Monday, August 10, 2015

စစ်တပ်က အချုပ်အခြာအာဏာကို ကာကွယ်သတဲ့လား




Written by ဥာဏ်မျိုးအောင်

“အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး…ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေကို အစိုးရ
သတင်းစာတွေထဲမှာလဲ ခဏ ခဏ ဖတ်ဖူးပါလိမ့်မယ်။ ရုပ်မြင်သံကြားကြည့်သူ၊ ဗီဒီယိုခွေ
ကြည့်သူတွေလဲ ဇာတ်ကားမကြည့်ခင် ဒီစာသားကို ရစ်ကြည့် ရတာမို့ နားယဉ်ပါးပြီး ဖြစ်ပါ
လိမ့်မယ်။ ဒီအယူအဆကို အခြေခံပြီးတော့ပဲ အချုပ်အခြာအာဏာကို ပြည်တွင်းပြည်ပ ရန်သူ 
တွေကနေ ကာကွယ်ဖို့အတွက် စစ်တပ်ဟာ အရပ်သားအစိုးရတာဝန်တွေကို ယူနေရပါတယ်
ဆိုတဲ့ အကြောင်းပြချက်ကို တည်ဆောက်ထားပါတယ်။ ဒီအကြောင်းပြချက်နဲ့ပဲ စစ်အာဏာရှင်
အစိုးရဟာ ဗမာနိုင်ငံကို ဆယ်စုနှစ်ချီကြာအောင် လွှမ်းမိုးထားခဲ့ပါတယ်။ ဒီဆောင်းပါးမှာ 
ကျွန်တော် သုံးသပ်ပြချင်တာက အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်က ဘာလဲ။ စစ်အစိုးရက 
အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်မှန်ကို သဘောပေါက်ရဲ့လားနဲ့ အချုပ်အခြာအာဏာကို 
စစ်အစိုးရက အမှန်တကယ် ကာကွယ်ပေးနိုင်သလား ဆိုတာပါပဲ။
 
အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်ကို သမိုင်းနောက်ခံအခြေအနေကို လိုက်ပြီးတော့ ခေတ်အဆက်
ဆက်မှာ အမျိုးမျိုး ဖွင့်ဆို ခဲ့ကြပါတယ်။ သက်ဦးဆံပိုင်စနစ်(Monarchy) ကြီးစိုးခဲ့တဲ့ ကာလတွေတုန်းက 
ဘုရင်တစ်ဦးတည်းကပဲ အချုပ်အခြာအာ ဏာကို ပိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ “ငါက နိုင်ငံတော်ပဲ 
(I am the state.)”လို့ အနောက်တိုင်း သမိုင်းထဲမှာ ဖတ်ရတဲ့ ဘုရင်တစ်ပါးရဲ့ ပြောကြားချက်က 
ဒီသဘောကို ရည်ညွှန်းတာပါပဲ။ ဗမာနိုင်ငံရဲ့ သက်ဦးဆံပိုင်ခေတ်ကို ပြန်ကြည့်ရင်လဲ “ရေမြေ့အရှင်”
ဆိုတဲ့ စကားက ဘုရင်ရဲ့သြဇာအာဏာဟာ အကန့်အသတ်မဲ့ဆိုတဲ့ သဘောကို ဆောင်နေပါတယ်။ 
ဒီတော့ သက်ဦးဆံပိုင်စနစ်မှာ အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်က ဘုရင်တစ်ပါးတည်းကပဲ ဥပဒေတွေ၊ 
အမိန့်တွေကို ထုတ်နိုင်တယ်။ ဒီဥပဒေတွေ၊ အမိန့်တွေကို နိုင်ငံထဲက ပြည်သူလူထုက စောဒက 
မတက်ဘဲ နာခံရမယ်။ မလိုက်နာသူတွေကို ဘုရင်က ရဲမက်အင်အားသုံးပြီး ဖမ်းဆီးအပြစ်ပေးနိုင်တယ်
လို့ ဆိုလိုပါတယ်။

