လာက်ပါ။ နောက်ထပ်လုပ်ရဦးမည့် လုပ်ငန်းတစ်ခုမှာ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ပြောင်းလဲနိုင်ေ ရး ဖြစ်သည်။ ယင်းသို့ မလုပ်နိုင်သဖြင့် မြန်မာနိုင်ငံမှ မွေးဖွား ပေးလိုက်သော်လည်း တရုတ်နိုင်ငံသား၊ ဂျပန်နိုင်ငံသား ခံယူသွားရရှာသော ကုန်ကြမ်းများ ရှိခဲ့ဖူးပါသည်။ အရည်အသွေး ကောင်းသော မြန် မာပြည်ဖွား ကျောက်စိမ်းတို့မှာ တရုတ်ပြည်ဖွားအဖြစ် နာမည်ပြောင်းခံရသည်။ ထို့အတူပင် ဆိုရှယ် လစ်အစိုးရ လက်ထက်တွင် မြန်မာပြည်ဖွား နွားများကို ထိုင်းနိုင်ငံမှတစ်ဆင့် ဂျပန်နိုင်ငံသို့ တင်ပို့ခံရပြီး အရည်အသွေးမြင့် ဂျပန်ပြည်ဖွား အမဲသားထုပ်များအဖြစ် နာမည်ခံရဖူးသည်။ သို့ဖြစ်ရာ မြန်မာပြည်ဖွား စစ်စစ်တို့ကို မိတ်အင်မြန်မာ (Made in Myanmar) ဟူသော မြန်မာနာမည် ခံယူနိုင်ရန်အတွက် ကုန်ကြမ်းများကို ကုန်ချော ပြောင်းတတ်ရမည် ဖြစ်သည်။ မြန်မာ့သနပ်ခါးကိုလည်း ထိုနည်းတူစွာပင် ကုန်ချောပြောင်းရမည်။ မည်သို့ မည်ပုံ ပြောင်းမည်နည်း။

“သနပ်ခါးနဲ့ ပတ်သက်ပြီး မျိုးစုံထုတ်လို့ရတယ်။ Raw (အကြမ်း) အနေနဲ့ မထုတ်ဘဲ ပေါင်ဒါလည်း ထုတ်လို့ရတယ်။ Cream အနေနဲ့ ထုတ်လို့ရတယ်။ မျက်နှာ ပေါင်းတင်တာအနေနဲ့ ထုတ်လို့ရတယ် ။ ရေမွှေးအနေနဲ့ ထုတ်လို့ရတယ်။ အစ်မတို့ ဒီဘက်မှာ လုပ်နိုင်ရင်တော့ အရမ်းကို အောင်မြင်နိုင်တဲ့ နည်းပေါ့” ဟု ဒေါ်မေသူသန်းရှိန်က ဆိုသည်။

ယင်းသို့ ထုတ်လုပ်နေသော လုပ်ငန်းရှင်တချို့တော့ ရှိပါသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးအခြေပြု အလှကုန် ထုတ်လုပ်သော လုပ်ငန်းများအနက် ရွှေပြည်နန်း သနပ်ခါး၊ ဒေါ်သီသနပ်ခါးနှင့် တောင် ကြီးမောက်မယ် သနပ်ခါးလုပ်ငန်းတို့မှာ အကြီးဆုံးလုပ်ငန်းများ ဖြစ်ပါသည်။ ရွှေပြည်နန်း အမှတ်တံဆိပ် အလှကုန်တို့ကို ပြည်ပအထိပင် တင်ပို့ ရောင်းချရသည်များ ရှိသည်။ မလေးရှား နိုင်ငံတွင်မူ ရွှေပြည်နန်း စံပယ်သနပ်ခါး တစ်ဘူးမှာ နှစ်ဒေါ်လာ နီးပါးအထိ ရသည်။

သနပ်ခါးအခြေခံ အလှကုန်တို့ကို မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့နိုင်မှုနှင့် ပတ်သက်၍ မန္တလေးအခြေစိုက် လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးနေလင်းက “အဓိကက အဲဒီမှာ သွားနေတဲ့ မြန်မာလုပ်သားတွေလည်း ရှိတယ်လေ” ဟု သုံးသပ်သည်။

ယင်းသနပ်ခါး အလှကုန် လုပ်ငန်းကြီးများ ရှိသော်လည်း အိမ်တွင်း အသေးစားလုပ်ငန်း တစ်ရပ်အဖြစ် သနပ်ခါးအခြေခံ အလှကုန် ထုတ်လုပ်မှုများ ပိုမိုကျယ်ပြန့်လာရန်အတွက် သနပ်ခါး ထုတ်လုပ်သူများနှင့် သနပ်ခါးစိုက် တောင်သူများကို နည်းပညာသင်တန်းများ ပေးလျက်ရှိကြောင်း ဦးနေလင်းက ထုတ်ဖော်ပြော ကြားသည်။

“နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် အလှကုန် သင်တန်းတွေ ဖွင့်ပေးတယ်။ သနပ်ခါးနဲ့ Loction လိုဟာ
မျိုးကို ထုတ်လို့ရမယ်။ အရင်အပတ်ကဆိုရင် ဆနွင်းဓာတ်ကို အခြေခံထုတ်လုပ်တဲ့ စနစ်တွေပေါ့။ အဲ
လိုပဲ သနပ်ခါးကို အခြေခံထုတ်လုပ်တဲ့ နည်းစနစ်တွေ ဖြန့်ဝေသွားဖို့ ရည်ရွယ်တာပါ” ဟု ၎င်းကဆိုသည်။ ယင်းအတွက် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (အထက်ဗမာပြည်) ထံမှ နည်းပညာရှင် အကူ အညီများ ရယူကြောင်း ဦးနေလင်းက ဖြည့်စွက် ပြောကြားသည်။

သနပ်ခါးအခြေခံ အလှကုန်များကို အိမ်တွင်းလုပ်ငန်း တစ်ခုအဖြစ် ထုတ်မည်ဆိုပါက အောင်မြင်နိုင်ေ ကြာင်း၊ ကမ္ဘာတွင် အိမ်တွင်းထုတ်လုပ်မှု လုပ်ငန်းများ ခေတ်စားလျက် ရှိကြောင်း၊ အခြားနိုင်ငံများတွင် Green Tea Shampoo တစ်ဘူးကို တစ်သောင်းခွဲကျပ်ဖြင့် ရောင်းချကြောင်း အော်ဂဲနစ် အလှကုန်ပစ္စည်း တို့ကို ကိုယ်တိုင် ထုတ်လုပ်နေသူ ဒေါ်မေသူသန်းရှိန်က ပြောကြားသည်။

အိမ်ရှင်မတစ်ဦးကမူ “ရှော့ပင်းမောတွေမှာဆို တရုတ်ပြည်ကလာတဲ့ Jasmine Tea ဘူးလေးတွေ တွေ့ရ တယ်။ သံဘူး သေးသေးလေးနဲ့ တစ်ဘူးကို ထောင့်ရှစ်ရာတောင် ပေးရတယ်” ၊ ဟု ဈေးဝယ် အတွေ့အကြုံ ကို ပြောပြသည်။

မြန်မာ့သနပ်ခါးကိုသာ ခေတ်မီ မိတ်ကပ်များနည်းတူ အလှကုန်အဖြစ် ထုတ်လုပ်နိုင်ပါက ဝယ်သူကို ဆွဲဆောင်နိုင်သော အရည်အချင်းများစွာ ရှိနေပါသည်။ ယခုခေတ်တွင် အလှကုန်ပစ္စည်း တချို့ကြောင့် အသားအရေ ယားယံခြင်း၊ အရွယ်မတိုင်မီ ပါးရေတွန့်ခြင်းစသော ပြဿနာများကို ကြုံတွေ့ကြရသည်။ သနပ်ခါးတွင်မူ ယင်းကဲ့သို့သော ဆိုးကျိုးများမရှိဟု ဆိုကြပါသည်။ သို့ကြောင့် ပင်သနပ်ခါးဖြင့် အလှကုန် ပစ္စည်းတချို့ ထုတ်လုပ် ရောင်းချနေသော နိုင်ငံခြား ကုမ္ပဏီများက သနပ်ခါးမှာ ခရမ်းလွန်ရောင်ခြည် သင့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်ရင့်ရော်ခြင်း၊ ဗက်တီးရီးယားနှင့် မှိုရောဂါတို့မှ ကာကွယ်ပေးခြင်း စသဖြင့် သနပ်ခါး၏ သဘာဝ အရည်အသွေးတို့ကို ကြော်ငြာမောင်းခတ်ကာ ဈေးကွက်တင်နေခြင်း ဖြစ်သည်။

“မိတ်ကပ်ကတော့ ကြာလာရင် အရေမာတွေ၊ အရေတွန့်တွေ ဖြစ်လာတယ်။ အမျိုးသမီးတွေဆိုရင် ကြီးလာရင် ပါးရေနားရေတွေ တအားတွန့်လာတယ်။ အသားဖြူတဲ့ သူတွေဆိုရင် ပိုသိသာတယ်။ သနပ်ခါးက အဲဒီလိုမဖြစ်ဘူး” ဟု သနပ်ခါးတုံး ရောင်းသူအဖြစ် ခုနစ်နှစ်ခန့်ကြာ လုပ်ကိုင်လာသူ ဦးလွင်အေးက ဆိုသည်။

ဧပြီလကမူ အထက်ပါ မူပိုင်ခွင့်ကိစ္စသည် ပျက်ပြယ်ပြီး ဖြစ်သည်ဟု အထက်ပါကိစ္စကို ကန့်ကွက်ခဲ့သော လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ်သူများအသင်း မန္တလေးသို့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ပြန်လည် တုံ့ပြန်ထားခဲ့သည်။ မြန်မာ့ သနပ်ခါးမှာ သဘာဝအရ အရည်အသွေးကောင်း ပြီး ဖြစ်သည်။ သဘာဝအရည်အသွေးကို ထင်ရှားအောင် မြန်မာများ သွေးပြဖို့ လိုသည်။ မြန်မာများ မသွေးနိုင်ပါက ဂျပန်များ သွေးသွားပေလိမ့်မည်။

ဉာဏ်မျိုးအောင်



Saturday, August 16, 2014

အင်ဂျင်နီယာ နှလုံးသားဖြင့် နားကြပ်ကိုင်နေရသူများ


Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/society/item/1991-ejn
  
“ငယ်ငယ်က အိပ်မက်ကို ပြောမယ် ဆိုရင်တော့ အင်ဂျင်နီယာ လုပ်ချင်တာ။ ဒါပေမဲ့ . . .”
သူ့အိပ်မက်ကို ရင်ဖွင့်နေသူမှာ စကားသွက်သွက် ပြောတတ်သူ ဒေါက်တာကျော်စွာအောင် ဖြစ်သည်။
တရုတ်သွေးပါသူမို့ အသားအရေ ဖြူသည်။ ပုလင်းဖင်လောက် နီးနီးထူသော ပါဝါမျက်မှန်တစ်လက်က
သူ့မျက်နှာတွင် အမြဲနေရာယူထားတတ်သည်။ စကားတစ်ပိုင်းတစ်စ ပြောနေရင်းမှာပင် ဖန်သားထူထူ
မျက်မှန်နောက်မှ သူ့မျက်လုံးတွေမှာ အတိတ်ဆီသို့ ပြေးလွှားနေဟန် တူသည်။ ကလယ်ကလယ် နိုင်
လှသည်။

“တကယ်လို့ ဟိုအရင်ခေတ်ကလို RIT၊ MIT တို့လို (စက်မှုတက္ကသိုလ်ကျောင်းတွေ) ရှိလို့ရှိရင် တက်ဖြစ်
တယ်” ဟု ၂၀၀၅ ခုနှစ် ဝန်းကျင်လောက်က တက္ကသိုလ်ဝင်တန်း အောင်ခဲ့သူ ဒေါက်တာကျော်စွာအောင်
က ပြောပြသည်။

ထိုအချိန်က စက်မှုတက္ကသိုလ်ကျောင်းများ၏ နေရာတွင် အစိုးရနည်းပညာတက္ကသိုလ် (Government
Technical University-GTU) များဖြင့် အစားထိုးလိုက်ပြီ ဖြစ်သည်။ ယင်းနည်းပညာ တက္ကသိုလ်များမှာ
အင်ဂျင်နီယာ ဘာသာရပ် သင်ကြားလိုသော သူ၏ မျှော်မှန်းချက်များနှင့် မကိုက်ညီပေ။ တက္ကသိုလ်အဖြစ်
စဖွင့်သည်မှာ မကြာသေးသဖြင့် စာကြည့်တိုက်ပင် မရှိသေးသော အစိုးရနည်းပညာတက္ကသိုလ်ကို မတက်
ရန် ဆုံးဖြတ်လိုက်သည်ဟု သူက တက္ကသိုလ်ရွေးချယ်ပုံကို ပြန်ပြောသည်။

ယင်းကြောင့် သူက ဆေးတက္ကသိုလ်ကို လွယ်လွယ်ကူကူ ရွေးချယ်လိုက်ခြင်း မဟုတ်ပါ။ ဝါသနာ ပါလှသော
နည်းပညာတက္ကသိုလ် တက်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်ရပြီးနောက် ဝိဇ္ဇာသိပ္ပံ ဘာသာရပ်များကို လှည
့်ကြည့်ပါသေးသည်။ ဘာသာရပ်တစ်ခုကို မှတ်စုတို (Notes) စာအုပ်လေးများဖြင့် သင်ပေးပြီး စာမေးပွဲနီးမှ
Spo မေးခွန်းများကိုကျက်ပြီး ဖြေရသော ဝိဇ္ဇာသိပ္ပံ ပညာသင်ကြားရေးမှာလည်း သူ့အတွက် ဆွဲဆောင်မှု မရှိလှပါ။

