Thursday, July 27, 2017

အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ နယ်ချဲ့စနစ်

Written By ဥာဏ်မျိုးအောင်

ဒီဆောင်းပါးကို လီနင် ရေးသားထားတဲ့ Imperialism, the
Highest Stage of Capitalism ဆိုတဲ့ စာအုပ်က ကောက်နုတ်
ထားတာ ဖြစ်ပါတယ်။ အခုရာစုနှစ်မှာ ဂလိုဘယ်လိုက်ဇေးရှင်း တို့၊ ဈေးကွက်စီးပွားရေးစနစ်တို့အကြောင်း ပြောနေချိန်မှာ
ရပ်ရှား ကွန်မြူနစ် တစ်ယောက်ဖြစ်တဲ့ လီနင်ရဲ့ စာကို
 ကောက်နုတ် ဘာသာပြန်တဲ့အတွက် အဆန်းလို့ ထင်ကောင်း
ထင်ပါလိမ့်မယ်။ အဓိက ပြန်ရတဲ့ အကြောင်းအရင်းက
ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လွတ်လပ်စွာကုန်သွယ်မှုလိုမျိုး
ကမ္ဘာ့ဈေးကွက်စီးပွားရေးစနစ်ဟာ ဆင်းရဲတဲ့ နိုင်ငံ တွေ
အတွက် ကောင်းကျိုးတွေ သယ်ဆောင်လာမှာ ဖြစ်ကြောင်း၊
ဒီစနစ်ကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေအတွင်း ချမ်းသာတဲ့
နိုင်ငံတွေက ၀င် ရောက် ရင်းနှီးမြှုပ်နှံတာတွေ လုပ်လာမှာ
ဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်
လာမှာ ဖြစ်ကြောင်း၊ ဆင်းရဲတဲ့ နိုင်ငံက ကုန်ပစ္စည်းတွေကို
ချမ်းသာတဲ့ နိုင်ငံတွေဆီ တင်ပို့လာနိုင်မှာ ဖြစ်ကြောင်း၊ စသဖြင့်
ပညာရှင်နဲ့ သတင်းစာဆရာတချို့ဟာ အမျိုး မျိုး ချီးမွမ်းထောပနာပြု
ရေးသားနေတဲ့အတွက် ဖြစ်ပါတယ်။

ချမ်းသာတဲ့ နိုင်ငံကြီးတွေက ကုမ္ပဏီကြီးတွေ ဗမာနိုင်ငံတွင်း
ဝင်ရောက်ရင်း နှီးမြှုပ်နှံမယ်ဆိုတဲ့ သတင်းကို ကြားရင်ပဲ
သတင်းစာဆရာတချို့ဟာ အားရ၀မ်းသာ ရေးသားကြတယ်။
သတင်းစာမှာ စာလုံးအမည်းကြီး တွေနဲ့ ဖော်ပြတတ်ကြတယ်။
ဒီလို အမြင်တွေနဲ့ မတူတဲ့ တခြားရှုထောင့်ဘက်ကနေ
စဉ်းစားကြည့်ကြစေချင်တဲ့အတွက် အခုဆောင်းပါးကို
 ရေးပါတယ်။ ခေတ်ကာလအရ တစ်ချို့သော အယူ
အဆတွေကို မွမ်းမံပြင်ဆင်ပြီး နားလည်သဘောပေါက်အောင်
လုပ်ချင်လုပ်ကြပါ။ လုံးဝ စွန့်ပယ်ပစ်ရမယ့် အယူအဆတော့
မဟုတ်ပါ။

၁။ အရင်း တင်ပို့မှု (The Export of Capital)

ခေတ်ဟောင်း အရင်းရှင်စနစ်မှာ လွတ်လပ်စွာ ပြိုင်ဆိုင်မှုတွေ
ရှိလာတဲ့အခါ ကုန်စည်တွေ တင်ပို့နိုင်မှု (Export of goods)ဟာ
အဓိက လက္ခဏာရပ် ဖြစ်ပါတယ်။ ခေတ်သစ် အရင်းရှင်
စနစ်မှာတော့ ဈေးကွက်လက်ဝါးကြီး အုပ်မှု (Monopolies)တွေ
 ပေါ်ပေါက်လာတဲ့အခါ အရင်းတင်ပို့နိုင်မှုဟာ အဓိက
လက္ခဏာရပ် ဖြစ်လာပါတယ်။ အရင်းရှင်စနစ် (Capitalism)ဟာ
အမြင့်ဆုံးအဆင့်အထိ ကုန်ပစ္စည်း ထုတ်လုပ်မှု (commodity
production) ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ လုပ်အား(labor
 power)ကိုယ်တိုင်ကလဲ ကုန်ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။
ပြည်တွင်း ကုန်ပစ္စည်းဖလှယ်မှု၊ နိုင်ငံတကာ ကုန်ပစ္စည်း
ဖလှယ်မှုတွေ ဖွံ့ဖြိုးတိုးတက်လာမှုဟာ အရင်းရှင်စနစ်ရဲ့
ထူးခြားတဲ့ ၀ိသေသလက္ခဏာရပ် ဖြစ်ပါတယ်။ လုပ်ငန်း
တစ်ခုချင်းစီ၊ စက်မှုလုပ်ငန်းတစ်ခုချင်းစီ၊ နိုင်ငံတစ်ခုချင်းစီရဲ့
ဖွံ့ဖြိုးတိုးတက်မှုမှာ မညီမျှမှုတွေ ရှိနေတာဟာ အရင်းရှင်စနစ်ရဲ့
သဘာဝါပါပဲ။

အင်္ဂလန်နိုင်ငံက တခြားနိုင်ငံတွေထက်အရင် အရင်းရှင်နိုင်ငံ
ဖြစ်လာတာပါ။ ဆယ့်ကိုးရာစု နှစ်လယ်လောက်မှာ
လွတ်လပ်စွာ ကုန်သွယ်မှု(Free Trade)ကို ကျင့်သုံးခဲ့တဲ့
အတွက် နိုင်ငံထုတ် ကုန်ပစ္စည်းတွေကို ကမ္ဘာ့တစ်ဝှမ်းက
 နိုင်ငံတွေဆီ တင်ပို့ပြီး၊ အလဲအလှယ်အနေနဲ့ ကုန်ကြမ်းတွေကို
ပြန်ယူတာတွေ လုပ်ပါတယ်။ ဆယ့်ကိုးရာစု ကုန်ခါနီးလောက်
မှာတော့ ဒီလိုမျိုး လက်ဝါး ကြီးအုပ်လို့ မရတော့ပါဘူး။
တခြားနိုင်ငံတွေကလဲ အကောက် အခွန်တံတိုင်း
(Tariff walls)တွေ ကာရန်ခြင်းအားဖြင့် သီးခြားအရင်း
ရှင်နိုင်ငံသစ်တွေအဖြစ် ပေါ်ပေါက်လာပါတယ်။ နှစ်ဆယ်
ရာစုနှစ်မှာ ရေဆူမှတ်ကို ရောက်လာချိန်မှာတော့
လက်ဝါးကြီးအုပ်မှု ပုံစံသစ် တမျိုး ပေါ်လာပါတယ်။
ပထမအချက်- လက်ဝါးကြီးအုပ် အရင်းရှင်နိုင်ငံ
အားလုံးဟာ ဖွံ့ဖြိုးတိုးတက်ပြီး အရင်းရှင်နိုင်ငံတွေ
အဖြစ် ပူးပေါင်းလာတယ်။ ဒုတိယအချက်- အရင်း
စုစည်းမှု (accumulation of capital ဆိုလိုချင်တာ
ကတော့ ငွေကြေးဥစ္စာတွေ အပုံကြီး စုဆောင်း
ထားနိုင်မှုကို ပြောချင်တာပါ) အားကောင်းတဲ့ နိုင်ငံ
အနည်းငယ်ကပဲ လက်ဝါး ကြီးအုပ် အနေအထားကို
ရယူထားနိုင်တယ်။ ဒီတော့ ငွေကြေးအရင်းဟာ
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပဲ တောင်ပုံရာပုံ ဖြစ်လောက်
အောင် ပုံနေတော့တယ်။

ဒီအရင်းရှင်စနစ်က လယ်ယာစိုက်ပျိုးရေးကို တိုးတက်
စေတယ်၊ လူထုရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်
နိုင်တယ်ဆိုရင် အခုလို ဓနဥစ္စာတွေ တောင်ပုံရာပုံ
စုဆောင်းထားမှုအကြောင်းကို ပြောနေမှာ မဟုတ်ပါဘူး။
အခုတော့ နည်းပညာ တိုးတက်မှုတွေ ရှိလာပေမယ့်
လယ်ယာဏ္ဍဟာ စက်မှုလုပ်ငန်းနောက်မှာ နောက်ကျ
ကျန်ခဲ့ သလို လူထုဟာလဲ ဆင်းဆင်းရဲရဲနဲ့ မဖူမလုံ
အသက်မွေးနေရတယ်။ မညီ မျှတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ
စုတ်ပြတ်နေတဲ့ အခြေအနေတွေကို လူထု ကြုံနေရတာဟာ
အရင်းရှင် ကုန်ထုတ်လုပ်မှုပုံစံ (capitalist mode of
production)ရဲ့ အခြေခံအကျဆုံး အကြောင်းတရား
ဖြစ်တယ်။ အရင်းရှင်စနစ်က ဒီအတိုင်း စခန်းသွားနေ
သရွေ့တော့ ငွေပိုတွေ (surplus capital အလွန်အကျူး
ဓနဥစ္စာ စုဆောင်းထားနိုင်မှုကြောင့် ပိုနေတဲ့ အရင်းတွေကို
ဆိုလိုတာပါ) လူထုရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာ
ရေးအတွက် ဘယ်တော့မှ သုံးမှာ မဟုတ်ဘူး။ ဒီလို
သုံးမယ်ဆိုရင် အရင်းရှင်တွေ ရမယ့် အမြတ်အစွန်းတွေ
(profits) လျော့ပါးသွားမှာကိုး။ ဒီတော့ ဒီအရင်းတွေကို
ဖွံ့ဖြိုးမှု နောက်ကျ ကျန်ရစ်တဲ့ နိုင်ငံတွေဆီ အရင်းအဖြစ်
တင်ပို့ခြင်းအားဖြင့် (၀င်ရောက် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့်)
မြတ်သထက် မြတ်အောင်၊ အမြတ်အစွန်းရသထက်
ရလာအောင် အသုံးပြုကြလိ့မ်မယ်။ ဒီလိုမျိုး ဖွံ့ ဖြိုးမှု
နောက်ကျတဲ့ နိုင်ငံတွေ(backward countries)မှာက
အရင်းအနှီးမြှုပ်နှံနိုင်မှုကလဲ မရှိသလောက် ရှားပါး၊
 မြေယာတန်ဖိုးကလဲ အင်မတန်မှာ သက်သာပြန်၊
လုပ်ခလစာကလဲ နိမ့်ပါးပြန်ဆိုတော့ အမြတ်အစွန်း ပိုရတာပေါ့။

၂။ အရင်းရှင်နိုင်ငံတွေရဲ့ ကမ္ဘာဝေပုံခွဲမှု (Division of World Among Capitalist Combines)

အရင်းရှင် နိုင်ငံတွေချင်း ပူးပေါင်းလာတဲ့အခါ အရင်းရှင်
နိုင်ငံတွေဟာ တခြား နိုင်ငံတစ်ခုရဲ့ ပြည်တွင်းဈေးကွက်
တစ်ခုလုံးကို သူတို့ အချင်းချင်းကြားမှာ ဝေစုခွဲလာတယ်။
ဒီနိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေ အပေါ်မှာလဲ အနည်းနဲ့အများ
ဆိုသလို ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်လာကြတယ်။ အရင်းရှင်စနစ်မှာက ပြည်တွင်းဈေးကွက်က နိုင်ငံတကာ
ဈေးကွက်နဲ့လည်း ချိတ်ဆက်ထားတာကိုး။ ဒီတော့ အရင်း
အနှီးတင်ပို့နိုင်မှု (ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတွေမှာ
သွားရောက်ရင်းနှီးမြှုပ်နှံနိုင်မှု) တိုးတက်လာလေ၊
အချင်းချင်း ပူးပေါင်းထားကြတဲ့ လက်ဝါကြီးအုပ်
အရင်းရှင်နိုင်ငံကြီးတွေရဲ့ သြဇာစက်(spheres of
influence) ပိုကျယ်ပြန့်လာလေ၊ သူတို့တွေကြားမှာ
 နိုင်ငံတကာ သဘောတူညီချက်တွေ ရယူတာမျိုး
 နိုင်ငံတကာ လက်ဝါးကြီးအုပ် စီးပွားရေးပုံစံကို
ပုံဖော်လာတာမျိုးတွေဆီ ဦးတည်သွားလေ ဖြစ်လာ
တာဟာ သဘာဝပါပဲ။

အရင်းရှင်နိုင်ငံတွေက အခုလို ကမ္ဘာကို ဝေပုံကျပိုင်း
 ခွဲဝေမှုဟာ တစ်စုံတစ်ရာသော မကောင်းစိတ်ကြောင့်
လုပ်တာတော့ မဟုတ်ပါဘူး။ ဓနဥစ္စာ စုပုံနေမှုကိုယ်တိုင်ကပဲ
အမြတ်အစွန်းရဖို့ဆိုရင် လက်ဝါးကြီးအုပ် စီးပွားရေးပုံစံတွေ
ကျင့်သုံးဖို့ သူတို့ကို တွန်းပို့နေတာ ဖြစ်ပါ တယ်။ ဒီလို
လက်ဝါးကြီးအုပ်ခွဲဝေမှုဟာ သူတို့ပိုင်တဲ့ “အရင်း” အချိုး
အစားအလိုက်၊ သူတို့ရဲ့ “အင်အား”အတိုင်းအတာအလိုက်
ခွဲဝေကြ တာပါ။ အင်အားဆိုတာမှာ စီးပွားရေး နဲ့ နိုင်ငံရေးဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်မှုအလိုက် ကွာခြားမှုတွေ ရှိပါတယ်။

ခေတ်သစ်အရင်းရှင်စနစ်က ကျွန်တော်တို့ကို ဘယ်လိုမျိုး
အချက်တွေကို သဘောပေါက်နားလည်စေသလဲ ဆိုရင်၊
ကမ္ဘာကို စီးပွားရေး အရ ဝေပုံကျခွဲဝေမှုမှာ အခြေခံလို့
အရင်းရှင် မဟာမိတ်နိုင်ငံတွေအချင်းချင်းကြားမှာ
ဆက်ဆံရေးတွေ တည်ဆောက်လာတယ်။ ဒါနဲ့
တပြိုင်နက်တည်းမှာပဲ၊ ကိုလိုနီနယ်တွေ ရရှိရေးနဲ့
စီးပွားရေး နယ်နမိတ် ရရှိရေးအတွက် ကမ္ဘာမြေ
နယ်နမိတ်ကို ဝေပုံကျခွဲဝေလာတယ်။ ဒီနည်းအားဖြင့်
 နိုင်ငံရေး မဟာမိတ်ဖွဲ့မှု၊ အစိုးရချင်းကြား ဆက်ဆံရေး
တည်ဆောက်မှုတွေ ပေါ်ပေါက်လာတယ်။

၃။ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့်ဟာ နယ်ချဲ့စနစ်

ဒီတော့ အနှစ်ချုပ်ကြရအောင်။ နယ်ချဲ့စနစ်(Imperialism)ဟာ
အရင်းရှင်စနစ်ရဲ့ အခြေခံလက္ခဏာရပ်တွေ ဖွံ့ ဖြိုးတိုးတက်
လာမှု၊ တဆက်တစပ်တည်း တိုးတက်လာမှုကြောင့်
ပေါ်ပေါက်လာတာပါ။ အရင်းရှင်စနစ်ရဲ့ အခြေ ခံလက္ခဏာ
ရပ်တွေဟာ ဆန့်ကျင်ဘက် အနေအထားတွေဆီ ကူးပြောင်း
သွားချိန်မှာ၊ တစ်နည်းအားဖြင့် အရင်း ရှင်စနစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု
အမြင့်ဆုံးအနေအထားတစ်ခုကို ရောက်လာတဲ့အချိန်မှာ
 အရင်းရှင်စနစ်ကနေ အရင်းရှင် နယ်ချဲ့စနစ်ကို ကူးပြောင်း
သွားတာ ဖြစ်ပါတယ်။ စီးပွားရေးအရဆိုရင် နယ်ချဲ့ စနစ်ကို
 ပြောင်းလဲလာချိန်မှာ “အရင်းရှင်တွေကြား လွတ်လပ်စွာ
ပြိုင်ဆိုင်မှု”ကို “အရင်းရှင် လက်ဝါးကြီးအုပ်မှုစနစ်”နဲ့
အစားထိုးလာ တယ် ။ လွတ်လပ်စွာ ပြိုင်ဆိုင်မှု
(Free competition)ဟာ အရင်းရှင်စနစ်ရဲ့
အခြေခံကျတဲ့ ၀ိသေသလက္ခဏာရပ်ပဲ။ လက်ဝါးကြီးအုပ်မှု
ဆိုတာကတော့ လွတ်လပ်စွာ ပြိုင်ဆိုင်မှုရဲ့ ဆန့်ကျင်ဘက် မဟုတ်လား။

လွတ်လပ်စွာ ပြိုင်ဆိုင်မှုကနေ လက်ဝါးကြီးအုပ်မှုဆီကို
အသွင်ပြောင်းသွားတာဟာ ကျွန်တော်တို့ မျက်စိရှေ့မှာတင်
ဖြစ်ပျက်နေတာ မဟုတ်လား။ အငယ်စား စက်မှု လုပ်ငန်းတွေကို
အကြီးစား စက်မှုလုပ်ငန်းတွေနဲ့ အစား ထိုးလာပြီး၊ အကြီးစား
စက်မှု လုပ်ငန်းတွေကို တော့ ပိုမို ကြီးမားတဲ့ စက်မှု
လုပ်ငန်းတွေနဲ့ အစားထိုးလာတယ်။ ဒီနည်းအားဖြင့်
တစတစနဲ့ ကုန်ထုတ်လုပ်မှုနဲ့ ငွေကြေးအရင်းဟာ
စုပုံလာပြီးတော့ လက်ဝါးကြီးအုပ်မှု ပေါ်ပေါက်လာတယ်။
လက်ဝါးကြီးအုပ်မှုဟာ အရင်းရှင်စနစ်ကနေ ပိုမိုအဆင့်မြင့်တဲ့
စနစ်တစ်ခုဆီ ကူးပြောင်းမှုပဲ။ နယ်ချဲ့စနစ်ကိုပဲ အတိုဆုံး
အဓိပ္ပါယ်ဖွင့်ပြရရင်တော့ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီး
အုပ်အဆင့် (monopoly stage of capitalism)ပဲ။
ဘဏ္ဍာရေး အရင်းမှာဆိုရင် ဘဏ်ကြီး အနည်းငယ်လောက်
ကပဲ လက်ဝါးကြီး အုပ်ထားတာ မဟုတ်လား။ ဒီဘဏ်တွေဟာ
ကုန်ထုတ်လုပ်မှု လုပ်ငန်းမှာ လက်ဝါးကြီးအုပ်ထားနိုင်တဲ့
လုပ်ငန်းစုတွေနဲ့ ပူးပေါင်းလာတယ်။ ကိုလိုနီမူဝါဒကလဲ
အရင်းရှင်နိုင်ငံ တွေ မသိမ်းပိုက်ရသေးတဲ့ နယ်မြေတွေကို
သိမ်းပိုက်ဖို့ ကြိုးစားတဲ့ ကိုလိုနီမူဝါဒကနေ အပြီးပိုင်
နယ်နမိတ် ခွဲဝေပြီးသား၊ ကမ္ဘာမြေ နယ်နမိတ်တစ်ခုလုံးကို
လက်ဝါးကြီးအုပ်ထားတဲ့ ကိုလိုနီမူဝါဒဘက်ကို ပြောင်းလဲသွားတယ်။

နယ်ချဲ့စနစ်ကို အောက်က လက္ခဏာရပ်တွေနဲ့ သတ်မှတ်ချင်ပါတယ်။

၁။ ကုန်ထုတ်လုပ်မှုနဲ့ ငွေကြေးအရင်းဟာ အတိုင်းအတာတစ်ခုအထိ
စုပြုံလာတဲ့အခါမှာ လက်ဝါးကြီးအုပ်မှုကို ဖန်တီးပေးလာတယ်။

၂။ ဘဏ်တွေရဲ့ ငွေကြေးအရင်းဟာ စက်မှုလုပ်ငန်းတွေရဲ့ ငွေကြေး
အရင်းနဲ့ ပေါင်းစည်းလာပြီး “လူအနည်းစုကပဲ ဘဏ္ဍာရေး လက်ဝါး
ကြီးအုပ်မှု(financial oligarchy)” ပေါ်ပေါက်လာတယ်။

၃။ (ခေတ်ဟောင်း အရင်းရှင်စနစ်နဲ့ မတူတော့တာက) ကုန်ပစ္စည်း
တင်ပို့နိုင်မှုထက် ငွေကြေးအရင်းအနှီး တင်ပို့နိုင်မှုဟာ အင်မတန်
အရေးကြီးလာတယ်။

၎။ သူတို့အချင်းချင်းကြားမှာ ကမ္ဘာကို ဝေပုံကျ ခွဲဝေထားတဲ့ နိုင်ငံတကာ
အရင်းရှင်တွေရဲ့ လက်ဝါးကြီးအုပ်ပုံစံတစ်ရပ် ပေါ်ပေါက် လာတယ်။

၅။ အရင်းရှင်နိုင်ငံကြီးတွေကြားမှာပဲ ကမ္ဘာတစ်ခုလုံးကို အဆုံးသတ်
နယ်မြေခွဲဝေပိုင်းခြားမှုတွေ လုပ်ပြီးသွားပြီ။

ဘဏ္ဍာရေး လက်ဝါးကြီးအုပ်မှုမှာဆိုရင် ကမ္ဘာနိုင်ငံတွေရဲ့ စီးပွားရေးမှာ
ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေတာကို ဖြေ ရှင်းပေးတာထက် ကွာဟမှုကို
ပိုကြီးလာစေတယ်။


(Conflict After the Cold War, Arguemnts on Causes of War and Peace By Richard K. Betts စာအုပ်ကနေ ကောက်နုတ်ထား ပါတယ်။)

လူမှုလှုပ်ရှားမှုရဲ့ ဘ၀စက်ဝန်း

Written By ဥာဏ်မျိုးအောင်

လူမှုလှုပ်ရှားမှု (Social movement)ဆိုတာ နိုင်ငံရေးဆိုင်ရာ
အပြောင်းအလဲတစ်ခု (Political change)ကို ထောက်ခံဖို့
aသ်ာလည်း ကောင်း၊ ဒါမှမဟုတ် မပြောင်းလဲအောင် ပိတ်ပင်
တားဆီးဖို့ သော်လည်းကောင်း လူအများ စုပေါင်းပါဝင်တဲ့
လှုပ်ရှားမှု (Collective action)ကို ခေါ်ဆိုပါတယ်။ သမိုင်း
တစ်လျှောက်မှာ လူမှုလှုပ်ရှားမှုတွေ တော်တော်များများ
 ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ လူ့အဖွဲ့အစည်းကို
ထူးထူးခြားခြား ပြောင်းလဲစေခဲ့တယ်။ လူမှုလှုပ်ရှားမှု တချို့က
လက်ရှိ ရှိရင်းစွဲစနစ်ကို ဖြိုဖျက်ပြီး အသစ်တစ်ဖန် ပြောင်းလဲချင်တဲ့
“တော်လှန်ရေးဆန်ဆန် (Revolutionary)” လှုပ်ရှားမှုတွေ
ဖြစ်တယ်။ တစ်ချို့ကတော့ ရှိရင်းစွဲ စနစ်ရဲ့ဘောင်ထဲမှာပဲ
“ပြုပြင်ပြောင်းလဲမှုတွေ (Reform)” လုပ်ချင်တာ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းထဲမှာ ပြောင်းလဲမှုတွေကို ဆန့်ကျင်ချင်တဲ့
“ရှေးရိုးစွဲဆန် ဆန် (Conservative)” လှုပ်ရှားမှုတွေလဲ ရှိပါတယ်။