သမိုင်းခေတ်တွေ ပြောင်းလဲလာတဲ့အခါ ဒီအယူအဆကို ပြည်သူလူထုက လက်မခံချင်တော့ပါဘူး။ 
ဘုရင့်အာဏာဆိုတာက ဘုရင်က မွေးတဲ့ ဘုရင့်သားသာ ရပိုင်ခွင့်ရှိတယ်ဆိုတဲ့ မျိုးရိုးဆက်ခံမှုအာဏာ 
မဟုတ်လား။ လူထုက ရွေးကောက်တင် မြှောက်တာ မဟုတ်တဲ့အတွက် လူထုအပေါ်ကို ဘာတာဝန်
ယူမှု၊ ဘာတာဝန်ခံမှုမှ မရှိပါဘူး။ ပိုဆိုးတာက မျိုးရိုးအရ ဘုရင့်သားဖြစ်လို့ ဘုရင့်အာဏာပေးတဲ့ 
အစဉ်အလာရဲ့ အားနည်းချက်က ဘုရင့်သားဟာ လူပေါတစ်ယောက်၊ စိတ်မနှံ့တဲ့သူ တစ်ယောက် 
ဖြစ်နေရင် ဘယ်လို လုပ်မလဲ။ နန်းတွင်းထဲမှာတင် အထိန်းတော်တွေရဲ့ လက်အောက်မှာ ကြီးပြင်းလာပြီး 
လူရေးလူရာ၊ တိုင်းရေးပြည်ရာကို ဘာမှ နားမလည်တဲ့ ဆန်ကုန်မြေလေး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ 
ဒီမှာတင် သမိုင်းခေတ်ဖြစ်ရပ်တွေ ပြောင်းလဲလာပြီး အယူအဆသစ်တွေ ပေါ်လာပါတယ်။ 

ဒီဘက်ခေတ်မှာတော့ ဒီမိုကရေစီစနစ်ကို အခြေခံထားတဲ့ အချုပ်အခြာအာဏာ အယူအဆ 
ထွန်းကားနေပါတယ်။ အဲဒါကတော့ အချုပ်အခြာအာဏာကို လူထုက ပိုင်တယ်၊ အချုပ်အခြာအာဏာရဲ့ 
ပိုင်ရှင်အစစ်ဟာ လူထုပဲဆိုတဲ့ လူထုပိုင်အချုပ်အခြာအာဏာ (Popular Sovereignty) အယူအဆပါပဲ။ 
ဒီသဘောကို ရှင်းဖို့အတွက် အချုပ်အခြာအာ ဏာကို နှစ်မျိုးခွဲပြီးတော့ ပြောလိုပါတယ်။ ပထမတစ်မျိုးကတော့ အချုပ်အခြာအာဏာဆိုတာ နိုင်ငံတွင်းမှာ နေထိုင်တဲ့ လူထုရဲ့ လိုလားချက်တွေ၊ လူထုရဲ့ဆန္ဒသဘော
ထားတွေလို့ အဓိပ္ပါယ်ဖွင့်တဲ့ နိုင်ငံရေး အချုပ်အခြာအာဏာ (Political Sovereignty)ပါ။ ဒုတိယအချက်
ကတော့ ဒီလူထုရဲ့ လိုလားချက်တွေ၊ သဘောဆန္ဒတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေကို ပြဌာန်းပြီး အစိုးရက 
အုပ်ချုပ်တာလို့ အဓိပ္ပါယ်ဖွင့်တဲ့ ဥပဒေကျင့်သုံးခွင့် အချုပ်အခြာအာဏာ (Legal Sovereignty)ပါ။ ဒီအချက် 
နှစ်ချက်နဲ့ ကိုက်ညီရင် အချုပ်အခြာအာဏာကို လူထုက ပိုင်တယ်လို့ ဆိုနိုင်ပါတယ်။ 

နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရဟာ အထက်ကဆိုခဲ့တဲ့ လူထုပိုင် အချုပ်အခြာအာဏာကို လွတ်လွတ်လပ်လပ် 
ကျင့်သုံးနိုင်တယ်ဆိုရင်ပဲ ပြည်ပနှောက်ယှက်မှု၊ ပြည်ပသြဇာလောင်းရိပ်အောက်က လွတ်ကင်းတဲ့ 
လွတ်လပ်တဲ့နိုင်ငံလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဗမာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ပြန်ကြည့်မယ်ဆိုရင် 
စစ်အာဏာရှင်ကြီးစိုးခဲ့တဲ့ ကာလတစ်လျှောက်မှာရော ဒီမိုကရေစီအသွင်ဆောင် စစ်အာဏာရှင်အစိုးရ
ကြီးစိုးနေတဲ့ ကနေ့ခေတ်မှာပါ လူထုပိုင် အချုပ်အခြာအာဏာ ဆိုတာ မရှိခဲ့ပါဘူး။ လူထုရဲ့ ဆန္ဒတွေ ၊ 
လိုလားချက်တွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ခဲ့ပြီး စစ်အာဏာရှင်အုပ်စုရဲ့ အလိုကျ ဥပဒေတွေ ပြဌာန်း၊ အမိန့်တွေ 
ထုတ်ပြီးတော့ အုပ်ချုပ်ခဲ့တာပါ။ သက်ဦးဆံပိုင်စနစ်က အဆိုအမိန့်နည်းတူ ပြောရရင် “စစ်တပ်က
 နိုင်ငံတော်ပဲ (Military is the state.)” ဆိုတဲ့ သဘောတရားနဲ့ အုပ်ချုပ်ခဲ့တာပါ။