ယင်းအပြင် သိပ္ပံပညာရပ်များ ဖြစ်သော ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များမှာလည်း ဘွဲ့ယူပြီးပါက အပြင်လောကတွင် ပညာရပ်နှင့် အပ်စပ်သော အလုပ်အကိုင် မရှိပါ။ ယင်းဘာသာရပ်ကို မဟာဘွဲ့အထိ သင်ယူပြီး တက္ကသိုလ်တွင် ကျူတာဆရာ ပြန်လုပ်ရန် အခွင့်အလမ်း တစ်ခုသာ ရှိသည်။ ပညာရပ်နှင့် အပ်စပ်သော အခြားရွေးချယ်စရာ အလုပ်အကိုင်မှာ မရှိလှဟု သူက ရှင်းပြသည်။ သို့နှင့် ရွေးချယ်စရာ ရှားပါးလှသော မြန်မာနိုင်ငံပညာရေးတွင် ကြီးပြင်းလာရသော သူမှာ အဆိုးဝါးဆုံးများအနက် အကောင်း ဆုံးဖြစ်သော ဆေးတက္ကသိုလ်သို့ တက်ရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။

“အဲဒီတုန်းကလည်း ပညာတစ်ခုကို တတ်ချင်လို့ လှိုက်လှိုက်လှဲလှဲ တက်တာထက်စာရင် နောက်ဆုံး တက်စရာမရှိလို့ ရွေးချယ်ပြီးမှ တက်လိုက်ရတယ်” ဟု ဒေါက်တာကျော်စွာအောင်က ဆိုသည်။

ရွေးချယ်စရာ ရှားပါးလှသော ပညာရေးစနစ်ကြောင့် ကမောက်ကမ ဖရိုဖရဲ ဖြစ်သွားရသော ကျောင်းသား ဇာတ်လမ်းမျိုးစုံလည်း ရှိပါသေးသည်။ ယင်းတို့အနက် ဆေးတက္ကသိုလ် လာတက်သော မော်လမြိုင်မြို့သား တစ်ယောက် အကြောင်းကို ဒေါက်တာကျော်စွာအောင်က တစ်ဆင့်ပြောပြသည်။ ယင်းမော်လမြိုင် မြို့ သားမှာ ဆယ်တန်းကို အမှတ်ကောင်းကောင်းဖြင့် အောင်သဖြင့် မိဘဆွေမျိုးများက ဆေးတက္ကသိုလ် တက်ခိုင်းသည်။ အသိုင်းအဝိုင်း ဖိအားကြောင့်သာ ဆေးတက္ကသိုလ်သို့ ရောက်လာသော်လည်း သူ အမှန်တကယ် ဝါသနာပါသည်မှာ ရူပဗေဒ ဖြစ်သည်။ သို့ဖြင့် ဝါသနာ မပါသော ပညာကို ဇွတ်သင်
ယူရသဖြင့် ဆေးပညာ ဘာသာရပ်များတွင် စာမေးပွဲ ခဏခဏကျပြီး နှစ်ကာလ အတော်ကြာမှ ဘွဲ့ရသွား သည်ဟု ဆိုသည်။

ပညာရေးတွင် ရွေးချယ်စရာအကန့်အသတ်ကြောင့် ဆေးတက္ကသိုလ်သို့ ရောက်လာသော နောက်ထပ်
ကျောင်းသား တစ်ဦးမှာ မကွေးဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား ကိုဇင်မျိုးေ အာင် ဖြစ်သည်။

“ဆေးကို မတက်ချင်ပါဘူး။ ငယ်ငယ်က ဆရာမတွေကိုတောင် ပြောသေးတယ်။ ဆယ်တန်းအောင်လို့ အမှတ်မီရင်တောင် ဆေးမတက်ဘူး ဘာညာပြောသေးတယ်။ ဆရာမတွေက အဲဒီတုန်းကတော့ အမှတ်မမီနိုင်လို့ လျှောက်ပြောတာ ပြောသေးတယ်။ ဒါပေမဲ့ ဆယ်တန်းအောင်တော့ အမှတ်များတော့ အိမ်က ဆေးတက်စေချင်တယ်” ဟု ၎င်းကဆိုသည်။

သူကလည်း ဒေါက်တာကျော်စွာအောင် နည်းတူပင် စက်မှုတက္ကသိုလ် တက်ချင်သူ ဖြစ်သည်။ အစိုးရ နည်းပညာကောလိပ် (GTC) မှာ သူတက်ချင်သော စက်မှုတက္ကသိုလ်နှင့် မတူသဖြင့် မရွေးခဲ့ပေ။ ဝိဇ္ဇာသိပ္ပံ ဘာသာရပ်များကို တက်ရောက်ဖူးသူများ၏ ပြောစကားများအရ သင်ကြားပုံမှာ သူ့အဖို့ သဘောကျစရာ မရှိဟု ဆိုသည်။ သို့နှင့် သူလည်း ရွေးချယ်စရာ ရှားပါးလှသော မြန်မာနိုင်ငံပညာရေးတွင် အကောင်းဆုံး ဆိုနိုင်သော ဆေးတက္ကသိုလ်သို့တက်ရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား ကိုသက်နိုင်ဦးကလည်း သူနှင့် သိကျွမ်းသော စီနီယာဆေးကျောင်း သား တစ်ယောက်၏ ဇာတ်လမ်းကို ပြောပြပါသည်။ မုံရွာမြို့မှ ဆေးပညာ လာသင်သော ယင်းကျောင်း သားမှာ ကျောင်းဆရာအလုပ်ကို ဝါသနာပါသူဟု ဆိုသည်။ သို့သော်လည်း ဝါသနာ မပါလှသော ဆေး တက္ကသိုလ်သို့ ရောက်လာရာ ဆေးပညာဘွဲ့ ရလုရခင် နောက်ဆုံးနှစ် အပိုင်း (ခ) အတန်းမှာပင် ကျောင်း တက် မမှန်သဖြင့် ကျောင်းထွက်သွားရသည်ဟု ဆိုသည်။

ကိုသက်နိုင်ဦး ကိုယ်တိုင်လည်း ဆေးပညာကို ဝါသနာပါသဖြင့် ဆေးတက္ကသိုလ်တက်ရန် ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။ ပညာရေးတွင် ရွေးချယ်စရာ အကျပ်အတည်းနှင့် မိဘများ၏ စိတ်ဆန္ဒကြောင့်သာ ဆေးတက္က သိုလ်သို့ ရောက်လာရသည်ဟု ဆိုသည်။ သူ အမှန်တကယ် တက်လိုသော ကျောင်းမှာ စက်မှုတက္ကသိုလ် ဟု ဆိုပါသည်။ သို့သော် စက်မှုပညာရပ် သင်ကြားပေးသော နည်းပညာတက္ကသိုလ်များတွင် သင်ထော က်ကူပစ္စည်း တစ်ခုကို ကျောင်းသားအများစုက ဝိုင်းသုံးနေရပုံ၊ ဝိဇ္ဇာသိပ္ပံ အတန်းများတွင်လည်း Lab ခန်း(ဓာတ်ခွဲစမ်းသပ်ခန်းများတွင် ဆရာလုပ်ပုံကိုသာ ကြည့်ပြီး မှားမှားမှန်မှန် ကူးယူကျက်မှတ် ဖြေဆိုေ နရပုံတို့ကို ကြည့်ပြီး ဆေးတက္ကသိုလ်တက်ရန် ရွေးချယ်ခဲ့ရခြင်း
ဖြစ်ပါသည်။

မြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးစနစ်ကို ဖြတ်သန်းနေရသူများမှာ ဘွဲ့ထူးဂုဏ်ထူးဖြင့် ဝါကြွားလိုသော ရည်ရွယ်ချက်ကြောင့်သာ ဆေးတက္ကသိုလ်သို့ ရောက်ရှိလာကြခြင်းဟု ပြောဆိုနိုင်မည် မဟုတ်ပါ။ တက္ကသိုလ် ပညာရေးစနစ်၏ ရွေးချယ်စရာ အကျပ်အတည်းကြောင့်သာ  ဆေးတက္ကသိုလ်ကို ရွေး ချယ်လိုက်ရသူက များပါ သည်။ အခြားသော တက္ကသိုလ်များနှင့် ဝိဇ္ဇာသိပ္ပံ ပညာရပ်များမှာလည်း သင်ကြားရေးနှင့် သင်ထောက်ကူပိုင်းတွင် အဆင့်မြင့်သည်ဆိုပါက အမှတ်ကောင်းသော ကျောင်းသား တိုင်း ဆေးတက္ကသိုလ် တစ်ခုတည်းသို့ ပြုံတိုးနေမည် မဟုတ်ပါ။ ဝါသနာ အခြေပြုကာ ရွေးချယ်သူ များ ပေါ်လာပါလိမ့်မည်။

ယခင် အာဏာရှင်အစိုးရ လက်ထက်တွင် ပညာရေးမှာ ကမောက်ကမ ဖြစ်ခဲ့ရသည်ဆိုလျှင် အရပ်သားအစိုးရ သက်တမ်း လေးနှစ်ရှိပြီ ဖြစ်သော လက်ရှိ သမ္မတဦးသိန်းစိန်၏ အစိုးရ လက်ထက်တွင်ကော တက္ကသိုလ်ပညာရေးတွင် ရွေးချယ်စရာများ ရှိလာပြီလောဟု မေးစရာ
ရှိပါသည်။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား ကိုသက်နိုင်ဦးကမူ သူ့အမြင်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြပါသည်။

“အခုခေတ်လည်း ဆယ်တန်းအောင်ပြီး ရွေးချယ်စရာက မရှိသေးဘူးလို့ ထင်တာပဲ။ GTC တို့ ဘာတို့ကလည်း ပြန်တက်ချင်လောက် အောင်မြင်ရဖို့ နေနေသာသာ၊ ကျောင်းထဲမှာ သူငယ်ချင်းတွေ ရှိပါတယ်၊ သူတို့မှာလည်း သင်ထောက်ကူပစ္စည်း တစ်ခုတည်းကို အများ ဝိုင်းသုံးနေရတယ်လို့ ပြော
တယ်”

သို့ဖြစ်ရာ အင်ဂျင်နီယာ နှလုံးသားဖြင့် နားကြပ်ကိုင်နေရသော ဆရာဝန်များ မွေးထုတ်ပေးနေသည့် ပညာရေးစနစ်ကို ပြပါဆိုလျှင် မြန်မာနိုင်ငံပညာရေးစနစ်ကိုသာ လက်ညှိုးတည့်တည့် ထိုးပြရမည် ဖြစ်ပေ သည်။

ဉာဏ်မျိုးအောင်

Friday, August 1, 2014

ကုန်သည်ဝါဒီ တောမတ်စ်မွန်း (Thomas Mun, ၁၅၇၁--၁၆၄၁)

Translated by ဥာဏ်မျိုးအောင်

တောမတ်စ်မွန်းမှာ ကုန်သည်ဝါဒီများဟု အမည်တွင်သည့် ၁၇ ရာစုဗြိတိန် ကုန်သည်စီးပွားရေး ပညာရှင်အဖွဲ့မှ လူသိ အများဆုံးနှင့် ရိုသေလေးစားမှု အခံရဆုံး အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ အင်္ဂလန်အနေနှင့် စီးပွားရေးအရ ကြွယ် ဝလာစေရန် ကုန်သွယ်မှုအပိုတန်ဖိုးရအောင် ဆောင်ရွက် ရမည်ဟု ယင်းအဖွဲ့က အဆိုပြုသည်။ မွန်းရှင်းပြသကဲ့သို့ပင်-

“ကျွန်ုပ်တို့၏ ဓနနှင့်ဥစ္စာကို တိုးပွားစေရန် သာမန်နည်းလမ်း တစ်ခုမှာ နိုင်ငံခြားကုန်သွယ်ရေး (Forreign Strangers) ဖြစ်သည်။ ဤနေရာတွင် နိုင်ငံခြားသားများ (Stranger) ထံမှ ကျွန်ုပ်တို့ ဝယ်ယူစားသုံးမှုထက် နိုင်ငံခြား သားများထံ ကျွန်ုပ်တို့ ရောင်းချမှုမှာ တန်ဖိုးအားဖြင့် နှစ်အ လိုက်ပိုနေရမည်ဆိုသော စည်းမျဉ်းကို ကျွန်ုပ်တို့ အစဉ် မပြတ် လိုက်နာရမည် ဖြစ်သည်။ ကျွန်ုပ်တို့ထံ ကုန်ပစ္စည်းဖြင့် ပြန်လည် ပေးချေခြင်းမပြုသော ယင်းပိုငွေ (နှစ်အလိုက် ကုန်သွယ်မှုပိုငွေ) ကို အဖိုးတန် ဥစ္စာတို့အသွင်ပြောင်းကာ ပြည်တွင်းသို့ ယူဆောင်လာရမည်။

မွန်း၏ဘဝနှင့် ပတ်သက်၍ အနည်းအကျဉ်းသာ သိရသည်။ သူ့အဘိုးမှာ တော်ဝင်ဒင်္ဂါးစက်ရုံ (Royal Mint) တွင် အလုပ်လုပ်ပြီး သူ့ဖခင်မှာ အထည်အလိပ် ကုန်သည်တစ်ဦး ဖြစ်သည်။ မွန်းကိုယ်တိုင်ပင်လျှင် အစော ပိုင်းက ကုန်သည်တစ်ယောက်ဖြစ်ပြီး အီတလီနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ကာ ဓနဥစ္စာ အမြောက် အမြားကို မြန်မြန်ဆန်ဆန် စုဆောင်းနိုင်ခဲ့သည်။ နောက်ပိုင်းတွင် အရှေ့ဖျား (Far East) ဒေသနှင့်ကုန် သွယ်နေသည့် ဗြိတိန်ဖက်စပ် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် အရှေ့အိန္ဒိယကုမ္ပဏီ (East India Company) ထဲ ပါဝင်ပတ်သက်လာသည်။ ၁၆၁၅ ခုနှစ်တွင် သူ့ကို အရှေ့အိန္ဒိယကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် ရွေးေ ကာက် တင်မြှောက်ခဲ့ပြီး သူ့ဘဝတစ်သက်လုံး ယင်းတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဓနဥစ္စာနှင့် လူမှုရေး ဂုဏ်ပုဒ်တို့ကို ပိုင်ဆိုင်ထားသော မွန်းကို မြောက်မြားလှစွာသော ဗြိတိန်ကော်မတီနှင့် ကော်မရှင်များတွင် ခန့်အပ်ခံရသည်။ ယင်းကော်မရှင် အများစုမှာ ကော်မရှင်အဖွဲ့ဝင်တို့၏ နာမည်စာရင်းရှည်ကြီးထဲတွင် မွန်းနာမည်ပါဝင်သော အစီရင်ခံစာများ ထုတ်ပြန်ခဲ့ကြသည်။ သို့သော် မွန်းကိုယ်တိုင်မှာ စီးပွားရေးစာ တမ်း နှစ်စောင်သာ ရေးသားခဲ့သည်။

