ယခင်က စစ်သည်အင်အား၊ လက်နက်အင်အားတို့ဖြင့်သာ နိုင်ငံတစ်နိုင်ငံကို ထိုးဖောက်ဝင်ရောက် ကျွန်ပြုနိုင်သည်။ ကျွန်အပြုခံ နိုင်ငံသားတို့မှာလည်း အမိနိုင်ငံ လွတ်လပ်ရေးအတွက် ၎င်းတို့ တိုက်ရမည့်၊ ခိုက်ရမည့် ရန်သူကို ရှင်းရှင်းလင်းလင်း သိနိုင်၊ မြင်နိုင်သည်။ ယခုတော့ ထိုသို့ မဟုတ်တော့ပါ။ တပ်သား တစ်ယောက်မှ မပါ။ လက်နက်ခဲယမ်း ဗလာနှင့် သာမန်မျက်စိဖြင့် မြင်နိုင်ရန် အဆများစွာ သေးမျှင်သော အီဘိုလာဗိုင်းရပ်စ်သည် အနောက်အာဖရိကနှင့် ဆူပါစစ်အင်အားကို ပိုင်ဆိုင်ထားသော အမေရိကန်ြ ပည်ထောင်စုကိုပါ ခြိမ်းခြောက်လျက် ရှိသည့်အပြင် အာရှတိုက်ကိုပါ ဖိမ့်ဖိမ့်တုန်လျက် ရှိစေသည်။
သိပ္ပံပညာတွင် အသစ်အသစ်တို့ကို တီထွင်နိုင်စွမ်းသော အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာပင်လျှင် ယင်းရန်သူတော် ဝင်လာမှာ စိုးရွံ့နေကြသည်။ ရန်သူတော်ကြီး ဝင်လာနိုင်ဖွယ်ရှိသော အပေါက်ဝ မှန်သမျှကို အကြားအလပ် မရှိရလေအောင် ကြိုးစားပိတ်ဆို့ နေကြသည်။ မှတ်သားဖွယ် အချက်မှာ သူတို့ဆီတွင်မူ အင်မတန်သေးမျှင်သော ယင်းရန်သူတော်ကို ကြည့်နိုင်၊ မြင်နိုင်သော စက်ကိရိယာ များ ပေါကြွယ်၏။ ယင်းစက်ကိရိယာများကို ကိုင်တွယ်တတ်၊ စမ်းသပ်တတ်သော ပညာရှိကဝိများ လည်း ပေါများ၏။ ယင်းကဝိများကို အဏုဇီဝဗေဒ ပညာရှင်များ (Microbiologists) ဟုလည်း ခေါ်တွင် သည်။
ကျွန်တော်တို့၏ ရွှေပြည်တော်ကြီးဆီတွင်ကော အဘယ်သို့ ရှိမည်နည်း။ နိုင်ငံတွင်းသို့ တစ်ကမ္ဘာလုံး ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသော ရန်သူတော်ပိုး ဝင်မလာနိုင်ရန် အဘယ်သို့ လုပ်ဆောင်ထားပါသနည်း။ သတင်းပလင်းများအရမူ ရွှေပြည်တော်ကြီး၏ လူဝင်မှုကြီးကြပ်ရေး ဂိတ်များတွင် ကြပ်ကြပ်မတ်မတ် စစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ တိုင်းနှင့် ပြည်နယ် ဆေးရုံများသို့လည်း ညွှန်ကြားချက်များ ထုတ်ပြန် ထားကြောင်း သိရ၏။ အခြားကမ္ဘာ့နိုင်ငံများ နည်းတူ ကျွန်တော်တို့ ရွှေပြည်တော်ကြီးက နိုးနိုးကြား ကြား ဆောင်ရွက်သော သတင်းပလင်းတို့ကို ဖတ်ရသည်မှာ စိတ်ချမ်းမြေ့ဖွယ် ကောင်းလှသည်။
သို့သော် ဆေးပညာသင် ကျောင်းသားတစ်ယောက် အနေနှင့် မတောက်တခေါက် ပညာအားကိုး ပြီး ရွှေဉာဏ်တော် စူးရောက်မိပါသည်။ ကျွန်တော်တို့ ရွှေပြည်တော်ကြီးတွင် ရန်သူတော်ပိုးကို ကြည့်နိုင်၊ မြင်နိုင်သော စက်ကိရိယာများ ပေါများပါသလော။ ယင်းစက်ကိရိယာများကို ကိုယ်တွယ်
