Thursday, July 17, 2014

ထန်းတက်သမား အလိုရှိသည်


Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/article/item/1207-htt


“ထန်းတက်ရတာ မလွယ်ပါဘူးကွာ။ အပင်အထက်အဖျား တက်ရတာ။ ငါဆို ထန်းပင်ပေါ်က လိမ့်ကျတာ နှစ်ခါရှိပေါ့၊ မသေလို့” ဟု ရေနံချောင်း-ချောက် ကားလမ်းပေါ်တွင် ရှိသော ထန်းတောတစ်တောမှ အသက် ၆၀ ခန့် ထန်းတက်သမား ဦးညီလေးက ညည်းညူသည်။

သူ အသက်သုံးဆယ် အရွယ်လောက်က မြေအိုးငါးလုံး၊ ခြောက်လုံးကို ခါးတွင်ချိတ်ပြီး ထန်းပင်တက်ရာ ထန်းနို့ဖျားတွင် မြေအိုး (ဒေသအခေါ်မှာ မြူအိုးဖြစ်သည်) ချိတ်ရန်အတွက် ကလိုင်ထိုးပြီး ထန်းပင်ပေါ်တွင် အကျအနထိုင်စဉ် ကလိုင်ထိုးကာ ထိုင်နေသော ထန်းလက်ကွာကျပြီး ထန်းပင်ပေါ်က ပြုတ်ကျခဲ့သည်။
ထန်းပင်ပေါ်မှ လိမ့်ကျသည်ကို မည်သူမျှ ချက်ချင်းမသိပါ။

ထန်းရည်လာသောက်သော ကျောင်းသားတစ်ယောက်က တွေ့မှသာ ရေနံချောင်း ဆေးရုံကို ပို့ပြီး တစ်လလောက် ဆေးကုခဲ့ရသည်။ ထန်းပင်ပေါ်က လိမ့်ကျသဖြင့် ကိုယ်လက် မကျိုးပဲ့သော်လည်း အရမ်းအေးသော ရာသီတွင် ခါးနာသောဒဏ်ကို ခံစားရသည်ဟု ၎င်းက ခါးကို ပုတ်ရင်း ပြောပြသည်။

ထန်းတက်သမား လောကတွင် ဦးညီလေးကဲ့သို့ ထန်းတက်ရင်း ပြုတ်ကျသော ဖြစ်ရပ်မျိုးစုံ ရှိပါသည်။ သို့သော် လူတိုင်းမှာ ဦးညီလေးကဲ့သို့ ဘေးမသီရန်မခ ပြန်ကောင်းခဲ့သည်တော့ မဟုတ်ပါ။ အချို့ ထန်းတက်သမားတို့မှာ ထန်းပင်ပေါ်က ပြုတ်ကျပြီး သွေးထွက်လွန်သည့်အပြင် ဆေးရုံမှာလည်း ရွာနှင့် မိုင်ချီ ဝေးသဖြင့် အသက်ဆုံးပါးရသည်။ အချို့မှာ ထန်းပင်ပေါ်က ပြုတ်ကျပြီး ကျိုးသွားသော နံရိုးက အဆုတ်ကို ထိုးဖောက်သဖြင့် အသက်ပျောက်ရသော အဖြစ်မျိုးတွေလည်း ရှိပါသည်။ ထန်းပင်ပေါ် က ပြုတ်ကျဖူးသော ဦးညီလေးမှာ အသက်မသေသော်လည်း ယခင်ကကဲ့သို့ ထန်းမတက်နိုင်တော့ပါ။

“အခုကျ ထန်းပင်ကို လူငှားနဲ့ တက်ခိုင်းရတယ်” ဟု ဦးညီလေးက ဆိုသည်။

ယခင်က ထန်းပင် အငှားတက်သူသည် လုပ်အားခအတွက် တစ်ရက်တာ ထွက်သမျှ ထန်းရည်ကို ယူပြီး ထန်းပိုင်ရှင်ကို သုံးရက် သို့မဟုတ် လေးရက်အတွင်း ထွက်သမျှ ထန်းရည်ကို ပေးရသည်။ ယခု နောက် ပိုင်းတွင်မူ ထန်းတက်သမား ရှားပါးလာရာ ထန်းပိုင်ရှင်က တစ်ရက်တာ ထွက်သမျှ ယူလျှင် နောက်ရက်၌ ထွက်သမျှကို ထန်းပင်အငှားတက်သူကို ပေးရကြောင်း၊ တစ်ယောက် တစ်ဝက်ကြေးပုံစံ ပေးရကြောင်း ၎င်းက ရှင်းပြသည်။

ထန်းတက်သမား၏ လုပ်အားခ ဈေးကြီးလာခြင်းတွင် ထန်းတက်သမား ရှားပါးလာရခြင်းက အကြောင်း အရင်း တစ်ခုဖြစ်သည်။ ရွာတွင်ရှိသော လူငယ်လူရွယ် အများစုမှာ ယာအလုပ်၊ ထန်းအလုပ်ကို မလုပ်တော့ဘဲ ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများတွင် အလုပ်သွားလုပ်ကြသဖြင့် ထန်းတက်သမား ရှားပါးလာသည်ဟု ဦးညီလေး၏ ဇနီးအဘွား ဒေါ်အေးလှက ဆိုသည်။

“နယ်ထွက်လုပ်တာက သူတို့ကို လခနဲ့ ပေးရလား ဘာလားမသိဘူး။ ထန်းကတော့ ကနေ့စားဖို့ ကနေ့ ရတာပေါ့” ဟု ၎င်းကဆိုသည်။

ထန်းအငှားတက်သူ လိုအပ်သော မြေအိုး၊ ကြိုး၊ ဓားနှီးစသော ပစ္စည်းကိရိယာ မျိုးစုံကိုလည်း ထန်းပိုင် ရှင်ကပင် ဝယ်ပေးရသည်။ ထန်းရည်ကို ထန်းလျက် ကျိုလိုပါကလည်း ဒယ်အိုးနှင့် ထင်းကို ထန်းပိုင် ရှင်ကပင် တာဝန်ယူရသည်။ သို့သော် ထန်းလျက် ကျိုရောင်းသည်မှာ ထင်းရှာရ၊ မီးပူခံရဖြင့် ဒုက္ခများ
လှရာ ထန်းရည်ကိုသာ ရောင်းကြောင်း ဒေါ်အေးလှက ဖက်ဆေးလိပ်ဖွားရင်း ပြောသည်။

ထန်းရည်ရောင်းသည်မှာ ငွေမြန်မြန်ရပြီး ချက်ချင်း သုံးလိုက်သဖြင့် ငွေအဖတ် မတင်ဟု ဆိုသည်။ ထန်းလျက်မှာမူ ပိဿာချိန် တစ်ရာလောက်ကို တစ်ခါတည်း စုရောင်းသဖြင့် ငွေတစ်စု တစ်ခဲတည်း ရပြီး ဝယ်လိုသော ပစ္စည်းပစ္စယကို ဝယ်နိုင်ကြောင်း၊ သို့သော်လည်း ထန်းလျက်ဈေးမှာ တည်တည်ငြိမ်ငြိမ် မဟုတ်ဘဲ အပြောင်းအလဲ ရှိတတ်ကြောင်း ဦးညီလေးက ရှင်းပြသည်။

“ငါတို့ကတော့ မတတ်နိုင်ဘူး။ တစ်နေ့တာ ကိုယ့်စားဖို့ရာအတွက် ထန်းရည်ပဲ ရောင်းနေရတာ” ဟု
၎င်းက ရယ်သွမ်းသွေးလျက် ဆိုသည်။

သူ့ထန်းရည်ကို ရေနံချောင်း-ချောက် ကားမောင်းသော ကားဆရာများနှင့် လမ်းသွားလမ်းလာ ခရီးသည်တချို့ ဝင်သောက်တတ်သည်။ ရွာနီးချုပ်စပ် အချို့နှင့် ရေနံချောင်းမြို့ထဲမှ ဖောက်သည်
အဖြစ် လာဝယ်ကာ ပြန်ရောင်းသူများလည်း ရှိသည်။ သို့သော် ရာသီဥတု ပူပြင်းသော တပေါင်းနှင့် တန်ခူးလအတွင်းလောက်သာ ထန်းရည် ရောင်းကောင်းကြောင်း ၎င်းက ဆက်ပြောသည်။

“ရှေ့လျှောက်လေ ငါ့ခွင် မကိုက်လေပဲ။ မိုးရွာလာရင် ရောင်းမကောင်းတော့ဘူး။ ဆောင်းတွင်းကျ
လည်း အရက်ကိုပဲ အားစိုက်ကြတာလေ။ အခု တစ်မိုး နှစ်မိုး သည်းကြည့်။ ငါ့ဆီ လူမလာတော့ဘူး။ အရက်တွေပဲ သောက်ကြတော့မှာ” ဟု ဦးညီလေးက ဆိုသည်။

သူ့ထန်းရည်မှာ အချိန်အကြာကြီး ထားသော်လည်း ချဉ်စူးသွားခြင်း မရှိသဖြင့် ဖောက်သည်များက ကြိုက်ကြသည်ဟု ၎င်းကဆိုသည်။ အချို့ထန်းသမားများမှာ ထန်းရည်ကို ရေရော ရောင်းတတ်သ ည်။ ရေရောရောင်းသော ထန်းရည်မှာ ပုံမှန်သောက်သူများအဖို့ အရသာ မတွေ့သည့်အပြင် ကြာ ကြာထားပါကလည်း အချဉ်ဖောက်သွားတတ်သည်။

ဦးညီလေးမှာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်သော ယာခင်းနှင့်အတူ တွဲ၍ ထန်းပင် ၉၀ ခန့် ပိုင်ဆိုင်သည်။ အချို့ထန်းပင်တို့မှာ သူ့လက်ထက်တွင် သူကိုယ်တိုင် စိုက်ပျိုးထားသော ထန်းပင်များ ဖြစ်သည်။ ထန်းပင်တစ်ပင်ကို စိုက်လျှင် အနှစ် ၂၀ ကျော်မှ ထန်းရည် စထွက်ကြောင်း၊ မြေပွမြေအေးတွင်သာ ထန်းပင်သန်ပြီး မြေကြောမာတွင် ထန်းပင် ချည့်နဲ့ကြောင်း ၎င်းက ပြောသည်။

ထန်းပင်တန်း တစ်ခုကို လက်ညှိုးညွှန်းရင်း ဦးညီလေးက “ဒီနေရာ ဒီအပင်လေးတွေဆို ငါတို့ အိမ်ထောင်ကျခါကျမှ စိုက်တဲ့ အပင်လေးတွေ။ ဒီအတန်းတွေ ငါစိုက်တာတွေပဲ” ဟု ဆိုသည်။

ထန်းပင်တစ်ပင် ဖြစ်မြောက်ရန် နှစ်ပေါင်း အစိတ်လောက် ကြာသော်လည်း ယခုနောက်ပိုင်းတွင် ထန်းပင်ကို အပင်လိုက် ခုတ်ရောင်းလာသည်။ ကျောက်ပန်းတောင်းဘက်တွင်မူ ထန်းတက်သမား ရှားပါးလာသဖြင့် ထန်းပင်ကိုသာ အပင်လိုက် ခုတ်ရောင်းလာကြသည်။ ဦးညီလေးတို့နား တစ်ဝိုက်
တွင်မူ အပင်လိုက် ခုတ်ရောင်းသူများ မရှိဟု ဆိုသည်။ သို့သော် အပင်သက်တမ်း ကြာပြီး အလွန်မြင့် မားသဖြင့် ထန်းတက်သမား မတက်ချင်သော ထန်းပင်အချို့ကိုမူ အပင်လိုက် ခုတ်ရောင်းလိုက်သည်
ဟု ၎င်းက ပြောပြသည်။

အပင်လိုက် ခုတ်ရောင်းပါက ထန်းပင်တစ်ပင်ကို တစ်သောင်းကျော်ခန့်သာ ဈေးရပြီး အိမ်ဆောက် လိုသူများ လာဝယ်တတ်ကြောင်း ဦးညီလေးက ဆက်ပြောသည်။ ဒေသအချို့တွင် ထန်းတက်သမား ရှားသဖြင့် အပင်လိုက် ခုတ်ရောင်းပြီး ဦးညီလေးတို့မှာမူ ထန်းတက်သမား၏ လုပ်အားခကို တိုးပေးရ
သည်။ သို့နှင့်တိုင် လာမည့်နှစ်များတွင် ထန်းတက်သမား ရှားပါးသော ပြဿနာမှာ မည်မျှ ဆိုးဝါးလာ မည်ကို သိကြောင်း ၎င်းကဆိုသည်။

ထန်းတက်နိုင်သည့် လူငယ်လူရွယ်များမှာ အလုပ်အကိုင် ပေါသော မြို့ကြီးများသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ခြင်းဖြင့် ထန်းတက်သမား ရှားပါးလာခြင်း၊ ထန်းတက်သမား ရှားပါးလာသည်နှင့် အမျှ ငွေရရန်အတွက် ထန်းပင်တို့ကို အပင်လိုက် ခုတ်လှဲ ရောင်းချခြင်းတို့မှာ တစ်စတစ်စ ဖြစ်ပွား လာပြီ ဖြစ်သည်။ ထန်းတက်သမား ရှားပါးခြင်းသည် ထန်းပင်မျိုး တုံးတော့မည့် အစပေလော။

ထန်းပင်တို့ကို ကယ်တင်ရန် ထန်းတက်သမား အလိုရှိသည်။

ဉာဏ်မျိုးအောင်

Sunday, June 15, 2014

စွန်းဝူခုန်း - တရုတ်၏ ပါဝါအပျော့လော




Written by ဉာဏ်မျိုးအောင် Credit to www.thevoicemyanmar.com





















မြန်မာကလေးငယ် အများစု ယနေ့ခေတ်တိုင် နှစ်ခြိုက်စွာ ကြည့်ရှုနေဆဲ ဖြစ်သော အနောက်ဘက်
ခရီးစဉ် (Journey to the West) ဇာတ်ကားတွင် မျောက်မင်း စွန်းဝူခုန်းအဖြစ် သရုပ်ဆောင်သော
မစ္စတာ လျို့ရှောင်လင်းထုံသည် မေလကုန်ခန့်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ၎င်း၏ ခရီးစဉ်
တွင် ဒုတိယသမ္မတအပြင် မြန်မာပရိသတ် အချို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲနောက်ပိုင်း တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးနှင့် ပတ်သက်၍ မေးစရာ မေးခွန်း တစ်ခု ပေါ်လာသည်။ မျောက်မင်း စွန်းဝူခုန်းမှာ တရုတ်နိုင်ငံ၏ သံတမန်ရေးပါဝါ အပျော့လောဆိုေ သာ မေးခွန်းဖြစ်သည်။ အကယ်၍ တရုတ်၏ ပါဝါအပျော့ ဆိုပါက တရုတ်အစိုးရ အနေနှင့် အဘယ်
ကြောင့် သံတမန် ဆက်ဆံရေး နည်းလမ်းကို ပြောင်းလဲသွားရပါသနည်း။