ဒီတော့ အကျိုးအဆက်က နိုင်ငံရဲ့ စီးပွားရေးအဆင့်အတန်းက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် “အမွဲတကာ့ 
ထွဋ်ခေါင်၊ ဖွတ်မင်းနောင်” ဖြစ်ခဲ့ရပါတယ်။ ပညာရေးကို ကြည့်မယ်ဆိုရင်လဲ “ဓါးမနောက်ပိတ် ခွေး” 
ဖြစ်ကျန်ခဲ့ပါတယ်။ အလားတူပဲ တခြားကဏ္ဍတွေမှာလည်းပဲ အောက်ကျ နောက်ကျ ဖြစ်ခဲ့ရပါတယ်။ 
ဆိုချင်တာက နိုင်ငံတော်ရဲ့ အင်အားဟာ ချိနဲ့လာပါတယ်။ စစ်အစိုးရဟာ နိုင်ငံတွင်းမှာ ဘယ်လောက်ပဲ ဗိုလ်ကျကြီးစိုးနိုင်ပါစေ နိုင်ငံတကာဆက်ဆံရေးမှာတော့ နိုင်ငံတော်ရဲ့ အင် အားတောင့်တင်းမှု၊ ဒီမိုကရက်
တစ်ဆန်မှုဟာ အခရာ ကျလာပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ဗမာစစ်အစိုးရရဲ့ မှီခိုစရာကတော့ 
တရုတ်နိုင်ငံပါပဲ။ 

ရှေးခေတ်ကနေ ကနေ့ခေတ်အထိ တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေကို ပဏ္ဏာဆက်-ဆက်ဆံရေး 
(Tributary Relatioships)အရ ဆက်ဆံတဲ့ ပဏ္တာဆက်နိုင်ငံတွေလို့ပဲ သဘောထားတာပါ။ တရုတ်နိုင်ငံ
ဟာ ကမ္ဘာ့အလယ်မှာ ရှိတယ်။ တရုတ်ဟာ တစ်ကမ္ဘာလုံးရဲ့ တစ်ခုတည်းသော အချုပ်အခြာ အာဏာ
ပိုင်နိုင်ငံ ဖြစ်တယ်ဆိုတဲ့ တရုတ်ဗဟိုပြုအမြင် (Sino-centric View)ဟာ တရုတ်တွေရဲ့ အတွေးအခေါ်မှာ အမြစ်တွယ်နေပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုး မုန်းတီးရေးကို ကျွန်တော် ပြောနေတာ 
မဟုတ်ပါဘူး။ စီးပွားရေးနဲ့ စစ်အင်အားတောင့်တင်းတဲ့ တရုတ်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ 
အထက်စီးယူဆက်ဆံတာ မဆန်းပါဘူး။ ဒါပေမယ့် နိုင်ငံတွင်းက လူထုရဲ့ ဆန္ဒတွေကို လစ်လျူရှု ဗိုလ်ကျကြီးစိုးခဲ့ပြီး နိုင်ငံတော်အင်အားချိနဲ့နေတဲ့ စစ်အစိုးရကတော့ နိုင်ငံတကာဆက်ဆံရေးမှာ 
အနှိမ်ခံရပါတော့တယ်။

