Thursday, July 17, 2014

ထန်းတက်သမား အလိုရှိသည်


Written by ဥာဏ်မျိုးအောင် Credit to http://thevoicemyanmar.com/index.php/article/item/1207-htt


“ထန်းတက်ရတာ မလွယ်ပါဘူးကွာ။ အပင်အထက်အဖျား တက်ရတာ။ ငါဆို ထန်းပင်ပေါ်က လိမ့်ကျတာ နှစ်ခါရှိပေါ့၊ မသေလို့” ဟု ရေနံချောင်း-ချောက် ကားလမ်းပေါ်တွင် ရှိသော ထန်းတောတစ်တောမှ အသက် ၆၀ ခန့် ထန်းတက်သမား ဦးညီလေးက ညည်းညူသည်။

သူ အသက်သုံးဆယ် အရွယ်လောက်က မြေအိုးငါးလုံး၊ ခြောက်လုံးကို ခါးတွင်ချိတ်ပြီး ထန်းပင်တက်ရာ ထန်းနို့ဖျားတွင် မြေအိုး (ဒေသအခေါ်မှာ မြူအိုးဖြစ်သည်) ချိတ်ရန်အတွက် ကလိုင်ထိုးပြီး ထန်းပင်ပေါ်တွင် အကျအနထိုင်စဉ် ကလိုင်ထိုးကာ ထိုင်နေသော ထန်းလက်ကွာကျပြီး ထန်းပင်ပေါ်က ပြုတ်ကျခဲ့သည်။
ထန်းပင်ပေါ်မှ လိမ့်ကျသည်ကို မည်သူမျှ ချက်ချင်းမသိပါ။

ထန်းရည်လာသောက်သော ကျောင်းသားတစ်ယောက်က တွေ့မှသာ ရေနံချောင်း ဆေးရုံကို ပို့ပြီး တစ်လလောက် ဆေးကုခဲ့ရသည်။ ထန်းပင်ပေါ်က လိမ့်ကျသဖြင့် ကိုယ်လက် မကျိုးပဲ့သော်လည်း အရမ်းအေးသော ရာသီတွင် ခါးနာသောဒဏ်ကို ခံစားရသည်ဟု ၎င်းက ခါးကို ပုတ်ရင်း ပြောပြသည်။

ထန်းတက်သမား လောကတွင် ဦးညီလေးကဲ့သို့ ထန်းတက်ရင်း ပြုတ်ကျသော ဖြစ်ရပ်မျိုးစုံ ရှိပါသည်။ သို့သော် လူတိုင်းမှာ ဦးညီလေးကဲ့သို့ ဘေးမသီရန်မခ ပြန်ကောင်းခဲ့သည်တော့ မဟုတ်ပါ။ အချို့ ထန်းတက်သမားတို့မှာ ထန်းပင်ပေါ်က ပြုတ်ကျပြီး သွေးထွက်လွန်သည့်အပြင် ဆေးရုံမှာလည်း ရွာနှင့် မိုင်ချီ ဝေးသဖြင့် အသက်ဆုံးပါးရသည်။ အချို့မှာ ထန်းပင်ပေါ်က ပြုတ်ကျပြီး ကျိုးသွားသော နံရိုးက အဆုတ်ကို ထိုးဖောက်သဖြင့် အသက်ပျောက်ရသော အဖြစ်မျိုးတွေလည်း ရှိပါသည်။ ထန်းပင်ပေါ် က ပြုတ်ကျဖူးသော ဦးညီလေးမှာ အသက်မသေသော်လည်း ယခင်ကကဲ့သို့ ထန်းမတက်နိုင်တော့ပါ။

“အခုကျ ထန်းပင်ကို လူငှားနဲ့ တက်ခိုင်းရတယ်” ဟု ဦးညီလေးက ဆိုသည်။

ယခင်က ထန်းပင် အငှားတက်သူသည် လုပ်အားခအတွက် တစ်ရက်တာ ထွက်သမျှ ထန်းရည်ကို ယူပြီး ထန်းပိုင်ရှင်ကို သုံးရက် သို့မဟုတ် လေးရက်အတွင်း ထွက်သမျှ ထန်းရည်ကို ပေးရသည်။ ယခု နောက် ပိုင်းတွင်မူ ထန်းတက်သမား ရှားပါးလာရာ ထန်းပိုင်ရှင်က တစ်ရက်တာ ထွက်သမျှ ယူလျှင် နောက်ရက်၌ ထွက်သမျှကို ထန်းပင်အငှားတက်သူကို ပေးရကြောင်း၊ တစ်ယောက် တစ်ဝက်ကြေးပုံစံ ပေးရကြောင်း ၎င်းက ရှင်းပြသည်။

