Sunday, September 27, 2015
လွတ်လပ်မှု သရဏံ ဂစ္ဆာမိ
Written by ဥာဏ်မျိုးအောင်
အရင်အပတ်က အစိုးရဟာ ဘာသာရေးနဲ့ ပတ်သက်ရင် လုံးဝ ကြားနေရမယ်၊ 
လောကီသက်သက် အစိုးရ ဖြစ်ရမယ်၊ ဘုန်းကြီးကျောင်းနဲ့ အစိုးရကြားမှာ 
စည်းခြားထားရမယ်ဆိုတဲ့ စံနှုန်းတွေကို အခြေခံပြီးတော့ ဘာသာရေးလွတ်
လပ်ခွင့်ကို ဆွေးနွေးခဲ့ပါတယ်။ ဒီအပတ် ဆွေးနွေးချင်တာကတော့ 
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ပါ။ လူအများစုကတော့ အပေါ်ယံအားဖြင့် 
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို လက်ခံထားကြပါတယ်။ ဒါပေမယ့် 
နေ့စဉ် အဖြစ်အပျက်တွေမှာတော့ လူအများစုမှာ ရှေ့နောက်မညီတဲ့ အမြင်
တွေရှိနေတာကို သတိထားမိပါတယ်။ လယ်သမားတွေ လယ်သိမ်းခံရလို့ 
ဆန္ဒဖော်ထုတ်တာ၊ ကျောင်းသားတွေက ပညာရေးစနစ် ပြုပြင်ချင်လို့ 
ဆန္ဒဖော်ထုတ်တာတွေမှာ အစိုးရက ကြားဝင်တားတာမျိုး ၊ ဆန္ဒဖော်ထုတ်ခွင့် 
မပြုတာမျိုး၊ အကြမ်းဖက် ဖြိုခွင်းတာမျိုး လုပ်ရင်တော့ လူအများစုနဲ့ 
သတင်းစာဆရာတွေက အစိုးရက လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို 
တားမြစ်တာပဲလို့ ကောက်ချက်ချပါတယ်။ အလားတူပဲ ဘာသာရေး
အစွန်းရောက် ဘုန်းကြီးဖြစ်တဲ့ ဦးဝီရသူလို ဘုန်းကြီးက “ဘာသာခြား၊ 
လူမျိုးခြားတွေကို အခြေခံပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ခွဲခြားပြောဆို 
ဟောပြောတာ”၊ မဘသ ဘုန်းကြီးတွေက ဆန္ဒဖော်ထုတ်တာတွေကိုတော့ 
လူများစုနဲ့ သတင်းစာဆရာတွေက အစိုးရ ဘာလုပ်နေလဲ၊ ၀င် မတားဘူးလား၊
 ဦးဝီရသူကို ဘာလို့ တရားပွဲ မပိတ်သလဲစသဖြင့် လွတ်လပ်စွာ ဖော်ထုတ်
ပြောဆိုခွင့် ကို ပိတ်ပင်ဖို့ အားပေးတဲ့ အမြင်တွေကို တွေ့ရပါတယ်။ 
ဆိုတော့ ဖြစ်ရပ်တစ်ခုမှာကျ လွတ်လပ်မှု နယ်ပယ်ထဲကို အစိုးရ ၀င်လာ
တာ မကြိုက်ဘူး။ နောက်ထပ် ဖြစ်ရပ်တစ်ခုမှာကျ လွတ်လပ်မှု နယ်ပယ်ထဲကို 
အစိုးရ ၀င်လာစေချင်တယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ သိတဲ့
အတိုင်းပဲ အစိုးရနဲ့ လွတ်လပ်မှုဆိုတာ ယေဘုယျအားဖြင့် ဆန့်ကျင်ဘက် 
သဘောဆောင်ပါတယ်။ အစိုးရ ၀င်ပါလေလေ၊ လွတ်လပ်မှုနယ် ကျဉ်း
လေလေ။ အစိုးရ ၀င်မပါလေလေ၊ လွတ်လပ်မှုနယ် ကျယ်လေလေပါပဲ။ 
ဒီတော့ လက်ငင်း ရေတိုအားဖြင့်တော့ ဦးဝီရသူလို လူမျိုးရေး၊ ဘာသာရေး 
အစွန်းရောက် အယူအဆတွေကို မကြိုက်လို့ အစိုးရကို ၀င်ပါခိုင်းတယ်