ဒီတော့ တရုတ်အလိုကျ မျက်နှာချိုသွေးပြီး ဆက်ဆံရတာတွေကို စစ်အာဏာရှင်အစိုးရက တစ်လျှောက်လုံး 
လုပ်ပြခဲ့ရ ပါတယ်။ ဒီဘက်ခေတ် ဒီမိုကရေစီအသွင်ဆောင် စစ်အာဏာရှင်အစိုးရ လက်ထက်မှာလဲ 
ဒီအပြုအမူတွေ ရှိနေဆဲပါပဲ။ ဗမာနိုင်ငံတွင်းက သစ်ကို ခိုးခုတ်လို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်
ထားတဲ့ တရုတ်နိုင်ငံသား တစ်ရာ့ငါးဆယ်ကျော် ကို တစ်ပတ်အတွင်းမှာပဲ သမ္မတသိန်းစိန်က လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဗမာနိုင်ငံသားတွေဟာ ပြည်သူပိုင် ရင်းမြစ်ကို ခိုးတာကိုရော၊ တခြားနိုင်ငံ
သားက ကျူးကျူးကျော်ကျော်လုပ်ပြီး လွတ်မြောက်သွားတာကိုပါ မလိုလားပါဘူး။ ဒါပေမယ့် အစိုးရ ကတော့ ပြည်သူလူထုရဲ့ဆန္ဒကို ဘေးချိတ်ပြီးတော့ လွှတ်ပေးလိုက်ပါတယ်။

ဒါဟာ ဗမာနိုင်ငံမှာ လူထုပိုင် အချုပ်အခြာအာဏာ မရှိဘူး၊ အချုပ်အခြာအာဏာကို တစ်ခြားနိုင်ငံ
တစ်ခုက သွယ်ဝိုက်ဖိ အားပေးပြီး ထိပါးနှောက်ယှက်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ 
အချုပ်ပြောရရင် ဒီမိုကရေစီအသွင်ဆောင် စစ်အာဏာရှင် အစိုးရဟာ ဗမာနိုင်ငံရဲ့ အချုပ်အခြာ
အာဏာကို ကာကွယ်သူ မဟုတ်ပါဘူး။ အချုပ်အခြာအာဏာကို ချိုးဖောက်နေသူသာ ဖြစ်ပါကြောင်း။    ။

Ref- (1) Political Science By Raymond Garfield Gettell  
 (2) World Order By Henry Kissinger







လူကြီးအဆင့်မှာ လေ့လာခြင်း




Written by ဆွေသက်ဇော်

လူကြီး(adult) ဆိုတာဘာလဲ။ အသက်ကြီးတိုင်း လူကြီးဖြစ်ရောလား။ အသက်ဆိုရင်လည်း 
နှစ်မျိုးရှိပြန်တယ်။ မွေးသက္က ရာဇ်အရ တွက်ယူထားတဲ့ ဇီဝဆိုင်ရာပညတ်အသက်(chronological 
age) နဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုအသက် (mental age) ဆိုပြီး ဆိုက်ခေါ့လဂျီ မှာခွဲခြား
ထားတယ်။ အဲဒီတော့ ဘယ်အသက်နဲ့ ဆုံးဖြတ်မှာလဲ။ 

လူကြီးဖြစ်ခြင်းကို ဖွင့်ဆိုချက်တွေထဲက အဓိကကျတဲ့ လေးမျိုးလောက်ကိုပဲ ရေးပါမယ်။ ဇီဝဗေဒ 
ရှုထောင့်အရဆိုရင် လူတစ်ယောက်ဟာ မျိုးဆက်ပြန့်ပွားအောင် စွမ်းဆောင်နိုင်တဲ့ အရွယ်ရောက်ရင် လူကြီးဖြစ်ပြီ ပြောလို့ရတယ်။ ဥပဒေရှုထောင့်အရဆိုရင် ဥပဒေကပြဌာန်းထားတဲ့ မဲပေးနိုင်တဲ့အရွယ်၊ 
အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်မလိုဘဲ လက်ထပ်နိုင်တဲ့အရွယ် ရောက်ရင် လူကြီးဖြစ်ပြီလို့ ဆိုပါတယ်။ 
လူမှုရေးရှုထောင့်က ဆိုရင်တော့ လူမှုဝန်းကျင်မှာ လူကြီးတစ်ယောက်လိုမျိုး ပါဝင်ဆောင်ရွက်လို့ရရင် လူကြီးဖြစ်ပြီပြောလို့ရတယ်။ ဥပမာ အချိန်ပြည့် အလုပ်သမား တစ်ယောက်အဖြစ် အလုပ်လုပ်နိုင်တာ 
မျိုး။ စိတ်ပညာ ရှုထောင့်အရဆိုရင်တော့ ကိုယ့်ဘ၀ကို ကိုယ်ကိုတိုင် ဆုံးဖြတ်နိုင်စွမ်းရှိပြီး တာဝန်ယူနိုင်
မှုရှိရင် ကိုယ့်ဘ၀ကို ကိုယ်တိုင်ဦးဆောင်နိုင်စွမ်း ရှိရင် လူကြီးဖြစ်ပြီလို့ ဆိုပါတယ်။ ပြောရရင် 
“mental age” ကိုဦးစားပေးပါတယ်။