လူမှုလှုပ်ရှားမှုတွေမှာ လှုပ်ရှားမှု “အတိုင်းအတာ(Scope)”မှာလဲ
ကွာခြားမှုတွေတော့ ရှိတယ်။ တစ်ချို့က ဒေသတွင်း မူဝါဒ အပြောင်း
အလဲတွေလောက်ပဲ လုပ်ချင်တာဖြစ်ပြီးတော့ တစ်ချို့ကတော့
 နိုင်ငံတကာ အတိုင်းအတာအထိ မူဝါဒပုံဖော်မှုတွေ လုပ်ချင်တာ
ဖြစ်တယ် ။ ဘယ်လိုပဲ ကွာခြားမှုတွေ ရှိနေပါစေ၊ လူမှုလှုပ်ရှားမှု
ဘ၀စက်ဝန်း (Life cycle of social movement)မှာ တူညီတဲ့
အချက်တွေ ရှိကြော င်း လူမှုသိပ္ပံ ပညာရှင်တွေက သုံးသပ်ပြပါ
တယ်။ လူမှုလှုပ်ရှားမှုတွေက လူ့အဖွဲ့အစည်းတွင်းမှာ
ထူးခြားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ် စေတာကြောင့်
ဒီလှုပ်ရှားမှုတွေဟာ ဘယ်လို ပေါ်ပေါက်လာသလဲ၊
ဘယ်လိုလူတွေ ပါဝင်ကြသလဲ၊ ဘယ်လို အောင်မြင်သွား
သလဲ၊ ဘယ်လို ကျရှုံးသွားရသလဲဆိုတာကို ပညာရှင်တွေက
အချိန်အများကြီး ပေးပြီးတော့ သဘောပေါက်အောင်
လုပ်ခဲ့ကြပါတယ်။ သူတို့ တွေ သဘောပေါက်လာတာက
ဒီလှုပ်ရှားမှုတွေက ဖြစ်ချင်တဲ့အချိန် ကောက်ဖြစ်တာ
 မဟုတ်ဘူး၊ ဒီလှုပ်ရှားမှုတွေ ပေါ်ပေါက်ဖို့က “ရင်းမြစ်
(resources)”တွေ လိုတယ်။ ဒီလှုပ်ရှားမှုတွေ ဖြတ်သန်း
ရမယ့် “အဆင့်တွေ(stages)” အများကြီး ရှိတယ်။

တစ်နည်းပြောရရင်တော့ လူမှုလှုပ်ရှားမှုတွေဆိုတာ
မူဝါဒတစ်ခု သို့မဟုတ် အုပ်ချုပ်ပုံစနစ်တစ်ခုကို
ချက်ချင်းကြီး သဘောမကျ ဖြစ်ပြီး တော့ လူထု
လှုပ်ရှားမှု (Mass movements)တွေ ကောက်လုပ်၊
လက်ရှိ အာဏာတည် ဆောက်ထားမှုကို မြေလှန်
ပစ်နိုင်စွမ်းရှိတဲ့ “အယူ အဆပိုင်းဆိုင်ရာ ရှေ့နောက်
ညီညွှတ်တဲ့ အိုင်ဒီအိုလဂျီ (coherent ideology)”တွေ
ပါဝင်တဲ့ လှုပ်ရှားမှုမျိုးတော့ မဟုတ်ဘူး။ တကယ်တော့
လူမှုလှုပ်ရှားမှုတွေဟာ အဆင့်လေးဆင့်ကို ဖြတ်သန်းရတယ်။

၁။ ပေါ်ပေါက်လာမှု (Emergence)
၂။ ပေါင်းစည်းလာမှု (Coalescence)
၃။ ဗြူရိုကရေစီပုံစံ တည်ဆောက်လာမှု (Bureaucratization)
၎။ လှုပ်ရှားမှု ရပ်တန့်မှု(Decline) ။ Declineဆိုတဲ့ စကားလုံးက
အဖျက်သဘောဆောင်နေပေမယ့် ဒီနေရာမှာတော့ အဖျက်သဘော
မျိုး၊ အောင်မြင်မှု မရှိတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကျဆုံးမှု
အဆင့်ဟာ အကြောင်းအမျိုးမျိုး ကြောင့် ဖြတ်သန်းရနိုင်တယ်။
အဲဒါ တွေကတော့-

*အောင်မြင်မှု (Success)
*အဖွဲ့အစည်းဆိုင်ရာ ကျဆုံးမှု (Organizational failure)
*ကျုံးသွင်းခံရမှု (Co-optation)
*ဖိနှိပ်မှု (Repression) သို့မဟုတ်
*စနစ်အတွင်း အခိုင်အမာ ပူးပေါင်းသွားမှု (Establishment within mainstream society)

အဆင့်(၁) ပေါ်ပေါက်လာမှု

ဒီအဆင့်အတွင်းမှာ လူမှုလှုပ်ရှားမှုတွေဟာ အစပျိုးဆဲ
အနေအထားမှာပဲ ရှိသေးတယ်။ စနစ်တကျ လှုပ်ရှားနေတဲ့
အဖွဲ့အစည်းဆိုတာ ကလဲ တစ်ဖွဲ့မှ မရှိသေးတဲ့ အခြေအနေမျိုး၊
ရှိခဲ့ရင်လဲ အဖွဲ့သေးသေးလေးတွေလောက်ပဲ ရှိသေးတယ်။
မကျေနပ်ချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေနိုင်တယ်။
လူမှုလှုပ်ရှားမှုတွေ လုပ်ခဲ့ရင် ပါဝင်နိုင်ချေရှိတဲ့ လူတွေဟာ
မူဝါဒတစ်ခု သို့မဟုတ် လူမှုအခြေအနေ တစ်ခုခုနဲ့
ပတ်သက်လို့ မကျေနပ်ချက်တွေတော့ ရှိနေပြီ။ ဒါပေမဲ့
ဘယ်လို လှုပ်ရှားမှုမျိုးကိုမှတော့ မလုပ်ကြသေးဘူး။
လုပ်ခဲ့ရင်လဲ “အစု အဖွဲ့လိုက် လှုပ်ရှားမှု (collective action)”
ထက် “တစ်ဦးချင်းလှုပ်ရှားမှု (individual)”တွေ ဖြစ်နိုင်ချေ
ပိုများတယ်။ လူတစ်ယောက်က သူ မကျေမနပ် ဖြစ်နေ
တာတွေကို သူ့မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို
 ပြောပြကောင်း ပြောပြလိမ့် မယ်။ ဒေသတွင်း
သတင်းစာတွေနဲ့ ကိုယ်စားလှယ် အမတ်တွေဆီ
စာရေးကောင်း ရေးလိမ့်မယ်။ ဒါ့အပြင် ဆိုးဝါးလာတဲ့
အခြေအနေတွေကို သတင်းစာတွေမှာ အဆိုးမြင်
ဖော်ပြမှုဟာ တစတစ တိုးလာချင် လာလိမ့်မယ် ။

ဒီအဆင့်မှာပဲ လူမှုလှုပ်ရှားမှုအဖွဲ့ (Social movement
organization)အတွင်း ဖြစ်ပေါ်နေပုံတွေကို ကြည့်ကြရ
အောင်။ ဒီအဖွဲ့တွေဟာ လူမှုလှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာဖို့၊
အောင်မြင်လာဖို့အတွက် လိုအပ်တဲ့ တာဝန်တွေကို
ဆောင်ရွက်နေတဲ့ အဖွဲ့တွေ ဖြစ်တယ်။ အဲတော့
ပထမအဆင့်မှာတော့ ဒီလိုအဖွဲ့နဲ့ ဒီအဖွဲ့ထဲက
အဖွဲ့ဝင်တွေဟာ “လှုံ့ဆော်သူ (Agitators)”
သဘောမျိုး လုပ်ကြတယ်။ ဒီလှုံ့ဆော်သူတွေဟာ
လူထုအတွင်းမှာ မကျေနပ်စရာ ကောင်းတဲ့ အခြေအနေကို
သိမြင်သဘောပေါက်လာအောင်(Consciousness)၊
မကျေနပ်ချက်တွေ အားကောင်းလာအောင်
လုပ်ဆောင်ကြတယ်။ အမေရိကန်မှာ Civil Rights
Movement မပေါ်ပေါက်ခင်ကတည်းကတိုင်
Student Non-violent Coordinating Committee
လှုံ့ဆော်မှုတွေ လုပ်ပေးနေတယ်။ ဒါပေမဲ့ လူထုကိုတော့
စည်းရုံးစုဖွဲ့နိုင်စွမ်း မရှိသေးဘူး။

အဆင့်(၂) ပေါင်းစည်းလာမှု

ဒီအဆင့်မှာတော့ မကျေနပ်ချက်ဟာ ပိုမိုထင်ရှားလာပြီ။ ပထမ
အဆင့်မှာလို လူထုအတွင်းမှာ ကြိတ်ပုန်း ပျံ့နေတဲ့ မကျေနပ်
ချက်မျိုး မဟုတ်တော့ဘူး။ ဘာကို မကျေနပ်တာလဲ၊ ဒီ့အတွက်
ဘယ်သူ့မှာ တာဝန် ရှိသလဲ၊ ဘာတွေက ဒီမကျေနပ်ချက်ကို
 ဖြစ်စေသလဲဆိုတာ ကို သဘောပေါက်လာကြပြီ။ ဒီအနေ
အထားမှာ မတည်ငြိမ်မှု တွေက ဖုံးဖိထားလို့ရတဲ့၊ ဒေသ
တစ်ခုလေးမှာပဲ ကွက်ကွက်လေးဖြစ်နေတဲ့၊ လူတစ်စုလေးပဲ
သဘောပေါက်တဲ့ အနေအထားမျိုး မဟုတ်တော့ဘူး။
မကျေနပ်ချက်က ပွင့်ပွင့်လင်းလင်း ပေါ်လာပြီ၊ နေရာ
အနှံ့အပြား မှာ ဖြစ်ပေါ်နေပြီ၊ လူများစုကလဲ ဒါကို
 သဘောပေါက်လာပြီဆိုတဲ့ အနေအထားမျိုးပါ။

မကျေနပ်ချက်တွေကို ဖော်ထုတ်ရာမှာ အရင်ကလို တစ်ဦးစ
တစ်ယောက်စကပဲ လုပ်နေတာမျိုး မဟုတ်တော့ဘူး။
“စုဖွဲ့မှု(collective)” ပုံစံနဲ့ စလုပ်လာကြပြီ။ ပထမအဆင့်မှာ
လှုပ်ရှားနေတဲ့ တစ်ဦးချင်း တစ်ယောက်ချင်းစီကလဲ သူလိုပဲ
တစ်ကိုယ်တော် လှုပ်ရှားနေသူတွေ ကို အပြန်အလှန်
သတိထားမိလာကြပြီ။ ဒီအဆင့်မှာပဲ ခေါင်းဆောင်မှု
ပေါ်လာတယ်။ လူမှုလှုပ်ရှားမှု အောင်မြင်ဖို့အတွက်
မဟာဗျူဟာ တွေ စတင်ချမှတ်လာတယ်။ ဒီအဆင့်မှာပဲ
လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်လာနိုင်တယ်။ ဒီလှုပ်ရှား
မှုတွေက သူတို့ရဲ့ အင်အားနဲ့ သူတို့ ဘာကို လိုချင်သလဲ
ဆိုတာ ပြသဖို့အတွက် ဖြစ်တယ်။ အရေးကြီးဆုံး
အချက်ကတော့၊ ဒုတိယအဆင့်မှာ တကိုယ်တော်
လှုပ်ရှားမှုမျိုး မဟုတ်တော့ဘူးဆိုတာရယ်၊ အစုအဖွဲ့ပုံစံ
စုဖွဲ့လာနိုင်ပြီ ဆိုတာရယ်၊ သူတို့တွေမှာ မဟာဗျူဟာတွေ
စနစ်တကျ ရှိနေပြီဆိုတာရယ်ပါ။

အဆင့်(၃) ဗြူရိုကရေစီပုံစံ တည်ဆောက်လာမှု

ဒီအဆင့်မှာ အဖွဲ့အစည်းတွေဟာ အဆင့်ဆင့် ဖွဲ့စည်းလာနိုင်ပြီ။
တစ်ဖွဲ့နဲ့ တစ်ဖွဲ့လဲ မဟာမိတ်ဖွဲ့ပြီး မဟာဗျူဟာအရ လှုပ်ရှား
လာကြပြီ။ ဒုတိယအဆင့်က လှုပ်ရှားမှုတွေကြောင့် လူထုက
သူတို့ လှုပ်ရှားမှုတွေကို သတိထားမိလာကြပြီဆိုတော့
လူမှုလှုပ်ရှားမှု အဖွဲ့တွေအချင်း ချင်း မဟာဗျူဟာအရ
မဟာမိတ်ဖွဲ့ဖို့ လိုအပ်လာပြီ။ ဒီအဖွဲ့တွေက လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်လာဖို့အတွက် နေ့တဓူဝ
အလုပ်လုပ်ပေးမယ့်၊ ဒါနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့
ဝန်ထမ်းတွေ (staff persons)ကို အားကိုးဖို့ လိုလာ
လိမ့်မယ်။ ဒီအဆင့်မှာတော့ လှုပ်ရှားမှုက လူတွေကို
 နိုးကြားတက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်ပေါ်
မှာချည်းပဲ အားကိုးနေလို့ မရတော့ဘူး။ လူထု စုရုံးမှုတွေချည်းမှာပဲ
အားကိုးလို့ မရတော့ဘူး။ လူမှုလှုပ်ရှားမှု အဖွဲ့တွေရဲ့
တာဝန်တွေကို ဆက်လုပ်နိုင်ဖို့က လေ့ကျင့် သင်ကြားထားတဲ့
ဝန်ထမ်းတွေ (Trained staffs)ကို အားကိုးမှ ရလိမ့်မယ်။

လူမှုလှုပ်ရှားမှု တော်တော်များများက ဗြူရိုကရေစီပုံစံ တည်ဆောက်
လှုပ်ရှားဖို့ ပျက်ကွက်ကြတယ်။ လူမှုလှုပ် ရှားမှုမှာ ပါဝင်တဲ့ အဖွဲ့ဝင်
တွေရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းထားဖို့က ခက်ခဲတယ်။ တောက်လျှောက်
လူထုလှုပ်ရှားမှုတွေ လုပ်ဖို့ဆိုတာကျလဲ ပါဝင်လှုပ်ရှားသူတွေ
အတွက် အတော် အပန်းကြီးမယ့်ကိစ္စ။ အဲတော့ လူမှုလှုပ်ရှား
မှုတွေက စိတ်ပန်းလူပန်းနဲ့ ပြီးသွားတတ်တာတွေ ရှိတယ်။ ဗြူရို
ကရေစီပုံစံ တည်ဆောက်တယ်ဆိုတာက စိတ်အားထက်သန်တဲ့
volunteersတွေ မရနိုင်တဲ့အခါမျိုးမှာ လူမှုလှုပ်ရှားမှုအဖွဲ့မှာ
ခန့်ထားတဲ့ ၀န်ထမ်း တွေ (Paid staffs)နဲ့ အစားထိုး လှုပ်ရှားဖို့ ဖြစ်တယ်။

အဆင့်(၄) လှုပ်ရှားမှု ရပ်တန့်မှု

နောက်ဆုံးအဆင့်ကတော့ လှုပ်ရှားမှုရပ်တန့်မှု ဖြစ်တယ်။ လှုပ်ရှားမှု
ရပ်တန့်မှုဆိုတာ လူမှုလှုပ်ရှားမှုတွေ မအောင်မြင်ဘူးလို့ ဆိုလိုချင်
တာ မဟုတ်ဘူး။ လူမှုလှုပ်ရှားမှု ရပ်တန့်ရမှုမှာ အကြောင်းတရားငါးခု
ရှိတယ်။

၁။ ဖိနှိပ်မှု

အာဏာပိုင်တွေက လူမှုလှုပ်ရှားမှုကို ထိန်းချုပ်ဖို့၊ ဖျက်စီးဖို့
နည်းလမ်းတွေကို သုံးတာကို ဖိနှိပ်မှုလို့ ခေါ်တာပါ။ အစိုးရဘက်က
အခုလို ဖိနှိပ်မှုတွေ လုပ်တာဟာ မှန်ကန်ကြောင်း ပြောဆို
တတ်တယ်။ လူမှုလှုပ်ရှားမှု လုပ်သူတွေဘက်က ကြည့်ရင်တော့
ဒါဟာ တရားနည်း လမ်းမကျဘူးလို့ မြင်မှာပေါ့။ အစိုးရက
လူမှုလှုပ်ရှားမှုတွေကို တရားမ၀င်ကြောင်း ဥပဒေတွေထုတ်
တားမြစ်တာ၊ ပြည်တွင်း တည်ငြိမ် အေးချမ်းမှုကို အန္တရာယ်
ဖြစ်စေတယ်လို့ ကြေညာပြီး လှုပ်ရှားမှုလုပ်သူတွေကို
တိုက်ခိုက်တာတွေ လုပ်ပါလိမ့်မယ်။ ဒီလို ဖိနှိပ်မှုမျိုးကြောင့်
လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ ခက်ခဲသလို အဖွဲ့ဝင်သစ်တွေ
တိုးလာဖို့လဲ အခက်အခဲ ရှိတတ်ပါတယ်။

၂။ ကျုံးသွင်းခံရမှု

လူမှုလှုပ်ရှားမှုအဖွဲ့တွေဟာ အာဏာမှန်သမျှ ဗဟိုက
စုကိုင်ထားတာကို အလွန်အမင်း မှီခိုနေရတာမျိုး၊ charismatic
leadershipကို တအား မှီခိုနေရတာမျိုးဆိုရင် ကျုံးသွင်းခံရမှုကနေ
လူမှုလှုပ်ရှားမှုတွေ ကျဆုံးသွားတတ်ပါတယ်။ လူမှုလှုပ်ရှားမှုကို
ဦးဆောင်နေတဲ့ ခေါင်းဆောင်က အာဏာပိုင်နဲ့ ပူးပေါင်းသွားပြီ
ဆိုရင်လဲ ကျုံးသွင်းခံရမှု ပေါ်ပေါက်တတ်ပါတယ်။ လူမှုလှုပ်ရှား
မှုတွေ ဦးတည်တိုက် ခိုက်ချင်တဲ့ အဖွဲ့အစည်းက သူတို့ဘောင်ထဲကို
ဝင်ပြီးတော့ ပြောင်းလဲဖို့ ကမ်းလှမ်းတာကို လက်ခံရင်လဲ
ကျုံးသွင်းခံရမှု ပေါ်လာရတယ်။ နောက်ပိုင်းမှာ လူမှုလှုပ်ရှားမှုတွေ
လုပ်တုန်းက တောင်းဆိုတဲ့ တန်ဖိုးတွေကို မေ့ပျောက်သွားပြီးတော့
အာဏာပိုင် အဖွဲ့အစည်းဘောင် ထဲက တန်ဖိုးတွေကို လက်ခံ
လိုက်တာမျိုး၊ အာဏာပိုင် အဖွဲ့အစည်းထဲမှာ ပေါင်းစည်းသွား တာမျိုး ဖြစ်တတ်တယ်။ ခေါင်းဆောင်တွေကို ငွေပေး အ၀ယ်ခံ
ရတာမျိုးတွေလဲ ရှိတတ်တယ်။

၃။ အောင်မြင်မှု

လူမှုလှုပ်ရှားမှုတွေ အားလုံးဟာ ဖိနှိပ်ခံရမှုတွေ၊ ကျုံးသွင်းခံရ
မှုတွေကြောင့် ကျဆုံးသွားတာမျိုး မဟုတ်ပါဘူး။ တချို့လှုပ်ရှားမှုတွေက
တော့ အောင်မြင်ပါတယ်။ ဦးတည်ချက် ပန်းတိုင် တိတိကျကျ
ချမှတ်ထားပြီး ဒေသဆိုင်ရာအတွက်ပဲ လုပ်တဲ့ လှုပ်ရှားမှု
သေးသေးလေး တွေက အောင်မြင်နိုင်ချေ ပိုများပါတယ်။
ဥပမာ- ဒေသတခုမှာ လေယာဉ်ကွင်း လာဆောက်တာကို
ကန့်ကွက်တာမျိုးပေါ့။ ဒါမှမဟုတ် တချို့တွေက ကိုယ်လိုချင်တဲ့
ပန်းတိုင်ကို ရောက်သွားလို့ လှုပ်ရှားမှုတွေ ရပ်သွားတာလဲ
ရှိတယ်။ ဥပမာ- အမျိုးသမီး မဲပေးခွင့်လှုပ်ရှား သူတွေလိုပေါ့။
မဲပေးခွင့် ပြုလိုက်တဲ့အခါမှာ သူတို့ တောင်းဆိုတိုက်ပွဲဝင်
တာတွေ အောင်မြင်သွားပြီ။

၎။ ကျရှုံးမှု

ကျဆုံးမှုမှာ အကြောင်းအမျိုးမျိုး ဖြစ်နိုင်တယ်။ ဥပမာ- ဗီယက်နမ်
စစ်ပွဲကို ဆန့်ကျင်တဲ့ အမေရိကန်က ကျောင်းသားအဖွဲ့အစည်း
တစ်ခုကို လေ့လာကြည့်ရအောင်။ Student Democratic
Society(SDS)ဆိုတဲ့ အဖွဲ့အစည်း။ ဒီအဖွဲ့က အောင်မြင်မှုတွေ
ရလာတော့ အဖွဲ့ဝင်အင်အားသစ်တွေ ချက်ချင်းလက်ငင်း
တိုးလာတယ်။ ဒါပေမဲ့ အဖွဲ့ကို ဖွဲ့စည်းတည်ဆောက်ထားပုံက
အဖွဲ့ဝင်သစ်တွေ တိုးလာ တာကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း
မရှိတော့ဘူး။ ဒါ့ အပြင် ဆုံးဖြတ်ချက်ချခွင့်မှာ အားလုံး ပါဝင်
ခွင့်ပြုထားတယ်။ SDSအဖွဲ့တွင်းမှာပဲ ဂိုဏ်းဂဏ
တည်ဆောက်မှုတွေ ပေါ်ပေါက်လာတယ်။ ဆိုတော့
ဂိုဏ်းဂဏ တအား ကွဲနေချိန်မှာပဲ တဖက်ကလဲ ပိုဖိနှိပ်
လာတယ်။ ဒီလိုနဲ့ ကျရှုံးရတယ်။

ဆုံးဖြတ်ချက်ချခွင့်ကို ထိပ်ပိုင်းက ခေါင်းဆောင်မှု အစု
တစ်စုထဲမှာဆီ အပ်ထားရင်လဲ ပြဿနာ ရှိတယ်။ ခေါင်းဆောင်
စုထဲမှာပါတဲ့ လူတွေက ကိုယ့်အင်အား အခြေစိုက်ထားရတဲ့
 အောက်ခြေလူထုလှုပ်ရှားမှုတွေနဲ့ ကင်းကွာ သွားတတ်တယ်။
သူတို့တွေက အချင်းချင်း အိုင်ဒီအော်လဂျီတွေ တူနေတယ်၊
သဘောထားတွေ တူနေတယ်၊ ဆိုတော့ သူတို့အချင်းချင်း
သဘောထား ကွဲလွဲမှု မရှိသလောက်ပဲ။ အဲတော့ ထိပ်ပိုင်း
ခေါင်းဆောင်မှု အစုဟာ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့
ပကတိအရှိတရားတွေနဲ့ ကင်းကွာသွားတတ်တယ်။
ဒါကြောင့် လဲ ကျရှုံးမှု ကြုံရတတ်တယ်။

၅။ စနစ်အတွင်း အခိုင်အမာ ပူးပေါင်းသွားမှု

လူမှုလှုပ်ရှားမှုတွေ လိုချင်တဲ့ ရည်မှန်းချက်တွေ၊ အိုင်ဒီအော်
လဂျီတွေကို လက်ခံလိုက်ပြီဆိုရင်တော့ စနစ်အတွင်း
အခိုင်အမာ ပူးပေါင်း သွားတဲ့အတွက် လှုပ်ရှားမှုတွေ
ထပ်လုပ်စရာ မလိုတော့ဘူး။ ဥပမာ- အမေရိကန်မှာ
အလုပ်သမား လှုပ်ရှားမှုတွေ စလုပ်ခါစက အာဏာ
ပိုင်တွေရဲ့ ဖိနှိပ်မှု ခံရတယ်။ ဒါပေမဲ့ ကနေ့ခေတ်မှာတော့
အလုပ်သမား လှုပ်ရှားမှုတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေး
စနစ်ထဲမှာ ကောင်းကောင်း ပေါင်းစည်းမိသွားပြီ။
ဒါတွေကတော့ လူမှုလှုပ်ရှားမှုရဲ့ ဘ၀စက်ဝန်းပါပဲ။
အနာဂတ်ကာလမှာ ကျွန်တော်တို့တွေအားလုံး
လူမှုလှုပ်ရှားမှုတစ်ခု လုပ်တော့မယ် ဆိုရင်လဲ
ဒီထဲက အဆင့်အလိုက် ဘယ်လို ဗျူဟာတွေ
ချမှတ်ပြီး လုပ်ဆောင်မယ်ဆိုတာ စဉ်းစားဆွေးနွေးနိုင်ပါတယ်။

Wednesday, July 26, 2017

စတစ်ဂလစ်၏ ဂလိုဘယ်လိုက်ဇေးရှင်း အမြင်

Written By ဥာဏ်မျိုးအောင်

(ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်နဲ့ပတ်သက်လို့ နိုဘယ်ဆုရ
စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်ရဲ့ အမြင်ကို အကျဉ်းချုပ်
တင်ပြaပးပါမယ်။ အကြောင်းကတော့ ပြည်တွင်း နိုင်ငံရေးတံခါး
အနည်းငယ် ဖွင့်ဟလိုက်တာနဲ့ နိုင်ငံဖြတ်ကျော် စီးပွားရေးလုပ်ငန်းတွေဟာ
ပြည်တွင်းကို ၀င်ရောက်လာတာတွေ ရှိပါတယ်။ ဒါတွေရဲ့ ကောင်းကျိုး
ဆိုးပြစ်ကို ကျနော်တို့တွေ သဘောပေါက်မှသာ ဂလိုဘယ်လိုက် ဇေးရှင်း
ဖြစ်စဉ်မှာ ကိုယ့်ပြည်တွင်း အကျိုးစီးပွားအတွက် စီမံခန့်ခွဲနိုင်မယ်လို့
ယုံကြည်ပါတယ်။ ဒီ့အတွက် အမြည်းပေးပါမယ်။ အပြည့် အစုံ ဖတ်လိုရင်
James Farganis ရေးသားတဲ့ Readings in Social Theoryစာအုပ်ကို
ရှာဖတ်ကြပါ။)