ထားပါတော့။ ဒါဟာ အစဉ်အလာတစ်ခု ဖြစ်သွားပါပြီ။ နောင်ကျရင် 
အစိုးရက ၀င်ပါပါတော့မယ်။ ဘယ်လိုအကြောင်းအရာကတော့ဖြင့် 
လူမျိုးရေး၊ ဘာသာရေးကို အခြေခံတယ်၊ ဘယ်လို အကြောင်းအရာ
ကတော့ဖြင့် လူတွေကို မပြောထိုက်တဲ့အရာဆိုတာ အစိုးရမှာ စဉ်းစား
ရမယ့်ကိစ္စ ဖြစ်လာပါပြီ။ အဲတော့ အစိုးရက သူ့အကျိုးစီးပွားကို 
အခြေခံပြီးတော့ သူကြိုက်သလို အဓိပ္ပါယ် ကောက်ယူပြီးတော့ 
အတိုက်အခံ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူနည်းစု 
အခွင့်အရေး တောင်းဆိုသူတွေရဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို 
ပိတ်ပင်တာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ လွတ်လပ်စွာ ဖော်ထုတ်
ပြောဆိုခွင့်ကို သေချာစဉ်းစားကြည့်ရအောင်ပါ။ အဓိက သာဓကယူ 
စဉ်းစားဖို့ ကောင်းတာကတော့ အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပျက်ခဲ့တဲ့ 
အဖြစ်အပျက်တွေနဲ့ တရားလွှတ်တော်ချုပ်ရဲ့ ရပ်တည်ဆုံးဖြတ်ခဲ့ပုံတွေပါပဲ။
၁။ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်ဝါဒီ
လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဟာ အခြေခံအကျဆုံး ဒီမိုကရေစီအခွင့်
အရေးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံသားတွေက သူတို့ရဲ့ နိုင်ငံရေးအယူ
အဆတွေကို လွတ်လွတ်လပ်လပ် မဖော်ထုတ်နိုင်ဘူးဆိုရင် အစိုးရပေါ်ကို
 နိုင်ငံသားတွေက လွှမ်းမိုးနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ ဒီလိုလွှမ်းမိုးနိုင်စွမ်း 
မရှိရင် သူတို့တွေရဲ့ တခြားအခွင့်အရေးတွေကိုလဲ ကာကွယ်နိုင်မှာ 
မဟုတ်ပါဘူး။ ဒါကြောင့်မို့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ 
ပထမပြင်ဆင်ချက်မှာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်တာ၊ ပြောဆိုတာ၊ 
ရေးသားထုတ်ဝေတာ၊ စုဝေးတာနဲ့ တောင်းဆိုတာတွေကို ကန့်သတ်တဲ့ 
ဥပဒေတွေ မပြုရဘူးလို့ ပြဌာန်းထားပါတယ်။ ဒါ့အ ပြင် တရားလွှတ်တော်ချုပ်
ကလဲ ပြည်နယ်အစိုးရတွေ၊ ဒေသန္တရ အစိုးရတွေအနေနဲ့ လွတ်လပ်စွာ 
ဖော်ထုတ်ပြောဆိုတာကို မကန့်သတ်ရဘူးလို့ တားမြစ်ထားပါတယ်။ 
ဒါပေမယ့် ခြွင်းချက်ကတော့ ဒီလိုလွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာဟာ 
တရားမဲ့တဲ့ ပြုကျင့်မှုတွေ ချက်ချင်းဆိုသလို ဖြစ်နိုင်တာ သေချာသလောက်နီးနီး 
ရှိရင်တော့ ကန့်သတ်နိုင်တယ်လို့ ဆိုပါတယ်။
