Wednesday, July 26, 2017

ဒီမိုကရက်တိုက်ဇေးရှင်း

Written By ဥာဏ်မျိုးအောင်

ဘာသာရပ်ထဲမှာ Democratizationကို ဖတ်ရတာ စိတ်မ၀င်စားဆုံး၊
အပျင်းဆုံးပဲ။ ဒါပေမင့် ဒီမှာတော့ ဒီအကြောင်းအရာကိုပဲ မကြားချင်
အဆုံး ပြောနေ၊ ရေးနေကြတော့ အနည်းအကျဉ်းလောက်တော့
ဖတ်ကြည့်ဖြစ်တယ်။ မနှစ်က ဆရာတယောက် ပြောတာ အမှတ်
ရတယ်။ ရှမစ်ထာနဲ့ တွေ့တော့ ဆရာက ရှမစ်ထာတို့ သုတေသနပြု
aရးသားထားတဲ့ စာအုပ်က ဗမာပြည်အတွက် စောင်းရေး ထားသလား
ထင်မှတ်ရကြောင်း ပြောပါတယ်။ Transitions from Authoritarian
Rule: Tentative Conclusions about Uncertain Democracies
(O’Donnell and Philippe C. Schmitter) စာအုပ်ကို ဖတ်ကြည့်တော့
ဗမာနိုင်ငံရေးမှာ ကပြမယ့် ပြဇာတ်အတွက် ကြိုရေးထားတဲ့
ဇာတ်ညွှန်းတပုဒ်လား အောက်မေ့ရတယ်။ အောက်က ကောက်နုတ်
ချက်တွေကို အမြည်းသဘော ဖတ်ကြည့်ပါခင်ဗျား။

*အာဏာရှင် အုပ်ချုပ်ရေးစနစ်ကနေ မသေချာ မရေရာတဲ့ “(အုပ်ချုပ်ပုံစနစ်)
တစုံတရာ”ဆီ ကူးပြောင်းမှုကို ရေးထားပါတယ်။ ယင်းတစုံ တရာဆိုတာ
အရည်အသွေး မပြည့်ဝတဲ့ နိုင်ငံရေးပိုင်း ဒီမိုကရေစီ (Political Democracy)
ဖြစ်နိုင်သလို အာဏာရှင် အုပ်ချုပ်ရေးပုံစံ သစ်တခုကို ပြန်လည်ထူထောင်တာ
သို့မဟုတ် ပိုပြီး တင်းကျပ်တဲ့ အာဏာရှင် အုပ်ချုပ်ရေး စနစ်တခုကို ထူထောင်
တာလဲ ဖြစ်နိုင်ပါ တယ်။

*ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အာဏာရှင် အုပ်ချုပ်ရေးသမားတွေဟာ
သူတို့ရဲ့ တရားဝင် ရပ်တည်နိုင်ရေးအတွက် အခုနေချိန်ခါမှာ အာဏာရှင်ပုံစံ
အုပ်ချုပ်မှုနဲ့ ဖိနှိပ်မှုတွေကို ကျင့်သုံးပြီးတော့ တဖက်ကလဲ အနာဂတ်ကာလမှာ
 ဒီမိုကရေစီစနစ်နဲ့ လွတ်လပ်မှု ထွန်းကားရေးကို ကတိတွေ ပေးနေပါတယ်။
အဲဒါကိုက သူတို့ဟာ (ယာယီ) အကူးအပြောင်းကာလ အစိုးရသာ ဖြစ်တယ်
ဆိုတာ ပေါ်လွင်ပါတယ်။ ကမ္ဘာအနှံ့ ပြန့်နေတဲ့ ခေတ်ပြိုင် အတွေးအခေါ်
တွေနဲ့ ပြည်တွင်းက လူထုရဲ့ ပြည်သူဗဟိုပြု အချုပ်အခြာအာဏာ
(Popular Soverei-gnty) ရှိရေး တောင်းဆိုမှုတွေက အာဏာရှင်
အုပ်ချုပ်ရေးအပေါ် ပိုပြီး ကန့်သတ်မှုတွေ ဖြစ်လာစေပါတယ်။

*ယခင် အုပ်ချုပ်သူတွေဟာ အမာသမားနဲ့ အပျော့သမားဆိုပြီး အုပ်စုနှစ်ခု
ဖြစ်လာတတ်ပါတယ်။ အမာအုပ်စုမှာလဲ အုပ်စုငယ်တွေမျိုးစုံ ပါဝင်ပါတယ်။
အမာအုပ်စုဘက်က တချို့တွေဟာ အာဏာရှင် အုပ်ချုပ်ရေးကို သူတို့
အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် လက်ခံထား သူတွေ ဖြစ်ပြီး
တချို့တွေကတော့ ဒီမိုကရေစီစနစ်ကို အူထဲအသည်းထဲကကို ငြင်းဆို
လက်မခံသူတွေပါ။ အချိန်ကာလကို လိုက်လို့ (အမာအုပ်စုက) အခွင့်အရေး
သမားတွေကို (အတိုက်အခံဘက် ပါလာအောင်) ၀ယ်ဖို့ စဉ်းစားဆုံးဖြတ်
ရတာဟာ နိုင်ငံရေးစနစ် ကူးပြောင်းမှုရဲ့ လုပ်ငန်း တစ်ရပ်ပါပဲ။

*အပျော့သမား အုပ်စုဟာ သူတို့တွေ အခုနေခါ အရေးပါတဲ့ နေရာတွေကို
ပိုင်ဆိုင်ထားတဲ့ အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ရေရှည် တရားဝင်ဖို့
အတွက်ဆိုရင် အတိုက်အခံ အုပ်စုဘက်က (အာဏာရှင် အုပ်ချုပ်သူတွေနဲ့
ညှိနှိုင်းလိုတဲ့ သဘောထားရှိတဲ့) အလယ်အလတ် ၀ါဒီတွေနဲ့ နိုင်ငံတကာ
အမြင်မှာ လက်ခံနိုင်လောက်တဲ့ လွတ်လပ်ခွင့်တွေ ခွင့်ပြုပြီးတော့
ရွေးကောက်ပွဲကနေ တရားဝင်မှုကို ဆက်လက် ရယူနိုင်ဖို့ပါ။ ဒီအပျော့
သမား အစုမှာလဲ လူမျိုးစုံ ပါပါတယ်။ တချို့တွေက အာဏာရှင်
အုပ်ချုပ်ရေးကနေ သူတို့ လိုချင်တာတွေ ရပြီးလို့ ပုဂ္ဂလိက (ပိုင်ဆိုင်
မှုတွေကို) နှစ်သက်ခံစားမှုပဲ လုပ်နေချင်သူတွေ ဖြစ်ပါတယ်။
တချို့တွေကတော့ လွတ်လပ်မှုကို အကန့်အသတ်နဲ့ ခွင့်ပြု ပြီးတော့
လက်ရှိရာထူးနဲ့ အခွင့်ထူးခံ အနေအထားတွေကို ဆက်လက်
ကာကွယ်ချင်သူတွေ ဖြစ်ပါတယ်။ တချို့တွေကတော့ အသစ်ဖြစ်
ထွန်းလာမယ့် အုပ်ချုပ်ရေးမှာ ရွေးကောက်တင်မြှောက်ခံ
ရာထူးတွေကို လိုလားလို့ ဖြစ်ပါတယ်။

*စနစ်အကူးအပြောင်းကာလမှာ အာဏာပြန်သိမ်းမှာ ကြောက်တဲ့
ကြောက်ရွံ့မှုတွေ ရှိပါတယ်။ ဒါက ယုံတမ်း စကားသက်သက် မဟုတ်
ပါဘူး။ ပဋိပက္ခတွေနဲ့ မသေချာမှုတွေ ပြင်းထန်လာတဲ့အခါမှာ နိုင်ငံရေး
ဒီမိုကရေစီကနေ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးထဲ ထိုးကျသွားမှာ
ကြောက်တဲ့ အမာအုပ်စုတွေက တချိန်က ရွှေထီးဆောင်း ကာလ
တွေဖြစ်တဲ့ ငြိမ်ဝပ်ပိပြားရေး၊ လူမှုအေးချမ်း တည်ငြိမ်ရေးနဲ့ အမိန့်ကို
ရိုသေလေးစားရေးတွေ ပြန်လှည့်ဖို့ အစွမ်းကုန် လုပ်တတ်ကြပါတယ်။

*ဒီလို အာဏာသိမ်းမှာ ကြောက်ရွံ့မှုက အတောင်အလက်စုံတဲ့ (အရည်
အသွေးမှီ) ဒီမိုကရေစီစနစ်ကို တောင်းဆိုနေသူတွေကို ရွေးချယ်မှုဆိုင်ရာ
အခက်အခဲတွေ ဖြစ်စေတတ်ပါတယ်။ ဒီတော့ ရေရှည်မှာ ကိုယ့်ရဲ့ အဓိက
မဟာမိတ် ဖြစ်လာမယ့် အုပ်စုတွေက (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
ပညာရေး) ပြဿနာတွေကို နိုင်ငံရေးဘောင် သွတ်သွင်းပြီးတော့
လူမှုတက်ကြွလှုပ်ရှားမှုတွေ လုပ်လာတာကို တားမြစ်ဖို့ ဒါမှမဟုတ်
အားမပေးဖို့ လုပ်နိုင်ပါတယ် ။ သူတို့တွေ (တားမြစ်သူတွေ)က
(ဒီတက်ကြွလှုပ်ရှားမှုတွေက) အာဏာသိမ်းလိုသူတွေအတွက်
အကြောင်းပြချက်ကောင်း ဖြစ်သွားမှာ ကြောက်ကြပါတယ်။
တကယ်တော့ ဒီလိုမျိုး အလွန်အကျူး မျှော်ပြီး ကြောက်လို့
(တားမြစ်တာ အားမပေးတာ) လုပ်ရင်လဲ အာဏာသိမ်းရေး
ထောက်ခံနေသူတွေက အာဏာ မသိမ်းရဘဲနဲ့တောင် သူတို့
ရည်ရွယ်ချက် ပြည့်တာမျိုး ဖြစ်ပါလိမ့်မယ်။ စနစ်ကူးပြောင်းမှုဟာလဲ
(လွတ်လပ်ခွင့် အနည်းအကျဉ်း) ဖြေလျော့ရေးမှာတင် တန့်နေပြီး
အတိုက်အခံတွေကြားမှာ အကွဲအပြဲနဲ့ ပန်းတိုင်ေ၀၀ါးမှုတွေနဲ့
အဆုံးသတ်ရပါလိမ့်မယ်။

*ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် သွတ်သွင်းနိုင်ရင်တော့
(အတိုက်အခံဘက်က) အပျော့သမား အုပ်စုဟာ အမာသမား အုပ်စု
ဘက်က သစ္စာဖောက်လို့ စွပ်စွဲမှုဘေးက လွတ်ကင်းနိုင်ပြီး တိုင်းပြည်ကို
ဂုဏ်ယူထိုက်တဲ့ အနာဂတ်ဆီ ဦးဆောင်ပေးနိုင်တဲ့အတွက် သမိုင်းက
မှတ်တမ်းတင် ဂုဏ်ပြုပါလိမ့်မယ်။

*(အတိုက်အခံဘက်က) အပျော့သမားအုပ်စုဟာ ရာထူးကြီးပြီး
ပရော်ဖက်ရှင်နယ် ပီသသူ စစ်ဘက်အရာရှိတွေကို ရှာဖို့ လိုပါတယ်။
ဒီအရာရှိတွေက စနစ်အပြောင်းအလဲက တပ်အတွက် ကောင်းမွန်
စေတယ်လို့ ယုံကြည်တာကြောင့် စနစ်အပြောင်းအလဲကို ထောက်ခံ
နိုင်ပါတယ်။ အာဏာသိမ်းတာတွေ လုပ်ရင် (စနစ်အပြောင်းအလဲကို
ထောက်ခံတဲ့) တပ်အာင်အားစုရဲ့ အင်အားကို ဆန့်ကျင်တွန်းလှန်ပြီး
တော့မှ သိမ်းနိုင်တဲ့ အနေအထားမျိုး ဖြစ်ရပါမယ်။ ဒါဆိုရင် အာဏာ
သိမ်းရေးဟာ အောင်မြင်မယ် မအောင်မြင်မယ် မသေချာတဲ့ စွန့်စား
ရမှု ဖြစ်ပါလိမ့်မယ်။ တပ်ထဲမှာလဲ နိုင်တဲ့ မြင်းကို တက်စီးမယ့်
အခွင့်အရေးသမားတွေ ရှိပါတယ်။

*(အာဏာရှင် အုပ်ချုပ်သူဟောင်းတွေနဲ့ ညှိနှိုင်းပြီးတော့
ပဋိညာဉ်တရပ် ပြုရာမှာ အောင်မြင်ဖို့အတွက်) ခေါင်းဆောင်နဲ့
ခေါင်းဆောင်ရဲ့ နန်းတောင်စောင့် ဘော်ဒီဂတ်တွေဟာ အပျော့
အုပ်စုကို သစ္စာစောင့်ဖို့ လိုပြီး အရင်က ကိုယ့်မဟာမိတ်ဖြစ်တဲ့
 အမာသမားတွေကို ကစားကွင်းထဲနေ ထုတ်ပယ်ပစ်ရပါမယ်။
သက်ဆိုင်ရာ မဲဆန္ဒနယ်တွေကို ကိုယ်စားပြု ထိန်းနိုင်စွမ်းရှိတဲ့
ထင်ပေါ်သူတွေကို ရှာဖွေကာ စွမ်းရည်မြှင့်ပေးပြီး ပဋိညာဉ်မှာ
သဘောတူထားထဲ့ စည်းမျဉ်းတွေအရ နိုင်ငံရေး ကစားကွင်းမှာ
ပြိုင်မယ်ဆိုတာ ယုံကြည်အောင် လုပ်ရ ပါတယ်။ ပဋိညာဉ်မှာ
ပါတာတွေက မူဝါဒ ရွေးချယ်မှုတွေကို ကန့်သတ်ထားတာမျိုး၊
အကျိုးအမြတ်တွေကို အချိုးကျ ခွဲဝေတာမျိုး၊ ဆုံးဖြတ်ချက်
ချနိုင်ခွင့်နေရာမှာ (ပဋိညာဉ်) ပြင်ပက လူတွေ မရောက်လာအောင်
တင်းကျပ်ထားတာမျိုးတွေ ပါဝင်ပါတယ်။ ဒီလို သဘော တူတာတွေ
လုပ်ပြီးရင်တော့ (ပြဿနာတရပ်ရပ်ကို ဖြေရှင်းရာမှာ) စစ်တပ်
ပါဝင်စွက်ဖက်မှုနဲ့ လူထု တက်ကြွလှုပ်ရှားမှုလိုမျိုးတွေ မလုပ်ဖို့
သဘောတူပါတယ်။

*ပုဂ္ဂလိက လွတ်လပ်မှု ကူးလူးဆက်ဆံမှုနဲ့ ဈေးကွက် ချိတ်ဆက်မှု
အားကောင်းလာတာနဲ့အမျှ အရင်က ပဋိညာဉ်အရ သဘောတူညီချက်
ရယူထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်စုဟာ ကိုယ့်နောက်လိုက်တွေကို
ထိန်းထားဖို့ ခက်ခဲလာပါတယ်။ အသင်းအပင်း အဖွဲ့ဝင်တွေဟာ
ကိုယ်ပိုင် လွတ်လပ်ခွင့် ပြဌာန်းနိုင်ခွင့်ကို ပိုတောင်းဆို လာကြပါတယ်။
အုပ်စုအသစ်တွေလဲ ဖွဲ့စည်းလာကြပါလိမ့်မယ်။ ပဋိညာဉ် သဘော
တူချက်မှာ မပါတဲ့ ပါတီတွေ အင်အားကောင်းလာနိုင်ပြီး ပါလီမန်နဲ့
အစိုးရဖွဲ့ရေးကို အဖျက်သဘော စတင်လုပ်ဆောင် လာနိုင်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ ဟိုဘက် ဒီဘက် ထိပ်သီးခေါင်းဆောင်
တွေချင်း (ကွက်ကွက်လေး တွေ့ပြီး) သဘောတူထားမှုကို
ဆက်ထိန်းထားဖို့ ခက်ခဲလာပါတယ်။