တရုတ်အစိုးရ အနေနှင့် မြန်မာပြည်သူလူထု၏ တရုတ်ဆန့်ကျင်ရေး စိတ်များ နိုးထလာမှုကို စိုးရိမ် လျက်ရှိကြောင်း၊ မြန်မာပြည်သူလူထု၏ စိတ်တွင် ဖြစ်ပေါ်နေသော တရုတ်ဆန့်ကျင်ရေး စိတ်ကို ကုစားလိုပုံရကြောင်း နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင် ခေါင်းဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောပြဖူးသည်။

အရပ်သားအစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတို့မှာ နိုင်ငံတကာကျင့်ဝတ် စံနှုန်းနှင့် မညီသော တရုတ်နိုင်ငံပိုင် စီမံကိန်းလုပ်ငန်းတို့ကို ဆန့်ကျင် ဆန္ဒဖော်ထုတ်လာကြသည်။ ယင်းတို့အနက် အထင်ရှားဆုံး စီမံကိန်းအချို့မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိ န်းနှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတို့ ဖြစ်သည်။

ကြေးနီတောင် စီမံကိန်း ဆန္ဒဖော်ထုတ်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေချိန်ကမူ နိုင်ငံရေး အင်အားစုအချို့မှာ တရုတ်ဆန့်ကျင်ရေးနှင့် တရုတ်ပြည်တွင်းဖြစ် ကုန်ပစ္စည်း ဆန့်ကျင်ရေးအထိ ပင် ကြွေးကြော်ဖူးသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နှင့် ပတ်သက်
သော အထိမ်းအမှတ်ပွဲတစ်ခုတွင် ဦးသန့် အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သော ကျောင်းသားေ ဟာင်းကြီးတစ်ဦးက “တရုတ်နိုင်ငံထုတ် ပစ္စည်းများကို သပိတ်မှောက်ကြ” ဟုပင် ဟောပြော စည်းရုံးဖူးသည်။

အမှန်တကယ်တော့ ယင်းကဲ့သို့ ဆန္ဒပြမှုများ ပေါ်ပေါက်လာရခြင်းမှာ တရုတ်အစိုးရ၏ သံတမန် ဆက်ဆံရေး နည်းလမ်းကြောင့် ဖြစ်သည်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်က ထိုစဉ်က မြန်မာနိုင်ငံ
ဆိုင်ရာ တရုတ်သံအမတ်ကြီးက သတင်းမီဒီယာသမားအချို့နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ သံတမန်ရေးနည်းလမ်းကို ထုတ်ဖော် ပြောကြားဖူးသည်။

ထိုတွေ့ဆုံပွဲတွင် သတင်းသမားတစ်ဦးက တရုတ်အစိုးရ အနေနှင့် မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းေ ဆာင်များနှင့် ထိတွေ့ဆက်ဆံသော်လည်း ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများနှင့် အဘယ်
ကြောင့် ထိတွေ့ဆက်ဆံခြင်း မပြုသနည်းဟု မေးခွန်းထုတ်ဖူးသည်။ တရုတ်အစိုးရအနေနှင့် အလုပ်ဖြစ်ရေးကိုသာ ရှေးရှုသည်ဟု သံအမတ်ကြီးက ဖြေကြားခဲ့သည်။ ဤသည်ပင်လျှင် တရုတ်
စီးပွားရေးစီမံကိန်းများကို ဆန့်ကျင်ဆန္ဒ ဖော်ထုတ်လာရခြင်း၏ အကြောင်းတရားဟု ထင်ပါသည်။

ဒီမိုကရက်တစ်နိုင်ငံတစ်နိုင်ငံနှင့် သံတမန် ဆက်ဆံရေးတွင် ပြည်သူလူထု၏ ဆန္ဒနှင့် ထင်မြင်
ချက်တို့မှာ အဓိကကျကြောင်း တရုတ်အစိုးရအနေနှင့် နားလည် သဘောပေါက်လာသည်မှာ မြစ် ဆုံစီမံကိန်းကို ခေတ္တရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန် အမိန့်ထုတ်ပြန်ပြီး နောက်ပိုင်းတွင် ဖြစ်သည်။ ယင်းနောက်ပိုင်း တရုတ်နိုင်ငံတွင်လည်း ပြည်သူလူထု၏ ဆန္ဒကို အလေးထားမည်ဟု ပြောဆိုသော သမ္မတသစ် ရှီကျင့်ဖျင် တက်လာသလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရာထူးကိုလည်း သံအမတ်သစ် မစ္စတာယန်ဟို့လန်နှင့် အစားထိုးလိုက်သည်။

မစ္စတာယန်ဟို့လန် တရုတ်သံအမတ်ကြီး တာဝန်ယူပြီး မကြာခင်မှာပင် ၂၀၁၃ ခုနှစ် မြန်မာနှစ်
သစ်ကူး ဆုတောင်း စကားပြောရာ၌ မြန်မာနိုင်ငံတွင် အစိုးရသက်တမ်း ၂ နှစ်တာ ကာလအ တွင်း ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မူ ဝါဒကြောင့် တိုးတက်မှုများ မြင်တွေ့ရသည်ကို ဝမ်းမြော က်ပါကြောင်း ပြောကြားသည်။ မြန်မာအစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံေ
ကြာင်းကိုလည်း “မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ တိုးတက်မှုဟာ တရုတ်နိုင်ငံအတွက် အကျိုးရှိပါ
တယ်” ဟု ၎င်းက သွယ်ဝိုက် ပြောကြားခဲ့သည်။

၎င်းလက်ထက်မှာပင် မြန်မာနိုင်ငံရေးပါတီ ငါးပါတီကို တရုတ်နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်
ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီမှ ပေါလစ်ဗျူရို အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံပေးခဲ့သည်။ အတိုက် အခံ နိုင်ငံရေးပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ပါတီဝင်များကိုပင် တရု
တ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည်။ ယင်းသို့ သံတမန်ရေးနည်းလမ်း ပြောင်းလဲလာသည်မှာ ယခင်အစိုး
ရချင်း ဆက်ဆံရေးမှ လူထုဆက်ဆံရေးသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်နိုင်ကြောင်း သမ္မတရုံး ညွှန်
ကြားရေးမှူး ဦးဇော်ဌေးက ထိုစဉ်က မှတ်ချက်ပြုသည်။

ထို့ပြင် တရုတ်နှင့် မြန်မာလူထုအကြား တူညီသော ကိုးကွယ်ယုံကြည်မှုကို အခြေခံသည့် သံတ
မန်ရေး နည်းလမ်းတို့ကိုလည်း ကျင့်သုံးခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ Lingguang ဘုရားကျောင်းတွင် စံမြန်းသော ဂေါတမဗုဒ္ဓ၏ စွယ်တော်ပွား သုံးဆူကို မြန်မာနိုင်ငံသို့ ပင့်ဆော င်လှူဒါန်းခြင်း ဖြစ်သည်။ ယခုနှစ်တွင်လည်း မြန်မာလူထုနှင့် ရင်းနှီးကျွမ်းဝင်သော ဝူခုန်းမင်းသား ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

သေချာသည့် အချက်မှာ တရုတ်အစိုးရအနေနှင့် မြန်မာလူထုကို အလေးထားလာသည် ဆိုသော အချက်ဖြစ်သည်။ သို့ကြောင့်လည်း သံတမန်ရေး နည်းလမ်းကို ပျော့ပျော့ပျောင်းပျောင်း ကျင့်သုံး လာခြင်း ဖြစ်သည်။ သို့သော် တရုတ်အစိုးရ၏ သံတမန်ရေး နည်းလမ်းတို့မှာ ထင်သလောက် ထိရောက်မှု ရှိပါသလော၊ မြန်မာလူထု၏ ဦးနှောက်နှင့် အသည်းနှလုံးကို စည်းရုံး သိမ်းသွင်းနိုင်စွမ်းသော သံတမန်ရေးနည်းလမ်း သို့မဟုတ် ပါဝါအပျော့ ဟုတ်ပါသလောဟု မေးစရာရှိပါသည်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ထူးမခြားနားဟု ဖြေရပါလိမ့်မည်။
 
တရုတ်အစိုးရပိုင် Global Times သတင်းစာတွင် တရုတ်ဆောင်းပါးရှင် တစ်ဦးကမူ မြန်မာနိုင်ငံ ၏ နိုင်ငံရေးမူဝါဒများ အပေါ်တွင် အနောက်နိုင်ငံများက သြဇာသက်ရောက်နိုင်သည်မှာ ငွေကြေး အထောက်အပံ့များကြောင့် ဖြစ်ကြောင်း၊ တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံကို ငွေကြေးအကူအ
ညီများ ပိုမိုပေးသင့်ကြောင်း သုံးသပ် ရေးသားဖူးသည်။ ယင်းနောက်ပိုင်း မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းတချို့ကို ငွေကြေးထောက်ပံ့ခြင်းနှင့် ဒေသအချို့တွင် ကျောင်းဆောက်ပေးခြင်းတို့ကို တရုတ်အစိုးရက လုပ်ဆောင်ခဲ့သည်။ ယင်းမှာလည်း မြန်မာလူထု၏ ဦးနှောက်နှင့် အသည်းနှလုံးကို လှုပ်ခတ်နိုင်စွမ်း မရှိခဲ့ပါ။ 

တရုတ်အစိုးရ၏ သံတမန်ရေး နည်းလမ်းတို့မှာ အနာတခြား ဆေးတခြား ဖြစ်နေသည်။ မြန်မာလူထု အနေနှင့် အနောက်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များထက် ပိုမိုလိုလားသည်မှာ မြန်မာလူထုကို ငွေကြေး ဖောဖောသီသီ ထောက်ပံ့ပေးသောကြောင့် မဟုတ်ပါ။ ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံတကာ ကျင့်ဝတ်စံနှုန်းတို့ကို လေးစားလိုက်နာပါမည် ဆိုသော ၎င်း
တို့၏ ခံယူချက်၊ ကတိကဝတ်နှင့် တာဝန်ယူမှုတို့ကြောင့် လိုလားထောက်ခံခြင်း ဖြစ်ပါသည်။

တရုတ်အစိုးရအနေနှင့် မြန်မာလူထု၏ ဦးနှောက်နှင့် အသည်းနှလုံးကို ဆွဲဆောင် စည်းရုံးနိုင်သည့် သံတမန်ရေး ပါဝါအပျော့ကို အမှန်တကယ် ကျင့်သုံးလိုပါက ဤကျင့်ဝတ်၊ စံနှုန်းတို့ကို လေးစား လိုက်နာကြောင်း လက်တွေ့ပြသခြင်းသည်ပင် ထိရောက်သော သံတမန်ရေး ပါဝါအပျော့ ဖြစ်သည်။ ပါဝါအပျော့၏ သဘောသဘာဝအရ ရုပ်ပိုင်းဆိုင်ရာ မက်လုံးတို့ဖြင့် စည်းရုံးခြင်း မဟုတ်ဘဲ အများ တန်ဖိုးထားသည့် ကျင့်ဝတ်၊ စံနှုန်းတို့ဖြင့် ဆွဲဆောင်စည်းရုံးခြင်း ဖြစ်သည်။

လူအများ တန်ဖိုးထားသည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်၊ စံနှုန်းတို့ကို လေးစားလိုက်နာမည် ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်သော နိုင်ငံတကာရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အရေးယူသွားမည် ဖြစ်ကြောင်း တရုတ်ဘက်က ပြောကြားဖူးသည်။ ယခင်နှစ် ဧပြီလအတွင်း တရုတ်နိုင်ငံသို့ နိုင်ငံရေးပါတီ ငါးပါတီကို ဖိတ်ခေါ်စဉ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများတွင် ထည့်သွင်း ချုပ်ဆိုထားသော သဘောတူညီချက်များ ကို ဖောက်ဖျက်ခြင်းနှင့် စီမံကိန်းကြောင့် ဒေသခံများကို လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ရှိပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သံမှူးများ မှတစ်ဆင့် ကွန်မြူနစ်ပါတီသို့ တိုင်ကြားနိုင်သည်ဟု တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်
များက အကြံပြုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ပြောကြားဖူးသည်။ သို့သော် လက်ရှိအချိန်အထိ တရုတ်အစိုးရအနေနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုတို့ကို ခေါ်ယူစစ်ဆေး သတိပေးခြင်းမျိုး မတွေ့ရသေးပေ။

ပါဝါအပျော့မှာ ဆွဲဆောင် သိမ်းသွင်းနိုင်သော စွမ်းရည်ဖြစ်သည်။ ပါဝါအမာမှာ နိုင်ငံတစ်နိုင်
ငံ၏ စစ်အင်အား၊ စီးပွားရေး အင်အားတို့ကို သုံးလျက် အတင်းအကျပ် ဖိအားပေး လုပ်ဆောင်
စေနိုင်သော စွမ်းရည်ဖြစ်သည်။

ပါဝါအပျော့မှာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး အတွေးအခေါ်နှင့် မူဝါဒတို့ဖြင့် ဆွဲဆောင်ခြင်းဖြင့် ပေါ်ပေါက်လာကြောင်း ဟားဗတ်ကနေဒီကျောင်း ဟားဗတ်တက္ကသိုလ်
ဂုဏ်ထူးဆောင် ပါမောက္ခ ဂျိုးဇက်ညေးက သူရေးသားသော Soft Power: The Means to
Success in World Politics စာအုပ်တွင် ရေးသားဖူးသည်။ ပူးပေါင်း ဆောင်ရွက်မှုကို
အားပြုသော ပါဝါအပျော့မှာ အမိန့်ပေးမှုကို အားပြုသော ပါဝါအမာကဲ့သို့ပင် အရေးပါသည်။