ဖြစ်ရပ်ကလေးတစ်ခုကို ကြည့်ရအောင်ပါ။ Ku Klux Klan (လူဖြူလူမျိုးကြီး 
အယူအဆကို အားပေးဖို့ အကြမ်းဖက်နည်း တွေ သုံးတဲ့ လျှို့ဝှက်အဖွဲ့အစည်း
တစ်ခုပါ။ ၁၉ ရာစုလောက်က အမေရိကန်တောင်ပိုင်းက ပြည်နယ်တွေမှာ 
လှုပ်ရှားခဲ့ပါ တယ်။) အဖွဲ့ဝင်တစ်ယောက်က “လူဖြူ ကောကေးရှင်လူမျိုးတွေကို 
ဗဟိုအစိုးရက ဆက်လက် ဖိနှိပ်နေမယ်ဆိုရင် လက်စားပြန်ချေရမယ်”လို့ 
အဖွဲ့ဝင်တွေ စုဝေးပွဲတစ်ခုမှာ မိန့်ခွန်းပြောပါတယ်။ အိုဟိုင်းအို ပြည်နယ
်ဥပဒေအရ ဒီလူဟာ အကြမ်းဖက်မှုကို ဆော်သြနေသူ ဖြစ်တယ်လို့ 
တရားစွဲဆိုပါတယ်။ ဒီလိုဆော်သြတာဟာ ချက်ချင်းလက်ငင်း ဥပဒေမဲ့ 
အပြု အမှုတွေကို ဖြစ်ဖို့ ဦးတည်နေမှသာ၊ သို့မဟုတ် ဖြစ်နိုင်ဖွယ် ရှိမှသာ 
တားဆီးပိတ်ပင်နိုင်တယ်လို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပြီးတော့ 
စွပ်စွဲချက်ကို ပယ်ချလိုက်ပါတယ်။ ဒီလိုဆော်သြတဲ့ စကားလုံးလေးတွေနဲ့တင် 
တခြားသူတွေကို ချက်ချင်း လက်ငင်းကြီး ဥပဒေမဲ့ အပြုအမှုတွေကို 
လုပ်အောင် စေ့ဆော်နိုင်တာ ရှားပါတယ်။ “ချက်ချင်းလက်ငင်း ဥပဒေမဲ့ 
အပြုအမှု” (imminent lawless action)ဖြစ်စေမှ ဆိုတဲ့ စကားရပ်ကလေးက 
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို အစိုးရက မကန့် သတ်နိုင်အောင် 
တားမြစ်ထားတဲ့ ကန့်သတ်ချက်လေးတစ်ခုပါ။ 
တရားလွှတ်တော်ချုပ်ရဲ့ ချက်ချင်းလက်ငင်း ဥပဒေမဲ့ အပြုအမှု ဖြစ်စေမှဆိုတဲ့ 
စကားရပ်ကို အခြေခံပြီးတော့ အငြင်းပွား ရတဲ့ ဖြစ်ရပ်တစ်ခုလဲ ရှိပါသေးတယ်။ 
အဲဒါကတော့ နိုင်ငံလုံးဆိုင်ရာ ရစ်ပတ်ဘလစ်ကန် ညီလာခံကျင်းပနေတဲ့ 
ခန်းမရဲ့ အပြင်ဘက်မှာ ကွန်မြူနစ်လူငယ်တစ်ယောက်က အမေရိကန်ပြည်
ထောင်စုရဲ့ နိုင်ငံတော်အလံကို မီးရှို့ဆန္ဒဖော်ထုတ်ပါ တယ်။ Texasပြည်နယ်
အစိုးရက အလံမီးရှို့တာဟာ ပြည်သူလူထုရဲ့ လုံခြုံမှုကို ချက်ချင်းလက်ငင်း 
အန္တရာယ်ပြုနိုင်တယ် လို့ လျှောက်ထားတာကို တရားလွှတ်တော်ချုပ်က 
ငြင်းပယ်ပါတယ်။ “အယူအဆတစ်ခု၊ ယုံကြည်မှုတစ်ခုကို ဖော်ထုတ် 
ပြောဆိုတာမှာ လူအဖွဲ့အစည်းက အဲဒီအယူအဆ၊ အဲဒီ ယုံကြည်မှုကို 
လက်မခံနိုင်ဖွယ်ရာ၊ မနှစ်မြို့ဖွယ်ရာအဖြစ် မြင်နေ ရင်တောင်မှ” အစိုးရက 
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာကို တားမြစ်နိုင်ခွင့် မရှိဘူးလို့ 
တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပါတယ်။