*(ပဋိညာဉ်ပါ အဖွဲ့တွေရဲ့) အဖွဲ့ဝင်တချို့ဟာ ပဋိညာဉ် ပြင်ပက
လူတွေနဲ့ မဟာမိတ်ဖွဲ့တာ သူတို့နောက်လိုက် တွေကို တက်ကြွ
လှုပ်ရှားမှုမှာ ပါဝင်စေတာမျိုးတွေ ရှိနိုင်ပါတယ်။ တချို့တွေက
 အာဏာရှင် အုပ်ချုပ်ရေးသမားတွေ ကန့်သတ်ထားတဲ့ အကန့်
အသတ်တွေကို စတင် သွေးတိုးစမ်းလာပါတယ်။ နှစ်ကာလ
အတော်ကြာအောင် ပိတ်ပင်တားမြစ် ခံထားရပြီးမှ ဒီလိုမျိုး
အများပြည်သူသိ ထုတ်ဖော်ပြောဆို လာနိုင်ခြင်းဖြင့်
လူတွေရဲ့ ဘုံသဘောတူ စိတ်ကူးတွေ၊ အတွေးတွေကို
ရှာတွေ့လာပါတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်း တခုလုံးကို
တစတစ နိုင်ငံရေး ဘောင်ထဲ ပြန်လည်သွတ်သွင်းနိုင်ဖို့
အထောက်အကူ ပြုပါတယ်။ အရင်က နိုင်ငံရေးပါတီတွေ
ပြန်ပေါ်လာတာ အသစ်တွေ ပေါ်လာတာမျိုး၊ အရင်က
ပိတ်ပင် တားမြစ်ထားတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ
ရုတ်တရက် ပြန်ပေါ် လာတာမျိုး အသိပညာရှင် အတတ်
ပညာရှင် အသင်းအဖွဲ့တွေ ပြန်လည်ဖွဲ့စည်းပြီး အာဏာရှင်
အုပ်ချုပ်ရေးကို ဝေဖန်ထောက်ပြတာမျိုး၊ အနုပညာရှင်
ဂီတပညာရှင် ပြဇာတ် ဆရာ သရော်စာ ဆရာတွေကလဲ
သရော်ရေးသားပြတာမျိုးတွေ တစတစ အားကောင်းလာပြီး
(အာဏာရှင် အုပ်ချုပ်ရေးကိုဆို) ပြည့်ရှင် မင်းကြီး
ကိုယ်လုံးတီး ဖြစ်ကြောင်း စတင်ထင်ရှားလာပါတယ်။

*မထင်မှတ်လောက်အောင် မြန်ဆန်ပြီး အရပ်ဘက် အဖွဲ့အစည်း
အများစု ပါဝင်တဲ့ ဒီအပြောင်းအလဲတွေဟာ ယခင် အာဏာရှင်
အုပ်ချုပ် သူဟောင်းတွေ အာဏာ ဆက်ထိန်းထားဖို့ ခက်ခဲ
လာစေပါတယ်။ အမာသမား အုပ်စုတွေအတွက်လဲ အာဏာ
သိမ်းဖို့အတွက် အကျိုးအ ဆက် ကြီးမားစေပါတယ်။ တချို့သော
စနစ်ကူးပြောင်းမှုတွေ မှာ အကူးအပြောင်းကာလရဲ့ အချိန်တခုမှာ
 လူ့အဖွဲ့အစည်းရဲ့ အလွှာပေါင်း စုံက အတူတကွ ပူးပေါင်းပြီတော့
လူထုအုံကြွမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ကုန်သွယ်ရေး
သမဂ္ဂတွေ၊ အခြေခံနင်းပြား လူထုလှုပ် ရှားမှုတွေ၊ ဘာသာရေး
အစုအဖွဲ့တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ အနုပညာ
ရှင်တွေ၊ စာရေး စာချီတွေ၊ လူ့အခွင့်အရေး သမားတွေ၊
အသက်မွေဝမ်းကြောင်း အသင်းအဖွဲ့တွေ အားလုံးဟာ
ဒီမိုကရေစီစနစ် ပြောင်းလဲရေးအတွက် အချင်းချင်း
ထောက်ခံကူညီပြီး လူထုတရပ်လုံးအသွင် ပေါင်းစည်း
လာပါတယ်။ ဒီလို ပေါ်ထွန်းလာတဲ့ တပ်ဦးက မည်ကာမတ္တ
ဖြေလျှော့မှုနဲ့ တစိတ်တပိုင်းလောက်သာ ဒီမိုကရေစီ
ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဖို့ အင်အားကောင်းကောင်းနဲ့ ဖိအားပေးလာပါတယ်။
ဒီလိုမျိုး အံ့သြဖွယ် ပေါင်းစည်းမှုဟာ အရင် အာဏာရှင်
အုပ်စုထဲက အပျော့သမားတွေကိုသာမက သူတို့နဲ့
မဟာမိတ်တပိုင်းဖြစ်တဲ့ (အတိုက် အခံဘက်က) အလယ်
အလတ်ဝါဒီတွေကိုလဲ စိုးရိမ်ကြောက်လန့်စေပါတယ်။

သူ့စာအုပ်ထဲမှာ ရေးထားတာတွေထဲကမှ တချို့သော
အပိုင်းတွေကို ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စား
သူများကတော့ မူရင်း စာအုပ်ကို ရှာပြီး အပြည့်အစုံ
ဖတ်နိုင်ပါကြောင်း၊ ဒီမိုကရက်တိုက်ဇေးရှင်း လေ့လာဖို့
ဝါသနာပါသူ မိတ်ဆွေသူငယ်ချင်းများလဲ ရှာဖတ်ဖို့
တိုက်တွန်းလိုပါကြောင်း…………………..မိတ်ဆွေအပေါင်း။

ဗမာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိသတဲ့လား

Written By ဥာဏ်မျိုးအောင်

ဘာသာရေး လွတ်လပ်ခွင့်လို့ ပြောလိုက်ရင် အစိုးရဘက်က
ရှေ့နေလိုက်ပေးဖို့ အသင့်အနေအထား ပြင်ထားတဲ့ ပညာ
တတ်တွေက ရန်ကုန်မြို့လယ်ကောင်က ဗုဒ္ဓဘာသာအထိမ်း
အမှတ် ဆူးလေဘုရားရယ်၊ ဆူးလေဘုရားနဲ့ မလှမ်းမကမ်းက
ခရစ်ယာန်ဘာသာ အထိမ်းအမှတ် ဧမာနွေလဘုရားကျောင်းရယ်၊
ဆူးလေဘုရားအနီးက အစ္စလာမ်ဘာသာ အထိမ်းအမှတ်ဖြစ်တဲ့
ဗလီဝတ်ကျောင်းရယ် စတဲ့ မတူညီတဲ့ ဘာသာရေး အဆောက်
အအုံတွေ နီးနီးကပ်ကပ် တည်ရှိနေတာကို လက် ညှိုး ထိုးပြပြီး
ဗမာနိုင်ငံမှာ ကိုယ်နှစ်သက်ရာ ဘာသာကို လွတ်လွတ်လပ်လပ်
ကိုးကွယ်နိုင်ကြောင်း အားပါးတရ ရှင်းပြ တတ်ကြတယ်။

ဒီပညာတတ်တွေ ဖောက်လိုက်တဲ့ လေလမ်းကြောကို နောက်ပိုင်းမှာ
ဧည့်လမ်းညွှန်တွေပါ အလွယ်တကူ လက်ခံပြီး နိုင်ငံခြားသားဧည့်
သည်တွေကို ရှင်းပြတာတွေလဲ ကြားရဖူးပါတယ်။ ဒီတော့ ဗမာနိုင်ငံမှာ
ဘာသာရေး လွတ်လပ်ခွင့် အမှန်တကယ် ရှိရဲ့လားဆိုတာကို
 နိုင်ငံတော်နဲ့ ဘုရားကျောင်းတော်ကြား စည်းပိုင်းခြားထားမှု စံတွေကို
အသုံးပြု ပြီးတော့ ကျွန်တော် ဆွေးနွေးသွားပါမယ်။ ဒီလိုဆွေးနွေးရာမှာ
အမေရိကန် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ တရား
လွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေကို အဓိကထားပြီးတော့
စံပြုထားပါတယ်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပထမပြင်ဆင်ချက်မှာ
လွှတ်တော်က ဘာသာတရားတစ်ခုကို နိုင်ငံတော်ဘာသာ အဖြစ်
ထူထောင်တဲ့ သို့မဟုတ် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို
တားမြစ်တဲ့ မည်သည့် ဥပဒေကိုမှ မပြုရဘူး၊ မပြဌာန်း ရဘူးလို့
ရေးထားပါတယ်။ နိုင်ငံတော်ဘာသာ မထူထောင်ရဘူးဆိုတာ
အစိုးရက ဘာသာတရားတစ်ခုကို တခြားဘာသာ တရားတစ်ခု
ထက် မျက်နှာသာပေးတာ၊ ဘာသာတရားမဟုတ်တဲ့ ယုံကြည်
သက်ဝင်မှု (ဥပမာ- ဘာသာမဲ့Atheism)တစ်ခု ထက် ထောက်
ခံတာ၊ ထောက်ပံ့တာ မလုပ်ရဘူးလို့ တရားလွှတ်တော်ချုပ်က
အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဒီပြဌာန်းချက်ဟာ ဘုရားကျောင်းနဲ့
နိုင်ငံတော်ကြားမှာ နံရံခြားထားတာလို့ (အစိုးလုပ်ငန်းတွေကို
ဘာသာရေးနဲ့ မရောတာကို ဆိုလိုတာ) ဆိုကြပါတယ်။ သူတို့ဆီမှာ
ခရစ်ယာန်တွေ များလို့ ဘုရားကျောင်းလို့ သုံးထားပေမယ့်
ဗမာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာက အများစု ဖြစ်တော့ ဘုန်းကြီး
ကျောင်းနဲ့ အစိုးရကြားမှာ နံရံခြားထားနိုင်မှု ရှိရမယ်လို့ ကောက်
ယူသင့်ပါတယ်။ လိုရင်းက တော့ အစိုးရလုပ်ငန်းတွေကို
ဘယ်ဘာသာရေးနဲ့မှ မဆက်နွှယ်၊ မရောယှက်တဲ့ လောကီ
ရေးသက်သက် အစိုးရ (Secular Government)မျိုးကို ဆိုလိုတာပါ။

ဒီပြဌာန်းချက်အရပဲ အစိုးရက ဘုရားကျောင်းနဲ့ ဆက်နွှယ်တဲ့
စာသင်ကျောင်းတွေကို ဘာသာရေးအကြောင်းအရာ မပါတဲ့
လောကီရေးသက်သက်ပဲ ပါတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်
(Secular Textbooks)တွေလောက်ပဲ ထောက်ပံ့လို့ ရတယ်။
ဘုရားကျောင်းနဲ့ ဆက်နွှယ်တဲ့ စာသင်ကျောင်းတွေမှာ
စာသင်ပေးနေတဲ့ ဆရာတွေရဲ့ လခကို အစိုးရက မပေးရဘူးလို့
တရားလွှတ်တော်ချုပ်က တားမြစ်ထားတယ်။ ဘာသာရေးနဲ့
ဆက်နွှယ်တဲ့ စာသင်ကျောင်းတွေ အသုံးပြုဖို့ ပြည်သူ့ ဘဏ္ဍာငွေ
ခွင့်ပြုပေးရင်လဲ လောကီရေးသက်သက်ပဲ ပါတဲ့ သင်ရိုးညွှန်းတမ်း
စာအုပ်တွေအတွက်ပဲ သုံးခွင့်ရှိတယ်။ ဆရာ တွေကို လခပေးဖို့
အတွက် သုံးခွင့်မရှိဘူး။ ဘာလို့လဲဆိုတော့ သင်ရိုးညွှန်းတမ်းစာအုပ်
တစ်အုပ်မှာ ပါတဲ့ အကြောင်းအရာ တွေကို ကြည့်ပြီးတော့
ဘာသာတရားတစ်ခုကို အားပေးထောက်ခံနေသလားဆိုတာ
အလွယ်တကူ သိနိုင်ပေမယ့် ဆရာ တစ်ယောက်က စာသင်
ခန်းထဲမှာ ဘာသာတရားတစ်ခုကို အားပေးထောက်ခံ ပြောဆို
နေလားဆိုတာ အစိုးရက မသိနိုင်လို့ ပါပဲ။ တရားလွှတ်တော်ချုပ်ရဲ့
အထက်က ဆုံးဖြတ်ချက်ပေါ်မှာ အခြေခံပြီးတော့ ဗမာနိုင်ငံကို ပြန်ကြည့်ကြည့်ပါ။

ဗမာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေမှာ
ဘုန်းတော်ကြီးတွေ ဦးဆောင် ဖွင့်လှစ်တဲ့ စာသင်ကျောင်းက
ဆရာ၊ ဆရာမတွေအတွက် အစိုးရက လခ ထောက်ပံ့ပေးတာတွေ
ရှိပါတယ်။ သင်ရိုးညွှန်းတမ်းတွေမှာလဲ အဓိက ပါဝင် တာက
ဗုဒ္ဓစာပေက ယူထားတဲ့ ဇာတ်နိပါတ်တွေ၊ ပုံဝတ္ထုတွေ၊ ဆုံးမစာ
တွေပါပဲ။ ပြည်သူ့နီတိ သင်ရိုးညွှန်းတမ်း စာအုပ်တွေ မှာဆိုရင်လဲ
ကျောင်းသားတွေကို ဒီမိုကရက်တစ် ယဉ်ကျေးမှု၊ ဒီမိုကရေစီ
သဘောတရား၊ နိုင်ငံသားအခွင့်အရေး စတာ တွေကို သင်ပေး
ရမယ့်အစား ဗုဒ္ဓစာပေက ယူထားတဲ့ ကျင့်ဝတ်တွေ၊ နီတိတွေ၊
ဆုံးမစာတွေက စာအုပ် အပြည့်ပါပဲ။ ကျော င်းသားတွေကို
သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကလဲ ဗုဒ္ဓဘာသာဝင်
အများစုဖြစ်ပြီးတော့ ဆုံးမစကား ပြောရင်လဲ ဗုဒ္ဓ စာပေက
ကြားနာ၊ ဖတ်မှတ်ထားတာတွေကို အခြေခံပြီးတော့ပဲ
ပြောဆိုဆုံးမကြပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေဟာ
ဘာသာတရားတစ်ခုကို နိုင်ငံတော်ဘာသာအဖြစ်
မထူထောင်ရေး ပုဒ်မရဲ့ အနှစ်သာရကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အစိုးရစာသင်ကျောင်းတွေမှာ
ဘုရားစာရွတ်ဆိုတာကိုတောင် တရားလွှတ်တော်ချုပ်က တားမြစ်
ထားပါတယ်။ အစိုးရစာသင်ကျောင်းတွေမှာ သမ္မာကျမ်းစာ
ဖတ်တာကိုတောင် တရားလွှတ်တော်ချုပ်က လက်မခံဘူး၊
ပယ်ချတယ်။ Alabamaပြည်နယ်က ဒီဆုံးဖြတ်ချက်ကို မလိုက်နာဘဲ
 ရှောင်နိုင်ဖို့အတွက် ငြိမ်ငြိမ်သက်သက် ဘုရားစာ ရွတ်တာ၊
တရားထိုင်တာ လုပ်ဖို့ အစိုးရစာသင်ကျောင်းတွေက နေ့စဉ် တ
စ်မိနစ် ခွင့်ပြုနိုင်တဲ့ ဥပဒေပြုတယ်။ တရားလွှတ် တော်ချုပ်က
ဒီဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး၊ ဘာသာရေးနဲ့
ပတ်သက်လာရင် အစိုးရက လုံးဝ ကြားနေရ မယ်လို့ ဆုံးဖြတ်
လိုက်တယ်။ ဒီ့နောက် အစိုးရစာသင်ကျောင်းမှာ လုပ်တဲ့
 ဘောလုံးပြိုင်ပွဲတွေမှာတောင် ကျောင်းသားတွေ အုပ်စုဖွဲ့
ဘုရားရှိခိုးတာကို တားမြစ်ထားပါတယ်။