တချို့တွေကတော့ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization)ဖြစ်စဉ်က
လူတိုင်းအတွက်ရော နေရာတိုင်းအတွက်ပါ မမျှော်မှန်းနိုင် လောက်အောင်
ကြွယ်ဝချမ်းသာမှုတွေ ဆောင်ကျဉ်းလာမယ်လို့ မြင်ကြပါတယ်။ တချို့တွေ
ကျပြန်တော့ ဒီဖြစ်စဉ်ကြောင့်ပဲ ဇာတိမြေ ယဉ်ကျေးမှုတွေ ဖျက်ဆီးခံရတာမျိုး၊
ဆင်းရဲနွံ ပိုနစ်လာတာမျိုးတွေကဲ့သို့သော မပြောပြနိုင်လောက်အောင်
များပြားတဲ့ ပြဿနာတွေ တက်လာရတယ်လို့ မြင်ကြပါတယ်။ “နိုင်ငံအများစု”
မှာတော့ ဒီဖြစ်စဉ်ကြောင့် “လူနည်းစုက” အကျိုးအမြတ် တစ်ပုံတစ်ပင်
ရပေမယ့် “လူများစု”ကတော့ မပြောပလောက်တဲ့ အကျိုးအမြတ်လေးပဲ
ရပါတယ်။ နိုင်ငံတစ်ချို့မှာတော့ လူများစုကို အကျိုးအမြတ် ဖြစ်ထွန်းစေတာ
ရှိပါတယ်။ ဒီဖြစ်စဉ်တစ်ခုတည်းမှာပဲ ဘယ်လိုကြောင့် နိုင်ငံတစ်ခုနဲ့ တစ်ခုမှာ
ရလဒ်တွေ မတူရတာလဲ။

ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို “အနည်းနဲ့ အများဆိုသလို” ကိုယ်ဘာသာ
စီမံခန့်ခွဲတဲ့ အရှေ့အာရှလို နိုင်ငံတွေမှာတော့ အကျိုး အမြတ်တွေ များများ
ရကြပါတယ်။ ဒီအကျိုးအမြတ်ကိုလဲ မျှမျှတတ ခွဲဝေနိုင်ကြပါတယ်။ ဂလို
ဘယ်စီးပွားရေးနဲ့ ချိတ်ဆက် လုပ်ဆောင် ရာမှာ ဒီနိုင်ငံတွေဟာ ကိုယ်
ဘာသာ ပဲ့ကိုင်နိုင်စွမ်းရှိကြပါတယ်။ ဒီနိုင်ငံတွေနဲ့ မတူတာကတော့
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေ
(International Monetary Fund-IMF) နဲ့ တခြားသော နိုင်ငံတကာ
စီးပွားရေး အဆောက်အအုံ (စကားချပ် - အဆောက်အဦး မဟုတ်ပါ။
အဆောက်အအုံ ဖြစ်ပါတယ်။ Institutionကို ဆိုလိုပါတယ်။)တွေရဲ့
စီမံခန့်ခွဲမှုတွေ အနည်းနဲ့ အများဆိုသလို ခံကြရတဲ့ နိုင်ငံတွေမှာတော့
အခြေအနေ သိပ်မကောင်းလှပါဘူး။ ပြဿနာကတော့ ဂလိုဘယ်
လိုက်ဇေးရှင်း ဖြစ်စဉ် မဟုတ်ပါဘူး။ ဘယ်လို စီမံခန့်ခွဲမှု လုပ်သလဲ
ဆိုတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ ဘဏ္ဍာရေး အဆောက်အအုံ (Institutions)တွေက
“ဈေးကွက်အခြေခံ အစွန်းရောက်ဝါဒ” (Market Fundamentalism)
ကို သွတ်သွင်းဖို့ ကြိုးစားကြပါတယ်။ ဒါဟာ စီးပွားရေးအရလဲ မကောင်း
သလို နိုင်ငံရေးအရလဲ မကောင်းပါဘူး။ ဒီဝါဒရဲ့ အဓိက အခြေခံ
ယူဆချက်ကတော့ (လွတ်လပ်တဲ့) ဈေးကွက်စီးပွားရေးက အရာရာကို
 ဖြေရှင်းပေးနိုင်တယ်ဆိုတဲ့ အယူအဆပါပဲ။ ဒါက ဖွံ့ဖြိုးဆဲနိုင်ငံ
(ဆင်းရဲသားနိုင်ငံတွေ) မပြောနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင်
အလုပ်မဖြစ်ပါဘူး။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဒီစီးပွား
ရေးမူဝါဒ တွေ (ကျင့်သုံးဖို့) တိုက်တွန်းပါတယ်။ ဒီလိုမျိုး ကျင့်သုံးစေ
ခိုင်းတာကြောင့် “ဒီမိုကရေစီ တည်ဆောက်စ နိုင်ငံတွေ” (Emerging
Democracies) ကို ချိနဲ့စေတာမျိုးတွေ ရှိပါတယ်။

ယေဘုယျ ပြောရမယ်ဆိုရင် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို
စီမံအုပ်ချုပ်တာကိုယ်၌က ဒီမိုကရက်တစ်နည်းလမ်း မကျပါဘူး။
ဒီလိုမျိုး စီမံမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ (အထူးသဖြင့် နိုင်ငံတွင်းက
ဆင်းရဲသားတွေ)ကို အကျိုးယုတ်စေတာတွေ ရှိပါတယ်။ နိုင်ငံတကာ
စီးပွားရေး အဆောက်အအုံတွေကို စီမံအုပ်ချုပ်ရာမှာ ဒီမိုကရေစီ
နည်းလမ်း မကျဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး၊ ကော်ပိုရိတ် စီးပွားရေး
လုပ်ငန်း တွေ ကိုယ်တိုင်က ဒါကို စီမံအုပ်ချုပ်နေတာ ဖြစ်ပြီးတော့
သူတို့တွေရဲ့ ဘဏ္ဍာရေး အကျိုးအမြတ်အတွက်ပဲ လုပ်ဆောင်
နေကြတယ်၊ ဒီအဆောက်အအုံတွေက “ဘုံအကျိုးစီးပွား (General
Interest)”အတွက် ဆောင်ရွက်အောင် အပြန်အလှန် ထိန်းကျောင်း
ပေးနိုင်တဲ့ တခြားသော ဒီမိုကရက်တစ် အထိန်းအထေတွေလဲ
မရှိဘူးလို့ စီအာတဲဆန္ဒပြသူတွေက (Seattle protesters စီအာ
တဲဆိုတာက အမေ ရိကန်က မြို့တစ်မြို့ ဖြစ်ပါတယ်)
ထောက်ပြကြပါတယ်။

၁။ အကျိုးဖြစ်ထွန်းမှုအပိုင်း

ကမ္ဘာနိုင်ငံတွေထဲမှာ အရှေ့အာရှက နိုင်ငံတွေဟာ စီးပွားရေးအရ
အလျင်မြန်ဆုံး တိုးတက်လာအောင် ဆင်းရဲမွဲတေမှုကို အများဆုံး
လျော့ချနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒီနိုင်ငံတွေမှာ
ဒါမျိုး လုပ်နိုင်တာဟာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကတစ်ဆင့်ပဲ
ဖြစ်ပါတယ်။ ဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ “ပို့ကုန်”မှာ အခြေခံ
ထားပါတယ်။ (ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကနေ အမြတ်ထုတ်
 နိုင်တာကတော့) ကမ္ဘာ့ဈေးကွက်မှာ ပို့ကုန်တွေ တင်ပို့နိုင်တယ်၊
(ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့) နည်းပညာပိုင်းမှာ ကွာဟနေမှုကို လျော့ချစေနိုင်
ခဲ့ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြားမှာ ကွာဟမှုဟာ
ငွေကြေးအရင်းအနှီးနဲ့ တခြားသော အရင်းအမြစ်ပိုင်းမှာတင် မက ပါဘူး။
အသိပညာပိုင်းမှာပါ ကွာဟမှုတွေ ရှိပါတယ်။ ဒီကွာဟမှုကို လျော့
ချနိုင်ဖို့အတွက် နိုင်ငံ အချင်းချင်းကြား အသိပညာဖြတ်ကျော်
စီးဆင်းမှု (Globalization of Knowledge) ဖြစ်စဉ်ကနေ
အမြတ်ထုတ် နိုင်ခဲ့ပါတယ်။

အရှေ့အာရှဒေသတွင်းက နိုင်ငံတချို့က နိုင်ငံ ဖြတ်ကျော်
ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ (Multinational Companies)တွေကို
တံခါးဖွင့်ပေးခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်လာကြပါတယ်။ ကိုရီးယားနဲ့
ထိုင်ဝမ်လို တခြားသော နိုင်ငံတွေကတော့ ကိုယ်ပိုင်စီးပွားရေး
လုပ်ငန်းတွေကို ထူထောင်လုပ်ကိုင်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုး တက်
လာပါတယ်။ ဒီနေရာမှာ အဓိက ထူးခြားချက် ရှိပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်မှာ အောင်မြင်လာတဲ့ နိုင်ငံတွေ
ဟာ ပြောင်းလဲမှု အဆင့်ဆင့်ကို ကိုယ်ဘာသာ ဆုံးဖြတ်ပြ
ဌာန်းနိုင်ကြပါတယ်။ ဒီနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုး တက်လာတာနဲ့အမျှ
အကျိုးအမြတ်ကို မျှမျှတတ ခွဲဝေရေးကိုလဲ လုပ်ဆောင်နိုင်
ခဲ့ကြပါတယ်။ ဒီနိုင်ငံတွေဟာ “၀ါရှင်တန် ဘုံသဘောတူညီချက်
(Washington Consensus)” ရဲ့ အခြေခံယူဆချက်တွေကို
လက်မခံပါဘူး။ ဒီအချက်တွေကတော့ “အစိုးရ ပါဝင်လုပ်ဆောင်
မှုကို အနည်းဆုံးအဆင့်ထိ လျော့ချဖို့” (Minimalist role for
government)၊ “ဒရောသောပါး ပုဂ္ဂလိကပိုင်ပြုဖို့” (Privatization)၊
နဲ့ (ဘဏ္ဍာရေး စီးပွားရေးဆိုင်ရာ) “ဖြေလျော့ မှုတွေ အလျင်အမြန်
လုပ်ဆောင်ဖို့” (Liberalization)ပဲ ဖြစ်ပါတယ်။

အရှေ့အာရှက အစိုးရတွေဟာ စီးပွားရေးကို (အစိုးရကိုယ်တိုင်)
အဓိက တာဝန်ယူ စီမံခန့်ခွဲကြပါတယ်။ ကိုရီးယားအစိုးရ
တည်ထောင် ထားတဲ့ သံမဏိကုမ္ပဏီဆိုရင် ကမ္ဘာမှာ စွမ်းဆောင်မှု
အမြင့်ဆုံးကုမ္ပဏီတွေထဲမှာ ပါပါတယ်။ အမေရိကန်က ပုဂ္ဂလိကပိုင်
 သံမဏီ ကုမ္ပဏီတွေထက်တောင် စွမ်းဆောင်ရည် ပိုကောင်း
ပါတယ် (ပုဂ္ဂလိကပိုင် ကုမ္ပဏီလို့ ဆိုရပေမင့် တကယ့်တကယ်ကျ
သူတို့လုပ်ငန်းတွေ ကို အကာအကွယ်ပြုနိုင်ဖို့ အစိုးရဆီက
အမတော်ကြေး ထောက်ပံ့မှုကို တရစပ် တောင်းနေကြတာပါ)။
(အရှေ့အာရှ နိုင်ငံတွေမှာ) ဘဏ္ဍာ ရေး ဈေးကွက်ကိုလဲ
ကျပ်ကျပ်မတ်မတ် ထိန်းကွပ်ထားကြပါတယ်။ ကျွန်တော့်
သုတေသနပြုချက်အရဆိုရင် ဒီလိုမျိုး ထိန်းကွပ်မှုတွေ ကြောင့်ပဲ
ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဌာနနဲ့
 နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့်
အထက်က ထိန်းကွပ်မှုတွေကို ဖယ်ရှားပေးရတဲ့အခါမှသာ
ဒီနိုင်ငံတွေဟာ ပြဿနာ စကြုံရတော့တာပါပဲ။

၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ ခုနှစ်တွေအတွင်းမှာ အရှေ့အာရှ ဒေသတွင်း
စီးပွားရေးဟာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာရုံတင်မကဘူး
အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်မှု ရှိပါတယ်။
၁၉၉၇-၁၉၉၈ စီးပွားရေးအကျပ်အတည်းရဲ့ ရိုက်ခတ်မှု ခံရတဲ့
နိုင်ငံနှစ်နိုင်ငံ ဆိုရင် ယခင်ဆယ်စုနှစ် သုံးခုအတွင်းမှာ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု တစ်နှစ်ကလေးတောင် လျော့ပါးသွားတာမျိုး
မရှိပါဘူး။ တစ်နှစ်လား မှာ နိုင်ငံနှစ်နိုင်ငံက အမေရိကန်နဲ့
တခြားသော ဖွံ့ဖြိုးချမ်းသာပြီးနိုင်ငံတွေထက် စီးပွားရေးစွမ်း
ဆောင်ရည် ပိုကောင်းခဲ့ဖူးပါတယ်။ ၁၉၉၀ ခုနှစ်မှာ အရှေ့အာ
ရှနိုင်ငံတွေ ကြုံခဲ့ရတဲ့ အရှေ့အာရှ စီးပွားရေး အကျပ်အတည်းကို
ဖြစ်စေတဲ့ တစ်ခုတည်းသော အဓိက အချက်ကတော့ ဘဏ္ဍာရေးနဲ့
ငွေကြေး ဈေးကွက်ကို ဒရောသောပါး ဖြေလျော့မှုတွေ (Rapid
liberalization of financial and capital markets) ကြောင့်ပဲ
ဖြစ်ပါတယ်။ တိုတိုပြောရရင် အရှေ့အာရှနိုင်ငံတွေ ဂလိုဘယ်
လိုက်ဇေးရှင်း ဖြစ်စဉ်ကနေ အကျိုးအမြတ် ဖြစ်ထွန်းလာတယ်ဆို
တာ ဒီဖြစ်စဉ်ကို သူတို့ အကျိုးအမြတ်အတွက် သူတို့ကိုယ်တိုင်
စီမံခန့်ခွဲနိုင်လို့ ဖြစ်ပါတယ်။ ပြင်ပဖိအားပေးမှု (မူဝါဒ သွတ်သွင်း
ခံရမှု)တွေ ကြုံရတဲ့အခါမှာတော့ သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း
မရှိတဲ့ ပြဿနာတွေနဲ့ ကြုံရပါတော့တယ်။

ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် အကျိုးအမြတ် တစ်ပုံတစ်ပင်
 ရနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာဆိုရင် နိုင်ငံဖြတ်ကျော် အသိ
ပညာစီးဆင်းမှုတွေကြောင့် ကျန်းမာရေးအဆင့်အတန်း
တိုးတက်မှုတွေ ဖြစ်ပေါ်စေပါတယ် ။ တခြားအကျိုး ဖြစ်ထွန်းမှုတွေလဲ
ရှိပါတယ်။ ဒီကနေ့ခေတ်မှာဆိုရင် ကမ္ဘာလုံးဆိုင်ရာ လူ့မှုအဖွဲ့
အစည်း (Globalized Civil Society ဒီအဖွဲ့တွေမှာ နိုင်ငံပေါင်းစုံက
တက်ကြွလှုပ်ရှားသူ တွေ၊ နိုင်ငံပေါင်းစုံက လှုမှုအဖွဲ့အစည်းတွေ
ပူးပေါင်းလုပ်ဆောင်ကြပါတယ်) တွေ ပေါ်ပေါက်လာစပြုပါပြီ။
 ဒီအဖွဲ့အစည်းတွေကြောင့် မြေမြှုပ်မိုင်း ပိတ်ပင်တားစီးရေး
သဘောတူညီချက်၊ ဆင်းရဲသားနိုင်ငံတွေရဲ့ အကြွေးတွေ လျော် ပစ်ရေးလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေမှာ အောင်မြင်စပြုပါပြီ။
ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက် ဆန္ဒဖော်ထုတ်မှုတွေပင်လျှင်
ဂလိုဘယ်လိုက်ဇေး ရှင်းဖြစ်စဉ် မရှိဘဲ ပေါ်ပေါက်မလာ နိုင်ပါဘူး။

၂။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အမှောင်ဘက်ခြမ်း

ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် ဆိုးကျိုးသက်ရောက်မှုတွေလဲ
ရှိပါတယ်။ ဒီလိုမျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်ရ ခြင်းတဲ့ အကြောင်း
တရားကိုတော့ နိုင်ငံတကာ ဘဏ္ဍာရေး အဆောက်အအုံတွေ
(အထူးသဖြင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့)က တိုက်တွန်း
ဖော်ဆောင် ခိုင်းတဲ့ စီးပွားရေး မူဝါဒအစိတ်အပိုင်းတွေကို ကြည့်ခြင်း
အားဖြင့် သိနိုင်ပါတယ်။ အဆိုးဝါးဆုံးကတော့ ဘဏ္ဍာရေး နဲ့ ငွေကြေးဈေးကွက် ဖြေလျော့မှုကြောင့် ပေါ်ပေါက်လာရပါ
တယ်။ ဒါက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒုက္ခကြီးကြီး ပေးပါတယ်။

(အထက်က) ဖြေလျော့မှုတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ
 နိုင်ငံထဲကို ဒလဟော သွန်ဝင်လာတဲ့ ဆူလွယ်နပ်လွယ်
ငွေအရင်း (Hot money)တွေရဲ့ သားကောင် ဖြစ်ရပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်က ရုတ်တရက် ပြောင်းလဲသွားလို့
ရင်းနှီးငွေတွေကို (နိုင်ငံထဲက) ပြန် ထုတ်ယူသွားတဲ့အခါ
သက်ဆိုင်ရာ နိုင်ငံ ကတော့ စီးပွားရေးယိမ်းယိုင် ပျက်စီးမှုမှာ
နစ်ကျန်နေရစ်ခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ ဒီနိုင်ငံတွေက
ညံ့ဖျင်းတဲ့ စီးပွားရေးမူဝါဒ တွေကို ကျင့်သုံးတာကြောင့်
အပြစ်ပေးခံရတာလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က
ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစီးပွားရေးပျက်ကပ်က နိုင်ငံ တစ်ခုကနေ နောက်ထပ် နိုင်ငံတစ်ခုကို ပြန့်နှံ့သွားတဲ့အခါ
ဟိုတုန်းက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က အမှတ်ကောင်း
ပေးပြီးတော့ ထင်ကြေးပေးထားတဲ့ နိုင်ငံတွေပါ ပါဝင်လာပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ မကြာခဏ ပြောတာ ကတော့ ငွေကြေးဈေးကွက်ကြောင့် ပေါ်ပေါက်လာတဲ့
စည်းမျဉ်းစည်းကမ်းတွေ ဟာ အရေးကြီးတယ် ဆိုတာပါပဲ။
ဒီလိုပြောဆိုရာမှာ အမိအဖတစ်ယောက်က သားသမီးကို
ပြောသလိုမျိုး ပြောတာတွေ ရှိပါတယ်။ ငွေကြေးဈေးကွက်ကို
စီမံလည်ပတ်စေနိုင်တဲ့ မြောက်ပိုင်းက ငါတို့ဟာ၊ စနစ်
အခြေကျနေပြီဖြစ်တဲ့ ငါတို့ဟာ အသိဆုံး ဖြစ်တယ် ငါတို့
ပြောတဲ့အတိုင်းသာ လုပ်၊ မင်းတို့ ကြီးပွား လိမ့်မယ်လို့ ပြောပုံ
ဆိုပေါက်ဟာ ဟိုးခေတ်ဟောင်းက ကိုလိုနီအရှင်သခင်းကြီးတွေရဲ့
စိတ်ထားကို ပုံစံသစ် သုံးပြီးတော့ ဖော်ပြတာပါပဲ။ မောက်မာ
ထောင်လွှားမှုက အစော်ကားခံရသလိုပါပဲ။ ဒီအနေအထားက
အတော်လေး ဒီမိုကရေ စီနည်းလမ်း မကျတာပါ။ ဒီမိုကရေစီ
ကိုယ်၌က လုံလောက်တဲ့ စည်းကမ်းရှိမှုကို မပေါ်ပေါက်စေနိုင်ဘူး
လို့ သဘောသက်ရောက်စေတဲ့ ယူဆချက်မှာ အခြေခံပြောနေတာပါ.....................။

ငွေကြေးဈေးကွက်ကို ဖြေလျော့လိုက်တာဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ
မဖြစ်ထွန်းလာစေပါဘူး။ ညတွင်းချင်း ၀င်လာလိုက်၊ ထွက်သွားလိုက်
လုပ်နေတဲ့ ငွေကြေးအရင်းတွေနဲ့ ဘယ်လို စက်ရုံမျိုးတွေ
ထောင်နိုင်ပါ့မလဲ။ ဘယ်လို အလုပ်အကိုင်မျိုးတွေ ဖန်တီးနိုင်ပါ့မလဲ။
ပိုတောင် ဆိုးဝါးသွားစေပါတယ်။ (ဆင်းရဲတဲ့ နိုင်ငံက ချမ်းသာ
တဲ့ နိုင်ငံဆီက) ကာလတို ငွေချေးတဲ့အခါ ချေးလိုတဲ့ ငွေကြေး
အရေအတွက်နဲ့ ညီမျှ တဲ့ အရန်ငွေ (Reserve)ကို ဖယ်ချန်ထား
ရပါတယ်။ ဆိုတော့ ဆင်းရဲတဲ့ နိုင်ငံက လုပ်ငန်းတစ်ခုက
အမေရိကန် နိုင်ငံမှာရှိတဲ့ ဘဏ်တစ်ခု ဆီက ငွေသန်းတစ်ရာကို
 နှစ်ဆယ်တိုးနဲ့ ကာလတို ချေးယူတဲ့အခါ (ဆင်းရဲသားနိုင်ငံက)
အစိုးရက အလားတူ ငွေအရေအတွက် (သန်းတစ်ရာ)ကို
ဖယ်ချန်ထားပြီး အရန်ငွေအဖြစ် ဆောင်ထားရပါတယ်။
တကယ်တော့ ဒီနိုင်ငံဟာ အမေရိကန်ဆီက ငွေသန်း တစ်ရာကို ချေးယူပြီးတော့ နောက်ထပ် ငွေသန်းတစ်ရာကို
အမေရိကန်ကို ပြန်ချေးပေးတာပါပဲ။ ဒါပေမယ့် ဒီနိုင်ငံ
ချေးယူတုန်းကတော့ နှစ်ဆယ်ရာ ခိုင်နှုန်းထိ အတိုးကြီးကြီး
ပေးရပေမယ့် သူက ပြန်ချေးပေးတော့ လေးရာခိုင်နှုန်းလောက်မျှ
အတိုးငွေလေးပဲ ရပါတယ်။

ဒါဟာ အမေရိ ကန်အတွက်တော့ အတော်ကြီး ကောင်းပေမယ့်
ဆင်းရဲသား နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကူပေးနိုင်ဖို့
ဆိုတာတော့ ခဲယဉ်းပါတယ်။ တကယ်ဆို ဒီငွေတွေကို
ရွာလမ်းတွေ ဖောက်တာ၊ ကျောင်းဆောက်တာ၊ ကျန်းမာရေး
ဆေးခန်းတွေ ဆောက်တာတွေမှာ သုံးနိုင်ပါတယ်။