ထန်းတက်သမား၏ လုပ်အားခ ဈေးကြီးလာခြင်းတွင် ထန်းတက်သမား ရှားပါးလာရခြင်းက အကြောင်း အရင်း တစ်ခုဖြစ်သည်။ ရွာတွင်ရှိသော လူငယ်လူရွယ် အများစုမှာ ယာအလုပ်၊ ထန်းအလုပ်ကို မလုပ်တော့ဘဲ ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများတွင် အလုပ်သွားလုပ်ကြသဖြင့် ထန်းတက်သမား ရှားပါးလာသည်ဟု ဦးညီလေး၏ ဇနီးအဘွား ဒေါ်အေးလှက ဆိုသည်။

“နယ်ထွက်လုပ်တာက သူတို့ကို လခနဲ့ ပေးရလား ဘာလားမသိဘူး။ ထန်းကတော့ ကနေ့စားဖို့ ကနေ့ ရတာပေါ့” ဟု ၎င်းကဆိုသည်။

ထန်းအငှားတက်သူ လိုအပ်သော မြေအိုး၊ ကြိုး၊ ဓားနှီးစသော ပစ္စည်းကိရိယာ မျိုးစုံကိုလည်း ထန်းပိုင် ရှင်ကပင် ဝယ်ပေးရသည်။ ထန်းရည်ကို ထန်းလျက် ကျိုလိုပါကလည်း ဒယ်အိုးနှင့် ထင်းကို ထန်းပိုင် ရှင်ကပင် တာဝန်ယူရသည်။ သို့သော် ထန်းလျက် ကျိုရောင်းသည်မှာ ထင်းရှာရ၊ မီးပူခံရဖြင့် ဒုက္ခများ
လှရာ ထန်းရည်ကိုသာ ရောင်းကြောင်း ဒေါ်အေးလှက ဖက်ဆေးလိပ်ဖွားရင်း ပြောသည်။

ထန်းရည်ရောင်းသည်မှာ ငွေမြန်မြန်ရပြီး ချက်ချင်း သုံးလိုက်သဖြင့် ငွေအဖတ် မတင်ဟု ဆိုသည်။ ထန်းလျက်မှာမူ ပိဿာချိန် တစ်ရာလောက်ကို တစ်ခါတည်း စုရောင်းသဖြင့် ငွေတစ်စု တစ်ခဲတည်း ရပြီး ဝယ်လိုသော ပစ္စည်းပစ္စယကို ဝယ်နိုင်ကြောင်း၊ သို့သော်လည်း ထန်းလျက်ဈေးမှာ တည်တည်ငြိမ်ငြိမ် မဟုတ်ဘဲ အပြောင်းအလဲ ရှိတတ်ကြောင်း ဦးညီလေးက ရှင်းပြသည်။

“ငါတို့ကတော့ မတတ်နိုင်ဘူး။ တစ်နေ့တာ ကိုယ့်စားဖို့ရာအတွက် ထန်းရည်ပဲ ရောင်းနေရတာ” ဟု
၎င်းက ရယ်သွမ်းသွေးလျက် ဆိုသည်။

သူ့ထန်းရည်ကို ရေနံချောင်း-ချောက် ကားမောင်းသော ကားဆရာများနှင့် လမ်းသွားလမ်းလာ ခရီးသည်တချို့ ဝင်သောက်တတ်သည်။ ရွာနီးချုပ်စပ် အချို့နှင့် ရေနံချောင်းမြို့ထဲမှ ဖောက်သည်
အဖြစ် လာဝယ်ကာ ပြန်ရောင်းသူများလည်း ရှိသည်။ သို့သော် ရာသီဥတု ပူပြင်းသော တပေါင်းနှင့် တန်ခူးလအတွင်းလောက်သာ ထန်းရည် ရောင်းကောင်းကြောင်း ၎င်းက ဆက်ပြောသည်။

“ရှေ့လျှောက်လေ ငါ့ခွင် မကိုက်လေပဲ။ မိုးရွာလာရင် ရောင်းမကောင်းတော့ဘူး။ ဆောင်းတွင်းကျ
လည်း အရက်ကိုပဲ အားစိုက်ကြတာလေ။ အခု တစ်မိုး နှစ်မိုး သည်းကြည့်။ ငါ့ဆီ လူမလာတော့ဘူး။ အရက်တွေပဲ သောက်ကြတော့မှာ” ဟု ဦးညီလေးက ဆိုသည်။