ဗမာနိုင်ငံမှာတော့ အောက်ခြေအဆင့် မူလတန်းလောက်ကတိုင်
တက္ကသိုလ်ဝင်တန်းလောက်အထိ နေ့စဉ်နဲ့အမျှ မနက်တိုင်း
ဗုဒ္ဓဘာသာ ဘုရားရှိခိုးစာတွေ ရွတ်ဆိုပြီးတော့ ကျောင်းသားတွေ
အားလုံး ရှိခိုးရပါတယ်။ ကျောင်းသားတွေကို အတန်းပိုင် ဆရာ၊
ဆရာမတွေက အသင်းလိုက် ခွဲပြီးတော့ နေ့စဉ် ဘုရားပန်းအိုး ရေလဲ တာ၊ ကျောင်းသားတွေဆီက ငွေစုပြီးတော့ ဘုရားပန်း ၀ယ်ကပ်ခိုင်း
တာတွေ လုပ်ခိုင်းပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာရေး
အထိမ်းအမှတ်ပွဲ တွေဖြစ်တဲ့ ကထိန်သင်္ကန်း ကပ်တာ၊ ၀ါဆိုသင်္ကန်း
ကပ်တာတွေကိုလဲ တက္ကသိုလ်အဆင့်ထိ ဆရာ၊ ဆရာမတွေက
ဦးစီး ဦးဆောင်ပြု ဆော်သြပြီးတော့ ငွေကောက်တာတွေ၊
လှူဒါန်းတာတွေ ပြုကြပါတယ်။ ဒါ့အပြင် တက္ကသိုလ်အတွင်းမှာ
ဗုဒ္ဓ ဘာသာ ၀တ်ရွတ်အသင်းတွေ ဖွဲ့ပြီးတော့ အလှည့်ကျ
ဝတ်ရွတ်တာ၊ ၀တ်ရွတ်ပြိုင်ပွဲ ကျင်းပတာတွေလဲ တွေ့ရ
ပါတယ်။ ဒါတွေဟာ ဘာသာတရားတစ်ခုကို နိုင်ငံတော်
ဘာသာအဖြစ် မထူထောင်ရေးဆိုတဲ့ ပုဒ်မကို ချိုးဖောက်နေ
တာပဲ ဖြစ်ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်
ထောင်စုမှာ ဆွေးနွေးငြင်းခုံခဲ့ရတဲ့ ဥပမာလေးတစ်ခုကို ကြည့်ရ
အောင်ပါ။ နိုင်ငံတော် သစ္စာအဓိဌာန်ပြုချက် (Pledge of Allegiance)မှာ
အစက “ဘုရားသခင်ရဲ့ ကြည့်ရှု့စောင့် မမှု (Under God)” ဆိုတဲ့
စကားလုံး မပါပါဘူး။ ဒီစကားလုံးကို ၁၉၅၄ခုနှစ်မှာ ကွန်မြူနစ်ဝါဒကို
ကြောက်လန့်စိတ် မြင့် တက်နေချိန်တုန်းက လွှတ်တော်က
အပိုထပ်ထည့်လိုက်တဲ့ စာသားတွေပါ။ ၂၀၀၄ခုနှစ်ရောက်တော့
ဒီပြဌာန်းချက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ နိုင်ငံတော်ဘာသာ
မထူထောင်ရေး သတ်မှတ်ချက်ကို ချိုးဖောက်ရာ ရောက်နေသလား
ဆိုတာကို တရားလွှတ်တော်ချုပ်က ကြားနာရပါတယ်။

စာသင်ကျောင်းက ကျောင်းသားတွေကို နိုင်ငံတော်သစ္စာ
အဓိဌာန်ပြုချက် ဆိုခိုင်းတာဟာ သူ့ သမီးရဲ့ ဘာသာရေး
လွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ကြောင်း ဘာသာမဲ့
ဝါဒီတစ်ယောက်က ဆွဲချက်တင်ပြီး စာသင်ကျောင်းကို
တရားစွဲဆိုလာလို့ပါ။ ဒီမှာတင် အချေအတင် ဆွေးနွေးငြင်းခုံ
တာတွေ ရှိလာပါတယ်။

ဘာသာမဲ့ဝါဒီကတော့ ပြည်သူ လူထုဆီက ကောက်ခံထားတဲ့
အခွန်ငွေတွေကို လစာအဖြစ် ယူထားတဲ့ ဆရာ ဆရာမ တွေက
မနက်တိုင်း ကျောင်းသားတွေကို အမေရိကန်ပြည်ထောင်စုဟာ
ဘုရားသခင်ရဲ့ ကြည့်ရှု့စောင့်မမှုခံရတဲ့ တစ်ခု တည်းသော
နိုင်ငံဖြစ်ကြောင်း “One Nation Under God”ကို ဦးစီးဦးဆောင်ပြု
အဆိုခိုင်းကြောင်း၊ ဘုရားသခင် ရှိတယ် ဆိုတဲ့ လူများစုရဲ့
ယုံကြည်ချက်ကို လက်မခံသူတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို
 ချိုးဖောက်ရာ ရောက်ကြောင်း၊ အစိုးရကိုယ်စားလှယ်တွေ
(ဆရာဆရာမတွေ) က ကလေးငယ်တွေကို ဒီတယူသန်ဝါဒကို
ထပ်ခါထပ်ခါ နေ့စဉ်နဲ့အမျှ ဆိုခိုင်းတာဟာ အစိုးရရဲ့ ဘာသာ
ရေးကြားနေမှုဝါဒကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုပါတယ်။
တရားအစွဲခံရတဲ့ စာသင်ကျောင်းရဲ့ကိုယ်စား လျှောက်ထား
ပေးသူကတော့ ဒီလိုအဆိုခိုင်းတာက ဘာသာရေးလွတ်လပ်ခွင့်ကို
ချိုးဖောက်တာ မဟုတ်ကြောင်း၊ စည်းလုံးညီညွှတ်မှုနဲ့ မျိုးချစ်စိတ်
ဓါတ်ကို မြှင့်တင်ပေးဖို့သာ ဖြစ်ကြောင်း ချေပပါတယ်။

အလားတူ နောက်ထပ် ဥပမာတစ်ခုကတော့ သမ္မာကျမ်းစာပါ
ဖန်ဆင်းရှင်ဝါဒကို ဆင့်ကဲဖြစ်စဉ်သီအိုရီနဲ့အတူ အစိုးရ
စာသင်ကျောင်းရဲ့ သိပ္ပံသင်ရိုးတွေမှာ ထည့်သင်မယ့် Louisiana
ပြည်နယ်ရဲ့ ဥပဒေကို တရားလွှတ်တော်ချုပ်က ပယ်ချ ဘူးပါတယ်။
တရားလွှတ်တော်ချုပ်က ဖန်ဆင်းရှင်ဝါဒဟာ ဘာသာရေး
အယူအဆဖြစ်ကြောင်း၊ သိပ္ပံသဘောတရား မဟုတ်ကြောင်း၊
ဒါကို ကျောင်းသင်ရိုးတွေထဲမှာ ထည့်သင်တာဟာ နိုင်ငံတော်
ဘာသာ မထူထောင်ရေး ပုဒ်မကို ချိုးဖောက်ရာ ရောက်ကြောင်း
ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အထက်က ဥပမာတွေဟာ
အစိုးရရဲ့ လုပ်ငန်းဆောင်တာ တွေကို ဘာသာရေးတစ်ခုခုနဲ့
ရောယှက်မသွားဖို့၊ အစိုးရက ဘာသာတရားတစ်ခုကို
နိုင်ငံတော်ဘာသာ ပြဌာန်းလိုက်ရင် နိုင်ငံတော် ဘာသာဆိုတဲ့
အရှိန်အ၀ါနဲ့ တခြားဘာသာတွေကို ဖိနှိပ်တာ၊ အထူးအခွင့်အရေး
ရယူတာ၊ ဘာသာရေးကို အခြေခံပြီးတော့ အစိုးရက နိုင်ငံသား
ချင်းချင်းကို ခွဲခြားဆက်ဆံတာမျိုးတွေ မဖြစ်ရလေအောင်
တားမြစ်ထားတာပါ။ ဒါ့အပြင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဟာ
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ဆိုတဲ့ အခွင့်အရေးနဲ့လဲ
ဆက်စပ်နေ ပါတယ်။

ဗမာနိုင်ငံမှာတော့ အစိုးရက ဗုဒ္ဓဘာသာဘက်က သံဃာတွေကို
အစိုးရဘွဲ့တံဆိပ်တွေ ဆပ်ကပ်လှူဒါန်းတာတွေ လုပ်တယ်။
သာသနာရေး ၀န်ကြီးဌာန ဖွဲ့ထားပြီးတော့ ပြည်သူလူထုဆီက
ကောက်ခံရရှိတဲ့ အခွန်ငွေတွေနဲ့ ဗုဒ္ဓဘာသာစာအုပ် စာပေတွေကို
ရိုက်နှိပ်ဖြန့်ဝေတယ်။ အခွန်ငွေတွေ သုံးပြီးတော့ပဲ ဗုဒ္ဓဘာသာ
သံဃာတော်တွေကို ၀တ္ထုငွေနဲ့ ပစ္စည်းတွေ လှူဒါန်း ဆပ်ကပ်တယ်။
ကျောင်းဆောက်၊ ဘုရားတည် လုပ်တယ်။ အစိုးရစာပြန် စာမေးပွဲတွေ
လုပ်ပေးတယ်။ အခွန်ငွေ တွေ သုံးထားတဲ့ အစိုးရသတင်းစာတွေမှာ
ဒီလိုမျိုး လှူဒါန်းတာတွေ၊ ဗုဒ္ဓဘာသာ အထိမ်းအမှတ်နေ့တွေရဲ့ အကြောင်းကို ရေးသားဖော်ပြတယ်။ ပြည်သူ့အခွန်ငွေ သုံးထားတဲ့
အစိုးရရဲ့ ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေမှာလဲ ဗုဒ္ဓဘာသာ
တရားတော်တွေကို ထုတ်လွှင့်ပေးတယ်။ အစိုးရရဲ့ အသိ
အမှတ်ပြုမှု ရထားတဲ့ နိုင်ငံတော်အဆင့် သံဃာအဖွဲ့အစည်းတွေ
ကလဲ ထေရ၀ါဒဗုဒ္ဓဘာသာ အယူအဆနဲ့ ဆန့်ကျင်ပြီးတော့
ကိုယ်ယုံကြည်ရာကို ရေးသားတာ၊ ဟောပြောတာတွေ
လုပ်တဲ့ သံဃာတော်တွေကို ခေါ်ယူစစ်မြန်းတာ၊ အကျဉ်းချ
စေတာတွေလဲ ရှိပါတယ်။

ဒီတော့ ဗမာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိပါတယ်လို့
လျှောက်လှဲနေတဲ့ ပညာတတ်တွေဟာ မတူညီတဲ့ ဘာသာရေး
အဆောက်အအုံတွေ နီးနီးကပ်ကပ် ယှဉ်တွဲတည်ရှိတာကို
အခြေခံပြောဆိုနေတာ ဖြစ်ပါတယ်။ တစ်ချို့ကတော့ နိုင်ငံတ
ကာမှာ ဗမာနိုင်ငံ သိက္ခာမကျရေးဆိုတဲ့ အမျိုးသားရေးစိတ်နဲ့
အရှိတရားကို ဖုံးကွယ်ထားချင်သူတွေ၊ အနာကို မကုပဲ
အနာကို အသာဖုံးပြီးတော့ အပြင်ပန်း လှဟန်ချယ်နေချင်သူတွေ
ဖြစ်ပါတယ်။ အထက်က စံနှုန်းတွေနဲ့ တိုင်းတာမယ် ဆိုရင်တော့
ဗမာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် မရှိဘူးလို့ ဆိုရမှာပါ။
ဘာသာ သက်ဝင်ကိုးကွယ်မှု မတူညီတဲ့ နိုင်ငံသားတွေကို
အစိုးရက ခွဲခြားဆက်ဆံတဲ့ တခြားအကြောင်းတွေလဲ
ရှိပါသေးတယ်။ ရှည်မှာစိုးတဲ့အတွက် အလျဉ်းသင့်တဲ့အခါမှပဲ
ရေးပါတော့မယ်။ ဒီမိုကရက်တစ်ဆန်တဲ့ ခေတ်မီနိုင်ငံတစ်ခုကို
ထူထောင်ချင်ရင်တော့ ဘာသာရေး၊ လူမျိုးရေး၊ ဒေသနဲ့ မျိုးနွယ်
စုတွေကို သစ္စာခံပြီးတော့ နိုင်ငံတည်ဆောက်ရေး လုပ်လို့
မရပါဘူး။ ဘာသာရေး၊ လူမျိုးရေး၊ ဒေသနဲ့ မျိုးနွယ်စု အပေါ်
သစ္စာခံမှုကို အခြေမခံဘဲ ဗမာနိုင်ငံတော် ဗမာနိုင်ငံသားဆိုတဲ့
National Identity အပေါ်မှာ အခြေခံ တည်ဆောက်မှ
ရပါလိမ့်မယ်။ အဲဒီအတွက်လဲ နိုင်ငံတော်နဲ့ ဘာသာရေးကြား
စီးပိုင်းခြားထားမှုဟာ အဓိကထား လိုက်နာရမယ့် မူတစ်ခု ဖြစ်ပါကြောင်း။


Ref; 1.The American Democracy By Thomas E.Patterson
2.The Origins of Political Order By Francis Fukuyama

စစ်ဗျူရိုကရေစီ

Written By ဥာဏ်မျိုးအောင်

စစ်ဘက်က အရာရှိတွေကို အရပ်ဘက်က ကျန်းမာရေးဝန်ကြီး
ဌာနဆီ ပြောင်းခန့်မယ့် အစိုးရရဲ့ဆုံးဖြတ်ချက်ကို သဘော
မတူကြောင်း ဆေးလောကသားတွေက ဖဲကြိုးနက်ဝတ်ပြီး
ပြီးခဲ့တဲ့အပတ်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနေရာမှာ စစ်ဘက်
ကလူတွေကို အရပ်ဘက် အုပ်ချုပ်ရေးထဲ ထည့်တဲ့အစဉ်အလာ
ဘယ်လို ဖြစ်ပေါ်လာသလဲနဲ့ စစ်ဘက်က လူတွေကို အရပ်ဘက်
အုပ်ချုပ်ရေးထဲ ဘာကြောင့် တာဝန်ပေးရတာလဲဆိုတဲ့
အချက်တွေကို ကျွန်တော် ဆွေးနွေးသွားပါမယ်။

စစ်ဘက်က လူတွေကို အရပ်ဘက် ပြောင်းပေးတဲ့ အစဉ်အလာက
၁၉၆၂ နောက်ပိုင်း စစ်အစိုးရ အာဏာသိမ်းပြီးတဲ့ နောက်မှ
ဖြစ်ပေါ်လာတာပါ။ လွတ်လပ်ပြီးကာစ ပါလီမန်ဒီမိုကရေစီခေတ်
မှာတော့ အင်္ဂလိပ်အစိုးရဆီက အမွေဆက်ခံခဲ့ တဲ့ ဗျူရိုကရေစီ
စနစ်ကို အနည်းငယ် ပြုပြင်ပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။ ကိုလိုနီအစိုးရဲ့
အုပ်ချုပ်ရေးယန္တရား ဆိုပေမယ့် အုပ်ချုပ်ပုံအဆင့်ဆင့်ဟာ ရိုးရှင်း
ကျစ်လစ်ပြီး အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ သင်ကြားထားတဲ့
အုပ်ချုပ်ရေးသမား (ဗျူရိုကရက်)တွေနဲ့ လည်ပတ်နေတဲ့ ထက်မြက်
ထိရောက်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပါတယ်။ Indian Civil Service
(ICS) သို့ Burma Civil Service(BCS)လို့ခေါ်တဲ့ ပဋိညာဉ်ခံဝန်ထမ်း
တွေဟာ အုပ်ချုပ်ရေးယန္တရားကို အဓိက မောင်းနှင်ပေးတဲ့ ယာဉ်မောင်း
တွေ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးသမား(ဗျူရိုကရက်)တွေ ဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ်ကတော့ ICSရာထူးအတွက် သတ်မှတ်ထားတဲ့ ၀င်ခွင့်
အမှတ် ပြည့်မှီတဲ့ တက္ကသိုလ်ဝိဇ္ဇာသိပ္ပံဘွဲ့ရတွေ ၀င်ခွင့်စာမေးပွဲ
ဝင်ဖြေလို့ ရပါတယ်။ ၀င်ခွင့်စာမေးပွဲမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေ
ထွေဗဟုသုတနဲ့ အင်္ဂလိပ်ရာဇ၀င်၊ အိန္ဒိ ယရာဇ၀င်၊ ဥရောပရာဇ၀င် ၊ နိုင်ငံရေးသီအိုရီနဲ့ နိုင်ငံရေးသိပ္ပံပညာရပ်တွေနဲ့ ဆိုင်တဲ့ မေးခွန်း
တွေကို ရေးဖြေလဲ ဖြေရပါတယ်။ နှုတ်ဖြေလဲ အစစ်ခံရပါတယ်။
ဝင်ခွင့်အောင်တဲ့ သူတွေက အောက်စဖို့ဒ်နဲ့ ကမ်းဘရစ်တက္ကသိုလ်
တွေက ကောလိပ် တစ်ခုအောက်မှာ ရာဇ၀င်ပညာ၊ ဥပဒေပညာ၊
မြင်းစီးအတတ်စတာတွေကို သင်ယူရပါတယ်။ ဗမာနိုင်ငံကို ပြန်
ရောက်တဲ့အ ခါ သူတို့တွေဟာ အုပ်ချုပ်ရေးစနစ်ရဲ့ မြို့နယ်အဆင့်မှာ
အလုပ်သင်အဖြစ် အရင်ရှိပြီးသား အုပ်ချုပ်ရေးအရာရှိတွေနဲ့ အတူ
တွဲလုပ်ရင်း သင်ယူရပါတယ်။ ဒီနည်းနဲ့ပဲ အောက်ခြေကနေ
အထက်ကို လုပ်သက်အလိုက် ရာထူးတိုးသွားတာပါ။