ဒီတော့ အမုန်းစကား (Hate Speech)ကိုလဲ အစိုးရက တားမြစ်လို့မရဘူး
ဆိုတာကို တရားလွှတ်တော်ချုပ်က လက်ခံထား ပါတယ်။ လူမျိုးရေး၊ အသား
အရောင်၊ ယုံကြည်မှု၊ ဘာသာတရား စတာတွေပေါ် အခြေခံပြီးတော့ 
ဒေါသဖြစ်အောင်၊ အထိ တ်တလန့် ဖြစ်အောင် လှုံ့ဆော်တဲ့ ဖော်ထုတ်ပြော
ဆိုမှုတွေမှာ ပါဝင်ရင် ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ အစိုးရရဲ့အမိန့်တွေ ၊ 
ဥပဒေတွေကိုလဲ တရားလွှတ်တော်ချုပ်က လက်မခံဘူး။ ပယ်ချပါတယ်။ 
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုမှုမှာ “ပါဝင်တဲ့ အကြောင်းအရာပေါ်ကို” 
(Speech on the basis of its content) အခြေခံပြီးတော့ တားမြစ်ကန်
့သတ်တာမျိုး အစိုးရက လုပ်လို့မရဘူးလို့ တရားလွှတ်တော်ချုပ်က 
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက်ကို အဓိပ္ပါယ်ဖွင့်ဆိုပြပါတယ်။ 
အကြမ်းဖက်တာကို အားပေးလှုံ့ဆော်တဲ့ ပြောဆိုမှုတွေကို ခွင့်ပြုထားလို့ 
အကြမ်းဖက် ရာဇ၀တ်မှုတွေဆီ ဦးတည်သွားနိုင် ခဲပါတယ်။
လွတ်လပ်စွာ စုဝေးစီတန်းလှည့်လည်ခွင့်နဲ့ ပတ်သက်လို့လဲ အငြင်းပွားစရာ 
ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ အမေရိကန် နာဇီပါတီက Illinoisပြည်နယ် 
Skokieမြို့ထဲမှာ လူစုလူဝေးလိုက် စုဝေးလှည့်လည်မှာကို ပြည်နယ်အစိုးရက 
တားမြစ်တဲ့ အမိန့် ထုတ်ပါတယ်။ Skokieမှာ ဂျူးလူမျိုးတွေ အများစု နေထိုင်ကြ
ပါတယ်။ ဒီထဲမှာ နာဇီဂျာမနီရဲ့ ချွေးတပ်စခန်းတွေက လွတ်မြောက်လာ
သူတွေလဲ ပါဝင်ပါတယ်။ တရားလွှတ်တော်ချုပ်ကတော့ လွတ်လပ်စွာ 
စုဝေးစီတန်းလှည့်လည်တာ ကြောင့် မလိုလားအပ်တဲ့ အကျိုးအဆက်တွေ 
ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ “ဖြစ်နိုင်ချေ”ထက် “လွတ်လပ်စွာ စီတန်းလှည့် 
လည်ခွင့်”ကို ဦးစားပေးရမယ်လို့ ဆုံးဖြတ်ပါတယ်။ အစိုးရဘက်က တားမြစ်ချင်
တယ်ဆိုရင်တော့ အကြောင်းအရင်းကို အခိုင်အမာ သက်သေပြဖို့ လိုပါတယ်။ 
မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေတော့ ဖြစ်တော့မှာ သေချာ
သလောက် နီးနီး ရှိကြောင်း၊ ဒါကို ထိန်းသိမ်းဖို့ အတွက် ရဲဝန်ထမ်းတွေကို 
တာဝန်ပေးတာလိုမျိုး နည်းလမ်းတွေ သုံးရုံလောက်နဲ့လည်း မဖြစ်နိုင်
တော့ကြောင်း၊ တားကို တားမှ ဖြစ်မယ့် နောက်ဆုံးနည်း တစ်နည်းသာ 
ရှိကြောင်း သက်သေပြဖို့ လိုပါတယ်။
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာနဲ့ စီတန်းလှည့်လည်တာတွေက လူတွေရဲ့ 