နိုင်ငံတစ်နိုင်ငံအနေနှင့် အခြားသူများ၏ အမြင်တွင် ၎င်း၏ ပါဝါမှာ တရားနည်းလမ်းကျသည်ဟု ရှုမြင်အောင် လုပ်နိုင်လျှင် ၎င်း၏ အလိုဆန္ဒများကို ဆောင်ကြဉ်းရာတွင် အခုအခံ အနည်းအကျဉ်း
သာ ကြုံရလိမ့်မည်။ ယင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အိုင်ဒီအိုလော်ဂျီတို့က ဆွဲဆောင်မှု ရှိပါက အခြားသော နိုင်ငံများလည်း သူ့ဆန္ဒအလျောက် လိုက်နာကျင့်သုံးပေလိမ့်မည်။

တရုတ်တို့အနေနှင့် မြန်မာလူထု၏ ဦးနှောက်နှင့် အသည်းနှလုံးကို သိမ်းသွင်း စည်းရုံးလိုပါက မင်းသားစွန်းဝူခုန်းမှာ ထိရောက်သော သံတမန်ရေး ပါဝါအပျော့ မဟုတ်ပါ။

ဂျိုးဇက်ညေးကတော့ အောက်ပါအတိုင်း သုံးသပ်ထားသည်။

“တခြားသူတွေပါ လေးစားလက်ခံနိုင်တဲ့ မူဝါဒမျိုးကို နိုင်ငံတစ်နိုင်ငံက ကျင့်သုံးရင် အဲဒီမူဝါဒကို တခြားနိုင်ငံတွေကပါ လိုလိုလားလား လက်ခံလာတဲ့အတွက် နိုင်ငံတကာ နှုန်းစံတွေ ဖြစ်လာ မယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အသာစီးရလာမယ်”

သူ့အဆိုအရ ဆိုလျှင် နိုင်ငံတကာ ကျင့်ဝတ်၊ စံနှုန်းတို့ကို လေးစားလိုက်နာခြင်းသည်သာ အမှန်
တကယ် ထိရောက်မည့် ပါဝါအပျော့ ဖြစ်ပါကြောင်း။

ဉာဏ်မျိုးအောင်

အလင်းတော်လှန်ရေး

Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/article/item/561-al












“ရွာမှာ လျှပ်စစ်မီးရတော့ နွားတွေတောင် ထမင်းရည်ငတ်ကုန်ပြီ”

လျှပ်စစ်မီးကြောင့် လူနေမှုပုံစံ ပြောင်းလဲသွားခြင်းကို ရိုးရှင်းစွာ နားလည်အောင် ပြောပြသူ မှာ ရေနံချောင်းမြို့နယ် ပင်းဘုရားကုန်းရွာသား ကိုပိုင်စိုးဦး ဖြစ်သည်။ ရွာတွင် လျှပ်စစ်မီး
ရပြီးနောက်ပိုင်း မိသားစုအများစု ထမင်းပေါင်းအိုးများကို အသုံးပြုလာခြင်းကို သူက ဆိုလိုခြင်း
ဖြစ်သည်။

ယခင်က ထမင်းဟင်း ချက်ရန်အတွက် ထင်းမီးကို အားကိုးအားထား ပြုရသည်။ ထင်းကို
ပတ်ဝန်းကျင် အနီးအနားရှိ ရွာတချို့မှ အထမ်းသမားများက လာရောင်းတတ်သည်။ ထင်းမီးဖြင့် ထမင်းချက်သောအခါက ထမင်းရည်ရသည်။ ယင်းထမင်းရည်ကို မြေအိုးတစ်လုံးထဲ၌ ငှဲ့ထားပြီ
နွားစာ၊ ဝက်စာအတွက် ပြန်သုံးရသည်။ မကြာသေးမီက ပင်းဘုရားကုန်းရွာတွင် လျှပ်စစ်မီး
ရပြီးနောက်ပိုင်း လူနေမှုပုံစံမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထမင်းချက်ရန်အတွက် လူအများစုမှာ လျှပ်စစ်အသုံးပြုရသော ထမင်းပေါင်းအိုးများကို ဝယ်သုံး လာကြသည်။ ယင်းပေါင်းအိုးဖြင့် ထမင်းချက်သူ များလာသဖြင့် ထမင်းရည် မရတော့။ သို့အတွ က် နွားများပင် ထမင်းရည် ငတ်ကုန်ပြီဟု ကိုပိုင်စိုးဦးက ပြောပြခြင်း ဖြစ်သည်။

ချက်ပြုတ်ရေးအတွက် ထင်းကို အားထားရန် မလိုတော့သဖြင့် အကျိုးဆက်အားဖြင့် သစ်ပင် သစ်တော ပြုန်းတီးမှု နည်းပါးလာစရာ ရှိခြင်းပင်။ ပုံမှန်အားဖြင့် အနီးအနားဝန်းကျင် ရွာတချို့မှ
မနက်ခင်း ရွာဈေးတန်းသို့ လာရောင်းသည့် ထင်းအထမ်းသမားများကိုပင် မတွေ့ရတော့ပါ။ ယ
ခင်က ရွာထဲသို့ လှည့်လည် ရောင်းချသော ထင်းအထမ်းသမားများကိုလည်း မမြင်ရတော့ပါ။ လျှပ်စစ်မီးသည် ထင်းအထမ်းသမားတို့၏ ထမင်းအိုးကို ရိုက်ခွဲလိုက်သော်လည်း သစ်ပင်အချို့၏ အသက်ကိုမူ ကယ်တင်လိုက်သည်။

လျှပ်စစ်မီးမရသဖြင့် ရွာတစ်ရွာ၏ လူမှုစီးပွားရေးကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးခံနေရသော ရွာတစ်ရွာ
ကို နမူနာ ပြလိုပါသည်။ ယင်းရွာမှာ ပင်းဘုရားကုန်းရွာနှင့် အနည်းငယ်မျှသာ ဝေးသော ညောင်ပင် သာရွာ ဖြစ်သည်။ ယင်းရွာတွင် ထင်းအတွက် ဧရာဝတီမြစ်ကမ်းနား သစ်ပင်များ ခုတ်လှဲသဖြင့်
ရေကြီးခြင်း အကျိုးဆက်ကို ခံစားနေရသည်။ ကမ်းနားသစ်ပင်များ ပြုန်းတီးမှုကြောင့် ဧရာဝတီမြစ်
ရေနှင့် မိုးရွာသောအခါတွင် ပေါ်ပေါက်လာတတ်သည့် ရိုးရေတို့ ပူးပေါင်းကာ ရွာ၏ မြေအချို့ကို တိုက်စားသွားသည့် ဒဏ်ကို ခံနေကြရသည်။ သို့ဖြစ်ရာ လျှပ်စစ်မီး မရသော ပြဿနာကို ဖယောင်းတိုင်ထွန်း၍ ဖြေရှင်းရုံဖြင့် မပြေလည်နိုင်တော့ပါ။ အကျိုးဆက်များမှာ တသီကြီး ဖြစ်သည်။

“အခုကတော့ နွားစာကျင်းထဲ ရေဖြည့်ချင်ရင် ပိုက်ကလေး လှပ်လိုက်ရုံပဲ” ဟု ပင်းဘုရားကုန်းရွာသား ဦးဝကြီးက ရယ်ရယ်မောမော ဆိုသည်။

ယခင်က နွားများသောက်ရန် နွားစားကျင်း ခွက်ထဲသို့ ရေထမ်းဖြည့်ရသည်။ နွားစာကျင်းခွက်
အနံ့ဆိုး မထွက်ရန် ဆေးရကြောရသောရေ၊ နွားတွေ သောက်ဖို့ရေကို လက်နှိပ်တွင်းမှ အခေါက်
ခေါက်အခါခါ ထမ်းသယ်ရသည်။ ယခုနောက်ပိုင်းတွင် အချို့မှာ ကိုယ်ပိုင်တွင်းများ တူးလျက်
မော်တာဖြင့် ခုတ်မောင်းကြသည်။ နွားစာကျင်းခွက်တွင် ရေဖြည့်ရန်အတွက်လည်း ပိုက်သွယ် ထားပြီး ရေပိုက်ကို လှပ်ဖွင့်ရုံမျှဖြင့် ရေရနေပြီ ဖြစ်ကြောင်း ကိုဝကြီးက ရှင်းပြသည်။

နွားစာရေမျှသာမက လူများသောက်ရန်၊ သုံးရန်အတွက် ရေကိုလည်း တပင်တပန်း ခပ်ယူစရာ မလိုတော့ပါ။ ယခင်က ဆိုလျှင် ရွာကို လေးပိုင်း ပိုင်းပါက ရွာအရှေ့ပိုင်းတွင် လက်နှိပ်တွင်း တစ်တွင်း နှစ်တွင်းမျှသာ ရှိသည်။ လက်နှိပ်တွင်း ရှိသောအိမ်သို့ အခြားနီးစပ်ရာ အိမ်မှ လူများ က ရေလာခပ်ရသည်။ တစ်ခါတစ်ရံ ရေလာခပ်သူများ လွန်းသဖြင့် အလှည့်ကျ စောင့်ကြရသည် ။ ရေအလှည့်ကျ စောင့်ရင်း အမျိုးသမီးချင်း သန်းရှာပေးကြ၊ ကလေးတွေက ဆော့ကြ၊ ပုံပြင်ပြော သူ ပြောကြနှင့် စည်စည်ကားကား ရှိခဲ့သည်။ ယခုအခါတွင်မူ လက်နှိပ်တွင်းများ၌ ရေလာခပ်သူ နည်းသဖြင့် ခြောက်ကပ်ကပ် ဖြစ်နေသည်။

“ရေခဲရေ သောက်မလား။ ရေခဲရေ ဝယ်လို့ရတယ်” ဟု ယင်းရွာသူ ဒေါ်လှလှမြင့်က ဆိုသည်။

ရေခဲရေ ဆိုသည်နှင့် မြို့သူမြို့သားများအတွက် မထူးခြားလှသော်လည်း ဘုရားကုန်းရွာအတွက်မူ ထူးခြားသည်။ လွန်ခဲ့သော တစ်နှစ်ခန့်အထိ ဤရွာတွင် ရေခဲရေ သောက်လိုပါသည်ဟု သွားပြော
ပါက လျှပ်စစ်မီးရှိသော ကျေးရွာဆေးပေးခန်းနှင့် ဘုန်းကြီးကျောင်းတို့ဆီ လက်ညှိုး ညွှန်ပေလိမ့်မည်။ ရွာထဲတွင် ရေခဲရေ မရနိုင်ပါ။ အလယ်ပိုင်းဒေသ၏ ထုံးစံအတိုင်း ပူလွန်းသဖြင့် အအေးစာတစ်ခုကို စားလိုပါကလည်း ရေခဲချောင်း ရောင်းသူကိုသာ မျှော်ရသည်။

ယခုအခါတွင် လျှပ်စစ်မီး၏ အကျိုးဆက်ကြောင့် ရွာတွင်းရှိ အိမ်အချို့နှင့် ဈေးဆိုင်အချို့မှာ ရေခဲသေ တ္တာများကို ဝယ်ယူထားကြသည်။ ယင်းရေခဲသေတ္တာတွင် အချိုရေ၊ ရေသန့်ဘူးတို့ကို ထည့်ရောင်းကြ
သည်။ အချို့ဆိုလျှင် ယင်းရေခဲသေတ္တာနှင့်ပင် လုပ်ငန်းတစ်ခုအဖြစ် ငွေရှာကြသေးသည်။ ရေခဲရေ တစ်ဘူးကို ငါးဆယ်ကျပ်ဖြင့် အိမ်အရောက် ရောင်းချကြပြီး ရေဘူးကိုမူ ပြန်ပေးရကြောင်း ယင်းရွာသူ တစ်ဦးက ပြောဆိုသည်။

လျှပ်စစ်မီးရပြီးနောက်ပိုင်း လျှပ်စစ်မီးဖြင့် အသုံးပြုရသော ထမင်းပေါင်းအိုး၊ ရေခဲသေတ္တာတို့ကို ရွာလူအများစု ဝယ်သုံးလာသလို လူအများ၏ လက်ဝယ်တွင် ပျံ့နှံ့နေသော နောက်ထပ် ပစ္စည်း
တစ်မျိုးမှာ အီးဗီဒီစက်များ ဖြစ်သည်။

“လက်ပ်တော့လေး ပြင်ရဦးမယ်။ စက်က ပျက်မှာပေါ့၊ သူတို့ (သူ့သားသမီးနှင့် မြေးများ) ဇာတ် ကားခွေတွေချည်း ကြည့်နေတာကိုး။ မနက်တိုင်း တရားခွေ နားထောင်ဖို့ဟာကို ဖွင့်လို့ မရတော့
ဘူး” ဟု အသက်ခုနစ်ဆယ်ကျော်ခန့် အဘွားအို ဒေါ်တင်ငွေက မကျေမခြမ်းသံဖြင့် ပြောဆိုသည်။

ရွာတွင် အီးဗီဒီ စက်ကလေးကို လက်ပ်တော့ဟု ထင်မှတ်ခေါ်ကြသည်။ လျှပ်စစ်မီးနှင့်အတူ ရွာတွင် အီးဗီဒီစက်များ မှိုလိုပေါက်လာသည်။ ယခင်က အိမ်နီးနားချင်းတို့ထံမှ ပျံ့လွင့်လာတတ်သော ရေဒီ
ယိုသံ၊ ကက်ဆက်သံကို ယခုအခါတွင် မိမိကြိုက်သည့် စီဒီပြားကို ထည့်ဖွင့်နိုင်သော အီးဗီဒီ စက်သံ
တွေက အစားထိုးလာသည်။ ဇာတ်ကားသံ၊ အငြိမ့်သံ၊ တရားသံ၊ သီချင်းသံ စသဖြင့် အသံမျိုးစုံတို့မှာ ရွာ၏ လေလှိုင်းတွင် စီးမျောနေသည်။ ယင်းမှတစ်ဆင့် အခြားသော နိုင်ငံများ၏ လူနေမှုပုံစံနှင့် ယဉ်ကျေးမှုတို့ကို သိလာ၊ မြင်လာကြသည်။

ရွာလူထုအနေနှင့် လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများကို အသုံးများလာသည်ကို သတိပြုမိသော လူ
တချို့က စီးပွားရေးလုပ်ငန်းသစ်အချို့ကို ထူထောင်ရန် ကြိုးစားလာကြသည်။ ငွေကြေးအရင်းအနှီး အတန်အသင့် ရှိသော လူအချို့ကမူ ရွာတွင် လျှပ်စစ်နှင့် ဆက်စပ်သော ပစ္စည်းများကို ရောင်းရန် ပြော သံကြားကြောင်း၊ နောင်အချိန်တွင် ဖုန်းအသုံးပြုသူများပါ ရှိလာနိုင်သဖြင့် ဖုန်းပစ္စည်းများပါ တွဲရောင်းရန် စိတ်ကူးကြောင်း ရွာသူတစ်ဦးက ပြောဆိုသည်။