ဒီမူဝါဒတွေရဲ့ ရှေ့နောက်မဆီလျော်မှုကို ထိုင်းနိုင်ငံမှာ မြင်နိုင်
ပါတယ်။ အဲဒီမှာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကပဲ လူ
အမှန်တကယ် မနေတဲ့ ရုံးခန်းဆောက်လုပ်ရေးတွေမှာ
ရင်းနှီးမြှုပ်မှုတွေ ပေါ်ပေါက်လာစေပါတယ်။ ရင်းမြစ်တွေ
အမှန်တကယ် လိုအပ်နေတဲ့ ပညာရေးနဲ့ သယ်ယူပို့ဆောင်ရေးလို
ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပျက်လပ်နေစေ
ပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ အမေရိကန်
ဘဏ္ဍာရေးဌာန အဆင်ပြေနေသမျှတော့ အိမ်ခြံမြေကစားမှုမှာ
ရင်းနှီးမြှုပ်နှံသူတွေကို ဘဏ်ငွေချေးပေးတာကို ထိုင်း
အစိုးရက တင်းကျပ် ထားနိုင် ပါတယ်။ နှစ်ပေါင်းနှစ်ရာအတွင်း
အရင်းရှင်စနစ် အတက်အကျ သံသရာကို ဖြစ်စဉ်တာမှာ
ဒီလိုမျိုး ငွေချေးပေးမှု က တစ်စိတ် တစ်ပိုင်းအဖြစ်
ပါဝင်ပါတယ်။ ထိုင်းအစိုးရကတော့ ရှားရှားပါးပါး
ငွေကြေးရင်းနှီးမြှုပ်နှံမှုကို အလုပ်အကိုင်တွေ တိုးတက်
ဖန်တီးပေး နိုင်ရေးအတွက် သုံးချင်ပါတယ်။ ဒါပေမယ့်
 နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ပြောတာက
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်က လူမနေတဲ့
ရုံးခန်းဆောက်လုပ်ရေးတွေ ဆောက်မယ်ပြောရင်
ဆောက်ပစေပေါ့၊ ဈေးကွက်က အစိုးရ ဗြူရိုကရက်တွေထက်
ပိုသိတယ်၊ အစိုးရ ဗြူရိုကရက်တွေကမှ ကျောင်းတွေ
စက်ရုံတွေ ဆောက်ဖို့ ဆိုတာမျိုး အလွဲလွဲ အမှားမှာ
တွေးချင် တွေးနေဦးမယ်တဲ့။

ငွေကြေးဈေးကွက်ကို ဖြေလျော့ပေးလိုက်ပြီ ဆိုတာနဲ့
တစ်ပြိုင်နက်တည်းမှာပဲ နေ့မြင်ညပျောက် ပြောင်းလဲလွယ်မှု
(Volatility နေ့ချင်းညချင်း ငွေကြေးအရင်းတွေ ၀င်လာလိုက်၊
ထွက်သွားလိုက် ဖြစ်နေတာ) ပေါ်ပေါက်လာတယ်။ ဒီပြောင်းလဲ
လွယ်မှုက ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပြီး ဆင်းရဲမွဲတေမှုကို
ပိုဆိုးဝါးစေပါတယ်။ နိုင်ငံတွင်းကို ၀င်ရောက် ရင်းနှီးမြှုပ်နှံလို
သူတွေအတွက်လဲ စွန့်စားရဖို့ အန္တရာယ်များတဲ့အတွက်
ပုံမှန်ထက် အကျိုးအမြ တ်ရစေမယ့် အာမခံချက်မျိုးတွေကို
ရင်းနှီးမြှုပ်နှံသူတွေဘက်က တောင်းဆိုလာတတ် ပါတယ်။
နေ့မြင်ညပျောက် ပြောင်းလဲလွယ်မှုကြောင့် စီးပွားရေး
ပျက်ကပ် ဖြစ်နိုင်ချေလဲ များပါတယ်။ ဒီလိုမျိုး စီးပွားရေး
ကျဆင်းမှုဒဏ် ကို ခါးစည်းခံရတာကတော့ ဆင်းရဲသား
တွေပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင်မှ လူမှုလုံခြုံရေး
အာမခံချက်တွေဟာ အားနည်းပါတယ် သို့မဟုတ်
မရှိသလောက်ပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ လူမှုလုံခြုံရေး
အာမခံချက်တွေ ဟာ အဓိကကဏ္ဍတွေအဖြစ် တည်ရှိပါတယ်။
လုံလောက်တဲ့ လူမှုလုံခြုံရေး အစီအမံတွေ မရှိဘဲ ငွေကြေး
ဈေးကွက် ဖြေလျော့မှုကြောင့် ပေါ်ပေါက်လာတဲ့ စီးပွားရေးပျက်ကပ်ဟာ
ဆင်းရဲမွဲတေမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဘတ်ဂျက် သုံးစွဲမှုမှာ
စည်းကမ်းတကျ ရှိရေး၊ ရင်းနှီးမြှုပ်နှံသူတွေကို အာမခံချက်ရှိရေး
ဆိုတဲ့ အမည်တွေ သုံးပြီးတော့ (အစိုးရရဲ့) ဘဏ္ဍာရေး အသုံးစရိတ်ကို
မဖြစ်မနေ လျော့ချဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က
တောင်းဆိုပါတယ်။

ရလဒ်ကတော့ နဂိုကတည်းက ယဲ့ယဲ့မျှသာ ရှိတဲ့ လူမှုလုံခြုံရေး
အာမခံချက်တွေရဲ့ အသုံးစရိတ်တွေ ဖြတ်တောက်ခံရပါတယ်။
ပိုဆိုးတာကတော့ ငွေကြေးဈေးကွက်ရဲ့ စည်းမျဉ်းဥပဒေသ
(Discipline of the capital market)အရ ငွေကြေးအရင်းအနှီးကို
အခွန် ကောက်ရင် ငွေကြေးရင်းနှီးမြှုပ်နှံသူတွေ (နိုင်ငံထဲက)
ထွက်သွားလိမ့်မယ်ဆိုတဲ့ အယူအဆကြီးပါပဲ။ ဒီတော့ နိုင်ငံတကာ
ငွေကြေးရန်ပုံ ငွေအဖွဲ့ရဲ့ စည်းမျဉ်းဥပဒေသကြီးအရ အခွန်ငွေ
တိုးဆောင်ရမယ့် ၀န်ထုပ်ဝန်ပိုးဟာ ဆင်းရဲသားတွေနဲ့ လူလတ်
တန်းစားတွေရဲ့ ပခုံးထက် ကို ကျရောက်လာပါတယ်။

ဒီတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ကယ်တင်မှုကြောင့်
သူဌေးတွေ (ရင်းနှီးမြှုပ်နှံသူတွေ) ကတော့ အခြေအနေကောင်းတဲ့
အချိန်မှာ သက်ဆိုင်ရာ နိုင်ငံတွင်းကနေ ရင်းနှီးငွေတွေ ထုတ်ယူ
သွားနိုင်ပါတယ် (အခြေအနေကောင်းတဲ့ အချိန် ကတော့ ငွေကြေး
လဲလှယ်နှုန်း တန်ဖိုးတက်နေချိန်မျိုးပါ)။ ချေးငွေအကြွေးတွေ ပြန်ပေးဖို့
ဝန်ထုပ်ဝန်ပိုးကတော့ (ဆင်းရဲသား) အလုပ်သ မားတွေဆီ
ချန်ထားရစ်ခဲ့ပါတယ်……………….။

ဒါပေမယ့် ကုန်သွယ်ရေး လွတ်လပ်မှု (Trade Liberalization)ကို
အဆီအငေါ်တည့်အောင် ဖော်ဆောင်ရင်တော့ မက်လောက်စရာ
ရှိပေမယ့် ဒီမူဝါဒကို ကျင့်သုံးဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က
တိုက်တွန်းပုံကဖြင့် ပြဿနာ ပိုတက်နိုင်ပါတယ်။ (ဒီစီးပွားရေး မူဝါဒရဲ့)
 အခြေခံယုတ္တိဗေဒကတော့ ရိုးရှင်းပါတယ်။ ကုန်သွယ်ရေး လွတ်လပ်မှု
ဆိုတာ ထိရောက်မှု မရှိတဲ့၊ အကာအကွယ် ယူထားတဲ့ ကဏ္ဍက
အရင်းအမြစ်တွေကို ပိုပြီးတော့ ထိရောက်မှုရှိတဲ့ ပို့ကုန်ကဏ္ဍတွေဆီ
ရွေ့ပြောင်းနိုင်ဖို့အတွက် ရည်ရွယ်ပုံရပါတယ်။ ပြဿနာက အလုပ်
အကိုင်သစ် ဖန်တီးနိုင်ရေးက နောက်မှ၊ အရင်ဆုံး ကြုံရတာက
အလုပ်အကိုင်တွေ ပျက်စီးသွားတာပါပဲ။ ရလဒ်ကတော့ အလုပ်
လက်မဲ့နဲ့ ဆင်းရဲမွဲတေမှုပါပဲ။ ဒါပေမယ့် နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့ရှဲ့Structural Adjustment Pro- grams (ဒီပရိုဂရမ်က
ကမ္ဘာ ပတ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို
အာမခံချက်ရှိဖို့ ပုံဖော်ထားတာပါ)ကြောင့် အလုပ်အကိုင်
ဖန်တီးရေး မဖြစ်နိုင်တော့ ပါဘူး။ ဒီပရိုဂရမ်အရ ငွေကြေး
ဖောင်းပွမှု ပြဿနာကို ဖြေရှင်းနိုင်ရေးဆိုတဲ့ တစ်ဖက်စောင်း
အမြင်နဲ့တင် ဘဏ်တိုးနှုန်းတွေကို မြှင့်တင်စေ ပါတယ်။
တခါတရံမှာတော့ ဒီစိုးရိမ်ချက်က ကောင်းပေမယ့် အစွန်းရောက်
တာတွေလဲ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆိုရင်
ဘဏ်တိုးနှုန်းလေး နည်းနည်း တိုးလိုက်တာနဲ့ ရင်းနှီးမြှုပ်နှံ
သူတွေကို နောက်တွန့်သွားမှာ စိုးရိမ်ကြတယ်။ ရင်းနှီးမြှုပ်နှံချင်စရာ
သိပ်မ ကောင်းလှတဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး ဘဏ်တိုးနှုန်း မြှင့်တင်တဲ့
မူဝါဒကို ကျင့်သုံးဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က တိုက်တွန်းပါတယ်။

ဘဏ်တိုးနှုန်း မြင့်တယ်ဆိုတာ အလုပ်အကိုင်နဲ့ စီးပွားရေး
လုပ်ငန်းသစ်တွေ မဖန်တီးဘူးဆိုတဲ့ သဘောပါပဲ။ အမှန်
တကယ် ကြုံရတာက ကုန်သွယ်ရေး ဖြေလျော့မှုကြောင့်
ကုန်ထုတ်နှုန်းလျော့ကျနေတဲ့ လုပ်ငန်းက အလုပ်သမား
တွေဟာ ကုန်ထုတ်နှုန်း တိုးတက်တဲ့ လုပ်ငန်းတွေဆီ
ပြောင်းလုပ်နိုင်တာမျိုး မဟုတ်ဘဲ ကုန်ထုတ်နှုန်း နိမ့်ကျနေတဲ့
လုပ်ငန်းက အလုပ်သမားတွေဟာ အလုပ် လက်မဲ့နဲ့ ကြုံရ
ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်တာထက်
ဆင်းရဲမွဲတေမှုကို ပိုဆိုးဝါးစေပါတယ်။ ပိုဆိုးတဲ့ကိစ္စကတော့
မမျှတတဲ့ ကုန်သွယ်ရေး ဖြေလျော့မှုတွေကြောင့်
ဆင်းရဲသား နိုင်ငံတွေဟာ (အစိုးရ အထောက်အပံ့
ဝါ အမတော်ကြေး ရထားတဲ့) အမေရိကန်နဲ့ ဥရောပ
ဘက်က လယ်သမားတွေနဲ့ ယှဉ်ပြိုင်ရပါတော့တယ်……။

၃။ အတွေးအခေါ်ဝါဒမှတစ်ဆင့် အုပ်ချုပ်မှု

စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အမေရိကန်မှာ
ဘယ်လိုမျိုး ချမှတ်သလဲနဲ့ နိုင်ငံတကာ စီးပွားရေး
အဆောက်အအုံတွေမှာ ဘယ်လိုမျိုး ချမှတ်သလဲဆိုတဲ့
ခြားနားချက်ကို စဉ်းစားကြည့်ပါ။ အမေရိကန်မှာတော့
အုပ်ချုပ်ရေးယန္တရားအတွင်းက စီးပွားရေးဆုံးဖြတ်ချက်တွေကို
 နိုင်ငံတော် စီးပွားရေးကောင်စီက အဓိက ချမှတ်ပါတယ်။
ဒီကောင်စီမှာ လေဘာအတွင်းရေးမှူး၊ ကုန်သွယ်ရေး
အတွင်းရေး မှူး၊ စီးပွားရေးအကြံပေး ကောင်စီဥက္ကဌ၊
ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူး၊ လက်ဝါးကြီးအုပ်မှု
တိုက်ဖျက်ရေးအတွက်ဆိုရင် လက်ထောက် ရှေ့နေချုပ်နဲ့
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
ဘဏ္ဍာရေး ဌာနက မဲတစ်မဲပဲ ပေးခွင့် ရှိပါတယ် ။ တခါတရံ
ဌာနဆိုင်ရာ အဆိုဟာ ကန့်ကွက်မဲများလို့ ရှုံးနိမ့်တာမျိုး
ရှိပါတယ်။ ဒီအရာရှိ အရာခံ အားလုံးဟာ လွှတ်တော်နဲ့
ဒီမိုကရက် တစ် မဲဆန္ဒရှင်တွေကို တာဝန်ခံဖြေရှင်းရတဲ့
အုပ်ချုပ်ရေးယန္တားရဲ့ အစိတ်အပိုင်းတခုပါပဲ။ ဒါပေမယ့်
နိုင်ငံတကာ စီးပွားရေးနယ်ပယ်မှာ တော့ ဘဏ္ဍာရေးဆိုင်ရာ
အသိုင်းအ၀ိုင်းက အသံတွေကိုပဲ နားထောင်ကြပါတယ်။ နိုင်ငံ
တကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဘဏ္ဍာရေး ၀န်ကြီးတွေနဲ့
ဗဟိုဘဏ် အုပ်ချုပ်ရေးတာဝန်ခံတွေဆီ အစီရင်ခံရပါတယ်။
ဒီအဖွဲ့ရဲ့ အဓိက အစီအစဉ်တစ်ရပ်ကတော့ ဗဟိုဘက်တွေကို
ပိုပြီး လွတ်လပ်ဖို့ (ဒီမိုကရေစီနည်း သိပ်မကျဖို့)ပဲ ဖြစ်ပါတယ်။
ဒီအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ကြောင့်
ကျမှုတွေကိုပဲ ဖြေရှင်းပေးနေတယ်ဆိုရင် ဒါဟာ မထူးခြားပါဘူး။

ဥပမာ- ဆပ်ဖို့ကျန်တဲ့ ကြွေးမြီတွေ ပြန်ရရေးလိုမျိုး။ ဒါပေမယ့်
ဒီမဖွဲ့ရဲ့ မူဝါဒတွေဟာ လူတိုင်းရဲ့ ဘ၀ကို သက်ရောက်နိုင်စွမ်း
ရှိပါတယ်။ တင်းကျပ်တဲ့ ငွေကြေးဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ
မူဝါဒတွေကို ကျင့်သုံးဖို့ နိုင်ငံတ ကာ ငွေကြေးရန်ပုံငွေအဖွဲ့က
ဖိအားပေးပါတယ်။ ငွေကြေးဖောင်းပွနဲ့ အလုပ်လက်မဲ့ ပြဿနာ
 နှစ်ရပ်မှာ ဘယ်ဟာကို ဦးစားပေးရမလဲ သုံးသပ်တဲ့အခါ
အလုပ်အကိုင် ဖန်တီးရေးထက် ငွေကြေးဖောင်းပွမှု ဖြေရှင်းနိုင်ရေးကို
ပိုဇောင်းပေးပါတယ်။

ငွေကြေးဈေးကွက်ကို ဖြေလျော့ရေးဆိုတဲ့ နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေအဖွဲ့ရဲ့ ရပ်တည်ရေးကို ပြန်စဉ်းစားကြည့်ပါ။ အထက်မှာ
ဆိုခဲ့တဲ့ အတိုင်း နိုင်ငံတွေကို ပိုပြီး စွန့်စားရနိုင်ချေများတဲ့
 မူဝါဒစုတွေကို ကျင့်သုံးဖို့ ဒီအဖွဲ့က တိုက်တွန်းပါတယ်။
ဒီမူဝါဒတွေကြောင့် အခြေအနေ ကောင်းခဲ့တာတွေလဲ
ရှိတဲ့အကြောင့် ဒီအဖွဲ့က သက်သေအထောက်အထားတွေ
 ပြနိုင်မှာပဲလို့ တွေးသူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ တကယ်တော့
အဲသလို သက်သေအထောက်အထား တစ်ခုမှ မရှိပါဘူး။
(ဒီမူတွေကြောင့်) ဖွံ့ဖြိုးတိုးတက်မှု ကြုံခဲ့ရရင်လဲ နည်းနည်းပါးပါး
တိုးတက်မှုပဲ ဖြစ်ပါလိမ့်မယ်။ (ငွေကြေးဈေးကွက်နဲ့
ကုန်သွယ်ရေး ဖြေလျော့မှု ဆိုတဲ့) အတွေးအခေါ်
အယူဝါဒကြောင့် ဘယ်လိုမျိုး ကောင်းကျိုးမှ မရှိဘူးဆိုတဲ့
အချက်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က လစ်လျူရှုခဲ့
တဲ့အပြင် ဆင်းရဲသားနိုင်ငံတွေအပေါ် တွန်းပို့ခံ ရတဲ့
ကုန်ကျစရိတ်ကြီးကိုလဲ မျက်စေ့မှောက်ခဲ့ပါတယ်။

၎။ မမျှတတဲ့ ကုန်သွယ်ရေး

ကုန်သွယ်ရေး ဖြေလျော့မှု မူဝါဒတွေကို မြောက်ပိုင်းနိုင်ငံတွေ
(အထူးသဖြင့် မြောက်ပိုင်းနိုင်ငံတွေက အထူးအကျိုးစီးပွား
အုပ်စုတွေ)က ချမှတ်ပါတယ်။ အကျိုးအဆက်ကတော့
အကျိုးအမြတ် အမြောက်အများကို ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံတွေက
ရရှိပြီးတော့၊ တစ်ချို့အခြေအနေ တွေမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ
ပိုဆိုးဝါးသွားတာကို ကြုံရပါ တယ်။ ကုန်သွယ်ရေးဆိုင်ရာ
ညှိနှိုင်းမှုတွေမှာ ၁၉၉၄ ခုနှစ် ဥရုဂွေးဆေးနွေးဝိုင်း အပြီးမှာ
ကမ္ဘာ့ဒေသအလိုက် အကျိုးအမြတ် ရရှိမှု၊ ဆုံးရှုံးမှုတွေကို
ကမ္ဘာ့ဘဏ်က တွက်ချက်ပါတယ်။ အမေရိကန်နဲ့ ဥရောပက
အကျိုး အမြတ် အမြောက်အများ ရပြီးတော့ ကမ္ဘာ့အဆင်းရဲဆုံး
ဒေသဖြစ်တဲ့ အာဖရိက ဒေသဘက်မှာတော့ နှစ်ရာခိုင်နှုန်းအထိ ဆုံးရှုံးမှုတွေ ပေါ်ပေါက်ခဲ့တာကို တွေ့ရပါတယ်။ ကုန်သွယ်ရေး
ဆိုင်ရာ ညှိနှိုင်းမှုတွေက တစ်ဆင့် (ရရှိလာတဲ့ သဘောတူ
ညီချက်တွေကြောင့်) စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေက ထုတ်ကုန်
တွေကို အာဖရိက ဈေးကွက်တွင်း တင်ပို့ခွင့် ဖွင့်ပေးလိုက်ပေးမယ့်
ဆင်းရဲသားနိုင်ငံတွေရဲ့ နှိုင်းရအားသာချက်ဖြစ်တဲ့
လယ်ယာထုတ်ကုန်တွေ တင်ပို့ခွင့်ကို တော့ အမေရိ
ကန်နဲ့ ဥရောပဈေးကွက်တွေက တံခါးဖွင့်မပေးပါဘူး။
ကုန်သွယ်ရေး သဘောတူညီချက်တွေက (ချမ်းသာတဲ့
နိုင်ငံတွေမှာ အစိုးရက) လယ်ယာလုပ်ငန်းတွေကို
အမတော်ကြေး (အခွင့်ကင်း လွတ်ခွင့် သို့မဟုတ်
ငွေကြေးထောက်ပံ့မှု) ထောက်ပံ့ပေးမှုကို မရပ်တန့်နိုင်
ပါဘူး။ ဒီ့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအဖို့ ယှဉ်ပြိုင်ရေးမှာ
အခက်ကြုံရပါတယ်။

၅။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုက ဂလိုဘယ်လိုက်ဇေးရှင်း
ဖြစ်စဉ်ရဲ့ ဆိုးဝါးတဲ့ အမှောင်ဘက်ပိုင်းကို အမေရိကန်
ပြည်တွင်းဆီ သယ်ဆောင်လာပါတယ်။ ကမ္ဘာ့အခင်းအကျင်းမှာ
အကြမ်းဖက်သမားတွေ နေရာရလာပါတယ်။ တစ်ကမ္ဘာလုံးက
 နိုင်ငံတွေက ကမ္ဘာလုံးဆိုင်ရာ ရေရှည်ပြဿနာအဖြစ်
ရှုမြင်ထားတဲ့ ကမ္ဘာကြီး ပူနွေးလာမှု ပြဿနာကို
ဖြေရှင်းရေးဆိုတဲ့ နိုင်ငံတကာ သဘော တူညီချက်ကို
တစ်ကိုယ်တော် ဆန့်ကျင်ခဲ့တဲ့ အမေရိကန် သမတ
ဘုရှ်ဟာ (အခုတော့) အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့အတွက်
ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဖွဲ့ဖို့ တိုက်တွန်း နေပါတယ်။
အောင်မြင်မှု ရဖို့ဆိုရင် နိုင်ငံအားလုံးက တညီတညာတည်း
ပူးပေါင်းလုပ်ဆောင်မှု လိုအပ်တယ် ဆိုတာကို ဘုရှ်အစိုးရ
သဘောပေါက်လာပါတယ်။

အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ နည်းလမ်းတွေထဲက
တစ်ခုကတော့ သူတို့တွေရဲ့ ဘဏ္ဍာရေး အရင်းအမြစ်ကို
ဖြတ်တောက်ရမှာ ဖြစ်ကြောင့် အမေရိကန်အစိုးရ တွေ့ရှိ
လာပါတယ်။ အရှေ့အာရှ စီးပွားအကျပ်အတည်း ကြုံပြီး
ကတည်းကတိုင် တစ်ကမ္ဘာလုံး အာရုံစိုက် လာတာက
လျှို့ဝှက်တဲ့ နိုင်ငံရပ်ခြား ဘဏ်လုပ်ငန်းကြီးတွေပါပဲ။
အကျပ်အတည်း ကြုံပြီးကတည်းကတိုင် သတင်း
အချက်အလက် ရရှိရေး (ပွင့်လင်းမြင်သာမှု ရှိရေး)ဆိုတဲ့
အချက်ရဲ့ အရေးပါမှုကို အာရုံစိုက်လာကြပါတယ်။ ဒါဟာ
ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရည်ရွယ်တာ ဖြစ်ပါ တယ်။ နိုင်ငံတကာ
ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ နိုင်ငံရပ်ခြား ဘဏ်လုပ်ငန်း
ဗဟိုချက်တွေရဲ့ ပွင့်လင်းမြင်သာမှု မရှိတာကို နိုင်ငံတကာ
အသိုင်း အ၀ိုင်းက ဆွေးနွေးငြင်းခုံလာတဲ့အခါ အမေရိကန်
ဘဏ္ဍာရေးဌာနက လေသံပြောင်းလာပါတယ်။ ဒီလိုပြောင်း
လာတာက လန်ဒန်နဲ့ နယူး ယော့က ဘဏ်တွေထက် ဒီဘဏ်
တွေက ပိုပြီး ၀န်ဆောင်မှု ကောင်းလို့ မဟုတ်ပါဘူး။ လန်ဒန်နဲ့
နယူးယော့က ဘဏ်တွေ ကိုယ်တိုင်လဲ အဲဒီဘဏ်တွေမှာ
ဘီလီယံချီပြီးတော့ အပ်နှံထားပါတယ်။ အကြောင်းကတော့
ပွင့်လင်းမြင်သာမှု မရှိမှု (လျှို့ဝှက်မှု)ကြောင့် မကောင်းတဲ့
ရည်ရွယ်ချက်မျိုးစုံ အတွက် အသုံးချလို့ ရပါတယ်။ ဥပမာ
အခွန်ရှောင်တာမျိုး၊ ငွေကြေး ခ၀ါချတာမျိုး။ အမေရိကန်နဲ့
တခြားသော ဦးဆောင်ဦးရွက်ပြု နိုင်ငံတွေသာ ဆန္ဒရှိရင်
ဒီဘဏ္ဍာရေး အဆောက်အအုံတွေကို ညတွင်းချင်း
ပိတ်ပင်ပစ်တာမျိုး ဒါမှမဟုတ် နိုင်ငံတကာ နှုန်းစံတွေကို
လိုက်နာစေတာမျိုး လုပ်နိုင်ပါတယ်။ ဒီအတိုင်း ဆက်ရှိနေ
ရတဲ့အကြောင်းကတော့ ဒီအဆောက်အအုံတွေဟာ
ဘဏ္ဍာ ရေးဆိုင်ရာ အသိုင်းအ၀ိုင်းနဲ့ လူချမ်းသာတွေရဲ့
အကျိုးစီးပွားကို အထောက်အပံ့ ပြုနေဆဲမို့ ဖြစ်ပါတယ်။
စက်မှုဖွံ့ဖြိုးပြီး နိုင်ငံအစု (OECD) အဖွဲ့က ဒီအဆောက်
အအုံတွေရဲ့ လုပ်ဆောင်ချက် အတိုင်းအတာကို ကန့်သတ်ဖို့
သဘောတူညီချက်တစ်ခု ရေးဆွဲခဲ့ဖူးပေမယ့် အမေရိကန်က
တစ်ကိုယ်တော်တည်း ငြင်းဆန်ခဲ့ပါတယ်။ ပြန်ပြောင်း
တွေးကြည့်ရင်တော့ အတော်မိုက်မဲတာပဲ။ အဲဒီတုန်းကသာ
သဘောတူညီ ချက်ကို လက်ခံခဲ့ရင် အကြမ်းဖက်သမားတွေ
လက်ထဲဆီ စီးဝင်နေတဲ့ ငွေကြေးတွေကို ထိန်းချုပ်နိုင်မယ့်
လမ်းကြောင်းပေါ် ရောက်နေ ရော့မယ်။

စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နောက်ပိုင်း သတိပြုသင့်တဲ့
အချက်တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ အမေရိကန်
ပြည်ထောင်စုဟာ စီးပွားရေး ကျဆင်းမှုကို ကြုံနေရပါပြီ။
ဒီတိုက်ခိုက်မှုက စီးပွားရေး ကျဆင်းမှုကို ပိုဆိုးဝါးသွားစေပါ
တယ်။ ပြောလေ့ပြောထရှိတဲ့ စကား တစ်ခုကတော့၊ အမေရိကန်
 နှာချေရင် မက္ကစီကို အအေးမိသတဲ့။ (အခုတော့)
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် အမေရိကန်
 နှာချေတဲ့အခါ တစ်ကမ္ဘာလုံး နျူမိုးနီးယား ရပါတော့မယ်။
အခု အမေရိကန်မှာ တုပ်ကွေး ရောဂါရနေပြီ။ ဂလိုဘယ်
လိုက်ဇေးရှင်း ဖြစ်စဉ် ကာလမှာ အမေရိကန်ရဲ့ လွဲမှားတဲ့
မက်ခရိုစီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကြောင့်
(ထိရောက်တဲ့ စီးပွားရေး နှိုးဆွရေး မူဝါဒစု မရှိမှု)
ကမ္ဘာလုံးဆိုင်ရာ အကျိုးအဆက်တွေ ပေါ်ပေါက်လာပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့ရဲ့ သမားရိုးကျ
မူဝါဒကြီးတွေ ကို မကျေနပ်တဲ့ ဒေါသတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ
တစတစ ကြီးထွားလာပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ဖွံ့ဖြိုးပြီး
စက်မှုနိုင်ငံတွေကို ပြောလာတာကတော့- မင်းတို့တွေ စီးပွားရေး
ကျဆင်းတဲ့အခါ မှာတော့ ဘောဂဗေဒ သင်ရိုးမှာ ငါတို့အားလုံး
သင်ကြားထားတဲ့ Expansionary monetary and fiscal
policies တွေကို မင်းတို့ ကျင့်သုံးကြတယ်၊ ငါတို့ စီးပွားကျဆင်းမှု
ကြုံတဲ့အခါကျတော့ ဆန့်ကျင်ဘက် မူဝါဒတွေ ကျင့်သုံးခိုင်းတယ်၊
မင်းတို့အတွက်တော့ ဘဏ္ဍာရေး ပြတ်လပ်မှုက ကိစ္စမရှိပေမယ့်
ငါတို့အတွက်တော့ မခံစား နိုင်အောင်ပဲ၊ လိုအပ်တဲ့ ရန်ပုံငွေအတွက်
ဆိုပါစို့ သဘာဝ အရင်းအမြစ်လိုမျိုး ရောင်းစရာ ရှိတာကို
ဆက်ရောင်းတာကနေ ငွေရှာဖွေနိုင် ရင်တောင်မှ
ငါတို့အတွက်တော့ အဆင်မပြေဘူး။ ဒီတော့ ဆန့်ကျင်ဘက်
မူဝါဒတွေ ကျင့်သုံးမှုရဲ့ အကျိုးအဆက်ကြောင့် မညီမျှမှုရှိနေ
တယ်ဆိုတဲ့ သိစိတ်ဟာ ကနေ့ထိတိုင် လွှမ်းမိုးထားဆဲပါပဲ။

ဂလိုဘယ် အရင်းရှင်စနစ်အောက်က ဆင်းရဲသားနိုင်ငံတွေရဲ့ ကံကြမ္မာ

Written By ဥာဏ်မျိုးအောင်

နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေက ကမ္ဘာ့စီးပွားရေးကို
ဘယ်လို သက်ရောက်နိုင်စွမ်း ရှိသလဲဆိုတာကို အကျဉ်းချုပ်
ဆွေးနွေး ချင်ပါတယ်။ နယ်ချဲ့စနစ် အထူးသဖြင့် ကိုလိုနီစနစ်
အကြောင်းကို အရင် စပြောရအောင်။ ဒီစနစ်တွေရဲ့ အဓိက
ရည်ရွယ်ချက်က လက်အောက်ခံ ကိုလိုနီနယ်မြေတွေမှာ ဈေးကွက်
 ရှာဖို့၊ ကိုလိုနီနယ်မြေတွေရဲ့ ဓနဥစ္စာနဲ့ ကုန်ကြမ်းတွေကို
ယူဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီကာလမှာပဲ ကိုလိုနီနယ်မြေတွေဆီက
ရတဲ့ ရွှေငွေ အမြောက်အများကြောင့် ဥရောပနိုင်ငံတွေဟာ
ချမ်းသာကြွယ်ဝ လာတယ်။ ဥပမာ- အင်္ဂလန်နိုင်ငံနဲ့ ဟော်လန်
နိုင်ငံပါ။ ဥရောပတိုက်မှာ စက်မှုတော်လှန်ရေး ပေါ်ပေါက်နေတုန်း
အချိန်ကာလဖြစ်လေတော့ ကိုလိုနီနယ်မြေ တွေဆီက ရလာတဲ့
ဓနဥစ္စာတွေကို “အရင်းအနှီး(Capital)”အဖြစ် အသုံးချခြင်းအားဖြင့်
ဥရောပနိုင်ငံတွေဟာ ချမ်းသာသထက် ပိုချမ်း သာလာပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေဟာ ချမ်းသာတဲ့ နိုင်ငံတွေဆီကသာ “ရင်းနှီး
မြှုပ်နှံမှု(Investments)တွေ” ရလာမယ်ဆိုရင် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံတွေ
နည်းတူ ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ ဒုတိယကမ္ဘာစစ်ပြီးတဲ့
နောက်ပိုင်း ပညာရှင် တချို့ဟာ စဉ်းစားလာကြတယ်။ နိုင်ငံအနည်း
ကလွဲ လို့ သူတို့ ထင်တဲ့အတိုင်း လက်တွေ့မှာ ဖြစ်မလာပါဘူး။ ဒီလို
ဖြစ်ရခြင်းကို ရှင်းပြဖို့အတွက် Dependency Theory ပေါ်လာပါတယ်။
သဘောကတော့ ဆင်းရဲတဲ့နိုင်ငံတွေဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေရဲ့
စီးပွားရေးကို မှီခိုနေရတာကြောင့် ကိုယ့်စီးပွားရေး ကံကြမ္မာကို
ကိုယ်တိုင် ဖန်တီးနိုင်စွမ်း မရှိဘူးဆိုတာကို အဓိက ရှင်းပြတာ ဖြစ်ပါတယ်။

ဆင်းရဲတဲ့ နိုင်ငံတွေက နိုင်ငံ့ထွက်ကုန် ဖြစ်တဲ့ ကုန်ကြမ်းတွေကို ချမ်းသာတဲ့
နိုင်ငံတွေဆီကို ရောင်းရတယ်။ ချမ်းသာတဲ့ နိုင်ငံတွေက ဒီကုန်ကြမ်းကိုပဲ
ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ်ပြီး ဆင်းရဲ တဲ့ နိုင်ငံတွေကို ပြန်ရောင်း
တယ်။ မော်တော်ကား၊ စစ်လက်နက်၊ အီလက်ထရောနစ် ပစ္စည်းလို
ကုန်ပစ္စည်းမျိုးတွေကိုလဲ ဆင်းရဲတဲ့ နိုင်ငံ တွေဟာ ချမ်းသာတဲ့ နိုင်ငံ
တွေဆီက ၀ယ်ယူရပါတယ်။

အင်္ဂလန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံဟာ ဒီနည်းအားဖြင့် ချမ်းသာလာကြ
ပါတယ်။ ဒီအနေအထားကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ဆင်းရဲ
မြဲဖြစ်ပြီး ချမ်းသာပြီးသား နိုင်ငံတွေကတော့ ပိုချမ်းသာလာပါတယ်။
အခုခေတ်မှာ နိုင်ငံတကာ စီးပွားရေးဟာ နိုင်ငံအချင်းချင်း စီးပွားရေး
ဆက်ဆံမှုကို အခြေခံထားတဲ့ ကမ္ဘာ့စနစ် ဖြစ်လာပါပြီ။ ဟိုအရင်ကလို
ကိုလိုနီစနစ်နဲ့ နယ်ချဲ့စနစ်တွေတောင် ကျင့်သုံးစရာ မလိုတော့ပါဘူး။
ကိုလိုနီ ဗြူရိုကရေစီ ယန္တရားတွေနဲ့ ကျူးကျော်စစ် ဆင်နွှဲမှုတွေလဲ
လုပ်စရာ မလိုတော့ပါဘူး။ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့
နည်းပညာတွေ တိုးတက်လာတာကြောင့် လက်ရှိစီးပွားရေး
စနစ်သစ်ဟာ ပိုပြီး ထိထိရောက်ရောက် လည်ပတ်လာနိုင်
ပါတယ်။ ဒီနည်းပညာတွေကြောင့်ပဲ အောက်ခြေအလွှာက ဓနဥစ္စာ
တွေဟာ အထက်အလွှာဆီ လာစုလာပြီး၊ အစွန်းအဖျားဒေသက
ဓန ဥစ္စာတွေဟာ ဗဟိုချက်မှာ လာစုလာစေတဲ့အပြင် လူအများစု
ဆီကနေ လူနည်းစုဆီ လာစုစေပါတယ်။

ဒီသဘောတရားကို အသုံးချပြီးတော့ပဲ နိုင်ငံတစ်နိုင်ငံတွင်း
စီးပွားရေးကို လေ့လာနိုင်ပါတယ်။ ကျေးလက်ဒေသနဲ့ မြို့ငယ်လေး
တွေဆီက ဓနဥစ္စာတွေဟာ အဓိက မြို့ကြီးပြကြီးတွေမှာ လာစု
နေတာကို တွေ့ပါလိမ့်မယ်။ ဂျပန်မှာဆို အဓိက စီးပွားရေး ဗဟိုချက်
မဖြစ်တဲ့ တိုကျို၊ အင်္ဂလန်မှာဆို လန်ဒန်၊ အမေရိကန်မှာဆို
နယူးယောက်မြို့ ကြီးတွေမှာ လာစုနေပါတယ်။ ဒီသဘောကို
ပညာရှင်တစ်ယောက်က “ပြည်တွင်း ကိုလိုနီစနစ်(Internal
Colonialism)” လို့ ခေါ်ပါတယ်။ ဒီပညာရှင်က အင်္ဂလန်နိုင်ငံကို
လေ့လာကြည့်တဲ့အခါ အိုင်ယာလန်၊ စကော့တလန်၊ ဝေးလ်စ်
ပြည်နယ်ဘက်က ဓနဥစ္စာတွေဟာ လန်ဒန်ဆီ စီးဝင်နေတာကို
သတိထားမိတယ်။ ဆိုတော့ အင်္ဂလန်နိုင်ငံ တွင်းမှာကိုပဲ ဓနဥစ္စာတွေ
စုစီးနေတဲ့ လန်ဒန်ဟာ တခြားဒေသတွေကို “လူမှုရေး လွှမ်းမိုးမှု
(Social Domination)” ရှိနေတယ်။

ကမ္ဘာ့နိုင်ငံတွေကြား မညီမျှကို ရှင်းပြဖို့အတွက် ပညာရှင်တယောက်က
 နိုင်ငံတွေကို အုပ်စုသုံးစု ခွဲပြီးတော့ ရှင်း ပြတယ်။ ချမ်းသာတဲ့
စက်မှုနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန်၊ ဂျာမနီနဲ့
အမေရိကန်လို နိုင်ငံတွေကို “ဗဟိုချက်နိုင်ငံတွေ(the core)” လို့
သတ်မှတ်တယ်။ ဒီနိုင်ငံတွေ ၀န်းကျင်မှာပဲ “အစွန်အဖျား မကျတကျ
နိုင်ငံတွေ (the semiperiphery)” ရှိတယ်။ ဒီနိုင်ငံတွေက ဥရော
ပမြောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးအားဖြင့် ချိတ်ဆက်
ထားတယ်။ ဥပမာအားဖြင့် ပိုလန်၊ စပိန်နဲ့ အီတလီလို နိုင်ငံတွေပေါ့။
ဒီနိုင်ငံတွေဟာ တစတစနဲ့ ဗဟိုချက်နိုင်ငံတွေရဲ့ စီးပွားရေးထဲမှာ
ပေါင်းစည်းဖို့ ကြိုးစားနေကြတယ်။ ကိုလိုနီစနစ် ပေါ်ပေါက်လာတဲ့အ
ခါမှာ ကမ္ဘာ့တစ်ဝှမ်းက ဒေသတွေဟာ “အစွန်အဖျားဒေသ(the
periphery)”အဖြစ် သတ်မှတ်တယ်။ ဒီနိုင်ငံတွေဟာ ဗဟိုချက်နိုင်ငံ
တွေဆီကို ကောက်ပဲသီးနှံတွေ၊ ကုန်ကြမ်းတွေ ရောင်းရတယ်။
စီးပွားရေးအားဖြင့်လဲ ဗဟိုချက်နိုင်ငံတွေကို မှီခိုနေရတယ်။ ဖွံ့ဖြိုး
တိုးတက်မှုမှာလဲ ပြောပလောက်အောင် တိုးတက်မှု မရှိဘူး။

ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဈေးကွက်တွေ ပေါ်ပေါက်လာဖို့ ချမ်းသာတဲ့
နိုင်ငံတွေက အစိုးရတွေနဲ့ နိုင်ငံတကာဘဏ်တွေက ဆင်းရဲတဲ့ နိုင်ငံက
အစိုးရတွေကို ငွေတွေ အများကြီး ချေးကြတယ်။ ငွေကို ချေးတာလဲ
ရှိတယ်။ နိုင်ငံခြားထောက်ပံ့ ကူညီမှုပုံစံနဲ့ ပေးတာလဲ ရှိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီပိုက်ဆံအများစုကို အခြေခံအဆောက်အအုံ ဖြစ်တဲ့
လေယာဉ်ကွင်းတွေ၊ ဆိပ်ကမ်းတွေနဲ့ ကြယ်ငါးပွင့် ဟိုတယ်တွေ
ဆောက်ဖို့မှာ သုံးကြတယ်။ ဒီလိုဆောက်လုပ်ရာမှာ လိုအပ်တဲ့
ပစ္စည်းပစ္စယတွေနဲ့ ၀န်ဆောင်မှုတွေကို လှူဒါန်းသူဖြစ်တဲ့ ချမ်းသာတဲ့
 နိုင်ငံတွေဆီက ပြန်ဝယ်ကြရတာပါ။ ဒီနည်းအားဖြင့် ဆင်းရဲတဲ့
နိုင်ငံတွေ အများစုဟာ အကြွေးတွေ တင်လာတယ်။ ဒီကြွေးမြီရဲ့
တိုးငွေကို ပြန်ဆပ်ဖို့တောင် သူတို့ဆီမှာ ငွေအလုံအလောက်
မရှိတော့ဘူး။ နိုင်ငံခြားဆီ ကုန်ပစ္စည်းတင်ပို့မှုကနေလဲ လုံလောက်တဲ့
အခွန်ငွေ မရတာမျိုး ကြုံကြရတယ်။ ဒီတော့ အကြွေးနွံနစ်နေတဲ့
ဆင်းရဲတဲ့ နိုင်ငံတွေဟာ ခြိုးခြံချွေတာတဲ့ ဘဏ္ဍာရေး မူဝါဒတွေ
ကျင့်သုံးလာရတယ်။ ဒီမူဝါဒတွေကြောင့် ၀င်ငွေနည်းတဲ့ လူထုပဲ
အဓိက နစ်နာတယ်။ ပညာရေး၊ လူမှုဖူလုံရေးနဲ့ ကျန်းမာရေး
ပရိုဂရမ်တွေမှာ အစိုးရ အသုံးစရိတ်တွေ နည်းလာတဲ့အတွက်
ဆင်းရဲသားလူထုပဲ အဓိက နစ်နာတယ်။

ကနေ့ခေတ်မှာဆိုရင် ချမ်းသာတဲ့ နိုင်ငံတွေ ပြည်တွင်းကို ၀င်ရောက်
ရင်းနှီးမြှုပ်နှံဖို့အတွက် ဆင်းရဲတဲ့ နိုင်ငံတွေက ချမ်းသာတဲ့ နိုင်ငံတွေဆီက
ချေးငွေတွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးကြရတယ်။
ချမ်းသာတဲ့ နိုင်ငံတွေဆီက နိုင်ငံတကာ ကော်ပို ရေးရှင်းကြီးတွေဟာလဲ
လုပ်အားခ ဈေးချိုသာတဲ့၊ ကုန်ကြမ်းတွေ အဆင်သင့် ရှိတဲ့ ဆင်းရဲတဲ့
နိုင်ငံထဲကို ၀င်ရောက်ရင်းနှီးမြှုပ်နှံကြတယ်။ တချို့သော လုပ်ငန်းခွင်
တွေမှာဆိုရင် ကလေးသူငယ်ကိုပါ လုပ်သားအဖြစ် အသုံးပြုတာတွေ
ရှိတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အလုပ် လက်မဲ့တွေ များတဲ့အတွက် လုပ်အားခကို နိုင်ငံတကာ ကော်ပိုးရေးရှင်းတွေ စိတ်ကြိုက် အနည်းဆုံးထိ
လျော့ချနိုင်ကြတယ်။ ဒါ့အပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ရလာဖို့
အတွက် ဆင်းရဲတဲ့နိုင်ငံတွေအချင်းချင်း အပြိုင်အဆိုင် စည်းမျဉ်း
စည်းကမ်းတွေ လျော့ချရ တယ်။ အခွန်နှုန်းထားတွေ လျော့ချတာ၊
ကာလ အတိုင်းအတာတစ်ခုအတွင်း အခွန် ကင်းလွတ်ခွင့်ပြုတာမျိုးတွေ
လုပ်လာရတယ်။ အကျိုးအဆက်ကတော့ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာမှာ
အလွန်အမင်း လျော့ချလာတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်
ပျက်စီးမှုတွေ ပေါ်ပေါက်လာရတယ်။ အခွန်နှုန်းထား လျော့ချရတဲ့
အတွက် ဆင်းရဲတဲ့နိုင်ငံတွေမှာ အစိုးရအခွန်ငွေဟာ နည်းပါးနေ
တတ်တယ်။ ဒီ့အတွက် အစိုးရ အသုံးစရိတ် ခြွေတာရေးမူဝါဒတွေ
ကျင့်သုံးတဲ့အခါ လူအများစု စံစားနေတဲ့ ပညာရေး၊ ကျန်းမာရေး
ဝန်ဆောင်မှုတွေ လျော့ပါးသွားရတယ်။ အစိုးရ အသုံးစရိတ်
မခြွေတာချင်လို့ ငွေကြေးရိုက်ထုတ်ပြီး ဖြေရှင်းပြန်ရင်လဲ ငွေကြေး
 ဖောင်းပွမှုတွေ ဖြစ်လာ တတ်တယ်။ အကျိုးအဆက်ကတော့
အောက်ခြေလူအများစုပဲ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံရတတ်ပြန်တယ်။

ဒါတွေကို ပြောနေတာက ဆင်းရဲတဲ့ နိုင်ငံတွေအနေနဲ့ တံခါးပိတ် စီးပွား
ရေးစနစ်ကို ကျင့်သုံးဖို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ ဂလို ဘယ်လိုက်
ဇေးရှင်း ဖြစ်စဉ်ကြောင့် ငွေကြေးနဲ့ ၀န်ဆောင်မှုတွေ ကမ္ဘာတစ်ဝှမ်းလုံးကို
လည်ပတ်စီးဆင်းတဲ့အခါ ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကြားမှာ
မညီမျှမှုတွေ ပေါ်ပေါက်လာတာကို အဓိက တင်ပြချင်တာပါ။ ဆင်းရဲတဲ့
 နိုင်ငံတွေအနေနဲ့ တံခါးပိတ်စီးပွား ရေးစနစ် ကျင့်သုံးစရာ မလိုဘဲ
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကနေ ဘယ်လိုမျိုး အကျိုးကျေးဇူး
ဖြစ်ထွန်းနိုင်သလဲဆိုတာကို နောက် စာစောင်တွေကျမှ ထပ်မံဆွေးနွေးပါမယ်။


(Sociology by ED Vaughanရဲ့ စာအုပ်ကနေ ကောက်နုတ်ထားပါတယ်။)

လွတ်လပ်မှု သရဏံ ဂစ္ဆာမိ

Written By ဥာဏ်မျိုးအောင်

အရင်အပတ်က အစိုးရဟာ ဘာသာရေးနဲ့ ပတ်သက်ရင် လုံးဝ
ကြားနေရမယ်၊ လောကီသက်သက် အစိုးရ ဖြစ်ရမယ်၊ ဘုန်းကြီး
aကျာင်းနဲ့ အစိုးရကြားမှာ စည်းခြားထားရမယ်ဆိုတဲ့ စံနှုန်းတွေကို
အခြေခံပြီးတော့ ဘာသာရေးလွတ်လပ်ခွင့်ကို ဆွေးနွေးခဲ့ပါတယ်။
ဒီအပတ် ဆွေးနွေးချင်တာကတော့ လွတ်လပ်စွာ ဖော်ထုတ်ပြော
ဆိုခွင့်ပါ။ လူအများစုကတော့ အပေါ် ယံအားဖြင့် လွတ်လပ်စွာ
aဖ်ာထုတ်ပြောဆိုခွင့်ကို လက်ခံထားကြပါတယ်။ ဒါပေမယ့်
aန့စဉ် အဖြစ်အပျက်တွေမှာတော့ လူအများစုမှာ ရှေ့နောက်မညီတဲ့
အမြင်တွေရှိနေတာကို သတိထားမိပါတယ်။ လယ်သမားတွေ
လယ်သိမ်းခံရလို့ ဆန္ဒ ဖော်ထုတ်တာ၊ ကျောင်းသားတွေက
ပညာရေးစနစ် ပြုပြင်ချင်လို့ ဆန္ဒဖော်ထုတ်တာတွေမှာ အစိုးရက
ကြားဝင်တားတာမျိုး ၊ ဆန္ဒဖော်ထုတ်ခွင့် မပြုတာမျိုး၊ အကြမ်းဖက်
ဖြိုခွင်းတာမျိုး လုပ်ရင်တော့ လူအများစုနဲ့ သတင်းစာဆရာတွေက
အစိုးရက လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို တားမြစ်တာပဲလို့
ကောက်ချက်ချပါတယ်။ အလားတူပဲ ဘာသာရေးအစွန်းရောက်
ဘုန်းကြီးဖြစ်တဲ့ ဦးဝီရသူလို ဘုန်းကြီးက “ဘာသာခြား၊ လူမျိုးခြားတွေကို
 အခြေခံပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ခွဲခြားပြောဆို ဟောပြောတာ”၊
မဘသ ဘုန်းကြီးတွေက ဆန္ဒဖော်ထုတ်တာတွေကိုတော့ လူများစုနဲ့
သတင်းစာဆရာတွေက အစိုးရ ဘာလုပ်နေလဲ၊ ၀င် မတားဘူးလား၊
ဦးဝီရသူကို ဘာလို့ တရားပွဲ မပိတ်သလဲစသဖြင့် လွတ်လပ်စွာ
ဖော်ထုတ်ပြောဆိုခွင့် ကို ပိတ်ပင်ဖို့ အားပေးတဲ့ အမြင်တွေကို တွေ့ရပါတယ်။