နေ့စဉ်ဓူဝ လုပ်ငန်းဆောင်ရွက်မှုတွေကို အ နှောက်အယှက် ဖြစ်စေနိုင်တာကိုလဲ 
တရားလွှတ်တော်ချုပ်က အသိအမှတ်ပြုပါတယ်။ ဒါကြောင့်မို့ လူသွားလူလာ၊  
ယာဉ်သွားယာဉ်လာ များတဲ့ လမ်းမ အလယ်မှာ လူထုစည်းဝေးပွဲတွေ ကျင်းပခွင့် 
မရှိပါဘူး။ ဒီ့အတွက် စုဝေးစီတန်းမယ့် အချိန်နဲ့ နေရာတွေကို အစိုးရအာဏာပိုင်
တွေက ချိန်ညှိတာမျိုး လုပ်နိုင်တယ်လို့ တရားလွှတ်တော်ချုပ်က လက်ခံထားပါတယ်။ 
ဒီလို ချိန်ညှိပေးတာမှာ အစိုးရအာဏာပိုင်တွေအနေနဲ့ ကျိုးကြောင်းကျကျ ရှိဖို့တော့ 
လိုအပ်ကြောင်း၊ စီတန်းလှည့်လည်ခွင့် လျှောက်ထားသူ အဖွဲ့အားလုံးကို တန်းတူထား 
ဆက်ဆံရမှာ ဖြစ်ကြောင်း၊ လူအများစု လက်မခံတဲ့ အမြင်တွေကို ကိုင်စွဲ ထားတဲ့ 
အဖွဲ့တွေကိုပင်လျှင် တန်းတူထား ဆက်ဆံရမှာ ဖြစ်ကြောင်း တရားလွှတ်တော်ချုပ်က 
ကန့်သတ်ထားပါတယ်။
၂။ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်ဆိုတာ ကိုယ်ပြောလိုက်တဲ့၊ 
ကိုယ်ရေးလိုက်တဲ့ အကျိုးအဆက်ကို တာဝန်ယူ စရာ မလိုဘူးလို့ မဆိုလိုပါဘူး။ 
လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်စေတဲ့ မှားယွင်းတဲ့ 
သတင်းအ ချက်အလက်တွေကို ရေးသားထုတ်ဝေတာ၊ ပြောဆိုတာ 
လုပ်ရင်တော့ ထိခိုက်နစ်နာသူက တရားစွဲဆိုလို့ ရပါတယ်။ တရား စွဲဆိုတာ
 နိုင်မလား၊ မနိုင်ဘူးလားဆိုတာတော့ စဉ်းစားစရာတွေ ရှိပါတယ်။ ၁၉၆၄ 
ခုနှစ်က New York Times သတင်းစာနဲ့ ပတ်သက်တဲ့ အမှုတစ်ခုကို ကြည့်
ရအောင်ပါ။ Alabamaပြည်နယ် အရာရှိတွေက နိုင်ငံသားအခွင့်အရေး 
တောင်းဆိုတဲ့ လူမည်း ဆန္ဒပြသူတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်
နေတာကို တိုင်းမ်စာစောင်က ဝေဖန်ပါတယ်။ ဒါဟာ ဂုဏ်သိက္ခာ ညှိုးနွမ်းစေ
တယ်လို့ ပြည်နယ်တရားရုံးက ဆုံးဖြတ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို တရား
လွှတ်တော်ချုပ်က ပယ်ချလိုက်ပါ တယ်။ အစိုးရ၀န်ထမ်းကို ဂုဏ်သိက္ခာ
ညှိုးနွမ်းစေတယ်ဆိုတာ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာစေလိုတဲ့ 
ဆန္ဒပါဝင်ကြောင်း သက်သေပြဖို့လိုတယ်လို့ တရားလွှတ်တော်ချုပ်က 
ဆိုပါတယ်။ 
လွတ်လပ်စွာ ရေးသားထုတ်ဝေတာ၊ ပြောဆိုတာတွေကို အကောင်းဆုံး 
အကာအကွယ် ပေးနိုင်ဖို့ကတော့ ကိုယ်ရေးတာ၊ ကိုယ်ပြောတာတွေက 
“မှန်ကန်မှု” ရှိဖို့ပါ။ ရေးသားထုတ်ဝေတာ၊ အသံလွှင့်တာတွေက မှန်ကန်