“လမ်းမီးတိုင်ကြီးတွေ စိုက်ထားပြီး မီးမလာသေးတုန်းကဆိုရင် ဓာတ်တိုင်ပေါ်တက်ပြီး မီးခွက်ထွန်းဖို့ လုပ်ထားတာလား၊ ဖယောင်းတိုင်ထွန်းဖို့ လုပ်ထားတာလား ဝေဖန်ခံရတယ်။ မီးရဖို့ တော်တော်လေး ကြိုးပမ်းလိုက်ရတယ်” ဟု ရွာမီးလင်းရေးတွင် ပါဝင် ဆောင်ရွက်သူတစ်ဦးက ဆိုသည်။

ယခုအခါတွင် တစ်ရွာလုံးရှိ လမ်းများတွင် တစ်ညလုံး မီးပေးထားသည်ကို တွေ့ရသည် ။ လျှပ်စစ်ရှော့ ခ် ဖြစ်ပါက မိန်း အတင်၊ အချလုပ်ရန် ရွာသားတစ်ဦးကို တာဝန်ပေးထားကြောင်း ၎င်းက ဆက်ပြော ဆိုသည်။

“ငယ်ငယ်တုန်းက အဖေနဲ့အတူ ညပိုင်း ကမ္ဘာ့ဖလားဘောလုံးပွဲ သွားကြည့်ရင် လက်နှိပ်ဓာတ်မီးလေး ယူသွားရတယ်။ တစ်ခါလား ဘောလုံးပွဲကြည့် အပြန်လမ်းမှာ မြွေပွေးကြီး တွေ့တယ်။ လက်နှိပ်ဓာတ်မီး ပါလာလို့ တော်သေးတယ်။ နို့မဟုတ်ရင် မမြင်ရဘူး။ တက်နင်းမိမှာ” ဟု ကိုပိုင်စိုးဦးက သူ့အတွေ့အကြုံ ကို ပြန်ပြောပြသည်။

ယင်းမှာ လွန်ခဲ့သောနှစ်များတွင် ကြုံလေ့ကြုံထ ရှိသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ယခုအခါတွင် လမ်းမီးရောင်ကြောင့် ညပိုင်း သွားရေးလာရေးအတွက် မမြင်မစမ်း ဖြစ်စရာ မရှိတော့ပါ။ နေ့ဘက်ကဲ့
သို့ပင် လင်းလင်းရှင်းရှင်း သွားလာနိုင်ပြီ ဖြစ်သည်။

လျှပ်စစ်မီးသည် ကျေးရွာလူထု၏ ယခင်လူနေမှုဘဝကို ပုံစံသစ် သွန်းလောင်းနေပြီ ဖြစ်သည်။ သို့သော် မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးကို လက်လှမ်းမမီသေးသော ကျေးရွာ အမြောက်အမြား ကျန်ရှိပါသေးသည်။ ဘုရားကုန်းရွာနှင့် အနီးနားတစ်ဝိုက်ရှိ ရွာများမှာပင် ညအမှောင်ကို ဖယောင်း
တိုင် မီးရောင်ဖြင့် ဖြတ်သန်းနေရဆဲ ဖြစ်သည်။

ကျေးရွာလူထု၏ လူနေမှုပုံစံကို မြို့ပြလူနေမှုပုံစံ ပြောင်းလဲရေးအတွက်မူ လျှပ်စစ်မီးမှာ ကျေးရွာ
တိုင်း လက်လှမ်းမီသင့်သော လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ထမင်းတစ်အိုးချက်ဖို့ ထင်းရှာရ ၊ ရေသောက်ဖို့ ရေထမ်းရ၊ ညပိုင်း မီးလင်းဖို့ ဖယောင်းတိုင် ဝယ်ရ၊ ရွာထဲသွားဖို့လာဖို့ ဓာတ်မီး
ဝယ်ရ စသော အသက်ရှင်နေထိုင်မှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အချိန်ကုန်ြ ခင်းနှင့် ငွေကုန်ကြေးကျများခြင်းတို့ကိုလည်း လျှပ်စစ်မီးက ကုန်ကျစရိတ် အနည်းအကျဉ်းဖြင့် ဖြေ ရှင်းနိုင်ပါသည်။

လျှပ်စစ်မီးရသဖြင့် အီးဗီဒီစက်အပြင် ဖုန်းကဲ့သို့သော ခေတ်ပေါ် အီလက်ထရွန်နစ် ပစ္စည်းများကို ရွာသူရွာသား အများစု တဖြည်းဖြည်း လက်လှမ်းမီလာ သဖြင့် ယခင်က ရွာရေးရပ်ရေးနှင့်သာ စဉ်းစားမြော်မြင်မှုကို ကန့်သတ်ထားသော ရွာသူရွာသားတို့ကို ယခင်ထက် ပိုမိုကျယ်ပြန့်သော နိုင် ငံ့ရေးရာတို့တွင် စိတ်ပါဝင်စားလာရန် ပြောင်းလဲလာနိုင်စရာ ရှိပါသည်။ ဆိုလိုသည်မှာ လျှပ်စစ်မီး
သည် ရွာနေလူထု၏ လူနေမှုပုံစံသာမက တွေးခေါ်မြော်မြင်မှု ပုံစံကိုပါ ပြောင်းလဲစေနိုင်ပါသည်။

သို့ဖြစ်ရာ လျှပ်စစ်မီးသည် ကျေးရွာလူထု၏ လူနေမှုပုံစံနှင့် တွေးခေါ်မြော်မြင်မှု ပုံစံတို့ကို တော် လှန်ရေးဆန်ဆန် မြန်ဆန်စွာ ပြောင်းလဲနိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော အခြေခံလိုအပ်ချက် တစ်ခု ဖြစ်ပါသည်။ ကျေးရွာများ လျှပ်စစ်မီးရရှိရေးကို အလင်း တော်လှန်ရေးဟု တင်စားမည်ဆိုပါက အလင်း တော်လှန်ရေးကို ပင်းဘုရားကုန်း ရွာကဲ့သို့ တစ်ရွာနှစ်ရွာတွင်သာ လုပ်နေရုံဖြင့် မလုံလောက်ပါ။ တစ်နိုင်ငံလုံးရှိ ကျေးရွာတိုင်း မီးလင်းရေးအတွက် အလင်း တော်လှန်ရေးကို နိုင်ငံအနှံ့ ဆင်နွှဲရမည်
ဟုသာ ...။

ဉာဏ်မျိုးအောင်

ဗိဿနိုးမြို့ဟောင်းဆီ သွားလည်စဉ်

Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/society/item/547-pt

မုခ်ဝတွင် တံခါးစောင့်နှစ်ယောက်က လှံရှည်ကြီးတစ်စင်းစီ ကိုင်လျက် မားမားမတ်မတ် ရပ်စောင့်နေကြပါသည်။ သူတို့သာ သက်ရှိများ ဖြစ်လျှင် သူတို့ယဉ်ကျေးမှုအရ ကျွန်တော်တို့ လက်မောင်းကို ကိုင်လျက် ဦးညွှတ် အရိုအသေပေးကောင်း ပေးပေလိမ့်မည်။ အခုတော့
ကျောက်ရုပ် သက်သက်မျှသာ ဖြစ်သော သူတို့တွေမှာ မတုန်မလှုပ်၊ ငြိမ်ချက်သား ကောင်း
လှသည်။

သူတို့ ဘေးတစ်ဖက်ရှိ နံရံပေါ်တွင် ဝိုင်းဝိုင်းစက်စက် အဝိုင်းကြီး နှစ်လုံးမှာ ပန်းပွင့်ကြီးများနှယ်။ ယင်းအဝိုင်းကြီးထဲတွင် အင်္ဂတေအရုပ်စုံများကို တွေ့ရသည်။ အိမ်မွန်၊ ခရုသင်း၊ ဝရဇိန်၊ မွန်းတည့်နေ၊ နေအရုဏ်၊ ပလုတ်တုတ်နှင့် ထိုင်ခုံ။ သင်္ကေတတစ်ခုချင်းစီတွင် သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်သာ။ ခရုသင်းဆိုလျှင် ကောင်းမြတ်သောအချိန် ကြေညာခြင်းကို ကိုယ်စားပြုသလို ဝရဇိန် ဆိုလျှင်လည်း မကောင်းသူကို ဆုံးမခြင်းဆိုသော အဓိပ္ပာယ်ကို ဆောင်သည်။

ဤကား ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်သည်။

မုခ်ဝမှ အတွင်းပိုင်းသို့ ရောက်ရန် ဆိုင်ကယ်နှင့်ပင် အတော်သွားယူရသည်။ ပထမဆုံး စတွေ့
ရသည်မှာ တံတားတစ်စင်း၏ဘေးမှ အုတ်နီရိုးတန်းများ ဖြစ်သည်။ ဘာအဆောက်အအုံပါလိမ့်။ ဆိုင်ကယ်ကို ခဏရပ်ပြီး ဆင်းကြည့်မိသည်။ ကုန်းအမှတ် (၃၆)၊ မြို့ဝင်ပေါက်ဟု ရေးထားေ သာ ကျောက်စာတစ်ခုကို ဖတ်ရသည်။ ထိုအခါမှ ယခင်မြို့ဟောင်း၏ မြို့ဝင်ပေါက်စစ်စစ်မှာ သည်နေရာမှာပါလားဟု သိရသည်။ တူးဖော်ထားသည်မှာ မကြာသေးပါ။ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်ဝန်းကျင်ကမှ တူးဖော်ထားခြင်း ဖြစ်သည်။

ဆိုင်ကယ် ဆက်မောင်းလာခဲ့သည်။ မြို့ဟောင်း၏ အတွင်းပိုင်းသို့ ရောက်ရန် လမ်းဘယ်ဘက်သို့ ချိုးကွေ့ပြီး တစ်မိုင်ခန့် သွားရသေးသည်။ သို့နှင့် နန်းတော်ရာကုန်းသို့ ရောက်သည်။ အုတ်နီရိုး
တန်းများ၊ အုတ်နီရိုးအပုံများကို တွေ့ရသည်။ အုတ်မြစ်ချထားသော ပုံစံမှာ လေးထောင့်ကျကျ ဖြစ်
သည် ။ ဘေးတစ်ဖက် တစ်ချက်တွင်မူ ကန္တာရပင် အချို့နှင့် တမာပင်အချို့သာ ရှိသည်။ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းမှာ မြို့ဟောင်း၏ အုတ်ရိုးပုံကိုငေးလျက် အဆောက်အဦးမှာ ဘယ်လိုပုံပန်း
သဏ္ဌာန် ရှိမည်၊ ပျူလူမျိုးတို့ သမိုင်းမှာ မည်သို့မည်ပုံ စသဖြင့် ရှင်းပြမည့်သူရှိရင် ကောင်းမှာပဲ ဟု ပြောမိသည်။

ဤနေရာတွင် ပုဂံယဉ်ကျေးမှု နယ်မြေမှ ကလေးမျိုးတွေရှိလျှင် ကောင်းမည်ဟုလည်း စဉ်းစားမိသည်။ ပုဂံယဉ်ကျေးမှု နယ်မြေမှ ကလေးငယ်များမှာ ပုဂံဘုရား သမိုင်းနှင့် ပုဂံခေတ် သူရဲကောင်းတို့၏ သမိုင်းကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာလုံးဖြင့် အရည်ကျို သောက်ထားသူများ ဖြစ်သည်။ သူတို့ကိုသာ ပါးစပ်ဟခွင့် ပေးလိုက်ပါက ကရားရေလွှတ် တတွတ်တွတ်နှင့် မထစ်မငေါ့ ပြောပြနိုင်သည်။ ဤဗိဿနိုး ယဉ်ကျေးမှု နယ်မြေတွင်မူ ပုဂံကလေးများ မရှိပေ။ ယဉ်ကျေးမှု နယ်မြေကို လာသူများအဖို့ ဗိဿနိုးမြို့ ဟောင်းအကြောင်းကို ဖတ်မှတ်ထားခြင်း မရှိပါက အုတ်နီရိုးပုံတို့ကို ကြည့်၍ ပြန်ရုံသာ ရှိပေမည်။

နန်းတော်ရာမှ ထွက်လာပြီး ဆိုင်းဘုတ် လမ်းညွှန်အတိုင်း ဆိုင်ကယ်မောင်းလာရာ ဘာသာရေးနှ င့် ကျောင်းသင်္ခမ်း အဆောက်အအုံတို့ကို တူးဖော်ထားသော နေရာသို့ ရောက်သည်။ ထိုအဆောက် အအုံနှစ်ခု၏ အုတ်ရိုးမှာ တူးဖော်ထားသည့် ရှေးဟောင်း အုတ်ရိုးများအနက် အမြင့်ဆုံး ဖြစ်သည်။ ယင်းအုတ်ရိုး မြင့်မြင့်များက ယခင်အုတ်ရိုးများထက် အဆောက်အအုံ ပုံသဏ္ဌာန်ကို ပိုပြီး ပေါ်လွင်ေ စပါသည်။ သို့ဖြစ်ရာ ဘာသာရေး အဆောက်အအုံပုံကိုမူ ဖြစ်တန်စွမ်း အဆောက်အအုံပုံ တစ်ပုံဆွဲ လျက် ပြထားသည်ကို တွေ့ရပါသည်။