အခုကျွန်တော် ဆွေးနွေးမယ့် ပညာလေ့လာခြင်းကိစ္စမှာတော့ စိတ်ပညာရှုထောင့်အရ လူကြီးဖြစ်ခြင်း
ကို ဆိုလိုပါတယ်။ လူကြီးအဆင့်မှာ လေ့လာသင်ယူခြင်းဆိုင်ရာ သီးအရီကိုတော့ “Andragogy” လို့
ခေါ်ပါတယ်။ သီးအရီတစ်ခုကို ပုံပေါ် လာအောင် ရှင်းပြလို့ရအောင် “ပုံစံ” (model) ထုတ်ပေးရပါတယ်။ 
“Andragogical Model” အကြောင်းကို အခြေခံလောက် ဆွေးနွေးကြည့်ပါမယ်။

လူကြီးတစ်ယောက်ဖြစ်ဖို့ အတွက်ဆိုရင် ရင့်ကျက်မှု (maturity) ရှိရပါမယ်။ ရင့်ကျက်မှုရှိခြင်းရဲ့ 
အဓိကလက္ခဏာကတော့ မှီခိုခြင်းကနေ ကိုယ်ကိုတိုင်ဦးဆောင်နိုင်စွမ်းရှိခြင်းဆီ ပြောင်းလဲ 
တိုးတက်လာခြင်းပဲ။ ပိုပိုပြီး ရင့်ကျက်လာတဲ့ လူကြီးတစ်ယောက်ဟာ တစ်စုံတစ်ခုကို လေ့လာ
တော့မယ်ဆိုရင် “ငါ ဒီဟာကိုဘာ့ကြောင့် လေ့လာဖို့လိုအပ်တာလဲ (the need to know)၊ လေ့
လာလိုက်ရင် ဘယ်လိုအကျိုးကျေးဇူးရမလဲ၊ မလေ့လာရင် ဘာတွေဖြစ်လာမလဲ” စသဖြင့် သူ့လက် 
တွေ့ဘ၀နဲ့ ချိတ်ဆက်စဉ်းစားလေ့ရှိတယ်။(Tough,1979)။ အဲဒီအတွက် လေ့လာသူလူကြီးတွေဟာ သူတို့လေ့လာခြင်း ဖြစ်စဉ်တစ်ခုလုံးကို စီစဉ်ရေးဆွဲရာ၊ ဆုံးဖြတ်ချက်ချမှတ်ရာ၊ အကောင်အထည်ဖော်
ရာမှာ ပူးပေါင်းပါဝင်ရမယ် (Collaborative Planning Process)။ ပညာရေးဥပဒေ ရေးဆွဲရာအထိ 
ပါဝင်ခွင့်ရှိရမယ်။ အဲဒီလိုပါဝင်ခွင့်ရတဲ့အတွက် လေ့လာသူအနေနဲ့ “ငါဟာ သူများ ပြဌာန်းထားတာကို ဘာမှန်းမသိလိုက်လုပ်ပေးနေရသူ မဟုတ်ဘဲ လွတ်လပ်စွာ လေ့လာသူ (independent learner) 
ဖြစ်ပါလား” ဆိုတဲ့ “self-concept” ဖွံ့ဖြိုးလာတော့တယ်။