နေသမျှ ဒီလိုမျိုး ထုတ်ဝေ တာ၊ အသံလွှင့်တာက လူတစ်ယောက်ရဲ့ ဂုဏ်
သိက္ခာကို ထိခိုက်စေရင်တောင် ပုံမှန်အားဖြင့် သတင်းမီဒီယာတွေကို ဂုဏ် 
သိက္ခာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို အပြစ်ခံရမှုကနေ အကာအကွယ်ပေးထား
ပါတယ်။ “သက်သေပြလို့ရတဲ့ မှားယွင်းတဲ့ အ ချက်အလက်၊ စကားလုံးနဲ့ 
စကားလုံးက ရည်ညွှန်းတဲ့ စိတ်ဆန္ဒ” တွေ မပါဝင်သမျှ လွတ်လပ်စွာ 
ကာကွယ်ပေးထားပါတယ်။
၃။ လိင်အသားပေး ထုတ်ဝေမှု
တရားလွှတ်တော်ချုပ်ကို ဆုံးဖြတ်ရ အခက်တွေ့စေတဲ့ နောက်ထပ်အကြောင်း
အရာတစ်ခုကတော့ ကိုယ်ကျင့်တရားကို ထိခိုက်စေတယ်လို့ ယူဆကြတဲ့ လိင်
အသားပေး ရေးသားထုတ်ဝေမှုတွေပါ။ လိင်မှုဆိုင်ရာ ရေးသားထုတ်ဝေမှုတွေဟာ 
ဘယ်ဟာကတော့ဖြင့် ကိုယ်ကျင့်တရား ပျက်ပြားစေတယ်၊ ဘယ်ဟာကတော့ဖြင့် 
ကိုယ်ကျင့်တရားကို မပျက်ပြားစေဘူးဆို တာ သတ်မှတ်ဖို့ ခက်ခဲပါတယ်။ ဒီ့အတွက် 
တရားလွှတ်တော်ချုပ်က စံတစ်ခု ထားကြည့်ပါတယ်။ အဲဒါကတော့ ထုတ်ဝေမှု 
တစ်ခုလုံးကို ကြည့်လိုက်ရင် လိင်ပိုင်းဆိုင်ရာ အပြုအမှုတွေကိုပဲ အဓိကထားတယ်၊ 
တခြား လူမှုရေးဆိုင်ရာ ထူးခြားချက် ဘာမှ မပါတာကို ကိုယ်ကျင့်တရားကို 
ပျက်ပြားစေတဲ့ အရာလို့ သတ်မှတ်ပါတယ်။ ဒီအမြင်ဟာ လက်ရှိ လူ့အဖွဲ့
အစည်းရဲ့ စံနှုန်းတွေအရ လက်ခံထားတဲ့ သာမန်လူတစ်ယောက်ရဲ့ အမြင် 
ဖြစ်ရမယ်လို့လဲ ဆိုပါတယ်။ ဒီစစ်ဆေးမှု စံနှုန်းတွေက အလုပ်မဖြစ်လှပါဘူး။
နောက်ပိုင်းမှာ “ခေတ်ပြိုင်လက်ရှိ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေ”ဆိုတာကို 
“ဒေသအဆင့်”လောက်ပဲ သဘောထားသုံးပါ တော့တယ်။ ဘာလို့လဲဆိုတော့ 
မတူတဲ့ ဒေသမှာ နေထိုင်တဲ့ လူတွေဟာ မတူညီတဲ့ ခံစားချက်တွေ၊ အမြင်တွေ 
ရှိလို့ပါ။ ဒီလို ထုတ်ဝေမှုတစ်ခုဟာ မစ္စစ္စပီဒေသခံတွေအတွက် ကိုယ်ကျင့်တရား 
ပျက်ပြားစေတဲ့ အရာလို့ ယူဆပေမယ့် လက်စ် ဗီးဂတ်မှာ နေထိုင်သူအတွက်တော့ 
သာမန်ကိစ္စတစ်ခုလို့ပဲ သဘောထားနိုင်ပါတယ်။ “ဒေသအဆင့်”စံနှုန်းတွေနဲ့ 
ဆုံးဖြတ် ရာမှာလဲ ထုတ်ဝေမှုရဲ့ အပေါ်ယံအပြင်အဆင်ထက် ပါဝင်တဲ့အကြောင်း
အရာတစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်တဲ့ “ဆင်ခြင်နိုင် စွမ်းရှိသူ တစ်ယောက်ရဲ့ အမြင်” 
ဖြစ်ရမယ်လို့ ဆိုပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ဆုံးဖြတ်ရခက်ခဲတဲ့ ကိစ္စတစ်ခု 
ဖြစ်နေဆဲပါပဲ။
လိင်ပိုင်းဆိုင်ရာ အသားပေး ထုတ်ဝေမှုတွေနဲ့ ပတ်သက်လို့ နောက်ထပ် 