သူ့ပထမစာတမ်း (မွန်း ၁၆၂၁)မှာ အရှေ့အိန္ဒိယ ကုမ္ပဏီကိုဝေဖန်သည့် ဝေဖန်ရေးသမားများကို ချေပထား သည်။ ဝေဖန်ရေးသမားများက ကုမ္ပဏီအနေနှင့် (ဟင်းခတ် အမွှေးအကြိုင်များနှင့် ဖလှယ်ရန်) ရွှေနှင့် ငွေ တို့ကို အရှေ့တိုင်းသို့ တင်ပို့နေရာ အဖိုးတန် ကျောက်မျက်ရတနာတို့ ဆုံးရှုံးမှုမှာ ဗြိတိန်နိုင်ငံ၏ စီးပွားရေး ကို ထိခိုက်စေသည်ဟု ဆိုသည်။ ကုန်သွယ်ရေး စစ်တမ်းမှာမူ (A Discourse of Trade) အယူအဆအာြး ဖင့် ကုန်သည်ရေးဝါဒ မဆန်လှပါ။ ကုန်သွယ်မှု အပိုတန်ဖိုးနှင့် ရွှေစုဆောင်းမှုကို ထောက်ခံအကြံပြုခြင်း ထက် မွန်းမှာ အရှေ့အိန္ဒိယ ကုမ္ပဏီကို အထောက်အပံ့ပြုရန် သူစဉ်းစားလို့ရသမျှ ဆွေးနွေး ငြင်းခုံချက် များကို တင်ပြထားခြင်း ဖြစ်သည်။

ခြိုးခြံချွေတာခြင်း၊ သုံးစွဲမှုထက် ပိုမိုငွေရှာခြင်းတို့ဖြင့် မိသားစုများ ကြွယ်လာခြင်းသည်ပင်လျှင် နိုင်ငံမျာြး ကွယ်ဝလာရခြင်းနှင့် တူညီသော အကြောင်းတရား ဖြစ်ကြောင်း မွန်းက အခိုင်အမာ ဆိုသည်။ ထို့တူ ပင် နိုင်ငံများနှင့် မိသားစုများမှာ အလွန်အကျူး သုံးစွဲခြင်းဖြင့် ဆင်းရဲလာရသည်။ ဤအတိုင်းပင်၊ အရှေ့ အိန္ဒိယကုမ္ပဏီအနေနှင့် ငွေရှာနေသရွေ့ ဗြိတိန်နိုင်ငံကို ပိုမဆင်းရဲစေနိုင်ဟု မွန်းက ဆင်ခြေတက်သည်။
နောက်ထပ်ချေပချက်တစ်ခုမှာ အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ခြင်းသည် ဗြိတိန်နိုင်ငံ၏ ပို့ကုန်များအတွက် ဈေး ကွက်တစ်ခုရသည်ဟု မွန်းက ခုခံပြောဆိုသည်။ ယင်းအပြင် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ခြင်းဖြင့် တူရကီနှင့် ကုန်သွယ်ရေးကို စွန့်လွှတ်နိုင်သဖြင့် ဗြိတိန်နိုင်ငံအတွက် ကောင်းကျိုးပြုသည်။ ကုန်ပစ္စည်း အတူတူကိုပင် တူရကီနိုင်ငံမှ တင်သွင်းပါက ဗြိတိန်နိုင်ငံအဖို့ ကုန်ကျစရိတ် ပိုမိုမြင့်မားလိမ့်မည်ဟု မွန်းက ထောက်ပြ သည်။

နောက်ဆုံးတွင် မွန်းဆင်ခြေတက်သည်မှာ ဇိမ်ခံပစ္စည်း တင်သွင်းမှုတိုင်းသည် စီးပွားရေးထိခိုက်မှု မရှိနိုင်ဟု ဆိုသည်။ တင်သွင်းကုန်အချို့ကို ဗြိတိန်ကုမ္ပဏီတို့က အဆင့်မြှင့်တင်ပြီး ပြန်လည် တင်ပို့နိုင်သည်။ ဤ နည်းဖြင့် ဗြိတိန်နိုင်ငံတွင်းသို့ အဖိုးတန် ကျောက်မျက်ရတနာများ အသားတင် ဝင်ရောက်လာစေမည်။ ယေ ဘုယျအားဖြင့် အရှေ့အိန္ဒိယကုမ္ပဏီ တင်သွင်းလာသည့် ကုန်ပစ္စည်းတို့မှာ ဗြိတိန်ပို့ကုန်သမားများ လို အပ်သည့် ကုန်ပစ္စည်းများ ဖြစ်သည်ဟု မွန်းက အခိုင်အမာ ဆိုသည်။

ယင်းစစ်တမ်းက မွန်းကို အရှေ့အိန္ဒိယ ကုမ္ပဏီအတွက် ရှေ့နေလိုက်ပေးသူအဖြစ် ထင်မြင်စေသော်လည်း သူသေပြီးနောက်ပိုင်း ထုတ်ဝေသည့် (၁၆၆၄) ဒုတိယမြောက်စာအုပ်ကမူ မွန်းကို အရေးပါသော ကနဦး စီးပွားရေး အတွေးအခေါ်သမား တစ်ယောက်အဖြစ် လက်ခံလာစေသည်။ နိုင်ငံခြား ကုန်သွယ်ရေးဖြင့် အင်္ဂလန်၏ရတနာ (England's treasure by Forraign Trade) စာအုပ်နှင့်ပတ်သက်၍ မှတ်သားဖွယ် အကောင်းဆုံးမှာ ပိုမိုကျယ်ပြန့်သော အတွေးအမြင် ဖြစ်သည်။ မွန်းအနေနှင့် အရှေ့အိန္ဒိယ ကုမ္ပဏီကို ကာကွယ်ချေပရန် ကြိုးစားခြင်း မရှိတော့ပေ။ ယင်းထက် သူသည် နိုင်ငံတစ်ခုလုံးအနေနှင့် ရှု့ထောင့် ပြော င်းလဲလက်ခံလာသည်။ ကုန်သွယ်ရေးကို အရှေ့အိန္ဒိယ ကုမ္ပဏီဖြင့် ကုန်သွယ်ရေး ဆိုသည်ထက် အားလုံး ခြုံငုံမိသော ကုန်သွယ်ရေးကို တွေးခေါ်ယူဆလာသည်။

ပြီးတော့ နိုင်ငံခြားကုန်သွယ်ရေးမှာ ကုန်သွယ်မှု အပိုတန်ဖိုးကို ဦးတည်နေသရွေ့ နိုင်ငံတစ်နိုင်ငံကို ချမ်းသာစေသည်ဟု သူကအဆိုပြုသည်။ နိုင်ငံတစ်နိုင်ငံကို ကုန်သွယ်မှုအပိုတန်ဖိုး ဖန်တီးပေးနိုင်မည့် အကြောင်းအချက် တို့ကိုလည်း မွန်းအနေနှင့် စောကြောလာသည်။ နောက်ဆုံးတွင် ဗြိတိန် ခေါင်းေ ဆာင်များအနေနှင့် နိုင်ငံတော်ကုန်သွယ်ရေး အနေအထားကို တိုးတက်စေလိုသည့် ဆန္ဒရှိပါက အကောင် အထည် ဖော်နိုင်မည့် အဆိုပြုချက်တစ်စုံကို မွန်းကချပြသည်။

ကုန်သွယ်မှု အပိုတန်ဖိုး၏ အကျိုးကျေးဇူးကို ရှင်းလင်းတင်ပြသည့်အပြင် မွန်းမှာ ယင်းအပိုတန်ဖိုးကို အားပေးနိုင်ရန် လုပ်ဆောင်နိုင်ပုံကိုလည်း ရှင်းပြသည်။ ပထမအချက်မှာ ဈေးနှုန်းမူဝါဒ (Price Policy) ဖြစ်သည်။ မွန်းက ပို့ကုန်များကို အကောင်းဆုံးဈေးနှုန်းဖြင့် ရောင်းချလိုသည်။ ဒုတိယအချက်မှာ အရည်အသွေးမြင့် ကုန်စည်များကို ကမ္ဘာတစ်လွှားတွင် ပိုမိုလိုအပ်လာခြင်းက ဗြိတိန်နိုင်ငံအတွက် ပို့ကုန်များ ပိုမိုတင်ပို့ရေးဆီသို့ ဦးတည်စေလိမ့်မည်ဟု မွန်းက ရှင်းပြသည်။

နောက်ဆုံးအချက်မှာ၊ နိုင်ငံတော်အခွန်မူဝါဒ (National Tax Policy) က ကုန်သွယ်မှု အပိုတန်ဖိုးကို မည်ကဲ့သို့ ဖြစ်ပေါ်စေနိုင်ကြောင်း မွန်းက ရှင်းပြသည်။ (အမျိုးသား အကျိုးစီးပွားနှင့် ဆန့်ကျင်လျက်) အချို့ကုမ္ပဏီတို့မှာ ဇိမ်ခံကုန်စည်တို့ကို တင်သွင်းရန် လိုလားကောင်း လိုလားမည်ကို မွန်းက အသိအမှတ်ပြုသည်။

အသက်ရှင်နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော ကုန်စည်ဈေးနှုန်း မြင့်မားမှုသည် လုပ်အားခ မြင့် တက်စေသောအခါ ဗြိတိန်အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းမှာ ပြောင်းလဲမှုမရှိဘဲ သတ်မှတ် ကုန်စည်ခွန်ကို လူချမ်းသာများက ပေးဆောင်မည်။ လူချမ်းသာများအနေနှင့် ယင်းအခွန်ပေးခြင်းကို ရှော င်ရန် နည်းလမ်းနှစ်ခုသာ ရှိသည်။ သူတို့အနေနှင့် အလုပ်ကို အချိန်ကြာကြာနှင့် ပြင်းပြင်းထန်ထန် လုပ်နိုင် သည်။ သို့မဟုတ်ပါက သူတို့အနေနှင့် ဇိမ်ခံ ကုန်စည်စားသုံးမှုကို လျှော့ချနိုင်သည်။ မည်သည့်နည်းကို ရွေး သည်ဖြစ်စေ နိုင်ငံအနေနှင့် အကျိုးဖြစ်ထွန်းစေမည်ဟု မွန်းကဆိုသည်။

သို့သော် အစိုးရအနေနှင့် အခွန်ဘဏ္ဍာတွေ ကောက်ခံပြီး အလွန်အကျူး ဖြုန်းတီးသုံးစွဲခြင်းကိုမူ မွန်းက မလိုလားပေ။ အခွန်အကောက်ငွေများကို စုဆောင်းထားမှသာ စစ်ပွဲများကဲ့သို့ နိုင်ငံတော် အရေးပေါ် ကိစ္စရပ်များတွင် အဆင်သင့်သုံးစွဲနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော်အနေနှင့် အခွန် ဘဏ္ဍာများကို အလွန်အကျူး စုဆောင်းမထားသင့်ပေ။ သို့မှသာ နိုင်ငံတော်၏ အရင်းအနှီး ထောက်ပံ့မှု မကျဆင်းပေမည်။ ကြားအဖြေအနေနှင့် မွန်းအဆိုပြုသည်မှာ နှစ်စဉ်ကုန်သွယ်မှု အပိုတန်ဖိုးနှင့် ညီမျှသော သုံးစွဲခြင်းထက်ပိုသော အခွန်ကိုသာ နိုင်ငံတော်အနေနှင့် စုဆောင်းသင့်သည်။

၁၈ နှင့် ၁၉ ရာစုနှစ်များအတွင်း မွန်းနှင့် ကုန်သည်ဝါဒကို အခြားစီးပွားရေး ပညာရှင်များက သဲသဲမဲမဲ ဝေ ဖန်လာသည်။ ကုန်သွယ်ရေး မညီမျှမှုတွေက အလိုအလျောက် ပြင်ဆင်တည့်မတ်သွားပုံကို David Hume က ရှင်းပြသည်။ Francois Quesnay နှင့်Adam Smith တို့ကလည်း ကုန်သွယ်ရေးဝါဒီများကို ပြင်းပြင်းထန် ထန် ဝေဖန်သည်။ စီးပွားရေး လုပ်ငန်းများအပေါ် အစိုးရ၏ စည်းမျဉ်း စည်းကမ်းတင်းကျပ်မှု လျော့နည်းမှ သာ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားကောင်းစေလိမ့်မည်ဟု ဆိုသည်။ နောက်ဆုံးတွင် ဒေးဗစ်ရီကာဒိုက လွတ်လပ်သော ကုန်သွယ်ရေးအတွက် အဆိုပြုချက်တစ်ခု တင်သည်။ ယင်းကုန်သည်ရေး ဝါဒီဆန့်ကျင်ရေး အမြင်များကို စီးပွားရေးပညာရှင်အများစုက အလေးအနက် စဉ်းစားလာကြသည်။