ဆိုတော့ ဖြစ်ရပ်တစ်ခုမှာကျ လွတ်လပ်မှု နယ်ပယ်ထဲကို အစိုးရ
ဝင်လာတာ မကြိုက်ဘူး။ နောက်ထပ် ဖြစ်ရပ်တစ်ခုမှာကျ
လွတ်လပ်မှု နယ်ပယ်ထဲကို အစိုးရ ၀င်လာစေချင်တယ်ဆိုတဲ့
သဘောသက်ရောက်နေပါတယ်။ သိတဲ့အတိုင်းပဲ အစိုးရနဲ့
လွတ်လပ်မှုဆိုတာ ယေဘုယျအားဖြင့် ဆန့်ကျင်ဘက် သဘော
ဆောင်ပါတယ်။ အစိုးရ ၀င်ပါလေလေ၊ လွတ်လပ်မှုနယ် ကျဉ်းလေလေ။
အစိုးရ ၀င်မပါလေလေ၊ လွတ်လပ်မှုနယ် ကျယ်လေလေပါပဲ။
ဒီတော့ လက်ငင်း ရေတိုအားဖြင့်တော့ ဦးဝီရသူလို လူမျိုးရေး၊
ဘာသာရေး အစွန်းရောက် အယူအဆတွေကို မကြိုက်လို့
အစိုးရကို ၀င်ပါခိုင်းတယ်ထားပါတော့။ ဒါဟာ အစဉ်အလာ
တစ်ခု ဖြစ်သွားပါပြီ။ နောင်ကျရင် အစိုးရက ၀င်ပါပါတော့မယ်။
ဘယ်လိုအကြောင်းအရာကတော့ဖြင့် လူမျိုးရေး၊ ဘာသာရေးကို
အခြေခံတယ်၊ ဘယ်လို အကြောင်းအရာကတော့ဖြင့်
လူတွေကို မပြောထိုက်တဲ့အရာဆိုတာ အစိုးရမှာ စဉ်းစားရမယ့်
ကိစ္စ ဖြစ်လာပါပြီ။ အဲတော့ အစိုးရက သူ့အကျိုးစီးပွားကို
အခြေခံပြီးတော့ သူကြိုက်သလို အဓိပ္ပါယ် ကောက်ယူပြီးတော့
အတိုက်အခံ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊
လူနည်းစု အခွင့်အရေး တောင်းဆိုသူတွေရဲ့ လွတ်လပ်စွာ
ဖော်ထုတ်ပြောဆိုခွင့်ကို ပိတ်ပင်တာတွေ ရှိလာနိုင်ပါတယ်။
ဒါကြောင့်မို့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို သေချာ
စဉ်းစားကြည့်ရအောင်ပါ။ အဓိက သာဓကယူ စဉ်းစားဖို့
ကောင်းတာကတော့ အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပျက်ခဲ့တဲ့
အဖြစ်အပျက်တွေနဲ့ တရားလွှတ်တော်ချုပ်ရဲ့ ရပ်တည်
ဆုံးဖြတ်ခဲ့ပုံတွေပါပဲ။

၁။ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်ဝါဒီ

လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဟာ အခြေခံအကျဆုံး ဒီမိုကရေစီ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံသားတွေက သူတို့ရဲ့
နိုင်ငံရေးအယူအဆတွေကို လွတ်လွတ်လပ်လပ် မဖော်ထုတ်
နိုင်ဘူးဆိုရင် အစိုးရပေါ်ကို နိုင်ငံသားတွေက လွှမ်းမိုးနိုင်စွမ်း
 ရှိမှာ မဟုတ်ပါဘူး။ ဒီလိုလွှမ်းမိုးနိုင်စွမ်း မရှိရင် သူတို့တွေရဲ့
တခြားအခွင့်အရေးတွေကိုလဲ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပထမပြင်
ဆင်ချက်မှာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်တာ၊ ပြောဆိုတာ၊
ရေးသားထုတ်ဝေတာ၊ စုဝေးတာနဲ့ တောင်းဆိုတာတွေကို
ကန့်သတ်တဲ့ ဥပဒေတွေ မပြုရဘူးလို့ ပြဌာန်းထားပါတယ်။
ဒါ့အ ပြင် တရားလွှတ်တော်ချုပ်ကလဲ ပြည်နယ်အစိုးရတွေ၊
ဒေသန္တရ အစိုးရတွေအနေနဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြော
ဆိုတာကို မကန့်သတ်ရဘူးလို့ တားမြစ်ထားပါတယ်။
ဒါပေမယ့် ခြွင်းချက်ကတော့ ဒီလိုလွတ်လပ်စွာ ဖော်ထုတ်ပြော
ဆိုတာဟာ တရားမဲ့တဲ့ ပြုကျင့်မှုတွေ ချက်ချင်းဆိုသလို
ဖြစ်နိုင်တာ သေချာသလောက်နီးနီး ရှိရင်တော့ ကန့်သတ်
နိုင်တယ်လို့ ဆိုပါတယ်။

ဖြစ်ရပ်ကလေးတစ်ခုကို ကြည့်ရအောင်ပါ။ Ku Klux Klan
(လူဖြူလူမျိုးကြီး အယူအဆကို အားပေးဖို့ အကြမ်းဖက်နည်း
တွေ သုံးတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုပါ။ ၁၉ ရာစုလောက်က
အမေရိကန်တောင်ပိုင်းက ပြည်နယ်တွေမှာ လှုပ်ရှားခဲ့ပါ တယ်။)
အဖွဲ့ဝင်တစ်ယောက်က “လူဖြူ ကောကေးရှင်လူမျိုးတွေကို
ဗဟိုအစိုးရက ဆက်လက် ဖိနှိပ်နေမယ်ဆိုရင် လက်စားပြန်
ချေရမယ်”လို့ အဖွဲ့ဝင်တွေ စုဝေးပွဲတစ်ခုမှာ မိန့်ခွန်းပြော
ပါတယ်။ အိုဟိုင်းအို ပြည်နယ်ဥပဒေအရ ဒီလူဟာ
အကြမ်းဖက်မှုကို ဆော်သြနေသူ ဖြစ်တယ်လို့ တရားစွဲ
ဆိုပါတယ်။ ဒီလိုဆော်သြတာဟာ ချက်ချင်းလက်ငင်း
ဥပဒေမဲ့ အပြု အမှုတွေကို ဖြစ်ဖို့ ဦးတည်နေမှသာ၊
သို့မဟုတ် ဖြစ်နိုင်ဖွယ် ရှိမှသာ တားဆီးပိတ်ပင်နိုင်တယ်လို့
တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပြီးတော့ စွပ်စွဲချက်ကို
ပယ်ချလိုက်ပါတယ်။ ဒီလိုဆော်သြတဲ့ စကားလုံးလေး
တွေနဲ့တင် တခြားသူတွေကို ချက်ချင်း လက်ငင်းကြီး
ဥပဒေမဲ့ အပြုအမှုတွေကို လုပ်အောင် စေ့ဆော်နိုင်တာ
ရှားပါတယ်။ “ချက်ချင်းလက်ငင်း ဥပဒေမဲ့ အပြုအမှု”
(imminent lawless action)ဖြစ်စေမှ ဆိုတဲ့ စကားရပ်
ကလေးက လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို
အစိုးရက မကန့် သတ်နိုင်အောင် တားမြစ်ထားတဲ့
ကန့်သတ်ချက်လေးတစ်ခုပါ။

တရားလွှတ်တော်ချုပ်ရဲ့ ချက်ချင်းလက်ငင်း ဥပဒေမဲ့ အပြုအမှု
ဖြစ်စေမှဆိုတဲ့ စကားရပ်ကို အခြေခံပြီးတော့ အငြင်းပွား ရတဲ့
ဖြစ်ရပ်တစ်ခုလဲ ရှိပါသေးတယ်။ အဲဒါကတော့ နိုင်ငံလုံးဆိုင်ရာ
ရစ်ပတ်ဘလစ်ကန် ညီလာခံကျင်းပနေတဲ့ ခန်းမရဲ့ အပြင်ဘက်မှာ
ကွန်မြူနစ်လူငယ်တစ်ယောက်က အမေရိကန်ပြည်ထောင်စုရဲ့
နိုင်ငံတော်အလံကို မီးရှို့ဆန္ဒဖော်ထုတ်ပါတယ်။ Texasပြည်နယ်
အစိုးရက အလံမီးရှို့တာဟာ ပြည်သူလူထုရဲ့ လုံခြုံမှုကို
ချက်ချင်းလက်ငင်း အန္တရာယ်ပြုနိုင်တယ် လို့ လျှောက်ထားတာကို
တရားလွှတ်တော်ချုပ်က ငြင်းပယ်ပါတယ်။ “အယူအဆတစ်ခု၊
ယုံကြည်မှုတစ်ခုကို ဖော်ထုတ် ပြောဆိုတာမှာ လူအဖွဲ့အစည်းက
အဲဒီအယူအဆ၊ အဲဒီ ယုံကြည်မှုကို လက်မခံနိုင်ဖွယ်ရာ၊
မနှစ်မြို့ဖွယ်ရာအဖြစ် မြင်နေ ရင်တောင်မှ” အစိုးရက
 လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာကို တားမြစ်နိုင်ခွင့်
မရှိဘူးလို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပါတယ်။

ဒီတော့ အမုန်းစကား (Hate Speech)ကိုလဲ အစိုးရက
တားမြစ်လို့မရဘူးဆိုတာကို တရားလွှတ်တော်ချုပ်က
လက်ခံထားပါတယ်။ လူမျိုးရေး၊ အသားအရောင်၊ ယုံကြည်မှု၊
ဘာသာတရား စတာတွေပေါ် အခြေခံပြီးတော့ ဒေါသဖြစ်အောင်၊
အထိတ်တလန့် ဖြစ်အောင် လှုံ့ဆော်တဲ့ ဖော်ထုတ်ပြောဆိုမှုတွေမှာ
ပါဝင်ရင် ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ အစိုးရရဲ့အမိန့်တွေ ၊
ဥပဒေတွေကိုလဲ တရားလွှတ်တော်ချုပ်က လက်မခံဘူး။
 ပယ်ချပါတယ်။ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုမှုမှာ
“ပါဝင်တဲ့ အကြောင်းအရာပေါ်ကို” (Speech on the
basis of its content) အခြေခံပြီးတော့ တားမြစ်ကန့်သတ်
တာမျိုး အစိုးရက လုပ်လို့မရဘူးလို့ တရားလွှတ်တော်ချုပ်က
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက်ကို အဓိပ္ပါယ်
ဖွင့်ဆိုပြပါတယ်။ အကြမ်းဖက်တာကို အားပေးလှုံ့ဆော်တဲ့
ပြောဆိုမှုတွေကို ခွင့်ပြုထားလို့ အကြမ်းဖက် ရာဇ၀တ်မှုတွေဆီ
ဦးတည်သွားနိုင်ခဲပါတယ်။

လွတ်လပ်စွာ စုဝေးစီတန်းလှည့်လည်ခွင့်နဲ့ ပတ်သက်လို့လဲ
အငြင်းပွားစရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ အမေရိကန်
နာဇီပါတီက Illinoisပြည်နယ် Skokieမြို့ထဲမှာ လူစုလူဝေးလိုက်
စုဝေးလှည့်လည်မှာကို ပြည်နယ်အစိုးရက တားမြစ်တဲ့ အမိန့်
 ထုတ်ပါတယ်။ Skokieမှာ ဂျူးလူမျိုးတွေ အများစု နေထိုင်ကြ
ပါတယ်။ ဒီထဲမှာ နာဇီဂျာမနီရဲ့ ချွေးတပ်စခန်းတွေက လွတ်
မြောက်လာသူတွေလဲ ပါဝင်ပါတယ်။ တရားလွှတ်တော်ချုပ်ကတော့
လွတ်လပ်စွာ စုဝေးစီတန်းလှည့်လည်တာ ကြောင့် မလိုလားအပ်တဲ့ အကျိုးအဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ “ဖြစ်နိုင်ချေ”ထက်
 “လွတ်လပ်စွာ စီတန်းလှည့် လည်ခွင့်”ကို ဦးစားပေးရမယ်လို့
ဆုံးဖြတ်ပါတယ်။ အစိုးရဘက်က တားမြစ်ချင်တယ်ဆိုရင်တော့
အကြောင်းအရင်းကို အခိုင်အမာ သက်သေပြဖို့ လိုပါတယ်။
မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေတော့ ဖြစ်တော့မှာ
 သေချာသလောက် နီးနီး ရှိကြောင်း၊ ဒါကို ထိန်းသိမ်းဖို့
အတွက် ရဲဝန်ထမ်းတွေကို တာဝန်ပေးတာလိုမျိုး နည်းလမ်းတွေ
သုံးရုံလောက်နဲ့လည်း မဖြစ်နိုင်တော့ကြောင်း၊ တားကို
တားမှ ဖြစ်မယ့် နောက်ဆုံးနည်း တစ်နည်းသာ ရှိကြောင်း
သက်သေပြဖို့ လိုပါတယ်။

လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာနဲ့ စီတန်းလှည့်လည်တာတွေက
လူတွေရဲ့ နေ့စဉ်ဓူဝ လုပ်ငန်းဆောင်ရွက်မှုတွေကို အနှောက်
အယှက် ဖြစ်စေနိုင်တာကိုလဲ တရားလွှတ်တော်ချုပ်က အသိအမှတ်ပြု
ပါတယ်။ ဒါကြောင့်မို့ လူသွားလူလာ၊ ယာဉ် သွားယာဉ်လာ များတဲ့
လမ်းမ အလယ်မှာ လူထုစည်းဝေးပွဲတွေ ကျင်းပခွင့် မရှိပါဘူး။ ဒီ့အတွက်
စုဝေးစီတန်းမယ့် အချိန်နဲ့ နေရာတွေကို အစိုးရအာဏာပိုင်တွေက
ချိန်ညှိတာမျိုး လုပ်နိုင်တယ်လို့ တရားလွှတ်တော်ချုပ်က လက်ခံ
ထားပါတယ်။ ဒီ လို ချိန်ညှိပေးတာမှာ အစိုးရအာဏာပိုင်တွေအနေနဲ့
ကျိုးကြောင်းကျကျ ရှိဖို့တော့ လိုအပ်ကြောင်း၊ စီတန်းလှည့်လည်ခွင့်
လျှောက်ထားသူ အဖွဲ့အားလုံးကို တန်းတူထား ဆက်ဆံရမှာ
ဖြစ်ကြောင်း၊ လူအများစု လက်မခံတဲ့ အမြင်တွေကို ကိုင်စွဲ
ထားတဲ့ အဖွဲ့တွေကိုပင်လျှင် တန်းတူထား ဆက်ဆံရမှာ
ဖြစ်ကြောင်း တရားလွှတ်တော်ချုပ်က ကန့်သတ်ထားပါတယ်။

၂။ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်ဆိုတာ ကိုယ်ပြောလိုက်တဲ့၊
ကိုယ်ရေးလိုက်တဲ့ အကျိုးအဆက်ကို တာဝန်ယူ စရာ မလိုဘူးလို့
မဆိုလိုပါဘူး။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကြီးကြီးမားမား
ထိခိုက်စေတဲ့ မှားယွင်းတဲ့ သတင်းအ ချက်အလက်တွေကို ရေးသား
ထုတ်ဝေတာ၊ ပြောဆိုတာ လုပ်ရင်တော့ ထိခိုက်နစ်နာသူက တရား
စွဲဆိုလို့ ရပါတယ်။ တရား စွဲဆိုတာ နိုင်မလား၊ မနိုင်ဘူးလားဆိုတာတော့
စဉ်းစားစရာတွေ ရှိပါတယ်။ ၁၉၆၄ ခုနှစ်က New York Times
သတင်းစာနဲ့ ပတ်သက်တဲ့ အမှုတစ်ခုကို ကြည့်ရအောင်ပါ။
Alabamaပြည်နယ် အရာရှိတွေက နိုင်ငံသားအခွင့်အရေး
တောင်းဆိုတဲ့ လူမည်း ဆန္ဒပြသူတွေကို ကိုယ်ထိလက်ရောက်
ရိုက်နှက်နေတာကို တိုင်းမ်စာစောင်က ဝေဖန်ပါတယ်။ ဒါဟာ
 ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်လို့ ပြည်နယ်တရားရုံးက
ဆုံးဖြတ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို တရားလွှတ်တော်ချုပ်က
ပယ်ချလိုက်ပါ တယ်။ အစိုးရ၀န်ထမ်းကို ဂုဏ်သိက္ခာညှိုးနွမ်း
စေတယ်ဆိုတာ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာစေလိုတဲ့
ဆန္ဒပါဝင်ကြောင်း သက်သေပြဖို့လိုတယ်လို့ တရားလွှတ်
တော်ချုပ်က ဆိုပါတယ်။

လွတ်လပ်စွာ ရေးသားထုတ်ဝေတာ၊ ပြောဆိုတာတွေကို
အကောင်းဆုံး အကာအကွယ် ပေးနိုင်ဖို့ကတော့ ကိုယ်ရေးတာ၊
ကိုယ်ပြောတာတွေက “မှန်ကန်မှု” ရှိဖို့ပါ။ ရေးသားထုတ်ဝေတာ၊
အသံလွှင့်တာတွေက မှန်ကန်နေသမျှ ဒီလိုမျိုး ထုတ်ဝေတာ၊
အသံလွှင့်တာက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်
စေရင်တောင် ပုံမှန်အားဖြင့် သတင်းမီဒီယာတွေကို ဂုဏ်
သိက္ခာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို အပြစ်ခံရမှုကနေ
အကာအကွယ်ပေးထားပါတယ်။ “သက်သေပြလို့ရတဲ့
မှားယွင်းတဲ့ အ ချက်အလက်၊ စကားလုံးနဲ့ စကားလုံးက
ရည်ညွှန်းတဲ့ စိတ်ဆန္ဒ” တွေ မပါဝင်သမျှ လွတ်လပ်စွာ
ဖော်ထုတ်ပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ
အပြည့်အ၀ ကာကွယ်ပေးထားပါတယ်။

၃။ လိင်အသားပေး ထုတ်ဝေမှု

တရားလွှတ်တော်ချုပ်ကို ဆုံးဖြတ်ရ အခက်တွေ့စေတဲ့
 နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ကိုယ်ကျင့်တရားကို
ထိခိုက်စေတယ်လို့ ယူဆကြတဲ့ လိင်အသားပေး ရေးသား
ထုတ်ဝေမှုတွေပါ။ လိင်မှုဆိုင်ရာ ရေးသားထုတ်ဝေမှုတွေဟာ
ဘယ်ဟာကတော့ဖြင့် ကိုယ်ကျင့်တရား ပျက်ပြားစေတယ်၊
ဘယ်ဟာကတော့ဖြင့် ကိုယ်ကျင့်တရားကို မပျက်ပြားစေဘူးဆိုတာ
သတ်မှတ်ဖို့ ခက်ခဲပါတယ်။ ဒီ့အတွက် တရားလွှတ်တော်ချုပ်က
စံတစ်ခု ထားကြည့်ပါတယ်။ အဲဒါကတော့ ထုတ်ဝေမှု တစ်ခုလုံးကို
ကြည့်လိုက်ရင် လိင်ပိုင်းဆိုင်ရာ အပြုအမှုတွေကိုပဲ အဓိက
ထားတယ်၊ တခြား လူမှုရေးဆိုင်ရာ ထူးခြားချက် ဘာမှ
မပါတာကို ကိုယ်ကျင့်တရားကို ပျက်ပြားစေတဲ့ အရာလို့
သတ်မှတ်ပါတယ်။ ဒီအမြင်ဟာ လက်ရှိ လူ့အဖွဲ့အစည်းရဲ့
စံနှုန်းတွေအရ လက်ခံထားတဲ့ သာမန်လူတစ်ယောက်ရဲ့
အမြင် ဖြစ်ရမယ်လို့လဲ ဆိုပါတယ်။ ဒီစစ်ဆေးမှု စံနှုန်းတွေက
အလုပ်မဖြစ်လှပါဘူး။

နောက်ပိုင်းမှာ “ခေတ်ပြိုင်လက်ရှိ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေ”
ဆိုတာကို “ဒေသအဆင့်”လောက်ပဲ သဘောထားသုံးပါ တော့တယ်။
ဘာလို့လဲဆိုတော့ မတူတဲ့ ဒေသမှာ နေထိုင်တဲ့ လူတွေဟာ မတူညီတဲ့
ခံစားချက်တွေ၊ အမြင်တွေ ရှိလို့ပါ။ ဒီလို ထုတ်ဝေမှုတစ်ခုဟာ
မစ္စစ္စပီဒေသခံတွေအတွက် ကိုယ်ကျင့်တရား ပျက်ပြားစေတဲ့
အရာလို့ ယူဆပေမယ့် လက်စ် ဗီးဂတ်မှာ နေထိုင်သူအတွက်တော့
သာမန်ကိစ္စတစ်ခုလို့ပဲ သဘောထားနိုင်ပါတယ်။ “ဒေသအဆင့်”
စံနှုန်းတွေနဲ့ ဆုံးဖြတ် ရာမှာလဲ ထုတ်ဝေမှုရဲ့ အပေါ်ယံအပြင်
အဆင်ထက် ပါဝင်တဲ့အကြောင်းအရာတစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်တဲ့
“ဆင်ခြင်နိုင် စွမ်းရှိသူ တစ်ယောက်ရဲ့ အမြင်” ဖြစ်ရမယ်လို့
ဆိုပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ဆုံးဖြတ်ရခက်ခဲတဲ့
ကိစ္စတစ်ခု ဖြစ် နေဆဲပါပဲ။

လိင်ပိုင်းဆိုင်ရာ အသားပေး ထုတ်ဝေမှုတွေနဲ့ ပတ်သက်လို့
နောက်ထပ် စဉ်းစားစရာက “အများပြည်သူ နေထိုင် သွားလာ
ရာ နေရာ” နဲ့ “ပုဂ္ဂလိက တစ်ဦးတည်း နေထိုင်ရာ”ပါ။ တရား
လွှတ်တော်ချုပ်ကတော့ အရွယ်ရောက်ပြီးသူတွေ ကိုယ့်အိမ်
ကိုယ့်ယာရဲ့ တစ်ကိုယ်ရေတစ်ကာယ နေထိုင်ရာ နေရာမှာ
လိင်အသားပေး ထုတ်ဝေမှုတွေကို ဖတ်တာ၊ ကြည့်တာဟာ
ရာဇ၀တ်မှု မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့်
အဲဒီ လိင်အသားပေး ထုတ်ဝေမှုမှာ ကလေးသူငယ်တွေရဲ့
ရုပ်ပုံတွေကိုတော့ ထည့်သွင်းပုံနှိပ်တာ၊ ရိုက်ကူးတာကို
ခွင့်မပြုပါဘူး။ ဒါဟာ ရာဇ၀တ်မှုပါ။ ဒီလို ကလေးသူငယ်တွေရဲ့
ပုံတွေ ပါတာကို ၀ယ်ယူရင် ထုတ်ဝေသူကို အားပေးရာ
ရောက်တဲ့အတွက် ၀ယ်ယူသူကို ရာဇ၀တ်မှု ကျူးလွန်ရာ
ရောက်တယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးသူ
လူကြီးတွေရဲ့ ပုံတွေကို ကလေးသူငယ်ပုံစံ ပြောင်းပြီးတော့
ထုတ်ဝေ တာကိုတော့ ရာဇ၀တ်မှုအဖြစ် မသတ်မှတ်ပါဘူး။

၎။ လွတ်လပ်မှု သရဏံ ဂစ္ဆာမိ

ဗမာနိုင်ငံမှာလဲ လွတ်လပ်မှုနဲ့ တခြားသော ယဉ်ကျေးမှုဆိုင်ရာ
တန်ဖိုးထားမှုတွေ ထိပ်တိုက်တိုးတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။
ဝမ်းနည်းစရာကောင်းတာကတော့ ဆင်ခြင်ဥာဏ်ကို အခြေခံပြီးတော့ စနစ်တကျ ဝေဖန်စစ်ကြော၊ ဆွေးနွေးငြင်းခုံ ကြတာမျိုး မရှိဘဲ
ဖြစ်ပျက်တစ်ခုမှာတော့ လွတ်လပ်မှုဘက်ကို သွားကပ်လိုက်၊
 နောက်ထပ်ဖြစ်ရပ်တစ်ခုမှာတော့ လွတ် လပ်မှုထက် တခြားသော
တန်ဖိုးထားမှုတွေဘက် ပြေးကပ်လိုက် လုပ်ရင်း လူ့အဖွဲ့အစည်းရဲ့
စုပေါင်း အမှန်တရားရှာဖွေမှု မှာ ဘာမှ အရာထင် မကျန်ရစ်ခဲ့တာကို
တွေ့ရပါတယ်။ လိင်အသားပေးတွေ ပါတယ်လို့ တချို့လူတွေက
ယူဆပေမယ့် ထုတ်ဝေသူတွေကတော့ ကျန်းမာရေး အသိ
ပညာရေးစာစောင်လို့ မှတ်ယူတဲ့ ညှို့မဂ္ဂဇင်းနဲ့ ပြန်ကြားရေး
ဌာနဖြစ်တဲ့ ကိစ္စမှာ လဲ လွတ်လပ်မှု၊ လူ့သဘာဝနဲ့ အစဉ်အလာ
တန်ဖိုးထားမှုတွေကို အခြေခံတဲ့ ဆွေးနွေးငြင်းခုံမှုတွေ
ထင်ထင်ရှားရှား မရှိခဲ့ပါ ဘူး။ အလားတူပဲ အောင်ရင်ငြိမ်းရဲ့
ရိုမန်ဘော့စာအုပ် ထွက်လာတော့ ပြန်ကြားရေးဌာနက
လိုက်သိမ်းခိုင်းပါတယ်။ အဲဒီ တုန်းကလဲ လူတွေကြားမှာ ပေါ့ပေါ့ တန်တန် လှောင်ပြောင်တာတွေလောက်နဲ့ ပြီးဆုံးသွားတာပါပဲ။
ဖေ့စ်ဘုတ်မှာ ဒေါက်တာ ဆိတ်ဖွား အမည်နဲ့ ဥပဒေပြုရေး
မဏ္ဍိုင်ကို ဝေဖန်လို့ လွှတ်တော်က ကော်မရှင်ဖွဲ့ စုံစမ်းခိုင်း
တုန်းကတော့ ဝေဖန်ဆွေးနွေးမှု တွေ အတော်အတန် ရှိခဲ့ပါတယ်။