တတ်၊ စမ်းသပ်တတ်သော အဏုဇီဝ ကဝိများကော ပေါများပါသလော။ ကျွန်တော်သိသလောက်
နတ္ထိဟု ဆိုရမလောက်ပင် ဖြစ်သည်။ ထင်ရှားသော သာဓကတချို့ကို ပြပါမည်။
ကျွန်တော် မြင်ဖူးတွေ့ဖူးသမျှသော တိုင်းနှင့် ပြည်နယ် ဆေးရုံများတွင် အဏုဇီဝဗေဒဌာနဟု သီးသန့်မရှိချေ။ အဏုဇီဝ ဌာနသာ ရှိပါက ဆေးရုံရောက်လာသော လူနာတစ်ယောက်ကို အပြင်ပန်း စမ်းသပ်စစ်ဆေးမှုများ လုပ်သည့်အပြင် သံသယဖြစ်ဖွယ် ရှိသော ရောဂါပိုး ဝင်နေသည်ဟု ထင်ပါက လူနာ၏ အသားစ၊ ဆီး၊ ဝမ်းနှင့် ပြည်တို့ကို အဏုဇီဝ ကဝိများက စစ်ဆေးနိုင်သည်။ လူနာ၏ အသား စနှင့် ပြည်စသဖြင့်တို့တွင် နေထိုင်နိုင်ဖွယ်ရှိသော ရောဂါပိုး တစ်ကောင်ကို သူကြိုက်တတ်သော ဓာတ်စာကျွေး (Media) ပြီး မွေးမြူ (Culture) နိုင်သည်။ ရောဂါပိုးအလိုက် ဆိုးဆေး (Staining Method) ဖြင့် ခွဲခြားသည်လည်း ရှိသည်။ ယင်းအပြင် ရောဂါပိုး အမျိုးမျိုးအလိုက် အဏုဇီဝမှန်ပြောင်း အမျိုးမျိုးဖြင့် ကြည့်ရသည်။ သို့မှသာ မြင်နိုင်၊ တွေ့နိုင်၏။
အဏုဇီဝဌာန၏ ဓာတ်ခွဲခန်းများကိုလည်း သီးသန့်ထားရသည်။ ယင်းဓာတ်ခွဲခန်းတွင်းသို့ သာမန်လူတို့ ဝင်ခွင့်မပေးရပါ။ သာမန်မျက်စိဖြင့် မမြင်နိုင်၊ မတွေ့နိုင်သော ရောဂါပိုးများကို စမ်းသပ်ရာ အခန်းတွင်းတွင် သာမန်လူများကို ဝင်ခွင့်ပေးပါက ရောဂါကူးစက် ခံရနိုင်ဖွယ်ရှိသည်။ ယင်းအပြင် ဓာတ်ခွဲခန်းကို သန့်သန့် ရှင်းရှင်း ထားရသည်။ အဏုဇီဝဗေဒ ကဝိများပင်လျှင် ဓာတ်ခွဲခန်းတွင်းသို့ မဝင်ခင် အစားအသောက်၊ အင်္ကျီစသည်တို့ကို အပြင်တွင် ထားခဲ့ရသည်။ လက်ကို ပိုးသတ်ဆေးဖြင့် အသေအချာ ဆေးကြောပြီးမှ ပိုးသတ်ထားသော ဓာတ်ခွဲခန်းသုံး အဝတ်ကိုဝတ်ကာ ဝင်ရသည်။ သုံးစွဲပြီးသော ဓာတ်ခွဲခန်းသုံး ပစ္စည်း ပစ္စယများကိုလည်း ခဏခဏ ပိုးသတ်ပေးရသည်။ တစ်ခါတစ်ရံ အဏုဇီဝ ပိုးများကို ရှာဖွေဖော်ထုတ်သော အဏုဇီဝ ကဝိများပင်လျှင် အဏုဇီဝပိုးတို့၏ သားကောင် ဖြစ်သွားတတ်သည်။