၂၀၁၁ ခုနှစ်လောက်က ဤနေရာသို့ တစ်ခါရောက်ဖူးပါသည်။ ထိုစဉ်က ဘာသာရေး အဆောက် အအုံဘေးနှင့် အုတ်ရိုးတွင်းရှိ မြေကွက်လပ်နေရာ အချို့တွင် နွားများ၊ ဆိတ်များ မြက်စားနေသည် ကို တွေ့ခဲ့ရပါသည်။ ယခုအခေါက်တွင်လည်း ဆိတ်ကျောင်းနေသော အမျိုးသမီးတစ်ဦးကို တွေ့ရ
ပါသည်။ ယဉ်ကျေးမှုဇုန်များကို ရေရှည်ထိန်းသိမ်းရာတွင် ယင်းကဲ့သို့ လက်လွတ်စပယ် ပစ်ထားခြင်းမှာ မဖြစ်ထိုက်ဟု ထင်ပါသည်။ ယဉ်ကျေးမှု ဇုန်စီမံခန့်ခွဲ သူများ၏ ရုံးမှာလည်း ရှေးဟောင်းယဉ်ကျေးမှု
နယ်မြေ အဝင်တံခါးဝ နားလောက်တွင် ရှိသဖြင့် တူးဖော်ထားသော ကုန်းမြေများနှင့် အတော်ဝေးပါ
သည်။ ယဉ်ကျေးမှု အဆောက်အအုံဟောင်းတို့ကို စောင့်ကြပ် ကြည့်ရှုနိုင်စွမ်းမှာ အားနည်းနိုင်စရာ ရှိပါသည်။

ယင်းကုန်းမြေမှ ဆိုင်ကယ်ကို လာလမ်းအတိုင်း ပြန်မောင်းလာခဲ့သည်။ ပထမဆုံး ချိုးကွေ့လာ
ခဲ့သော လမ်းမပေါ်သို့ ရောက်မှ လမ်းမအတိုင်း ဆိုင်ကယ်ကို မောင်းလာခဲ့သည်။ ဘုရားတစ် ဆူကို တွေ့ရသည်။ ရွှေရောင်တော်ဘုရားဟု သိရပါသည်။ ဘုရားပေါ်တွင် ဈေးသည်အချို့နှင့် စကားပြော ဖြစ်သည်။ ယဉ်ကျေးမှုဇုန်သို့လာသူ အနည်းအကျဉ်းသာ ရှိသဖြင့် ဈေးမှာ ရောင်းအေ
ကာင်းကြီး မဟုတ်လှဟု ပြောပြပါသည်။
 “ဟိုတစ်လောက ကားတွေနဲ့ လူကြီးတွေ လာကြတယ်။ ယူနက်စကို (UNESCO) က ဆိုလား ပဲ ပြောသံကြားတယ်။ ဝန်ထမ်းတွေလည်း ထပ်တိုးမယ်လို့တော့ ကြားတာပဲ” ဟု ဈေးသည် အမျိုးသမီးတစ်ဦးက ဆိုသည်။

ဈေးသည် အမျိုးသမီး၏စကားမှာ ဟုတ်လောက်ပါသည်။ ဗိဿနိုးယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့
ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရန်အတွက် အစိုးရက ကြိုးစားနေသည်။ သည့်အတွက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့မှ တာဝန်ရှိသူအချို့ လာရောက် ကြည့်ရှုပုံရပါသည်။

ဘုရားရင်ပြင်တော်ပေါ်တွင် လှည့်ပတ်ကြည့်ရှုရာ မျှော်စင်မည်းကြီး တစ်ခုပေါ်၌ စည်တော်ကြီး
တစ်လုံးကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ထိုအခါမှ ဗိဿနိုး ယဉ်ကျေးမှု နယ်မြေတွင်
မပျက်မကွက် ကြည့်သွားသင့်သော အရာတစ်ခုကို သတိရတော့သည်။ ယင်းမှာ ရန်ပယ်ချောင်ြး
ဖစ်သည်။
ယခုစည်တော်မှာ ဘုရားရင်ပြင်တော်မှ စည်တော် ဖြစ်သော်လည်း ရန်ပယ်ချောင်းနှင့် ဆက်စပ်နေသော သိကြားမင်း ဆက်သသည့် အတုလ စည်တော်ကို သတိရစေပါသည်။ ပန်ထွာဘုရင်မ လက်ထက်က ရန်သူများ လာရောက် တိုက်ခိုက်လျှင် ယင်းအတုလ စည်တော်ကိုသာ တီးလိုက်ပါက ရန်ပယ်ချောင်းမှာ ချောင်းရေကြီးလာပြီး ရန်သူတို့ အလွယ်တကူ မဝင်ရောက်နိုင်တော့ဟု ဖတ်ရပါသည်။ သမိုင်း အစစ်အမှန် ဟုတ်ကောင်းမှ ဟုတ်နိုင်သော်လည်း ဝတ္ထုသဖွယ် ဖတ်လို့တော့ ကောင်းသည်သာ။

သို့နှင့် ရန်ပယ်ချောင်းဆိုတာ ဘယ်ဟာလဲဟု ဈေးသည် အမျိုးသမီးကြီးကိုပင် မေးစမ်းယူရ
သည်။ မကွေးမှ ကျွန်တော်တို့ ဆိုင်ကယ်စီးလာပါက ဗိဿနိုးမြို့ဟောင်းဘက်သို့ ရောက်ခါနီး တွင် ဖြတ်မောင်းလာရသော တံတားအောက်မှ ချောင်းမှာ ရန်ပယ်ချောင်း ဖြစ်ကြောင်း
သိရတော့သည်။ အပြန်ခရီးတွင်မှ ဆိုင်ကယ်ရပ်၍ ဂရုတစိုက် ကြည့်မိပါသည်။ ရန်ပယ်
ချောင်းမှာ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းများတွင် ဖတ်ရသလောက် ကြမ်းတမ်းခြင်း မရှိလှပါ။ ငြိမ်ငြိမ်သက်သက် စီးဆင်းနေပါသည်။ သဲသောင်ပေါ်နေသော နေရာအချို့တွင်မူ ကြက်သွန်
ခင်းအချို့ စိုက်ပျိုးထားပါသည်။

ဗိဿနိုး မြို့ဟောင်းမှ မထွက်ခင် ဗိဿနိုး ရှေးဟောင်း သုတေသနပြတိုက်ကို ဝင်ကြည့်ခဲ့ပါသေး
သည်။ ယခင်တစ်ခေါက် လာတုန်းကလည်း ဝင်ကြည့်ဖူးပါသည်။ သို့သော်လည်း မြို့ဟောင်း ကို ရောက်တိုင်း ပြတိုက်ကိုမူ ပုံမှန် ဝင်ကြည့်ချင်မိပါသည်။ ဝင်ကြည့်ရကျိုး နပ်ပါသည်။ ပြတိုက်မှာ အခင်းအကျင်း အချို့ကို ပြောင်းလဲထားပါသည်။ ကျွန်တော် ပထမအခေါက် ရောက်စဉ်က ပုဂံခေတ် ရှေးဟောင်းပစ္စည်း အချို့နှင့် ကျောက်ဖြစ်ရုပ်ကြွင်းတို့ကိုပါ ခင်းကျင်း ပြသထားသည်။ ယခုအခါတွင်မူ ယင်းပစ္စည်းများ မရှိတော့ပါ။ ပျူခေတ်နှင့် ဆက်စပ်သော ရှေးဟောင်းပစ္စည်း တို့
ကိုသာ သီးသန့် ခင်းကျင်းပြသထားပါသည်။

ခင်းကျင်းပြသ ထားသမျှထဲတွင် အကြိုက်ဆုံး ပစ္စည်းမှာ အရိုးအိုးများ ဖြစ်ပါသည်။ အရိုးအိုးများမှာ သပ်သပ်ရပ်ရပ် ရှိသည့်အပြင် အိုးလည်ရစ်နှင့် နှုတ်ခမ်းတို့တွင် ငှက်ရုပ်များနှင့် အလှအပတို့ကို ပုံဖော်ထားပါသည်။ ပျူတို့မှာ လူသေကို မီးသဂြုင်္ိဟ်၍ ပြာကို အိုးဖြင့် ထည့်ထားတတ်သည်ဟု ဖတ်ရသည်။ သာမန်လူတို့၏ပြာကို မြေအိုးဖြင့် ထည့်၍ ရှင်ဘုရင်၊ မိဖုရားတို့၏ ပြာကိုမူ ကျောက်အိုးဖြင့် ထည့်သည်ဟု ဆိုပါသည်။ ကျွန်တော် တွေ့ခဲ့ရသည်မှာ မြေအိုးများသာ ဖြစ်သည်။ ပြတိုက်ထဲတွင် ပြသထားသော
ရှေးဟောင်းပစ္စည်းများအနက် အများဆုံးမှာလည်း ယင်းအရိုးအိုးများသာ ဖြစ်သည်။ ပြတိုက်မှ ထွက် လာပြီးနောက် မြို့ဟောင်းတွင်း၌ ကြည့်ရှုစရာ ကုန်လေပြီ။

ဤကား ဗိဿနိုးမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်သည်။

ဉာဏ်မျိုးအောင်

Tuesday, June 3, 2014

အညာသားလေး၏ အိမ်သို့ အလည်တစ်ခေါက်

Written by ဥာဏ်မျိုးအောင် Credit to www.thevoicemyanmar.com

အညာသား တစ်ယောက်ဖြစ်သော ကျွန်တော်မှာ အညာသားတစ်ယော က်ဖြစ်သော သူ့အကြောင်းကို ငယ်ငယ်ကပင် စိတ်ဝင်စားခဲ့ပါသည်။ သို့နှင့် သူ့အကြောင်း ရေးထားသော စာအုပ်တွေကိုလည်း တခုတ်တရ ရှာဖတ်ခဲ့ရသည်။ တစ်ခါတစ်ရံ မုန့်ဖိုး ပဲဖိုးစုကာ ဝယ်ဖတ်ရသည်။ သူ့အစ်ကို ရေးထားသော သူတို့ မိသားစုအကြောင်း ဖတ်ရတော့ သူတို့အိမ်ကို သွားကြည့်ချင်မိသည်။ သို့သော် ကျွန်တော့်ဇာတိ ရေနံချောင်းနှင့် နီးလျက်နှင့် မရောက်ဖြစ်ခဲ့ပါ။

မနှစ်ကမှ ကျွန်တော် သွားချင်လှသော အညာသားလေး၏ အိမ်သို့ ပထမဆုံးအကြိမ် ရော က်ဖူးပါတော့သည်။ အညာသားလေး၏ အိမ်မှာ အိမ်မည်းကြီး ဖြစ်သည်။ နတ်မောက်မြို့တွင် အညာသားလေး၏ အိမ်ကို မသိသူမရှိပါ။ ဟုတ်ပါသည်။ ကျွန်တော် ဆိုလိုချင်သော အညာသား
လေးဆိုသည်မှာ တိုင်းသိ ပြည်သိ၊ ကမ္ဘာသိ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ကြီး ဦးအောင်ဆန်းကို ဆိုလိုခြင်း ဖြစ်ပါသည်။

‘ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၊ နတ်မောက်မြို့’ ဆိုသော ဆိုင်းဘုတ် စာသားလေးကိုပင် အိမ်မည်းကြီး နောက်ခံထားလျက် ဖတ်နေရသည်မှာ အားတက် ရသလိုလို၊ လွမ်းမောရသလိုလိုပင်။ သူ့အတ္ထုပ္ပတ္တိနှင့် ရုပ်ပုံလွှာ အဖွဲ့အနွဲ့တွေ ဖတ်ရတုန်းကလည်း ထိုအတိုင်းပင် ခံစားရပါသည်။ အိမ်ခြံဝင်း အတွင်းကို ရောက်တော့ အိမ်အရှေ့ဘက်တွင် အုတ်နီ ခုံရိုးတန်းကြီးကို တွေ့ရသည်။ အဆောက်အအုံပျက် တစ်ခု၏ အုတ်ရိုးနံရံ ဖြစ်သည်။ ဆိုင်းဘုတ် အညွှန်းအရ အညာသားလေး၏ မိသားစုများ နေထိုင်စဉ်က ပစ္စည်းဂိုဒေါင်အဖြစ် အသုံးပြုခဲ့သည်ဟု သိရသည်။

အိမ်အောက်ထပ် အ၀င်ဝတွင် လူတစ်ရပ်ကျော်ခန့်မြင့်သော ဖြူဖြူဖွေးဖွေး စပါးကျည်ပုတ် ဟော င်းကြီးတစ်လုံးက ဆီးကြိုလျက် ရှိသည်။ အိမ်ထဲတွင်မူ သူ့ဓာတ်ပုံတွေကို အပိုင်းလေးပိုင်းခွဲကာ မှန်ဘောင် သွင်းပြသထားသည်။ ကလေးဘဝ၊ ကျောင်းသားဘဝ၊ မိသားစုဘဝနှင့် နိုင်ငံ့ခေါင်းဆောင် ဘဝ စသဖြင့်...။ ‘အဖဦးဖာ၊ အမိမစုတို့၏သား မောင်ထိန်လင်း အသက် ၁၂၀ ရှည်စေသော်ဝ်’ ဆိုသော ဇာတာခွင် မိတ္တူလေးကို ကလေးဘဝ ဓာတ်ပုံခန်းတွင် ဖတ်ရသည်။ စိတ်မကောင်းစရာပင်။ ဇာတာခွင် ဆုတောင်း အသက်၏ လေးပုံတစ်ပုံခန့်မျှသာ သူရှင်သန် ခဲ့ရရှာသည်။ ဇာတာခွင် ဆုတောင်းသက်၏ လေးပုံနှစ်ပုံခန့်မျှ သူဆက်လက် ရှင်သန်ခဲ့လျှင်ပင် မြန်မာနိုင်ငံ၏ သမိုင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားနိုင်ကောင်းပါ သည်။ သို့သော် အညာသားလေး၏ ကံကြမ္မာနှင့် ထပ်တူပင် မြန်မာ့နိုင်ငံရေးမှာလည်း ကံခေခဲ့ရရှာသည်။

အညာသားလေးမှာ ငယ်စဉ်က နတ်မောက်မြို့ရှိ ဆရာတော် ဦးသောဘိတကျောင်းတွင် ပညာသင် ခဲ့သည်ဟု မှတ်သားရသည်။ ကျောင်းသားဘဝ ပြကွက်များတွင် ‘နတ်မောက်မြို့ ဦးသောဘိတကျော င်း မောင်အောင်ဆန်း ပဉ္စမတန်း’ ဟု နာမည်ထိုးထားသော ကျောင်းသုံးစာအုပ် မျက်နှာဖုံး၏ ပုံတစ်ပုံ ကို ပြထားသည်။ သူ့လက်ရေးလား မသိ။ တက္ကသိုလ် ကျောင်းသားဘဝတုန်းက လက်ရေးကိုတော့ ကျွန်တော် မြင်ဖူးပါသည်။ ကျောင်းစာကြည့်တိုက်တွင် မှန်ဘောင်သွင်း ပြထားသော သူ့မှတ်စု စာအုပ်ကို ရေနံချောင်း အ ထက (၁) ကျောင်းတွင် ပညာသင်စဉ်က ကျွန်တော် သွားကြည့်ဖူးသည်။ လက်ရေးမှာ အသော့ ဖြစ်သဖြင့် ကျွန်တော် မဖတ်တတ်ပါ။