စဉ်းစားစရာက “အများပြည်သူ နေထိုင် သွားလာ ရာ နေရာ” နဲ့ “ပုဂ္ဂလိက 
တစ်ဦးတည်း နေထိုင်ရာ”ပါ။ တရားလွှတ်တော်ချုပ်ကတော့ အရွယ်ရောက်ပြီးသူတွေ 
ကိုယ့်အိမ် ကိုယ့်ယာရဲ့ တစ်ကိုယ်ရေတစ်ကာယ နေထိုင်ရာ နေရာမှာ လိင်အသားပေး 
ထုတ်ဝေမှုတွေကို ဖတ်တာ၊ ကြည့်တာဟာ ရာဇ၀တ်မှု မဟုတ်ဘူးလို့ ဆုံးဖြတ်
လိုက်ပါတယ်။ ဒါပေမယ့် အဲဒီ လိင်အသားပေး ထုတ်ဝေမှုမှာ ကလေးသူငယ်တွေရဲ့ 
ရုပ် ပုံတွေကိုတော့ ထည့်သွင်းပုံနှိပ်တာ၊ ရိုက်ကူးတာကို ခွင့်မပြုပါဘူး။ ဒါဟာ 
ရာဇ၀တ်မှုပါ။ ဒီလို ကလေးသူငယ်တွေရဲ့ ပုံတွေ ပါတာကို ၀ယ်ယူရင် ထုတ်ဝေသူကို 
အားပေးရာ ရောက်တဲ့အတွက် ၀ယ်ယူသူကို ရာဇ၀တ်မှု ကျူးလွန်ရာရောက်တယ်လို့ 
သတ်မှတ်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးသူ လူကြီးတွေရဲ့ ပုံတွေကို 
ကလေးသူငယ်ပုံစံ ပြောင်းပြီးတော့ ထုတ်ဝေ တာကိုတော့ ရာဇ၀တ်မှုအဖြစ် 
မသတ်မှတ်ပါဘူး။
၎။ လွတ်လပ်မှု သရဏံ ဂစ္ဆာမိ
ဗမာနိုင်ငံမှာလဲ လွတ်လပ်မှုနဲ့ တခြားသော ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုတွေ 
ထိပ်တိုက်တိုးတဲ့ အဖြစ်အပျက်တွေ ရှိပါ တယ်။ ၀မ်းနည်းစရာကောင်းတာကတော့ 
ဆင်ခြင်ဥာဏ်ကို အခြေခံပြီးတော့ စနစ်တကျ ဝေဖန်စစ်ကြော၊ ဆွေးနွေးငြင်းခုံ 
ကြတာမျိုး မရှိဘဲ ဖြစ်ပျက်တစ်ခုမှာတော့ လွတ်လပ်မှုဘက်ကို သွားကပ်လိုက်၊ 
နောက်ထပ်ဖြစ်ရပ်တစ်ခုမှာတော့ လွတ် လပ်မှုထက် တခြားသော တန်ဖိုးထားမှု
တွေဘက် ပြေးကပ်လိုက် လုပ်ရင်း လူ့အဖွဲ့အစည်းရဲ့ စုပေါင်း အမှန်တရားရှာဖွေမှုမှာ 
ဘာမှ အရာထင် မကျန်ရစ်ခဲ့တာကို တွေ့ရပါတယ်။ လိင်အသားပေးတွေ ပါတယ်လို့ 
တချို့လူတွေက ယူဆပေမယ့် ထုတ်ဝေသူတွေကတော့ ကျန်းမာရေး အသိပညာ
ရေးစာစောင်လို့ မှတ်ယူတဲ့ ညှို့မဂ္ဂဇင်းနဲ့ ပြန်ကြားရေးဌာနဖြစ်တဲ့ ကိစ္စမှာလဲ 
လွတ်လပ်မှု၊ လူ့သဘာဝနဲ့ အစဉ်အလာတန်ဖိုးထားမှုတွေကို အခြေခံတဲ့ 
ဆွေးနွေးငြင်းခုံမှုတွေ ထင်ထင်ရှားရှား မရှိခဲ့ပါ ဘူး။ အလားတူပဲ အောင်ရင်ငြိမ်းရဲ့ 
ရိုမန်ဘော့စာအုပ် ထွက်လာတော့ ပြန်ကြားရေးဌာနက လိုက်သိမ်းခိုင်းပါတယ်။ 
အဲဒီ တုန်းကလဲ လူတွေကြားမှာ ပေါ့ပေါ့တန်တန် လှောင်ပြောင်တာတွေလောက်နဲ့ 
ပြီးဆုံးသွားတာပါပဲ။ ဖေ့စ်ဘုတ်မှာ ဒေါက်တာ ဆိတ်ဖွား အမည်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကို 
ဝေဖန်လို့ လွှတ်တော်က ကော်မရှင်ဖွဲ့ စုံစမ်းခိုင်းတုန်းကတော့ ဝေဖန်ဆွေးနွေးမှု 