သို့ဖြစ်ရာ လူနာတစ်ယောက်မှ နောက်လူနာများကို ရောဂါပိုး မကူးစက်ရန် ဆေးရုံကြမ်းခင်းနှင့် လူနာ ခုတင်တို့ကိုပင် မှန်မှန်ကန်ကန် ပိုးသတ်ဆေး (Disinfectant) ဖြင့် သန့်ရှင်းမှုများ မလုပ်နိုင်၊ မကိုင်နို င်သေးသော တိုင်းနှင့် ပြည်နယ်ဆေးရုံများတွင် အဘယ်နည်းဖြင့် အီဘိုလာ ရန်သူတော်ကြီးကို ကာကွ ယ်မည်နည်း။ ကူးစက်မြန်သော ရောဂါပိုး ရှိသူများကို သီးသန့်ခွဲထား (Isolated) ရန် အခန်းကောင်း၊ အခန်းသန့်များ ဆေးရုံတိုင်းတွင် မရှိသေးသော ရွှေပြည်တော်ကြီးတွင် အဘယ်နည်းဖြင့် အီဘိုလာ ရန်သူတော်ကြီးကို နှိပ်ကွပ်မည်နည်း။ ဤကား ခေတ်မီ ပစ္စည်းပစ္စယနှင့် ဘဏ္ဍာရေးပိုင်း ချို့တဲ့ရှာေ သာ ပြဿနာဖြစ်၏။
သို့ဆိုလျှင် အဏုဇီဝ ပညာရှိကဝိများကော ရှိပါသလော။ အဏုဇီဝ ပညာရပ်ကိုရော သင်ကြားပေး ပါသလော။ သင်ကား သင်၏၊ မတတ်ဟု ဖြေမှသာ အရိုးသားဆုံး အဖြေဖြစ်ပေလိမ့်မည်။ ဆေးတက္က သိုလ်များတွင် အဏုဇီဝ ဘာသာရပ် (Microbiology) ကို ဘာသာရပ်တစ်ခု အနေဖြင့် သင်ကြားပေး ပါသည်။ သို့သော် ရွှေပြည်တော်ကြီး၏ ထုံးစံအတိုင်းပင် အရာရာကို ပကတိပင်ကို ဉာဏ်အားကိုးဖြင့် သာလျှင် တွေးခေါ်မြော်မြင်စေ၏။ လက်တွေ့ကား မလုပ်ခိုင်းပေ။ လက်တွေ့ လုပ်ရန်အတွက်လည်း ငွေ ကုန်ကြေးကျ များနိုင်သဖြင့် ပညာရေးနှင့် ပတ်သက်လျှင် ကပ်စေးနှဲသော အစိုးရအဖို့ စိတ်ဝင်စားမှု
မရှိနိုင်။
ဤသို့ဖြင့် ဆေးကျောင်းသား တစ်သိုက်မှာ အဘယ်ဗက်တီးရီးယား (Bacteria) ကတော့ဖြင့် အဘယ် ပုံသဏ္ဌာန်မျိုး ကွေးကွေးကောက်ကောက်၊ ဖြောင့်ဖြောင့်၊ အဘယ်အကောင် ကတော့ဖြင့် ဘာကြိုက်သည် ညာကြိုက်သည် စသဖြင့် ကုန်းရုန်း မှတ်ရ၊ ကျက်ရ၏။ သင်သော ဆရာမ ကိုယ်တိုင်ပင်လျှင် အဏုဇီဝ အကောင်ပလောင်တို့၏ ပုံပန်းဟန်ပန်ကို အင်တာနက်မှယူကာ ပြသရုံပြသနိုင်ပြီး၊ စာတော်ဖတ်ရုံသာ ဖတ်နိုင်ရှာ၏။ သူတို့ကိုယ်တိုင်မှာလည်း မဟာဘွဲ့၊ ပါရဂူဘွဲ့ အဆင့်ဆင့်ကိုသာ ရယူခဲ့သော်လည်း ပညာရေး အသုံးစရိတ် အင်မတန် ကပ်စေးနှဲသော ရွှေပြည်တော် အစိုးရတို့ လက်ထက်တွင် ဘာမျှ မယ်မယ်ရရ လက်တွေ့ မလုပ်ခဲ့ရရှာ။ ယင်းကဲ့သို့ မုန့်လုံးစက္ကူကပ် ဖြစ်နေရာ ကျွန်တော်တို့ ရွှေပြည်တော်ကြီးတွင် သိပ္ပံပညာရပ် ထွန်းကားဖို့ကား အပေါစား ပြက်လုံးတစ်ခု ဖြစ်သည်။
ယင်းပြဿနာအရပ်ရပ်၊ ဇာတ်လမ်း အဖုံဖုံ ရှိနေစဉ် ဆိုင်းမဆင့် ဘုံမဆင့် အီဘိုလာ အရေးတော်ပုံ ပေါ် လာသည်။ ယခင်က ဘာသိဘာသာ နေနိုင်သော်လည်း တစ်ကမ္ဘာလုံး စိုးစိုးရွံ့ရွံ့ ဖြစ်ရသော ယခုအရေး တွင်ကား နိုင်ငံရေးစနစ် တံခါးဖွင့်စ နိုင်ငံတစ်နိုင်ငံ အနေနှင့် မသိလိုက် မသိဘာသာ နေလို့ မရတော့ပေ။ မည်သို့မည်ပုံ ညွှန်ကြားထားကြောင်း သတင်းပလင်းထောက်များကို ခေါ်ယူရှင်းရတော့သည်။ မကြာသေးမီ က ဖတ်ရသော သတင်းပလင်း တစ်ပုဒ်အရမူ ရိုးရိုးသားသား ဖွင့်ဟ ဝန်ခံထားသော သတင်းတစ်ပုဒ်ကို ဖတ်ရသည်။ ယင်းမှာ ရန်သူတော် အီဘိုလာကို ရွှေပြည်တော်ကြီးတွင် မစစ်ဆေးနိုင်ဆိုသော သတင်းဖြစ် သည်။