သို့သော်လည်း ၂၀ ရာစုတွင် ကုန်သွယ်ရေးဝါဒီများ၏ စဉ်းစားပုံ တစ်ခေတ်ပြန်ဆန်းလာသည်ကို ကြုံရ သည်။ ကုန်သွယ်မှု အပိုတန်ဖိုးက ဖြစ်ပေါ်စေသော ဝယ်လိုအားက စီးပွားရေး တိုးတက်မှုကို မြှင့်တက်ေ စကြောင်း အသိအမှတ် ပြုထားခြင်းအတွက် ကုန်သွယ်ရေးဝါဒီများကို ဂျွန်မေနက်ကိန်းက (John Maynard Keynes) က ချီးကျူးသည်။ နိုင်ငံများအနေနှင့် ကုန်သွယ်မှု အပိုတန်ဖိုးကို ဖြစ်ပေါ်စေခြင်းဖြင့် ကိုယ့်နိုင်ငံ သားများအတွက် ဝင်ငွေနှင့် အလုပ်အကိုင်ကို ဖန်တီးပေးနိုင်သလို ကုန်သွယ်မှု အပိုတန်ဖိုးကြောင်း စီးဝင်လာသော ငွေတို့ကိုလည်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရာတွင် အသုံးပြုပေလိမ့်မည်ဆိုသော အယူအဆနှင့် ပတ်သက်၍ ကုန်သွယ်ရေးဝါဒီများကို ] ‘Notes on Mercantilism’ ခေါင်းစဉ်ဖြင့် ၁၉၃၆ ခုနှစ်ထုတ်ကိန်း၏ အထွေထွေသီအိုရီ (General Theory) စာအုပ် အခန်း (၂၃) တွင် အသိအမှတ်ပြု ထားသည်။

သို့သော် ကုန်သွယ်ရေးဝါဒီ စစ်တမ်းများနှင့် ပတ်သက်၍ အပြင်းအထန် ထောက်ခံမှုကို အာရှတွင် တွေ့နိုင် စရာ ရှိသည်။ ၂၀ ရာစု ဒုတိယနှစ်ဝက်အတွင်း ဂျပန်စီးပွားရေးအောင်မြင်မှုမှာ ရည်ရွယ်ချက်အားဖြင့် ကုန်သွယ်ရေးဝါဒ မဟုတ်လျှင်သော်မှ အနှစ်သာရအားဖြင့် ကုန်သွယ်ရေးဝါဒဖြစ်သော စီးပွားရေးမူဝါဒ များ၏ အထောက်အကူဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်အစိုးရသည် အဆင့်မြင့်ထုတ်ကုန် အရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ပေးသည်။ ယင်း စံချိန်စံညွှန်းများက ဂျပန်ကို အရည်အသွေးမြင့် ကုန်စည်များ ထုတ်လုပ်သူ ဖြစ်လာစေသည်။ ပြည်တွင်း ကုမ္ပဏီများကို ကုန်စည်တင်ပို့ရန် အားပေးပြီး တစ်ဖက်က သွင်းကုန်များကို တားမြစ်ရန် အကောက်ခွန်များနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို အသုံးပြုခြင်းဖြင့်လည်း စီးပွားရေးအောင်မြင်မှုကို ရယူခဲ့သည်။

ယနေ့အခါတွင် စီးပွားရေးပညာရှင်များက သူကို သိပ်စဉ်းစားခြင်း မပြုတော့သော်လည်း ပြီးတော့ သူ အနေနှင့် အထင်ကရရှာဖွေ တွေ့ရှိချက်အသစ်တို့ မလုပ်ခဲ့သော်လည်း မွန်းသည် စီးပွားရေးပညာရပ် သမိုင်းတွင် သမိုင်းချန်ရစ်ခဲ့နိုင်သည်။ ကုန်သွယ်မှု အပိုတန်ဖိုး ဖြစ်ပေါ်စေရန် အစိုးရစီးပွားရေး မူဝါဒကို အသုံးပြုရမည်ဆိုသော အယူအဆနှင့် စီးပွားရေး တိုးတက်ရန် နည်းလမ်းမှာ ပို့ကုန်လုပ်ငန်း တိုးတက် လာမှုဆိုသော အယူအဆတို့မှာ သူ၏ခိုင်မာသော တင်ပြချက်များအဖြစ် အသိအမှတ် ပြုရပေမည်။

(Steven Pressman ရေးသားသည့် Fifty Major Economists စာအုပ်ကို ဆီလျော်အောင် ပြန် ဆိုထားခြင်း ဖြစ်ပါသည်။)

ဉာဏ်မျိုးအောင်

Thursday, July 17, 2014

ထန်းတက်သမား အလိုရှိသည်


Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/article/item/1207-htt


“ထန်းတက်ရတာ မလွယ်ပါဘူးကွာ။ အပင်အထက်အဖျား တက်ရတာ။ ငါဆို ထန်းပင်ပေါ်က လိမ့်ကျတာ နှစ်ခါရှိပေါ့၊ မသေလို့” ဟု ရေနံချောင်း-ချောက် ကားလမ်းပေါ်တွင် ရှိသော ထန်းတောတစ်တောမှ အသက် ၆၀ ခန့် ထန်းတက်သမား ဦးညီလေးက ညည်းညူသည်။

သူ အသက်သုံးဆယ် အရွယ်လောက်က မြေအိုးငါးလုံး၊ ခြောက်လုံးကို ခါးတွင်ချိတ်ပြီး ထန်းပင်တက်ရာ ထန်းနို့ဖျားတွင် မြေအိုး (ဒေသအခေါ်မှာ မြူအိုးဖြစ်သည်) ချိတ်ရန်အတွက် ကလိုင်ထိုးပြီး ထန်းပင်ပေါ်တွင် အကျအနထိုင်စဉ် ကလိုင်ထိုးကာ ထိုင်နေသော ထန်းလက်ကွာကျပြီး ထန်းပင်ပေါ်က ပြုတ်ကျခဲ့သည်။
ထန်းပင်ပေါ်မှ လိမ့်ကျသည်ကို မည်သူမျှ ချက်ချင်းမသိပါ။

ထန်းရည်လာသောက်သော ကျောင်းသားတစ်ယောက်က တွေ့မှသာ ရေနံချောင်း ဆေးရုံကို ပို့ပြီး တစ်လလောက် ဆေးကုခဲ့ရသည်။ ထန်းပင်ပေါ်က လိမ့်ကျသဖြင့် ကိုယ်လက် မကျိုးပဲ့သော်လည်း အရမ်းအေးသော ရာသီတွင် ခါးနာသောဒဏ်ကို ခံစားရသည်ဟု ၎င်းက ခါးကို ပုတ်ရင်း ပြောပြသည်။

ထန်းတက်သမား လောကတွင် ဦးညီလေးကဲ့သို့ ထန်းတက်ရင်း ပြုတ်ကျသော ဖြစ်ရပ်မျိုးစုံ ရှိပါသည်။ သို့သော် လူတိုင်းမှာ ဦးညီလေးကဲ့သို့ ဘေးမသီရန်မခ ပြန်ကောင်းခဲ့သည်တော့ မဟုတ်ပါ။ အချို့ ထန်းတက်သမားတို့မှာ ထန်းပင်ပေါ်က ပြုတ်ကျပြီး သွေးထွက်လွန်သည့်အပြင် ဆေးရုံမှာလည်း ရွာနှင့် မိုင်ချီ ဝေးသဖြင့် အသက်ဆုံးပါးရသည်။ အချို့မှာ ထန်းပင်ပေါ်က ပြုတ်ကျပြီး ကျိုးသွားသော နံရိုးက အဆုတ်ကို ထိုးဖောက်သဖြင့် အသက်ပျောက်ရသော အဖြစ်မျိုးတွေလည်း ရှိပါသည်။ ထန်းပင်ပေါ် က ပြုတ်ကျဖူးသော ဦးညီလေးမှာ အသက်မသေသော်လည်း ယခင်ကကဲ့သို့ ထန်းမတက်နိုင်တော့ပါ။

“အခုကျ ထန်းပင်ကို လူငှားနဲ့ တက်ခိုင်းရတယ်” ဟု ဦးညီလေးက ဆိုသည်။

ယခင်က ထန်းပင် အငှားတက်သူသည် လုပ်အားခအတွက် တစ်ရက်တာ ထွက်သမျှ ထန်းရည်ကို ယူပြီး ထန်းပိုင်ရှင်ကို သုံးရက် သို့မဟုတ် လေးရက်အတွင်း ထွက်သမျှ ထန်းရည်ကို ပေးရသည်။ ယခု နောက် ပိုင်းတွင်မူ ထန်းတက်သမား ရှားပါးလာရာ ထန်းပိုင်ရှင်က တစ်ရက်တာ ထွက်သမျှ ယူလျှင် နောက်ရက်၌ ထွက်သမျှကို ထန်းပင်အငှားတက်သူကို ပေးရကြောင်း၊ တစ်ယောက် တစ်ဝက်ကြေးပုံစံ ပေးရကြောင်း ၎င်းက ရှင်းပြသည်။

ထန်းတက်သမား၏ လုပ်အားခ ဈေးကြီးလာခြင်းတွင် ထန်းတက်သမား ရှားပါးလာရခြင်းက အကြောင်း အရင်း တစ်ခုဖြစ်သည်။ ရွာတွင်ရှိသော လူငယ်လူရွယ် အများစုမှာ ယာအလုပ်၊ ထန်းအလုပ်ကို မလုပ်တော့ဘဲ ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများတွင် အလုပ်သွားလုပ်ကြသဖြင့် ထန်းတက်သမား ရှားပါးလာသည်ဟု ဦးညီလေး၏ ဇနီးအဘွား ဒေါ်အေးလှက ဆိုသည်။

“နယ်ထွက်လုပ်တာက သူတို့ကို လခနဲ့ ပေးရလား ဘာလားမသိဘူး။ ထန်းကတော့ ကနေ့စားဖို့ ကနေ့ ရတာပေါ့” ဟု ၎င်းကဆိုသည်။

ထန်းအငှားတက်သူ လိုအပ်သော မြေအိုး၊ ကြိုး၊ ဓားနှီးစသော ပစ္စည်းကိရိယာ မျိုးစုံကိုလည်း ထန်းပိုင် ရှင်ကပင် ဝယ်ပေးရသည်။ ထန်းရည်ကို ထန်းလျက် ကျိုလိုပါကလည်း ဒယ်အိုးနှင့် ထင်းကို ထန်းပိုင် ရှင်ကပင် တာဝန်ယူရသည်။ သို့သော် ထန်းလျက် ကျိုရောင်းသည်မှာ ထင်းရှာရ၊ မီးပူခံရဖြင့် ဒုက္ခများ
လှရာ ထန်းရည်ကိုသာ ရောင်းကြောင်း ဒေါ်အေးလှက ဖက်ဆေးလိပ်ဖွားရင်း ပြောသည်။

ထန်းရည်ရောင်းသည်မှာ ငွေမြန်မြန်ရပြီး ချက်ချင်း သုံးလိုက်သဖြင့် ငွေအဖတ် မတင်ဟု ဆိုသည်။ ထန်းလျက်မှာမူ ပိဿာချိန် တစ်ရာလောက်ကို တစ်ခါတည်း စုရောင်းသဖြင့် ငွေတစ်စု တစ်ခဲတည်း ရပြီး ဝယ်လိုသော ပစ္စည်းပစ္စယကို ဝယ်နိုင်ကြောင်း၊ သို့သော်လည်း ထန်းလျက်ဈေးမှာ တည်တည်ငြိမ်ငြိမ် မဟုတ်ဘဲ အပြောင်းအလဲ ရှိတတ်ကြောင်း ဦးညီလေးက ရှင်းပြသည်။

“ငါတို့ကတော့ မတတ်နိုင်ဘူး။ တစ်နေ့တာ ကိုယ့်စားဖို့ရာအတွက် ထန်းရည်ပဲ ရောင်းနေရတာ” ဟု
၎င်းက ရယ်သွမ်းသွေးလျက် ဆိုသည်။

သူ့ထန်းရည်ကို ရေနံချောင်း-ချောက် ကားမောင်းသော ကားဆရာများနှင့် လမ်းသွားလမ်းလာ ခရီးသည်တချို့ ဝင်သောက်တတ်သည်။ ရွာနီးချုပ်စပ် အချို့နှင့် ရေနံချောင်းမြို့ထဲမှ ဖောက်သည်
အဖြစ် လာဝယ်ကာ ပြန်ရောင်းသူများလည်း ရှိသည်။ သို့သော် ရာသီဥတု ပူပြင်းသော တပေါင်းနှင့် တန်ခူးလအတွင်းလောက်သာ ထန်းရည် ရောင်းကောင်းကြောင်း ၎င်းက ဆက်ပြောသည်။

“ရှေ့လျှောက်လေ ငါ့ခွင် မကိုက်လေပဲ။ မိုးရွာလာရင် ရောင်းမကောင်းတော့ဘူး။ ဆောင်းတွင်းကျ
လည်း အရက်ကိုပဲ အားစိုက်ကြတာလေ။ အခု တစ်မိုး နှစ်မိုး သည်းကြည့်။ ငါ့ဆီ လူမလာတော့ဘူး။ အရက်တွေပဲ သောက်ကြတော့မှာ” ဟု ဦးညီလေးက ဆိုသည်။

သူ့ထန်းရည်မှာ အချိန်အကြာကြီး ထားသော်လည်း ချဉ်စူးသွားခြင်း မရှိသဖြင့် ဖောက်သည်များက ကြိုက်ကြသည်ဟု ၎င်းကဆိုသည်။ အချို့ထန်းသမားများမှာ ထန်းရည်ကို ရေရော ရောင်းတတ်သ ည်။ ရေရောရောင်းသော ထန်းရည်မှာ ပုံမှန်သောက်သူများအဖို့ အရသာ မတွေ့သည့်အပြင် ကြာ ကြာထားပါကလည်း အချဉ်ဖောက်သွားတတ်သည်။

ဦးညီလေးမှာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်သော ယာခင်းနှင့်အတူ တွဲ၍ ထန်းပင် ၉၀ ခန့် ပိုင်ဆိုင်သည်။ အချို့ထန်းပင်တို့မှာ သူ့လက်ထက်တွင် သူကိုယ်တိုင် စိုက်ပျိုးထားသော ထန်းပင်များ ဖြစ်သည်။ ထန်းပင်တစ်ပင်ကို စိုက်လျှင် အနှစ် ၂၀ ကျော်မှ ထန်းရည် စထွက်ကြောင်း၊ မြေပွမြေအေးတွင်သာ ထန်းပင်သန်ပြီး မြေကြောမာတွင် ထန်းပင် ချည့်နဲ့ကြောင်း ၎င်းက ပြောသည်။