ဆိုတော့ လွတ်လပ်မှုဆိုရာမှာ လူ့အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းကြား၊
လူ့အဖွဲ့အစည်းနဲ့ လူနည်းစုကြား၊ အစိုးရနဲ့ လူ့အဖွဲ့အ စည်းကြား၊
အစိုးရနဲ့ လူတစ်ဦးချင်းကြား၊ အစိုးရနဲ့ လူနည်းစုကြားစသဖြင့်
ပဋိပက္ခသဘောဆောင်တဲ့ အခြေအနေတွေမှာ အခြေခံတန်ဖိုးထား
ဆုံးဖြတ်မှုတွေ၊ ကျင့်ဝတ်တွေ၊ လူ့သဘာဝတွေကို အခြေခံပြီးတော့
ဆွေးနွေးငြင်းခုံမှုတွေ လုပ်သင့်ပါ တယ်။ ဒါမှ လူ့အဖွဲ့အစည်းရဲ့
ပူးပေါင်းပြီးတော့ အမှန်တရားရှာဖွေမှုဟာ ပိုမိုထိရောက်လာမှာ
ဖြစ်တယ်။ လူ့အဖွဲ့အစည်းက ရှင်သန်သက်ဝင်ပြီးတော့ အစဉ်
အလာတန်ဖိုး အဟောင်းအမျဉ်းတွေ၊ ယုတ္တိမတန်တာတွေ၊
အယူသည်းမှုတွေရဲ့ နေရာမှာ ခေတ်ပြိုင် လူ့အဖွဲ့အစည်းနဲ့
ကိုက်ညီတဲ့ တန်ဖိုးအသစ်တွေ၊ ကျင့်ဝတ်အသစ်တွေ ဖော်ထုတ်
လာနိုင်ပါလိမ့်မယ်။ ဒီလိုမှသာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း
တစ်ခုရဲ့ အဓိက နိုင်ငံရေးယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ လွတ်လပ်မှုဟာ
ပိုမိုဘောင်ကျယ်လာပါ လိမ့်မယ်။ လွတ်လပ်မှုကို မြတ်နိုးတဲ့
ယဉ်ကျေးမှု ဘောင်ကျယ်လာတာနဲ့အမျှ မတရားမဲ့ ပြုကျင့်မှုတွေ၊
အယူသည်းမှုတွေ၊ အကြောက်တရားတွေဟာ လွင့်ပါးသွားပါလိမ့်မယ်။
ဒီတော့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ နှောင်ကြိုးမဲ့တဲ့ ဆင်ခြင်တုံ
တရားက အစွမ်းကုန် ရွက်ဖွင့်ပြီးတော့ အမှန်တရားကို ရှာဖွေနိုင်
ပါလိမ့်မယ်။ ဒီနည်းအားဖြင့်သာလျှင် လူ့အဖွဲ့အစည်းရဲ့ ရုပ်ပိုင်း
ဆိုင်ရာ ကြွယ်ဝချမ်းသာမှုတွေ၊ အသစ်သစ်သော တိုးတက်မှုတွေ၊
အတွေးအခေါ် ဖွံ့ဖြိုးမှုတွေ ပေါ်ပေါက်လာပြီးတော့ ယဉ်ကျေးမှု
အဆင့်အတန်း မြင့်မားတဲ့ လူ့အဖွဲ့အစည်းသစ်ဆီကို တစထက်
တစ တက်လှမ်းနိုင်ပါလိမ့်မယ်။ ဆိုတော့ကား အချုပ်ပြောရရင်
လွတ်လပ်မှုဟာ လူတစ်ဦးချင်းစီအတွက်ပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်း
တစ်ခုလုံးအတွက်ပဲဖြစ်ဖြစ် ရုပ်ပိုင်း ဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ၊
အသိပညာပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံကျတဲ့
အကြောင်းတရား ဖြစ် တယ်။ ဒါကြောင့်မို့ လွတ်လပ်မှု သရဏံ ဂစ္ဆာမိကြပါ။


Ref; The American Democracy by Thomas E. Patterson

ဒီမိုကရက်တိုက်ဇေးရှင်း

Written By ဥာဏ်မျိုးအောင်

ဘာသာရပ်ထဲမှာ Democratizationကို ဖတ်ရတာ စိတ်မ၀င်စားဆုံး၊
အပျင်းဆုံးပဲ။ ဒါပေမင့် ဒီမှာတော့ ဒီအကြောင်းအရာကိုပဲ မကြားချင်
အဆုံး ပြောနေ၊ ရေးနေကြတော့ အနည်းအကျဉ်းလောက်တော့
ဖတ်ကြည့်ဖြစ်တယ်။ မနှစ်က ဆရာတယောက် ပြောတာ အမှတ်
ရတယ်။ ရှမစ်ထာနဲ့ တွေ့တော့ ဆရာက ရှမစ်ထာတို့ သုတေသနပြု
aရးသားထားတဲ့ စာအုပ်က ဗမာပြည်အတွက် စောင်းရေး ထားသလား
ထင်မှတ်ရကြောင်း ပြောပါတယ်။ Transitions from Authoritarian
Rule: Tentative Conclusions about Uncertain Democracies
(O’Donnell and Philippe C. Schmitter) စာအုပ်ကို ဖတ်ကြည့်တော့
ဗမာနိုင်ငံရေးမှာ ကပြမယ့် ပြဇာတ်အတွက် ကြိုရေးထားတဲ့
ဇာတ်ညွှန်းတပုဒ်လား အောက်မေ့ရတယ်။ အောက်က ကောက်နုတ်
ချက်တွေကို အမြည်းသဘော ဖတ်ကြည့်ပါခင်ဗျား။

*အာဏာရှင် အုပ်ချုပ်ရေးစနစ်ကနေ မသေချာ မရေရာတဲ့ “(အုပ်ချုပ်ပုံစနစ်)
တစုံတရာ”ဆီ ကူးပြောင်းမှုကို ရေးထားပါတယ်။ ယင်းတစုံ တရာဆိုတာ
အရည်အသွေး မပြည့်ဝတဲ့ နိုင်ငံရေးပိုင်း ဒီမိုကရေစီ (Political Democracy)
ဖြစ်နိုင်သလို အာဏာရှင် အုပ်ချုပ်ရေးပုံစံ သစ်တခုကို ပြန်လည်ထူထောင်တာ
သို့မဟုတ် ပိုပြီး တင်းကျပ်တဲ့ အာဏာရှင် အုပ်ချုပ်ရေး စနစ်တခုကို ထူထောင်
တာလဲ ဖြစ်နိုင်ပါ တယ်။

*ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အာဏာရှင် အုပ်ချုပ်ရေးသမားတွေဟာ
သူတို့ရဲ့ တရားဝင် ရပ်တည်နိုင်ရေးအတွက် အခုနေချိန်ခါမှာ အာဏာရှင်ပုံစံ
အုပ်ချုပ်မှုနဲ့ ဖိနှိပ်မှုတွေကို ကျင့်သုံးပြီးတော့ တဖက်ကလဲ အနာဂတ်ကာလမှာ
 ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်မှု ထွန်းကားရေးကို ကတိတွေ ပေးနေပါတယ်။
အဲဒါကိုက သူတို့ဟာ (ယာယီ) အကူးအပြောင်းကာလ အစိုးရသာ ဖြစ်တယ်
ဆိုတာ ပေါ်လွင်ပါတယ်။ ကမ္ဘာအနှံ့ ပြန့်နေတဲ့ ခေတ်ပြိုင် အတွေးအခေါ်
တွေနဲ့ ပြည်တွင်းက လူထုရဲ့ ပြည်သူဗဟိုပြု အချုပ်အခြာအာဏာ
(Popular Soverei-gnty) ရှိရေး တောင်းဆိုမှုတွေက အာဏာရှင်
အုပ်ချုပ်ရေးအပေါ် ပိုပြီး ကန့်သတ်မှုတွေ ဖြစ်လာစေပါတယ်။

*ယခင် အုပ်ချုပ်သူတွေဟာ အမာသမားနဲ့ အပျော့သမားဆိုပြီး အုပ်စုနှစ်ခု
ဖြစ်လာတတ်ပါတယ်။ အမာအုပ်စုမှာလဲ အုပ်စုငယ်တွေမျိုးစုံ ပါဝင်ပါတယ်။
အမာအုပ်စုဘက်က တချို့တွေဟာ အာဏာရှင် အုပ်ချုပ်ရေးကို သူတို့
အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် လက်ခံထား သူတွေ ဖြစ်ပြီး
တချို့တွေကတော့ ဒီမိုကရေစီစနစ်ကို အူထဲအသည်းထဲကကို ငြင်းဆို
လက်မခံသူတွေပါ။ အချိန်ကာလကို လိုက်လို့ (အမာအုပ်စုက) အခွင့်အရေး
သမားတွေကို (အတိုက်အခံဘက် ပါလာအောင်) ၀ယ်ဖို့ စဉ်းစားဆုံးဖြတ်
ရတာဟာ နိုင်ငံရေးစနစ် ကူးပြောင်းမှုရဲ့ လုပ်ငန်း တစ်ရပ်ပါပဲ။

*အပျော့သမား အုပ်စုဟာ သူတို့တွေ အခုနေခါ အရေးပါတဲ့ နေရာတွေကို
ပိုင်ဆိုင်ထားတဲ့ အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ရေရှည် တရားဝင်ဖို့
အတွက်ဆိုရင် အတိုက်အခံ အုပ်စုဘက်က (အာဏာရှင် အုပ်ချုပ်သူတွေနဲ့
ညှိနှိုင်းလိုတဲ့ သဘောထားရှိတဲ့) အလယ်အလတ် ၀ါဒီတွေနဲ့ နိုင်ငံတကာ
အမြင်မှာ လက်ခံနိုင်လောက်တဲ့ လွတ်လပ်ခွင့်တွေ ခွင့်ပြုပြီးတော့
ရွေးကောက်ပွဲကနေ တရားဝင်မှုကို ဆက်လက် ရယူနိုင်ဖို့ပါ။ ဒီအပျော့
သမား အစုမှာလဲ လူမျိုးစုံ ပါပါတယ်။ တချို့တွေက အာဏာရှင်
အုပ်ချုပ်ရေးကနေ သူတို့ လိုချင်တာတွေ ရပြီးလို့ ပုဂ္ဂလိက (ပိုင်ဆိုင်
မှုတွေကို) နှစ်သက်ခံစားမှုပဲ လုပ်နေချင်သူတွေ ဖြစ်ပါတယ်။
တချို့တွေကတော့ လွတ်လပ်မှုကို အကန့်အသတ်နဲ့ ခွင့်ပြု ပြီးတော့
လက်ရှိရာထူးနဲ့ အခွင့်ထူးခံ အနေအထားတွေကို ဆက်လက်
ကာကွယ်ချင်သူတွေ ဖြစ်ပါတယ်။ တချို့တွေကတော့ အသစ်ဖြစ်
ထွန်းလာမယ့် အုပ်ချုပ်ရေးမှာ ရွေးကောက်တင်မြှောက်ခံ
ရာထူးတွေကို လိုလားလို့ ဖြစ်ပါတယ်။

*စနစ်အကူးအပြောင်းကာလမှာ အာဏာပြန်သိမ်းမှာ ကြောက်တဲ့
ကြောက်ရွံ့မှုတွေ ရှိပါတယ်။ ဒါက ယုံတမ်း စကားသက်သက် မဟုတ်
ပါဘူး။ ပဋိပက္ခတွေနဲ့ မသေချာမှုတွေ ပြင်းထန်လာတဲ့အခါမှာ နိုင်ငံရေး
ဒီမိုကရေစီကနေ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးထဲ ထိုးကျသွားမှာ
ကြောက်တဲ့ အမာအုပ်စုတွေက တချိန်က ရွှေထီးဆောင်း ကာလ
တွေဖြစ်တဲ့ ငြိမ်ဝပ်ပိပြားရေး၊ လူမှုအေးချမ်း တည်ငြိမ်ရေးနဲ့ အမိန့်ကို
ရိုသေလေးစားရေးတွေ ပြန်လှည့်ဖို့ အစွမ်းကုန် လုပ်တတ်ကြပါတယ်။

*ဒီလို အာဏာသိမ်းမှာ ကြောက်ရွံ့မှုက အတောင်အလက်စုံတဲ့ (အရည်
အသွေးမှီ) ဒီမိုကရေစီစနစ်ကို တောင်းဆိုနေသူတွေကို ရွေးချယ်မှုဆိုင်ရာ
အခက်အခဲတွေ ဖြစ်စေတတ်ပါတယ်။ ဒီတော့ ရေရှည်မှာ ကိုယ့်ရဲ့ အဓိက
မဟာမိတ် ဖြစ်လာမယ့် အုပ်စုတွေက (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
ပညာရေး) ပြဿနာတွေကို နိုင်ငံရေးဘောင် သွတ်သွင်းပြီးတော့
လူမှုတက်ကြွလှုပ်ရှားမှုတွေ လုပ်လာတာကို တားမြစ်ဖို့ ဒါမှမဟုတ်
အားမပေးဖို့ လုပ်နိုင်ပါတယ် ။ သူတို့တွေ (တားမြစ်သူတွေ)က
(ဒီတက်ကြွလှုပ်ရှားမှုတွေက) အာဏာသိမ်းလိုသူတွေအတွက်
အကြောင်းပြချက်ကောင်း ဖြစ်သွားမှာ ကြောက်ကြပါတယ်။
တကယ်တော့ ဒီလိုမျိုး အလွန်အကျူး မျှော်ပြီး ကြောက်လို့
(တားမြစ်တာ အားမပေးတာ) လုပ်ရင်လဲ အာဏာသိမ်းရေး
ထောက်ခံနေသူတွေက အာဏာ မသိမ်းရဘဲနဲ့တောင် သူတို့
ရည်ရွယ်ချက် ပြည့်တာမျိုး ဖြစ်ပါလိမ့်မယ်။ စနစ်ကူးပြောင်းမှုဟာလဲ
(လွတ်လပ်ခွင့် အနည်းအကျဉ်း) ဖြေလျော့ရေးမှာတင် တန့်နေပြီး
အတိုက်အခံတွေကြားမှာ အကွဲအပြဲနဲ့ ပန်းတိုင်ေ၀၀ါးမှုတွေနဲ့
အဆုံးသတ်ရပါလိမ့်မယ်။

*ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် သွတ်သွင်းနိုင်ရင်တော့
(အတိုက်အခံဘက်က) အပျော့သမား အုပ်စုဟာ အမာသမား အုပ်စု
ဘက်က သစ္စာဖောက်လို့ စွပ်စွဲမှုဘေးက လွတ်ကင်းနိုင်ပြီး တိုင်းပြည်ကို
ဂုဏ်ယူထိုက်တဲ့ အနာဂတ်ဆီ ဦးဆောင်ပေးနိုင်တဲ့အတွက် သမိုင်းက
မှတ်တမ်းတင် ဂုဏ်ပြုပါလိမ့်မယ်။

*(အတိုက်အခံဘက်က) အပျော့သမားအုပ်စုဟာ ရာထူးကြီးပြီး
ပရော်ဖက်ရှင်နယ် ပီသသူ စစ်ဘက်အရာရှိတွေကို ရှာဖို့ လိုပါတယ်။
ဒီအရာရှိတွေက စနစ်အပြောင်းအလဲက တပ်အတွက် ကောင်းမွန်
စေတယ်လို့ ယုံကြည်တာကြောင့် စနစ်အပြောင်းအလဲကို ထောက်ခံ
နိုင်ပါတယ်။ အာဏာသိမ်းတာတွေ လုပ်ရင် (စနစ်အပြောင်းအလဲကို
ထောက်ခံတဲ့) တပ်အာင်အားစုရဲ့ အင်အားကို ဆန့်ကျင်တွန်းလှန်ပြီး
တော့မှ သိမ်းနိုင်တဲ့ အနေအထားမျိုး ဖြစ်ရပါမယ်။ ဒါဆိုရင် အာဏာ
သိမ်းရေးဟာ အောင်မြင်မယ် မအောင်မြင်မယ် မသေချာတဲ့ စွန့်စား
ရမှု ဖြစ်ပါလိမ့်မယ်။ တပ်ထဲမှာလဲ နိုင်တဲ့ မြင်းကို တက်စီးမယ့်
အခွင့်အရေးသမားတွေ ရှိပါတယ်။

*(အာဏာရှင် အုပ်ချုပ်သူဟောင်းတွေနဲ့ ညှိနှိုင်းပြီးတော့
ပဋိညာဉ်တရပ် ပြုရာမှာ အောင်မြင်ဖို့အတွက်) ခေါင်းဆောင်နဲ့
ခေါင်းဆောင်ရဲ့ နန်းတောင်စောင့် ဘော်ဒီဂတ်တွေဟာ အပျော့
အုပ်စုကို သစ္စာစောင့်ဖို့ လိုပြီး အရင်က ကိုယ့်မဟာမိတ်ဖြစ်တဲ့
 အမာသမားတွေကို ကစားကွင်းထဲနေ ထုတ်ပယ်ပစ်ရပါမယ်။
သက်ဆိုင်ရာ မဲဆန္ဒနယ်တွေကို ကိုယ်စားပြု ထိန်းနိုင်စွမ်းရှိတဲ့
ထင်ပေါ်သူတွေကို ရှာဖွေကာ စွမ်းရည်မြှင့်ပေးပြီး ပဋိညာဉ်မှာ
သဘောတူထားထဲ့ စည်းမျဉ်းတွေအရ နိုင်ငံရေး ကစားကွင်းမှာ
ပြိုင်မယ်ဆိုတာ ယုံကြည်အောင် လုပ်ရ ပါတယ်။ ပဋိညာဉ်မှာ
ပါတာတွေက မူဝါဒ ရွေးချယ်မှုတွေကို ကန့်သတ်ထားတာမျိုး၊
အကျိုးအမြတ်တွေကို အချိုးကျ ခွဲဝေတာမျိုး၊ ဆုံးဖြတ်ချက်
ချနိုင်ခွင့်နေရာမှာ (ပဋိညာဉ်) ပြင်ပက လူတွေ မရောက်လာအောင်
တင်းကျပ်ထားတာမျိုးတွေ ပါဝင်ပါတယ်။ ဒီလို သဘော တူတာတွေ
လုပ်ပြီးရင်တော့ (ပြဿနာတရပ်ရပ်ကို ဖြေရှင်းရာမှာ) စစ်တပ်
ပါဝင်စွက်ဖက်မှုနဲ့ လူထု တက်ကြွလှုပ်ရှားမှုလိုမျိုးတွေ မလုပ်ဖို့
သဘောတူပါတယ်။

*ပုဂ္ဂလိက လွတ်လပ်မှု ကူးလူးဆက်ဆံမှုနဲ့ ဈေးကွက် ချိတ်ဆက်မှု
အားကောင်းလာတာနဲ့အမျှ အရင်က ပဋိညာဉ်အရ သဘောတူညီချက်
ရယူထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်စုဟာ ကိုယ့်နောက်လိုက်တွေကို
ထိန်းထားဖို့ ခက်ခဲလာပါတယ်။ အသင်းအပင်း အဖွဲ့ဝင်တွေဟာ
ကိုယ်ပိုင် လွတ်လပ်ခွင့် ပြဌာန်းနိုင်ခွင့်ကို ပိုတောင်းဆို လာကြပါတယ်။
အုပ်စုအသစ်တွေလဲ ဖွဲ့စည်းလာကြပါလိမ့်မယ်။ ပဋိညာဉ် သဘော
တူချက်မှာ မပါတဲ့ ပါတီတွေ အင်အားကောင်းလာနိုင်ပြီး ပါလီမန်နဲ့
အစိုးရဖွဲ့ရေးကို အဖျက်သဘော စတင်လုပ်ဆောင် လာနိုင်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ ဟိုဘက် ဒီဘက် ထိပ်သီးခေါင်းဆောင်
တွေချင်း (ကွက်ကွက်လေး တွေ့ပြီး) သဘောတူထားမှုကို
ဆက်ထိန်းထားဖို့ ခက်ခဲလာပါတယ်။

*(ပဋိညာဉ်ပါ အဖွဲ့တွေရဲ့) အဖွဲ့ဝင်တချို့ဟာ ပဋိညာဉ် ပြင်ပက
လူတွေနဲ့ မဟာမိတ်ဖွဲ့တာ သူတို့နောက်လိုက် တွေကို တက်ကြွ
လှုပ်ရှားမှုမှာ ပါဝင်စေတာမျိုးတွေ ရှိနိုင်ပါတယ်။ တချို့တွေက
 အာဏာရှင် အုပ်ချုပ်ရေးသမားတွေ ကန့်သတ်ထားတဲ့ အကန့်
အသတ်တွေကို စတင် သွေးတိုးစမ်းလာပါတယ်။ နှစ်ကာလ
အတော်ကြာအောင် ပိတ်ပင်တားမြစ် ခံထားရပြီးမှ ဒီလိုမျိုး
အများပြည်သူသိ ထုတ်ဖော်ပြောဆို လာနိုင်ခြင်းဖြင့်
လူတွေရဲ့ ဘုံသဘောတူ စိတ်ကူးတွေ၊ အတွေးတွေကို
ရှာတွေ့လာပါတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်း တခုလုံးကို
တစတစ နိုင်ငံရေး ဘောင်ထဲ ပြန်လည်သွတ်သွင်းနိုင်ဖို့
အထောက်အကူ ပြုပါတယ်။ အရင်က နိုင်ငံရေးပါတီတွေ
ပြန်ပေါ်လာတာ အသစ်တွေ ပေါ်လာတာမျိုး၊ အရင်က
ပိတ်ပင် တားမြစ်ထားတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ
ရုတ်တရက် ပြန်ပေါ် လာတာမျိုး အသိပညာရှင် အတတ်
ပညာရှင် အသင်းအဖွဲ့တွေ ပြန်လည်ဖွဲ့စည်းပြီး အာဏာရှင်
အုပ်ချုပ်ရေးကို ဝေဖန်ထောက်ပြတာမျိုး၊ အနုပညာရှင်
ဂီတပညာရှင် ပြဇာတ် ဆရာ သရော်စာ ဆရာတွေကလဲ
သရော်ရေးသားပြတာမျိုးတွေ တစတစ အားကောင်းလာပြီး
(အာဏာရှင် အုပ်ချုပ်ရေးကိုဆို) ပြည့်ရှင် မင်းကြီး
ကိုယ်လုံးတီး ဖြစ်ကြောင်း စတင်ထင်ရှားလာပါတယ်။

*မထင်မှတ်လောက်အောင် မြန်ဆန်ပြီး အရပ်ဘက် အဖွဲ့အစည်း
အများစု ပါဝင်တဲ့ ဒီအပြောင်းအလဲတွေဟာ ယခင် အာဏာရှင်
အုပ်ချုပ် သူဟောင်းတွေ အာဏာ ဆက်ထိန်းထားဖို့ ခက်ခဲ
လာစေပါတယ်။ အမာသမား အုပ်စုတွေအတွက်လဲ အာဏာ
သိမ်းဖို့အတွက် အကျိုးအ ဆက် ကြီးမားစေပါတယ်။ တချို့သော
စနစ်ကူးပြောင်းမှုတွေ မှာ အကူးအပြောင်းကာလရဲ့ အချိန်တခုမှာ
 လူ့အဖွဲ့အစည်းရဲ့ အလွှာပေါင်း စုံက အတူတကွ ပူးပေါင်းပြီတော့
လူထုအုံကြွမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ကုန်သွယ်ရေး
သမဂ္ဂတွေ၊ အခြေခံနင်းပြား လူထုလှုပ် ရှားမှုတွေ၊ ဘာသာရေး
အစုအဖွဲ့တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ အနုပညာ
ရှင်တွေ၊ စာရေး စာချီတွေ၊ လူ့အခွင့်အရေး သမားတွေ၊
အသက်မွေဝမ်းကြောင်း အသင်းအဖွဲ့တွေ အားလုံးဟာ
ဒီမိုကရေစီစနစ် ပြောင်းလဲရေးအတွက် အချင်းချင်း
ထောက်ခံကူညီပြီး လူထုတရပ်လုံးအသွင် ပေါင်းစည်း
လာပါတယ်။ ဒီလို ပေါ်ထွန်းလာတဲ့ တပ်ဦးက မည်ကာမတ္တ
ဖြေလျှော့မှုနဲ့ တစိတ်တပိုင်းလောက်သာ ဒီမိုကရေစီ
ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဖို့ အင်အားကောင်းကောင်းနဲ့ ဖိအားပေးလာပါတယ်။
ဒီလိုမျိုး အံ့သြဖွယ် ပေါင်းစည်းမှုဟာ အရင် အာဏာရှင်
အုပ်စုထဲက အပျော့သမားတွေကိုသာမက သူတို့နဲ့
မဟာမိတ်တပိုင်းဖြစ်တဲ့ (အတိုက် အခံဘက်က) အလယ်
အလတ်ဝါဒီတွေကိုလဲ စိုးရိမ်ကြောက်လန့်စေပါတယ်။