ရွှေပြည်တော်ကြီးတွင် အီဘိုလာဗိုင်းရပ်စ်ကို ရှာနိုင်ဖွေနိုင်သော စက်ပစ္စည်း ကိရိယာ မရှိသေးကြော င်း၊ ရွှေပြည်တော်ကြီးတွင် အီဘိုလာ ကူးစက်ခံရသည်ဟု သံသယရှိပါက အိန္ဒိယနိုင်ငံ ပူးနေသို့ လူနာ ၏ သွေးရည်ကြည်ကို ပေးပို့စစ်ဆေးမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်က Health Digest ဂျာနယ်တွင် ဝန်ခံထားသည်။ ရွှေနန်းကြော့ရှင်တို့ စံမြန်းသော ရွှေပြည်တော်ကြီး၏ အရေးကား ရင်လေးစရာ ကောင်းလှသည်။
ရွှေပြည်တော်အရေးအတွက် ပို၍ ရင်လေးဖွယ်ကောင်းသော အချက်မှာ အနာဂတ်တွင် သိပ္ပံပညာ ထွန်းကားရေးအတွက် မျှော်မှန်းချက်၊ လုပ်ဆောင်ချက် တစိုးတစိမျှ မရှိခြင်းပင်။ သိပ္ပံပညာ ထွန်းကားရေး၏ အရာကား ငါတို့နှင့် သက်သက်ကင်းကင်းမျှ မဆိုင်သော၊ မတတ်နိုင်သော အလုပ်ဖြစ်သည်ဟု အောက် ကျနောက်ကျ စိတ်တို့ဖြင့် မှတ်ယူထားပုံရသည်။ ဘုန်းတော်ကြီးသင် ပညာရေးစနစ်သာ ရှိသော မင်းတုန်းခေတ်တွင် ကနောင်မင်းသားကြီးက ခေတ်မီအတတ်ပညာကို တတ်မြောက်သော အတတ် ပညာရှင်များ မွေးသည့်အပြင် လက်တွေ့လည်း စက်ရုံများ ကြိုးစားထူထောင်ကြောင်း သမိုင်းကို ဖတ်ရတိုင်း ရွှေပြည်တော် အစိုးရကိုယ်စား များစွာ အရှက်ရ၊ အားနာမိသည်။
ရွှေပြည်တော်အစိုးရကား ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးဟု လေလှိုင်းမှတစ်ဖုံ၊ သတင်းစာမှ တစ်သွယ် အကြိမ်ကြိမ်အဖန်ဖန် ကြွေးကြော်နေသော်လည်း ဝိဇ္ဇာလည်း မချွန်၊ သိပ္ပံလည်း မစွံသော
ဤရေ၊ ဤမြေတွင် အဘယ်နည်းဖြင့် ခေတ်မီနိုင်ငံတော် တည်ဆောက်မည်နည်း။ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးကား ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေဆဲပင် ဖြစ်သည်။
ရှေးက ပြဿနာတို့ မည်သို့ပင် ရှိခဲ့ပါစေ သိပ္ပံပညာ ထွန်းကားရေး ကွက်လပ်ကို ဖြည့်ဆည်းရန် တစ်ကမ္ဘာလုံး ဖိမ့်ဖိမ့်တုန် ကြောက်ရသော အီဘိုလာကား နှစ်ပေါင်းများစွာ အိပ်မောကျနေေ သာ ရွှေပြည်တော်ကြီးကို တပ်လှန့်၍ သွားလေပြီ။ “ထလော့ မြန်မာ၊ မြန်မာ ထလော့” ဟူ၏။
ဉာဏ်မျိုးအောင်