ထို့အပြင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်း ခြောက်တန်း တက်စဉ်က သူကိုင်ခဲ့သော ဂဏန်းစာအုပ် မျက်နှာဖုံး၊ ဆယ်တန်းအောင် လက်မှတ်၊ ဘီအေ အောင်လက်မှတ် မိတ္တူတို့ကို လည်း တွေ့ရသည်။ နောက်-ကုလားထိုင် ရှည်ကြီးပေါ်တွင် တင်ပျဉ်ချိတ်ကာ ရိုက်ထားသော
ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း၏ ဓာတ်ပုံ။ မိသားစုဘဝတွင်မူ ဦးအောင်ဆန်းနှ င့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာဓာတ်ပုံ၊ ယခု ဒေါ်အောင်ဆန်းစုကြည်တို့ ငယ်စဉ်က ရိုက်ကူးထားသော မိသားစုဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် မိခင်ကြီး ဒေါ်စုတို့၏ ပုံတို့ကိုလည်း မှန်ဘောင်သွင်း ပြထားသည်။

အညာသားလေး အကြောင်းကို စိတ်ဝင်စားသဖြင့် စာအုပ်အတော်စုံစုံ ဖတ်ထားပြီးဖြစ်ရာ ဓာတ်ပုံနှင့် မှတ်တမ်းမှတ်ရာ အများစုကို ကျွန်တော်တွေ့ဖူး၊ မြင်ဖူးပါသည်။ ထူးထူးဆန်းဆန်း မရှိလှပါ။ သို့သော် ကျွန်တော် တစ်ခါမျှ မတွေ့ဖူးသော မှတ်တမ်းတစ်ခုကို တွေ့ရပါသည်။ ယင်းမှာ ဂျပန်ကို တော်လှန်သော ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းရန် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကပ်လျက် ဂျပန်စာဖြင့် ထုတ်ပြန်ထားသော လူဖမ်းဝရမ်းစာ ဖြစ်ပါသည်။ ထိုမှတ်တမ်းကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပါသည်။

အာရှတိုက်၏ လူတော်များထဲမှ တစ်ဦးဖြစ်သော အိန္ဒိယနိုင်ငံရေး ခေါင်းဆောင် နေရူးနှင့်အတူ တွဲရိုက်ထားသောပုံ၊ လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက်စဉ်က ရိုက်ထားသော ပုံတို့ကိုလည်း တွေ့ရသည်။ ယင်းပုံတို့ကိုမူ ကျွန်တော် အကြိမ်ကြိမ် ကြည့်ဖူးပြီး ဖြစ်ပါသည်။

အခန်း၏ တောင်ဘက်နံရံရှိ ကျောက်သင်ပုန်း အစိမ်းပေါ်တွင် အညာသားလေး၏ ဆွေစဉ်မျိုးဆက် ဇယားကို ရေးထားသည်။ အညာသားလေးတို့ မျိုးရိုး စဉ်ဆက်မှာ ပုဂံပြည် မင်းသမီးတစ်ပါးမှ ဆင်း သက်လာသည်ဟု ဆိုသည်။ အခြားသင်ပုန်းတစ်ခုပေါ်တွင်မူ အညာသားလေး၏ မိန့်ခွန်း ကောက်နုတ်ချက် အချို့ကို တွေ့ရသည်။ ‘ပဒေသာပင် ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်’ ။ သည်စာသားကို ဖတ်ဖူးရုံမျှမက အညာသားသံ ပါပါဖြင့် လေးလေးပင်ပင် ပြောသော သူ့မိန့်ခွန်းကိုပါ နားထောင်ဖူးသည်။ အညာသားလေးမှာ အပြောသမား သက်သက်မဟုတ်၊ အလုပ်ဖြင့် သက်သေထူသူ မဟုတ်လား။

ဤအိမ်ကြီးမှာ အညာသားလေး နေထိုင် ကြီးပြင်းခဲ့သော အိမ်ကြီးစစ်စစ်ဟု ကျွန်တော် ထင်ထားခဲ့သည်။ ကျွန်တော့် အထင်မှားကြောင်း အိမ်သမိုင်း ရေးထားသည့် ဗီနိုင်း စာရှည်ကြီးကို ဖတ်မှ သိရတော့သည်။ အညာသားလေး၏ အစ်ကို ဦးဘဝင်း၏ဇနီး၊ အညာသားလေး၏ ဇနီး ဒေါ်ခင်ကြည်နှင့် အညာသားလေး၏ အစ်ကို ဦးအောင်သန်းတို့၏ တိုက်တွန်းချက်ကြောင့် အစ်ကို အကြီးဆုံးဖြစ်သူ ဦးနေအောင်၏သား ဦးအောင်မြင့်သိန်းက ၁၉၇၃ ခုနှစ်တွင် သမိုင်းဝင် နေအိမ်ကို နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။ ယင်းသမိုင်းဝင် အိမ်ကြီးကို ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

၁၉၇၄ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်၌ မီးလောင်ရာ သမိုင်း ဝင်နေအိမ်ကြီး မီးထဲပါသွားသဖြင့် ၁၉၇၅ ခုနှစ်တွင် နတ်မောက်မြို့ ဆောက်လုပ်ရေးက မူလ ပုံစံအတိုင်း ပြန်ဆောက်ခဲ့ရသည်။ ၁၉၈၃ ခုနှစ်တွင် မြို့နယ် ပါတီယူနစ်နှင့် ပြည်သူ့ကောင်စီသို့ လွှဲပြောင်းပေးရာ ယင်းကောင်စီက ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တစ်ဆင့်လွှဲပြောင်း ပေးခဲ့သည်ဟု
ဆိုသည်။ မမြင်လိုက်ရသော သမိုင်းဝင်အိမ်ကြီးကို တွေးလျက် နှမြောမိပါသည်။ နိုင်ငံ့လွတ်လပ်ရေး အတွက် စွမ်းဆောင်ခဲ့သော အညာသားလေး၏ ကျေးဇူးကို သိတတ်သည့်အနေနှင့် ကျွန်တော်တို့မှာ အညာသားလေး၏ အိမ်ကလေးကိုပင် မထိန်းသိမ်း နိုင်ခဲ့ရှာပါလား။

အိမ်အပြင်ကို ပြန်ထွက်မည် လုပ်တော့ အနောက်ထောင့်တွင် သံချေးတက် သံပုံးကြီးတစ်ခုကို တွေ့ ရသည်။ မီးခံသေတ္တာ ဟောင်းကြီး ဖြစ်သည်။ ထုံးစံအတိုင်းပင် ပြတိုက်တစ်ခု ဖြစ်မြောက်ရေးအတွက် ရှိစုမဲ့စု ပစ္စည်းတို့ကို စုရုံး ပြသထားပုံရသည်။ သို့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်တွင် အသုံးပြုခဲ့သော မီးခံသေတ္တာဟု ဗိုလ်ချုပ် နာမဝိသေသတပ်ကာ ပြသထားရခြင်း ဖြစ်သည်။ ဘေး တစ်ဖက်တွင်မူ မိခင်ကြီးဒေါ်စု၏ ရက်ကန်းစင်ဟောင်းကြီးမှာ ငြိမ်ငြိမ်ဆိမ်ဆိမ် ရှိလှသည်။

အိမ်အောက်ထပ်ကို လှည့်ပတ် ကြည့်ပြီးနောက် အိမ်ပေါ်ထပ်သို့ တက်လာခဲ့သည်။ အိမ်ဦးတွင် အဝတ်နီ တပ်ထားသော ပက်လက်ကုလားထိုင် တစ်လုံးက ဆီးကြိုနေသည်။ အညာ သားလေး စာဖတ်သည့်နေရာဟု ဆို သည်။ စာဖတ်တာနှင့် ပတ်သက်လို့ အညာသားလေးကို လေးစားအားကျခဲ့ ရတာ ရှိသည်။ တက္ကသိုလ် ကျောင်း သားဘဝက ကြမ်းပိုး သောင်း ကျန်းလှသော သူ့အခန်းတွင် အခန်း အလုံပိတ်ကာ အင်္ဂလိပ်စာကို အသံထွက်လျက် လေ့ကျင့်ခဲ့ကြောင်း၊ ထောင်ကျ နေစဉ်ကာလမှာပင် ထိုစဉ်က ပညာတတ် နိုင်ငံရေးသမား ဒေါက်တာဘမော်၏ အင်္ဂလိပ် အသံထွက်ဟန်ကို နှုတ်ခမ်းအကျ အနကအစ တုပလေ့ကျင့်ခဲ့ကြောင်း ဖတ်ရတော့ အင်္ဂလိပ်စာ လေ့ကျင့်ရေးအတွက် ခွန်အား ဖြစ်ခဲ့ရ ဖူးသည်။

လက်ယာဘက်တွင် အညာသားလေး၏ အိပ်ခန်းနှင့် မိခင်ကြီးဒေါ်စုတို့၏ အိပ်ခန်းတို့ ရှိသည်။ အခန်းတွင်း တွင် ခုတင်တစ်လုံးစီ ချထားသည်မှအပ တစ်စုံတစ်ရာ မရှိပါ။ အိမ်ပေါ်တွင်လည်း အိမ်အောက် ထပ်နည်း တူပင်၊ ထူးထူးခြားခြား ကြည့်ရှုဖွယ်ရာ မတွေ့ရပါ။ သို့နှင့် အောက်ထပ်ကိုသာ ပြန်ဆင်း လာခဲ့ပါသည်။ အိမ်အောက်ထပ်၏ အဝင်ဝနားတွင် အလှူခံပုံးတစ်ပုံး ရှိသည်။ ပြတိုက် ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် မိမိစိတ်ကြိုက် လှူနိုင်သည်ဟုလည်း ရေးထားသည်။

အညာသားလေး၏ အိမ်တွင် ပြတိုက် ဝန်ထမ်းအဖြစ် အမျိုးသမီးတစ်ဦးသာ ရှိသည်။ သူက ပြတိုက်သို့ လာရောက် ကြည့်ရှု့သူများ၏ လက်မှတ်များကို ကောက်ထားရသည်။ ထူးခြားသည်မှာ ပြတိုက် လေ့လာ သူတို့၏ လက်မှတ်များ သာမက သူတို့၏ သဘောထားမှတ်ချက်အချို့ကို ရေးသားရန် အတွက်ပါ ကွက်လပ်တစ်ခု လုပ်ထားပေးသည်။ ပြတိုက် လာရောက်သူများ၏ စာရင်းကို ဖတ်ကြည့်လိုက်တော့ မြန် မာနိုင်ငံ အလယ်ပိုင်းမှ သာမက မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ စသောဒေသ များကပင် လာကြသူတွေ ရှိသည်။

လက်မှတ် စာရင်းစာအုပ်ကို လက်မှတ်ထိုးဖို့ ယူရင်း ပြတိုက် လာကြည့်သူများ၏ မှတ်ချက် အချို့ကို ဖတ်ကြည့်မိပါသည်။ တစ်ယောက်က မှတ်ချက် ရေးထားသည်။ ဗိုလ်ချုပ်၏သမိုင်း အထောက်အထား
များကို ပိုပြီးစုံစုံလင်လင် ဖြည့်ဆည်းစေချင်သည်ဟု ဆိုသည်။ ရန်ကုန်သား တစ်ယောက်ကမူ နေအိမ် အပေါ်ထပ်ခန်း၌ မီးလင်းစေချင်သည်ဟု မှတ်ချက်ပြုသည်။ အချို့မှတ်ချက်တွေက ဗိုလ်ချုပ်ကို လွမ်း ဆွတ်ဟန်ကဲသည်။ အချို့ကမူ လက်ရှိ မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကောင်း ရှားပါးမှုကို အားမလို အားမရ ဖြစ်ဟန်တူသည်။ ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုး နောက်ထပ် ပေါ်ပါဦးမလားဟု အမေးဆန်ဆန် မှတ်ချက်ပြုသူလည်း ရှိသည်။ အညာသားလေးကို လေးစားအားကျသော ကျွန်တော်ကလည်း ဆုတောင်းသံဆန်သော စာတစ်ကြောင်း ရေးသားခဲ့ပါသည်။

‘အညာသားလေးလို နိုင်ငံသားမျိုး များများ ပေါ်ထွန်းပါစေသော်ဝ်’ ဟူ၍ ဖြစ်သည်။

ဉာဏ်မျိုးအောင်

သမိုင်းတွင် ကျန်ရစ်ခဲ့တော့မည့် အသံချဲ့စက်သံသုံးသံ

Written by ဥာဏ်မျိုးအောင် Credit to www.thevoicemyanmar.com

လွန်ခဲ့သော သုံးနှစ်ခန့်က ရွာတစ်ရွာတွင် ရွာသားတွေ နားစွင့် နားထောင်ရသော အသံချဲ့စက်သံ သုံးသံရှိသည်။ တစ်သံ မှာ ကျေးရွာတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျား ဆိုသော ပဏာမပျိုး
သံဖြင့် ဟစ်လေ့ရှိသော ရွာလူကြီး၏ အသံချဲ့စက်သံ။ နောက်တစ်သံမှာ ဒေါ်.....ခင်ဗျာ မလေးရှားက ဖုန်းလာနေပါတယ်ဆိုသော ဖုန်းရုံကလာသည့် အသံချဲ့စက်သံ ဖြစ်သည်။ နောက်ဆုံး အသံတစ်သံမှာ ကျေးရွာတွင်းရှိ ဗီဒီယိုချစ် ပရိသတ်အပေါင်းတို့ခင်ဗျာဆိုသော ဗီဒီယိုရုံမှလာသည့် အသံချဲ့စက်သံ ဖြစ်သည်။

ဤအသံ သုံးသံဟစ်ရန် အသံချဲ့စက်မှ ဟဲလို လော်တက်စီ ဝမ်း၊ တူး၊ သရီး၊ ဆိုသော မိုက်စမ်းသံ ကြားသည်နှင့် ရွာသားအားလုံးမှာ လုပ်လက်စ အလုပ်ကို ရပ်ထားကြသည်။ စကားပြောနေစဉ် ဖြစ်ပါ ကလည်း ခေတ္တနှုတ်ဆိတ်နေကြသည်။ ကျေးရွာလူကြီး၏ အသံဖြစ်ပါက ကျေးရွာလူကြီး ဘာတွေပြော
သလဲ ဆိုတာကို သိရအောင် နားထောင်ကြရသည်။