အုပ်ချုပ်ရေးယန္တရားကိုလဲ ကြည့်မယ်ဆိုရင် ဒေသန္တရအုပ်ချုပ်
ရေးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ထားတာ တွေ့နိုင်ပါ
တယ်။ အောက်ခြေအဆင့် ရွာလူကြီးကနေ မြို့ပိုင်၊ အရေးပိုင်၊
ခရိုင်ဝန်ဆိုပြီးတော့ အဆင့်ဆင့် ရှိပါတယ်။ ခရိုင်ဝန်က ဒေသန္တ
ရအုပ်ချုပ်ရေးမှာ အဆင့်မြင့်ဆုံးအရာရှိ ဖြစ်ပါတယ်။ မြို့ပိုင်
အဆင့်ကနေ ခရိုင်ဝန်အထိ တာဝန်ဆောင်ရွက်နေသူတွေဟာ
မိုးကျရွှေကိုယ် အုပ်ချုပ်ရေးသမားတွေ မဟုတ်ပါဘူး။ အထက်က
ဆိုတဲ့အတိုင်း အထွေထွေ အုပ်ချုပ်ရေးအတတ် ပညာရပ်တွေ
သင်ကြားထားပြီး လုပ်သက်ရင့်တဲ့ အုပ်ချုပ်ရေးသမားတွေက
တာဝန်ယူထားတာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနတွေမှာဆိုရင်လဲ အဓိက အုပ်ချုပ်ရေးကို တာဝန်ယူ
ဆောင်ရွက်ရတာက အတွင်းဝန်တွေ ဖြစ်ပါတယ်။ နိုင်ငံရေး
သမားတွေက ရွေးကောက်ပွဲနိုင်လို့ ပါလီမန်အမတ်တွေ ဖြစ်
လာမယ်။ ပါလီမန်မှာ အင်အားအကြီးဆုံး ပါတီက အစိုးရဖွဲ့တဲ့
အခါ နိုင်ငံရေးသမားတွေက ၀န်ကြီးတွေ ဖြစ်လာပါတယ်။ နိုင်ငံရေး
သမားဖြစ်တဲ့ ၀န်ကြီးတွေက မူဝါဒပိုင်းဆိုင်ရာလောက်ပဲ
တာဝန်ယူ ညွှန်ကြားရတာ ဖြစ်ပါတယ်။ ကျန်တဲ့အသေးစိတ်
အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုတော့ ၀န်ကြီးဌာနတစ်ခု
ချင်းအောက်က အတွင်းဝန်တွေကပဲ တာဝန်ယူဆောင်ရွက်
ရပါတယ်။ ရာထူးခန့်ထားရေးမှာ နိုင်ငံရေးသမားတွေက ကိုယ့်လူကို
ခန့်တာမျိုး လုပ်မှာစိုးလို့ ၁၉၄၇အခြေခံဥပဒေအရ Union Public
Service Commissionကို တာဝန်ပေးထားပါတယ်။

အထက်က အုပ်ချုပ်ရေးစနစ်မှာ အဓိကအကျဆုံး နေရာတွေကတော့
 ဒေသန္တရအုပ်ချုပ်ရေးမှာဆို ခရိုင်ဝန်နေရာ ဖြစ်ပြီး ၀န်ကြီးဌာနတွေမှာ
ဆိုရင် အတွင်းဝန် နေရာဖြစ်တာကို တွေ့နိုင်ပါတယ်။ အာဏာသိမ်း
စစ်အစိုးရလက်ထက်မှာတော့ စ နစ်သစ် အုပ်ချုပ်ရေးဆိုပြီးတော့
အုပ်ချုပ်ရေးယန္တရား အပြောင်းအလဲ လုပ်တဲ့အခါမှာ ခရိုင်ဝန်နေရာကို
ဖျက်ပစ်လိုက်ပါ တယ်။ အဲဒီအစား တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်
အဆင့်လိုက် ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီဆိုပြီး
တော့ အသစ်ဖွဲ့လိုက်ပါတယ်။ တိုင်းလုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီမှာ
စစ်တိုင်းမှူးတွေကို ဥက္ကဌ ခန့်ပါတယ်။ ခရိုင်အ ဆင့်လုံခြုံရေးနဲ့
အုပ်ချုပ်ရေးကော်မတီတွေမှာ နယ်မြေတပ်ရင်းရဲ့ တပ်ရင်းမှူးကို
ဥက္ကဌ ခန့်ပါတယ်။ မြို့နယ်လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီမှာတော့
ဗိုလ်ကြီးအဆင့်ရှိသူကို ဥက္ကဌ ခန့်ပါတယ်။

ဝန်ကြီးဌာနတွေမှာလဲ အတွင်းဝန်ရာထူးကို ဖျက်သိမ်းလိုက်ပါတယ်။
အတွင်းဝန်နေရာကို ဒု-၀န်ကြီးနေရာအဖြစ် အမည် ပြောင်းလိုက်ပါတယ်။
အဲဒီ ဒု-၀န်ကြီးနေရာတွေကို တပ်မတော်က စစ်တိုင်းမှူးတာဝန် ထမ်း
ဆောင်ပြီးသူတွေကို ခန့်အပ် ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် အရပ်ဘက်
အုပ်ချုပ်ရေးအတတ်ပညာ နားမလည်သူ၊ အတွေ့အကြုံမရှိသူတွေက
အရပ် ဘက်အုပ်ချုပ်ရေးရဲ့ ထိပ်ဆုံးနေရာတွေမှာ ယူထားတာကို
တွေ့ရပါလိမ့်မယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေ အုပ်ချုပ်တော့လဲ
အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲ သိပ်မထူးခြားပါဘူး။ ဒီအတိုင်း
နီးပါး အုပ်ချုပ်သွားတာကို တွေ့ရပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက စစ်သားတွေကို အရပ်ဘက်ထဲ
ဘာကြောင့် ထည့်ချင်ရတာလဲ ဆိုတာပါ။ တိုတိုပြောရရင်တော့
အာဏာရှင် တည်မြဲရေးအတွက်ပါ။ အာဏာရှင်တစ်ယောက်
လောက်ကပဲ ဒါမှမဟုတ် မိသားစုတစ်ခုလောက်ကပဲ အကျိုး
အမြတ်တွေ စံစားနေရရင် အာဏာရှင်ကို ထောက်ကန်ပေး
ထားတဲ့ စစ်တပ်ထဲမှာ မကျေနပ်မှုတွေ ပေါ်ပေါက်လာ နိုင်ပါတယ်။
နောက်တစ်ခုက စစ်အရာရှိတစ်စုကပဲ တပ်ရဲ့ထိပ်ဆုံးနေရာတွေမှာ
ထာဝရနီးပါး နေရာယူထားရင် နောက် တက်လာမယ့် မျိုးဆက်သစ်
စစ်သားတွေအတွက် ရာထူးတိုးတက်ဖို့ မျှော်လင့်ချက်မဲ့လာနိုင်ပါတယ်။
အဲဒီအခါလဲ မကျေ နပ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ပေါ်
လာနိုင်တဲ့ ပြဿနာတွေကို တစ်ချက်ခုတ် သုံးချက်ပြတ် ဖြေရှင်း
ပေးနိုင်ဖို့ တပ်သားတွေကို အရပ်ဘက် ပို့ပေးရတာ ဖြစ်ပါတယ်။

ဒီတော့ စစ်တိုင်းမှူးတာဝန်ယူထားသူတွေက တာဝန်ထမ်းဆောင်ပြီးရင်
ဝန်ကြီး၊ ဒု-၀န်ကြီးတွေ ဖြစ်လာနိုင်တယ်။ တစ်ချို့ တွေက တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တွေ ဖြစ်လာနိုင်တယ်။ လစ်လပ်သွားတဲ့
သူတို့တွေရဲ့ ရာထူးနေရာ တွေကို နောက်မျိုးဆက် တပ်သားထဲက
ရာထူးရယူနိုင်ခွင့် ရှိသွားမယ်။ ဒီတော့ အာဏာရှင်စနစ်ရဲ့ စနစ်တကျ
အကျိုးအမြတ်ခွဲဝေပေးမှုကြောင့် စစ်တပ်တွင်းမှာလဲ အာဏာရှင်ကို
ပုန်ကန်ချင်သူ နည်းသွားပါတယ်။ အာဏာရှင်တည်မြဲရေးက သူတို့ရဲ့
အကျိုးအမြတ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေတော့ အာဏာရှင်ကိုပဲ
ဆက်လက်ကာကွယ်ပေးထားမှာပါ။ လိုရင်းပြော ရရင်တော့ အာဏာ
ရှင်စနစ် မပြိုသရွေ့ စစ်ဗျူရိုကရေစီကို မဖြိုနိုင်သလို စစ်ဗျူရိုကရေစီကို
မဖြိုသရွေ့ အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာ ဖြစ်ပါကြောင်း၊
ဖဲကြိုးနက်တွေကတော့ စစ်ဗျူရိုကရေစီရဲ့ အစိတ်အပိုင်းတစ်ခုကို
ပထမဆုံး စတင် စိန်ခေါ်လိုက်ပြီဖြစ်ပါကြောင်း။ ။


References
၁။ Strong Soldiers and Failed Revolution By Yoshihiro Nakanishi
၂။ ကျွန်တော် အိုင်စီအက်စ် (ဦးချမ်းသာ)

ရှစ်လေးလုံး အမှတ်တရ သမိုင်းသုံးသပ်ချက်

Written By ဥာဏ်မျိုးအောင်

အတွေးအခေါ်တွေက အကောင်အထည် မရှိတဲ့ ဒြပ်မဲ့တွေသာ
ဖြစ်ပါတယ်။ ဒါပေမယ့် ဒြပ်မဲ့သဘောဆောင်တဲ့ ဒီအတွေးအခေါ်
တွေကပဲ လူသားသမိုင်းကြီး တစ်ရပ်လုံးရဲ့ အပြောင်းအလဲတွေကို
မောင်းနှင်ပေးနေတာ ဖြစ်ပါတယ်။ သမိုင်းဆိုတာ ဘာလဲလို့
မေးရင် သာမန်အားဖြင့် အတိတ်ကာလက ဖြစ်ရပ်တွေလို့ ဖြေကြ
ပါလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့တွေ နေ့ စဉ် သွားလာလှုပ်
ရှားနေတာလဲ ဖြစ်ရပ်တွေပဲ၊ ဒါတွေကျ ဘာလို့ သမိုင်းမဖြစ်လဲလို့
မေးစရာရှိပါတယ်။ ဒီတော့ ဖြစ်ရပ်တစ်ခုဟာ သမိုင်းဝင်တယ်၊
မ၀င်ဘူးဆိုတာ ဘယ်လိုစံနဲ့ တိုင်းမလဲလို့ စဉ်းစားရပါတော့မယ်။

ကျွန်တော် လက်ခံတဲ့ အဓိကစံ နှုန်းကတော့ ဖြစ်ရပ်တစ်ခု ဖြစ်ပွား
ရခြင်းရဲ့ အကြောင်းတရား၊ ဖြစ်ရပ်ကို စေ့ဆော်နေတဲ့ အတွေးအ
ခေါ်ပေါ်မှာ မူတည်ပြီး တော့ပဲ ဖြစ်ရပ်တစ်ခုကို သမိုင်းအဖြစ် မှတ်
တမ်းတင်သင့်၊ မတင်သင့် အကဲဖြတ်ချင်ပါတယ်။ သမိုင်းကနေ
သင်ခန်းစာ ယူတယ်ဆိုတာလဲ ဒီသဘောပါပဲ။ ဖြစ်ရပ်တွေ သက်သက်ကို
တ်ေရှုမှတ်သားတာကို မဆိုလိုပါဘူး။ ဖြစ်ရပ်တွေရဲ့ အကြောင်းတရားနဲ့
သမိုင်းနောက်ခံ အတွေး အခေါ်ကို လေ့လာတာပဲ ဖြစ်ပါတယ်။
ဗမာနိုင်ငံရဲ့ အကြီးမားဆုံး သမိုင်းဖြစ်ရပ်တွေထဲက သမိုင်းဖြစ်ရပ်ကြီး
တစ်ခုကတော့ ရှစ်ဆယ့်ရှစ် အရေးတော်ပုံ သမိုင်းပါ။ ဒီသမိုင်းဖြစ်ရပ်ရဲ့
နောက်ခံ အတွေးအခေါ်ကို ကြောက်ရွံ့တဲ့ စစ်အာဏာရှင်တွေကတော့
ဒီဖြစ်ရပ်ကို “လူထုအုံကြွမှု”ဆိုတဲ့ တံဆိပ်တပ်ပြီး သမိုင်းဖြစ်ရပ်ကနေ
သာမန်ဖြစ်ရပ်တစ်ခုအဆင့်ကို လျော့ချဖို့ ကြိုးစားခဲ့ကြ ပါတယ်။

ရှစ်ဆယ့်ရှစ် အရေးတော်ပုံဟာ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်း
အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ ကြိုးပမ်းခဲ့တဲ့
သမိုင်းဖြစ်ရပ်ကြီးတစ်ခုပါ။ ဒီအရေးတော်ပုံမတိုင်မီ ဘုရင်စနစ်၊
စစ်အာဏာရှင်စနစ်၊ ကွန်မြူနစ်အာဏာရှင်စနစ်တွေကို
တော်လှန်ပြီး ဒီမိုကရေစီစနစ် ပြောင်းလဲရေး ကြိုးပမ်းတဲ့
တော်လှန်ရေးတွေ လက်တင်အမေရိက၊ အရှေ့ဥရောပနဲ့
အရှေ့အာရှဘက်က နိုင်ငံတစ်ချို့မှာ ပေါ်ပေါက်နေပါပြီ။
ဒီဖြစ်ရပ်တွေကို မောင်းနှင်ပေးနေတာက လူတစ်ဦးတစ်ယောက်
ကပဲ ဘုရားသခင်ပေး အာဏာ(Divine Right)အရ လူထုတစ်ရပ်
လုံးကို အုပ်ချုပ်ခွင့်ရှိတယ်ဆိုတာမျိုး၊ လူတစ်စုကပဲ နိုင်ငံတော်ကို
စိတ်ကြိုက်ကြီးစိုးနိုင်တယ် ဆိုတာမျိုး၊ ပါတီတစ်ခုကပဲ လူထုရဲ့
ကိစ္စအ၀၀ကို ဆုံးဖြတ်ချက် ချမှတ်ပေးပြီး စီမံခိုင်းစေနိုင်တယ်
ဆိုတာမျိုး အယူအဆတွေကို ဆန့်ကျင်ပြီး ပေါ်ထွက်လာတဲ့
အတွေးအခေါ် တော်လှန်ရေးတွေပါ။

ဒီတော်လှန်ရေးတွေနဲ့အတူ ဒွန်တွဲပါလာတဲ့ အတွေးအခေါ်
ကတော့ လူသားတစ်ယောက်ဟာ သူ့ဘ၀အတွက် သူသာ
လျှင် ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေ ချပိုင်ခွင့်ရှိတယ်ဆိုတဲ့
ပုဂ္ဂလလွတ်လပ်မှု (Individual Freedom)ဆိုတဲ့ အယူအဆမျိုး၊
ပုံမှန်ရွေးကောက်ပွဲတွေကနေ လူထုက ရွေးကောက်တင်မြှောက်
လိုက်တဲ့ အစိုးရကသာ တရားဝင်အုပ်ချုပ်ခွင့်အာဏာ (Legitimacy)
ရှိတယ်ဆိုတဲ့ အယူအဆမျိုးတွေ ပါပဲ။ ဗမာနိုင်ငံရဲ့ လူထုတစ်ရပ်လုံး
ကလဲ စစ်အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်မှုအာဏာဟာ တရားမ
ဝင်ကြောင်း ရှစ်ဆယ့်ရှစ် အရေးတော်ပုံမှာ စိန်ခေါ်လိုက်ပါတယ်။