ထန်းပင်တန်း တစ်ခုကို လက်ညှိုးညွှန်းရင်း ဦးညီလေးက “ဒီနေရာ ဒီအပင်လေးတွေဆို ငါတို့ အိမ်ထောင်ကျခါကျမှ စိုက်တဲ့ အပင်လေးတွေ။ ဒီအတန်းတွေ ငါစိုက်တာတွေပဲ” ဟု ဆိုသည်။

ထန်းပင်တစ်ပင် ဖြစ်မြောက်ရန် နှစ်ပေါင်း အစိတ်လောက် ကြာသော်လည်း ယခုနောက်ပိုင်းတွင် ထန်းပင်ကို အပင်လိုက် ခုတ်ရောင်းလာသည်။ ကျောက်ပန်းတောင်းဘက်တွင်မူ ထန်းတက်သမား ရှားပါးလာသဖြင့် ထန်းပင်ကိုသာ အပင်လိုက် ခုတ်ရောင်းလာကြသည်။ ဦးညီလေးတို့နား တစ်ဝိုက်
တွင်မူ အပင်လိုက် ခုတ်ရောင်းသူများ မရှိဟု ဆိုသည်။ သို့သော် အပင်သက်တမ်း ကြာပြီး အလွန်မြင့် မားသဖြင့် ထန်းတက်သမား မတက်ချင်သော ထန်းပင်အချို့ကိုမူ အပင်လိုက် ခုတ်ရောင်းလိုက်သည်
ဟု ၎င်းက ပြောပြသည်။

အပင်လိုက် ခုတ်ရောင်းပါက ထန်းပင်တစ်ပင်ကို တစ်သောင်းကျော်ခန့်သာ ဈေးရပြီး အိမ်ဆောက် လိုသူများ လာဝယ်တတ်ကြောင်း ဦးညီလေးက ဆက်ပြောသည်။ ဒေသအချို့တွင် ထန်းတက်သမား ရှားသဖြင့် အပင်လိုက် ခုတ်ရောင်းပြီး ဦးညီလေးတို့မှာမူ ထန်းတက်သမား၏ လုပ်အားခကို တိုးပေးရ
သည်။ သို့နှင့်တိုင် လာမည့်နှစ်များတွင် ထန်းတက်သမား ရှားပါးသော ပြဿနာမှာ မည်မျှ ဆိုးဝါးလာ မည်ကို သိကြောင်း ၎င်းကဆိုသည်။

ထန်းတက်နိုင်သည့် လူငယ်လူရွယ်များမှာ အလုပ်အကိုင် ပေါသော မြို့ကြီးများသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ခြင်းဖြင့် ထန်းတက်သမား ရှားပါးလာခြင်း၊ ထန်းတက်သမား ရှားပါးလာသည်နှင့် အမျှ ငွေရရန်အတွက် ထန်းပင်တို့ကို အပင်လိုက် ခုတ်လှဲ ရောင်းချခြင်းတို့မှာ တစ်စတစ်စ ဖြစ်ပွား လာပြီ ဖြစ်သည်။ ထန်းတက်သမား ရှားပါးခြင်းသည် ထန်းပင်မျိုး တုံးတော့မည့် အစပေလော။

ထန်းပင်တို့ကို ကယ်တင်ရန် ထန်းတက်သမား အလိုရှိသည်။

ဉာဏ်မျိုးအောင်

Sunday, June 15, 2014

စွန်းဝူခုန်း - တရုတ်၏ ပါဝါအပျော့လော




Written by ဉာဏ်မျိုးအောင် Credit to www.thevoicemyanmar.com





















မြန်မာကလေးငယ် အများစု ယနေ့ခေတ်တိုင် နှစ်ခြိုက်စွာ ကြည့်ရှုနေဆဲ ဖြစ်သော အနောက်ဘက်
ခရီးစဉ် (Journey to the West) ဇာတ်ကားတွင် မျောက်မင်း စွန်းဝူခုန်းအဖြစ် သရုပ်ဆောင်သော
မစ္စတာ လျို့ရှောင်လင်းထုံသည် မေလကုန်ခန့်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ၎င်း၏ ခရီးစဉ်
တွင် ဒုတိယသမ္မတအပြင် မြန်မာပရိသတ် အချို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲနောက်ပိုင်း တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးနှင့် ပတ်သက်၍ မေးစရာ မေးခွန်း တစ်ခု ပေါ်လာသည်။ မျောက်မင်း စွန်းဝူခုန်းမှာ တရုတ်နိုင်ငံ၏ သံတမန်ရေးပါဝါ အပျော့လောဆိုေ သာ မေးခွန်းဖြစ်သည်။ အကယ်၍ တရုတ်၏ ပါဝါအပျော့ ဆိုပါက တရုတ်အစိုးရ အနေနှင့် အဘယ်
ကြောင့် သံတမန် ဆက်ဆံရေး နည်းလမ်းကို ပြောင်းလဲသွားရပါသနည်း။

တရုတ်အစိုးရ အနေနှင့် မြန်မာပြည်သူလူထု၏ တရုတ်ဆန့်ကျင်ရေး စိတ်များ နိုးထလာမှုကို စိုးရိမ် လျက်ရှိကြောင်း၊ မြန်မာပြည်သူလူထု၏ စိတ်တွင် ဖြစ်ပေါ်နေသော တရုတ်ဆန့်ကျင်ရေး စိတ်ကို ကုစားလိုပုံရကြောင်း နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင် ခေါင်းဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောပြဖူးသည်။

အရပ်သားအစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတို့မှာ နိုင်ငံတကာကျင့်ဝတ် စံနှုန်းနှင့် မညီသော တရုတ်နိုင်ငံပိုင် စီမံကိန်းလုပ်ငန်းတို့ကို ဆန့်ကျင် ဆန္ဒဖော်ထုတ်လာကြသည်။ ယင်းတို့အနက် အထင်ရှားဆုံး စီမံကိန်းအချို့မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိ န်းနှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတို့ ဖြစ်သည်။

ကြေးနီတောင် စီမံကိန်း ဆန္ဒဖော်ထုတ်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေချိန်ကမူ နိုင်ငံရေး အင်အားစုအချို့မှာ တရုတ်ဆန့်ကျင်ရေးနှင့် တရုတ်ပြည်တွင်းဖြစ် ကုန်ပစ္စည်း ဆန့်ကျင်ရေးအထိ ပင် ကြွေးကြော်ဖူးသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နှင့် ပတ်သက်
သော အထိမ်းအမှတ်ပွဲတစ်ခုတွင် ဦးသန့် အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သော ကျောင်းသားေ ဟာင်းကြီးတစ်ဦးက “တရုတ်နိုင်ငံထုတ် ပစ္စည်းများကို သပိတ်မှောက်ကြ” ဟုပင် ဟောပြော စည်းရုံးဖူးသည်။

အမှန်တကယ်တော့ ယင်းကဲ့သို့ ဆန္ဒပြမှုများ ပေါ်ပေါက်လာရခြင်းမှာ တရုတ်အစိုးရ၏ သံတမန် ဆက်ဆံရေး နည်းလမ်းကြောင့် ဖြစ်သည်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်က ထိုစဉ်က မြန်မာနိုင်ငံ
ဆိုင်ရာ တရုတ်သံအမတ်ကြီးက သတင်းမီဒီယာသမားအချို့နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ သံတမန်ရေးနည်းလမ်းကို ထုတ်ဖော် ပြောကြားဖူးသည်။

ထိုတွေ့ဆုံပွဲတွင် သတင်းသမားတစ်ဦးက တရုတ်အစိုးရ အနေနှင့် မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းေ ဆာင်များနှင့် ထိတွေ့ဆက်ဆံသော်လည်း ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများနှင့် အဘယ်
ကြောင့် ထိတွေ့ဆက်ဆံခြင်း မပြုသနည်းဟု မေးခွန်းထုတ်ဖူးသည်။ တရုတ်အစိုးရအနေနှင့် အလုပ်ဖြစ်ရေးကိုသာ ရှေးရှုသည်ဟု သံအမတ်ကြီးက ဖြေကြားခဲ့သည်။ ဤသည်ပင်လျှင် တရုတ်
စီးပွားရေးစီမံကိန်းများကို ဆန့်ကျင်ဆန္ဒ ဖော်ထုတ်လာရခြင်း၏ အကြောင်းတရားဟု ထင်ပါသည်။

ဒီမိုကရက်တစ်နိုင်ငံတစ်နိုင်ငံနှင့် သံတမန် ဆက်ဆံရေးတွင် ပြည်သူလူထု၏ ဆန္ဒနှင့် ထင်မြင်
ချက်တို့မှာ အဓိကကျကြောင်း တရုတ်အစိုးရအနေနှင့် နားလည် သဘောပေါက်လာသည်မှာ မြစ် ဆုံစီမံကိန်းကို ခေတ္တရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန် အမိန့်ထုတ်ပြန်ပြီး နောက်ပိုင်းတွင် ဖြစ်သည်။ ယင်းနောက်ပိုင်း တရုတ်နိုင်ငံတွင်လည်း ပြည်သူလူထု၏ ဆန္ဒကို အလေးထားမည်ဟု ပြောဆိုသော သမ္မတသစ် ရှီကျင့်ဖျင် တက်လာသလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရာထူးကိုလည်း သံအမတ်သစ် မစ္စတာယန်ဟို့လန်နှင့် အစားထိုးလိုက်သည်။

မစ္စတာယန်ဟို့လန် တရုတ်သံအမတ်ကြီး တာဝန်ယူပြီး မကြာခင်မှာပင် ၂၀၁၃ ခုနှစ် မြန်မာနှစ်
သစ်ကူး ဆုတောင်း စကားပြောရာ၌ မြန်မာနိုင်ငံတွင် အစိုးရသက်တမ်း ၂ နှစ်တာ ကာလအ တွင်း ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မူ ဝါဒကြောင့် တိုးတက်မှုများ မြင်တွေ့ရသည်ကို ဝမ်းမြော က်ပါကြောင်း ပြောကြားသည်။ မြန်မာအစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံေ
ကြာင်းကိုလည်း “မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ တိုးတက်မှုဟာ တရုတ်နိုင်ငံအတွက် အကျိုးရှိပါ
တယ်” ဟု ၎င်းက သွယ်ဝိုက် ပြောကြားခဲ့သည်။

၎င်းလက်ထက်မှာပင် မြန်မာနိုင်ငံရေးပါတီ ငါးပါတီကို တရုတ်နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်
ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီမှ ပေါလစ်ဗျူရို အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံပေးခဲ့သည်။ အတိုက် အခံ နိုင်ငံရေးပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ပါတီဝင်များကိုပင် တရု
တ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည်။ ယင်းသို့ သံတမန်ရေးနည်းလမ်း ပြောင်းလဲလာသည်မှာ ယခင်အစိုး
ရချင်း ဆက်ဆံရေးမှ လူထုဆက်ဆံရေးသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်နိုင်ကြောင်း သမ္မတရုံး ညွှန်
ကြားရေးမှူး ဦးဇော်ဌေးက ထိုစဉ်က မှတ်ချက်ပြုသည်။

ထို့ပြင် တရုတ်နှင့် မြန်မာလူထုအကြား တူညီသော ကိုးကွယ်ယုံကြည်မှုကို အခြေခံသည့် သံတ
မန်ရေး နည်းလမ်းတို့ကိုလည်း ကျင့်သုံးခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ Lingguang ဘုရားကျောင်းတွင် စံမြန်းသော ဂေါတမဗုဒ္ဓ၏ စွယ်တော်ပွား သုံးဆူကို မြန်မာနိုင်ငံသို့ ပင့်ဆော င်လှူဒါန်းခြင်း ဖြစ်သည်။ ယခုနှစ်တွင်လည်း မြန်မာလူထုနှင့် ရင်းနှီးကျွမ်းဝင်သော ဝူခုန်းမင်းသား ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

သေချာသည့် အချက်မှာ တရုတ်အစိုးရအနေနှင့် မြန်မာလူထုကို အလေးထားလာသည် ဆိုသော အချက်ဖြစ်သည်။ သို့ကြောင့်လည်း သံတမန်ရေး နည်းလမ်းကို ပျော့ပျော့ပျောင်းပျောင်း ကျင့်သုံး လာခြင်း ဖြစ်သည်။ သို့သော် တရုတ်အစိုးရ၏ သံတမန်ရေး နည်းလမ်းတို့မှာ ထင်သလောက် ထိရောက်မှု ရှိပါသလော၊ မြန်မာလူထု၏ ဦးနှောက်နှင့် အသည်းနှလုံးကို စည်းရုံး သိမ်းသွင်းနိုင်စွမ်းသော သံတမန်ရေးနည်းလမ်း သို့မဟုတ် ပါဝါအပျော့ ဟုတ်ပါသလောဟု မေးစရာရှိပါသည်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ထူးမခြားနားဟု ဖြေရပါလိမ့်မည်။
 
တရုတ်အစိုးရပိုင် Global Times သတင်းစာတွင် တရုတ်ဆောင်းပါးရှင် တစ်ဦးကမူ မြန်မာနိုင်ငံ ၏ နိုင်ငံရေးမူဝါဒများ အပေါ်တွင် အနောက်နိုင်ငံများက သြဇာသက်ရောက်နိုင်သည်မှာ ငွေကြေး အထောက်အပံ့များကြောင့် ဖြစ်ကြောင်း၊ တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံကို ငွေကြေးအကူအ
ညီများ ပိုမိုပေးသင့်ကြောင်း သုံးသပ် ရေးသားဖူးသည်။ ယင်းနောက်ပိုင်း မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းတချို့ကို ငွေကြေးထောက်ပံ့ခြင်းနှင့် ဒေသအချို့တွင် ကျောင်းဆောက်ပေးခြင်းတို့ကို တရုတ်အစိုးရက လုပ်ဆောင်ခဲ့သည်။ ယင်းမှာလည်း မြန်မာလူထု၏ ဦးနှောက်နှင့် အသည်းနှလုံးကို လှုပ်ခတ်နိုင်စွမ်း မရှိခဲ့ပါ။ 