သူ့စာအုပ်ထဲမှာ ရေးထားတာတွေထဲကမှ တချို့သော
အပိုင်းတွေကို ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စား
သူများကတော့ မူရင်း စာအုပ်ကို ရှာပြီး အပြည့်အစုံ
ဖတ်နိုင်ပါကြောင်း၊ ဒီမိုကရက်တိုက်ဇေးရှင်း လေ့လာဖို့
ဝါသနာပါသူ မိတ်ဆွေသူငယ်ချင်းများလဲ ရှာဖတ်ဖို့
တိုက်တွန်းလိုပါကြောင်း…………………..မိတ်ဆွေအပေါင်း။

ဗမာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိသတဲ့လား

Written By ဥာဏ်မျိုးအောင်

ဘာသာရေး လွတ်လပ်ခွင့်လို့ ပြောလိုက်ရင် အစိုးရဘက်က
ရှေ့နေလိုက်ပေးဖို့ အသင့်အနေအထား ပြင်ထားတဲ့ ပညာ
တတ်တွေက ရန်ကုန်မြို့လယ်ကောင်က ဗုဒ္ဓဘာသာအထိမ်း
အမှတ် ဆူးလေဘုရားရယ်၊ ဆူးလေဘုရားနဲ့ မလှမ်းမကမ်းက
ခရစ်ယာန်ဘာသာ အထိမ်းအမှတ် ဧမာနွေလဘုရားကျောင်းရယ်၊
ဆူးလေဘုရားအနီးက အစ္စလာမ်ဘာသာ အထိမ်းအမှတ်ဖြစ်တဲ့
ဗလီဝတ်ကျောင်းရယ် စတဲ့ မတူညီတဲ့ ဘာသာရေး အဆောက်
အအုံတွေ နီးနီးကပ်ကပ် တည်ရှိနေတာကို လက် ညှိုး ထိုးပြပြီး
ဗမာနိုင်ငံမှာ ကိုယ်နှစ်သက်ရာ ဘာသာကို လွတ်လွတ်လပ်လပ်
ကိုးကွယ်နိုင်ကြောင်း အားပါးတရ ရှင်းပြ တတ်ကြတယ်။

ဒီပညာတတ်တွေ ဖောက်လိုက်တဲ့ လေလမ်းကြောကို နောက်ပိုင်းမှာ
ဧည့်လမ်းညွှန်တွေပါ အလွယ်တကူ လက်ခံပြီး နိုင်ငံခြားသားဧည့်
သည်တွေကို ရှင်းပြတာတွေလဲ ကြားရဖူးပါတယ်။ ဒီတော့ ဗမာနိုင်ငံမှာ
ဘာသာရေး လွတ်လပ်ခွင့် အမှန်တကယ် ရှိရဲ့လားဆိုတာကို
 နိုင်ငံတော်နဲ့ ဘုရားကျောင်းတော်ကြား စည်းပိုင်းခြားထားမှု စံတွေကို
အသုံးပြု ပြီးတော့ ကျွန်တော် ဆွေးနွေးသွားပါမယ်။ ဒီလိုဆွေးနွေးရာမှာ
အမေရိကန် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တရား
လွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေကို အဓိကထားပြီးတော့
စံပြုထားပါတယ်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပထမပြင်ဆင်ချက်မှာ
လွှတ်တော်က ဘာသာတရားတစ်ခုကို နိုင်ငံတော်ဘာသာ အဖြစ်
ထူထောင်တဲ့ သို့မဟုတ် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို
တားမြစ်တဲ့ မည်သည့် ဥပဒေကိုမှ မပြုရဘူး၊ မပြဌာန်း ရဘူးလို့
ရေးထားပါတယ်။ နိုင်ငံတော်ဘာသာ မထူထောင်ရဘူးဆိုတာ
အစိုးရက ဘာသာတရားတစ်ခုကို တခြားဘာသာ တရားတစ်ခု
ထက် မျက်နှာသာပေးတာ၊ ဘာသာတရားမဟုတ်တဲ့ ယုံကြည်
သက်ဝင်မှု (ဥပမာ- ဘာသာမဲ့Atheism)တစ်ခု ထက် ထောက်
ခံတာ၊ ထောက်ပံ့တာ မလုပ်ရဘူးလို့ တရားလွှတ်တော်ချုပ်က
အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဒီပြဌာန်းချက်ဟာ ဘုရားကျောင်းနဲ့
နိုင်ငံတော်ကြားမှာ နံရံခြားထားတာလို့ (အစိုးလုပ်ငန်းတွေကို
ဘာသာရေးနဲ့ မရောတာကို ဆိုလိုတာ) ဆိုကြပါတယ်။ သူတို့ဆီမှာ
ခရစ်ယာန်တွေ များလို့ ဘုရားကျောင်းလို့ သုံးထားပေမယ့်
ဗမာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာက အများစု ဖြစ်တော့ ဘုန်းကြီး
ကျောင်းနဲ့ အစိုးရကြားမှာ နံရံခြားထားနိုင်မှု ရှိရမယ်လို့ ကောက်
ယူသင့်ပါတယ်။ လိုရင်းက တော့ အစိုးရလုပ်ငန်းတွေကို
ဘယ်ဘာသာရေးနဲ့မှ မဆက်နွှယ်၊ မရောယှက်တဲ့ လောကီ
ရေးသက်သက် အစိုးရ (Secular Government)မျိုးကို ဆိုလိုတာပါ။

ဒီပြဌာန်းချက်အရပဲ အစိုးရက ဘုရားကျောင်းနဲ့ ဆက်နွှယ်တဲ့
စာသင်ကျောင်းတွေကို ဘာသာရေးအကြောင်းအရာ မပါတဲ့
လောကီရေးသက်သက်ပဲ ပါတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်
(Secular Textbooks)တွေလောက်ပဲ ထောက်ပံ့လို့ ရတယ်။
ဘုရားကျောင်းနဲ့ ဆက်နွှယ်တဲ့ စာသင်ကျောင်းတွေမှာ
စာသင်ပေးနေတဲ့ ဆရာတွေရဲ့ လခကို အစိုးရက မပေးရဘူးလို့
တရားလွှတ်တော်ချုပ်က တားမြစ်ထားတယ်။ ဘာသာရေးနဲ့
ဆက်နွှယ်တဲ့ စာသင်ကျောင်းတွေ အသုံးပြုဖို့ ပြည်သူ့ ဘဏ္ဍာငွေ
ခွင့်ပြုပေးရင်လဲ လောကီရေးသက်သက်ပဲ ပါတဲ့ သင်ရိုးညွှန်းတမ်း
စာအုပ်တွေအတွက်ပဲ သုံးခွင့်ရှိတယ်။ ဆရာ တွေကို လခပေးဖို့
အတွက် သုံးခွင့်မရှိဘူး။ ဘာလို့လဲဆိုတော့ သင်ရိုးညွှန်းတမ်းစာအုပ်
တစ်အုပ်မှာ ပါတဲ့ အကြောင်းအရာ တွေကို ကြည့်ပြီးတော့
ဘာသာတရားတစ်ခုကို အားပေးထောက်ခံနေသလားဆိုတာ
အလွယ်တကူ သိနိုင်ပေမယ့် ဆရာ တစ်ယောက်က စာသင်
ခန်းထဲမှာ ဘာသာတရားတစ်ခုကို အားပေးထောက်ခံ ပြောဆို
နေလားဆိုတာ အစိုးရက မသိနိုင်လို့ ပါပဲ။ တရားလွှတ်တော်ချုပ်ရဲ့
အထက်က ဆုံးဖြတ်ချက်ပေါ်မှာ အခြေခံပြီးတော့ ဗမာနိုင်ငံကို ပြန်ကြည့်ကြည့်ပါ။

ဗမာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေမှာ
ဘုန်းတော်ကြီးတွေ ဦးဆောင် ဖွင့်လှစ်တဲ့ စာသင်ကျောင်းက
ဆရာ၊ ဆရာမတွေအတွက် အစိုးရက လခ ထောက်ပံ့ပေးတာတွေ
ရှိပါတယ်။ သင်ရိုးညွှန်းတမ်းတွေမှာလဲ အဓိက ပါဝင် တာက
ဗုဒ္ဓစာပေက ယူထားတဲ့ ဇာတ်နိပါတ်တွေ၊ ပုံဝတ္ထုတွေ၊ ဆုံးမစာ
တွေပါပဲ။ ပြည်သူ့နီတိ သင်ရိုးညွှန်းတမ်း စာအုပ်တွေ မှာဆိုရင်လဲ
ကျောင်းသားတွေကို ဒီမိုကရက်တစ် ယဉ်ကျေးမှု၊ ဒီမိုကရေစီ
သဘောတရား၊ နိုင်ငံသားအခွင့်အရေး စတာ တွေကို သင်ပေး
ရမယ့်အစား ဗုဒ္ဓစာပေက ယူထားတဲ့ ကျင့်ဝတ်တွေ၊ နီတိတွေ၊
ဆုံးမစာတွေက စာအုပ် အပြည့်ပါပဲ။ ကျော င်းသားတွေကို
သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကလဲ ဗုဒ္ဓဘာသာဝင်
အများစုဖြစ်ပြီးတော့ ဆုံးမစကား ပြောရင်လဲ ဗုဒ္ဓ စာပေက
ကြားနာ၊ ဖတ်မှတ်ထားတာတွေကို အခြေခံပြီးတော့ပဲ
ပြောဆိုဆုံးမကြပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေဟာ
ဘာသာတရားတစ်ခုကို နိုင်ငံတော်ဘာသာအဖြစ်
မထူထောင်ရေး ပုဒ်မရဲ့ အနှစ်သာရကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အစိုးရစာသင်ကျောင်းတွေမှာ
ဘုရားစာရွတ်ဆိုတာကိုတောင် တရားလွှတ်တော်ချုပ်က တားမြစ်
ထားပါတယ်။ အစိုးရစာသင်ကျောင်းတွေမှာ သမ္မာကျမ်းစာ
ဖတ်တာကိုတောင် တရားလွှတ်တော်ချုပ်က လက်မခံဘူး၊
ပယ်ချတယ်။ Alabamaပြည်နယ်က ဒီဆုံးဖြတ်ချက်ကို မလိုက်နာဘဲ
 ရှောင်နိုင်ဖို့အတွက် ငြိမ်ငြိမ်သက်သက် ဘုရားစာ ရွတ်တာ၊
တရားထိုင်တာ လုပ်ဖို့ အစိုးရစာသင်ကျောင်းတွေက နေ့စဉ် တ
စ်မိနစ် ခွင့်ပြုနိုင်တဲ့ ဥပဒေပြုတယ်။ တရားလွှတ် တော်ချုပ်က
ဒီဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး၊ ဘာသာရေးနဲ့
ပတ်သက်လာရင် အစိုးရက လုံးဝ ကြားနေရ မယ်လို့ ဆုံးဖြတ်
လိုက်တယ်။ ဒီ့နောက် အစိုးရစာသင်ကျောင်းမှာ လုပ်တဲ့
 ဘောလုံးပြိုင်ပွဲတွေမှာတောင် ကျောင်းသားတွေ အုပ်စုဖွဲ့
ဘုရားရှိခိုးတာကို တားမြစ်ထားပါတယ်။

ဗမာနိုင်ငံမှာတော့ အောက်ခြေအဆင့် မူလတန်းလောက်ကတိုင်
တက္ကသိုလ်ဝင်တန်းလောက်အထိ နေ့စဉ်နဲ့အမျှ မနက်တိုင်း
ဗုဒ္ဓဘာသာ ဘုရားရှိခိုးစာတွေ ရွတ်ဆိုပြီးတော့ ကျောင်းသားတွေ
အားလုံး ရှိခိုးရပါတယ်။ ကျောင်းသားတွေကို အတန်းပိုင် ဆရာ၊
ဆရာမတွေက အသင်းလိုက် ခွဲပြီးတော့ နေ့စဉ် ဘုရားပန်းအိုး ရေလဲ တာ၊ ကျောင်းသားတွေဆီက ငွေစုပြီးတော့ ဘုရားပန်း ၀ယ်ကပ်ခိုင်း
တာတွေ လုပ်ခိုင်းပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာရေး
အထိမ်းအမှတ်ပွဲ တွေဖြစ်တဲ့ ကထိန်သင်္ကန်း ကပ်တာ၊ ၀ါဆိုသင်္ကန်း
ကပ်တာတွေကိုလဲ တက္ကသိုလ်အဆင့်ထိ ဆရာ၊ ဆရာမတွေက
ဦးစီး ဦးဆောင်ပြု ဆော်သြပြီးတော့ ငွေကောက်တာတွေ၊
လှူဒါန်းတာတွေ ပြုကြပါတယ်။ ဒါ့အပြင် တက္ကသိုလ်အတွင်းမှာ
ဗုဒ္ဓ ဘာသာ ၀တ်ရွတ်အသင်းတွေ ဖွဲ့ပြီးတော့ အလှည့်ကျ
ဝတ်ရွတ်တာ၊ ၀တ်ရွတ်ပြိုင်ပွဲ ကျင်းပတာတွေလဲ တွေ့ရ
ပါတယ်။ ဒါတွေဟာ ဘာသာတရားတစ်ခုကို နိုင်ငံတော်
ဘာသာအဖြစ် မထူထောင်ရေးဆိုတဲ့ ပုဒ်မကို ချိုးဖောက်နေ
တာပဲ ဖြစ်ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်
ထောင်စုမှာ ဆွေးနွေးငြင်းခုံခဲ့ရတဲ့ ဥပမာလေးတစ်ခုကို ကြည့်ရ
အောင်ပါ။ နိုင်ငံတော် သစ္စာအဓိဌာန်ပြုချက် (Pledge of Allegiance)မှာ
အစက “ဘုရားသခင်ရဲ့ ကြည့်ရှု့စောင့် မမှု (Under God)” ဆိုတဲ့
စကားလုံး မပါပါဘူး။ ဒီစကားလုံးကို ၁၉၅၄ခုနှစ်မှာ ကွန်မြူနစ်ဝါဒကို
ကြောက်လန့်စိတ် မြင့် တက်နေချိန်တုန်းက လွှတ်တော်က
အပိုထပ်ထည့်လိုက်တဲ့ စာသားတွေပါ။ ၂၀၀၄ခုနှစ်ရောက်တော့
ဒီပြဌာန်းချက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ နိုင်ငံတော်ဘာသာ
မထူထောင်ရေး သတ်မှတ်ချက်ကို ချိုးဖောက်ရာ ရောက်နေသလား
ဆိုတာကို တရားလွှတ်တော်ချုပ်က ကြားနာရပါတယ်။

စာသင်ကျောင်းက ကျောင်းသားတွေကို နိုင်ငံတော်သစ္စာ
အဓိဌာန်ပြုချက် ဆိုခိုင်းတာဟာ သူ့ သမီးရဲ့ ဘာသာရေး
လွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ကြောင်း ဘာသာမဲ့
ဝါဒီတစ်ယောက်က ဆွဲချက်တင်ပြီး စာသင်ကျောင်းကို
တရားစွဲဆိုလာလို့ပါ။ ဒီမှာတင် အချေအတင် ဆွေးနွေးငြင်းခုံ
တာတွေ ရှိလာပါတယ်။

ဘာသာမဲ့ဝါဒီကတော့ ပြည်သူ လူထုဆီက ကောက်ခံထားတဲ့
အခွန်ငွေတွေကို လစာအဖြစ် ယူထားတဲ့ ဆရာ ဆရာမ တွေက
မနက်တိုင်း ကျောင်းသားတွေကို အမေရိကန်ပြည်ထောင်စုဟာ
ဘုရားသခင်ရဲ့ ကြည့်ရှု့စောင့်မမှုခံရတဲ့ တစ်ခု တည်းသော
နိုင်ငံဖြစ်ကြောင်း “One Nation Under God”ကို ဦးစီးဦးဆောင်ပြု
အဆိုခိုင်းကြောင်း၊ ဘုရားသခင် ရှိတယ် ဆိုတဲ့ လူများစုရဲ့
ယုံကြည်ချက်ကို လက်မခံသူတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို
 ချိုးဖောက်ရာ ရောက်ကြောင်း၊ အစိုးရကိုယ်စားလှယ်တွေ
(ဆရာဆရာမတွေ) က ကလေးငယ်တွေကို ဒီတယူသန်ဝါဒကို
ထပ်ခါထပ်ခါ နေ့စဉ်နဲ့အမျှ ဆိုခိုင်းတာဟာ အစိုးရရဲ့ ဘာသာ
ရေးကြားနေမှုဝါဒကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုပါတယ်။
တရားအစွဲခံရတဲ့ စာသင်ကျောင်းရဲ့ကိုယ်စား လျှောက်ထား
ပေးသူကတော့ ဒီလိုအဆိုခိုင်းတာက ဘာသာရေးလွတ်လပ်ခွင့်ကို
ချိုးဖောက်တာ မဟုတ်ကြောင်း၊ စည်းလုံးညီညွှတ်မှုနဲ့ မျိုးချစ်စိတ်
ဓါတ်ကို မြှင့်တင်ပေးဖို့သာ ဖြစ်ကြောင်း ချေပပါတယ်။

အလားတူ နောက်ထပ် ဥပမာတစ်ခုကတော့ သမ္မာကျမ်းစာပါ
ဖန်ဆင်းရှင်ဝါဒကို ဆင့်ကဲဖြစ်စဉ်သီအိုရီနဲ့အတူ အစိုးရ
စာသင်ကျောင်းရဲ့ သိပ္ပံသင်ရိုးတွေမှာ ထည့်သင်မယ့် Louisiana
ပြည်နယ်ရဲ့ ဥပဒေကို တရားလွှတ်တော်ချုပ်က ပယ်ချ ဘူးပါတယ်။
တရားလွှတ်တော်ချုပ်က ဖန်ဆင်းရှင်ဝါဒဟာ ဘာသာရေး
အယူအဆဖြစ်ကြောင်း၊ သိပ္ပံသဘောတရား မဟုတ်ကြောင်း၊
ဒါကို ကျောင်းသင်ရိုးတွေထဲမှာ ထည့်သင်တာဟာ နိုင်ငံတော်
ဘာသာ မထူထောင်ရေး ပုဒ်မကို ချိုးဖောက်ရာ ရောက်ကြောင်း
ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အထက်က ဥပမာတွေဟာ
အစိုးရရဲ့ လုပ်ငန်းဆောင်တာ တွေကို ဘာသာရေးတစ်ခုခုနဲ့
ရောယှက်မသွားဖို့၊ အစိုးရက ဘာသာတရားတစ်ခုကို
နိုင်ငံတော်ဘာသာ ပြဌာန်းလိုက်ရင် နိုင်ငံတော် ဘာသာဆိုတဲ့
အရှိန်အ၀ါနဲ့ တခြားဘာသာတွေကို ဖိနှိပ်တာ၊ အထူးအခွင့်အရေး
ရယူတာ၊ ဘာသာရေးကို အခြေခံပြီးတော့ အစိုးရက နိုင်ငံသား
ချင်းချင်းကို ခွဲခြားဆက်ဆံတာမျိုးတွေ မဖြစ်ရလေအောင်
တားမြစ်ထားတာပါ။ ဒါ့အပြင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဟာ
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ဆိုတဲ့ အခွင့်အရေးနဲ့လဲ
ဆက်စပ်နေ ပါတယ်။

ဗမာနိုင်ငံမှာတော့ အစိုးရက ဗုဒ္ဓဘာသာဘက်က သံဃာတွေကို
အစိုးရဘွဲ့တံဆိပ်တွေ ဆပ်ကပ်လှူဒါန်းတာတွေ လုပ်တယ်။
သာသနာရေး ၀န်ကြီးဌာန ဖွဲ့ထားပြီးတော့ ပြည်သူလူထုဆီက
ကောက်ခံရရှိတဲ့ အခွန်ငွေတွေနဲ့ ဗုဒ္ဓဘာသာစာအုပ် စာပေတွေကို
ရိုက်နှိပ်ဖြန့်ဝေတယ်။ အခွန်ငွေတွေ သုံးပြီးတော့ပဲ ဗုဒ္ဓဘာသာ
သံဃာတော်တွေကို ၀တ္ထုငွေနဲ့ ပစ္စည်းတွေ လှူဒါန်း ဆပ်ကပ်တယ်။
ကျောင်းဆောက်၊ ဘုရားတည် လုပ်တယ်။ အစိုးရစာပြန် စာမေးပွဲတွေ
လုပ်ပေးတယ်။ အခွန်ငွေ တွေ သုံးထားတဲ့ အစိုးရသတင်းစာတွေမှာ
ဒီလိုမျိုး လှူဒါန်းတာတွေ၊ ဗုဒ္ဓဘာသာ အထိမ်းအမှတ်နေ့တွေရဲ့ အကြောင်းကို ရေးသားဖော်ပြတယ်။ ပြည်သူ့အခွန်ငွေ သုံးထားတဲ့
အစိုးရရဲ့ ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေမှာလဲ ဗုဒ္ဓဘာသာ
တရားတော်တွေကို ထုတ်လွှင့်ပေးတယ်။ အစိုးရရဲ့ အသိ
အမှတ်ပြုမှု ရထားတဲ့ နိုင်ငံတော်အဆင့် သံဃာအဖွဲ့အစည်းတွေ
ကလဲ ထေရ၀ါဒဗုဒ္ဓဘာသာ အယူအဆနဲ့ ဆန့်ကျင်ပြီးတော့
ကိုယ်ယုံကြည်ရာကို ရေးသားတာ၊ ဟောပြောတာတွေ
လုပ်တဲ့ သံဃာတော်တွေကို ခေါ်ယူစစ်မြန်းတာ၊ အကျဉ်းချ
စေတာတွေလဲ ရှိပါတယ်။

ဒီတော့ ဗမာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိပါတယ်လို့
လျှောက်လှဲနေတဲ့ ပညာတတ်တွေဟာ မတူညီတဲ့ ဘာသာရေး
အဆောက်အအုံတွေ နီးနီးကပ်ကပ် ယှဉ်တွဲတည်ရှိတာကို
အခြေခံပြောဆိုနေတာ ဖြစ်ပါတယ်။ တစ်ချို့ကတော့ နိုင်ငံတ
ကာမှာ ဗမာနိုင်ငံ သိက္ခာမကျရေးဆိုတဲ့ အမျိုးသားရေးစိတ်နဲ့
အရှိတရားကို ဖုံးကွယ်ထားချင်သူတွေ၊ အနာကို မကုပဲ
အနာကို အသာဖုံးပြီးတော့ အပြင်ပန်း လှဟန်ချယ်နေချင်သူတွေ
ဖြစ်ပါတယ်။ အထက်က စံနှုန်းတွေနဲ့ တိုင်းတာမယ် ဆိုရင်တော့
ဗမာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် မရှိဘူးလို့ ဆိုရမှာပါ။
ဘာသာ သက်ဝင်ကိုးကွယ်မှု မတူညီတဲ့ နိုင်ငံသားတွေကို
အစိုးရက ခွဲခြားဆက်ဆံတဲ့ တခြားအကြောင်းတွေလဲ
ရှိပါသေးတယ်။ ရှည်မှာစိုးတဲ့အတွက် အလျဉ်းသင့်တဲ့အခါမှပဲ
ရေးပါတော့မယ်။ ဒီမိုကရက်တစ်ဆန်တဲ့ ခေတ်မီနိုင်ငံတစ်ခုကို
ထူထောင်ချင်ရင်တော့ ဘာသာရေး၊ လူမျိုးရေး၊ ဒေသနဲ့ မျိုးနွယ်
စုတွေကို သစ္စာခံပြီးတော့ နိုင်ငံတည်ဆောက်ရေး လုပ်လို့
မရပါဘူး။ ဘာသာရေး၊ လူမျိုးရေး၊ ဒေသနဲ့ မျိုးနွယ်စု အပေါ်
သစ္စာခံမှုကို အခြေမခံဘဲ ဗမာနိုင်ငံတော် ဗမာနိုင်ငံသားဆိုတဲ့
National Identity အပေါ်မှာ အခြေခံ တည်ဆောက်မှ
ရပါလိမ့်မယ်။ အဲဒီအတွက်လဲ နိုင်ငံတော်နဲ့ ဘာသာရေးကြား
စီးပိုင်းခြားထားမှုဟာ အဓိကထား လိုက်နာရမယ့် မူတစ်ခု ဖြစ်ပါကြောင်း။


Ref; 1.The American Democracy By Thomas E.Patterson
2.The Origins of Political Order By Francis Fukuyama