ဒီလို တရားမ၀င်မှုကို စိန်ခေါ်ရာမှာ ပုံစံနှစ်မျိုးပေါ်ထွက်လာပါတယ်။
တစ်ခုကတော့ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး
တို့ပါတဲ့ အဖွဲ့ရဲ့ ကြားဖြတ်အစိုးရ တောင်းဆိုရေးမူပါ။ နောက်တစ်
ခုကတော့ ပါလီမန်ခေတ် ၀န်ကြီးချုပ်ဟောင်း ဦးနုပါတဲ့ အဖွဲ့ရဲ့
စင်ပြိုင်အစိုးရမူပါ။ စကားလုံးအားဖြင့် ကွဲပြားနေပေမယ့် အနှစ်
သာရကတော့ အုပ်ချုပ်ရေးအာဏာကို တရားမ၀င်အစိုးရဆီကနေ
လွှဲပြောင်းယူဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် “အောင်၊ စု၊ တင်”အဖွဲ့က
ဦးနုရဲ့ စင်ပြိုင်အစိုးရ ဖွဲ့ပြီး တိုက်မယ့်မူကို ငြင်းဆိုပြီး ကြားဖြတ်
အစိုးရဖွဲ့ပေးဖို့ပဲ ဒေါက်တာမောင်မောင်အစိုးရဆီက ဆက်လက်
တောင်းဆိုခဲ့ပါတယ်။ သမ္မတ ဒေါက်တာမောင်မောင်က ကြားဖြတ်
အစိုးရ ဖွဲ့ပေးဖို့ သဘောမတူပဲ သုံးလအတွင်း ပါတီစုံ
ရွေးကောက်ပွဲ ကျင်းပ ပေးမယ်ဆိုတာကိုပဲ ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေရာမှာ သမိုင်းကို ပြန်သုံးသပ် ကြည့်ချင်ပါတယ်။ အစိုးရတစ်
ရပ်ရဲ့ တရားမ၀င်မှုကို ဆန့်ကျင်တာနဲ့ မူဝါဒတစ်ခုကို ဆန့်ကျင်
တာကို ပိုင်းခြားစဉ်းစားချင်ပါတယ်။ လူထုကို ကိုယ်စားပြုမှု
တာဝန်ခံမှုရှိတဲ့ လွှတ်တော်တွေ ရှိတဲ့ ဒီမိုကရေစီ စနစ်မှာတော့
အစိုးရရဲ့ မူဝါဒတစ်ခု၊ ဥပဒေတစ်ခုကို လူထုက မကြိုက်ရင်
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်ပြီး အစိုးရကို ဖိအားပေးလို့
ရပါတယ်။ ဒီဆန္ဒဖော်ထုတ်ပွဲတွေက အစိုးရ ပြောင်းလဲရေး
မဟုတ်ပါဘူး၊ လူထုက မနှစ်သက်တဲ့ မူဝါဒတစ် ခုကို
ပြောင်းလဲလိုရုံသက်သက်ပါ။ ဒီနေရာမှာ မတူခြားနားတာက
အစိုးရတစ်ရပ်ရဲ့ အုပ်ချုပ်မှုအာဏာ တစ်ခုလုံးရဲ့ တရားဝင်မှုကို
စိန်ခေါ်တာပါ။ အစိုးရတစ်ရပ်ဟာ လူထုဆန္ဒ မပါဘဲ အုပ်ချုပ်နေလို့
တရားဝင် အုပ်ချုပ်ခွင့်အာဏာ မရှိဘူးလို့ စိန်ခေါ်တော့မယ်
ဆိုရင်တော့ မူတစ်ခုသက်သက် ပြောင်းလဲရေး မဟုတ်တော့ပါဘူး၊
အစိုးရပြောင်းလဲရေး တစ်နည်းအား ဖြင့် အစိုးရကို တော်လှန်ရေး
သဘောဆောင်လာပါပြီ။

တော်လှန်ရေးဆိုတာ တည်ဆဲအစိုးရ ကျင့်သုံးနေတဲ့ နိုင်ငံတော်ရဲ့
အချုပ်အခြာအာဏာ (ဥပဒေပြု အုပ်ချုပ်ရေးအာဏာ) ကို လူထုလို
လားတဲ့ အဖွဲ့တစ်ဖွဲ့ဆီ လွှဲပြောင်းရယူဖို့ ကြိုးစားတာပါ။ ဒီအဖွဲ့
က တော်လှန်ရေးကာလအတွင်းမှာပဲ မြို့တစ် မြို့၊ ရပ်ကွက်တစ်ခုကို
သိမ်းပိုက်နိုင်လာပြီး ယခင်အစိုးရရဲ့ အုပ်ချုပ်ရေးကိစ္စတွေကို တာဝန်
ယူနိုင်လာတာမျိုးတွေ ရှိပါတယ်။ ဒီအဆင့်မှာ ကျင့်သုံးနေတဲ့ တော်လှန်
ရေးအင်အားစုရဲ့ အာဏာကို De facto(actual) Sovereigntyလို့
ခေါ်ပါတယ်။ တော်လှန်ရေးအင်အားစုက တစ်နိုင်ငံလုံးကို သိမ်းပိုက်
ပြီးတော့ ယခင်အစိုးရရဲ့ အာဏာတစ်ရပ်လုံးကို ကျင့်သုံးနို င်ပြီဆိုရင်
တော့ De jure(legal) Sovereigntyကို ပိုင်ပြီလို့ ဆိုနိုင် ပါတယ်။
သေချာတာကတော့ အချုပ်အခြာအာဏာတစ်ခုကို ယခင် အစိုးရဆီကနေ
လွှဲပြောင်းယူဖို့၊ လက်တွေ့ကျင့်သုံးနိုင်ဖို့ဆိုရင် အဖွဲ့ တစ်ဖွဲ့
(Determinate Body) လိုအပ်ပါတယ်။

ရှစ်ဆယ့်ရှစ် အရေးတော်ပုံကို ပြန်ကြည့်မယ်ဆိုရင် မြို့နယ်တွေရဲ့
အုပ်ချုပ်ရေးယန္တရားတွေကို သပိတ်ကော်မတီတွေက ရယူထားနိုင်
နေပါပြီ။ လူထုကလဲ စစ်အာဏာရှင်အစိုးရရဲ့ အာဏာဟာ
တရားမ၀င်ဘူးဆိုတာ လက်ခံနေပါပြီ။ ဒီလိုအချိန်မှာ ကိုယ်က
တရားမ၀င်ဘူးလို့ လက်ခံထားတဲ့ အစိုးရဆီကနေ ကြားဖြတ်အစိုးရ
ဖွဲ့ပေးဖို့ “အောင်၊ စု၊ တင်”အဖွဲ့က တောင်းခံနေခဲ့တာပါ။ တကယ်
တော့ ကြားဖြတ်အစိုးရပဲခေါ်ခေါ် စင်ပြိုင်အစိုးရပဲဆိုဆို အနှစ်
သာရကတော့ အတူတူပါပဲ။ ကိုယ်က တရားမ၀င်ဘူးလို့ ယူဆ
ထားတဲ့ စစ်အာဏာရှင်အစိုးရဆီက အချုပ်အခြာ အာဏာကို
လူထုက လက်ခံတဲ့ အဖွဲ့တစ်ဖွဲ့ဆီ လွှဲပြောင်းရယူ ကျင့်သုံးနိုင်
ဖို့ပါပဲ။ ဒီလို ယူနိုင်ဖို့အတွက် တည်ဆဲအစိုးရက တော်လှန်ရေး
အင်အားစုတွေ တောင်းဆိုတာကို မပေးရင် တော်လှန်ရေးအင်
အားစုတွေက ကိုယ်တိုင် ဖွဲ့စည်းရယူတာမျိုး လုပ်ရမှာပါ။ ဒါဟာ
နောက်မျိုး ဆက်တွေဖြစ်တဲ့ ကျွန်တော်တို့တွေ မှတ်သားရမယ့်
ရှစ်ဆယ့်ရှစ် အရေးတော်ပုံရဲ့ သမိုင်းသင်ခန်းစာ ဖြစ်ပါတယ်။


Ref-(1) Political Science By Raymond Garfield Gettell
(2) The Spirit of Democracy By Larry Diamond
(3) နွေတစ်ညမှ အစပြု၍ (အောင်ဒင်)

Burmese Buddhists’ Morality-based Theory of the State

Written By ဥာဏ်မျိုးအောင်

၁။ အစိုးရ ပေါ်ပေါက်လာပုံ

ဒီမှာ အဓိက တင်ပြချင်တာက အစိုးရတွေ ပေါ်ပေါက်လာပုံကို
ဗမာဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုမျိုး တွေးခေါ် လက်ခံထားသလဲ
ဆိုတာပါပဲ။ အထူးသဖြင့် ဗမာဗုဒ္ဓဘာသာဝင်တွေ ကိုးကားတတ်ကြ
တာက ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တွေထဲက မဟာသမတမင်း
ပေါ်ပေါက်လာပုံပါပဲ။ ရှေးခေတ် ဗမာသမိုင်းဆရာတွေကလဲ
ဗမာသမိုင်းကို မရေးသားခင် ပထမဆုံးအခန်းမှာ မဟာသမတမင်း
ပေါ်ပေါက်လာပုံကို အဦးဆုံး ရေးသားတတ်ကြပါတယ်။ ဒီနည်း
အားဖြင့် ဗမာဗုဒ္ဓဘာသာဝင်တွေဟာ မဟာသမတမင်း ပေါ်ပေါက်
လာပုံကို ကိုးကားပြီးတော့ အစိုးရ ပေါ်ပေါက်လာပုံကို နားလည်
လက်ခံထားတတ်ကြပါတယ်။

မဟာသမတမင်း မပေါ်ပေါက်ခင် ကမ္ဘာဦးလူသားတွေရဲ့ ဘ၀ကို ဗုဒ္ဓစာပေကျမ်းဂန်တွေမှာ ရေးသားပြကြတယ်။ ကမ္ဘာဦးလူသားတွေ
ဟာ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောက်ပကြတယ်။ ဘာအစား
အစာမှ စားသောက်စရာ မလိုဘဲ စိတ္တပီတိနဲ့ပဲ အာဟာရဖြစ်ကြတယ်။
သူတို့မှာ လောဘ၊ ဒေါသ ကင်းရှင်းကြတယ်။ အဲဒီကာလက ကမ္ဘာ့
မြေဆီလွှာဟာ ထူးထူးထွေထွေ ပြုပြင်စရာ မလိုဘဲ အရန်သင့်
ကော်ယူစားသောက်နိုင်တဲ့ ရသာထူးတဲ့ မြေဆီလွှာဖြစ်တယ်။
ဒီမြေဆီလွှာရဲ့ အရသာကို ကမ္ဘာဦးလူသားတွေက မြည်းစမ်းကြည့်ကြ
တယ်။ ဒီနောက်မှာတော့ ရသာတဏှာကြောင့် ကမ္ဘာဦးလူသားတွေရဲ့
ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ကွယ်ကုန်ကြတယ်။ နောက်ပိုင်းမှာ
မြေဆီလွှာကုန်တော့ သလေးစပါးခင်းတွေ ပေါ်လာတယ်။ အစပိုင်းမှာ
ကိုယ်စားသုံးဖို့ လိုအပ်သလောက်ပဲ ယူငင်စားသုံးကြတယ်။

ဒီ့နောက်မှာတော့ သလေးစပါးကို လိုအပ်တာထက် ပိုယူပြီး သိုလှောင်
တာတွေ ပေါ်ပေါက်လာတယ်။ ဒါကြောင့် မို့ နယ်နမိတ် သတ်မှတ်
ပြီးတော့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ဖန်တီးလာရတယ်။ ဒီနည်းအားဖြင့်
အရင်ဘုံပိုင်ပစ္စည်းကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ပုဂ္ဂလိကပိုင်ပစ္စည်း
အဖြစ် စတင်သတ်မှတ်လာကြတယ်။ ဒီ့ပြင် ကိုယ်ပိုင်ပစ္စည်း
မဟုတ်တာကို ခိုးယူမှုတွေ ပေါ်ပေါက်လာတယ်။ နောက်ဆုံးမှာတော့
လူတယောက်နဲ့ တယောက် ပဋိပက္ခဖြစ်တာကို ဖြေရှင်းပေးဖို့အတွက်
“ရုပ်ရည်ခန့်ညားတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့” လူတယောက်ကို
မင်းအဖြစ် တင်မြှောက်ကြတယ်။ ပထမဆုံး မင်းဖြစ်လာသူရဲ့
အမည်ဟာ “မဟာသမတ” ဖြစ်တယ်။ ဒါဟာ မဟာသမတမင်း
ပေါ်ပေါက်လာပုံ အကျဉ်းချုပ် ဖြစ်ပါတယ်။

ဒီတော့ မဟာသမတမင်း ပေါ်ပေါက်လာပုံကို အခြေပြုပြီးတော့
ဗမာဗုဒ္ဓဘာသာဝင်တွေက “လူတွေရဲ့ လောဘ၊ ဒေါသကြောင့်
မင်း(အစိုးရ) ပေါ်ပေါက်လာရတယ်။ မင်း(အစိုးရ)ဟာ ကိုယ်ကျင့်
တရား ကောင်းမွန်ရမယ်။ ဒါ့အပြင် အဲဒီမင်း(အစိုးရ)ဟာ
လူတွေရဲ့ ကိုယ်ကျင့်တရားကို ထိန်းကျောင်းပေးရမယ့်
တာဝန်ရှိတယ်”လို့ မှတ်ယူထားကြပါတယ်။ ဒါဟာ
ကိုယ်ကျင့်တရားကို အခြေခံပြီး ယူဆထားတဲ့ အစိုးရ
 ပေါ်ထွန်းလာပုံ သီအိုရီဖြစ်ပါတယ် (Morality-based Theory
of the State)။ အရှေ့တိုင်းနိုင်ငံတွေထဲက ထူးခြားတဲ့
အယူအဆတစ်ရပ် ဆိုပါတော့။

၂။ ခေတ်သစ်အစိုးရ

ဗမာဗုဒ္ဓဘာသာဝင်တွေဟာ “အစိုးရ ပေါ်ထွန်းလာရခြင်း
အကြောင်းတရားနဲ့ အစိုးရရဲ့တာဝန်ကို” ဘယ်လို တွေးခေါ်
လက်ခံထားသလဲ ဆိုတာကို တင်ပြခဲ့ပြီးပါပြီ။ ဒီအယူအဆကို
အခြေခံလို့ “အစိုးရဟာ လူတွေရဲ့ ကိုယ်ကျင့်တရား ပျက်စီးမှု
ကြောင့် ပေါ်ပေါက်လာရတယ်။ အစိုးရဟာ လူတွေရဲ့ ကိုယ်ကျင့်
တရားကို ထိန်းကျောင်းပေးရမယ့် တာဝန်ရှိတယ်” ဆိုတဲ့
တွေးခေါ်ပုံဟာ လက်ရှိ ခေတ်သစ်အစိုးရ (အချိန်ကာလအရ
“ခေတ်သစ်” ဆိုတဲ့ စကားရပ်ကို သုံးပါတယ်။ အုပ်ချုပ်မှု
ပုံစံကို ရည်ညွှန်းလိုရင်း မဟုတ်ပါဘူး) လက်ထက်မှာလဲ
လက်ခံထားသူတွေ ရှိနေတုန်းပဲဆိုတာကို အခုအခန်းမှာ
တင်ပြချင်ပါတယ်။