တရုတ်အစိုးရ၏ သံတမန်ရေး နည်းလမ်းတို့မှာ အနာတခြား ဆေးတခြား ဖြစ်နေသည်။ မြန်မာလူထု အနေနှင့် အနောက်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များထက် ပိုမိုလိုလားသည်မှာ မြန်မာလူထုကို ငွေကြေး ဖောဖောသီသီ ထောက်ပံ့ပေးသောကြောင့် မဟုတ်ပါ။ ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံတကာ ကျင့်ဝတ်စံနှုန်းတို့ကို လေးစားလိုက်နာပါမည် ဆိုသော ၎င်း
တို့၏ ခံယူချက်၊ ကတိကဝတ်နှင့် တာဝန်ယူမှုတို့ကြောင့် လိုလားထောက်ခံခြင်း ဖြစ်ပါသည်။

တရုတ်အစိုးရအနေနှင့် မြန်မာလူထု၏ ဦးနှောက်နှင့် အသည်းနှလုံးကို ဆွဲဆောင် စည်းရုံးနိုင်သည့် သံတမန်ရေး ပါဝါအပျော့ကို အမှန်တကယ် ကျင့်သုံးလိုပါက ဤကျင့်ဝတ်၊ စံနှုန်းတို့ကို လေးစား လိုက်နာကြောင်း လက်တွေ့ပြသခြင်းသည်ပင် ထိရောက်သော သံတမန်ရေး ပါဝါအပျော့ ဖြစ်သည်။ ပါဝါအပျော့၏ သဘောသဘာဝအရ ရုပ်ပိုင်းဆိုင်ရာ မက်လုံးတို့ဖြင့် စည်းရုံးခြင်း မဟုတ်ဘဲ အများ တန်ဖိုးထားသည့် ကျင့်ဝတ်၊ စံနှုန်းတို့ဖြင့် ဆွဲဆောင်စည်းရုံးခြင်း ဖြစ်သည်။

လူအများ တန်ဖိုးထားသည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်၊ စံနှုန်းတို့ကို လေးစားလိုက်နာမည် ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်သော နိုင်ငံတကာရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အရေးယူသွားမည် ဖြစ်ကြောင်း တရုတ်ဘက်က ပြောကြားဖူးသည်။ ယခင်နှစ် ဧပြီလအတွင်း တရုတ်နိုင်ငံသို့ နိုင်ငံရေးပါတီ ငါးပါတီကို ဖိတ်ခေါ်စဉ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများတွင် ထည့်သွင်း ချုပ်ဆိုထားသော သဘောတူညီချက်များ ကို ဖောက်ဖျက်ခြင်းနှင့် စီမံကိန်းကြောင့် ဒေသခံများကို လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ရှိပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သံမှူးများ မှတစ်ဆင့် ကွန်မြူနစ်ပါတီသို့ တိုင်ကြားနိုင်သည်ဟု တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်
များက အကြံပြုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ပြောကြားဖူးသည်။ သို့သော် လက်ရှိအချိန်အထိ တရုတ်အစိုးရအနေနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုတို့ကို ခေါ်ယူစစ်ဆေး သတိပေးခြင်းမျိုး မတွေ့ရသေးပေ။

ပါဝါအပျော့မှာ ဆွဲဆောင် သိမ်းသွင်းနိုင်သော စွမ်းရည်ဖြစ်သည်။ ပါဝါအမာမှာ နိုင်ငံတစ်နိုင်
ငံ၏ စစ်အင်အား၊ စီးပွားရေး အင်အားတို့ကို သုံးလျက် အတင်းအကျပ် ဖိအားပေး လုပ်ဆောင်
စေနိုင်သော စွမ်းရည်ဖြစ်သည်။

ပါဝါအပျော့မှာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး အတွေးအခေါ်နှင့် မူဝါဒတို့ဖြင့် ဆွဲဆောင်ခြင်းဖြင့် ပေါ်ပေါက်လာကြောင်း ဟားဗတ်ကနေဒီကျောင်း ဟားဗတ်တက္ကသိုလ်
ဂုဏ်ထူးဆောင် ပါမောက္ခ ဂျိုးဇက်ညေးက သူရေးသားသော Soft Power: The Means to
Success in World Politics စာအုပ်တွင် ရေးသားဖူးသည်။ ပူးပေါင်း ဆောင်ရွက်မှုကို
အားပြုသော ပါဝါအပျော့မှာ အမိန့်ပေးမှုကို အားပြုသော ပါဝါအမာကဲ့သို့ပင် အရေးပါသည်။

နိုင်ငံတစ်နိုင်ငံအနေနှင့် အခြားသူများ၏ အမြင်တွင် ၎င်း၏ ပါဝါမှာ တရားနည်းလမ်းကျသည်ဟု ရှုမြင်အောင် လုပ်နိုင်လျှင် ၎င်း၏ အလိုဆန္ဒများကို ဆောင်ကြဉ်းရာတွင် အခုအခံ အနည်းအကျဉ်း
သာ ကြုံရလိမ့်မည်။ ယင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အိုင်ဒီအိုလော်ဂျီတို့က ဆွဲဆောင်မှု ရှိပါက အခြားသော နိုင်ငံများလည်း သူ့ဆန္ဒအလျောက် လိုက်နာကျင့်သုံးပေလိမ့်မည်။

တရုတ်တို့အနေနှင့် မြန်မာလူထု၏ ဦးနှောက်နှင့် အသည်းနှလုံးကို သိမ်းသွင်း စည်းရုံးလိုပါက မင်းသားစွန်းဝူခုန်းမှာ ထိရောက်သော သံတမန်ရေး ပါဝါအပျော့ မဟုတ်ပါ။

ဂျိုးဇက်ညေးကတော့ အောက်ပါအတိုင်း သုံးသပ်ထားသည်။

“တခြားသူတွေပါ လေးစားလက်ခံနိုင်တဲ့ မူဝါဒမျိုးကို နိုင်ငံတစ်နိုင်ငံက ကျင့်သုံးရင် အဲဒီမူဝါဒကို တခြားနိုင်ငံတွေကပါ လိုလိုလားလား လက်ခံလာတဲ့အတွက် နိုင်ငံတကာ နှုန်းစံတွေ ဖြစ်လာ မယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အသာစီးရလာမယ်”

သူ့အဆိုအရ ဆိုလျှင် နိုင်ငံတကာ ကျင့်ဝတ်၊ စံနှုန်းတို့ကို လေးစားလိုက်နာခြင်းသည်သာ အမှန်
တကယ် ထိရောက်မည့် ပါဝါအပျော့ ဖြစ်ပါကြောင်း။

ဉာဏ်မျိုးအောင်

အလင်းတော်လှန်ရေး

Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/article/item/561-al












“ရွာမှာ လျှပ်စစ်မီးရတော့ နွားတွေတောင် ထမင်းရည်ငတ်ကုန်ပြီ”

လျှပ်စစ်မီးကြောင့် လူနေမှုပုံစံ ပြောင်းလဲသွားခြင်းကို ရိုးရှင်းစွာ နားလည်အောင် ပြောပြသူ မှာ ရေနံချောင်းမြို့နယ် ပင်းဘုရားကုန်းရွာသား ကိုပိုင်စိုးဦး ဖြစ်သည်။ ရွာတွင် လျှပ်စစ်မီး
ရပြီးနောက်ပိုင်း မိသားစုအများစု ထမင်းပေါင်းအိုးများကို အသုံးပြုလာခြင်းကို သူက ဆိုလိုခြင်း
ဖြစ်သည်။

ယခင်က ထမင်းဟင်း ချက်ရန်အတွက် ထင်းမီးကို အားကိုးအားထား ပြုရသည်။ ထင်းကို
ပတ်ဝန်းကျင် အနီးအနားရှိ ရွာတချို့မှ အထမ်းသမားများက လာရောင်းတတ်သည်။ ထင်းမီးဖြင့် ထမင်းချက်သောအခါက ထမင်းရည်ရသည်။ ယင်းထမင်းရည်ကို မြေအိုးတစ်လုံးထဲ၌ ငှဲ့ထားပြီ
နွားစာ၊ ဝက်စာအတွက် ပြန်သုံးရသည်။ မကြာသေးမီက ပင်းဘုရားကုန်းရွာတွင် လျှပ်စစ်မီး
ရပြီးနောက်ပိုင်း လူနေမှုပုံစံမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထမင်းချက်ရန်အတွက် လူအများစုမှာ လျှပ်စစ်အသုံးပြုရသော ထမင်းပေါင်းအိုးများကို ဝယ်သုံး လာကြသည်။ ယင်းပေါင်းအိုးဖြင့် ထမင်းချက်သူ များလာသဖြင့် ထမင်းရည် မရတော့။ သို့အတွ က် နွားများပင် ထမင်းရည် ငတ်ကုန်ပြီဟု ကိုပိုင်စိုးဦးက ပြောပြခြင်း ဖြစ်သည်။

ချက်ပြုတ်ရေးအတွက် ထင်းကို အားထားရန် မလိုတော့သဖြင့် အကျိုးဆက်အားဖြင့် သစ်ပင် သစ်တော ပြုန်းတီးမှု နည်းပါးလာစရာ ရှိခြင်းပင်။ ပုံမှန်အားဖြင့် အနီးအနားဝန်းကျင် ရွာတချို့မှ
မနက်ခင်း ရွာဈေးတန်းသို့ လာရောင်းသည့် ထင်းအထမ်းသမားများကိုပင် မတွေ့ရတော့ပါ။ ယ
ခင်က ရွာထဲသို့ လှည့်လည် ရောင်းချသော ထင်းအထမ်းသမားများကိုလည်း မမြင်ရတော့ပါ။ လျှပ်စစ်မီးသည် ထင်းအထမ်းသမားတို့၏ ထမင်းအိုးကို ရိုက်ခွဲလိုက်သော်လည်း သစ်ပင်အချို့၏ အသက်ကိုမူ ကယ်တင်လိုက်သည်။

လျှပ်စစ်မီးမရသဖြင့် ရွာတစ်ရွာ၏ လူမှုစီးပွားရေးကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးခံနေရသော ရွာတစ်ရွာ
ကို နမူနာ ပြလိုပါသည်။ ယင်းရွာမှာ ပင်းဘုရားကုန်းရွာနှင့် အနည်းငယ်မျှသာ ဝေးသော ညောင်ပင် သာရွာ ဖြစ်သည်။ ယင်းရွာတွင် ထင်းအတွက် ဧရာဝတီမြစ်ကမ်းနား သစ်ပင်များ ခုတ်လှဲသဖြင့်
ရေကြီးခြင်း အကျိုးဆက်ကို ခံစားနေရသည်။ ကမ်းနားသစ်ပင်များ ပြုန်းတီးမှုကြောင့် ဧရာဝတီမြစ်
ရေနှင့် မိုးရွာသောအခါတွင် ပေါ်ပေါက်လာတတ်သည့် ရိုးရေတို့ ပူးပေါင်းကာ ရွာ၏ မြေအချို့ကို တိုက်စားသွားသည့် ဒဏ်ကို ခံနေကြရသည်။ သို့ဖြစ်ရာ လျှပ်စစ်မီး မရသော ပြဿနာကို ဖယောင်းတိုင်ထွန်း၍ ဖြေရှင်းရုံဖြင့် မပြေလည်နိုင်တော့ပါ။ အကျိုးဆက်များမှာ တသီကြီး ဖြစ်သည်။

“အခုကတော့ နွားစာကျင်းထဲ ရေဖြည့်ချင်ရင် ပိုက်ကလေး လှပ်လိုက်ရုံပဲ” ဟု ပင်းဘုရားကုန်းရွာသား ဦးဝကြီးက ရယ်ရယ်မောမော ဆိုသည်။

ယခင်က နွားများသောက်ရန် နွားစားကျင်း ခွက်ထဲသို့ ရေထမ်းဖြည့်ရသည်။ နွားစာကျင်းခွက်
အနံ့ဆိုး မထွက်ရန် ဆေးရကြောရသောရေ၊ နွားတွေ သောက်ဖို့ရေကို လက်နှိပ်တွင်းမှ အခေါက်
ခေါက်အခါခါ ထမ်းသယ်ရသည်။ ယခုနောက်ပိုင်းတွင် အချို့မှာ ကိုယ်ပိုင်တွင်းများ တူးလျက်
မော်တာဖြင့် ခုတ်မောင်းကြသည်။ နွားစာကျင်းခွက်တွင် ရေဖြည့်ရန်အတွက်လည်း ပိုက်သွယ် ထားပြီး ရေပိုက်ကို လှပ်ဖွင့်ရုံမျှဖြင့် ရေရနေပြီ ဖြစ်ကြောင်း ကိုဝကြီးက ရှင်းပြသည်။

နွားစာရေမျှသာမက လူများသောက်ရန်၊ သုံးရန်အတွက် ရေကိုလည်း တပင်တပန်း ခပ်ယူစရာ မလိုတော့ပါ။ ယခင်က ဆိုလျှင် ရွာကို လေးပိုင်း ပိုင်းပါက ရွာအရှေ့ပိုင်းတွင် လက်နှိပ်တွင်း တစ်တွင်း နှစ်တွင်းမျှသာ ရှိသည်။ လက်နှိပ်တွင်း ရှိသောအိမ်သို့ အခြားနီးစပ်ရာ အိမ်မှ လူများ က ရေလာခပ်ရသည်။ တစ်ခါတစ်ရံ ရေလာခပ်သူများ လွန်းသဖြင့် အလှည့်ကျ စောင့်ကြရသည် ။ ရေအလှည့်ကျ စောင့်ရင်း အမျိုးသမီးချင်း သန်းရှာပေးကြ၊ ကလေးတွေက ဆော့ကြ၊ ပုံပြင်ပြော သူ ပြောကြနှင့် စည်စည်ကားကား ရှိခဲ့သည်။ ယခုအခါတွင်မူ လက်နှိပ်တွင်းများ၌ ရေလာခပ်သူ နည်းသဖြင့် ခြောက်ကပ်ကပ် ဖြစ်နေသည်။