လေ့လာသူတွေမှာ “the need to know” ကိုပိုသိလာဖို့၊ လွတ်လပ်တဲ့လေ့လာသူတစ်ယောက် 
အဖြစ်မိမိကိုယ်ကို ရှုမြင်တဲ့ (self-concept) ပိုပြီးဖွံ့ဖြိုးလာဖို့ “facilitator” လို့ခေါ်တဲ့ ပံ့ပိုးကူညီသူရဲ့ 
အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ လူကြီးအဆင့်မှာတော့ ဆရာဟာ “teacher” ဆိုတဲ့ သင်ကြားပေးသူအခန်းကဏ္ဍကနေ ပံ့ပိုးကူညီသူ “facilitator” အဖြစ် ပြောင်းရပါမယ်။ အဲဒီလို 
“self-concept” ဖွံ့ဖြိုးရေးမှာ အသေးအမွှားလို့ ထင်ရတဲ့ ကိစ္စလေးတွေကလည်း ကြီးမားတဲ့ 
အဟန့်အတားကို ဖြစ်စေပါတယ်။ တက္ကသိုလ် ကျောင်းသားတစ်ယောက်ကို ဆရာက “သား သား” 
နဲ့ခေါ်တာမျိုး၊ ဆရာ ၀င်လာတာနဲ့ မတ်တပ်ရပ် လက်ပိုက်ခိုင်းတာမျိုး။ အဲဒီလို မှီခိုခြင်းအားပေးတဲ့ 
အပြုအမူနဲ့ ရင့်ကျက်မှုကြားမှာ စိတ်တွင်းပဋိ ပက္ခ (internal conflict) ဖြစ်လာတယ်။ facilitatorဟာ 
လေ့လာသူတစ်ဦးချင်းစီရဲ့ စိတ်သဘာဝကွာခြားပုံကို သိအောင် အားထုတ်ရပါမယ်။ စိတ်ပညာရှင် 
“Rotter” ရဲ့သုတေသနအရဆိုရင် တချို့လူတွေကပြင်ပက လွှမ်းမိုးထိန်းချုပ်ခြင်းကို တိမ်းညွှတ်တယ် 
(External Locus of Control)။ တချို့က ပြင်ပက ဘယ်လိုဖိအားပေး လွှမ်းမိုးပေမယ့် ကိုယ့်အတွင်းစိတ် 
ရဲ့ သြဇာကိုပဲ နာခံတယ် (Internal Locus of Control)။ ဘယ်လိုပဲဖြစ်ဖြစ်  “Facilitator” အနေနဲ့
ကတော့ လေ့လာသူတစ်ဦးချင်းစီမှာ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်း (Personal Autonomy) 
ဖွံ့ဖြိုးလာအောင် အတတ်နိုင်ဆုံး ကူညီ ပေးရမယ်။ အဲဒီလို ဖွံ့ဖြိုးလာမှသာ လေ့လာသူအနေနဲ့ 
ကိုယ်တိုင်ဦးဆောင်လေ့လာခြင်း (self-directed learning) ကိုဆောင်ရွက်နိုင်မယ်။

လူကြီးတစ်ယောက်ဖြစ်ခြင်းနဲ့အတူ တစ်သားတည်း တွဲပါလာတာကတော့ အတွေ့အကြုံပဲ။ 
လူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ပစ်ပယ်ပြီး ပညာပေးမယ်ဆိုရင်တော့ လူကြီးအဆင့်မှာ 
အဆင်မပြေတော့ပါဘူး။ မတူညီတဲ့ယဉ်ကျေးမှုနဲ့ ဘာသာရေးနောက်ခံ မတူညီတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ 
အကြောင်းတရားတွေ၊ မတူညီတဲ့ မျိုးရိုးဗီဇတွေနဲ့ နှစ်ပေါင်း ကြာရှည် ထိတွေ့လာတဲ့ လူကြီးအဆင့်မှာ 
ပုဂ္ဂိုလ်တစ်ဦးချင်း ကွာခြားချက်တွေက ပိုမိုများပြားလာတယ်။ အဲဒီအတွက် အကြောင်းအရာတစ်ခု ကို လေ့လာတဲ့ နေရာမှာကိုပဲ မျှော်မှန်းချက်တွေ၊ ချဉ်းကပ်ပုံတွေဟာ အမျိုးမျိုး ကွဲပြားသွားတော့တယ်။ 
ဒါ့ကြောင့် “Facilitator” အနေနဲ့ “Individuality” ကိုအထူးအာရုံစိုက်ဖို့ လိုလာပါတယ်။ မြန်မာပြည်မှာက 
ကျောင်းသားက သုံးရာ၊ ဆရာက တစ်ယောက် ဆိုတော့ “Individuality” ကိုအာရုံစိုက်ဖို့ မဖြစ်နိုင်သလောက်ပဲ။ ကျောင်းသားငါးယောက် ဆရာ တစ်ယောက် ဆိုရင်တော့ အင်မတန်ကောင်းတဲ့ 
အခြေအနေပေါ့။