တွေ အတော်အတန် ရှိခဲ့ပါတယ်။
ဆိုတော့ လွတ်လပ်မှုဆိုရာမှာ လူ့အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းကြား၊ လူ့အဖွဲ့အစည်းနဲ့ 
လူနည်းစုကြား၊ အစိုးရနဲ့ လူ့အဖွဲ့အ စည်းကြား၊ အစိုးရနဲ့ လူတစ်ဦးချင်းကြား၊ အစိုးရနဲ့ 
လူနည်းစုကြားစသဖြင့် ပဋိပက္ခသဘောဆောင်တဲ့ အခြေအနေတွေမှာ အခြေခံ
တန်ဖိုးထား ဆုံးဖြတ်မှုတွေ၊ ကျင့်ဝတ်တွေ၊ လူ့သဘာဝတွေကို အခြေခံပြီးတော့ 
ဆွေးနွေးငြင်းခုံမှုတွေ လုပ်သင့်ပါ တယ်။ ဒါမှ လူ့အဖွဲ့အစည်းရဲ့ ပူးပေါင်းပြီးတော့ 
အမှန်တရားရှာဖွေမှုဟာ ပိုမိုထိရောက်လာမှာ ဖြစ်တယ်။ လူ့အဖွဲ့အစည်းက ရှင်သန်
သက်ဝင်ပြီးတော့ အစဉ်အလာတန်ဖိုး အဟောင်းအမျဉ်းတွေ၊ ယုတ္တိမတန်တာတွေ၊ 
အယူသည်းမှုတွေရဲ့ နေရာမှာ ခေတ်ပြိုင် လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ တန်ဖိုးအသစ်တွေ၊ ကျင့်ဝတ်အသစ်တွေ ဖော်ထုတ်လာနိုင်ပါလိမ့်မယ်။ ဒီလိုမှသာ ဒီမိုကရက်တစ် 
လူ့အဖွဲ့အစည်းတစ်ခုရဲ့ အဓိက နိုင်ငံရေးယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ လွတ်လပ်မှုဟာ 
ပိုမိုဘောင်ကျယ်လာပါ လိမ့်မယ်။ လွတ်လပ်မှုကို မြတ်နိုးတဲ့ ယဉ်ကျေးမှု ဘောင်ကျယ်
လာတာနဲ့အမျှ မတရားမဲ့ ပြုကျင့်မှုတွေ၊ အယူသည်းမှုတွေ၊ အကြောက်တရားတွေဟာ 
လွင့်ပါးသွားပါလိမ့်မယ်။ ဒီတော့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ နှောင်ကြိုးမဲ့တဲ့ 
ဆင်ခြင်တုံတရားက အစွမ်းကုန် ရွက်ဖွင့်ပြီးတော့ အမှန်တရားကို ရှာဖွေနိုင်ပါလိမ့်မယ်။ 
ဒီနည်းအားဖြင့်သာလျှင် လူ့အဖွဲ့အစည်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝချမ်းသာမှုတွေ၊ 
အသစ်သစ်သော တိုးတက်မှုတွေ၊ အတွေးအခေါ် ဖွံ့ဖြိုးမှုတွေ ပေါ်ပေါက်လာပြီးတော့  
ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားတဲ့ လူ့အဖွဲ့အစည်းသစ်ဆီကို တစထက် တစ 
တက်လှမ်းနိုင်ပါလိမ့်မယ်။ ဆိုတော့ကား အချုပ်ပြောရရင် လွတ်လပ်မှုဟာ 
လူတစ်ဦးချင်းစီအတွက်ပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပဲဖြစ်ဖြစ်  
 ရုပ်ပိုင်း ဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုး
ရေးအတွက် အခြေခံကျတဲ့ အကြောင်းတရား ဖြစ် တယ်။ ဒါကြောင့်မို့ လွတ်လပ်မှု 
သရဏံ ဂစ္ဆာမိကြပါ။
Ref; The American Democracy by Thomas E. Patterson
No comments:
Post a Comment