“ရေခဲရေ သောက်မလား။ ရေခဲရေ ဝယ်လို့ရတယ်” ဟု ယင်းရွာသူ ဒေါ်လှလှမြင့်က ဆိုသည်။

ရေခဲရေ ဆိုသည်နှင့် မြို့သူမြို့သားများအတွက် မထူးခြားလှသော်လည်း ဘုရားကုန်းရွာအတွက်မူ ထူးခြားသည်။ လွန်ခဲ့သော တစ်နှစ်ခန့်အထိ ဤရွာတွင် ရေခဲရေ သောက်လိုပါသည်ဟု သွားပြော
ပါက လျှပ်စစ်မီးရှိသော ကျေးရွာဆေးပေးခန်းနှင့် ဘုန်းကြီးကျောင်းတို့ဆီ လက်ညှိုး ညွှန်ပေလိမ့်မည်။ ရွာထဲတွင် ရေခဲရေ မရနိုင်ပါ။ အလယ်ပိုင်းဒေသ၏ ထုံးစံအတိုင်း ပူလွန်းသဖြင့် အအေးစာတစ်ခုကို စားလိုပါကလည်း ရေခဲချောင်း ရောင်းသူကိုသာ မျှော်ရသည်။

ယခုအခါတွင် လျှပ်စစ်မီး၏ အကျိုးဆက်ကြောင့် ရွာတွင်းရှိ အိမ်အချို့နှင့် ဈေးဆိုင်အချို့မှာ ရေခဲသေ တ္တာများကို ဝယ်ယူထားကြသည်။ ယင်းရေခဲသေတ္တာတွင် အချိုရေ၊ ရေသန့်ဘူးတို့ကို ထည့်ရောင်းကြ
သည်။ အချို့ဆိုလျှင် ယင်းရေခဲသေတ္တာနှင့်ပင် လုပ်ငန်းတစ်ခုအဖြစ် ငွေရှာကြသေးသည်။ ရေခဲရေ တစ်ဘူးကို ငါးဆယ်ကျပ်ဖြင့် အိမ်အရောက် ရောင်းချကြပြီး ရေဘူးကိုမူ ပြန်ပေးရကြောင်း ယင်းရွာသူ တစ်ဦးက ပြောဆိုသည်။

လျှပ်စစ်မီးရပြီးနောက်ပိုင်း လျှပ်စစ်မီးဖြင့် အသုံးပြုရသော ထမင်းပေါင်းအိုး၊ ရေခဲသေတ္တာတို့ကို ရွာလူအများစု ဝယ်သုံးလာသလို လူအများ၏ လက်ဝယ်တွင် ပျံ့နှံ့နေသော နောက်ထပ် ပစ္စည်း
တစ်မျိုးမှာ အီးဗီဒီစက်များ ဖြစ်သည်။

“လက်ပ်တော့လေး ပြင်ရဦးမယ်။ စက်က ပျက်မှာပေါ့၊ သူတို့ (သူ့သားသမီးနှင့် မြေးများ) ဇာတ် ကားခွေတွေချည်း ကြည့်နေတာကိုး။ မနက်တိုင်း တရားခွေ နားထောင်ဖို့ဟာကို ဖွင့်လို့ မရတော့
ဘူး” ဟု အသက်ခုနစ်ဆယ်ကျော်ခန့် အဘွားအို ဒေါ်တင်ငွေက မကျေမခြမ်းသံဖြင့် ပြောဆိုသည်။

ရွာတွင် အီးဗီဒီ စက်ကလေးကို လက်ပ်တော့ဟု ထင်မှတ်ခေါ်ကြသည်။ လျှပ်စစ်မီးနှင့်အတူ ရွာတွင် အီးဗီဒီစက်များ မှိုလိုပေါက်လာသည်။ ယခင်က အိမ်နီးနားချင်းတို့ထံမှ ပျံ့လွင့်လာတတ်သော ရေဒီ
ယိုသံ၊ ကက်ဆက်သံကို ယခုအခါတွင် မိမိကြိုက်သည့် စီဒီပြားကို ထည့်ဖွင့်နိုင်သော အီးဗီဒီ စက်သံ
တွေက အစားထိုးလာသည်။ ဇာတ်ကားသံ၊ အငြိမ့်သံ၊ တရားသံ၊ သီချင်းသံ စသဖြင့် အသံမျိုးစုံတို့မှာ ရွာ၏ လေလှိုင်းတွင် စီးမျောနေသည်။ ယင်းမှတစ်ဆင့် အခြားသော နိုင်ငံများ၏ လူနေမှုပုံစံနှင့် ယဉ်ကျေးမှုတို့ကို သိလာ၊ မြင်လာကြသည်။

ရွာလူထုအနေနှင့် လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများကို အသုံးများလာသည်ကို သတိပြုမိသော လူ
တချို့က စီးပွားရေးလုပ်ငန်းသစ်အချို့ကို ထူထောင်ရန် ကြိုးစားလာကြသည်။ ငွေကြေးအရင်းအနှီး အတန်အသင့် ရှိသော လူအချို့ကမူ ရွာတွင် လျှပ်စစ်နှင့် ဆက်စပ်သော ပစ္စည်းများကို ရောင်းရန် ပြော သံကြားကြောင်း၊ နောင်အချိန်တွင် ဖုန်းအသုံးပြုသူများပါ ရှိလာနိုင်သဖြင့် ဖုန်းပစ္စည်းများပါ တွဲရောင်းရန် စိတ်ကူးကြောင်း ရွာသူတစ်ဦးက ပြောဆိုသည်။

“လမ်းမီးတိုင်ကြီးတွေ စိုက်ထားပြီး မီးမလာသေးတုန်းကဆိုရင် ဓာတ်တိုင်ပေါ်တက်ပြီး မီးခွက်ထွန်းဖို့ လုပ်ထားတာလား၊ ဖယောင်းတိုင်ထွန်းဖို့ လုပ်ထားတာလား ဝေဖန်ခံရတယ်။ မီးရဖို့ တော်တော်လေး ကြိုးပမ်းလိုက်ရတယ်” ဟု ရွာမီးလင်းရေးတွင် ပါဝင် ဆောင်ရွက်သူတစ်ဦးက ဆိုသည်။

ယခုအခါတွင် တစ်ရွာလုံးရှိ လမ်းများတွင် တစ်ညလုံး မီးပေးထားသည်ကို တွေ့ရသည် ။ လျှပ်စစ်ရှော့ ခ် ဖြစ်ပါက မိန်း အတင်၊ အချလုပ်ရန် ရွာသားတစ်ဦးကို တာဝန်ပေးထားကြောင်း ၎င်းက ဆက်ပြော ဆိုသည်။

“ငယ်ငယ်တုန်းက အဖေနဲ့အတူ ညပိုင်း ကမ္ဘာ့ဖလားဘောလုံးပွဲ သွားကြည့်ရင် လက်နှိပ်ဓာတ်မီးလေး ယူသွားရတယ်။ တစ်ခါလား ဘောလုံးပွဲကြည့် အပြန်လမ်းမှာ မြွေပွေးကြီး တွေ့တယ်။ လက်နှိပ်ဓာတ်မီး ပါလာလို့ တော်သေးတယ်။ နို့မဟုတ်ရင် မမြင်ရဘူး။ တက်နင်းမိမှာ” ဟု ကိုပိုင်စိုးဦးက သူ့အတွေ့အကြုံ ကို ပြန်ပြောပြသည်။

ယင်းမှာ လွန်ခဲ့သောနှစ်များတွင် ကြုံလေ့ကြုံထ ရှိသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ယခုအခါတွင် လမ်းမီးရောင်ကြောင့် ညပိုင်း သွားရေးလာရေးအတွက် မမြင်မစမ်း ဖြစ်စရာ မရှိတော့ပါ။ နေ့ဘက်ကဲ့
သို့ပင် လင်းလင်းရှင်းရှင်း သွားလာနိုင်ပြီ ဖြစ်သည်။

လျှပ်စစ်မီးသည် ကျေးရွာလူထု၏ ယခင်လူနေမှုဘဝကို ပုံစံသစ် သွန်းလောင်းနေပြီ ဖြစ်သည်။ သို့သော် မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးကို လက်လှမ်းမမီသေးသော ကျေးရွာ အမြောက်အမြား ကျန်ရှိပါသေးသည်။ ဘုရားကုန်းရွာနှင့် အနီးနားတစ်ဝိုက်ရှိ ရွာများမှာပင် ညအမှောင်ကို ဖယောင်း
တိုင် မီးရောင်ဖြင့် ဖြတ်သန်းနေရဆဲ ဖြစ်သည်။

ကျေးရွာလူထု၏ လူနေမှုပုံစံကို မြို့ပြလူနေမှုပုံစံ ပြောင်းလဲရေးအတွက်မူ လျှပ်စစ်မီးမှာ ကျေးရွာ
တိုင်း လက်လှမ်းမီသင့်သော လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ထမင်းတစ်အိုးချက်ဖို့ ထင်းရှာရ ၊ ရေသောက်ဖို့ ရေထမ်းရ၊ ညပိုင်း မီးလင်းဖို့ ဖယောင်းတိုင် ဝယ်ရ၊ ရွာထဲသွားဖို့လာဖို့ ဓာတ်မီး
ဝယ်ရ စသော အသက်ရှင်နေထိုင်မှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အချိန်ကုန်ြ ခင်းနှင့် ငွေကုန်ကြေးကျများခြင်းတို့ကိုလည်း လျှပ်စစ်မီးက ကုန်ကျစရိတ် အနည်းအကျဉ်းဖြင့် ဖြေ ရှင်းနိုင်ပါသည်။

လျှပ်စစ်မီးရသဖြင့် အီးဗီဒီစက်အပြင် ဖုန်းကဲ့သို့သော ခေတ်ပေါ် အီလက်ထရွန်နစ် ပစ္စည်းများကို ရွာသူရွာသား အများစု တဖြည်းဖြည်း လက်လှမ်းမီလာ သဖြင့် ယခင်က ရွာရေးရပ်ရေးနှင့်သာ စဉ်းစားမြော်မြင်မှုကို ကန့်သတ်ထားသော ရွာသူရွာသားတို့ကို ယခင်ထက် ပိုမိုကျယ်ပြန့်သော နိုင် ငံ့ရေးရာတို့တွင် စိတ်ပါဝင်စားလာရန် ပြောင်းလဲလာနိုင်စရာ ရှိပါသည်။ ဆိုလိုသည်မှာ လျှပ်စစ်မီး
သည် ရွာနေလူထု၏ လူနေမှုပုံစံသာမက တွေးခေါ်မြော်မြင်မှု ပုံစံကိုပါ ပြောင်းလဲစေနိုင်ပါသည်။

သို့ဖြစ်ရာ လျှပ်စစ်မီးသည် ကျေးရွာလူထု၏ လူနေမှုပုံစံနှင့် တွေးခေါ်မြော်မြင်မှု ပုံစံတို့ကို တော် လှန်ရေးဆန်ဆန် မြန်ဆန်စွာ ပြောင်းလဲနိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော အခြေခံလိုအပ်ချက် တစ်ခု ဖြစ်ပါသည်။ ကျေးရွာများ လျှပ်စစ်မီးရရှိရေးကို အလင်း တော်လှန်ရေးဟု တင်စားမည်ဆိုပါက အလင်း တော်လှန်ရေးကို ပင်းဘုရားကုန်း ရွာကဲ့သို့ တစ်ရွာနှစ်ရွာတွင်သာ လုပ်နေရုံဖြင့် မလုံလောက်ပါ။ တစ်နိုင်ငံလုံးရှိ ကျေးရွာတိုင်း မီးလင်းရေးအတွက် အလင်း တော်လှန်ရေးကို နိုင်ငံအနှံ့ ဆင်နွှဲရမည်
ဟုသာ ...။

ဉာဏ်မျိုးအောင်

ဗိဿနိုးမြို့ဟောင်းဆီ သွားလည်စဉ်

Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/society/item/547-pt

မုခ်ဝတွင် တံခါးစောင့်နှစ်ယောက်က လှံရှည်ကြီးတစ်စင်းစီ ကိုင်လျက် မားမားမတ်မတ် ရပ်စောင့်နေကြပါသည်။ သူတို့သာ သက်ရှိများ ဖြစ်လျှင် သူတို့ယဉ်ကျေးမှုအရ ကျွန်တော်တို့ လက်မောင်းကို ကိုင်လျက် ဦးညွှတ် အရိုအသေပေးကောင်း ပေးပေလိမ့်မည်။ အခုတော့
ကျောက်ရုပ် သက်သက်မျှသာ ဖြစ်သော သူတို့တွေမှာ မတုန်မလှုပ်၊ ငြိမ်ချက်သား ကောင်း
လှသည်။

သူတို့ ဘေးတစ်ဖက်ရှိ နံရံပေါ်တွင် ဝိုင်းဝိုင်းစက်စက် အဝိုင်းကြီး နှစ်လုံးမှာ ပန်းပွင့်ကြီးများနှယ်။ ယင်းအဝိုင်းကြီးထဲတွင် အင်္ဂတေအရုပ်စုံများကို တွေ့ရသည်။ အိမ်မွန်၊ ခရုသင်း၊ ဝရဇိန်၊ မွန်းတည့်နေ၊ နေအရုဏ်၊ ပလုတ်တုတ်နှင့် ထိုင်ခုံ။ သင်္ကေတတစ်ခုချင်းစီတွင် သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်သာ။ ခရုသင်းဆိုလျှင် ကောင်းမြတ်သောအချိန် ကြေညာခြင်းကို ကိုယ်စားပြုသလို ဝရဇိန် ဆိုလျှင်လည်း မကောင်းသူကို ဆုံးမခြင်းဆိုသော အဓိပ္ပာယ်ကို ဆောင်သည်။