လေ့လာသူရဲ့အတွေ့အကြုံကို တန်ဖိုးထားရမယ် ဆိုပေမယ့် ရှိနှင့်ပြီးသား အတွေ့အကြုံတိုင်း ကတော့ လေ့လာခြင်းကို ကောင်းကျိုး မပေးပါဘူး။ မမွေးဖွားမီ အချိန်ကစလို့ လေ့လာရင်း အတွေ့
အကြုံတွေ စုဆောင်းမိလာတဲ့အခါ၊ မှတ်ဥာဏ်ထဲမှာ သိမ်းဆည်းမိလာတဲ့အခါမှာ လူတစ်ဦးချင်းစီရဲ့ 
စိတ်အတွင်းဝယ် အသိတရားဆိုင်ရာ အဆောက်အအုံ (mental schema) တွေကို အခိုင်အမာ 
တည်ဆောက်သွားတယ်။ အဘိဓမ္မာနဲ့နီးစပ်တဲ့ လူတစ်ယောက်ဟာ “ခံစားချက်ဆိုတာ နှလုံးသားက 
လာတယ်” ဆိုတဲ့ “schema” ရှိနှင့်ထားတယ်။ “Neuroscience” ကဦးနှောက်က အဓိကဦးဆောင်ပါတယ် 
ကွာ လို့ပြောလာရင် သူ့ရဲ့ရှိနှင့်ပြီးသား “schema” ကလက်မခံနိုင်တော့ဘူး။ ရှိနှင့်ပြီးသား အတွေ့
အကြုံတွေ၊ တည်ရှိပြီးသား တန်ဖိုးထားမှုတွေကိုပဲ ဖက်တွယ်ထားပြီး အသစ်အသစ်သော လေ့လာ
မှုတွေကိုလည်း အရင်ရှိနှင့်ပြီးသား “schema” အတိုင်း တုံ့ပြန်လေ့လာတာကို Chris Argyris(1982) 
နဲ့ Donald Schon(1987) တို့ကတော့ “Single- loop Learning” လို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ 
သူတို့ကပဲ “Double-loop Learning” ဆိုတာကို ပြောပြပါသေးတယ်။ အရင်ရှိနှင့်ပြီးသား “schema” ကိုတရားသေဖက်တွယ်ထားတာ မဟုတ်ဘဲ လိုအပ်ရင်လိုအပ်သလို “အခြေခံကျကျ” ပြောင်းလဲပြီး 
“schema” အသစ်ဖန်တီးတာမျိုးကို ပြောတာပါ။ ကမ္ဘာကြီးက ပြားတယ်၊ နေက ကမ္ဘာကို လှည့်ပတ်
နေတယ် ဆိုတဲ့ “schema” ရှိခဲ့ရင် ကမ္ဘာကြီးကလုံးတယ်၊ ကမ္ဘာက နေကို လှည့်ပတ် နေတယ်ဆိုပြီး 
“schema” အသစ် ဖန်တီးယူရတယ်။ နှစ်ပေါင်းများစွာ အုတ်မြစ်ခိုင်မာလာတဲ့ “schema” တွေကို 
အသစ်ဖန်တီးဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ တရားသေ၀ါဒသမား လေးတွေ မဖြစ်ဖို့ 
“Facilitator” က လေ့လာသူရဲ့စိတ်ကို ဖွင့်ပေးဖို့ ကြိုးစားရပါမယ်။ ဇွတ်အတင်း သွတ်သွင်းတာမျိုး 
မဟုတ်ဘဲ သူ့ဘာသာသူ “open-mindedness” ဖြစ်လာအောင် ပံ့ပိုးကူညီတာပဲ ဖြစ်ရမှာပါ။ လူကြီး
တစ်ယောက်ဟာ သူ့ရဲ့“Self-identity” ကို သူ့အတွေ့အကြုံတွေ၊ schemaတွေနဲ့ သတ်မှတ်
လာပါတယ်။ ဒါ့ကြောင့် “Facilitator” က လေ့လာသူရဲ့ ရှိနှင့်ပြီးသား အတွေ့အကြုံနဲ့ schema 
တွေကို အသိအမှတ် မပြုလိုက်ခြင်းဟာ သူ့ရဲ့အတွေ့အကြုံကို သာမက လူသားတစ်ယောက် အဖြစ်ကနေပါ ငြင်းပယ်ခံလိုက်ရခြင်းပဲ။  
(နောက်အပတ် ဆက်မည်)