သိပ်မကြာလှသေးတဲ့ ကိစ္စတရပ်ကတော့ သင်္ကြန်မတိုင်ခင်က
မန္တလေးတိုင်းဒေသကြီး အစိုးရရဲ့ ထုတ်ပြန်ချက်ပါပဲ။ သင်္ကြန်
တွင်းမှာ သရုပ်ပျက် ၀တ်စားဆင်ယင်သူတွေကို အစိုးရက
အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အစိုးရက
နိုင်ငံသားတွေကို ကိုယ်ကျင့် တရားအရ ထိန်းကျောင်းရမယ့်
တာဝန်ရှိတယ်လို့ ယူဆထားတာ ပေါ်လွင်ပါတယ် (တကယ်တော့
ကိုယ်ကျင့်တရား ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ နှုန်းစံဟာ
အ၀တ်အစားကို ကြည့်ပြီးတော့ ဆုံးဖြတ်နိုင်လောက်အောင်
လွယ်ကူတဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ အနောက်တိုင်း ဒဿနမှာ
ကိုယ်ကျင့်တရား ဒဿန “Moral Philosophy” ဆိုတာ စနစ်တကျ
သင်ကြားရတဲ့ ပညာရပ်တခု ဖြစ်ပါ တယ်)။ လိုရင်းကို ပြန်ကောက်
ရရင်တော့ မန္တလေးတိုင်းဒေသကြီး အစိုးရရဲ့ ထုတ်ပြန်ချက်ကို
ထောက်ခံကြသူတွေလဲ မနည်းမနှော ရှိနေတာ တွေ့ရပါတယ်။

ဒါ့အပြင် အရင်သိန်းစိန် အစိုးရလက်ထက်မှာလဲ အလားတူ ဖြစ်ရပ်တွေ
အမြောက်အများ တွေ့ရပါလိမ့်မယ်။ ညှို့မဂ္ဂဇင်းကို ထုတ်ဝေ သူတွေက
ကျန်းမာရေး ပညာပေးမဂ္ဂဇင်းလို့ ယူဆထုတ်ဝေပေမယ့် အစိုးရကတော့
ဒါဟာ လူတွေရဲ့ ကိုယ်ကျင့်တရားကို ပျက်ပြားစေတဲ့ အရေးအသားတွေ
ပါနေတယ်ဆိုပြီးတော့ ပိတ်ပင်ခဲ့ဖူးပါတယ် (အာဏာရှင် အသွင်ပြောင်း
သိန်းစိန်အစိုးရ လက်ထက်မှာ အပိတ်ခံရတာ ဆိုတော့ ဒီလို အပိတ်ခံရ
တာဟာ အစိုးရကို အတိုက်အခံလုပ်တဲ့ အရေးအသားတွေကြောင့်လို့
ယူဆသူတွေ ရှိပါလိမ့်မယ်။ တကယ် တော့ မဂ္ဂဇင်းအတွင်းမှာ အစိုးရကို
အတိုက်အခံလုပ်တာမျိုး ဝေဖန်တာမျိုးတွေ မပါပါဘူး။ ဒီတော့ အစိုးရဟာ
သူ့ကို အတိုက်အခံ လုပ်လို့ မဂ္ဂဇင်းကို ပိတ်ပင်တာ မဟုတ်ဘဲ အစိုးရဟာ
နိုင်ငံသားတွေကို ကိုယ်ကျင့်တရားပိုင်းမှာ ထိန်းကျောင်းရမယ့် တာဝန်ရှိ
တယ်လို့ လက်ခံထားတဲ့အတွက် ပိတ်ပင်တယ်လို့ ယူဆနိုင်ပါတယ်။)

အလားတူ တခြားဖြစ်ရပ်တွေလဲ အမြောက်အများ ရှိခဲ့ဖူးပါတယ်။ ဥပမာ
ညစ်ညမ်းခွေတွေဆိုရင် အစိုးရက ဖမ်းဆီးတဲ့အတွက် ခိုးရောင်း ရတာမျိုး။
ဒီ့အပြင် စစ်အစိုးရအဆက်ဆက်ဟာ “မြန်မာ့ရိုးရာ၊ မြန်မာ့ယဉ်ကျေးမှု
မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”လို့ ဟစ်ကြွေးခဲ့ တာတွေဟာ နိုင်ငံသားတွေရဲ့ နေထိုင်ပြုမှု၊ ၀တ်စားဆင်ယင်ပုံတွေကို
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ၀င်ရောက်ထိန်း ကျောင်းနေတာ
ဖြစ်ပါတယ်။

အစိုးရဟာ နိုင်ငံသားတွေကို ကိုယ်ကျင့်တရားအရ ထိန်းကျောင်းရမယ့်
တာဝန်ရှိကြောင်း လက်ခံထားတဲ့ အထင်ရှားဆုံး အချက်ကို ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တွေ့နိုင်ပါတယ်။ အခြေခံဥပဒေရဲ့ နိုင်ငံ
သားအခွင့်အရေး အခန်းမှာ “ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ
ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်
အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်”လို့ အစချီ
ထားတဲ့ စာပိုဒ်တခု ပါပါတယ်။ တနည်း ပြန်တွေးကြည့်ရရင် ဒီစကား
ပိုဒ်ကို ထည့်ထားတာက အစိုးရက အတိုက်အခံတွေကို လိုသလို
ဖိနှိပ်ဖို့ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီ့အတွက် သုံးချင်
ရင်လဲ “နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း
သာယာရေး” ဆိုတဲ့ စကားပိုဒ်အရ အစိုးရအနေနဲ့ လိုသလို ဖိနှိပ်လို့
ရပါတယ်။ ထင်ရှားတဲ့အချက်ကတော့ အထိန်းအကျောင်း မရှိရင်
လွတ်လပ်မှုကြောင့် လူတွေ ကိုယ်ကျင့်တရား ပျက်ပြားလာမယ်၊
ဒါကို အစိုးရက ထိန်းကျောင်းပေးရမယ့် တာဝန်ရှိတယ်လို့
ယူဆထားတာပါပဲ။

ဒီတော့ မဟာသမတမင်း ပေါ်ပေါက်လာပုံကို အခြေခံပြီးတော့
“အစိုးရ ပေါ်ပေါက်လာရခြင်း အကြောင်းနဲ့ အစိုးရ တာဝန်”
ယူဆတွေး ခေါ်ချက်တွေကို အခုခေတ်ထိ လက်ခံထားသူတွေ
ရှိနေဆဲပဲဆိုတာပါပဲ။ နောက်အခန်းမှာ ဆက်ဆွေးနွေးချင်တာ
ကတော့ “အစိုးရဟာ နိုင်ငံသားတွေကို ကိုယ်ကျင့်တရားအရ
ထိန်းကျောင်းမှုတွေ လုပ်တာဟာ လစ်ဘရယ်ဝါဒနဲ့ ကိုက်ညီ
သလား” ဆိုတာပါပဲ။

၃။ လစ်ဘရယ်ဝါဒ

လစ်ဘရယ်ဝါဒအရ အစိုးရဟာ နိုင်ငံသားတွေရဲ့ ကိုးကွယ်ယုံကြည်မှု
အပါအ၀င် ကိုယ်ကျင့်တရားနှုန်းစံတွေနဲ့ ပတ်သက်ရင် ကြားနေရ
မယ်လို့ ဆိုပါတယ်။ “အကောင်းဆုံး ဘ၀နေထိုင်နည်း (the best
way to live)”တစ်ခုကို အစိုးရက တရားသေလက်ခံပြီးတော့
နိုင်ငံသားတိုင်း လိုက်နာခိုင်းရင် ဒါဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို
ပိတ်ပင်တာ ဖြစ်တယ်လို့ လစ်ဘရယ်တွေက ယူဆကြတယ်။ တခြားသူ
တဦးရဲ့ အခွင့်အရေးတွေကို မထိပါးသရွေ့ လူသားတဦးချင်းစီတိုင်းဟာ
ကိုယ့်စိတ်ကြိုက် ကိုယ်ကျင့်တရားနှုန်းစံတွေအရ လွတ်လွတ်လပ်လပ်
နေထိုင်ခွင့်ရှိသင့်တယ်လို့ လစ်ဘရယ်တွေက ဆိုကြပါတယ်။

ဆိုတော့ကား အစိုးရက နိုင်ငံသားတွေကို ကိုယ်ကျင့်တရားအရ
ထိန်းကျောင်းမှုတွေ လုပ်နေတာဟာ လစ်ဘရယ်ဝါဒနဲ့ ကိုက်ညီမှု
မရှိပါဘူး။ အစိုးရက “စံတစ်ခု”ကို အသေဆုပ်ကိုင်ပြီး ကိုယ်ကျင့်
တရားအရ ထိန်းကျောင်းမှုတွေ လုပ်တာဟာ နိုင်ငံသားတွေရဲ့
ရွေးချယ်ခွင့်ကို ပိတ်ပင်ရာ ကျပါတယ်။ စံအဟောင်းအမျဉ်းတွေကို
ထာဝရ အမှန်တရားတခုလို ဆုပ်ကိုင်ထားတဲ့အတွက် ခေတ်သစ်
လူ့အဖွဲ့အစည်းတွင်းမှာ “ခေတ်သစ်နဲ့ ကိုက်ညီတဲ့ ကိုယ်ကျင့်တရား
စံနှုန်းသစ်တွေ စဉ်းစားတွေးခေါ်လာတာ၊ ဆွေးနွေးငြင်းခုံလာတာ
တွေ မပေါ်ပေါက်နိုင်ပါဘူး။ ဒီ့အတွက် ကိုယ်ကျင့်တရား ဒဿန
ပိုင်းဆိုင်ရာ အယူအဆတွေမှာ တိုးတက်မှုတွေ ရှိမလာနိုင်တော့
ပါဘူး။ ပိုဆိုးတာကတော့ အစဉ်အလာတန်ဖိုး အဟောင်းအမျဉ်း
တွေကို တရားသေဖက်တွယ်ထားတဲ့ လူ့အဖွဲ့အစည်းမှာ ခေတ်သစ်
အုပ်ချုပ်ရေး နဲ့ လစ်ဘရယ် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ဖို့
ဆိုတာ ခက်ခဲပါတယ်။”

အချုပ်ဆိုရရင်တော့ လူ့အဖွဲ့အစည်းတခုကို လွှမ်းမိုးထားတဲ့
ကိုယ်ကျင့်တရားစံနှုန်းတွေ (အာဏာရှင်စနစ်ကို အားပေးတဲ့
နှုန်းစံတွေ သို့မဟုတ် လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အားပေးတဲ့
နှုန်းစံတွေ)ဟာ “မြေဆီလွှာ” ဖြစ်တယ်။ အုပ်ချုပ်ရေး ပုံစံတရပ်
(အာဏာရှင် သို့မဟုတ် လစ်ဘရယ် ဒီမိုကရေစီ)ဟာ “မျိုးစေ့”
ဖြစ်တယ်။ သေချာတာကတော့ “အာဏာရှင် မြေဆီလွှာမှာ
လစ်ဘရယ် ဒီမိုကရေစီ အပင် မဖြစ်ထွန်းနိုင်ဘူး” ဆိုတာပါပဲ။

စစ်တပ်က အချုပ်အခြာအာဏာကို ကာကွယ်သတဲ့လား

Written By ဥာဏ်မျိုးအောင်

“အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး…ဒို့အရေး” ဆိုတဲ့
ကြွေးကြော်သံတွေကို အစိုးရသတင်းစာတွေထဲမှာလဲ ခဏ
ခဏ ဖတ်ဖူးပါလိမ့်မယ်။ ရုပ်မြင်သံကြားကြည့်သူ၊ ဗီဒီယိုခွေ
ကြည့်သူတွေလဲ ဇာတ်ကားမကြည့်ခင် ဒီစာသားကို ရစ်ကြည့်
ရတာမို့ နားယဉ်ပါးပြီး ဖြစ်ပါလိမ့်မယ်။ ဒီအယူအဆကို အခြေ
ခံပြီးတော့ပဲ အချုပ်အခြာအာဏာကို ပြည်တွင်းပြည်ပ ရန်သူ
တွေကနေ ကာကွယ်ဖို့အတွက် စစ်တပ်ဟာ အရပ်သားအစိုးရ
တာဝန်တွေကို ယူနေရပါတယ်ဆိုတဲ့ အကြောင်းပြချက်ကို
တည်ဆောက်ထားပါတယ်။ ဒီအကြောင်းပြချက်နဲ့ပဲ စစ်အာဏာ
ရှင်အစိုးရဟာ ဗမာနိုင်ငံကို ဆယ်စုနှစ်ချီကြာအောင် လွှမ်းမိုး
ထားခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ကျွန်တော် သုံးသပ်ပြချင်တာက
အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်က ဘာလဲ။ စစ်အစိုးရ က
အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်မှန်ကို သဘောပေါက်ရဲ့လားနဲ့
အချုပ်အခြာအာဏာကို စစ်အစိုးရက အမှန်တကယ် ကာကွယ်
ပေးနိုင်သလား ဆိုတာပါပဲ။

အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်ကို သမိုင်းနောက်ခံအခြေအနေကို
လိုက်ပြီးတော့ ခေတ် အဆက်ဆက်မှာ အမျိုးမျိုး ဖွင့်ဆို ခဲ့ကြပါတယ်။
သက်ဦးဆံပိုင်စနစ် (Monarchy) ကြီးစိုးခဲ့တဲ့ ကာလတွေတုန်းက
ဘုရင်တစ်ဦးတည်းကပဲ အချုပ်အခြာအာ ဏာကို ပိုင်တယ်လို့ ယူဆ
ခဲ့ကြ ပါတယ်။ “ငါက နိုင်ငံတော်ပဲ (I am the state.)”လို့ အနောက်တိုင်း
သမိုင်းထဲမှာ ဖတ်ရတဲ့ ဘုရင်တစ်ပါးရဲ့ ပြောကြားချက်က ဒီသဘောကို
ရည်ညွှန်းတာပါပဲ။ ဗမာနိုင်ငံရဲ့ သက် ဦးဆံပိုင်ခေတ်ကို ပြန်ကြည့်ရင်လဲ
“ရေမြေ့အရှင်”ဆိုတဲ့ စကားက ဘုရင်ရဲ့ သြဇာအာဏာဟာ အကန့်
အသတ်မဲ့ဆိုတဲ့ သဘောကို ဆောင်နေပါတယ်။ ဒီတော့ သက်ဦးဆံပိုင်
စနစ်မှာ အချုပ်အခြာအာဏာရဲ့ အဓိပ္ပါယ်က ဘုရင်တစ်ပါးတည်းကပဲ
ဥပဒေတွေ၊ အမိန့်တွေကို ထုတ်နိုင်တယ်။ ဒီဥပဒေတွေ၊ အမိန့်တွေကို
နိုင်ငံထဲက ပြည်သူလူထုက စောဒက မတက်ဘဲ နာခံရမယ်။ မလိုက်နာ
သူတွေကို ဘုရင်က ရဲမက်အင်အားသုံးပြီး ဖမ်းဆီးအပြစ်ပေးနိုင်တယ်လို့
ဆိုလိုပါတယ်။

သမိုင်းခေတ်တွေ ပြောင်းလဲလာတဲ့အခါ ဒီအယူအဆကို ပြည်သူလူထုက
လက်မခံ ချင်တော့ပါဘူး။ ဘုရင့်အာဏာဆိုတာ က ဘုရင်က မွေးတဲ့
ဘုရင့်သားသာ ရပိုင် ခွင့်ရှိ တယ်ဆိုတဲ့ မျိုးရိုးဆက်ခံမှုအာဏာ မဟုတ်လား။
လူထုက ရွေးကောက်တင် မြှောက်တာ မဟုတ်တဲ့အတွက် လူထုအပေါ်ကို
ဘာတာဝန်ယူမှု၊ ဘာတာဝန်ခံမှုမှ မရှိပါဘူး။ ပိုဆိုးတာက မျိုးရိုးအရ
ဘုရင့်သားဖြစ်လို့ ဘုရင့်အာဏာပေးတဲ့ အစဉ်အလာရဲ့ အားနည်းချက်က
ဘုရင့် သားဟာ လူပေါတစ်ယောက်၊ စိတ်မနှံ့တဲ့သူ တစ်ယောက် ဖြစ်နေရင်
ဘယ်လို လုပ်မလဲ။ နန်းတွင်းထဲမှာတင် အထိန်းတော်တွေရဲ့ လက်အောက်မှာ
ကြီးပြင်းလာပြီး လူရေးလူရာ၊ တိုင်းရေးပြည်ရာကို ဘာမှ နားမလည်တဲ့
ဆန်ကုန်မြေလေး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဒီမှာတင် သမိုင်း
ခေတ်ဖြစ်ရပ်တွေ ပြောင်းလဲလာပြီး အယူအဆသစ်တွေ ပေါ်လာပါတယ်။