ကျေးရွာလူကြီးကလည်း မနက်ဖြန် မနက်တွင် ကျေးရွာဆေးပေးခန်း၌ ပိုလီယိုကာကွယ်ဆေး အခမဲ့ တိုက်ကျွေးမည်၊ မိဘများအနေနှင့် မိမိကလေးကို ခေါ်ဆောင်လာပါ ဆိုတာမျိုး ၊ နွေကာလတွင် မူ ကျေးရွာတွင်းရှိ နေအိမ်တိုင်းတွင် ချက်ပြုတ်ပြီးပါက မီးကြွင်းမီးစတို့ကို ငြှိမ်းသတ်ကြပါရန် ဆိုတာမျိုးကို တစ်ရွာလုံးသိအောင် အသံချဲ့စက်မှပင် သတင်းထုတ်ပြန်လေ့ ရှိသည်။ အသံချဲ့စက်သည်ပင် ရွာလူကြီးနှင့် ရွာသားများကြား ပေါင်းကူးဆက်သွယ်ပေးသည့် အသံလွှင့်မီဒီယာတစ်မျိုး ဖြစ်သည်။

ရွာသားတွေ အာရုံစိုက်ရသည့် နောက်တစ်သံမှာ ဖုန်းရုံက လာသည့် အသံဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်ခန့်အထိ ရွာများတွင် နယ်ဝေးဆယ်သွယ်ရေးကိရိယာတစ်မျိုး ဖြစ်သော ဖုန်းမှာ များများစားစား မရှိလှပါ။ ရွာတွင် အတော်အသင့် ချမ်းသာသော လူကုံထံတစ်ဦးဦး ဝယ်ထားသည့် ဖုန်းကိုသာ ရွာဘုံပိုင် ဖုန်းအဖြစ် အခကြေးငွေပေးကာ အသုံးပြုကြရသည်။ ယင်းဖုန်းပိုင်ရှင်မှာလည်း ငွေကြေး မြိုးမြိုးမြက်မြက် ရသဖြင့် အဝင်ဖုန်း ဆိုပါက သက်ဆိုင်ရာ ရွာသူရွာသား၏ နာမည်ကို အသံချဲ့စက်ဖြင့် ဟစ်ပေးရသည် ။ ဒေါ်....ခင်ဗျား မလေးရှားက ခင်ဗျားသားဆီက ဖုန်းလာနေပါတယ် ဆိုတာမျိုး။

ရွာမှ ထွက်ခွာကာ အလုပ်အကိုင်ပေါသော ရန်ကုန်ကဲ့သို့ မြို့ကြီးများနှင့် မလေးရှားကဲ့သို့ နိုင်ငံများသို့ အလုပ်သွားလုပ်သူ ရွာသူရွာသားများအနေနှင့် မိမိဆွေမျိုးသားချင်းဆီ ဆက်သွယ်လိုပါက ယင်းဘုံပိုင် ဖုန်းကိုပင် မှတ်သားခေါ်ဆိုရသည်။ သို့ဖြစ်ရာ ယင်းရွာဘုံပိုင်ဖုန်းသည်ပင် ရပ်ဝေးရောက် ကျေးရွာ သူ ကျေးရွာသားများနှင့် ဇာတိရပ်ရွာက ဆွေမျိုးဉာတိများအကြား ပေါင်းကူး ဆက်သွယ်ပေးသော တစ်ခုတည်းသော ဆက်သွယ်ရေး ကိရိယာတစ်ခု ဖြစ်သည်။

ကျေးရွာသားများ နားစွင့်ရသည့် နောက်ဆုံး အသံတစ်သံမှာ ညနေစောင်း အချိန်လောက်တွင် လွင့်ပျံလာတတ်သည့် ဗီဒီယိုရုံမှ အသံချဲ့စက်သံ ဖြစ်သည်။ ကျေးရွာများတွင် အမောအပန်းဖြေအဖြစ် ကြည့်ရှုစရာ ဗီဒီယိုများများစားစား မရှိပါ။ ဖုန်းကဲ့သို့ပင် ကျေးရွာလူကုံထံတစ်ဦးဦး ဝယ်ယူထားသည့် ဗီဒီယိုကို ရွာဘုံပိုင်အဖြစ် အခကြေးငွေပေးကာ ကြည့်ကြရသည်။ ဗီဒီယိုရုံ ပိုင်ရှင်ကလည်း ငွေကြေး အမြတ်အစွန်း ရသဖြင့် မြို့ပေါ်တက်ကာ ဇာတ်ကားခွေများ ငှားရမ်းပြီး ပြသလေ့ ရှိသည်။

ဇာတ်ကားကောင်း၊ မကောင်းကို ဆုံးဖြတ်နိုင်ရန်အတွက်မူ ဗီဒီယိုရုံမှ ကြေညာသူ၏ အသံချဲ့စက်သံကို နားစွင့်ရသည်။ ဇာတ်ကားကောင်းပါက တစ်နေကုန် အလုပ်ပန်းထားသော ရွာသူရွာသားတို့မှာ အပန်းဖြေ အဖြစ် ဗီဒီယို သွားကြည့်ကြသည်။ ဇာတ်ကားကို စိတ်ဝင်စားအောင် ဗီဒီယို ကြေညာသူကလည်း ကျေးရွာ တွင်းရှိ ဗီဒီယိုချစ်ပရိသတ်အပေါင်းတို့ ခင်ဗျာ၊ ယနေ့ည တင်ဆက်ပြသမှာကတော့ အကယ်ဒမီမင်းသားေ ချာလေး... ၊ ဆိုတာမျိုး ဖွဲ့ဖွဲ့နွဲ့နွဲ့ ကြေညာပေးရသည်။ ဤဘုံပိုင် ဗီဒီယိုရုံကလေးသည်ပင် ကျေးရွာသူ ရွာသားအားလုံး၏ အပန်းဖြေရာ ရုံကလေးလည်း ဖြစ်သည်။

ယခုအခါတွင် ယင်းအသံချဲ့စက် သံသုံးသံအနက် နှစ်သံမှာ သိပ်မကြားရတော့ချေ။ ကျန်တစ်သံမှာ
လည်း မကြာမီမှာပင် ပျောက်ကွယ်တော့မည်ဟု ခန့်မှန်းရသည်။ သိပ်မကြားရတော့သော အသံနှစ်သံမှာ ဗီဒီယိုရုံမှ ဇာတ်ကားကြေညာသံနှင့် ဖုန်းရုံမှ ဖုန်းခေါ်ဆိုပေးသံတို့ ဖြစ်သည်။ ပျောက်ကွယ်အံ့ဟု ခန့်မှန်း ရသည်မှာ ရွာလူကြီး၏ သတင်းထုတ်ပြန်သံ ဖြစ်သည်။ အဘယ်ကြောင့်နည်း။

“၂၀၁၀ လောက်ကနေ စပြီးတော့ ဗီဒီယိုပြတာ အခက်အခဲ ဖြစ်သွားတာ။ အဲဒီနောက်ပိုင်းမှာ ဖလက်ြ ပားတွေကလည်း ပေါ်လာပြီလေ။ ရွာထဲမှာလည်း ဖလက်ပြားတွေက တစ်အိမ်ကို တစ်လုံးနီးပါးလောက် ရှိနေတော့ ဗီဒီယိုပြတာ သိပ်အဆင်မပြေဘူး” ဟု ကုန်းကြီးရွာသား ဗီဒီယိုရုံ ဖွင့်လှစ်ထားသူ ကိုညိုဝင်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ်တွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း အီလက်ထရွန်နစ်ပစ္စည်း အမယ်စုံ ဈေး ကွက်တွင်းသို့ စီးဝင်လာသည်။ အချို့ အီလက်ထရွန်နစ်ပစ္စည်းတို့မှာ ကျေးရွာလူထု၏ ဝင်ငွေဖြင့် လက်လှမ်းမီသည့် ပစ္စည်းများဖြစ်ရာ ကျေးရွာလူထုအတွင်း အီလက်ထရွန်နစ်ပစ္စည်းအချို့ ပျံ့နှံ့လာ
သည်။ ဤအထဲတွင် ဖလက်ပြားဟု ကိုညိုဝင်း မြန်မာမှု ပြုထားသော EVD စက်များလည်း ပါဝင်သ ည်။ ခွေထည့်သည့် စက်နှင့် ဖန်သားပြင်ကို ပူးတွဲထားသည့် ဤစက်ကိုပင် ရွာသူရွာသားတချို့က လက်တော့ပ်ဟု ထင်မှတ်ကြသည်။ ယင်းစက်မှာ အရွယ်အစားအလိုက် ကျပ်ငါးသောင်းမှ တစ်သိ န်းကျော်အထိ ဈေးအမျိုးမျိုး ရှိသည်။

“ဗီဒီယို ဇာတ်ကားပြရင် တစ်ယောက်ကို ၅၀ တောင်းတယ်။ အရင်တုန်းက တစ်လ တစ်လကို နှစ်သိန်း၊ သုံးသိန်းလောက်တော့ ကိုယ့်အတွက် ကျန်တာပေါ့။ အခုကတော့ အရင်းကို မနည်းရအောင် ရှာရတယ်” ဟု ကိုညိုဝင်းက ညည်းညူသံစွက်၍ ပြောဆိုသည်။

မိသားစုတစ်စုတွင် ဖလက်ပြား တစ်လုံးခန့် ပိုင်နေပြီဖြစ်ရာ ရွာသူရွာသားအားလုံး စုပေါင်းကြည့်ရသည့် ဗီဒီယိုရုံသို့ လာသူတွေ ပါးသွားသည်။ လူငယ်ကာလသား အချို့သာ သီချင်းဆိုရန်အတွက် လာေ တာ့ကြောင်း ၎င်းက ရှင်းပြသည်။ ယခင်က ကျေးရွာလူကုံထံတစ်ဦးသာ ပိုင်ဆိုင်နိုင်သော ပစ္စည်းတစ်ခုမှာ ယခုအခါတွင် ကျေးရွာလူထုအတွင်း ပျံ့နှံ့နေပြီ ဖြစ်သည်။ ဤကား ဗီဒီယိုဇာတ်ကား ကြေညာသံ သိပ်မကြားရတော့ခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်ပေသည်။

ကျေးရွာလူထုအတွင်း ပျံ့နှံ့လာသော နောက်ထပ်ပစ္စည်းတစ်မျိုးမှာ လက်တစ်ဝါးစာပင် မရှိသော ပိစိကွေး မိုဘိုင်းလ်ဖုန်းများ ဖြစ်သည်။ ယခင်က သိန်းပေါင်းဆယ်ချီ ပေးရသော မိုဘိုင်းလ်ဖုန်းမှာ ယခုအခါတွင် မိမိဝင်ငွေအလျောက် အဖိုးနည်းနည်းဖြင့် ဝယ်ယူ ပိုင်ဆိုင်နိုင်ပြီ ဖြစ်သည်။ လတ်တလောကာလတွင်မူ ဆင်းမ်ကတ် ဈေးကြီးနေဆဲ ဖြစ်သဖြင့် ဆင်းမ်ကတ်ကို ဝယ်ယူထားခြင်း မရှိသော်လည်း တချို့ရွာသား များမှာ ဖုန်းခွံသက်သက်ကို ဝယ်ထားကြသည်။

ဤဖုန်းခွံဖြင့်ပင် သီချင်းနားထောင်ကြသည်။ ဗီဒီယိုဖိုင်တွေကို မျှဝေကြသည်။ ကြည့်ကြသည်။ ဂိမ်းဆော့ကြသည်။ ဆင်းမ်ကတ် ဝယ်နိုင်သော ရွာသားအချို့မှာမူ ဖုန်းပြောဆိုရုံ သက်သက်မျှသာ အသုံးမပြု။ အင်တာနက်ပါ ချိတ်ဆက်ပြီး သတင်းပလင်း ရှာဖွေ ဖတ်ရှုခြင်းနှင့် ခေတ်စားသော လူမှုကွန်ရက် ဖေ့စ်ဘုတ်လိုမျိုးကို သုံးစွဲလာကြသည်။ ဤသို့ဖြင့် ယခင်က လူအနည်းအကျဉ်းမျှသာ ပိုင်ဆိုင်သော ဆက်သွယ်ရေး ကိရိယာကို လူအများစု ပိုင်ဆိုင်လာကြပြီ ဖြစ်သည်။

အချို့ကျေးရွာသားများဆိုလျှင် ရေကြီးသဖြင့် အိမ်ပြောင်းရွှေ့ရသော သတင်းမျိုးကိုပင် မိမိဘာသာ ဓာတ်ပုံရိုက်ပြီး လူထုအတွင်း သတင်းထုတ်ပြန်နိုင်နေပြီ ဖြစ်သည်။ ယခင်က နိုင်ငံ့အရေးအရာတို့ ကို ကျေးရွာလူထု သိအောင် သတင်းစာဖတ်ဖို့၊ စာဖတ်ဖို့အတွက် စာကြည့်တိုက်ကဲ့သို့သော လုပ်ငန်း များကို နိုင်ငံပတ်ကာ လုပ်ခဲ့ကြရသည်။ ယခုခေတ်တွင်မူ ယင်းသို့ လုပ်ဆောင်ရန် မလိုတော့ချေ။ အင်တာနက်လိုင်း မြန်ဆန်ရေး၊ ဆက်သွယ်ရေး ကိရိယာများ ဈေးနှုန်းချိုသာရေးနှင့် မြန်ဆန်စေေ ရး၊ ခေတ်မီနည်းပညာကို ရွာသားတိုင်း အသုံးပြုတတ်ရေးကိုသာ အလေးထားရတော့မည်ဖြစ်သည်။

အထက်ပါအတိုင်း ဆောင်ရွက်ခြင်းဖြင့် အရပ်သားအစိုးရ အနေနှင့် နိုင်ငံတည်ဆောက်ရေး၏ လုပ်ငန်းဆောင်တာ တချို့ကို စရိတ်နည်းနည်းဖြင့် မြန်ဆန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ၁၈၈၆
ခုနှစ် ဝန်းကျင်ခန့်က မြန်မာနိုင်ငံကို သိမ်းပိုက်ထားသော အင်္ဂလိပ်အစိုးရဆိုလျှင် သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ်ကို ခေတ်သစ် အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးစဉ် အစပိုင်းကာလ၌ စီရင်စုရုံးစိုက်ရာ မို့နှင့် နယ်ပိုင်ရုံးစိုက်ရာ မြို့တို့တွင် စာတိုက်များ ဖွင့်လှစ်ခဲ့ရသည်။ သို့သော်လည်း ထိုစဉ်က စာပို့လုပ်ငန်းမှာ လုံခြုံစိတ်ချရခြင်း မရှိ၍ ချောစာအိတ်တို့ကို တပ်သား အစောင့်အရှောက်တို့ဖြင့် ပို့ခဲ့ရသည်ဟု ဖတ်ဖူးသည်။