ဤကား ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်သည်။

မုခ်ဝမှ အတွင်းပိုင်းသို့ ရောက်ရန် ဆိုင်ကယ်နှင့်ပင် အတော်သွားယူရသည်။ ပထမဆုံး စတွေ့
ရသည်မှာ တံတားတစ်စင်း၏ဘေးမှ အုတ်နီရိုးတန်းများ ဖြစ်သည်။ ဘာအဆောက်အအုံပါလိမ့်။ ဆိုင်ကယ်ကို ခဏရပ်ပြီး ဆင်းကြည့်မိသည်။ ကုန်းအမှတ် (၃၆)၊ မြို့ဝင်ပေါက်ဟု ရေးထားေ သာ ကျောက်စာတစ်ခုကို ဖတ်ရသည်။ ထိုအခါမှ ယခင်မြို့ဟောင်း၏ မြို့ဝင်ပေါက်စစ်စစ်မှာ သည်နေရာမှာပါလားဟု သိရသည်။ တူးဖော်ထားသည်မှာ မကြာသေးပါ။ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်ဝန်းကျင်ကမှ တူးဖော်ထားခြင်း ဖြစ်သည်။

ဆိုင်ကယ် ဆက်မောင်းလာခဲ့သည်။ မြို့ဟောင်း၏ အတွင်းပိုင်းသို့ ရောက်ရန် လမ်းဘယ်ဘက်သို့ ချိုးကွေ့ပြီး တစ်မိုင်ခန့် သွားရသေးသည်။ သို့နှင့် နန်းတော်ရာကုန်းသို့ ရောက်သည်။ အုတ်နီရိုး
တန်းများ၊ အုတ်နီရိုးအပုံများကို တွေ့ရသည်။ အုတ်မြစ်ချထားသော ပုံစံမှာ လေးထောင့်ကျကျ ဖြစ်
သည် ။ ဘေးတစ်ဖက် တစ်ချက်တွင်မူ ကန္တာရပင် အချို့နှင့် တမာပင်အချို့သာ ရှိသည်။ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းမှာ မြို့ဟောင်း၏ အုတ်ရိုးပုံကိုငေးလျက် အဆောက်အဦးမှာ ဘယ်လိုပုံပန်း
သဏ္ဌာန် ရှိမည်၊ ပျူလူမျိုးတို့ သမိုင်းမှာ မည်သို့မည်ပုံ စသဖြင့် ရှင်းပြမည့်သူရှိရင် ကောင်းမှာပဲ ဟု ပြောမိသည်။

ဤနေရာတွင် ပုဂံယဉ်ကျေးမှု နယ်မြေမှ ကလေးမျိုးတွေရှိလျှင် ကောင်းမည်ဟုလည်း စဉ်းစားမိသည်။ ပုဂံယဉ်ကျေးမှု နယ်မြေမှ ကလေးငယ်များမှာ ပုဂံဘုရား သမိုင်းနှင့် ပုဂံခေတ် သူရဲကောင်းတို့၏ သမိုင်းကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာလုံးဖြင့် အရည်ကျို သောက်ထားသူများ ဖြစ်သည်။ သူတို့ကိုသာ ပါးစပ်ဟခွင့် ပေးလိုက်ပါက ကရားရေလွှတ် တတွတ်တွတ်နှင့် မထစ်မငေါ့ ပြောပြနိုင်သည်။ ဤဗိဿနိုး ယဉ်ကျေးမှု နယ်မြေတွင်မူ ပုဂံကလေးများ မရှိပေ။ ယဉ်ကျေးမှု နယ်မြေကို လာသူများအဖို့ ဗိဿနိုးမြို့ ဟောင်းအကြောင်းကို ဖတ်မှတ်ထားခြင်း မရှိပါက အုတ်နီရိုးပုံတို့ကို ကြည့်၍ ပြန်ရုံသာ ရှိပေမည်။

နန်းတော်ရာမှ ထွက်လာပြီး ဆိုင်းဘုတ် လမ်းညွှန်အတိုင်း ဆိုင်ကယ်မောင်းလာရာ ဘာသာရေးနှ င့် ကျောင်းသင်္ခမ်း အဆောက်အအုံတို့ကို တူးဖော်ထားသော နေရာသို့ ရောက်သည်။ ထိုအဆောက် အအုံနှစ်ခု၏ အုတ်ရိုးမှာ တူးဖော်ထားသည့် ရှေးဟောင်း အုတ်ရိုးများအနက် အမြင့်ဆုံး ဖြစ်သည်။ ယင်းအုတ်ရိုး မြင့်မြင့်များက ယခင်အုတ်ရိုးများထက် အဆောက်အအုံ ပုံသဏ္ဌာန်ကို ပိုပြီး ပေါ်လွင်ေ စပါသည်။ သို့ဖြစ်ရာ ဘာသာရေး အဆောက်အအုံပုံကိုမူ ဖြစ်တန်စွမ်း အဆောက်အအုံပုံ တစ်ပုံဆွဲ လျက် ပြထားသည်ကို တွေ့ရပါသည်။

၂၀၁၁ ခုနှစ်လောက်က ဤနေရာသို့ တစ်ခါရောက်ဖူးပါသည်။ ထိုစဉ်က ဘာသာရေး အဆောက် အအုံဘေးနှင့် အုတ်ရိုးတွင်းရှိ မြေကွက်လပ်နေရာ အချို့တွင် နွားများ၊ ဆိတ်များ မြက်စားနေသည် ကို တွေ့ခဲ့ရပါသည်။ ယခုအခေါက်တွင်လည်း ဆိတ်ကျောင်းနေသော အမျိုးသမီးတစ်ဦးကို တွေ့ရ
ပါသည်။ ယဉ်ကျေးမှုဇုန်များကို ရေရှည်ထိန်းသိမ်းရာတွင် ယင်းကဲ့သို့ လက်လွတ်စပယ် ပစ်ထားခြင်းမှာ မဖြစ်ထိုက်ဟု ထင်ပါသည်။ ယဉ်ကျေးမှု ဇုန်စီမံခန့်ခွဲ သူများ၏ ရုံးမှာလည်း ရှေးဟောင်းယဉ်ကျေးမှု
နယ်မြေ အဝင်တံခါးဝ နားလောက်တွင် ရှိသဖြင့် တူးဖော်ထားသော ကုန်းမြေများနှင့် အတော်ဝေးပါ
သည်။ ယဉ်ကျေးမှု အဆောက်အအုံဟောင်းတို့ကို စောင့်ကြပ် ကြည့်ရှုနိုင်စွမ်းမှာ အားနည်းနိုင်စရာ ရှိပါသည်။

ယင်းကုန်းမြေမှ ဆိုင်ကယ်ကို လာလမ်းအတိုင်း ပြန်မောင်းလာခဲ့သည်။ ပထမဆုံး ချိုးကွေ့လာ
ခဲ့သော လမ်းမပေါ်သို့ ရောက်မှ လမ်းမအတိုင်း ဆိုင်ကယ်ကို မောင်းလာခဲ့သည်။ ဘုရားတစ် ဆူကို တွေ့ရသည်။ ရွှေရောင်တော်ဘုရားဟု သိရပါသည်။ ဘုရားပေါ်တွင် ဈေးသည်အချို့နှင့် စကားပြော ဖြစ်သည်။ ယဉ်ကျေးမှုဇုန်သို့လာသူ အနည်းအကျဉ်းသာ ရှိသဖြင့် ဈေးမှာ ရောင်းအေ
ကာင်းကြီး မဟုတ်လှဟု ပြောပြပါသည်။
 “ဟိုတစ်လောက ကားတွေနဲ့ လူကြီးတွေ လာကြတယ်။ ယူနက်စကို (UNESCO) က ဆိုလား ပဲ ပြောသံကြားတယ်။ ဝန်ထမ်းတွေလည်း ထပ်တိုးမယ်လို့တော့ ကြားတာပဲ” ဟု ဈေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။

ဈေးသည် အမျိုးသမီး၏စကားမှာ ဟုတ်လောက်ပါသည်။ ဗိဿနိုးယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့
ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရန်အတွက် အစိုးရက ကြိုးစားနေသည်။ သည့်အတွက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့မှ တာဝန်ရှိသူအချို့ လာရောက် ကြည့်ရှုပုံရပါသည်။

ဘုရားရင်ပြင်တော်ပေါ်တွင် လှည့်ပတ်ကြည့်ရှုရာ မျှော်စင်မည်းကြီး တစ်ခုပေါ်၌ စည်တော်ကြီး
တစ်လုံးကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ထိုအခါမှ ဗိဿနိုး ယဉ်ကျေးမှု နယ်မြေတွင်
မပျက်မကွက် ကြည့်သွားသင့်သော အရာတစ်ခုကို သတိရတော့သည်။ ယင်းမှာ ရန်ပယ်ချောင်ြး
ဖစ်သည်။
ယခုစည်တော်မှာ ဘုရားရင်ပြင်တော်မှ စည်တော် ဖြစ်သော်လည်း ရန်ပယ်ချောင်းနှင့် ဆက်စပ်နေသော သိကြားမင်း ဆက်သသည့် အတုလ စည်တော်ကို သတိရစေပါသည်။ ပန်ထွာဘုရင်မ လက်ထက်က ရန်သူများ လာရောက် တိုက်ခိုက်လျှင် ယင်းအတုလ စည်တော်ကိုသာ တီးလိုက်ပါက ရန်ပယ်ချောင်းမှာ ချောင်းရေကြီးလာပြီး ရန်သူတို့ အလွယ်တကူ မဝင်ရောက်နိုင်တော့ဟု ဖတ်ရပါသည်။ သမိုင်း အစစ်အမှန် ဟုတ်ကောင်းမှ ဟုတ်နိုင်သော်လည်း ဝတ္ထုသဖွယ် ဖတ်လို့တော့ ကောင်းသည်သာ။

သို့နှင့် ရန်ပယ်ချောင်းဆိုတာ ဘယ်ဟာလဲဟု ဈေးသည် အမျိုးသမီးကြီးကိုပင် မေးစမ်းယူရ
သည်။ မကွေးမှ ကျွန်တော်တို့ ဆိုင်ကယ်စီးလာပါက ဗိဿနိုးမြို့ဟောင်းဘက်သို့ ရောက်ခါနီး တွင် ဖြတ်မောင်းလာရသော တံတားအောက်မှ ချောင်းမှာ ရန်ပယ်ချောင်း ဖြစ်ကြောင်း
သိရတော့သည်။ အပြန်ခရီးတွင်မှ ဆိုင်ကယ်ရပ်၍ ဂရုတစိုက် ကြည့်မိပါသည်။ ရန်ပယ်
ချောင်းမှာ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းများတွင် ဖတ်ရသလောက် ကြမ်းတမ်းခြင်း မရှိလှပါ။ ငြိမ်ငြိမ်သက်သက် စီးဆင်းနေပါသည်။ သဲသောင်ပေါ်နေသော နေရာအချို့တွင်မူ ကြက်သွန်
ခင်းအချို့ စိုက်ပျိုးထားပါသည်။

ဗိဿနိုး မြို့ဟောင်းမှ မထွက်ခင် ဗိဿနိုး ရှေးဟောင်း သုတေသနပြတိုက်ကို ဝင်ကြည့်ခဲ့ပါသေး
သည်။ ယခင်တစ်ခေါက် လာတုန်းကလည်း ဝင်ကြည့်ဖူးပါသည်။ သို့သော်လည်း မြို့ဟောင်း ကို ရောက်တိုင်း ပြတိုက်ကိုမူ ပုံမှန် ဝင်ကြည့်ချင်မိပါသည်။ ဝင်ကြည့်ရကျိုး နပ်ပါသည်။ ပြတိုက်မှာ အခင်းအကျင်း အချို့ကို ပြောင်းလဲထားပါသည်။ ကျွန်တော် ပထမအခေါက် ရောက်စဉ်က ပုဂံခေတ် ရှေးဟောင်းပစ္စည်း အချို့နှင့် ကျောက်ဖြစ်ရုပ်ကြွင်းတို့ကိုပါ ခင်းကျင်း ပြသထားသည်။ ယခုအခါတွင်မူ ယင်းပစ္စည်းများ မရှိတော့ပါ။ ပျူခေတ်နှင့် ဆက်စပ်သော ရှေးဟောင်းပစ္စည်း တို့
ကိုသာ သီးသန့် ခင်းကျင်းပြသထားပါသည်။

ခင်းကျင်းပြသ ထားသမျှထဲတွင် အကြိုက်ဆုံး ပစ္စည်းမှာ အရိုးအိုးများ ဖြစ်ပါသည်။ အရိုးအိုးများမှာ သပ်သပ်ရပ်ရပ် ရှိသည့်အပြင် အိုးလည်ရစ်နှင့် နှုတ်ခမ်းတို့တွင် ငှက်ရုပ်များနှင့် အလှအပတို့ကို ပုံဖော်ထားပါသည်။ ပျူတို့မှာ လူသေကို မီးသဂြုင်္ိဟ်၍ ပြာကို အိုးဖြင့် ထည့်ထားတတ်သည်ဟု ဖတ်ရသည်။ သာမန်လူတို့၏ပြာကို မြေအိုးဖြင့် ထည့်၍ ရှင်ဘုရင်၊ မိဖုရားတို့၏ ပြာကိုမူ ကျောက်အိုးဖြင့် ထည့်သည်ဟု ဆိုပါသည်။ ကျွန်တော် တွေ့ခဲ့ရသည်မှာ မြေအိုးများသာ ဖြစ်သည်။ ပြတိုက်ထဲတွင် ပြသထားသော
ရှေးဟောင်းပစ္စည်းများအနက် အများဆုံးမှာလည်း ယင်းအရိုးအိုးများသာ ဖြစ်သည်။ ပြတိုက်မှ ထွက် လာပြီးနောက် မြို့ဟောင်းတွင်း၌ ကြည့်ရှုစရာ ကုန်လေပြီ။

ဤကား ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်သည်။

ဉာဏ်မျိုးအောင်