ဒီဘက်ခေတ်မှာတော့ ဒီမိုကရေစီစနစ်ကို အခြေခံထားတဲ့ အချုပ်အခြာ
အာဏာ အယူအဆ ထွန်းကားနေပါတယ်။ အဲဒါကတော့ အချုပ်အခြာ
အာဏာကို လူထုက ပိုင်တယ်၊ အချုပ်အခြာအာဏာရဲ့ ပိုင်ရှင်အစစ်ဟာ
လူထုပဲဆိုတဲ့ လူထုပိုင်အချုပ်အခြာအာဏာ (Popular Sovereignty)
အယူအဆပါပဲ။ ဒီသဘောကို ရှင်းဖို့အတွက် အချုပ်အခြာအာဏာကို
နှစ်မျိုးခွဲပြီးတော့ ပြောလိုပါတယ်။ ပထမတစ်မျိုးကတော့ အချုပ်အခြာ
အာဏာ ဆိုတာနိုင်ငံတွင်းမှာ နေထိုင်တဲ့ လူထုရဲ့ လိုလားချက်တွေ၊
လူထုရဲ့ဆန္ဒသဘောထားတွေလို့ အဓိပ္ပါယ်ဖွင့်တဲ့ နိုင်ငံရေး အချုပ်အခြာ
အာဏာ (Political Sovereignty)ပါ။ ဒုတိယအချက် ကတော့ ဒီလူထုရဲ့
လိုလားချက်တွေ၊ သဘောဆန္ဒတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေကိုပြဌာန်းပြီး
အစိုးရက အုပ်ချုပ်တာလို့ အဓိပ္ပါယ်ဖွင့်တဲ့ ဥပဒေကျင့်သုံးခွင့် အချုပ်အခြာ
အာဏာ (Legal Sovereignty)ပါ။ ဒီအချက် နှစ်ချက်နဲ့ ကိုက်ညီရင်
အချုပ်အခြာအာဏာကို လူထုက ပိုင်တယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရဟာ အထက်ကဆိုခဲ့တဲ့ လူထုပိုင် အချုပ်အခြာ
အာဏာကို လွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်တယ် ဆိုရင်ပဲ ပြည်ပနှောက်
ယှက်မှု၊ ပြည်ပသြဇာလောင်းရိပ်အောက်က လွတ်ကင်းတဲ့ လွတ်လပ်တဲ့
နိုင်ငံလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်ဗမာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ပြန်ကြည့်
မယ်ဆိုရင် စစ်အာဏာရှင်ကြီးစိုးခဲ့တဲ့ ကာလတစ်လျှောက်မှာရော ဒီမိုက
ရေစီအသွင်ဆောင် စစ်အာဏာရှင်အစိုးရ ကြီးစိုးနေတဲ့ ကနေ့ခေတ်မှာပါ
လူထုပိုင် အချုပ်အခြာအာဏာ ဆိုတာ မရှိခဲ့ပါဘူး။ လူထုရဲ့ ဆန္ဒတွေ ၊
လိုလားချက်တွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ခဲ့ပြီး စစ်အာဏာရှင်အုပ်စုရဲ့
အလိုကျ ဥပဒေတွေ ပြဌာန်း၊ အမိန့်တွေ ထုတ်ပြီးတော့ အုပ်ချုပ်ခဲ့တာပါ။
သက်ဦးဆံပိုင်စနစ်က အဆို အမိန့်နည်းတူ ပြောရရင် “စစ်တပ်က
နိုင်ငံတော်ပဲ (Military is the state.)” ဆိုတဲ့ သဘောတရားနဲ့ အုပ်ချုပ်ခဲ့တာပါ။

ဒီတော့ အကျိုးအဆက်က နိုင်ငံရဲ့ စီးပွားရေးအဆင့်အတန်းက တခြား
နိုင်ငံတွေနဲ့ ယှဉ်ရင် “အမွဲတကာ့ ထွဋ်ခေါင်၊ ဖွတ်မင်း နောင်” ဖြစ်ခဲ့ရပါတယ်။
ပညာရေးကို ကြည့်မယ်ဆိုရင်လဲ “ဓါးမနောက်ပိတ် ခွေး” ဖြစ်ကျန်ခဲ့ပါတယ်။
အလားတူပဲ တခြား ကဏ္ဍတွေမှာ လည်းပဲ အောက်ကျ နောက်ကျ ဖြစ်ခဲ့ရ
ပါတယ်။ ဆိုချင်တာက နိုင်ငံတော်ရဲ့ အင်အားဟာ ချိနဲ့လာပါတယ်။ စစ်
အစိုးရဟာ နိုင်ငံတွင်းမှာ ဘယ်လောက်ပဲ ဗိုလ်ကျကြီး စိုးနိုင်ပါစေ နိုင်ငံ တကာဆက်ဆံရေးမှာတော့ နိုင်ငံတော်ရဲ့ အင်အားတောင့်တင်းမှု၊
ဒီမိုကရက် တစ်ဆန်မှုဟာ အခရာ ကျလာပါတယ်။ နိုင်ငံတကာဆက်
ဆံရေးမှာ ဗမာစစ်အစိုးရရဲ့ မှီခို စရာကတော့ တရုတ်နိုင်ငံပါပဲ။

ရှေးခေတ်ကနေ ကနေ့ခေတ်အထိ တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေကို
ပဏ္ဏာဆက်-ဆက်ဆံရေး (Tributary Relatioships)အရ ဆက်ဆံတဲ့
ပဏ္တာဆက်နိုင်ငံတွေလို့ပဲ သဘောထားတာပါ။ တရုတ်နိုင်ငံဟာ
ကမ္ဘာ့အလယ်မှာ ရှိတယ်။ တရုတ်ဟာ တစ်ကမ္ဘာလုံးရဲ့ တစ်ခုတည်းသော
အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်တယ်ဆိုတဲ့ တရုတ် ဗဟိုပြုအမြင်
(Sino-centric View)ဟာ တရုတ်တွေရဲ့ အတွေးအခေါ်မှာ အမြစ်
တွယ်နေပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုး မုန်းတီးရေးကို
ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ စစ်အင်အားတောင့်
တင်းတဲ့ တရုတ်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ အထက်စီးယူ
ဆက်ဆံတာ မဆန်းပါဘူး။ ဒါပေမယ့် နိုင်ငံတွင်းက လူထုရဲ့
ဆန္ဒတွေကို လစ်လျူရှု ဗိုလ်ကျကြီး စိုးခဲ့ပြီး နိုင်ငံတော်အင်အားချိနဲ့နေတဲ့
စစ်အစိုးရကတော့ နိုင်ငံတကာဆက်ဆံရေးမှာ အနှိမ်ခံရပါတော့တယ်။

ဒီတော့ တရုတ်အလိုကျ မျက်နှာချိုသွေးပြီး ဆက်ဆံရတာတွေကို
စစ်အာဏာရှင်အစိုးရက တစ်လျှောက်လုံး လုပ်ပြခဲ့ရ ပါတယ်။
ဒီဘက်ခေတ် ဒီမိုကရေစီအသွင်ဆောင် စစ်အာဏာရှင်အစိုးရ
လက်ထက်မှာလဲ ဒီအပြုအမူတွေ ရှိနေဆဲပါပဲ။ ဗမာနိုင်ငံတွင်းက
သစ်ကို ခိုးခုတ်လို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားတဲ့
တရုတ်နိုင်ငံသား တစ်ရာ့ငါးဆယ်ကျော်ကို တစ်ပတ်အတွင်းမှာပဲ
သမ္မတသိန်းစိန်က လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပါတယ်။
ဗမာနိုင်ငံသားတွေဟာ ပြည်သူပိုင် ရင်းမြစ်ကို ခိုးတာကိုရော၊
တခြားနိုင်ငံသားက ကျူးကျူးကျော်ကျော်လုပ်ပြီး လွတ်မြောက်
သွားတာကိုပါ မလိုလားပါဘူး။ ဒါပေမယ့် အစိုးရကတော့ ပြည်သူ
လူထုရဲ့ဆန္ဒကို ဘေးချိတ်ပြီးတော့ လွှတ်ပေးလိုက်ပါတယ်။

ဒါဟာ ဗမာနိုင်ငံမှာ လူထုပိုင် အချုပ်အခြာအာဏာ မရှိဘူး၊ အချုပ်
အခြာအာဏာကို တစ်ခြားနိုင်ငံတစ်ခုက သွယ်ဝိုက်ဖိ အားပေးပြီး
ထိပါးနှောက်ယှက်နိုင်တယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။
အချုပ်ပြောရရင် ဒီမိုကရေစီအသွင်ဆောင် စစ်အာဏာရှင် အစိုးရဟာ
ဗမာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သူ မဟုတ်ပါဘူး။
အချုပ်အခြာအာဏာကို ချိုးဖောက်နေသူသာ ဖြစ်ပါကြောင်း။ ။


Ref- (1) Political Science By Raymond Garfield Gettell
(2) World Order By Henry Kissinger

မိုက်ကယ်ဆန်ဒဲ ပြောတဲ့ တရားမျှတမှု

Written by ဥာဏ်မျိုးအောင်

ဒီလအတွက် Michael J. Sandel ရေးသားတဲ့ Justice, What’s
the Right Thing to Do ဆိုတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။
ဗမာပြည်မှာတော့ ဥပဒေအကြောင်း၊ ကိုယ်ကျင့်တရားအကြောင်း
ပြောကြစတမ်းဆိုရင် ဥပဒေသမားကလဲ ရှိရင်းစွဲ ဥပဒေစာအုပ်
တွေထဲက ပုဒ်မကြီး ပုဒ်မငယ်တွေကို ကိုးကားပြောဆိုတတ်ကြပြီး ကိုယ်ကျင့်တရားအကြောင်း ပြောသူအများစုဟာလဲ ငရဲပြည်၊
လူပြည်၊ နတ်ပြည်တွေကို အခြေခံတည်ဆောက်ထားတဲ့
ဘာသာရေးကျမ်းဂန်ထဲက ကျင့်ဝတ်သီလတွေအကြောင်းကို
ပြောဆိုဆွေးနွေးတတ်ကြ ပါတယ်။ မတွေ့ရသလောက် ရှားပါးတာ
ကတော့ “လူကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ ရှေ့နောက်ညီညွှတ်မှု
ရှိတဲ့ ကိုယ်ကျင့် တရား အယူအဆ၊ တရားဥပဒေ အယူအဆတွေ”
ပါပဲ။ ဒီဆောင်းပါးမှာ ဆန်းဒဲရဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို
အမြည်းသဘော မိတ် ဆက်ပေးပါမယ်။ အပြည့်အစုံ ဖတ်လိုသူများ
ကတော့ မူရင်းကို ရှာဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

၂၀၀၄ ခုနှစ်မှာ မက္ကစီကို ပင်လယ်ကွေ့ဘက်က ဟာရီကိန်းမုန်တိုင်း
တစ်ခုဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ကို ဖြတ်
တိုက်သွားတယ်။ လူတွေ သေကျေမှုတွေ ရှိသလို လူနေအိမ်ခြေ
တွလဲ ပျက်စီးခဲ့တယ်။ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရတဲ့ အိမ်ခေါင်
မိုးတွေ ပြင်ဖို့၊ လဲကျနေတဲ့ သစ်ပင်တွေ ဖြတ်ဖို့ စတဲ့ ပြုပြင်ရေး
စရိတ်တွေဟာ ပုံမှန်ထက် အဆများစွာ ဈေးနှုန်းတွေ တက်လာတယ်။ ဖလော်ရီဒါပြည်နယ်မှာ ဈေးနှုန်းထိန်းညှိရေး ဥပဒေ (price-gouging
law) ရှိတဲ့အတွက် တရားရုံးဆီ တိုင်တန်းတာတွေ ဖြစ်လာတယ်။
ဒီမှာတင် အမြင်အမျိုးမျိုးနဲ့ ဝေဖန်တာတွေ ပေါ်ပေါက်လာတယ်။
တချို့ကတော့ လူအများ ဒုက္ခရောက်နေချိန်မှာ “အခွင့် အရေး”
ယူပြီးတော့ အမြတ်ထုတ်တာကို ရှုံ့ချကြတယ်။ မျှတတဲ့ ဈေးနှုန်း
အတိုင်းပဲ ဖြစ်သင့်တယ်လို့ ဆိုကြတယ်။ လွတ်လပ်တဲ့ ဈေးကွက်
စီးပွား စနစ်ကို (Free Market) ကာကွယ်လိုသူတွေကတော့ မျှတတဲ့
ဈေးနှုန်း (Just price)ဆိုတာ မရှိဘူး၊ ၀ယ်လိုအားနဲ့ ရောင်းလိုအား
(Supply and Demand)က ပြဌာန်းပေးတဲ့ ဈေးနှုန်းပဲ ရှိတယ်လို့
ခုခံချေပကြတယ်။

ဒီမှာတင် မေးစရာတခု ပေါ်လာတယ်။ အဲဒါကတော့ ဘယ်အရာက
လုပ်သင့်၊ လုပ်ထိုက်တဲ့ အရာလဲ ဆိုတာပဲ။ တနည်းအားဖြင့်
ဥပဒေတွေဟာ ဘယ်လို ဖြစ်သင့်တယ်၊ လူအဖွဲ့အစည်းကို ဘယ်လို
ဖွဲ့စည်းတည် ဆောက်သင့်တယ်၊ တရားမျှတမှုဆိုတာ ဘယ်လို
ဖြစ်သင့်တယ် ဆိုတာကို မေးခွန်းထုတ်နေတာလဲ ဖြစ်ပါတယ်။
ဒီမှာဆွေး နွေးချက်တွေက အယူအဆ သုံးခုကို အခြေခံပြီးတော့
ပြောဆိုနေတာကို တွေ့ရပါတယ်။ ပထမတခုကတော့ “သာယာ
ဝပြောမှုကို အမြင့်ဆုံး မြှင့်တင်ပေးနိုင်ရေး (maximizing welfare)”၊
ဒုတိယတခုကတော့ “လွတ်လပ်မှုကို လေးစားရေး (respecting freedom)”၊
တတိယတခုကတော့ “ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရား တွေကို
အားပေးမြှင့်တင်ရေး (promoting virtue)” ဆိုတာပါပဲ။

(၁) တရားမျှတမှုကို အမျိုးမျိုး ဖွင့်ဆိုပြကြတာတွေထဲကမှ
Utilitarianism (လူများစု သုခရရေး ပဓာန၀ါဒ) ရှု ထောင့်ကနေ
ပြောဆိုဆွေး နွေးချက်ကို ပထမ မိတ်ဆက်ပေးချင်ပါတယ်။
ဒီအယူအဆကို စတင်တည်ထောင်သူ ကတော့ ဂျရမီဘန်သမ်
(Jeremy Bentham) ဖြစ်ပါတယ်။ သူ့အဆိုအရဆိုရင် သုခနဲ့ ဒုက္ခကို
ယှဉ်ထိုးနှိုင်း ယှဉ်ကြည့်လိုက်ရင် “သုခ (happiness)ကို အမြင့်ဆုံး
မြှင့်တင်ပေး” နိုင်တာဟာ အကောင်းဆုံး ကိုယ်ကျင့်တရား
စံနှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ဘန်သမ်အဆိုအရ ဆိုရင် “ကောင်းကျိုး
သုခ(utility)”ကို အမြင့်မားဆုံး မြှင့်တင်ပေးနိုင်ရင် ဒါဟာ မှန်ကန်တဲ့
လုပ်ရပ်၊ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘန်သမ်ရဲ့
အခြေခံယူဆ ချက်က ကျနော်တို့တွေ အားလုံးမှာ “သုခကို
ခံစားနိုင်စွမ်း၊ ဒုက္ခကို နာကျင်နိုင်စွမ်း” ရှိကြတယ်။ ကျနော်တို့တွေ
အားလုံးဟာ “သုခကို နှစ်သက်တယ်၊ နာကျင်မှု ဒုက္ခကို မုန်းကြတယ်”။
ဒီတော့ သုခကို အမြင့်မားဆုံး မြှင့်တင် ပေးနိုင်တာဟာ Utilitarianတွေရဲ့
အခြေခံကျင့် ၀တ်တရား ဖြစ်တယ်။ ဒီသဘောတရားကို
တယောက်ချင်းစီ တိုင်းအတွက်တင် မဟုတ်ဘဲ လူ့အဖွဲ့အစည်း
တရပ်လုံးအတွက်ပါ သုံးနိုင်တယ်။ အစိုးရဟာ ဥပဒေတခု ပြဌာန်း
တာ့မယ်၊ မူဝါဒတခု သတ်မှတ်တော့မယ် ဆိုရင် ဒီဥပဒေ၊ ဒီမှုဝါဒဟာဖြင့်
“သက်ဆိုင်ရာ လူ့အသိုက်အ၀န်းရဲ့ ကောင်းကျိုး သုခကို အမြင့်မားဆုံး
မြှင့်တင်ပေးနိုင်မလား” ဆိုတာကို စဉ်းစားရတယ်။