ဆိုလိုသည်မှာ ထိုစဉ်က ဆက်သွယ်ရေး လုပ်ငန်းကို ခက်ခက်ခဲခဲ ထူထောင်ခဲ့ရခြင်းကို ယခုခေတ်နှင့် ယှဉ်ပြောလိုခြင်း ဖြစ်ပါသည်။ ယနေ့ခေတ်တွင် အင်တာနက် ဆက်သွယ်ရေးသာ ကောင်းမွန်လာပါက လူတစ်ဦးချင်းစီတွင် အီးမေးလ်ကဲ့သို့သော စာတိုက်ပုံးတစ်ပုံးစီ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ယင်းအတွက် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာတွင် တပ်သား အစောင့်အရှောက်တို့၏ လုပ်အား၊ ငွေကြေးနှင့် အချိန် ကို ချွေတာနိုင်ပြီး စက္ကန့်ပိုင်းအတွင်း ဆက်သွယ်နိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ယင်းမိုဘိုင်းဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး ဖွံ့ဖြိုးလာခြင်းသည်ပင် ရွာဖုန်းရုံမှ ဖုန်းခေါ်ဆိုသံ သိပ်မကြားရတော့ခြင်း၏ အကြောင်းအရင်း ဖြစ်ပေသည်။

ဆင်းမ်ကတ်နှင့် ဖုန်းပစ္စည်းများ ဈေးနှုန်းချိုလာစေခြင်း၊ အင်တာနက် ဆက်သွယ်ရေး မြန်ဆန်လာစေခြင်းနှ င့် ခေတ်မီနည်းပညာကို ရွာသူရွာသားများ တစတစ အသုံးပြုတတ်လာခြင်းတို့သည်ပင် နောင်အနာဂတ် တွင် ရွာလူကြီး၏ သတင်းထုတ်ပြန်သံကို ပျောက်ကွယ်စေနိုင်သည့် အလားအလာ တစ်ရပ်လည်း ဖြစ်ပေ သည်။ ရွာသားတိုင်းသာ ဖေ့စ်ဘုတ်ကဲ့သို့သော လူမှုကွန်ရက်ကို အသုံးပြုတတ်လာလျှင် ရွာလူကြီးအနေနှင့် အသံချဲ့စက်ကြီး တကြော်ကြော်ဖြင့် နားထင်ကြော ထောင်အောင် အော်ဟစ်နေရန် မလိုတော့ချေ။ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို လူမှုကွန်ရက် စာမျက်နှာတွင် တင်လိုက်ခြင်းဖြင့် ရွာသားအားလုံးကို သိရှိစေနိုင်သည် မဟုတ်ပါလား။

မကြာမီ ကာလမှာပင် ဝန်ဆောင်မှု ညံ့ဖျင်းသည့်အပြင် ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထား ခဲ့သော မြန်မာ့ဆက်သွယ်ရေးနှင့်အပြိုင် နိုင်ငံခြားဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီတို့က လုပ်ငန်းစတ င်တော့မည် ဖြစ်ရာ တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာဖွယ် ရှိသော မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်ဆက် သွယ်ရေးက ကျေးရွာလူထု၏ ယခင်ရှိရင်းစွဲ လူနေမှုပုံစံနှင့် ကျေးရွာအုပ်ချုပ်ပုံတို့ကို ပုံသစ်သွန်းလော င်းတော့မည် ဖြစ်သည်။ ကျေးရွာလူထု နားယဉ်ပါးနေပြီ ဖြစ်သော ဟဲလို လော်တက်စီ ဝမ်း၊ တူး၊ သရီးဆိုသော မိုက်စမ်းသံနှင့်အတူ အသံချဲ့စက်သံ သုံးသံမှာမူ သမိုင်းတွင် ကျန်ရစ်ခဲ့တော့မည် ဟူ၍သာ...။

ဉာဏ်မျိုးအောင်

Monday, June 2, 2014

ပါတီ၊ ကွန်ရက်နှင့် ပြည်ပအလှူငွေရယူမှု နိုင်ငံရေးပါတီများ အယူအဆကွဲ

Written by  ဉာဏ်မျိုးအောင်

နိုင်ငံရေးပါတီများ ပြည်ပအလှူငွေ ရယူခြင်း မပြုရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေတွင် အတိအလင်း ဖော်ပြထားသော်လည်း ပါတီအမည်အောက်တွင် ဖွဲ့စည်းထားသည့် ကွန်ရက်များ ၊ ကော်မတီများ ကဲ့သို့သော အဖွဲ့အစည်းများက ပြည်ပအလှူငွေ ရယူခွင့်ရှိ မရှိအပေါ် အယူအဆ မတူကြကြောင်း ယင်းပါတီများထံမှ သိရသည်။
နိုင်ငံရေးပါတီများက ကော်မတီ၊ ကွန်ရက် ကဲ့သို့သောအဖွဲ့များ ဖွဲ့စည်းပြီး နိုင်ငံတကာ အထောက်အပံ့များ ရယူကာ ပညာရေး၊ ကျန်းမာရေးတို့တွင် သုံးစွဲနေမှုမှာ လုပ်ဆောင်ရန် သင့်၊ မသင့် အကြံပြုစေလိုကြော င်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇွန်လ ၁၀ ရက်နေ့တွင် နိုင်ငံရေးပါတီများ ထံ စာပေးပို့ခဲ့သည်။ နိုင်ငံရေးပါတီများ အနေနှင့် အကြံပြုချက်များကို ဇွန်လ ၂၁ရက်နေ့ နောက်ဆုံးထား ပြီး ပေးပို့စေလိုကြောင်းလည်း ယင်းစာတွင် ဖော်ပြထားသည်။

ယင်းအကြံပြုချက် မတောင်းခံမီ ဧပြီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင် တို့ တွေ့ဆုံစဉ် NLD ကျန်းမာရေး ကွန်ရက်က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာယန်ဟို လန်၏ အလှူငွေကို လက်ခံခြင်းမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေနှင့် ငြိစွန်းနေကြောင်း နိုင်ငံရေးပါ တီနှစ်ခုက တင်ပြခဲ့ဖူးသည်။

နိုင်ငံရေးပါတီများသည် နိုင်ငံခြား တိုင်းပြည်တစ်ခု၏ အစိုးရ သို့မဟုက် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှ ငွေကြေးပစ္စည်းနှင့် အခြားအထော က်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံ ယူခြင်း မပြုရဟု နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၆(စ) နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ) တို့တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပေးပို့ခဲ့သည့် NLD ပါတီ၏ အကြံပြုချက်တွင် ဥပဒေအတိုင်း လုပ်ဆောင် သွားရန်နှင့် ကွန်ရက်များမှာ ပါတီက ဖွဲ့စည်းပေးခြင်း မဟုတ်သဖြင့် ပါတီနှင့် မသက်ဆိုင်ဟု ရေးသား ထားကြောင်း NLD ပါတီဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကမူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂(င)တွင် ဖော်ပြထားသော ပါတီအဓိပ္ပာယ် ဖွင့်ဆိုချက်အရ ယင်းပါတီက ဖွဲ့စည်းပေးထားသော ပါတီခွဲ အဆင့်ဆင့်သည်လည်း ပြည်ပထောက်ပံ့ငွေ ရယူခြင်း တားမြစ်ချက်ကို လိုက်နာရမည် ဖြစ်ကြောင်း ၎င်း၏စာတွင် ဖော်ပြသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ရောပြောလို့ မရဘူး။ ကွန်ရက်ကို ပါတီက ဖွဲ့တာ မဟုတ်ဘူး”ဟု ဆိုသည်။

ကွန်ရက်များ အနေနှင့် နိုင်ငံရေးပါတီ အမည်ခံပြီး နိုင်ငံရေးပါတီတစ်ခု၏ လက်အောက်တွင် ပါတီလုပ် ငန်းစဉ်ကို အကောင်အထည် ဖော်နေသည့်သဘော သက်ရောက်ပါက ဥပဒေနှင့် ငြိစွန်းကြောင်း တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်ရှိန်က မှတ်ချက်ပြုသည်။

သို့သော် NLD ပါတီ ကျန်းမာရေး ကွန်ရက်နှင့် ပညာရေး ကွန်ရက်များမှာမူ ဘဏ္ဍာရေးမှအစ ပါတီ၏ သြဇာကင်းပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေနှင့် မငြိစွန်းကြောင်း NLD ပါတီဝင်တစ်ဦးလည်း ဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ရှိန်က ငြင်းဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းတင်ကမူ နိုင်ငံရေးပါတီများက ကော်မ တီနှင့် ကွန်ရက်များ ဖွဲ့စည်းပြီး ပြည်ပအလှူငွေ လက်ခံရယူခြင်းမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေနှင့် မညီကြောင်း ၎င်းတစ်ဦးတည်း၏ သဘောထားကို ထုတ်ဖော် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကြည်သန်းကလည်း နိုင်ငံရေးပါတီ များကို ပြည်ပ အလှူငွေ လက်ခံခွင့်ပြုပါက ပြည်တွင်း နိုင်ငံရေးတွင် ပြည်ပနိုင်ငံများ၏ သြဇာသက်ရောက်မှု ရှိနိုင်သဖြင့် ပြည်ပအလှူငွေ လက်ခံရယူသော နိုင်ငံရေးပါတီများကို ဥပဒေအတိုင်း အရေးယူရန် အကြံပြု ထားသည်ဟု ဆိုသည်။

 “ပြည်ပအလှူငွေ ခွင့်ပြုလိုက်ရင် ရတဲ့သူနဲ့၊ မရတဲ့သူနဲ့ ပါတီစည်းရုံးရေးမှာ မမျှတမှုတွေ ဖြစ်သွားနိုင်တယ်” ဟု ဦးကြည်သန်းက အနာဂတ်တွင် ဖြစ်လာနိုင်သည့် နိုင်ငံရေး ပြဿနာကို ခန့်မှန်း ပြောဆိုသည်။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အနေနှင့် ပြည်ပအလှူငွေကို လက်မခံသည့်အပြင် ပြည်ပအလှူငွေ လက်ခံသော နိုင်ငံရေးပါတီများ ကိုလည်း အားမပေးကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဦးစောသိန်းအောင်က ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများ ပြည်ပငွေကြေးလက်ခံမှု ကို နှစ်ကြိမ်တိုင်တိုင် သတိပေးပြီး လိုက်နာမှု မရှိပါက နောက်ဆုံးအကြိမ်တွင် နိုင်ငံရေးပါတီ ဖျက်သိမ်းသော အမိန့်ကို မိမိကိုယ်တိုင် ထုတ်ပြန်သွားမည်ဟု နိုင်ငံရေးပါတီများနှင့် ဧပြီလ ၂၆ရက်နေ့ တွင် တွေ့ဆုံစဉ် သတိပေး ပြောကြားသည်။ ယင်းကိစ္စကို ကိုင်တွယ်မှုကြောင့် ပြဿနာအများ ကြီး ဖြစ်နိုင်သော်လည်း မိမိဘဝကို ရင်းပြီး လုပ်ဆောင်သွားမည်ဟု ဦးတင်အေးက ပြောဆိုသည်။

သြစတြေးလျ-မြန်မာ ပါလီမန်အဖွဲ့ ဥက္ကဋ္ဌ Ms. Janelle Saffin ကမူ နိုင်ငံရေးပါတီတစ်ခုကို မှတ်ပုံတင် ရုပ်သိမ်းပိုင်ခွင့်အထိ ရွေးကောက်ပွဲ ကော်မရှင်ကို အကြွင်းမဲ့ လုပ်ပိုင်ခွင့်အာဏာ ပေးထားခြင်းကို လွှတ်တော်တွင် ပြန်လည် သုံးသပ်သင့်ကြောင်း ၎င်း၏ နိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းပုံအခြေခံဥပေ ဒ ပြဋ္ဌာန်းချက်များဆိုသော စာတမ်းတွင် ဖော်ပြထားသည်။

NLD ကျန်းမာရေး ကွန်ရက်က တရုတ်သံအမတ်ကြီး အလှူငွေ လက်ခံရယူခြင်းအပါအဝင် နိုင်ငံရေး ပါတီများ ပြည်ပအလှူငွေ ရယူခြင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့် ငြိစွန်းမှုရှိ၊ မရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြပြီး အဆုံးအဖြတ် ရယူသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယခုနှစ် ဧပြီလ ၂၆ ရက်နေ့က ပြောကြားထားသည်။

Ms. Janelle ကလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေပုဒ်မ၂၀ (ခ)အရ အစွပ်စွဲခံရသော နိုင်ငံေ ရးပါတီ အနေနှင့် ကော်မရှင်၏ ဆုံးဖြတ်ချက်ကို တရားရုံး တက်ဖြေရှင်းခွင့် မပြုသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ အဆုံးအဖြတ်ကို ရယူခြင်းမျိုး ပေါ်ပေါက်လာနိုင်သည်ဟု ကြိုတင် ခန့်မှန်းသည်။

ယင်းကြောင့် ပါတီအမည်အောက်တွင် ဖွဲ့စည်းထားသည့် ကွန်ရက်များ၊ ကော်မတီများက ပြည်သူလူထု လိုအပ်ချက်များကို ပံ့ပိုးကူညီမှု ပြုရာတွင် ပြည်ပအလှူငွေ လက်ခံသင့်၊ လက်မခံသင့် ဆိုသည့်ကိစ္စ မှာ နိုင်ငံရေးပါတီများအကြား အမြင်အမျိုးမျိုး ဖြစ်နေသကဲ့သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ လည်း ရှင်းလင်းပြတ်သားသည့် အဖြေမရှိပေရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဆုံးအဖြတ်ကို ရယူခြင်းမျိုး ဖြစ်လာမည်ဟု နိုင်ငံရေးသမားများက သုံးသပ်နေကြခြင်း ဖြစ်ပေသည်။

ဥာဏ်မျိုးအောင်