သူ့ထန်းရည်မှာ အချိန်အကြာကြီး ထားသော်လည်း ချဉ်စူးသွားခြင်း မရှိသဖြင့် ဖောက်သည်များက ကြိုက်ကြသည်ဟု ၎င်းကဆိုသည်။ အချို့ထန်းသမားများမှာ ထန်းရည်ကို ရေရော ရောင်းတတ်သ ည်။ ရေရောရောင်းသော ထန်းရည်မှာ ပုံမှန်သောက်သူများအဖို့ အရသာ မတွေ့သည့်အပြင် ကြာ ကြာထားပါကလည်း အချဉ်ဖောက်သွားတတ်သည်။

ဦးညီလေးမှာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်သော ယာခင်းနှင့်အတူ တွဲ၍ ထန်းပင် ၉၀ ခန့် ပိုင်ဆိုင်သည်။ အချို့ထန်းပင်တို့မှာ သူ့လက်ထက်တွင် သူကိုယ်တိုင် စိုက်ပျိုးထားသော ထန်းပင်များ ဖြစ်သည်။ ထန်းပင်တစ်ပင်ကို စိုက်လျှင် အနှစ် ၂၀ ကျော်မှ ထန်းရည် စထွက်ကြောင်း၊ မြေပွမြေအေးတွင်သာ ထန်းပင်သန်ပြီး မြေကြောမာတွင် ထန်းပင် ချည့်နဲ့ကြောင်း ၎င်းက ပြောသည်။

ထန်းပင်တန်း တစ်ခုကို လက်ညှိုးညွှန်းရင်း ဦးညီလေးက “ဒီနေရာ ဒီအပင်လေးတွေဆို ငါတို့ အိမ်ထောင်ကျခါကျမှ စိုက်တဲ့ အပင်လေးတွေ။ ဒီအတန်းတွေ ငါစိုက်တာတွေပဲ” ဟု ဆိုသည်။

ထန်းပင်တစ်ပင် ဖြစ်မြောက်ရန် နှစ်ပေါင်း အစိတ်လောက် ကြာသော်လည်း ယခုနောက်ပိုင်းတွင် ထန်းပင်ကို အပင်လိုက် ခုတ်ရောင်းလာသည်။ ကျောက်ပန်းတောင်းဘက်တွင်မူ ထန်းတက်သမား ရှားပါးလာသဖြင့် ထန်းပင်ကိုသာ အပင်လိုက် ခုတ်ရောင်းလာကြသည်။ ဦးညီလေးတို့နား တစ်ဝိုက်
တွင်မူ အပင်လိုက် ခုတ်ရောင်းသူများ မရှိဟု ဆိုသည်။ သို့သော် အပင်သက်တမ်း ကြာပြီး အလွန်မြင့် မားသဖြင့် ထန်းတက်သမား မတက်ချင်သော ထန်းပင်အချို့ကိုမူ အပင်လိုက် ခုတ်ရောင်းလိုက်သည်
ဟု ၎င်းက ပြောပြသည်။

အပင်လိုက် ခုတ်ရောင်းပါက ထန်းပင်တစ်ပင်ကို တစ်သောင်းကျော်ခန့်သာ ဈေးရပြီး အိမ်ဆောက် လိုသူများ လာဝယ်တတ်ကြောင်း ဦးညီလေးက ဆက်ပြောသည်။ ဒေသအချို့တွင် ထန်းတက်သမား ရှားသဖြင့် အပင်လိုက် ခုတ်ရောင်းပြီး ဦးညီလေးတို့မှာမူ ထန်းတက်သမား၏ လုပ်အားခကို တိုးပေးရ
သည်။ သို့နှင့်တိုင် လာမည့်နှစ်များတွင် ထန်းတက်သမား ရှားပါးသော ပြဿနာမှာ မည်မျှ ဆိုးဝါးလာ မည်ကို သိကြောင်း ၎င်းကဆိုသည်။

ထန်းတက်နိုင်သည့် လူငယ်လူရွယ်များမှာ အလုပ်အကိုင် ပေါသော မြို့ကြီးများသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ခြင်းဖြင့် ထန်းတက်သမား ရှားပါးလာခြင်း၊ ထန်းတက်သမား ရှားပါးလာသည်နှင့် အမျှ ငွေရရန်အတွက် ထန်းပင်တို့ကို အပင်လိုက် ခုတ်လှဲ ရောင်းချခြင်းတို့မှာ တစ်စတစ်စ ဖြစ်ပွား လာပြီ ဖြစ်သည်။ ထန်းတက်သမား ရှားပါးခြင်းသည် ထန်းပင်မျိုး တုံးတော့မည့် အစပေလော။

ထန်းပင်တို့ကို ကယ်တင်ရန် ထန်းတက်သမား အလိုရှိသည်။

ဉာဏ်မျိုးအောင်