ဆိုပါစို့ အကြမ်းဖက်သမားတစ်ယောက်ကို စုံစမ်းထောက်လှမ်း
ရေးအဖွဲ့က ဖမ်းမိထားတယ်။ ဒီအကြမ်းဖက်သမားက လူထူထပ်တဲ့
နေရာမှာ ဗုံးထောင်ထားတယ် ဆိုပါစို့။ ဒီဗုံးဟာလဲ တစ်နာရီအတွင်း
လောက်မှာ ပေါက်ကွဲတော့မယ် ဆိုပါစို့။ ဗုံးကို ဘယ်နေရာမှာ
ထောင်ထားသလဲ ဆိုတာကို အကြမ်းဖက်သမားက ပြောလာအောင်
စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့က စစ်မေးရတော့မယ်။ ပုံမှန်အတိုင်း
မေးနေရင်တော့ အကြမ်းဖက်သမားက ဖြေမှာ မဟုတ်ဘူး။ ဒီတော့
ဒီလိုအခြေအနေမျိုးမှာ အကြမ်းဖက်သမားကို ညှဉ်းပန်းနှိပ် စက်ပြီးတော့
စစ်မေးသင့်သလား။ အကယ်လို့ နှိပ်စက်ညှဉ်းပန်းမှု မလုပ်ရင် အကြမ်း
ဖက်သမားဆီက ဗုံးဘယ်နေရာမှာ ထောင်ထား သလဲ ဆိုတဲ့
သတင်းကို မရပြန်ရင်လဲ တဖက်မှာ လူအများစု သေကျေကြရလိမ့်မယ်။
ဒီနေရာမှာ အထက်က လူများစု သုခပဓာန၀ါဒကို သုံးမလား စဉ်းစားစရာပါ။
Utilitarianismကို ငြင်းဆိုသူတွေလဲ ရှိပါတယ်။ လူများစု သုခပဓာန၀ါဒမှာ
သိသာထင်ရှားတဲ့ အားနည်းချက်ကတော့ လူတစ်ဦးချင်းစီရဲ့
အခွင့်အရေးကို မလေးစားတာပဲ။ လူများစုရဲ့ နှစ်သိမ့်ကျေနပ်မှုကို
ပဓာနထားခြင်းအား ဖြင့် လူတစ်ဦးချင်းစီရဲ့ လိုလားနှစ်သစ်ချက်တွေကို
လစ်လျူရှု စတေးပစ်ပါတယ်။ သာဓက တခုပြောရရင် ရှေးတုန်းက
ရောမမြို့မှာ ခရစ်ရှန်တွေကို ခြင်္သေ့စာ ကျွေးကြတယ်။ ဒါကို လူထုပရိ
သတ်က ပျော်ပွဲတစ်ခု၊ ဖျော်ဖြေပွဲ တစ်ခုလို သဘောထား ကြည့်ကြ
တယ်။ ခြင်္သေ့စာ အကျွေးခံရတဲ့ ခရစ်ရှန်ကတော့ ခြင်္သေ့နဲ့
ရင်ဆိုင်တွေ့ရချိန်မှာ ကြောက်ရွံ့မှုတွေ၊ ခြင်္သေရဲ့ ကိုက်ဖဲ့မှုကြောင့်
နာကျင်မှုတွေ ခံစားရတယ်။ ဒါပေမယ့် လူထုပရိတ်မှာကျ ဒါကို
ကြည့်ခြင်းအားဖြင့် မြူးထူးပျော်ရွှင်မှု ခံစားရတယ်။ ဒီလို အခြေအနေမျိုးမှာ
utilitarianတွေရဲ့ အယူအဆဟာ တရားမျှတမှု တကယ် ရှိသလား။
ဘန်သမ်ရဲ့ Utilitarianismဟာ လူသားဂုဏ်သိက္ခာနဲ့ လူတစ်ဦးချင်းစီရဲ့
အခွင့်အရေးကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ကိုယ်ကျင့် တရားစံတွေကို
နာကျင်မှုနဲ့ သုခ ခံစားချက်တွေအဖြစ် လျော့ချပစ်ကြောင်း ဆွေးနွေး
ခဲ့ပြီးပါပြီ။ ဒီUtilitarianismကို ပိုပြီးတော့ လူသား ဆန်အောင်
မွမ်းမံကယ်တင်ပေးသူကတော့ ဂျွန်စတူးအာ့တ်မေးလ် (John Stuart Mill)ပဲ
ဖြစ်တယ်။ မေးလ်က လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးနဲ့ လူများစု
သုခပဓာန၀ါဒကို ဆက်စပ်ပေးဖို့ ကြိုးစားခဲ့တယ်။ “တခြားသူတွေကို
ဘေးအန္တရာယ် မဖြစ်စေသမျှ ကာလ ပတ်လုံး” လူတစ်ဦးချင်းစီဟာ
သူတို့ကြိုက်နှစ်သက်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတယ်လို့
သူရဲ့ On Libertyစာအုပ်မှာ ရေးသား ထားတယ်။ လူတစ်ဦးချင်း
လွတ်လပ်ခွင့်ကို ဇောင်းပေးရေးထားလို့ Millဟာ Utilitarianismရဲ့
သုခပဓာနစံနှုန်းကနေ သွေဖည်သွားပြီ လားလို့ မေးစရာ ရှိပါတယ်။
Millကတော့ သူပြောတဲ့ လူတစ်ဦးချင်း လွတ်လပ်ခွင့်ဟာ သုခပဓာနစံ
တွေပေါ် အခြေခံထားတယ်လို့ ဆိုပါတယ်။ တစ်ဦးချင်း လွတ်လပ်ခွင့်ကို
လေးစားတာဟာ ရေရှည်မှာ လူသားတွေအတွက် အမြင့်မားဆုံး
သုခကောင်းကျိုးကို ပေးလိမ့် မယ်လို့ သူက ခုခံချေပပါတယ်။ လူအများစုနဲ့
သဘောထား မတိုက်ဆိုက်သူတွေ၊ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်
သူတွေကို နှိပ်ကွပ် ထားတာဟာ လတ်တလော ရေတိုမှာတော့
လူများစုအတွက် သုခကောင်းကျိုး ရတယ်လို့ ဆိုနိုင်ပေမယ့်
ရှေရှည်မှာတော့ လူ့အဖွဲ့ အစည်းရဲ့ သာယာဝပြောမှုကို ပိုမိုဆိုးဝါး
စေလိမ့်မယ်လို့ ဆိုပါတယ်။

လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ဟာ လူ့အဖွဲ့အစည်းကောင်းကျိုးကို ဘယ်လိုမျိုး မြှင့်တင်ပေးနိုင်တယ်ဆိုတာကို Millက ဆင်ခြေအမျိုးမျိုး
ပေးပါတယ်။ လူအများစုနဲ့ သဘောထား မတိုက်ဆိုင်တဲ့ အမြင်တွေဟာ
မှန်ကောင်း မှန်နေနိုင်ပါတယ်။ တစ်ပိုင်းတစ မှန်တာလဲ ဖြစ်နိုင်ပါတယ်။
အကယ်လို့ ဒီအမြင်ဟာ မှန်ခဲ့မယ်ဆိုရင် လူအများစု လက်ခံထားတဲ့
အမြင် (အများညီ “ဤ” “ကျွဲ”ဖတ်အမြင်)တွေကို ပြုပြင်တည့်မတ်
ပေးနိုင်ပါတယ်။ မမှန်တဲ့ အမြင် ဆိုရင်တောင်မှ လူအများစု
လက်ခံထားတဲ့ အမြင်ကို မကြာခဏ တိုက်ဆိုင် စစ်ဆေးခြင်း
အားဖြင့် တရားသေဆန်မှု၊ ဘက်လိုက်မှုတွေကို ရှောင်ရှားနိုင်တယ်။
လူ့အဖွဲ့အစည်းတစ်ခုဟာ သူ့အဖွဲ့ဝင်တွေ အားလုံးကို တရားသေ ဓလေ့
ထုံးတမ်းတွေ၊ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကိုပဲ တွယ်ဖက်ထားအောင်
တွန်းအားပေးခြင်းအားဖြင့် လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေးအတွက်
လိုအပ်တဲ့ “(လူ့အဖွဲ့အစည်းရဲ့) စွမ်းအင်နဲ့ သက်ဝင်လှုပ်ရှားမှုတွေ” ကို
ဆိတ်သုဉ်းသွားစေလိမ့်မယ်။

(၂) တရားမျှတမှုကို ချဉ်းကပ်နိုင်တဲ့ နောက်ထပ် ရှုထောင့်တစ်ခုကတော့
လွတ်လပ်မှု ပဓာန၀ါဒ (Libertarianism) ပါ။ လွတ်လပ်မှု ပဓာန၀ါဒီတွေက
ထိန်းချုပ်မှု မရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို လိုလားကြတယ်။
အစိုးရရဲ့ ထိန်းကျောင်းမှုတွေကို ကန့်ကွက်ကြတယ်။ ဒီလို ကန့်ကွက်ရတာက စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုမှာ ထိရောက်ရေးအတွက် မဟုတ်ဘူး။
လူသားတွေရဲ့ လွတ်လပ်မှုအတွက် ဖြစ်ပါတယ်။ သူတို့တွေ လက်ခံထားတဲ့
အဓိက အချက်ကတော့ လူသားတိုင်းမှာ လွတ်လပ်ခွင့် ရှိတယ်။
တခြားသူတွေရဲ့ အခွင့်အရေး ကို မထိပါးသရွှေ့ သူတို့ ပိုင်ဆိုင်တဲ့
ပစ္စည်းဥစ္စာတွေကို ကိုယ်ကြိုက်သလို လုပ်နိုင်တယ်လို့ ခံယူထားကြတယ်။ ခေတ်သစ်အစိုးရတွေ ပြဌာန်းလေ့ရှိတဲ့
မူဝါဒသုံးမျိုးနဲ့ ဥပဒေသုံးခုကို လွတ်လပ်မှုပဓာန၀ါဒီတွေက
လက်မခံကြဘူး။ အဲဒါတွေကတော့-

*အမိအဖကဲ့သို့ အုပ်ချုပ်မှု မရှိရေး(No Paternalism) -လူတွေ
ကိုယ့်ကိုကိုယ် ဘေးအန္တရာယ် ဖြစ်စေမယ့် လုပ်ရပ်တွေကို မလုပ်ဖို့
တားမြစ်ကာကွယ်ပေးတဲ့ ဥပဒေမျိုးတွေကို လွတ်လပ်မှု ပဓာန၀ါဒီတွေက
ကန့်ကွက်ကြတယ်။ ဥပမာ ကားစီးတဲ့အခါမှာ ခါးပတ်, ပတ်ထားဖို့
ခိုင်းတဲ့ ဥပဒေမျိုး။ မော်တော်ဆိုင်ကယ် စီးတဲ့အခါ မော်တော်ဆိုင်ကယ်
ဦးထုပ် ဆောင်းစီးဖို့ ထုတ်ပြန်ထားတာမျိုး။ တစ်ခြားသူ တစ်ဦး
တယောက်ကို မထိခိုက်သရွေ့၊ မော်တော်ဆိုင်ကယ် စီးသူတွေဟာ
(ထိခိုက်မိလို့ ဆေးရုံတက်တဲ့အခါ) ကိုယ့်ဆေး ဖိုးဝါးခကို ကိုယ်ဘာသာ
ပေးနေနိုင်သရွေ့ ဘယ်လိုမျိုး စွန့်စားမှုကိုတော့ မလုပ်ရဘူး၊ ဘယ်လိုမျိုး
စွန့်စားမှုကိုတော့ လုပ်ရမယ်ဆိုတာကို အစိုးရက ပြဌာန်းနိုင်ခွင့် မရှိဘူးလို့
လွတ်လပ်မှု ပဓာန၀ါဒီတွေက ဆင်ခြေတက်ပါတယ်။

*ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေပြဌာန်းမှု မရှိရေး (No Morals
ေLegislation) -ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား အယူအဆတွေကို
မြှင့် တင်ဖို့၊ လူအများစု သက်ဝင်ယုံကြည်တဲ့ ကိုယ်ကျင့်တရား တန်ဖိုး
တွေကို မြှင့်တင်ဖို့အတွက် ဥပဒေပြဌာန်းပြီးတော့ အကြမ်းဖက် လိုက်
နာခိုင်းတာကို လွတ်လပ်မှုပဓာန၀ါဒီတွေက ကန့်ကွက်ကြတယ်။ ပြည့်
တန်ဆာ လုပ်ခြင်းဟာ လူများစုအတွက်တော့ ကိုယ်ကျင့်တရား အားဖြင့်
လက်ခံနိုင်စရာ မရှိပါဘူး။ ဒါပေမယ့် အရွယ်ရောက်ပြီးသူ နှစ်ယောက်
သူတို့အချင်းချင်း သဘောတူညီချက်အရ လိင်မှုဆိုင်ရာ ဆက်စပ်မှုကို
လုပ်ဆောင်တာကို ဥပဒေအားဖြင့် တားမြစ်ထားတာမျိုး။ ဒီဥပဒေဟာ
တရားနည်းလမ်းကျကြောင်း (ဘယ်နည်း နဲ့မှ) သက်သေမထူနိုင်ပါဘူး။

*၀င်ငွေ သို့မဟုတ် ဓနဥစ္စာ မခွဲဝေမဖြန့်ဖြူးရေး (No Redistribution
of Income or Wealth) -ချမ်းသာကြွယ်ဝ သူတွေက ကံမကောင်း
အကြောင်းမလှသူတွေကို (ကျန်းမာရေး စောင့်ရှောက်မှု၊ နေအိမ်၊
ပညာရေး စတာတွေမှာ) ထောက်ပံ့ကူညီတာဟာ သဘောကျစရာ
ကောင်းပေမယ့် လွတ်လပ်မှု ပဓာန၀ါဒီတွေကတော့ ဒီလိုမျိုး ကူညီဖို့၊
မကူညီဖို့ဆိုတာ သက်ဆိုင်ရာ လူပုဂ္ဂိုလ်ရဲ့ ဆုံးဖြတ်မှုပဲ ဖြစ်သင့်တယ်၊
အစိုးရက အမိန့်ထုတ် ညွှန်ကြားတာမျိုး မဖြစ်သင့်ဘူးလို့ ထောက်ပြကြ
တယ်။ သူတို့အဆိုအရတော့ ၀င်ငွေခွဲဝေဖြန့်ဖြူးရေး အတွက် အခွန်
ကောက်ခံမှုဟာ “အကြမ်းဖက်မှုတစ်မျိုး” “ခိုးခြင်းတစ်မျိုး”ဖြစ်တယ်လို့
ဆိုပါတယ်။ စိတ်သဘောထားကောင်းတဲ့ သူခိုး တစ်ယောက်က ချမ်းသာ
ကြွယ်ဝသူတွေဆီက ငွေတွေကို ခိုးယူပြီးတော့ အခြေမဲ့အနေမဲ့တွေကို
ထောက်ပံ့ပေးကမ်းနိုင်ခွင့် မရှိသလို၊ အစိုးရတစ်ရပ်ဟာလဲ ဆင်းရဲသူ
တွေကို ထောက်ပံ့မယ့် ပရိုဂရမ်တွေအတွက် ချမ်းသာကြွယ်ဝသူတွေ
ဆီက အခွန်ကောက်နိုင်ခွင့် မရှိဘူး လို့ လွတ်လပ်မှု ပဓာန၀ါဒီတွေက
စောဒကတက်ကြပါတယ်။

(စာရှည်လွန်းမှာ စိုးတဲ့အတွက် အမြည်းပေးတာကို ဒီမှာတင် ရပ်ထား
ပါရစေ။ အပြည့်အစုံကို ဖတ်ချင်ရင်တော့ Michael Sandel ရေးသား
ထားတဲ့ Justice, What is the right thing to do စာအုပ်ကို YSPS
စာကြည့်တိုက်မှာ ရှာဖတ်ကြပါ။ မူရင်းစာအုပ်မှာတော့ သာဓက ဖြစ်ရပ်
တွေ စုံစုံလင်လင်နဲ့ စဉ်းစားခိုင်းတာတွေ ပါဝင်တဲ့အတွက် ပိုပြီးတော့
စိတ်ဝင်စားစရာ ကောင်းပါတယ်။)